အပိုင်း 209
Viewers 25k

Chapter 209



ထိုအချိန်မနက်ခင်းစောစော၌ အမည်းရောင်ရထားလုံးက ကျောင်းတောင်နှင့်ဝေးရာသို့မောင်းနှင်နေသည်။ ဘီးလိမ့်သံများက ကျောက်းတုံးခင်းထားသောလမ်းပေါ်တွင် စိတ်နှလုံးညှိုးနွမ်းစေသောအသံများ ထွက်နေစေသည်။

ရထားလုံးကိုမောင်းနေသူမှာ အသက်သုံးဆယ်ခန့် လူတစ်ဦးဖြစ်သည်။ ရထားလုံး၏ဘေးတစ်ဖက်တစ်ချက်၌ အားကောင်းမောင်းသန် စစ်သည်များက တန်းနှစ်တန်းအဖြစ် လိုက်ပါလာကြသည်။

ထိုလူများကြားထဲ၌ အထင်အရှား တိုးထွက်နေသည်က ဖြူဖျော့သောအသားအရည်နှင့် ပိန်ပါးသော အသက်လေးဆယ်ခန့် ပညာရှိတစ်ဦးဖြစ်သည်။

ထိုပညာရှိသည် ရထားလုံးနားသို့ ကပ်လာကာ လေသံတိုးတိုးဖြင့်ပြောလိုက်သည်။
"အရှင်က ဉာဏ်ပညာကြီးမားလွန်းပါတယ်...မနေ့က တကယ်ပဲ လူငါး‌ယောက်တိတိ ပေါ်လာခဲ့တယ်..."

ရထားလုံးထဲမှ ဝမ်ဟုန်၏အသံတိုးတိုးက ပြန်ပြောလိုက်သည်။
"သူတို့တွေတင်မကဘူး...တခြားလှုပ်ရှားမှုမှန်သမျှကိုလည်း မှတ်တမ်းတင်ထားရမယ်..."

"ဟုတ်ကဲ့..."

ပညာရှိက မုတ်ဆိတ်ကိုပွတ်၍ ဆက်ပြောလိုက်သည်။
"အိမ်ရှေ့စံရော လန်ယာဝမ်ချီရော နာမကျန်းဖြစ်နေတယ်ဆိုတဲ့ သတင်းကိုသာကြားရင် လူတွေ ဘယ်နှယောက်လောက်ကများ အပျော်လွန်ပြီး ထခုန်နေမလဲဆိုတာ ကျွန်ုပ် သိချင်မိပါတယ်..."
ပညာရှိက ဝမ်ဟုန့်အား ပြုံးပြလိုက်သည်။
"ဘာဖြစ်လို့ ရက်နည်းနည်းလောက်ထပ်ပြီး နေမကောင်းချင်ဟန်မဆောင်တော့တာပါလဲ အရှင်...အဲဒီလိုသာဆိုရင် ဒီ့ထက်ပိုများတဲ့လူတွေကို ဆွဲထုတ်နိုင်မှာ..."

ရထားလုံးထဲမှ ဝမ်ဟုန်၏အသံက ရုတ်တရက် အေးစက်သွားသည်။
"မလိုပါဘူး...ကျွန်ုပ်သာ ဒီ့ထက်ပိုပြီး နေမကောင်းဖြစ်နေမယ်ဆိုရင် ကျွန်ုပ်ရဲ့ဘေးနားကလူတွေက အနားမကပ်ရဲပဲဖြစ်နေကြလိမ့်မယ်..."

ပညာရှိက ထိုစကားများကြောင့် ခဏရပ်တန့်သွားပြီးမှ ခေါင်းငြှိမ့်လိုက်သည်။ ဟုတ်ပေသည်။ ငွေကြေးက လူများကို နီးကပ်စေသလို ဝေးလည်း ဝေးကွာစေနိုင်သည်မဟုတ်လား။ ဤကိစ္စသာ ဆက်၍ကြာရှည်နေပါက သူ၏သခင်အပေါ်သစ္စာစောင့်သိကြသူများသည် စိတ်ထားများပြောင်းလဲကုန်ကြမည်ကို စိုးရိမ်ရလေသည်။

