Chapter 208
ချန်ရုံက ဝမ်ဟုန့်အား လှမ်းကြည့်လိုက်သည်။ အခန်းကာနောက်တွင် ဝမ်ဟုန်က ရေစည်ပိုင်းထဲ၌ အေးဆေးသည့်ပုံစံဖြင့် နောက်ကျောမှီ၍ထိုင်ကာ ပြောလိုက်သည်။
"အချစ်လေး...ကိုယ်တို့ဒီလိုပုံစံမျိုးနဲ့တော့ တခြားလူတွေ အမြင်ခံလို့မဖြစ်ဘူးနော်..."
ချန်ရုံက ရှက်သွေးဖြန်းသွားသောမျက်နှာဖြင့် မျက်စောင်းထိုးလိုက်သည်
"ရှင်နဲ့ ဘယ်သူက ဘာလုပ်နေလို့လဲ..."
ထိုသို့ ပြောလိုက်သော်လည်း ယခုအချိန်၌ စွင်းယန်ကိုတွေ့ရသည်မှာ အလွန်ရှက်ဖွယ်ကောင်းနေကြောင်းကို ချန်ရုံလည်း သိပါသည်။
စွင်းယန်၏ခြေသံက အခန်းအပြင်သို့ရောက်လာသောအခါ ယင်းကူက နှုတ်ဆက်လိုက်သည်ကို ချန်ရုံ ကြားလိုက်ရသည်။
"အို စွင်းအိမ်တော်က သခင်လေးပါလား...ကျွန်မတို့ရဲ့ အရှင်မလေးက အိပ်ယာဝင်သွားပါပြီ..."
"အိပ်ယာဝင်သွားပြီ ဟုတ်လား..."
စွင်းယန်က ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"ဒီည အနောက်ဘက်လမ်းမှာ မီးပုံးပွဲတော်ရှိနေတာကို သူက ဘာဖြစ်လို့ အစောကြီး အိပ်သွားတာလဲ..."
ဘေးမှ အထိန်းတော်ဖျင်က ပြုံး၍ ပြောလိုက်သည်။
"ကျွန်မ တောင်းပန်ပါတယ် သခင်လေး...ဒါပေမယ့် မမလေးက တကယ်ပဲ အိပ်ယာဝင်သွားပါပြီ..."
ယင်းကူကလည်း ဝင်ပြောလိုက်သည်။
"အရှင်မလေးပြန်လာတုန်းက အရမ်းကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဒီနေ့ အပြင်သွားရတာကြောင့် ပင်ပန်းလာတယ်လို့ ပြောပါတယ်..."
ခဏတိတ်ဆိတ်သွားပြီးသောအခါမှ စွင်းယန်က သက်ပြင်းချလိုက်သည်။
"အပြင်မှာ လက ဒီလောက်သာနေတာကို အားရုံက ဘာဖြစ်လို့ အစောကြီး အိပ်သွားရတာလဲ...ထားပါတော့လေ..."
ထိုသို့ပြော၍ စွင်းယန်က အနောက်သို့ ပြန်လှည့်ကာ ထွက်သွားတော့သည်။
ထိုအခါမှသာ အပြင်၌ ပြန်၍ ငြိမ်းချမ်းမှုရသွားသည်။
အခန်းကာနောက်မှ ရေသံများထွက်လာပြန်သည်။ ချန်ရုံက ကြားသောအခါ အော်ပြောလိုက်သည်။
"အထိန်းတော်...ယင်းကူ...ရေနွေး ထပ်ယူလာပေးပါဦး..."
ခပ်ဝေးဝေးသို့မရောက်ကြသေးသော အထိန်းတော်ဖျင်တို့ကလည်း အမိန့်အတိုင်း လုပ်လိုက်ကြသည်။
ခဏအကြာ၌ ဝမ်ဟုန်၏ ဆိုးနွဲ့နေသောအသံ ထွက်ပေါ်လာသည်။
"ဘာဖြစ်လို့ ဒီကိုမလာတာလဲ အချစ်လေး...ဘာတွေ အတွေးများနေတာလဲ..."
