အပိုင်း 213
Viewers 24k

Chapter 213
အရင်နဲ့မတူတော့ဘူး ။



ချန်ရုံက စာထဲမှစကားလုံးများကို အချိန်အတော်ကြာသည်အထိစိုက်ကြည့်နေလိုက်ပြီး နောက်ဆုံးတွင် နောက်လှည့်ကာ သူမ၏အစောင့်အနည်းငယ်အား ပြောလိုက်သည်။

“ကျွန်မနဲ့ နီးနီးမှာကပ်နေပါ”

“ဟုတ်ကဲ့ပါ”

စွင်းယန်က ရယ်လာသည်။
“မင်းက အရမ်းသတိကြီးနေတာမဟုတ်ဘူးလား အားရုံ”

ချန်ရုံက လက်ရမ်းကာ ရထားလုံးကိုအချက်ပြလိုက်သည်။

“ကျွန်မက ဘယ်တုန်းကမှ သတိမကြီးဘဲနေလို့မရခဲ့ဘူးလေ၊ အဲ့ဒီနေ့တုန်းက နန်ယန်မှာ တစ်စုံတစ်ယောက်က သူ့အမည်ကိုသုံးပြီး ကျွန်မကိုအပြင်ထွက်ဖို့ ဖိတ်ခေါ်ခဲ့တယ်”

“ဘယ်သူလုပ်တာလဲ”

“ကျွန်မ မသိဘူး”

ချန်ရုံက ခေါင်းခါပြလိုက်သည်။
“ကျွန်မက စိတ်မကျေမနပ်ဖြစ်အောင်လုပ်ခဲ့မိတဲ့လူတွေဆိုရင် ချန်ယွမ်တို့မိသားစုဘဲရှိတာ၊ သူတို့ကအဖြစ်နိုင်ဆုံးဘဲ”

စွင်းယန်က မျက်မှောင်ကြုတ်လိုက်သည်။
“မင်းက ဘယ်လိုဖြစ်ပြီး ဒီလောက်အရေးကြီးတဲ့အရာကို မသိရတာလဲ၊ အဲ့ဒီလိုဆိုရင် ချန်ယွမ်နဲ့ သူ့မိသားစုကလည်း ကျန့်ခန်းကိုလိုက်လာတယ်မဟုတ်ဘူးလား၊ မနက်ဖြန်ကျ ငါသူတို့ကိုသွားမေးလိုက်မယ်”

သူ ချန်ယွမ်ကိုအရင်တုန်းကတွေ့ဖူးသည်။ အခုဆိုလျှင် သူ့မိသားစုက ဆင်းရဲမွဲတေနေပြီဖြစ်သည်။ စွင်းယန်၏အဆင့်အတန်းဖြင့်ဆိုပါက မေးမြန်းစုံစမ်းရန် အစေခံတစ်ယောက်ကိုသာ လွှတ်ပေးလိုက်ရုံပင်။

ချန်ရုံက ခေါင်းညိတ်လိုက်သည်။ ဤအချိန်တွင် သူမရထားလုံးရောက်လာသည်။ သူမရထားလုံးပေါ်တက်တော့မည်ကို မြင်သောအခါ စွင်းယန်လည်း သူ့လမ်းသူသွားလိုက်သည်။

သူက ချန်ရုံကိုလှည့်ကြည့်ကာ ပြောလိုက်သည်။
“အားရုံ မင်းရဲ့ယောင်းမက....အတောမသတ်နိုင်အောင် လောဘကြီးတဲ့သူမျိုးဘဲ၊ တကယ်လို့ သူမင်းကိုဆက်ပြီးအနှောင့်အယှက်ပေးလာရင် ငါသူ့ကိုခြောက်လှန့်လိုက်လို့ရတယ်”