ပညာရှိက စကားအနည်းငယ်ထပ်ပြောပြီးသောအခါ ရထားလုံးထဲသို့လှမ်းကြည့်၍ ရုတ်တရက်ပြုံးလိုက်သည်။
"အရှင့်ရဲ့ ဆန္ဒရော ပြည့်မြောက်ခဲ့ပါလား အရှင်..."
ပညာရှိ၏အသံက တကယ်သိချင်၍မေးလိုက်ပုံပေါ်သော်လည်း တစ်ချိန်တည်းမှာပင် ရွှင်မြူးကာ ရယ်ချင်နေလေသည်။


"မနေ့က ရှီရှန်ကျောင်းတော်ကို အရှင်သွားတော့ မြှားတစ်စင်းတည်းနဲ့ ငှက်တစ်ကောင်ထက်ပိုပြီး ပစ်လို့ရအောင် ရိုးရိုးအဖျားကို အူယောင်ငန်းဖျားရောဂါလို့ထင်ရအောင် လုပ်သွားတာကို ကျွန်ုပ် မှတ်မိပါတယ်...အရှင် အဲဒီလိုလုပ်လိုက်တော့ အနည်းဆုံးတော့ အဲဒီမိန်းကလေးရဲ့ နှလုံးသားက ပျော့ပျောင်းသွားမယ်မဟုတ်လား...ကျွန်ုပ်ကိုမေးခွင့်ပြုပါ...အခု အဲဒီမိန်းကလေးက အသက်ရှင်သန်မှုဆိုတာ အလွန်ပဲ မသေချာမရေရာဖြစ်တတ်တယ်ဆိုတာကိုသိသွားလို့ ခေါင်းမာနေတာကို ရပ်ပြီး အရှင့်ရဲ့အိမ်တော်ထဲကို ဝင်လာဖို့ သဘောတူလိုက်ပါပြီလား..."

ပညာရှိ၏အပြုံးက ဒေါသထွက်ချင်စရာကောင်းနေသည်။

ဘေးနားမှအစောင့်များကလည်း ရယ်ချင်နေကြသော်လည်း သူတို့၏သခင် စိတ်ဆိုးသွားမည်စိုးသော်ကြောင့် မျက်နှာကိုတည်ကာ ရှေ့သို့သာ ကြည့်နေကြသည်။

ထိုတိတ်ဆိတ်နေသော အခိုက်အတန့်မှာပင် ရထားလုံးထဲမှ ဝမ်ဟုန်က ညှိုးနွမ်းစွာပြုံး၍ ပြောလိုက်သည်။
"အသက်ရှင်သန်ရတာ အရမ်းပဲ မသေချာမရေရာတာကို ခံစားမိတယ်...ခေါင်းမာတာကို ရပ်တယ် ဟုတ်လား...သူက ငါ ‌အူယောင်ငန်းဖျားဖြစ်‌တယ်ဆိုတာကို ကြားတော့ အရမ်းကိုပဲ ပျော်ရွှင်သွားတာပါ..."

လူများက ခေါင်းများလှည့်၍ ရထားလုံးဆီသို့ လှမ်းကြည့်လိုက်ကြသည်။

ဝမ်ဟုန်က မျှော်လင့်ချက်မဲ့သောအသံဖြင့် ဆက်ပြောလိုက်သောအခါ လူတိုင်းက အံ့ဩသွားကြရလေသည်။
"သူနဲ့ငါသာ ဒီလိုသေခွင့်ရမယ်ဆိုရင် အဲဒါက ငါတို့နှစ်ယောက်အတွက် ပျော်ရွှင်စရာအဆုံးသတ်ခြင်းပဲ လို့တောင် ဝမ်းသာအားရပြောလိုက်သေးတယ်..."

လူများက ပထမတွင်တော့ တိတ်ဆိတ်သွားကြသော်လည်း နောက်ပိုင်းတွင်မှ ကျိတ်၍ရယ်နေသံများက တဖြည်းဖြည်း ကျယ်လောင်လာတော့သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နေ့တာက ကုန်ဆုံးသွားသည်။

နေ့လယ်ခင်း၌ ချန်ရုံနိုးလာသောအခါ အခန်းပြင်မှ ခြေသံများနှင့် ယင်းကူ၏အသံကိုကြားလိုက်ရသည်။

"အရှင်မလေး...ဧကရာ‌ဇ်မင်းမြတ်က နန်းတော်ကိုလာဖို့ ဆင့်ခေါ်ထားပါတယ်..."

