Chapter 212
အမျိုးသမီးက စိတ်ဆင်းရဲစွာဖြင့် ငိုယိုနေချိန်တွင် ခပ်ပိန်ပိန်ပညာရှိတစ်ဦးက အနားသို့ ပြေးလာသည်။ ပညာရှိသည် ဘေးဘီသို့ အကဲခတ်လိုက်ပြီးမှ အမျိုးသမီး၏လက်ကိုဆွဲလိုက်သည်။
ပထမတော့ အမျိုးသမီးက စိတ်တိုသွားသည့်ပုံဖြင့် လက်ကို ဆတ်ခနဲ ပြန်ရုတ်လိုက်သည်။ သို့သော်လည်း အင်္ကျီလက်ကို ဆွဲထားဆဲဖြစ်သည်ကို မြင်သောအခါ အနောက်သို့ လှည့်ကြည့်လိုက်သည်။
ဆွဲထားသူက သူမ၏မောင်ဖြစ်နေသည်ကိုမြင်သောအခါ အမျိုးသမီးက မျက်စောင်းထိုး၍ မေးလိုက်သည်။
"ဘာဖြစ်နေပြန်ပြီလဲ..."
ပိန်ပါးသောလူ၏မျက်နှာက အလွန်ပင်ညှိုးငယ်နေသည်။ လှုပ်လိုက်တိုင်း မျက်နှာမှ ပေါင်ဒါများက တဖွားဖွား ပြုတ်ကျနေသည်။ သူသည် သူ့အစ်မ၏အင်္ကျီလက်ကိုဆွဲထားရင်းက ကြောက်လန့်တကြားအော်ပြောလိုက်သည်။
"ဒုက္ခတွေတော့ရောက်ကုန်ပြီ...အစ်မရဲ့ယောင်္ကျားက ကွာရှင်းစာချုပ်ကို ထားခဲ့ပြီး ထွက်သွားပြီ..."
"ကွာရှင်းစာချုပ် ဟုတ်လား..."
အမျိုးသမီးက ခုန်ဆွခုန်ဆွလုပ်၍ အော်လိုက်သည်။
"ဘာကွာရှင်းစာချုပ်လဲ..."
သူမ၏အော်သံကြောင့် အနီးအနားမှလူများက လှည့်ကြည့်လိုက်ကြပြန်သည်။ သို့သော် ဤတစ်ခေါက်တွင်တော့ အမျိုးသမီးလည်း ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်တော့ပဲ သူ၏မောင်ကိုသာ မေးခွန်းများ တရစပ်မေးနေလေသည်။
အမျိုးသမီး၏မောင် ပညာရှိက ပြောလိုက်သည်။
"ဘာကွာရှင်းစာချုပ်လဲ ဟုတ်လား...အစ်မရဲ့ ကွာရှင်းစာချုပ်ပေါ့..."
သူသည် သူ့အားဒေါသတကြီးကြည့်နေသော သူ့အစ်မကို စိတ်ဆိုးမာန်ဆိုးပြန်ကြည့်၍ အော်လိုက်သည်။
"ကိုယ့်ယောင်္ကျားကိုတောင် ကိုယ် မထိန်းထားနိုင်တာ အစ်မရဲ့ အပြစ်ပဲ...သူ့ရဲ့ညီမက နေ့တိုင်း စည်းစိမ်ဥစ္စာတွေ တိုးပွားနေတာကို အခုတော့ သူတို့ဆီက အစ်မ ဆန်ပြုတ်တစ်ခွက်တောင် ရတော့မှာမဟုတ်ဘူး..."
