အပိုင်း 210
Viewers 24k

Chapter 210
လက်ခံရဲပါသလား?



ထို့နောက် ဧကရာဇ်၏ပျော်ရွှင်နေသော ပုံစံကို ကြည့်၍ ခဏစဉ်းစားလိုက်ပြီးမှ နူးညံ့စွာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့...နည်းနည်းတော့ကြောက်နေမိပါတယ်..."

ခဏရပ်လိုက်ပြီးမှ ချန်ရုံက ဆက်ပြောလိုက်သည်။

"ကျွန်မရဲ့အနေအထားက နိမ့်ကျလွန်းတာကြောင့် တစ်ယောက်ယောက်က ကျွန်မအမြင်ကို သဘောမတူရင် ကျွန်မ ဒုက္ခရောက်သွားနိုင်လို့ပါ..."

ချန်ရုံက သူမကိုယ်သူမ ပြန်ရယ်လိုက်သည်။
"ဒီလို လူကြောက်တစ်ယောက်ဖြစ်နေရတာ ကျွန်မအတွက်တော့ အသားကျနေပါပြီ..."

"မင်းက လူကြောက်တစ်ယောက် ဟုတ်လား..."

ဧကရာဇ်က ရယ်လိုက်သည်။

"မင်းသာ လူကြောက်ဆိုရင် ဝမ်ဟုန်နဲ့တူတူ တစ်ညတာကုန်ဆုံးပြီးတဲ့နောက်မှာ ဘာဖြစ်လို့ စစ်မြေပြင်မှာ သေခြင်းတရားနဲ့ရင်ဆိုင်မှာလဲ...မင်းသာ တကယ်လူကြောက်တစ်ယောက်ဆိုရင် ဘာဖြစ်လို့ ဟူလူမျိုးတွေကိုသဘောမကျတဲ့ ရန်မင်းတို့ စွင်းယန်တို့နဲ့ မိတ်ဆွေဖြစ်နေမှာလဲ..."

ဧကရာဇ်၏ ကျယ်လောင်သောရယ်သံကြောင့် ထိုစကားများကို သာမာန်အတိုင်း စနောက်ပြောဆိုနေသည်ဟုသာ ထင်ရသည်။ ဧကရာဇ်က ထိုသို့ပြောပြီးသောအခါ ပြုံးပင်ပြုံးလိုက်သေးသည်။

သို့သော် ချန်ရုံကတော့ တစ်ကိုယ်လုံးစိမ့်အေး၍ ကြောက်လန့်သွားမိသည်။ သူမ၏ ခြေဖျား လက်ဖျားများပင် အေးစက်လာကြလေသည်။

ချန်ရုံသည် ကောင်းကင်မှ အဖြူရောင်တိမ်များကိုကြည့်၍ သက်ပြင်းချလိုက်သည်။

"ကျွန်မရဲ့အခြေအနေက နိမ့်ကျပေမယ့် ကျွန်မရဲ့မျှော်လင့်ချက်တွေ‌ကတော့ မြင့်ပါတယ်...ဝမ်ချီလန်နဲ့ မတွေ့ခင်တုန်းက ကျွန်မက ရိုးရိုးဆင်းရဲသား ပညာရှိတစ်ယောက်ယောက်နဲ့သာ တွေ့ဆုံချင်မိခဲ့တာပါ..."

"ဘာဖြစ်လို့လဲ..."

"သူ့ရဲ့ တရားဝင် အဓိကဇနီးဖြစ်ဖို့ပေါ့ အရှင်..."

ချန်ရုံက ဧကရာဇ်ကို မျက်စောင်းထိုး၍ ခပ်ဆတ်ဆတ်ပြောလိုက်သည်။

"ကျွန်မရဲ့ ဘဝတစ်လျှောက်လုံး တခြားဘယ်မိန်းမကိုမှ သခင်မ လို့ မခေါ်နိုင်ဘူးလို့ သံဓိဌာန်ချထားပါတယ်..."