ဧကရာဇ်ကလား?

တော်ဝင်ခြေမြန်တော်က ချန်ရုံ့ကို အပြင်၌ အဆင်သင့်စောင့်နေပြီဖြစ်သည်။ ချန်ရုံသည် တတ်နိုင်သမျှ မြန်မြန် ကိုယ်လက်သန့်စင်၊ အဝတ်အစားလဲ၍ မြင်းဆွဲသောရထားလုံးပေါ်သို့တက်ကာ နန်းတော်သို့ လိုက်သွားရလေသည်။

မကြာခင်မှာပင် ချန်ရုံတို့သည် နန်းတော်ဂိတ်တံခါးများကို ဖြတ်သန်း၍ ဧကရာဇ်ရှိသည့်နေရာသို့ တည့်မတ်စွာ သွားနေကြပြီဖြစ်သည်။

ရထားလုံးရပ်သွားသောအခါ မိန်းမစိုးတစ်ယောက်က ပြောလိုက်သံကိုကြားလိုက်ရသည်။
"သခင်မလေး...ဧကရာဇ်မင်းမြတ်က အထဲမှာရှိပါတယ်...ဝင်သွားပြီးတွေ့လိုက်ပါ..."
ယခုအခါ ချန်ရုံက ဧကရာဇ်ကိုယ်တိုင်တင်မြှောက်ထားသည့် တော်ဝင်အိမ်တော်ဝန် ဖြစ်နေပြီဖြစ်သောကြောင့် အိမ်တော်ဝန်က အလိုမကျသော်လည်း ချန်ရုံ့အား "သခင်မလေး" ဟု ခေါ်လိုက်ရပေသည်။

ချန်ရုံက မိန်းမစိုးအား ခေါင်းတစ်ချက်ငြှိမ့်ပြ၍ ရထားလုံးပေါ်မှဆင်းကာ နန်းတော်ထဲသို့ ဝင်သွားလိုက်သည်။

အချိန်က နွေရာသီအစဖြစ်သောကြောင့် ဥယျာဉ်ထဲ၌ စိမ်းစိုဆဲဖြစ်သောသစ်ပင်များ၊ တွဲလဲကျနေသော မိုးမခပင်များနှင့် ချန်ရုံ မြင်ပင်မမြင်ဖူးသော အစွမ်းကုန်ဖူးပွင့်လှပနေကြသည့် ပန်းများစွာတို့ဖြင့် ပြည့်နေသည်။

ထိုဥယျာဉ်သည် ယခင်တစ်ခေါက်က ချန်ရုံ ရောက်ဖူစသော ဥယျာဉ်နှင့် တသွေမသိမ်းဆင်တူ၍ ထိတ်လန့်ဖွယ်ကောင်းလောက်အောင်ပင် တိတ်ဆိတ်နေသည်။ ချန်ရုံသည် ယခင်တစ်ခါက ဧကရာဇ်တစ်ယောက် ပုရွက်ဆိတ်များဖြင့်ဆော့နေသည့်နေရာသို့ သွားလိုက်သော်လည်း မည်သူ့ကိုမှမတွေ့သောကြောင့် ရေကန်ကိုပတ်၍ လျှောက်လာလိုက်သည်။

ထင်ထားသည့်အတိုင်းပင် မိုးမခပင်များအလွန်၌ မိန်းမစိုးများနှင့် နန်းတွင်းအစေခံများက ခြေလှမ်းတစ်ရာခန့်အဝေး၌ ခြံရံလျက်ရှိသော အမည်းရောက်ဝတ်စုံနှင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရတော့သည်။ ထိုအခိုက်အတန့်၌ ဧကရာဇ်က ချန်ရုံ့ကို ကျောပေး၍ ရေကန်ကို ငေးကြည့်နေသည်။ ချန်ရုံကလည်း ဧကရာဇ်ကိုငေးကြည့်နေရင်းဖြင့် တွေးနေမိသည်။
အရှင်မင်းကြီးက အနောက်ကနေကြည့်ရင် တော်တော်ကိုကြည့်ကောင်းတာပဲ...