ထိုင်ရုံသာရှိသေးသော ချန်ရုံက မတတ်နိုင်ဘဲ စွင်းယန်ကိုလှည့်ကြည့်လာသည်။ သူမက ကျေးဇူးတင်စွာ နွေးနွေးထွေးထွေးပြောပြလိုက်သည်။ ရှက်ရွံ့သွားသော စွင်းယန်က လည်ပင်းပွတ်ကာ သူ့ရထားလုံးထဲဝင်သွားလိုက်သည်။

နှစ်ယောက်သားက ကိုယ့်လမ်းကိုယ်သွားလိုက်ကြသည်။

အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့က သူမဆီပြေးလာကြသည်မှာ ခြေလှမ်းတစ်ရာလောက်ပင် မဝေးတော့ချေ။ သူတို့ကပြေးလာကာ ခပ်ဝေးဝေးမှ သူမကိုလှမ်းခေါ်လာသည်။
“မမလေး မမလေး”

ချန်ရုံက သူတို့အော်ခေါ်နေသည်ကို လှမ်းကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
သူမက အနည်းငယ်စိတ်ရွှင်လန်းစွာမေးလိုက်သည်။

“ဂုဏ်ယူပါတယ် မမလေး”
အဖိုးစွင်းက တုန်ယင်နေသောအသံဖြင့်ပြောလာသည်။ သူက အင်ပါယာနန်းတော်ဘက်ကို အရိုအသေပေးလိုက်သည်။

“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”

အထိန်းတော်ဖျင်နှင့် အခြားသူများကလည်း အလျင်အမြန်ပင် သူ့နောက်မှလိုက်ကာ အရိုအသေပေးလိုက်ကြသည်။

ချန်ရုံက သူတို့နားရှိ စောင့်ကြည့်နေသောမျက်လုံးများကို တစ်ချက်ကြည့်လိုက်သည်။

“ကောင်းပြီ ကောင်းပြီ ကျွန်မတို့တွေ အထဲရောက်မှ စကားပြောကြတာပေါ့”

“ဟုတ်ကဲ့”

အဖိုးစွင်းက ရထားလုံးယူလာသည်ကိုမြင်သောအခါ သူမက တိုးတိုးတိတ်တိတ်ပြောလိုက်သည်။

“ကျွန်မတို့ရဲ့ ပိုက်ဆံအားလုံးကို သွားယူဖို့ အခွင့်အရေးတစ်ခုလောက်ရှာလိုက်ပါ”

အဖိုးစွင်းကလည်း သူတို့မမလေးအနေဖြင့် ပိုက်ဆံသုံးစရာနေရာအများကြီးရှိနေမည်ကို နားလည်သည်။ သူကခေါင်းညိတ်ပြလိုက်သည်။

“သခင်မလေး”
ဤအချိန်တွင် အထိန်းတော်ဖျင်က အနောက်ဘက်မှလှမ်းခေါ်လာသည်။

ချန်ရုံကလှည့်ကြည့်လိုက်သည်။

အထိန်းတော်ဖျင်က အနားတိုးလာပြီး သူမကိုတီးတိုးပြောလာသည်။

“မမလေး သခင်ကြီးနဲ့သခင်လေးတို့ ရောက်လာပါတယ်”

ချန်ရုံက သူမအားနားမလည်သလို ကြည့်လိုက်သောအခါ ထပ်ပြောလာသည်။

“သခင်ကြီးက အဲ့ဒီအောက်တန်းကျတဲ့ မိန်းမကိုထားခဲ့ပါတယ်”

ဒီအရာကိုကြားသောအခါ ချန်ရုံပြုံးလိုက်မိသည်။

“သူမက လွယ်လွယ်နဲ့ အရှုံးမပေးမှာကို စိုးရိမ်မိတယ်၊ အဲ့ဒါကြောင့် သူနေဖို့ ဘုရားကျောင်းထဲမှာ နေစရာစီစဉ်ပေးလိုက်တယ်”

ချန်ရုံက ဂရုမစိုက်စွာပြန်ဖြေလိုက်သည်။
“ငါတို့က ဘာလို့လူရမ်းကားတစ်ချို့ကို ကြောက်နေရမှာလဲ”