ဧကရာဇ်၏မျက်လုံးများက ပြူးကျယ်သွားကာ ရုတ်တရက် လက်ခုပ်တီး၍ အော်ပြောလိုက်သည်။

"ကောင်းတယ် အားရုံ...မင်းရဲ့ ရည်မှန်းချက်တွေကို ကိုယ်တော် နှစ်သက်တော်မူတယ်..."

ဧကရာဇ်၏ရုတ်တရက် ထအော်လိုက်မှုကြောင့် ချန်ရုံ လန့်သွားပုံရသည်။ ထို့နောက်တွင်မှ ချန်ရုံ့အား စိတ်ထက်သန်စွာကြည့်နေသော ဧကရာဇ်ကိုကြည့်ကာ ဆက်ပြောလိုက်သည်။

"ရန်မင်းကလည်း နန်ယန်မှာတုန်းက ကျွန်မကို လက်ထပ်ခွင့်တောင်းခဲ့ပါတယ်...ကျွန်မရဲ့ နောက်ခံအဆင့်အတန်းက ‌နိမ့်ကျပေမယ့် သူနဲ့တော့ ကျွန်မ ထိုက်တန်ပါသေးတယ်..."

ချန်ရုံကပြောနေရင်းဖြင့် ဧကရာဇ်အား မျက်စိတစ်ဖက်မှိတ်ပြကာ တခစ်ခစ်ရယ်လိုက်သည်။

"အရှင့်ကို ကျွန်မ မပြောပြရသေးဘူး...အခု သူ့ရဲ့ နန်ယန်ချန်အိမ်တော်က ကိုယ်လုပ်တော်က အစတုန်းက ရန်မင်းနဲ့လက်ထပ်ပေးဖို့ အိမ်တော်က စီစဉ်ပေးထားတဲ့ မိန်းကလေးပေါ့...ဒါပေမယ့် သူက ကျွန်မရဲ့ ကြောင်နဲ့ကြွက်ကစားပွဲမှာ ရှုံးနိမ့်ခဲ့တယ်လေ (2)..."

[(2) 欲擒故纵 - ရန်မင်းက ချန်ရုံ့အပေါ်စိတ်ဝင်စားလာစေရန် ချန်ရုံက ရန်မင်းကို ဂရုမစိုက်သလိုနေခဲ့ခြင်းကို ပြောနေခြင်းဖြစ်သည်။]

ဧကရာဇ်က ပျော်ရွှင်စွာ လက်ခုပ်တီးလိုက်ပြန်သည်။

"ကောင်းပါပေတယ် အားရုံ...မင်းက အရမ်းကို..."
ဧကရာဇ်က ခဏရပ်၍ မည်သည့်သင့်တော်သော စကားကို သုံးရမည်လဲဟု စဉ်းစားလိုက်သည်။
"အရှက်ကင်းမဲ့တယ်...ဒါပေမယ့် အဲဒါကြောင့်လည်း ကိုယ်တော် မင်းကို သဘောကျတာပဲ..."

အင်းပေါ့...

ချန်ရုံက မကျေနပ်သလို မျက်စောင်းထိုးလိုက်သည်။ ဧကရာဇ်က ရယ်ကျဲကျဲပုံဖြင့် ချန်ရုံ့အား ပြန်ကြည့်လိုက်သည်။

ချန်ရုံက ရယ်၍ ဆက်ပြောလိုက်သည်။
"စွင်းယန်နဲ့ကျတော့ ကျွန်မ ခရီးသွားနေတုန်းက တွေ့ခဲ့တာ...အဲဒီအချိန်တုန်းက သူ့ရဲ့မိသားစုတွေက လူရိုင်းတွေသတ်တာခံရပြီး သစ္စာရှိတဲ့ အစေခံတစ်ယောက်ကြောင့်သာ စွင်းယန်က အသက်ရှင်ကျန်ခဲ့တာလေ...ကျွန်မက သူ့ကို ထမင်းတစ်ပန်းကန်ပေးပြီး အားပေးစကားပြောလိုက်တာ...နောက်ကျတော့ သူက ကျွန်မကို မိသားစုဝင်တစ်ယောက်လို့ သတ်မှတ်လိုက်တာပါပဲ..."

