အပိုင်း 211
Viewers 24k

Chapter 211
လူများ၏တုံ့ပြန်မှု


ထို့နောက် ဧကရီသည် စူပုတ်နေသော ကိုးယောက်မြောက်မင်းသမီးကိုကြည့်၍ ညင်သာစွာ အကြံပေးလိုက်သည်။

"အားကျိုး...ဝမ်ချီကို မင်းတကယ်လက်ထပ်ချင်တယ်ဆိုရင် ဒီလိုမိန်းမမျိုးအတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမနေသင့်ဘူး...လန်ယာဝမ်ချီလိုမျိုး လူက အနားမှာ မိန်း‌မတွေကတော့ အမြဲမပြတ် ရှိနေမှာပဲ...အဲဒီလို မဟုတ်တာတွေကို စိတ်ညစ်နေမယ့်အစား သူ့ရဲ့ ဇနီးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပဲ စဉ်းစားသင့်တယ်...အဲဒီ ဟုန်ယွင်ကျီ ဒါမှမဟုတ် ချန်ယွင်ကျီဆိုတဲ့ မိန်းမအတွက်ကတော့ ရှို့ကူပြောသလိုပဲ မင်းရဲ့နေရာကို ထိခိုက်လာတဲ့အချိန်မှပဲ သူ့ကိုအဖက်လုပ်သင့်တယ်..."

ထိုသို့ပြောပြီးသောအခါ ဧကရီက အင်္ကျီလက်ကို ဝှေ့ယမ်း၍ ရှို့ကူ၏အကူအညီနှင့်အတူ ခပ်ဖြည်းဖြည်း ထွက်ခွာသွားတော့သည်။

ဧကရာဇ်က သစ်ပင်များဖြင့် အုပ်ဆိုင်းနေသော လမ်းသို့ရောက်သည်နှင့်တစ်ပြိုင်နက် ရွံရှာစွာ နှာခေါင်းရှုံ့လိုက်သည်။

"သူတို့တွေအားလုံးက အကဲဖြတ်ပြီး ဝေဖန်နေကြတာ...အခုကျတော့ သူတို့ကိုယ်သူတို့ ငါ့ထက်သာတယ်လို့ ထင်နေကြတာလား..."

ဧကရာဇ်၏အသံက တိုးလွန်းသောကြောင့် ချန်ရုံပင် သေချာမကြားလိုက်ပေ။ သို့သော်လည်း ချန်ရုံသည် အမြန်ပင် ဘေးဘီသို့ ကြည့်လိုက်၍ မကြားသကဲ့သို့ ဟန်ဆောင်လိုက်သည်။

ထိုအခိုက်၌ ဧကရာဇ်က ချန်ရုံ၏လက်ကိုကိုင်ကာ ကျယ်လောင်စွာ ခေါ်လိုက်သည်။
"အားရုံ..."

ချန်ရုံက မော့ကြည့်၍ မျက်တောင်တစ်ချက်ခတ်လိုက်သည်။

ဧကရာဇ်က အနားမှ တစ်ချက် တစ်ချက် လှမ်းကြည့်နေကြသော မျက်လုံးများကို အကဲခတ်ကာ အသံကျယ်ကျယ်နှင့်ပင် ဆက်ပြောလိုက်သည်။

"အားရုံ...မင်းရဲ့စိတ်နေစိတ်ထားကို ကိုယ်တော် သဘောကျမိတယ်...မင်းကို အနာဂတ်မှာ တစ်ယောက်ယောက်က နှိပ်စက်တာ...ဆဲဆိုတာ...ကိုယ်ထိလက်ရောက် အန္တရာယ်ပြုတာတွေရှိခဲ့ရင် ကိုယ်တော့်ကို ချက်ချင်း အသိပေးပါ...မင်း‌နာမည်တပ်သမျှ လူတိုင်း တစ်ယောက်ချင်းစီကို ကိုယ်တော် ကွပ်မျက်ပစ်မယ်..."