တကယ်တော့လည်း ဧကရာဇ်သည် မြင့်မားသောအရပ်ရှိရုံမျှမက ကိုယ်နေကိုယ်ထားများကလည်း တည်ငြိမ်၍ မျက်လုံးများက ထက်မြက်သွက်လက်ကာ အလွန်ပင် အဆင့်အတန်းမြင့်မားသည့် လူတစ်ယောက်နှင့်‌တူနေလေသည်။

ချန်ရုံက ဧကရာဇ်နှင့် ခြေလှမ်းဆယ်လှမ်းမျှအကွာနားအထိ လျှောက်လာကာ ဦးညွှတ်၍ ပြောလိုက်သည်။
"မင်္ဂလာပါ အရှင်မင်းမြတ်..."

ဧကရာဇ်က လှည့်မကြည့်ပဲ ပြောလိုက်သည်။
"ဒီနားကိုလာခဲ့..."
ဧကရာဇ်၏အသံက အနည်းငယ်မာဆတ်နေကာ စိတ်ကြည်လင်နေပုံမပေါ်ချေ။

ချန်ရုံ၏နှလုံးသားက ထိတ်ခနဲဖြစ်သွားသည်။ ဧကရာဇ်နှင့် စတွေ့ခဲ့သည့်အချိန်တုန်းက ဧကရာဇ်သည် သူ့မျက်စိထဲ၌ ရုပ်ဆိုးသည်ဟုထင်သော ခပ်ဝဝအမျိုးသမီးအား ခေါင်းဖြတ်ခိုင်းခဲ့သည်မဟုတ်လား။ ဤငယ်ရွယ်သောဧကရာဇ်လေးသည် ချန်ရုံ့အပေါ်၌ အလွန်ကောင်းသော်လည်း စိတ်အပြောင်းအလဲ အလွန်မြန်သူလည်း ဖြစ်နေသည်။

ထိုသို့တွေးမိ၍ ချန်ရုံသည် မိမိကိုယ်ကိုယ် အားတင်းကာ ဧကရာဇ်နားသို့ လျှောက်လာလိုက်သည်။

ချန်ရုံသည် ဧကရာဇ်ကဲ့သို့ ငွေရောင်ရေကန်ကိုငေးကြည့်လိုက်ပြီးမှ ဧကရာဇ်ကို လှည့်ကြည့်လိုက်သည်။

ဧကရာဇ်သည် နှုတ်ခမ်းများကို မျဉ်းပြိုင်နှစ်ကြောင်းကဲ့သို့ ဖြစ်နေအောင်ပင် တင်းတင်းစေ့ထားသောကြောင့် စိတ်အလိုမကျဖြစ်နေသည်မှာ မျက်နှာ၌အထင်းသား ပေါ်လွင်နေသည်။

ချန်ရုံကတော့ မိမိ၏ကံဆိုးမှုကိုသာ အပြစ်တင်လိုက်တော့သည်။ များစွာသောအတွေးများက ခေါင်းထဲရောက်လာသောကြောင့် ဧကရာဇ်ထံမှ အကြည့်ကိုလွှဲလိုက်သည်။

"မင်း ဘာဖြစ်လို့ ဘာမှမပြောတာလဲ..."
ဧကရာဇ်က ရုတ်တရက်လှမ်းမေးလိုက်သံကို ချန်ရုံကြားလိုက်ရသည်။

ချန်ရုံက မျက်လွှာကိုချထား၍ အမြန်ပြန်ဖြေလိုက်သည်။
"ကျွန်မ မနေ့ကတွေ့ခဲ့တဲ့ စိတ်ဝင်စားစရာလူတစ်ယောက်အကြောင်းကို စဉ်းစားနေမိလို့ပါ..."