ထိုကဲ့သို့ စကားအနည်းငယ်နှင့်ပင် ချန်ရုံသည် သူမနှင့် ပတ်သတ်နေကြသော အမျိုးသားသုံးယောက်နှင့် ဆက်ဆံရေးကို ရှင်းလင်းစွာ ပြောပြပြီးသွားသည်။

ပြောပြီးသွားသောအခါ ချန်ရုံက ဧကရာဇ်၏လက်ထဲမှ တုတ်ချောင်းကိုယူ၍ ကန်ထဲမှ ငါးများနှင့် ဆော့ကစားနေလိုက်ကြသည်။

သို့သော် ချန်ရုံသည် နားကိုတော့ သေချာစွင့်ထားလိုက်သည်။ ခုနက ဧကရာဇ်ပြောနေသောစကားများအရ ကောလဟလတစ်ခုကို ကြားထားပုံရသည်။ ချန်ရုံ၏အဖြေက ဧကရာဇ်အတွက် ကျေနပ်စရာမဖြစ်ခဲ့လျှင် နောက် ဘာဆက်ဖြစ်မည်ဆိုသည်ကို မပြောနိုင်ပါချေ။

ဧကရာဇ်သည် တစ်ခဏမျှ ကောင်းကင်သို့ မော့ကြည့်နေပြီးမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

သူသည် မျက်လုံးများကိုမှေးစင်း၍ မြောက်ဘက်ကောင်းကင်သို့ လှမ်းကြည့်လိုက်သည်။ ထို့နောက် တစ်ခုခုကိုတွေးနေပုံဖြင့် လက်များကိုနောက်ပစ်၍ လမ်းလျှောက်သွားတော့ငည်။

ချန်ရုံက ကန်ထဲမှ ငါးများဖြင့် ဆော့ကစားနေရင်းဖြင့် ဧကရာဇ်၏ခြေသံများကို နားထောင်နေမိသည်။

ဧကရာဇ် အရှေ့ အနောက် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၍ ချန်ရုံမကြားနိုင်အောင် အလွန်တိုးသောအသံဖြင့် တစ်ယောက်တည်း တီးတိုးစကားများပြောနေသည်။

ဧကရာဇ်သည် လမ်းလျှောက်နေရာမှ ရပ်၍ လက်ကိုဝှေ့ယမ်းလိုက်ပြီးမှ ဆက်လျှောက်နေပြန်သည်။

အချိန်အနည်းငယ်ကြာသောအခါမှ ချန်ရုံ့နားသို့ လျှောက်သွားသည်။

ဒူးထောက်၍ထိုင်နေသော ချန်ရုံ့ကို ငေးကြည့်ကာ ရုတ်တရက် မေးလိုက်သည်။

"ဒါဆိုရင် ဝမ်ဟုန်ကိုရော မင်းလိုချင်လား.."

ဘယ်လိုမေးခွန်းမျိုးကို မေးလိုက်တာပါလိမ့်။

ချန်ရုံက အလွန်ပင် စိတ်ပျက်သွားမိသောကြောင့် ဧကရာဇ်ဘက်သို့လှည့်၍ အော်ပြောလိုက်သည်။

"အရှင်မင်းကြီး ကျွန်မက မိန်းမသားတစ်ယောက်ပါ..."
ချန်ရုံသည် မျက်လုံးများကို ပြူး၍ တစ်လုံးချင်းသေချာပြောလိုက်သည်။

"ဆင်းရဲနွမ်းပါးတဲ့ မိန်းကလေးတစ်ယောက်ပါ..."