ထိုအခါမှပင် ဧကရာဇ်က သူမကို ကာကွယ်ပေးနေသည်ကို ချန်ရုံ သတိထားမိသွားသည်။

ချန်ရုံသည် ကျေးဇူးတင်စွာ အရိုအသေပေး၍ ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ အရှင်မင်းမြတ်..."
ချန်ရုံ၏အသံကလည်း ကျယ်‌လောင်နေသည်။

ဧကရာဇ်က ကျေနပ်စွာ ပြုံးလိုက်သည်။

ထို့နောက် လမ်းဆက်လျှောက်လာကြရင်းဖြင့် ဧကရာဇ်က ရုတ်တရက်မေးလိုက်သည်။
"ဟုတ်သားပဲ...မနေ့က အမတ်ကြီးတွေ ဘာစကားမှပြန်မပြောနိုင်လောက်အောင် မင်းက တစ်ခုခုပြောသွားတယ်ဆိုတဲ့သတင်းကို ကိုယ်တော်ကြားလိုက်တယ်..."
ဧကရာဇ်သည် အလွန်ပင် ‌အူမြူးနေ၍ ထကတော့မတတ်ပင် ဖြစ်နေလေသည်။
"ကိုယ်တော့်ကို မြန်မြန်ပြောပြစမ်းပါ...မင်း ဘာပြောလိုက်တာလဲ..."

ချန်ရုံက ပြုံး၍ မနေ့က အဖြစ်အပျက်များကို ပြောပြလိုက်သည်။ ချန်ရုံသည် အမတ်များရှေ့၌ အလွန်လိမ္မာကျွမ်းကျင်သောစကားများကို ပြန်၍ မတွန်းလှန်နိုင်အောင် ပြောခဲ့နိုင်သောကြောင့် ဂုဏ်ယူစရာကိစ္စတစ်ခုဖြစ်နေသည်။ ထို့ကြောင့် ချန်ရုံလည်း တက်ကြွစွာဖြင့် စီကာပတ်ကုံး ပြောပြလိုက်သည်။

ချန်ရုံ ပြောပြီးသောအခါ ဧကရာဇ်က စိတ်ပါလက်ပါဖြင့် လက်ခုပ်တီးလိုက်သည်။
"တကယ်မယုံနိုင်စရာပေပဲ..."

ထို့နောက် ဧကရာဇ်သည် ချန်ရုံ့ဘက်သို့ လှည့်၍ အနားသို့တိုးကာ တိတ်တဆိတ်ပြောလိုက်သည်။
"မင်းက တကယ်တော့ တုံးအဟန်ဆောင်နေတဲ့ အရမ်းဉာဏ်များတဲ့ မိန်းမလည်လေးတစ်ယောက်ပါလား...မင်းကိုကြည့်ရတာ ဟို အမြင်ကတ်စရာ ပညာရှိတွေကိုတောင် ကိုယ်တော် သတိရမိတယ်..."

ထိုသို့ပြော၍ ဧကရာဇ်က အော်ရယ်လိုက်လေသည်။

ထို့နောက် ဧကရာဇ်က သူ၏ဝတ်ရုံထဲ၌ နှိုက်၍ တစ်စုံတစ်ခုကို ရှာ‌‌လိုက်ပြီးမှ ချန်ရုံ့အားမေးလိုက်သည်။
"ဟုတ်သားပဲ...မင်းကို ကိုယ်တော် သေဘေးကင်းလွတ်ခွင့် အမှတ်တံဆိပ် ပေးပြီးပြီလား..."

သေဘေးကင်းလွတ်ခွင့် အမှတ်တံဆိပ်?

"ဧကရာဇ်မင်းမြတ်ကိုယ်စား" ဟု‌ထွင်းထားသော ကျောက်စိမ်းကိုပြောနေသည်လား။ ချန်ရုံက အမြန်ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ပေးပြီးပါပြီ..."