သူမသည် ဘယ်သောအခါကမှ ရက်စက်သောသူမျိုးမဟုတ်ခဲ့ပေ။ အကယ်၍ထိုမိန်းမက ဘေးထွက်ထိုင်ချင်သည်ဆိုလျှင် အဆင်ပြေသည်။ သို့သော်ထိုမိန်းမက အိုးကိုလာမွှေရဲမည်ဆိုပါက သူမတွင် အသက်ဘယ်နှစ်ချောင်းလောက်ရှိနေလို့လဲဆိုသည်ကို ကြည့်ရပေလိမ့်မည်။

“ဟုတ်တယ်၊ ကျွန်မတို့သခင်မလေးဆိုတာ သူ့ကိုကြောက်နေမယ့်သူမျိုးမဟုတ်ဘူး”

အထိန်းတော်ဖျင်က ချန်ရုံကိုစိတ်သက်သာရာရစွာကြည့်ပြီး သူမဘာသာတွေးလိုက်သည်။
'ငါ့သခင်မလေးက အရှင်မင်းကြီးတောင် မြင့်မြင့်တွေးထားရတဲ့သူဘဲ၊ အရှင်မင်းကြီးက သခင်မလေးအတွက် မြေယာနဲ့ရွာငယ်လေးတွေ အပိုင်ပေးရုံတင်မကဘူး၊ ‌ယောက်ျားငယ်လေးတွေရှိဖို့ကိုလဲ ခွင့်ပြုပေးသေးတယ်....ဒါကသခင်မလေးက ဒီချမ်းသာမှုတွေကို အမွေဆက်ခံဖို့ မျိုးဆက်ရှိလာနိုင်တယ်လို့ ဆိုလိုတာမဟုတ်လား”

သခင်မလေးတွင် ကိုယ်ပိုင်မျိုးဆက်ရှိလာခြင်းသည် အထိန်းတော်ဖျင်တို့လို အစေခံများ၏စိတ်ထဲတွင် ကောင်းသောအရာဖြစ်သည်။ သူတို့အတွက်မူ ကိုယ့်သွေးရင်းကလေးများသည် ခင်ပွန်းများထက် ပိုပြီးမှီခိုအားထားရပေသည်။ သူတို့သခင်မလေးတွင် အသက်ကြီးလာသောအခါ ဝတ္တရားကျေပွန်သောသားတစ်ယောက်ရှိနေသရွေ့ သူမလက်ထပ်သည်ဖြစ်စေ၊ လက်မထပ်သည်ဖြစ်စေ ဘာများပြသနာရှိဦးမှာလဲ။

သခင်မလေးက သူမ၏ရည်မှန်းချက်ကိုမပြောင်းလဲနိုင်သည်ကို အထိန်းတော်ဖျင်ကစိတ်ကျေနပ်သွားသည်။ အကယ်၍သူမသာလက်ထပ်လိုက်ပါက ဝမ်ချီလန်၏ကိုယ်လုပ်တော်ဖြစ်နေလျှင်တောင် ဒီနေ့လိုဂုဏ်ကျက်သရေမျိုးရလာမှာမဟုတ်ပေ။

သူမ၏အစေခံများအားလုံးကို အပြုံးများဖြင့်မြင်လိုက်ရသောအခါ ချန်ရုံကမတတ်နိုင်ဘဲ သူမ၏နှုတ်ခမ်းထောင့်များကို တွန့်ကွေးလိုက်မိသည်။

သူမက အရင်လိုစိတ်အားမတက်ကြွနေသင့်တော့ပေ။ အရှင်မင်းမြတ်နဲ့နီးကပ်သည်မှာ မရေရာမသေချာသောနေရာတစ်ခုဖြစ်သည်။ သူမ၏နေရာသည် သူမအစေခံများထင်ထားသည်ထက် ပိုပြီးလုံခြုံမှုနည်းပါးသည်။