ဧကရာဇ်၏စကားများက အသုံးအနှုန်း လွဲမှားနေသည်ကို ချန်ရုံက သတိပေးနေခြင်းဖြစ်သည်။

ဧကရာဇ်က ခြောက်ခြောက်ခြားခြားဖြစ်နေသော ချန်ရုံ၏ပုံစံကိုကြည့်၍ ရယ်လိုက်သည်။

"ဘာဖြစ်လို့လဲဆိုတော့ ဒီရက်ပိုင်းမှာ လူတွေက ဝမ်ချီလန်ရဲ့ မင်္ဂလာကိစ္စအကြောင်းကိုပဲ ကိုယ်တော့်ကို လာပြောနေကြလို့လေ..."

သူ့စကားကြောင့် ဖြူဖျော့သွားသည့် ချန်ရုံ့ကိုကြည့်ကာ ဧကရာဇ်က ညစ်ကျယ်ကျယ်လေသံဖြင့် ဆက်ပြောလိုက်သည်။

"မင်းကိုပဲ သူနဲ့ စေ့စပ်နေရာချပေးလိုက်ရမလား...အင်း...ငါလုပ်ရမှာက စုတ်တံကိုကိုင်ပြီး အမိန့်ပြန်တမ်းရေးလိုက်ရုံပဲလေ..."

ဧကရာဇ်က လေထဲ၌ စာရေးနေသည့်ပုံစံလုပ်ပြ၍ မျက်လုံးများက တောက်ပလာကြသည်။

"ပြီးတာနဲ့ မင်းက သခင်မဝမ် ဖြစ်သွားပြီပဲ..."

တော်ဝင်အမိန့်ပြန်တမ်းနှင့် လက်ထပ်ရမည်တဲ့လား။
ချန်ရုံက ပြုံးလိုက်သည်။
"အရှင်မင်းကြီး...ဒါက စနောက်စရာကိစ္စမဟုတ်ပါဘူး..."

ချန်ရုံက တွန့်နေသောအင်္ကျီဝတ်ရုံကို ပြန့်ပြူးအောင်လုပ်၍ မတ်တပ်ရပ်ကာ အေးအေးဆေးဆေးပြောလိုက်သည်။

"ဒီလက်ထပ်ပွဲကို အရှင်က အမိန့်ချပေးလိုက်တယ်ဆိုရင်တောင် အဲဒီသလွန်ပေါ်မှာ ကျွန်မ အချိန်ကြာကြာ ထိုင်နေနိုင်မှာမဟုတ်ပါဘူး..."

ချန်ရုံက လက်ချောင်းများကို တစ်ချောင်းပြီးတစ်ချောင်း ချိုးကာ ရေတွက်ပြလိုက်သည်။

"အရှင့်ရဲ့ ကိုးယောက်‌မြောက်ညီမ သခင်မရှဲ့...ကျန့်ခန်းချန်အိမ်တော်ရဲ့ အကြီးဆုံး သခင်မချန်..."

ချန်ရုံသည် ဧကရာဇ်အား မော့ကြည့်၍ လေးနက်စွာပြောလိုက်သည်။

"ခန့်မှန်းကြည့်ရမယ်ဆိုရင် ဝမ်ချီလန် မိန်းမပေါင်း ၁၈၀၀ လောက်ယူပြီးမှ ကျွန်မအလှည့်ကျတော့မယ့်ပုံပါ..."

ဧကရာဇ်က ပုလဲကဲ့သို့ ဖြူဖွေးသောသွားများပေါ်အောင် အော်ရယ်လိုက်ပြန်သည်။

ထို့နောက် ချန်ရုံ၏ပခုံးကိုပုတ်လိုက်ရာ ချန်ရုံက တွန့်သွားသည်ကိုမြင်လျှင် ထပ်၍ ရယ်လိုက်ပြန်သည်။
"မင်းပြောတာ မှန်ပါတယ်...ဝမ်ချီလန်ရဲ့ဇနီးဖြစ်ဖို့က ငါ့ရဲ့ ဧကရီဖြစ်ဖို့ထက်တောင် ပိုခက်ခဲနေမယ်ထင်တယ်..."