"ဟုတ်သားပဲ...ကိုယ်တော် လုံးဝ မေ့သွားတယ်..."

ဧကရာဇ်က ချန်ရုံ့ကို မျက်လုံးထောင့်မှ ကပ်ကြည့်ကာပြောလိုက်သည်။
"မင်းကို ဘယ်လိုပဲကြည့်ကြည့် ကိုယ်တော် သဘောကျနေမိတယ်...ဘယ်လို ထပ်ပြီး ဆုချရဦးမလဲ..."

အချိန်‌အတော်ကြာစဉ်းစားပြီးကာမှ ဧကရာဇ်က သူ့ပေါင်ကိုသူ ပုတ်၍ အော်ပြောလိုက်သည်။
"မင်းကို ရွာငယ်လေးတစ်ရွာ ဆုချရင်ဘယ်လိုလဲ...တစ်ခါတည်း စစ်သည်တစ်ရာကိုပါ ထည့်ပေးလိုက်မယ်...အထက်တန်းလွှာကလူတွေက အရမ်းကို ကိန်းကြီးခန်းကြီးနိုင်ကြတာ...မင်းလို ဉာဏ်များတဲ့ မိန်းမလည်လေးတစ်ယောက်က ဒီလို ဆုတော်လာဘ်တော်တွေရနေတာကို သူတို့ ဘာမှမလုပ်နိုင်ပဲ ထိုင်ကြည့်နေရမှာကို ကိုယ်တော် မြင်ချင်တယ်..."

ထို့နောက် ဧကရာဇ်က ချန်ရုံ့နားသို့ တိုးကပ်၍ သွားများပေါ်အောင်ပြုံးကာ ပျော်ရွှင်စွာပြုံးလိုက်သည်။
"ဘယ်လိုလဲ အားရုံ...ကိုယ်တော့်ရဲ့ ဆုလာဘ်တွေကို လက်ခံရဲပါ့မလား..."

ဧကရာဇ်၏မျက်လုံးများထဲမှ ဟာသဉာဏ်ကို မြင်သောအခါ ချန်ရုံက ပြုံးလိုက်မိသည်။

ထို့နောက် ခေါင်းကိုမော့၍ ပြောလိုက်သည်။
"ကောင်းကင်ဘုံရဲ့သားတော်ဆီကနေ ဒီလိုကောင်းချီးပေးမှုတွေ ရရှိတာကို ကျွန်မက ဘာဖြစ်လို့ လက်မခံရဲ ရှိရပါမလဲ..."

ကျေနပ်သွားသော ဧကရာဇ်က မျက်နှာကို တည်ကာ အလေးအနက်ပုံစံဖြင့် ပြောလိုက်သည်။

"ကောင်းပြီ...တော်ဝင်အိမ်တော်ဝန်...ကိုယ်တော့်ရဲ့ ဆုလာဘ်တော်တွေကို သေချာနားထောင်ပါ..."

"နားထောင်ရန်အသင့်ရှိကြောင်းပါ..."
ချန်ရုံက ဒူးထောက်လိုက်သည်။

"တော်ဝင်အိမ်တော်ဝန်ဟာ သူမရဲ့ဉာဏ်ပညာနဲ့ ကိုယ်တော်ရဲ့ တာဝန်ဝတ္တရားတွေကို ပခုံးပြောင်းလွှဲယူပြီး များစွာကူညီပေးခဲ့တယ်...ဒါကြောင့် အိမ်တော်ဝန်ကို ကိုယ်တော် ချင်းယွင်ရွာငယ်ကို ဆု‌ချတော်မူလိုက်တယ်..."
ထို့နောက် ခဏစဉ်းစားပြီးမှ ထပ်ပြောလိုက်သည်။
"ပြီးတော့ လယ်ဧကပေါင်း တစ်ထောင်နဲ့ စစ်သည်တစ်ရာကိုပါ ဆုချလိုက်တယ်..."