ချန်ရုံက သူမအစေခံများကိုအိမ်ခေါ်သွားကာ အစောင့်များနှင့်မိတ်ဆက်ပေးပြီးနောက် သူတို့အတွက်အလုပ်တာဝန်များကို ခွဲဝေပေးလိုက်သည်။ ထို့နောက် သူမနှင့်အတူ အစောင့်ဆယ်ယောက်ကိုခေါ်ကာ နွေဦးပွဲတော်သို့သွားလိုက်သည်။

နှောင့်နှေးသွားမှုကြောင့် နေမင်းကြီးက တောင်တန်းနောက်သို့ဝင်သွားပြီဖြစ်ကာ ညမြူများကလည်း မြေပြင်တစ်ခွင်ပျံ့နှံ့လာသည်။

လောကကြီးတွင် ကသောင်းကနင်းများဖြင့် ပူပင်သော‌ကရောက်နေနိုင်သော်လည်း ကျန့်ခန့်ကမူ အမြဲတမ်း‌အေးချမ်းနေလိမ့်မည်။ မုန်တိုင်းထန်သောရာသီဥတုသည် ရှင်းလင်းစွာတိုက်ခတ်နေသော်ငြား စိတ်ရွှင်လန်းတက်ကြွမှုသည် ဒီနေရာတွင် အကျင့်တစ်ခုဖြစ်နေပြီဖြစ်သည်။ ပွဲလမ်းသဘင်များသည် ညဘက်တွင် အထူးတလည်သက်ဝင်လှုပ်ရှားလေ့ရှိသည်။

လမ်းများကို အလင်းရောင်ဖြင့်လွှမ်းခြုံထားသည်။ ဖယောင်းတိုင်မီးအိမ်များက သစ်သားတံတားအောက်ရှိရေထဲတွင် ပေါလောမျောနေကာ မီးပုံများက ကောင်းကင်ပေါ်တွင် လွှင့်မျောနေကြသည်။

ရထားလုံးများနှင့် ခြေကျင်လျှောက်သွားနေသူများက လမ်းပေါ်တွင် ဟိုဟိုဒီဒီရွှေ့လျား‌နေကြသည်။

ချန်ရုံက ပတ်ဝန်းကျင်မှအသံများကိုနားထောင်ရင်း အချိန်နှင့်အမျှလိုက်ကြည့်နေရင်းမှ သူမအနေဖြင့်ဒီလိုငြိမ်းချမ်းမှုမျိုးကိုမခံစားခဲ့ရသည်မှာ အချိန်အတော်ကြာခဲ့ပြီကို ရုတ်တရက်သတိရသွားသည်။

ရထားလုံးသည် ရွာငယ်ထဲမှမောင်းထွက်လာပြီး အခြားလမ်းတစ်ခုထဲဝင်သွားသည်။

အဓိကလမ်းမကြီးသည် လမ်းသွယ်များနှင့်ယှဉ်လျှင် ပို၍စည်ကားသည်။ အဝေးမှနေ၍ အနီရောင်မီးအိမ်တောက်တောက်များနှင့် လှပသောမိန်းမပျိုလေးများက တလက်လက်တောက်ပနေသောမြင်ကွင်းကိုဖြစ်ပေါ်လာစေသည်။

ချန်ရုံက ခေါင်းမော့ကာ ရှုခင်းကြည့်နေချိန်တွင် အရိပ်နှစ်ခုက သူမရထားလုံး၏ရှေ့သို့ ရုတ်တရက်ခုန်ထွက်လာသည်။

လှံရှည်ကိုင်‌အစောင့်နှစ်ယောက်က သူတို့ကိုလှံရှည်နှင့် ရွယ်လိုက်ကြသည်။

“မလုပ်၊ မလုပ်ပါနဲ့ ငါကအားရုံရဲ့ဦးလေးပါ”
ရင်းနှီးနေသောအသံထွက်လာသည်။
“အားရုံ ဦးလေးပါ၊ ဟားဟား ဒီရက်တွေမှာ မင်းကိုတွေ့ရဖို့က အရမ်းခက်ခဲတာဘဲ”