ချန်ရုံက စွင်းယန်အကြောင်း စဉ်းစားနေခြင်းဖြစ်သည်။ သို့သော် ဝမ်ဟုန်၏အသံကိုကြားသောအခါ မနေနိုင်ပဲ ရယ်လိုက်မိသည်။ ထိုအချိန်၌ အပြင်မှ တံခါးခေါက်သံနှင့်အတူ ယင်းကူ၏အသံကို ကြားလိုက်ရသည်။
"ရေနွေးရပါပြီ..."
"ထားခဲ့လိုက်ပါ..."
"ဟုတ်ကဲ့..."
ချန်ရုံက တံခါးကိုဖွင့်၍ ရေနွေးထည့်ထားသည့်ပုံးကို အထဲသို့ သယ်လာလိုက်သည်။ ချန်ရုံ၏ သန်မာသော အင်အားများကြောင့် ရေပုံးကို အေးအေးသက်သာပင် သယ်နိုင်လေသည်။
ရေကို အခန်းကာနောက်သို့ သယ်လာပြီးသောအခါ ချန်ရုံက ညင်သာစွာပြောလိုက်သည်။
"ခဏလောက်ဖယ်ပေးဦး..."
ဝမ်ဟုန်ကလည်း စကားနားထောင်၍ အခန်းထောင့်သို့ သွားနေလိုက်သည်။
ချန်ရုံသည် အဝတ်ဗလာဖြစ်နေသော ဝမ်ဟုန့်ကို မကြည့်ရဲပဲ နံရံကိုသာ ငေးကြည့်၍ ရေပုံးကိုမကာ ရေစည်ပိုင်းထဲသို့ လောင်းထည့်လိုက်သည်။
ထိုအချိန်တွင် ချန်ရုံ့နောက်သို့ နွေးထွေးမှုတစ်ခုက တိုးကပ်လာသည်။
ဝမ်ဟုန်၏ ရေစို၍ ပူနွေးနေသော အသားနှင့် ထိကပ်သွားရသောအခါ ချန်ရုံ၏လက်များက တဆတ်ဆတ်တုန်လာ၍ ရှက်သွေးများကလည်း လည်ပင်းအထိပင် နီရဲပြန့်နှံ့သွားကြသည်။
"ကျွန်မကို မထိပါနဲ့..."
ချန်ရုံက အမိန့်ပေးလိုက်သည်။
ဝမ်ဟုန်က ချန်ရုံ၏လက်ကိုလှမ်းဆွဲ၍ ရေစည်ပိုင်းထဲသို့ ဆွဲချလိုက်တော့သည်။
ရုတ်တရက် အငိုက်မိသွားသောကြောင့် ချန်ရုံလည်း ရှောင်ချိန်မရပဲ ရှေ့သို့ ပြုတ်ကျသွားရလေသည်။ ဟန်ချက်ထိန်းရန် ဆွဲမိဆွဲရာကို လှမ်းဆွဲမိသော်လည်း ဝမ်ဟုန်၏ ရေစိုနေသော ခန္ဓာကိုယ်ကိုသာ ဖိမိသွားသည်။
ထို့ကြောင့် ကြောက်လန့်တကြားဖြင့် လက်ကို အမြန်ပြန်ရုတ်လိုက်သော ဟန်ချက်ပျက်၍ ရေစည်ပိုင်းထဲသို့ ကျသွားတော့သည်။
ချန်ရုံ ရေထဲကျသွားသည်နှင့် တစ်ပြိုင်နက် ရေစည်ပိုင်းထဲမှ ဝမ်ဟုန်က ရယ်လိုက်သည်။ ဝမ်ဟုန်သည် ချန်ရုံ့၏ခါးကိုကိုင်၍ ဆွဲဖက်လိုက်သည်။ ပုံမှန်ဆိုလျှင်တော့ ချန်ရုံ ပြန်ရုန်းကန်မည်ဖြစ်သော်လည်း ယခုတွင်တော့ အချက်နှစ်ချက်ကြောင့် ချန်ရုံငြိမ်နေမိလေသည်။ ပထမအချက်က ဝမ်ဟုန်၏ ရေစိုနေသော အဝတ်မပါသည့် ခန္ဓာကိုယ်ကို