ထို့နောက် ထပ်၍စဉ်းစားကာ မျက်လုံးများကို မှေးစင်း၍ တောက်ပသည့်အပြုံးဖြင့် ဆက်ပြောလိုက်ပြန်သည်။

"တော်ဝင်အိမ်တော်ဝန်ဟာ အမျိုးသမီးတစ်ယောက်ဖြစ်နေပေမယ့် သူမရဲ့ စိတ်ဓာတ်ရေးရာက ယောင်္ကျားတစ်ယောက်နဲ့ မခြားနားဘူး...အဲဒါကြောင့် အိမ်တော်ဝန်ကို အိမ်ယာဆောင်ထဲကို ဧည့်သည်လက်ခံခွင့် ပြုတော်မူလိုက်တယ်..."

ချန်ရုံက အလန့်တကြားမော့ကြည့်လိုက်စဉ်တွင် ဧကရာဇ်က ပြုံးဖြီး၍ ဆက်ပြောလိုက်သည်။
"ကိုယ်တော်ဆိုလိုချင်တာက အိမ်တော်ဝန်ဟာ ချောမောတဲ့ ယောင်္ကျားလေးတွေကို ခေါ်ထားပိုင်ခွင့်ရှိပေတယ်..."

ထိုသို့ပြောပြီးသောအခါ ဧကရာဇ်သည် ကျောက်တုံးကဲ့သို့ မလှုပ်မယှက်တောင့်တင်းနေသော ချန်ရုံ့ကို ဂုဏ်ယူစွာလှမ်းကြည့်၍ အော်လိုက်သည်။

"ဘေးကလူတွေက သေကုန်ကြတာလား...မြန်မြန်သွားပြီး ကိုယ်တော့်ရဲ့ အမိန့်ပြန်တမ်းကို သွားရေးကြလေ..."

ဧကရာဇ်၏အော်သံကြောင့် လူတစ်ဒါဇင်ခန့်က နေရာအရပ်ရပ်သို့ပြေးသွားကြတော့သည်။ သူတို့သည် စားပွဲကိုမလာကာ အမိန့်ပြန်တမ်းပေစာကို ထုတ်၍ ကျောက်စိမ်းတံဆိပ်ကိုလည်း ယူဆောင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနေရာ၌ ကြောင်အနေဆဲဖြစ်သောချန်ရုံ့အား ထိုလူများကို ဝိုင်းရံလိုက်ကြတော့သည်။


ဆွံ့အနေမိသော ချန်ရုံက တော်ဝင်အမိန့်ပြန်တမ်းကို လက်ခံလိုက်၍ တော်ဝင်ခြေမြန်တော်နှင့် စစ်သည်တစ်ရာတို့ ခြံရံ၍ နန်းတော်မှ ထွက်လာခဲ့တော့သည်။

ယခု ချန်ရုံသည် ချင်းယွင်ရွာငယ်လေးဆီသို့ သွားနေခြင်းဖြစ်သည်။ ဧကရာဇ်သည် သူ့ဆုံးဖြတ်ချက်ကိုသူ အလွန်ပင် ပြန်၍ သဘောကျနေသောကြောင့် ကျန့်ခန်းတစ်မြို့လုံးကို ယခုချက်ချင်းပင် ကြေငြာချင်နေသည်။ ထို့ကြောင့် ချန်ရုံ့အား ရွာလေးကို ချက်ချင်း သွားရောက်လက်ခံရန် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

ချန်ရုံသည် အရှေ့မှ စစ်သည်များက ဦးဆောင်၍ အနောက်မှ တော်ဝင်ကိုယ်ရံတော်များခြံရံလျက်ရှိသော ရထားလုံးပေါ်၌ ထိုင်နေသည်မှာ အလွန်ပင် ကြည့်ကောင်း ခန့်ညားနေသည်။