ဘယ်ခေတ်တွင်မဆို ကျား မ မရွေး တစ်စုံတစ်ယောက်က လွတ်လပ်မှုရ၍ ခြံမြေ၊ ပိုင်ဆိုင်မှုနှင့် စစ်သည်များကို ရရှိပိုင်ဆိုင်ပြီဆိုပါက အထက်တန်းလွှာတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရပြီဖြစ်သည်။ ထို့ကြောင့် သာမာန်ဆင်းရဲသားများ၏အမြင်၌ ထိုကဲ့သို့သော ပိုင်ဆိုင်မှုမျိုးက ရာထူးဂုဏ်ရှိန်များထက်ပို၍ အဖိုးတန်ကြလေသည်။
သူ့မောင်၏အပြစ်တင်နေမှုများကို ဆုံးအောင်နားမထောင်တော့ပဲ အမျိုးသမီးသည် အမြီးတက်နင်းခံရသောကြောင်ကဲ့သို့ သူမ၏အိမ်သို့ အမြန်ပြန်ပြေးသွားတော့သည်။
"ခွေးသားကြီးက အရမ်းတွေ သတ္တိရှိနေတယ်ပေါ့..."
အမျိုးသမီးက ဒေါသနှင့် မယုံကြည်နိုင်မှုများဖြင့် အော်လိုက်သည်။
သူမ၏မောင်ကလည်း အနောက်မှလိုက်လာ၍ ရွဲ့ကာပြောလိုက်သည်။
"သတ္တိရှိတာမှ အစ်မတို့ရဲ့ သားနဲ့ သူ့ရဲ့ မယားငယ်ကိုတောင် ခေါ်သွားသေးတယ်..."
"ဘာဖြစ်တယ်...အမြန်...သူ့နောက်ကို အမြန်လိုက်စမ်း..."
"သူ့နောက်ကိုလိုက်ရမယ် ဟုတ်လား...သူ ဘယ်သွားလဲဆိုတာ ကျွန်တော်မှမသိတာ...တခြား ဘယ်သူမှလည်း မမြင်လိုက်ဘူး..."
"ဘယ်သူမှ မမြင်ဘူး ဟုတ်လား...ငါ ရှီရှန်ကျောင်းတော်ဆီသွားပြီး ပွဲသွားကြမ်းဦးမယ်..."
ထိုသို့ပြောလိုက်သော်လည်း ချန်ရုံ့နောက်မှပါလာသော စစ်သည်တစ်ရာကို စဉ်းစားလိုက်မိသောအခါ တုန်ယင်သွားမိသည်။
ပိန်ခြောက်ခြောက်မောင်ကလည်း အမြန်ပြောလိုက်သည်။
"မဖြစ်ဘူး...အစ်မသေသွားမှာပေါ့..."
အထက်တန်းလွှာများသည် သာမာန်ပြည်သူများနှင့် ဘယ်တုန်းကမှ အဖက်လုပ်၍ စကားမပြောကြချေ။ အထက်တန်းလွှာများသည် လူဆိုးသူခိုးများကိုမပြောနှင့်၊ ရိုးရိုးလူတစ်ယောက်ကိုပင် သူတို့အမြင်၌ မကြိုက်ပါက သတ်ပစ်နိုင်ခွင့်ရှိသည်။
ယခု သူ့ကိုပင် နမူနာကြည့်ပါ။
သူ့အစ်မ၏အသုံးမကျသောယောင်္ကျားကြောင့်သာမဟုတ်လျှင် ဤပညာရှိဝတ်စုံကလည်း သူဝတ်ရမည်မဟုတ်ပါ။ ယခုတောင်မှ ထိုဝတ်စုံသည် အခြား ဆင်းရဲသားများကို ကြွားဝါရန်အတွက်သာ အသုံးဝင်နေခြင်းဖြစ်သည်။ အလုပ်ရှာရှန်အတွက်ကလည်း သူသည် အထက်တန်းလွှာမှ ဆင်းသက်လာသူမဟုတ်ချေ။ လွန်ခဲ့သောနှစ်များတစ်လျှောက်တွင် သခင်မချန်၏ သုံးယောက်မြောက်မောင်ဖြစ်သော သူသည် သာမာန်ဆင်းရဲသားအလုပ်များကို မလုပ်ချင်ခဲ့ပေ။ သို့သော် ထိုအလုပ်များမှလွဲ၍ အခြားအလုပ်များကိုလည်း သူမလုပ်တတ်ပေ။ ထို့ကြောင့် နှစ်ပေါင်းကြာရှည်စွာပင် သူသည် လတ်လျားလတ်လျားသာ နေထိုင်ခဲ့လေသည်။
နောက်ဆုံးတွင်တော့ ကောက်ကျစ်သောအကြံများကို စဉ်းစားမိသွားသည်။ သူသည် ဘေးဘီသို့ ခိုးကြောင်ခိုးဝှက်လှမ်းကြည့်၍ သူ့အစ်မအားပြောလိုက်သည်။
"စိတ်အေးအေးထားပါ...အစ်မက မူလေးရဲ့ မွေးမိခင်ပဲလေ...ယောက်ဖကိုရှာတွေ့တယ်ဆိုရင် အစ်မ ရစရာရှိတာကိုတော့ရမှာပါ..."