"ဪ...အဲဒီလူအကြောင်း ကိုယ်တော့်ကို ပြောပြပါဦး..."
ဧကရာဇ်၏အသံကတော့ ခုနကဲ့သို့ပင် မလိုမကျဖြစ်နေဆဲပင်ဖြစ်‌သည်။

"သူ့နာမည်က စွင်းလင်ကုန်း လို့ခေါ်ပါတယ်...ကျန်းတုံစွင်းအိမ်တော်ကပါ..."
ချန်ရုံက ကြည်လင်သောအသံဖြင့် စပြောလိုက်သည်။
"ဝိုင်အရက်အသစ်ကို မြည်းစမ်းဖို့အတွက် သူဟာ ကုန်သည်မိသားစုဆီမှာ သုံးနှစ်တောင် အလုပ်‌အကြွေးပြုပြီး နေနေခဲ့ပါတယ်..."

လက်ဟန်ခြေဟန်များပါလုပ်ပြ၍ ချန်ရုံက တက်ကြွစွာ ပြောနေသည်။

"ပြီးတော့ ဘာဖြစ်သွားတယ်ထင်ပါလဲ အရှင်မင်းကြီး...မနေ့က တစ်စုံတစ်ယောက်က သူ့ဘယ်သူလဲဆိုတာ ဖော်ထုတ်လိုက်ပါလေရော...သူ့အလုပ်ရှင် ကုန်သည်ကအရမ်းကို အံ့ဩသွားတာ...ဟားဟား...လူတစ်ယောက်ရဲ့မျက်နှာက အပြာ‌ကနေအဖြူ...အဖြူကနေ ခရမ်းရောင်...ခရမ်းရောင်ကနေ အနီကိုပြောင်းသွားတာကို မြင်ဖူးတာ ကျွန်မဘဝမှာ ပထမဆုံးအကြိမ်ပဲ..."

ချန်ရုံက ပြောပြနေချိန်တွင် ဧကရာဇ်၏မျက်နှာထားကိုလည်း တိတ်တဆိတ်အကဲခတ်နေ၍ ဧကရာဇ်က စိတ်ဝင်တစားနားထောင်နေသည်ကို မြင်မှသာ ဆက်ပြောရဲသွားသည်။

"သူ့ရဲ့ ဂုဏ်ပုဒ်တွေ ဂုဏ်သိက္ခာတွေကို ဂရုမစိုက်ပဲ အလုပ်တာဝန်တွေကို လွတ်လွတ်လပ်လပ်ပဲ စွန့်ပစ်ပြီး လုပ်ချင်ရာကိုလုပ်တာ...စွင်းလင်ကုန်းက တကယ်ပဲ စိတ်လွတ်လက်လွတ်နေတတ်တဲ့လူဆိုပြီး နာမည်ကြီးတဲ့ ဂုဏ်သတင်းနဲ့ ကိုက်ညီပါပေတယ် အရှင်မင်းကြီးရယ်..."

ဧကရာဇ်က ခေါင်းငြှိမ့်လိုက်သည်။

ဘာမှပြန်မပြောသော်လည်း သူ့မျက်နှာမှ အလိုမကျမှုက ပို၍တော့ မဆိုးသွားချေ။

ရေကန်ကို ခဏမျှဆက်၍ ငေးကြည့်ပြီးသောအခါ ဧကရာဇ်က ခပ်တိုးတိုးပြောလိုက်သည်။

"ဂုဏ်ပုဒ်ကိုဂရုမစိုက်ဘူး... အလုပ်တာဝန်တွေကိုလည်း ဂရုမစိုက်ဘူး ဟုတ်လား...သူက တကယ်ကို ကံကောင်းတဲ့လူပါပဲ...

ထို့နောက် ဝတ်ရုံလက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။
"အားရုံ...ကိုယ်တော်နဲ့တူတူ လမ်းလျှောက်လိုက်ခဲ့ပါ..."

ချန်ရုံက နောက်မှ အပြေးလိုက်သွား၍ တိတ်တဆိတ်သက်ပြင်းချလိုက်မိသည်။ ချန်ရုံလုပ်လိုက်သည်က မှန်သွားပုံရ၍ ယခု ဧကရာဇ်၏စိတ်အခြေအနေလည်း အနည်းငယ်ကောင်းသွားပုံရသည်။

ချန်ရုံ့ရှေ့၌ ဧကရာဇ်က ရပ်လိုက်ကာ ရယ်လိုက်သည်။
"ဒီနေ့ နန်းတော်က ဘာဖြစ်လို့ အရမ်းတိတ်ဆိတ်နေလဲသိလား..."