သို့သော် ချန်ရုံကတော့ မျက်လုံးများကို ပြူးကျယ်နေအောင်ပင် ဖွင့်ထားလိုက်သည်။

လမ်းတစ်လျှောက်၌ လူများက ချန်ရုံ့အား လှမ်းလှမ်းကြည့်နေကြသည်။ ‌ဤကဲ့သို့ ခမ်းနားကြီးကျယ်စွာသွားနေသော ရထားလုံးကို မြင်သောအခါ လူများက စိတ်ဝင်တစားကြည့်ကြ၍ ချန်ရုံ၏တံဆိပ်အမှတ်အသားကိုမြင်သောအခါ နားမလည်နိုင်ဖြစ်သွားကြသည်။

ကြည့်နေကြရင်းဖြင့် ပညာရှိငယ်များ အများစုက တလှပ်လှပ်လွင့်နေသော လိုက်ကာကို သေချာကြည့်ကာ တစ်ဦးနှင့် တစ်ဦး တီးတိုးပြောနေကြလေသည်။
"ဒါ ဘယ်က မင်းသမီးလဲ..."

"သူသာ စိတ်သဘောထားကောင်းတယ်ဆိုရင် သူနဲ့ ရင်းနှီးအောင်လုပ်ပြီး မိတ်ဆွေဖွဲ့လို့ရနိုင်တယ်..."

ထိုအချိန်၌ ငယ်ရွယ်သော အမျိုးသမီးတပ်မှူးတစ်ယောက်က အနားသို့ မြင်းစီး၍ ရောက်လာကာ ထိုတီးတိုးပြောနေသည့်လူများကို အကဲခတ်လိုက်သည်။
"သဘောကောင်းရမယ် ဟုတ်လား...မင်းသမီးဆိုတာက မွေးဖွားလာတည်းက ကမ္ဘာပေါ်က အကောင်းတကာ့အကောင်းဆုံးအရာတွေနဲ့ ကြီးပြင်းလာရတာလေ...ဒီလို ဉာဏ်မရှိတဲ့လူတွေအပေါ်ကိုသာ သဘောကောင်းနေရမယ်ဆိုရင် သူ့ဘဝကြီးက အလဟဿဖြစ်သွားမှာပေါ့..."

ပညာရှိငယ်များသည်လည်း မိန်းမငယ်တပ်မှူးအား အလျင်အမြန်အရိုအသေပေးလိုက်ကြသည်။ သူတို့သည် ရထားလုံးထဲမှထိုင်နေသည်က မည်သူမှန်းမသိသော်လည်း ယခု သူတို့ရှေ့ရှိ မြင်းပေါ်မှ မိန်းမငယ်ကတော့ မင်းသားတစ်ဦး၏သမီးဖြစ်သူ မင်းသမီးတစ်ဦးမှန်းသိထားကြသည်။

ဆူပူပြီးသောအခါ မိန်းမငယ်က ချန်ရုံ၏ရထားလုံးဘက်သို့ လှည့်ကြည့်လိုက်သည်။ မျက်လုံးများကို မှေးစင်း၍ ခဏမျှကြည့်လိုက်ပြီးမှ မိန်းမငယ်သည် မျက်မှောင်များကျုံ့သွားမိသည်။

"အဲဒါ တော်ဝင်အိမ်တော်ဝန် ဟုန်ယွင်ကျီလား..."

မိန်းမငယ်က အော်လိုက်သည်။

"အရှင်မင်းကြီးကတော့ မဟုတ်တာတွေ လုပ်နေပြန်ပြီ...သူ့လို အောက်ကျနောက်ကျမိန်းကလေးတစ်ယောက်က ငါတို့ရဲ့အသိုင်းအဝိုင်းထဲကို ဒီလိုမျိုးဝင်လာတာ ငါ မယုံနိုင်ဘူး..."