ဧကရာဇ်က သူ၏မျက်နှာကို ချန်ရုံ၏နှာခေါင်းနှင့် ထိစပ်တော့မည်အထိ အနားသို့တိုးကပ်လိုက်သည်။ ထိုကဲ့သို့ အရမ်းနီးကပ်သွားသောကြောင့် မျက်ဆံများက တစ်ခုနှင့် တစ်ခုနီးစပ်၍ စွေသွားသကဲ့သို့ဖြစ်သွားသည်။ ထိုအရာကိုမြင်လိုက်‌ရသောအခါ ချန်ရုံသည် အော်ရယ်မိမတတ်ပင်ဖြစ်သွားသည်။

ဘာမှသတိမထားလိုက်သော ဧကရာဇ်က ချန်ရုံ့ကို ကြည့်၍ ဆက်ပြောလိုက်သည်။
"အရင်တစ်ခေါက်တုန်းက မင်းကို ကိုယ်တော် လက်ထပ်ယူနိုင်တယ်လို့ပြောထားတယ်မဟုတ်လား...ကိုယ်တော့်ရဲ့ဧကရီဖြစ်ဖို့ကို စဉ်းစားပြီးပြီလား..."

ချန်ရုံက ခေါင်းခါလိုက်သည်။

ဧကရာဇ်က ကိုယ်ကို ပြန်မတ်လိုက်၍ ချန်ရုံ့ကို မယုံသင်္ကာစွာကြည့်လိုက်သည်။ ချန်ရုံက ခေါင်းကိုစောင်း၍ ပေါ့ပေါ့ပါးပါးပုံစံနှင့်ပြောလိုက်သည်။
"အရှင့်ရဲ့ ဧကရီဖြစ်ရတာက သီလရှင်ဖြစ်ရတာထက် ပိုပျော်ဖို့ကောင်းနေလိမ့်မယ်လို့တော့ အရှင်ထင်နေတာမဟုတ်ဘူးမလား..."

ဧကရာဇ်က ခေါင်းကိုကုတ်၍ အဖြေကို သေချာစဉ်းစားနေသည်။

ဧကရာဇ်၏ပုံကိုမြင်သောအခါ ချန်ရုံက သဘောကျ၍ ပြုံးလိုက်မိသည်။ ထို့နောက် ခေါင်းကို မော့ကြည့်လိုက်သောအခါ ချန်ရုံ၏မျက်နှာမှအပြုံးသည် ရုတ်တရက် အေးခဲသွားလေသည်။

ချန်ရုံသည် အကြည့်ကို အမြန်လွှဲ၍ ဧကရာဇ်‌၏နောက်သို့ ဝင်ရပ်လိုက်သည်။

ဧကရာဇ်က နားမလည်စွာဖြင့် ကြည့်နေချိန်တွင် အမျိုးသမီးအုပ်စုတစ်စုက အနားသို့ ရောက်လာတော့သည်။

အုပ်စုကို ရှေ့ဆုံးမှဦးဆောင်လာသူမှာ အသက်နှစ်ဆယ်ခန့်ရှိသော အထက်တန်းလွှာအမျိုးသမီးတစ်ဦးဖြစ်၍ သူမ၏နန်းတွင်းအဝတ်အစားများကို ကြည့်လိုက်ရုံဖြင့် ဧကရီဖြစ်မှန်း သိသာနေသည်။ သူမ‌၏နောက်မှ မင်းသမီးများစွာ လိုက်ပါလာ၍ ထိုထဲမှ တစ်‌ယောက်မှာ ချန်ရုံနှင့် ရင်းနှီးပြီးသားဖြစ်သော မင်းသမီး ၉ ဖြစ်သည်။