ချန်ရုံက ခေါင်းခါလိုက်သည်။
"မသိပါဘူး အရှင်..."

ဧကရာဇ်က တစ်ချက် လှောင်ရယ်ရယ်၍ အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ အိမ်ရှေ့စံက နာမကျန်းဖြစ်နေလို့လေ...အခြေအနေ တော်တော်ဆိုးနေတယ်ဆိုပဲ..."

အချိန်အ‌တော်ကြာသည်အထိချန်ရုံ့ထံမှ ဘာမှပြန်ပြောသံကို မကြားသောအခါ ဧကရာဇ်သည် မျက်မှောင်ကျုံ့၍ ခပ်ဆတ်ဆတ်ပြောလိုက်သည်။
"မင်း ဘာတွေစဉ်းစားနေတာလဲ..."

ချန်ရုံက တုန်လှုပ်သွား၍ ဧကရာဇ်ဘက်သို့ လှည့်ကာပြောလိုက်သည်။

"လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုတွေ ရှိကြတယ်လို့ ကျွမ်းကျစ်ပြောထားဖူးတာကို ကျွန်မ စဉ်းစားနေတာပါ...စာကလေးနဲ့ သိမ်းငှက်တို့မှာလည်း သူတို့အတွက် ပျော်ရွှင်စရာကိစ္စတွေရှိသလိုပေါ့..."

ချန်ရုံက ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။

"အခုလည်း အိမ်ရှေ့စံက နာမကျန်းဖြစ်နေတယ်ဆိုပေမယ့် သူမပျော်မရွှင်နဲ့ ခံစားနာကျင်နေရတာ ဟုတ်ချင်မှဟုတ်မှာပေါ့..."

ဧကရာဇ်၏ခြေလှမ်းများရပ်သွားကြသည်။

ဧကရာဇ်သည် အိပ်မွေ့ချခံထားရသူကဲ့သို့ အချိန်ကြာမြင့်စွာ ရပ်နေလေသည်။

အတန်ကြာမှ ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်း၍ ချန်ရုံ့ဘက်သို့ ပြန်လှည့်လိုက်သည်။

ထို့နောက် အနည်းငယ် ဖြူဖပ်ဖြူလျော်ဖြစ်နေသောမျက်နှာနှင့် ခပ်တောင့်တောင့်ရပ်နေသော ချန်ရုံ့ကိုကြည့်၍ အော်ရယ်လိုက်လေသည်။

ဧကရာဇ်၏ကြမ်းရှရှရယ်သံက လေထဲသို့ ပျံ့နှံ့သွားသည်။

"အင်း...သူ နာကျင်ခံစားနေရတာ ဟုတ်ချင်မှ ဟုတ်မှာပါလေ..."
ထို့နောက် ထပ်ရယ်လိုက်ပြန်သည်။

ရယ်ရင်းဖြင့် သီချင်းတစ်ပိုဒ်ကို အော်ဆိုလိုက်သည်။

"ဘဝကို ချစ်မြတ်နိုးနေမိတာက ပုံရိပ်ယောင်တစ်ခု ဟုတ် မဟုတ်ဆိုတာ ငါဘယ်လိုများသိနိုင်မလဲ...သေဆုံးသွားတဲ့လူတွေက ဘဝကို ဘာဖြစ်လို့များပြန်လိုချင်နေလဲဆိုတာ ငါ ဘယ်လိုများ သိနိုင်မလဲ..." (1)

[(1)ကျွမ်းကျစ်မှ စာသား]

ဧကရာဇ်၏ရယ်သံက တဖြည်းဖြည်းဖြင့် ငိုရှိုက်သံများအဖြစ်သို့ပြောင်းသွားသည်။

ချန်ရုံက နားထောင်နေရင်းဖြင့် ဧကရာဇ်၏မျက်လုံးထောင့်၌ မျက်ရည်များ ဝဲနေသည်ကို မြင်လိုက်ရသည်။ ချန်ရုံက ခေါင်းကိုငုံ့၍ အောက်ကိုသာ ကြည့်နေလိုက်သည်။