၎င်းကချန်ယွမ်၏အသံပင်ဖြစ်သည်။

ချန်ရုံက အနီးကပ်ကြည့်လာသည်။ သူမကြည့်နေသည်ကိုမြင်သောအခါ ချန်ယွမ်ကနောက်သို့တွန့်သွားပြီး ဝတ်ရုံညာဘက်လက်မှ အစွန်းကွက်ကိုဝှက်လိုက်သည်။

ချန်ရုံက အစောင့်နှစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် အစောင့်များက သူတို့လှံရှည်ကိုပြန်သိမ်းလိုက်သည်။ ချန်ရုံက မျက်မှောင်ကြုတ်ကာ ချန်ယွမ်နှင့် ချန်စန်းလန်ကို ကြည့်လိုက်သည်။

“ချန်လူကြီးမင်း ကျွန်မအတွက်ဘာညွှန်ကြားစရာရှိလို့ရောက်လာတာလဲ”

သူမက ချန်ယွမ်ကို ဦးလေးဟု‌မခေါ်လာပေ။

သူမခေါ်သည်ကို ကြားသောအခါ ချန်ယွမ်၏မျက်နှာက တွန့်လိမ်သွားသည်။ သူကတိတ်တဆိတ်အံကြိတ်လိုက်သော်ငြား သူ့မျက်နှာပေါ်ရှိအပြုံးက ပိုပိုပြီးမျက်နှာချိုသွေးလာသည်။ အမှန်တွင် ချန်ရုံသည် လူ့လောကနှင့်မသက်ဆိုင်သော သီလရှင်တစ်ယောက်ဖြစ်နေဆဲဖြစ်ကာ မျိုးရိုးအမည် ‘ချန်’မဟုတ်တော့ပေ။ သူမကို ဦးလေးဟုမခေါ်တာနှင့်ပတ်သက်ပြီး မဆုံးမနိုင်ပေ။

ချန်ယွမ်က မျက်နှာပေါ်တွင်အပြုံးတစ်ခုဖျစ်ညှစ်ကာ ချန်ရုံ၏ရထားလုံးဆီသို့ သွားလိုက်သည်။ သူ သူမနားသို့ရောက်လုနီးပါးအချိန်တွင် ချန်ရုံကမျက်မှောင်ကြုတ်လိုက်သဖြင့် အစောင့်ကလှမ်းအော်လိုက်သည်။

“ရပ်စမ်း”

ချန်ယွမ်က ‌ဒူးထောက်လုနီးပါးဖြစ်နေသည်ကို မြင်သော်လည်း ချန်ရုံ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု၊ သို့မဟုတ် ဝမ်းနည်းမှုတစ်စွန်းတစ်စကိုမှ မတွေ့ရပေ။ သို့သော် ချန်ယွမ်၏မျက်နှာကမူ သူ့ကိုအရှက်တကွဲဖြစ်စေမှုက ဒီရေလှိုင်းလုံးလိုလိမ့်လာသည့်အတွက် ခနလောက်ခရမ်းရောင်ပြောင်းသွားသည်။ တစ်ချိန်တုန်းက သူ့လက်ထဲတွင်သာရှိ‌ခဲ့ကာ အသက်တောင်ရဲရဲမရှူရဲခဲ့‌သော တူမ၊ အလွန်အမင်းနိမ့်ကျပြီး အင်အားမဲ့ခဲ့သောမိန်းကလေးသည် အခုချိန်တွင် သူ့ကိုအထက်စီးမှငုံ့ကြည့်ကာ အရှက်တကွဲဖြစ်စေလုနီးပါးလုပ်‌နိုင်ခဲ့သည်။

ချန်ရုံက ချန်ယွမ်၏ အမုန်းနှင့်အရှက်တရားများကို အသံတိတ်ကြည်နူးနေလိုက်သည်။ သူမကအလျင်မလိုစွာပင် မေးစေ့ကိုမော့လိုက်ပြီး မာနကြီးစွာပြောလိုက်သည်။