သူ့မောင်၏စကားများကြောင့် သခင်မချန်လည်း ထိုအခါမှသာ အနည်းငယ်စိတ်သက်သာရာရသွားလေသည်။ သူမသည် ပြေးနေသည်ကိုရပ်၍ ဒူးများပေါ်သို့လက်ထောက်ကာ အမောဖြေနေပြီးမှ ခေါင်းငြှိမ့်လိုက်သည်။
ချန်ရုံ၏ရထားလုံးကတော့ ရှေ့သို့ဆက်၍ မောင်းနှင်နေသည်။
အထဲ၌ ချန်ရုံသည် အတွေးများစွာဖြင့် ခေါင်းရှုပ်နေမိသည်။ ဧကရာဇ်က သူမကို ချောမောသောကောင်လေးများ ခေါ်ထားနိုင်သည်ဟု ပြောလိုက်ခြင်းက ချန်ရုံ့ခေါင်းထဲမှ မထွက်ဖြစ်နေသည်။
ဧကရာဇ်ပြောလိုက်သည်က အရေးမကြီးပါ။ သို့သော် ဧကရာဇ်သည် သူ၏စကားကို သူ ဂုဏ်ယူလွန်း၍ အမိန့်ပြန်တမ်းစာ၌ပင် ထည့်ရေးခိုင်းလိုက်သေးသည်။
ထိုအချိန်၌ ချန်ရုံနှင့် အနည်းငယ်ရင်းနှီးနေသော အသံတစ်သံက ချန်ရုံ့နားထဲသို့ ဝင်လာသည်။
"မဖြစ်နိုင်ပါဘူး...သူက ဘာဖြစ်လို့ အဲဒီလို လုပ်ရမှာလဲ..."
ထိုအသံက သိပ်မကျယ်သော်လည်း ချန်ရုံနှင့် အလွန်ရင်းနှီးနေသောကြောင့် ထောင်ပေါင်းများစွာသော စကားသံများကြားမှ တိုးထွက်၍ ချန်ရုံ့နားထဲသို့ ဝင်လာခြင်းဖြစ်သည်။ ချန်ရုံသည် လိုက်ကာကိုမ၍ အသံလာရာနေရာသို့ လှမ်းကြည့်လိုက်သည်။
လူအုပ်ထဲကို ခဏမျှရှာလိုက်ပြီးသောအခါတွင်တော့ ထောင့်တစ်နေရာ၌ နွဲ့နှောင်းစွာရပ်နေသော မိန်းမငယ်တစ်ဦးကို တွေ့လိုက်ရတော့သည်။ ထိုအခိုက်၌ မိန်းမငယ်သည် ဖြူဖျော့သောမျက်နှာ၌ မျက်ရည်များဝဲကာ ချန်ရုံရှိသည့်ဘက်သို့ မုန်းတီးမှု၊ မယုံကြည်နိုင်မှု၊ ဒေါသထွက်မှုများဖြင့် လှမ်းကြည့်နေလေသည်။
ချန်ဝေ့...
ရန်မင်းက အခုအချိန်အထိ ကျန့်ခန်းမှာ ရှိနေတုန်းလား...