ထိတွေ့ရသောကြောင့်ဖြစ်၍ ဒုတိယအချက်က နေမကောင်းဖြစ်နေသည့်လူအပေါ် အင်အားမသုံးချင်သောကြောင့် ဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ရုံသည် ကျဉ်းမြောင်းသောရေစည်ပိုင်းထဲ၌ ဝမ်ဟုန်နှင့်အတူ ရောက်နေမိလျက်သားဖြစ်သွားသည်။ လှိုင်းထနေသောရေများကြောင့် ချန်ရုံ၏ဆံပင်နှင့် အင်္ကျီများ ရေများစိုကုန်ကာ ချန်ရုံ၏ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်တို့နှင့် ပြည့်စုံသောခန္ဓာကိုယ်၌ ကပ်နေတော့သည်။
ရေများက နဖူးပေါ်မှ စီးကျနေသောကြောင့် ချန်ရုံ ရုတ်တရက် ဘာမှမမြင်နိုင်ဖြစ်သွားသည်။ သူမ၏နီရဲနေသောမျက်နှာလေးနှင့် မျက်လုံးကို အတင်းကြိုးစား၍ဖွင့်နေပုံက ဝမ်ဟုန့်အတွက်တော့ အလွန်ပင် ချစ်ဖို့ကောင်းနေလေသည်။
ဝမ်ဟုန်သည် ကြည့်နေရင်းဖြင့် ရုတ်တရက် ချန်ရုံ့အား တင်းကျပ်စွာ ဖက်လိုက်လေသည်။
သူသည် ချန်ရုံ့အား ဖက်ထားရင်းဖြင့် တိုးတိုးလေးပြောလိုက်သည်။
"အားရုံ...ကိုယ်နဲ့တူတူနေပေးပါ..."
ဝမ်ဟုန်က ထိုစကားများက အစမှအဆုံးအထိ အလွန်လေးနက်သောလေသံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
"အားရုံ..."
ဝမ်ဟုန်၏အသံက တုန်နေသည်။
"အိပ်ယာတစ်ခုထဲမှာ တူတူအိပ်ပြီး အုတ်ဂူတစ်ခုထဲမှာ တူတူသေကြရအောင်လေ..."
ယခု ဤအချိန်မှလွဲ၍ ဝမ်ဟုန်၏ ဆန္ဒနှင့် မျှော်လင့်ချက်များကို ချန်ရုံ သေချာနက်နက်နဲနဲသိလိုက်နိုင်သည့်အချိန်ဟူ၍ မရှိသေးချေ။
ချန်ရုံ၏ရင်ခွင်ထဲ၌ ချန်ရုံသည်လည်း တဆတ်ဆတ်တုန်နေမိ၍ အချိန်အတော်ကြာမှ စကားစပြောလိုက်သည်။
"ကျွန်မက ရှင့်ရဲ့ကိုယ်လုပ်တော်ဖြစ်လာရင် ရှင့်ရဲ့အိပ်ယာပေါ်မှာ တူတူအိပ်ရမှာ ကျွန်မတစ်ယောက်တည်းမှမဟုတ်တော့ပဲ...ကျွန်မသေရင်လည်း ရှင်နဲ့ အုတ်ဂူတူတူမြှုပ်နှံပေးဖို့ကို ရှင့်ရဲ့မိသားစုနဲ့ ဇနီးတွေကို ခွင့်တောင်းနေရဦးမှာလေ...ချီလန်ရယ် ကျွန်မက အဲဒီလိုတွေ ညှိနှိုင်းနေတတ်တဲ့ လူမဟုတ်တာလည်း အရှင် သိပြီးသားပဲ...ဒီဘဝမှာတော့ တခြားမိန်းမတစ်ယောက်ကို ကျွန်မ ဦးမညွှတ်နိုင်တော့ဘူး..."