“တကယ်လို့ ချန်လူကြီးမင်းမှာ ဘာမှပြောစရာမရှိဘူးဆိုရင် ကျွန်မသွားတော့မယ်၊ခွင့်ပြုပါဦး”

“သွားကြမယ်”

“ခန၊ ခနစောင့်ပါဦး ”
ချန်ယွမ်က အော်ခေါ်လိုက်သည်။ သူဘာမှမပြောနိုင်သေးခင်တွင် ချန်စန်းလန်က သူ့ကိုတိုးတိုးပြောလာသည်။

“အဖေ ဒါကအသုံးဝင်မှာမဟုတ်ဘူး”

သူက ခေါင်းငုံ့ပြီး ချန်ယွမ်၏ဝတ်ရုံစကိုဆွဲလိုက်သည်။

“အသုံးဝင်မှာမဟုတ်ဘူး၊ လုံးဝကိုဘဲ၊ ဘာလို့များ ကိုယ့်ကိုကိုယ်အရှက်ကွဲခံနေရမှာလဲ”

ချန်ယွမ်က ရထားလုံးကိုစိုက်ကြည့်နေချိန်တွင် ချန်ရုံ၏ရထားလုံးက ထွက်သွားနေပြီဖြစ်သည်။ ပျံ့လွင့်လာသောဖုန်မှုန့်များကိုမြင်သောအခါ သူ၏မျက်နှာကမည်းနှက်သွားသည်။ သူကအံကြိတ်ကာ လည်ချောင်းထံမှ အသံနက်ကြီးတစ်ခုကို ပြုလုပ်လိုက်သည်။

ခနကြာပြီးနောက် သူကအံကြိတ်ထားသောအသံဖြင့် ပြောလာသည်။

“ငါကလည်း အဲ့ဒီအောက်တန်းစားမကို ခေါင်းညွှတ်ချင်နေတယ်လို့များ မင်းထင်နေတာလား၊ ဒါပေမယ့် စန်းလန် အခုချိန်မှာ ငါတို့သူ့ကိုဘဲ တောင်းဆိုနိုင်မှာ”

“မင်းသား ရင်းလင်ရဲ့ ရက်စက်မှုက သတင်းဆိုးနဲ့ ကျော်ကြားနေတာ၊ ဒီတစ်ကြိမ်မှာ သူမင်းကို အလွှတ်ပေးမှာ မဟုတ်တော့ဘူး၊ ချန်အိမ်တော်ကလည်း ငါတို့ကို တံခါးဝတောင် ပေးမဝင်ဘူး၊ သူတို့က အားဝေ့ကိုတောင် ပေးမတွေ့ဘူးလေ၊ ဒီမိန်းမပျက်ကို တောင်းပန်တာကလွဲပြီး ငါတို့က ဘယ်သူ့ကိုများအကူအညီတောင်းနိုင်မှာလဲ ဘယ်သူ့ကိုအကူအညီသွားတောင်းရမှာလဲ စန်းလန်”

သူ့အဖေ၏အက်ကွဲနေသော မေးသံကိုကြားသောအခါ ချန်စန်းလန်က ခေါင်းငုံ့လိုက်သည်။

ချန်ရုံထွက်သွားသည်ကို ကြည့်ရင်း ချန်ယွမ်၏အသံက ဖြည်းဖြည်းချင်းတည်ငြိမ်လာသည်။

“မိန်းမပျက်က နေ့တိုင်းလိုလိုဘုရားကျောင်းထဲမှာဘဲပုန်းနေတာ၊ ‌ဘုရားကျောင်းတစ်ခုလုံးကိုလည်း လန်ယာဝမ်အိမ်တော်က အစောင့်တွေက စောင့်ကြပ်နေတယ်၊ အကြိမ်မရေတွက်နိုင်အောင်အလည်အပတ်သွားခဲ့တာတောင်မှ သူမကိုမတွေ့နိုင်ခဲ့ဘူး၊ ဒီနေရာမှာသူမကိုတွေ့ဖို့က လွယ်တာမဟုတ်ဘူး....”