ထိုအမျိုးသမီးများကို မြင်လိုက်ရသည်နှင့် ချန်ရုံသည် ရင်တထိတ်ထိတ်ခုန်လာမိသည်။

အနားသို့ရောက်လာသောအခါ ဧကရီကပြုံးလိုက်သည်။

ဧကရီက ပြုံးရွှင်သောမျက်နှာဖြင့် ချန်ရုံတို့နားသို့ရောက်လာသည်။ သူမသည် ဧကရာဇ် စစ်မားကျန်းအား ကြည့်၍ အရိုအသေပေးလိုက်ကာ နူးညံ့စွာပြောလိုက်သည်။

"အရှင့်ရဲ့ရယ်သံကိုကြားရတာ ကျွန်မ အရမ်းကို ဝမ်းသာကြည်နူးမိပါတယ်..."

ထို့နောက် စစ်မားကျန်း၏နောက်မှ ချန်ရုံ့ကိုလည်း ပြုံးပြကာ မေးလိုက်သည်။

"ဒီမိန်းကလေးကရော ဘယ်သူများပါလိမ့်..."

"ကျွန်မက တော်ဝင်အိမ်တော်ဝန် ဟုန်ယွင်ကျီပါ သခင်မ..."

ချန်ရုံက ဧကရာဇ်ကိုယ်တိုင် ချီးမြှောက်ထားသော နာမည်နှစ်လုံးကို ‌သေချာစူးစိုက်၍ ရိုသေစွာ ပြောလိုက်သည်။

ဧကရီက တဖြည်းဖြည်းနှင့် မျက်မှောင်များကြုတ်သွားသည်။

သူမသည် ဧကရာဇ်ဘက်သို့ ပြန်လှည့်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။

"ဒီလို ကောက်ကျစ်ယုတ်မာတဲ့ လူဆိုးမကို အရှင့်ရဲ့ဘေးမှာ ဘာဖြစ်လို့ ထားထားရတာပါလဲ..."

"အရှင်မင်းကြီး...ဟုန်ယွင်ကျီဟာ လူရိုင်းတစ်ယောက်ဖြစ်တဲ့ ရန်မင်းနဲ့ သာမာန်မဟုတ်တဲ့ ဆက်ဆံရေးရှိနေတယ်လို့ မကြာသေးခင်ကပဲ ကျွန်မ သတင်းကြားထားရပါတယ်...ပြီးတော့လည်း အဲဒီမိန်းကလေးဟာ သူ့ရဲ့အစ်ကိုအရင်းကိုတောင် မိန်းမနဲ့ အတင်းခွာပြဲခိုင်းနေတဲ့ မိန်းမယုတ်တစ်ယောက်ဖြစ်ပါတယ်..."

ထို့နောက် ဧကရီက လေသံကို ပျော့လိုက်၍ တကယ်ပင် စိတ်ပူပန်နေသော အသံဖြင့် ပြောလိုက်ပြန်သည်။

"ကောက်ကျစ်ယုတ်မာတဲ့လူတွေဟာ စကားအရာမှာတော့ အမြဲချိုသာနေကြတာပါပဲ...သူတို့ရဲ့ ပျားရည်လိုချိုတဲ့ စကားတွေကို အရှင် အယုံလွယ်နေလို့မဖြစ်ပါဘူး..."

ထိုအချိန်၌ များစွာသောမျက်လုံးများက ချန်ရုံ့ကို ကြည့်နေကြလေသည်။

ချန်ရုံသည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သော်လည်း သူမကိုယ်သူမ အပြစ်ရှိပါသည်ဟု ဝန်မခံသလို ကာလည်း မကာကွယ်ချေ။

ချန်ရုံသည် ဧကရာဇ်ထံမှ စကားစပြောလာရန်ကို စောင့်နေခြင်းဖြစ်သည်။

ချန်ရုံသည် ယခုလောလောဆယ်တွင် ကံတရားကို ကျေးဇူးတင်နေမိသည်။ ဧကရာဇ်မေးမြန်းစဉ်က ရန်မင်းနှင့်အကြောင်းနှင့် သူမ၏ အတွင်းစိတ်များအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောခဲ့မိခြင်းသည် အလွန်ပင် အဆင်သင့်ဖြစ်သွားသည်မဟုတ်လား။ တိတ်ဆိတ်မှုဖုံးလွှမ်းနေရာမှ နောက်ဆုံးတွင် ဧကရာဇ်က ဝတ်ရုံလက်ကို လှုပ်ခတ်၍ညပြောလိုက်သည်။