ချန်ရုံ၏စကားများက တည်ငြိမ်၍ ခိုင်မာပြတ်သားနေသည်။
ဝမ်ဟုန်က ချန်ရုံ့ကို ဖက်ထားရာမှ တဖြည်းဖြည်း ဖြေလျှော့ပေးလိုက်သည်။
ထို့နောက် တစ်ဖက်သို့လှည့်၍ အက်ကွဲစွာပြောလိုက်သည်။
"ကိုယ့်ရဲ့နောက်ကျောကို တိုက်ပေးပါ..."
စက္ကန့်ပိုင်းအတွင်းမှာပင် ဝမ်ဟုန်၏အသံက ရုတ်တရက် အသိပြန်ဝင်သွားသကဲ့သို့ အခြားလူတစ်ယောက်၏အသံနှင့် တူသွားတော့သည်။
ချန်ရုံက နာခံ၍ ဝမ်ဟုန်၏နူးညံ့သော ခန္ဓာကိုယ်ကို တိုက်ပေးလိုက်သည်။
ဝမ်ဟုန့်အား ရေချိုးပေးနေစဉ်တွင် ချန်ရုံသည် စိတ်မထိန်းနိုင်ပဲ ခေါင်းကိုငုံ့၍ ဝမ်ဟုန်၏ ပခုံးကို ခပ်ဖွဖွလေးနမ်းလိုက်မိသေးသည်။ ချန်ရုံ၏အနမ်းသည် ရေထဲသို့ပျော်ဝင်သွားကာ အစအနပင် ရှာ၍မရတော့အောင် ပျောက်ကွယ်သွားရလေသည်။
"အချစ်...မင်းရဲ့ နှလုံးသားက မာကျောနေပြီပဲ...ဘာဖြစ်လို့များ ဒီလိုအပြုအမူတွေလုပ်နေရတာလဲ...မင်းရဲ့အနမ်းလေးနဲ့ ကိုယ့်ကို ကျေနပ်အောင်လုပ်ပေးနိုင်မယ်လို့ထင်နေတာလား..."
ချန်ရုံက ဘာမှပြန်မပြောပဲ ဝမ်ဟုန်မမြင်နိုင်သည့်နေရာမှပင် ခေါင်းကိုခါပြလိုက်သည်။
ထို့နောက် ချန်ရုံသည် မတ်တပ်ထရပ်၍ အခန်းကာနောက်သို့သွားကာ ဝမ်ဟုန့်ကိုကျောပေး၍ အဝတ်အစားများကို လဲလိုက်သည်။
"ရေကအေးနေပြီ...ထွက်ခဲ့တော့လေ..."
ဝမ်ဟုန်လည်း မတ်တပ်ရပ်လိုက်ကာ ခဏအကြာတွင် အဝတ်များဆွဲယူလိုက်သံကို ကြားလိုက်ရသည်။
ထို့နောက် ဝမ်ဟုန်က လှည့်၍ တံခါးဆီသို့လျှောက်သွားလေသည်။
ချန်ရုံက ဝမ်ဟုန့်နောက်သို့အမြန်လိုက်၍ အင်္ကျီစကို ဆွဲထားလိုက်သည်။
"အပြင်မှာ လေတွေတိုက်နေတာ..."
ဝမ်ဟုန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသော်လည်း နောက်ဆုံးတွင်တော့ ချန်ရုံက သူ့အား အခန်းထဲသို့ ပြန်ခေါ်နေသည်ကို စောဒကမတက်တော့ချေ။
ချန်ရုံသည် ဝမ်ဟုန့်အား အိပ်ယာပေါ်၌ ထိုင်နေ၍ တဘက်တစ်ခုကိုယူကာ ဆံပင်များကို သုတ်ပေးနေရင်းက ပြုံး၍ပြောလိုက်သည်။
"ဒီနေရာလေးက တော်တော်တော့ နိမ့်ကျပါတယ်...ငါးကြီးအန်ဖတ်တို့ ကျောက်စိမ်းခေါင်းအုံးတို့လည်းမရှိဘူး...အရှင် နေနိုင်ပါ့မလားတောင်မသိဘူးနော်..."