ဧကရာဇ်၏ငိုသံက တဖြည်းဖြည်းရပ်သွားသည်။

ထို့နောက် ဧကရာဇ်က ချန်ရုံ့ကိုကြည့်ကာ အင်္ကျီဝတ်ရုံလက်ကို လှုပ်ခတ်၍ ပေါ့ပါးစွာ ပြောလိုက်သည်။

"လာ.. မင်းကို ကိုယ်တော် ဟိုနားမှာ ပန်းတွေကိုပြမယ်..."

ချန်ရုံ့၏လက်ကိုဆွဲကိုင်၍ ဧကရာဇ်က ဆက်ပြောလိုက်သည်။

"ဒီလို တခြားလူတစ်‌ယောက်ယောက်နဲ့ ကျွမ်းကျစ်အကြောင်းကို မဆွေးနွေးဖြစ်တာ အတော်ကိုကြာနေပြီပဲ...အရင်တုန်းကဆိုရင်..."
ဧကရာဇ်က ပြောသည်ကို ခဏရပ်ပြီးမှ အော်ရယ်လိုက်ပြန်သည်။

"ငါ ဘယ်လိုများ မေ့သွားရတာလဲ...ကိုယ်‌တော်က ဒုက္ခတွေပဲပေးနေခဲ့တာ ဆယ်စုနှစ်တစ်ခုစာလောက်ရှိနေပြီလေ...
'အရင်တုန်းက' ဆိုတာမှမရှိခဲ့တာ...အရင်တုန်းက ပညာရှိတွေကပဲ ဆွေးနွေးကြပြီး ကိုယ်တော်က တံခါးကနေ ခိုးနားထောင်ခဲ့ရတာပါ..."

ဧကရာဇ်က ချန်ရုံ၏လက်ကိုဆွဲ၍ အမြန်လျှောက်နေသည်။ ပန်းခင်းကြီးတစ်ခုဆီသို့ ရောက်သွားကြသောအခါ ဧကရာဇ်က ပြန်လှည့်၍ တခြားတစ်ဖက်ဆီသို့ သွားပြန်သည်။
"ဒီပန်းတွေက ဘာမှကြည့်ချင်စရာမရှိဘူးပဲ...လာ ငါးတွေကို သွားကြည့်ရအောင်...ကိုယ်တော် မကြာသေးခင်ကပဲ တန်ဖိုးကြီးတဲ့ ငါးအမျိုးအစားတွေရထားတာ မင်းသိလား...သူတို့ရဲ့အရောင်တွေက တကယ်ကို အရမ်းလှတယ်..."

ဧကရာဇ်အား ချန်ရုံ့အား ငါးကန်သေးသေးလေး တစ်ခုရှိသော ရေကန်၏တစ်ဖက်သို့ ခေါ်သွားပြန်သည်။ အနားသို့ ရောက်သောအခါ ဧကရာဇ်က ဆောင့်ကြောင့်ထိုင်ချ၍ တုတ်ချောင်းတစ်ခုကိုကောက်ယူကာ ရေကန်ကို မွှေလိုက်သည်။
"မင်းတို့က ဘာဖြစ်လို့ အိပ်နေကြရတာလဲ...ဒီလိုဆိုရင်တော့ မဖြစ်ဘူး...မင်းတို့ကို အားရုံ မြင်ရအောင် ထွက်လာကြလေ..."

ချန်ရုံသည်လည်း ဧကရာဇ်ဘေး၌ ဒူးထောက်ထိုင်လိုက်၍ ကန်ထဲ၌ ကူးခတ်နေသောငါးများကို တိတ်ဆိတ်စွာ ကြည့်နေလိုက်သည်။

ရေကန်ကို တုတ်ဖြင့် မွှေနေရင်းက ဧကရာဇ်က ရုတ်တရက်မေးလိုက်သည်။
"မင်း ကြောက်နေတာလား..."

ချန်ရုံက လန့်၍ တုန်သွားသည်။