သူပြောမပြီးခင်တွင် ချန်စန်းလန်က ရှက်စိတ်ဖြင့် ဝန်ခံလာသည်။

“အဖေ အဲ့ဒါတွေက ကျွန်တော့်အမှားပါ”

ချန်ယွမ်က သူ့ခေါင်းကိုပွတ်ပေးလိုက်သည်။
“မဟုတ်ဘူး ဒီအတိုင်းသူမကိုတွေ့လိုက်ရတော့ ငါ့ရဲ့မနှစ်မြို့မှုကို မထိန်းနိုင်ဘဲ စိတ်လွတ်သွားတာ၊ မင်းကိုမင်းအပြစ်မတင်နဲ့”

“နောက်နေ့ မနက်ကျမှပြန်လာကြတာပေါ့၊ ဘယ်လိုဘဲဖြစ်ဖြစ် သူမကမိန်းကလေးဘဲလေ၊ မျက်နှာချိုသွေးတဲ့စကားတစ်ခွန်း၊နှစ်ခွန်းလောက်ပြောလိုက်ရင် အလုပ်ဖြစ်မှာပါ”

ချန်စန်းလန်က ခေါင်းညိတ်ပြလိုက်ပြီး သားအဖနှစ်ယောက်က လှည့်ပြန်သွားကြသည်။

ရထားလုံးက ဖြေးဖြေးချင်းရွေ့နေစဉ်တွင် ချန်ရုံ၏အသံထွက်လာသည်။

“ကျွန်မအမိန့်ကိုသိအောင်လုပ်လိုက်ပါ၊ ဘယ်သူဘဲဖြစ်ဖြစ် အဲ့ဒီလူနှစ်ယောက်ကိုထပ်တွေ့ရင် မောင်းထုတ်လိုက် ကျွန်မသူတို့ကိုမတွေ့ချင်ဘူး”

“ဟုတ်ကဲ့”
အစောင့်ဆယ်ယောက်က ပြန်ဖြေလိုက်သည်။

သူတို့၏အသံက ညီညာပြီးအားကြီးကာ ပြတ်သားပြီး စိတ်အားထက်သန်နေသည်။ သူမ၏အရင်ဘဝတွင် ချန်ရုံက သူမအိမ်တော်၏သခင်မလေးဖြစ်ခဲ့တာတောင်မှ အခုချိန်တွင် သူတို့အသံကိုကြားလိုက်ရသောအခါ မတတ်နိုင်ဘဲ ဩဇာရှိပြီး အဆင့်အတန်းမြင့်သလို ခံစားလိုက်မိသည်။

သူမက နောက်ကိုမှီလိုက်ပြီး သူမရင်ထဲတွင်ဖြေးဖြေးချင်းတည်ငြိမ်သွားစေရန် လမ်းတစ်ဖက်တစ်ချက်စီမှ မီးရှုးမီးပန်းများကိုသာ အသံတိတ်ကြည့်နေလိုက်သည်။

ဤအချိန်လေးတွင် ပြင်းထန်ပြီးအားကောင်းသော စည်တီးသံက အဝေးမှထွက်ပေါ်လာသည်။

ထိုအသံက မိုးကောင်းကင်မှထွက်လာသည်ဟု ထင်ရအောင်မှုန်မှိုင်းနေပေသည်။

ချန်ရုံက လှမ်းကြည့်လိုက်သည်။

တစ်ခု၊နှစ်ခု၊......ငါး၊ခြောက်ခုသော အနီရောင်အလင်းတောက်တောက်များက မည်းမှောင်နေသောကောင်းကင်ထိပ်တွင် လင်းထိန်လာသည်။

သူမက ထိုအလင်းများကို အံ့အားတကြီးကြည့်နေချိန်တွင် ရုတ်တရက်နီးပါး သူမရှေ့မှမီးအိမ်အားလုံးက ဆက်တိုက်ဆိုသလိုလင်းထိန်လာသည်။ ချက်ချင်းပင် မီးအိမ်များဖြင့်အဆောက်အဦးတစ်ခုက သူမမျက်စိရှေ့တွင် ထွက်ပေါ်လာသည်။