ခုနက ဘာမှမဖြစ်သကဲ့သို့ ချန်ရုံ၏ရယ်သံက ကြည်လွင်နေသည်။
ဝမ်ဟုန်ကတော့ ချန်ရုံ့ကို လျစ်လျူရှုနေသည်။
ချန်ရုံက ဝမ်ဟုန်၏ဆံပင်များကို သေချာသုတ်ပေးလိုက်သည်။ ထို့နောက် ခါတိုင်းနှင့်လုံးဝမတူပဲ အလွန်ကလေးဆန်နေသော အမျိုးသားကိုကြည့်ရင်းဖြင့် တဖြည်းဖြည်း အောက်သို့ ထိုင်ချလိုက်သည်။
ချန်ရုံသည် ဝမ်ဟုန်နှင့် မျက်နှာချင်းဆိုင်အနေအထား၌ ဒူးထောက်၍ ဝမ်ဟုန်၏မျက်နှာကို ကိုင်လိုက်သည်။ သူတို့နှစ်ဦး၏မျက်နှာများကို ကြေးဝါမှန်ထဲ၌ ကြည့်၍ ချန်ရုံက တိုးတိတ်နူးညံ့စွာ ပြောလိုက်သည်။
"ချီလန်...အရှင်ရဲ့ ဆံပင်တစ်ခွေလောက် ကျွန်မ ယူထားပါရစေ..."
ချန်ရုံ၏ပါးစပ်က ခွင့်တောင်းနေသော်လည်း လက်ကတော့ ကတ်ကြေးကို လှမ်းယူနေပြီဖြစ်သည်။
ချောမောလှပသောမိန်းမငယ်လေးက သူ၏နောက်မှနေ၍ သူ၏ဆံပင်တစ်ခွေကို လက်ထဲ၌ ညင်သာယုယစွာကိုင်နေသည်ကို မှန်ထဲမှတစ်ဆင့်ကြည့်နေရင်းဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့ထားသော ဝမ်ဟုန်သည် မျက်လုံးများကို မှိတ်လိုက်မိသည်။
မျက်လုံးများကို မှိတ်လိုက်သည်နှင့် ယခင်ရက်များ၌ ခံစားနေရသော အားနည်းထိခိုက်လွယ်မှု၊ စိတ်အပြောင်းအလဲမြန်မှုနှင့် မူးယစ်ရီဝေမှုများက ချက်ချင်းပင်ပျောက်ကွယ်သွားကြသည်။
ဝမ်ဟုန်သည် သူ၏ပုံမှန်အနေအထားသို့ ပြန်ရောက်သွားပြီဖြစ်သည်။
သို့သော် ချန်ရုံကတော့ သတိမထားလိုက်မိပေ။
ဝမ်ဟုန်က ပါးစပ်ကိုဖွင့်ဟ၍ ညှင်းပျောင်းသောအသံဖြင့်ပြောလိုက်သည်။
"မင်းက ကိုယ့်ရဲ့ သွေးစွန်းနေတဲ့အဝတ်ကိုလျှော်ပြီး ခေါင်းအုံးဘေးမှာထားထားတာတောင်မှ...မင်းဆီမှာ သိမ်းထားဖို့ ကိုယ့်ရဲ့ဆံပင်ကို ဖြတ်ယူထားပြီးတာတောင်မှ ကိုယ့်ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော် မဖြစ်နိုင်သေးဘူးပေါ့..."