ချန်ရုံက စိတ်မသက်မသာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
ချန်ဝေ့ဘေး၌ ချန်ချီနှင့် အခြားမိန်းကလေးများအချို့လည်း ရပ်နေကြသည်။ ထိုအချိန်တွင် သူတို့အားလုံးသည် ချန်ရုံ၏ရထားလုံးကို အံ့ဩစွာ လှမ်းကြည့်နေကြ၍ မနာလိုဝန်တိုမှုများက မျက်နှာ၌ အတိုင်းသားပေါ်နေကြသည်။
ချန်ချီက မထိန်းနိုင်ပဲ ပြောလိုက်မိသည်။
"အခုတော့ သိမ်မွေ့ပြီး အိန္ဒြေရှိတဲ့ အမျိုးကောင်းသမီးတွေက ဒီလို ပတ်ဝန်းကျင်ကိုဂရုမစိုက်ပဲ အရှက်မရှိတဲ့ မြေခွေးမနဲ့ မယှဉ်နိုင်တော့ဘူးပေါ့..."
ချန်ချီက ထိုသို့ပြောလိုက်သောအခါ အခြားမိန်းကလေးများက သတိပေးသည့်အနေဖြင့် လက်မောင်းကို လှမ်းကိုင်လိုက်ကြသည်။ အချို့ကလည်း အခြားလူများသာ သိသွားပါက သူတို့ပါ ရောပါကုန်မည်စိုးသောကြောင့် ချန်ချီ့နားမှ ရှောင်ထွက်သွားကြသည်။
ချန်ချမ်က သူမ၏အစ်မကို မျက်စောင်းထိုး၍ တိုးတိုးပြောလိုက်သည်။
"မမ နင်ရူးနေပြီလား...အခု ချန်ရုံက ဧကရာဇ်နဲ့ ဝမ်ချီတို့ရဲ့ အချစ်ခံလေးဖြစ်နေတာလေ...နင်သေချင်တယ်ဆိုလည်း တစ်ယောက်တည်းပဲသေ မိသားစုကိုပါ ဆွဲထည့်မနေနဲ့..."
ချန်ချမ်ပြောသည့် မိသားစုမှာ ရင်ချွမ်ချန်အိမ်တော်မဟုတ်ပဲ သူမတို့၏ မိဘများရှိသည့် နန်ယန်ချန်အိမ်တော်ဖြစ်သည်။ ကျန့်ခန်းသို့ ရောက်လာပြီးသောအခါ ဤမြို့တော်၌ အထက်တန်းလွှာများနှင့် တော်ဝင်မိသားစုတို့သည် အစုအဖွဲ့များနှင့် ရှိကြသည်ကို သိလိုက်ရသည်။ ချန်ချီနှင့် ချန်ချမ်တို့ကဲ့သို့ တရားဝင်သမီးများသည်လည်း ရင်ချွမ်ချန်အိမ်တော် ၌သာမွေးဖွားလာပါက ဂုဏ်ရှိန်မြင့်၍ အလေးပေးခံကြရမည်ဖြစ်သည်။ သို့သော်လည်း ကံမကောင်းစွာပင် ချန်ချီတို့သည် လက်အောက်ခံအိမ်တော်မှ ဆင်းသက်လာသူများဖြစ်သောကြောင့် စကားထဲထည့်၍ပင် အဖက်လုပ်မခံရတော့ချေ။ လမ်းပေါ်သို့ထွက်လျှင် ရထားလုံး ဆယ်စင်းတွင် ရှစ်စင်းက သူမတို့ထက် ဂုဏ်ရှိန်ကြီးသောလူများဖြစ်၍ ချန်ချီတို့ကသာ ထပ်ခါတလဲလဲ အရိုအသေပြုနေကြရသည်။