မင်းသမီး၏အော်သံက လူတိုင်း၏စကားသံများကို ဖုံးသွားသည်။

လူများအားလုံးသည် ချန်ရုံ၏ရထားလုံးကို လှမ်းကြည့်လိုက်ကြသည်။

ငေးကြည့်၍ လက်ညှိုးထိုးကာ တီးတိုးစကားဆိုမှုများရှိနေသော်လည်း ချန်ရုံ မျှော်လင့်ထားသည်နှင့် မတူစွာပင် မည်သူကမျှ ချန်ရုံ့အား မဆဲဆို၍ ရုန့်ယင်းကြမ်းတမ်းသော စကားများကိုလည်း မပြောကြပေ။ ယခုတလော ချန်ရုံကြုံတွေ့နေရသည့် အဆင်မပြေသော ကိစ္စများရှိနေစေကာမူ၊ ပြင်ပလူများအတွက်ကတော့ သူမ သည် ဧကရာဇ်နှင့် လန်ယာဝမ်ချီ၏ မိတ်ဆွေဖြစ်နေသည်မဟုတ်လား။ အရောင်အသွေးတူသောငှက်များက အတူတကွပေါင်းစည်းမိတတ်ကြသည်ဟူသော ဆိုရိုးစကားလည်းရှ်ိပေသည်။ ချန်ရုံ့ဘေးနားမှ လူများသည် ကျန့်ခန်း၌ လွှမ်းမိုးမှု၊ အာဏာအကြီးမားဆုံးသောလူများဖြစ်၍ ပြင်ပလူများ၏အမြင်တွင် ချန်ရုံသည်လည်း အလွန်အာဏာပြင်းသူဟု ထင်နေကြသည်။

ချန်ရုံ၏ ရထားလုံးကလည်း အချိန်ယူ၍ ဖြည်းညှင်းစွာ မောင်းနှင်နေသည်။

ကိုယ်ရံတော်များကလည်း ဧကရာဇ်၏အမိန့်ဖြင့် လမ်းကို ဖြည်းညှင်းစွာ လျှောက်နေကြသည်။ ထို့ကြောင့် သံလိုက်ကဲ့သို့ပင် ချန်ရုံ၏ယာဉ်တန်းက ကြည့်ရှုသူများကို ပို၍ ပို၍ ဆွဲဆောင်နေလေသည်။

ထိုအချိန်၌ ခပ်ဝဝအမျိုးသမီးတစ်ဦးက လူကြားထဲသို့ တိုးဝင်၍ အဖြစ်အပျက်ကို ကြည့်နေသည်။ သူမသည် အရှေ့မှ လူတစ်ဦး၏ အင်္ကျီစကိုဆွဲ၍ ပြုံးကာမေးလိုက်သည်။

"တဆိတ်လောက်ပါရှင်..."

အရှေ့မှလူက စိတ်တိုသွားသည့်ပုံဖြင့် မျက်လုံးစောင်းကြည့်လိုက်သောကြောင့် အမျိုးသမီးက ထစ်အစွာ မေးလိုက်သည်။

"အဲဒီရထားလုံးထဲမှာရှိတာ ဘယ်သူလို့ ပြောလိုက်တာလဲဟင်..."

အမျိုးသမီးက ရထားလုံးထဲ၌ ရှိနေသည့်လူနာမည်ကို ကြားလိုက်သော်လည်း သူမ၏နားများကိုမယုံနိုင်၍ ပြန်မေးလိုက်ခြင်းဖြစ်သည်။

အရှေ့မှလူက သာမာန်ဆင်းရဲသားတစ်ဦးဖြစ်သည်။ အခြား သာမာန်ပြည်သူများကဲ့သို့ပင် သူသည် အလိုလိုနေရင်းဖြင့် မြင့်မြတ်သော အထက်တန်းလွှာများနှင့် တော်ဝင်မိသားစုတို့ကို လေးစားကြည်ညိုရင်းစွဲရှိပြီးသားဖြစ်သည်။ ထို့ကြောင့် ချန်ရုံ၏ရထားလုံးအား လေးစားအားကျစွာကြည့်၍ ဖြေလိုက်သည်။