ဝမ်ဟုန်၏လည်မျိုက တရွရွလှုပ်နေပြီးမှ နောက်ဆုံးတွင် သက်ပြင်းကြီးစွာ ချလိုက်သည်။
"မင်းလိုမျိုးခေါင်းမာတဲ့မိန်းကလေးလည်း ကမ္ဘာပေါ်မှာ ရှိသေးတာလား..."
ချန်ရုံက ဘာမှပြန်မပြောချေ။ ခေါင်းကိုသာငုံ့ထား၍ ဝမ်ဟုန်၏ဆံပင်များကို နည်းနည်းချင်းစီယူ၍ သေချာခြောက်အောင် သုတ်ပေးနေသည်။
ဝမ်ဟုန်၏ဆံပင်များခြောက်သွားသောအခါ သူမ ဖြတ်ယူထားသော ဆံပင်ခွေကို အဝတ်အိတ်ထဲသို့ ယုယစွာထည့်နေသည့် ချန်ရုံ့ကို ဝမ်ဟုန်က မှန်ထဲမှလှမ်းကြည့်၍ ခပ်တိုးတိုးလှမ်းပြောလိုက်သည်။
"နောက်ကျနေပြီ...အိပ်ကြရအောင်..."
ထို့နောက် ဝမ်ဟုန်က မတ်တပ်ထရပ်လိုက်ကာ အခန်းထဲရှိ တစ်ခုတည်းသော အိပ်ယာဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ဆံပင်များက အောက်သို့ ပြေကျလာ၍ အဖြူရောင်ဝတ်စုံက လှုပ်ယမ်းနေလေသည်။
"လာအိပ်ပါ...ကိုယ် မင်းကို လက်ဖျားနဲ့တောင်မထိပါဘူး..."
ချန်ရုံက လှုပ်မလာသည်ကိုမြင်သောအခါ ဝမ်ဟုန်က မျက်လုံးကိုမှိတ်၍ ပြောလိုက်သည်။
"ကိုယ့်မှာ အူယောင်ငန်းဖျားရောဂါလည်း မရှိပါဘူး..."
ထိုစကားများကြောင့် ချန်ရုံက ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်သည်။
ခဏအကြာတွင် ဝမ်ဟုန့်ထံမှအသံက ချန်ရုံ့နားထဲသို့ မျောလွင့်လာပြန်သည်။
"လာပါ...မနက်ဖြန်ကျရင် ကိုယ်က အိမ်ပြန်ရတော့မှာ...နောက်တစ်ခါ ထပ်တွေ့ကြရင်လည်း ဘယ်လိုအခြေအနေနဲ့ တွေ့ကြရမယ်ဆိုတာ မသိနိုင်ဘူးလေ..."
ထိုသို့ကြားရသောအခါ ချန်ရုံ၏နှလုံးသားက ဆို့နင့်သွားရလေသည်။ ထို့ကြောင့် ချန်ရုံသည် စကားကိုနာခံစွာဖြင့် အိပ်ယာနားသို့ လျှောက်ကာ ဝမ်ဟုန့်ဘေး၌ လှဲလျောင်းလိုက်သည်။ ချန်ရုံသည် ဘာစကားမှမပြောပဲ ဘေးသို့စောင်း၍ ဝမ်ဟုန့်ကိုဖက်ကာ သူမစမျက်နှာကို ဝမ်ဟုန်၏ရင်ဘတ်ပေါ်၌ တင်ထားလိုက်သည်။
ချန်ရုံသည် မလှုပ်မယှက်နေနေရင်းဖြင့် ဝမ်ဟုန်၏ ကိုယ်သင်းရနံ့ကို ရှူကာ နှလုံးခုန်သံကို နားထောင်နေမိသည်။
ဝမ်ဟုန်ကလည်း မလှုပ်မယှက်လှဲနေသည်။ မျက်လုံးများကိုမှိတ်ထားသောကြောင့် အိပ်ပျော်နေသည်ဟု ထင်ရသည်။
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားသည်။