ပို၍အရေးကြီးသည်က အိမ်တော်တစ်ခုတည်းမှာပင် အဆင့်အတန်းခွဲရန် ငွေကြေးနှင့် ပိုင်ဆိုင်မှုများက အလွန်အရေးပါသည်။ ချန်ချီတို့သည် တောင်ပိုင်းတို့ရွှေ့ပြောင်းပြီးသောအခါ ပိုင်ဆိုင်မှုများစွာ မကျန်တော့သည့်အပြင် လယ်ကွက်များလည်း သိပ်မရှိတော့ပေ။ မြေကွက်အချို့နှင့် ဆိုင်ခန်းများဝယ်မည်ဆိုပါကလည်း ကျန့်ခန်းနှင့် အတော်အတန်ဝေးသောနေရာ၌ရှိသည်များကိုသာ ဈေးကြီးပေး၍ ဝယ်ရတော့မည်ဖြစ်သည်။
ထို့ကြောင့် ချန်ချီတို့၌ ပိုင်ဆိုင်မှုများကလည်း မြို့ခံအိမ်တော်များနှင့် ယှဉ်၍မရကာ ထူးခြားပြောင်မြောက်သော အရည်အချင်းဟူ၍လည်း အနည်းငယ်ပင်မရှိသောကြောင့် ချန်ချီတို့၏ဘဝသည် ယခင်မွေးရပ်ဒေသမှဘဝနှင့်ယှဉ်လျှင် အလွန်ပင် ပြောင်းလဲသွားကြပြီဖြစ်သည်။
ချန်ချမ်က ချန်ရုံ့အား မနာလိုစွာ ငေးကြည့်နေသည်။
"နင်တို့ ကြားပြီးကြပြီလား...ဧကရာဇ်မင်းမြတ်က သူ့ကို လယ်ဧကပေါင်း တစ်ထောင်တောင်ပေးလိုက်တာတဲ့...ကျစ် ဧကတစ်ထောင်တဲ့...ဒီလိုအခြေအနေနဲ့ဆိုရင် အားရုံက ပိုက်ဆံတွေကို မီးထိုင်ရှို့နေမယ်ဆိုရင်တောင် တစ်သက်လုံး မပူမပင်ပဲ ချမ်းချမ်းသာသာနေနိုင်နေပြီ..."
အခြားမိန်းကလေးတစ်ဦးကလည်း ဝင်ပြောလိုက်သည်။
"ဟုတ်တယ်...ပြီးတော့ ဧကရာဇ်က အားရုံကို ယောင်္ကျားလေးတွေပါ ခေါ်ထားခွင့်ပြုလိုက်တယ်တဲ့...အဲဒါက ဒီပိုင်ဆိုင်မှုတွေကို အမွေဆက်ခံဖို့ မျိုးဆက်တွေပါ မွေးဖွားခွင့်ပေးတဲ့ သဘောပဲမဟုတ်ဘူးလား...အားရုံက ဘာဖြစ်လို့ အဲဒီလောက်တောင်ကံကောင်းနေရတာလဲ..."
ချန်ချီကလည်း လျှာဖြင့် တောက်ခေါက်လိုက်၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"သူ့လို အောက်တန်းစားတစ်ယောက်က မြေကွက်နဲ့ ပိုင်ဆိုင်မှုတွေ ရတဲ့အပြင် တော်ဝင်အမိန့်တော်အရလည်း ယောင်္ကျားလေးတွေ ခေါ်ထားခွင့်ရတယ်တဲ့လား...သူက ဘယ်သူကမှ မလိုချင်တော့တဲ့ အပျိုရည်ပျက်ပြီးသား သီလရှင်တစ်ယောက်ပဲမဟုတ်ဘူးလား...ဘာဖြစ်လို့များ ဒီလို စည်းစိမ်ချမ်းသာတွေနဲ့ ပျော်ရွှင်မှုတွေရနေရတာလဲ..."