"ဒီစကားတွေပြောဖို့သက်သက်နဲ့ ဒီနေရာကို မင်းရောက်လာတာလား...အခု ငါသိပြီလေ...ပြန်တော့...ငါဒီမှာ ဆော့ကစားရဦးမယ်..."

ဧကရာဇ်၏စကားကြောင့် ဧကရီလည်း ဘာမှမပြောနိုင်တော့ပဲ ဆွံ့အသွားလေသည်။

ဧကရာဇ်က သူမ ကို ကြည့်မနေတော့ပဲ ချန်ရုံ၏လက်ကိုဆွဲ၍ သစ်သားတံတားဆီသို့ ခေါ်သွားသည်။

"နားထောင်စမ်း အားရုံ...ကိုယ်တော် ရယ်နိုင်အောင်လို့ မင်း အခုအချိန်အထိ လုပ်ခဲ့သမျှ အရာတွေအကုန်လုံးကို ကိုယ်တော့်ကို ပြောပြပါဦး..."

ဧကရာဇ်သည် မည်သူမှ မမြင်မကြားဖူးသည့် ရင်းနှီးချစ်ခင်မှုများ လွှမ်းနေသောအသံဖြင့် ချန်ရုံ့အား ပြုံးကာပြောလိုက်သည်။

ဧကရီက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

သူမသည် ဧကရာဇ်နှင့် ချန်ရုံတို့၏ ပုံသဏ္ဍာန်များကို စိုက်ကြည့်နေ၍ အလွန်ဝေးကွာသွားသည့်အခါမှပင် လက်ကို ဝှေ့ယမ်းလိုက်သည်။

မိန်းမစိုးငယ်တစ်ဦးက အနားသို့ အမြန်ပြေးလာသည်။

ဧကရီသည် ချန်ရုံတို့အားလှမ်းကြည့်၍ တိုးတိတ်စွာ မေးလိုက်သည်။
"အရှင်မင်းကြီးက ဟုန်ယွင်ကျီကို တခြားဘာတွေ ပြောသေးလဲ..."

အကြားအားရုံ အလွန်ကောင်းသော မိန်းမစိုးလေးက ဧကရာဇ်နှင့် ချန်ရုံ့ပြောဆိုခဲ့သော စကားများကို ပြန်ပြောပြလိုက်သည်။

နား‌ထောင်နေရင်းဖြင့် ဧကရီ၏မျက်နှာက ပျက်သွားသည်။
"အရှင်မင်းကြီးက အဲဒီမိန်းကလေးကို သူ့ရဲ့ ဧကရီဖြစ်စေချင်တယ်လို့တောင် အရူးဆန်ဆန်ပြောခဲ့သေးတယ်ပေါ့..."

"ဟုတ်ပါတယ် သခင်မ..."

ဧကရီက ခေါင်းငြှိမ့်၍ မိန်းမစိုးအား ပြန်လွှတ်လိုက်သည်။

ထိုအချိန်၌ ဘေးနားမှ ကိုးယောက်မြောက်မင်းသမီးက လှောင်ရယ်ရယ်လိုက်သည်။
"အဲဒီ ဟုန်ယွင်ကျီက ယောင်္ကျားတွေကို ဆွဲဆောင်တဲ့နေရာမှာတော့ အရမ်းကိုတော်တာပဲနော်...သူ သီလရှင်ဖြစ်နေတာ သူ့အတွက်တော့ နစ်နာတာပဲ..."

"လက်မထပ်ရသေးတဲ့ မင်းသမီးတစ်ယောက်က ဘယ်လိုများ ဒီလိုစကားကိုပြောထွက်ရတာလဲ..."