ချန်ရုံ၏ တထိတ်ထိတ်ခုန်နေသော နှလုံးသားသည်လည်း တဖြည်းဖြည်း တည်ငြိမ်လာသည်။
ဝမ်ဟုန်၏နှလုံးသားကတော့ ပုံမှန်အတိုင်းပင် တည်ငြိမ်၍ အားကောင်းစွာ ခုန်နေသည်။
ချန်ရုံသည် အိပ်မပျော်ပဲ မျက်လုံးများကျယ်နေမိသည်။ သူမ၏ နှာခေါင်းထက်မှ အဖြူရောင်ဝတ်ရုံစကို ငေးကြည့်နေ၍ ဝမ်ဟုန်၏နွေးထွေးမှုနှင့် ရနံ့တို့ကို ရှူရှိုက်နေမိသည်။
ထို့နောက်တွင်တော့ တဖြည်းဖြည်းနှင့် မျက်လုံးများ ပိတ်ကာ အိပ်ပျော်သွားလေတော့သည်။
နောက်တစ်ကြိမ်ချန်ရုံနိုးလာသောအခါ ငှက်များပင် စိုးစီအော်မြည်နေကြပြီဖြစ်သည်။ ချန်ရုံသည် မျက်လုံးကိုဖွင့်၍ ဘေးနားသို့ စမ်းလိုက်သည်။
လေဟာနယ်ကိုသာ ချန်ရုံ စမ်းလိုက်မိသည်။
လန့်သွားသောချန်ရုံသည် ဘေးဘီသို့ အမြန်လှည့်ကြည့်လိုက်သည်။
အခန်းထဲ၌ မည်သူမျှ မရှိတော့ချေ။
မနေ့က အဖြစ်အပျက်များက အိပ်မက်မဟုတ်သည်ကတော့ သေချာသည်။ ချန်ရုံသည် သူမ၏သစ်သားဖိနပ်များကိုစီး၍ အပြင်သို့ ထွက်လိုက်သည်။ တံခါးကိုဖွင့်လိုက်သောအခါ အစေခံတစ်ယောက်က ခြံဝန်းထဲ၌ သစ်ရွက်များ လှည်းကျင်းနေသည်ကိုတွေ့လိုက်ရသည်။ ချန်ရုံက ထိုအစေခံနားသို့သွားကာ မေးလိုက်သည်။
"အရှင် ဝမ်ချီလန် ဘယ်မှာလဲ..."
ထိုအစေခံက ဝမ်ဟုန်၏အစေခံဖြစ်နေသည်။ သူသည် ချန်ရုံ့အား အရိုအသေပေး၍ ယဉ်ကျေးစွာဖြေလိုက်သည်။
"သခင်လေးက မနက်အစောကြီးတည်းက ထွက်ခွာသွားပါတယ် အရှင်မလေး..."
"ဘာနဲ့ပြန်သွားတာလဲ..."
"ရထားလုံးနဲ့ပါ...သခင်လေးက အရင်တစ်ခါတုန်းက ကျောင်းတော်မှာ ရထားလုံးတော်တော်များများကို ချန်ထားခဲ့ပါတယ် အရှင်မလေး..."
ဪ...
ချန်ရုံက အစေခံအား အသံပြန်ပြုလိုက်၍ အပြသ်သို့ ဖြည်းညှင်းစွာ ထွက်လာလိုက်သည်။
ချန်ရုံသည် ကျောင်းတော်၏ဘယ်ဘက်ရှိ တောင်တက်လှေကားများဆီသို့ လျှောက်လာလိုက်သည်။ ကျန့်ခန်းကို သေးငယ်သောမြို့လေးအဖြစ်သာမြင်ရသော ထိုလှေကားများပေါ်၌ လက်ရန်းများကိုကိုင်ကာ ဟိုဟိုဒီဒီကြည့်လိုက်သော်လည်း ချန်ရုံ၏ရင်းနှီးရသော ပုံရိပ်ကို ရှာမတွေ့ပါချေ။
ချန်ရုံသည် အနောက်သို့သာ ပြန်လှည့်လိုက်လေတော့သည်။