ချန်ချီ၏အသံက အလွန်ပင် မနာလိုဖြစ်နေပုံပေါ်နေသည်။
ထို့နောက် ကြောက်ရွံ့စွာ ကုပ်ကုပ်လေးနေနေသော ချန်ဝေ့ဘက်သို့လှည့်၍ အော်ရယ်လိုက်သည်။
"အားဝေ့ အရင်တုန်းကတော့ အဲဒီ ရထားလုံးထဲမှာထိုင်နေတဲ့တစ်ယောက်ကို နင့်ခြေဖျားလေးနဲ့တင် အသာလေးနင်းချေလိုက်လို့ရတယ်...အခုတော့ ကြည့်ပါဦး...ဧကရာဇ်နဲ့ လန်ယာဝမ်အိမ်တော်ရဲ့ အမွေဆက်ခံသူသားတော်ကို သူ့လက်ထဲကရေလိုလုပ်ထားတာ...နင်ကရော ဘာဖြစ်နေလဲ...ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားပဲ သူများရဲ့ ကိုယ်လုပ်တော် ပြေးလုပ်နေတာ...ဟွန့် အဲဒီကိုယ်လုပ်တော်ဘဝနဲ့လည်း ကိုယ့်ယောင်္ကျားရဲ့မုန်းတာကို ခံနေရတယ်...ဘယ်နေရာမှကို အသုံးမကျဘူး...ငါပြောတာ သေချာနားထောင် အားဝေ့...ဒီတစ်ခေါက်ကျရင် နင့်ယောင်္ကျား သနားလာအောင် ငိုပြပြီး သူနဲ့ တစ်ခါတည်း လိုက်သွားပါတော့လား..."
အနီးအနားမှ ရယ်သံများထွက်ပေါ်လာသည်။ ချန်ဝေ့သည်လည်း ငိုရှိုက်ရင်းဖြင့် ထိုလှောင်ပြောင်မှုများကို သည်းခံနေရလေသည်။
ထို့နောက်ချန်ဝေ့သည် ချန်ရုံ၏ရထားလုံးကို မုန်းတီးစွာ စိုက်ကြည့်ရင်း မျက်ရည်များကို သုတ်လိုက်သည်။ ချန်ဝေ့ တကယ်ပင် နားမလည်နိုင်တော့ပါ။ အားရုံသည် အပျိုရည်ပျက်ပြီးသားဖြစ်ကာ ဝမ်ချီကလည်း သူမကို မလိုချင်ခဲ့ပေ။ အားဝေ့၏ ခင်ပွန်း ရန်မင်းဆိုလျှင် ပို၍ပင် မလိုချင်ခဲ့ပေ။ ထိုအချိန်တုန်းက အားရုံသည် လူအများ၏စွန့်ပယ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် အားရုံသည် သူမကိုယ်သူမ သတ်သေရန် စစ်မြေပြင်ဆီသို့ပင် ပြေးသွားခဲ့သည်မဟုတ်လား။
ထိုအချိန်က ချန်ဝေ့ အလွန်ပျော်ခဲ့ရသည်။ မိမိ၏ရန်သူ ဒုက္ခအကြီးအကျယ်ရောက်နေသည်ကို မြင်ရသည်ထက် ပိုပျော်စရာကောင်းသည့်အရာ ကမ္ဘာပေါ်၌ ရှိပါဦးမည်လား။
သို့သော်လည်း အဖြစ်အပျက်များက ပြောင်းလဲကုန်သည်မှာ မြန်ဆန်လွန်းလှသည်။ ထိုကဲ့သို့ ပြီတီတီအကြည့်များဖြင့် ချန်ရုံတစ်ယောက် မည်သို့များ ဧကရာဇ်ကို ဆွဲဆောင်လိုက်ပါသနည်း။ ထိုမျှသာမက ဧကရာဇ်နှင့် ဝမ်ချီတို့နှစ်ယောက်လုံးက ချန်ရုံ့အတွက်ဆိုလျှင် တုံ့ဆိုင်းခြင်းမရှိပဲ ကာကွယ်ပေးရန် အဆင်သင့်ဖြစ်နေကြသည်။
ကမ္ဘာကြီးက ဘာတွေများ မှားယွင်းနေပါသနည်း။ ချန်ရုံကဲ့သို့ ရွံရှာဖွယ်မိန်းမတစ်ယောက်က အဘယ်ကြောင့်များ ထိပ်ဆုံးနေရာသို့ လွယ်လွယ်ကူကူတက်သွားနိုင်ပါသနည်း။ ချန်ဝေ့တကယ်ပင် နားမလည်နိုင်တော့ပါ။ ချန်ဝေ့သည် လူများအပေါ် အယုံအကြည်ကင်းမဲ့နေမိပြီဖြစ်သည်။