ဧကရီက ဆူလိုက်သည်။ ကိုးယောက်မြောက်မင်းသမီးလည်း သူမ၏အမှားကိုဝန်ခံ၍ တောင်းပန်လိုက်သော်လည်း ခေါင်းငုံ့နေချိန်တွင် နှုတ်ခမ်းများက တွန့်ကွေး၍ ပြုံးသွားကြသည်။ သူမကို ဆူပူနေသော်လည်း ဧကရီကိုယ်တိုင်သည်လည်း စိတ်အလိုမကျဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့်ဖြစ်သည်။

ထိုအခိုက်၌ ဧကရီအား အလုပ်အ‌ကြွေးပြုသော အသက်သုံးဆယ်ခန့် အစေခံတစ်ဦးက ရှေ့သို့တိုးလာသည်။ သူမသည် ဧကရီ၏လက်ကို လှမ်းကိုင်၍ ကြင်နာစွာ နှစ်သိမ့်လိုက်သည်။

"ဘယ်သူတွေ ဘာပြောပြော အရှင်မင်းကြီးက ဟုန်ယွင်ကျီကို နတ်ဆရာမအဖြစ် ခန့်အပ်တုန်းက လန်ယာဝမ်ချီကိုလည်း ဝင်စွက်ဖက်ခွင့်ပြုထားခဲ့တယ်မဟုတ်ပါလား...ဟုန်ယွင်ကျီက ဝမ်ဟုန်လာပြီး ခေါ်ဆောင်မသွားခင်လေးမှာပဲ အရှင်မင်းကြီးက သူ့ရဲ့ဧကရီဖြစ်ချင်လားလို့ တစ်ခါလောက်ပဲ မေးခဲ့ပုံပါ...ပြီးတော့ ဝမ်ဟုန်ကလည်း တော်ဝင်ခြေမြန်တော်ကို ဟုန်ယွင်ကျီက သူ့ရဲ့ အမျိုးသမီးပါလို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်မဟုတ်ပါလား...အရှင်မင်းကြီးသာ အဲဒီမိန်းကလေးကို တကယ်နှစ်သက်တယ်ဆိုရင် သူမနဲ့ လန်ယာဝမ်ချီတို့ အမြဲတူတူနီးပါးရှိနေကြတာကို မနာလိုဖြစ်နေမှာပေါ့...ကျွန်မရဲ့ နိမ့်ကျတဲ့အမြင်အရတော့ ဟုန်ယွင်ကျီဟာ အရှင်မင်းကြီးရဲ့ စူးစမ်းချင်စိတ်ကို နှိုးဆွပေးတဲ့ ကစားစရာအသစ်တစ်ခုလို့ပဲ မြင်မိပါတယ်..."

ဧကရီလည်း ထိုအစေခံ၏စကားများကို သေချာစဉ်းစားလိုက်မိသည်။ ဧကရီတစ်ယောက် အတွေးထဲ၌ နစ်မြုပ်နေသည်ကို မြင်သောအခါ အစေခံက ပြုံးကာပြောလိုက်သည်။

"သခင်မရယ် အရမ်းတွေ အတွေးများမနေပါနဲ့...အချိန်တစ်ခုအထိ စောင့်ကြည့်လိုက်ပါဦး...အဲဒီမိန်းကလေး နန်းတော်ထဲရောက်လာမှသာ သခင်မ စိတ်ပူပါ..."

ထိုစကားများကြောင့် ဧကရီ၏မျက်နှာမှ တိမ်မည်းများသည်လည်း ကင်းစင်လွင့်ပျောက်သွားတော့သည်။ ဧကရီသည် ခန္ဓာကိုယ်ကို ပြန်၍ မတ်လိုက်၍ သိမ်မွေ့စွာပြောလိုက်သည်။

"ဟုတ်တယ်...စိတ်ပူစရာဘာမှမရှိပါဘူး..."