"အဲဒါ ဧကရာဇ်က တော်ဝင်အိမ်တော်ဝန်အဖြစ် ခန့်အပ်ထားတဲ့ ဟုန်ယွင်ကျီပေါ့...သူက တကယ်ကိုပဲ မြင့်မြတ်တဲ့ အဆင့်အတန်းမှာနေဖို့ မွေးဖွားလာသူပဲ...မိန်းကလေးတစ်ယောက်ဖြစ်ပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွာငယ်၊ လယ်ကွင်းတွေနဲ့ စစ်သည်တွေကိုပါ ရသွားပြီ...ဘယ်လောက်တောင် ခမ်းနားကြီးကျယ်တဲ့ ကံတရားပါလဲ..."

"နတ်ဆရာမ ဟုန်ယွင်ကျီ ဟုတ်လား..."

ခပ်ဝဝအမျိုးသမီးက အော်လိုက်သည်။သူမ၏စူးရှသောအသံကြောင့် လူအချို့က ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်ကြသည်။ အမျိုးသမီးက အမြန်ပြုံးကာ အခြားလူများ အကြည့်ပြန်လွှဲသွားသည့်အချိန်အထိ ခေါင်းကိုငုံ့ထားလိုက်သည်။

အမျိုးသမီးသည် ရထားလုံးကိုကြည့်ရင်းဖြင့် နှုတ်ခမ်းများတရွရွလှုပ်နေသော သူမ၏ ပါးဖောင်းဖောင်းကြီးများကလည်း တဆတ်ဆတ်တုန်နေကြသည်။

ထို့နောက် အမျိုးသမီးသည် သူမ၏ပါးကို သူမ ရုတ်တရက် ပြန်ရိုက်လိုက်လေသည်။

"နင့်ကို သတ်ပစ်ဖို့‌ပဲကောင်းတယ် ဘာကိုမှမမြင်နိုင်တဲ့ အရူးမကြီး...အဲဒီမိန်းမ ကျန့်ခန်းကို စရောက်လာတုန်းက ထမင်းလေး နှစ်နပ် သုံးနပ်ကို ထည့်မစဉ်းစားပဲ သူ့အပေါ်ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့ရင် အခုလိုမျိုး ယောင်္ကျားနဲ့လည်း ကွဲရမှာမဟုတ်ဘူး...နောက်ဆုံး သူရောက်လာတော့လည်း ဆိုင်နှစ်ဆိုင်အကြောင်းကိုမပြောပဲ တခြားအကြောင်းကို စကားလွှဲပြောလိုက်ရင် အခြေအနေတွေက ဒီလိုဖြစ်ကုန်မှာမဟုတ်ဘူး..."

အမျိုးသမီးသည် မိမိကိုယ်ကိုယ် ဆဲဆိုရင်း ဒေါသက ပိုထွက်သထက်ထွက်လာသည်။ ပါးစပ်က ပွစိပွစိပြောရင်း ကိုယ့်ကိုယ်ကိုယ် ပို၍ နာနာရိုက်နေသည်။ ချန်ရုံ၏ ယာဉ်တန်းကိုကြည့်၍ အနောက်သို့ပြေးလိုက်ကာ ချန်ရုံ့အား ဒူးထောက်တောင်းပန်ချင်စိတ်များ တဖွားဖွားပေါ်နေသည်။

သို့သော် နောက်ဆုံးတွင်တော့ ထိုသို့ မလုပ်ရဲခဲ့ပါ။ မနေ့ကပင် သူမ၏ အိမ်ထောင်ရေးကို ချန်ရုံက ဝင်စွက်ဖက်ခဲ့သည်ဟု အခြားလူများကို လျှောက်ပြောထားသည်မဟုတ်လား။