ကြိုးကြာနတ်သမီးက တိမ်တိုက်များကိုစီးနင်းလာသကဲ့သို့ပင် ခြေတံရှည်ကာ ခြောက်ပြစ်ကင်းသဲလဲစင်အောင် ခန့်ညားသောယောက်ျားတစ်ယောက်က ထပ်ခိုးထပ်မှနေ၍ လူထုထဲသို့ထွက်ပေါ်လာသည်။

သူက စည်တီးသူပင်ဖြစ်သည်။ စည်ကိုတီးလိုက်တိုင်း သူ၏မှီခိုချင်စရာကောင်းကာ သန်မာသောကြွက်သားများက သူ၏ဝတ်ရုံကျယ်အောက်တွင် စည်းချက်ကျစွာလှုပ်ရှားနေ၏။

ဝမ်ဟုန်၊စွင်းယန်ကဲ့သို့သော ယောက်ျားများကိုသာ မြင်ရသည်ကို နေသားကျနေပြီဖြစ်သောကြောင့် ချန်ရုံကမတတ်နိုင်ဘဲ မိန်းမောစွာစိုက်ကြည့်နေလိုက်မိသည်။ အော်ဟစ်သံနှင့် အားပေးအားမြှောက်သံများကို ကြားလိုက်ရသဖြင့် သူမကသိချင်စွာမေးလိုက်သည်။

“သူက ဘယ်သူလဲ”

အစောင့်တစ်ဦးက ထိုယောက်ျားကိုတရိုတသေကြည့်လိုက်ပြီး သူမကိုပြန်ဖြေလာသည်။

“သူက ချန်စီရင်စု၊ရှဲ့အိမ်တော်က ကြော့မော့မှုရှိပြီးကျော်ကြားတဲ့ ရှဲ့ဟယ်ထင်းပါ”

“အဲ့ဒါက သူလား”

ချန်ရုံက သူ၏အမည်ကိုကြားဖူးပေသည်။ သူမကခေါင်းညိတ်ကာ အကြည့်လွှဲလိုက်သည်။

သူမ၏ရထားလုံးက အော်ဟစ်အားပေးသံနှင့် စည်တီးသံများကြားတွင် ဖြေးဖြေးချင်းသွားနေသည်။

သူမ၏ရှေ့နှင့်နောက်တွင် ပျားပန်းခပ်လှုပ်ရှားနေသောလောကကြီးတစ်ခု တည်ရှိနေသည်။ ချန်ရုံက ကောင်းကင်ကိုမော့ကြည့်ကာ ရေရွတ်လိုက်သည်။
“လူအများအပြားက ကျန့်ခန်းကိုတောင့်တနေကြတာ မအံ့ဩတော့ပါဘူး”

သူမဘယ်ဘက်ရှိ ကလေးမျက်နှာနှင့် အစောင့်က ပြုံးဖြဲဖြဲလုပ်ကာ ပြန်ဖြေလာသည်။

“ဟုတ်တယ်၊ ကျန့်ခန်းကို လောကရဲ့နှစ်လိုဖွယ် ဆယ်ခုထဲက ရှစ်ခုမြောက်အဖြစ်ရေတွက်ထားကြတာ”

“သခင်မလေး”

သူက ချန်ရုံကိုပြုံးပြီး ပြောလာသည်။
“သခင်မလေးရဲ့ အဆင့်အတန်းက အရင်နဲ့မတူတော့ပါဘူး၊ ကံကောင်းရင် သခင်မလေးက ပိုနာမည်ကြီးပြီး ပိုလှပတဲ့လူတွေကို တွေ့လာနိုင်လိမ့်မယ်”

သူရဲ့ ဒီစကားတွေက.....? ချန်ရုံက သူ့ကိုပြုံးကာ မျက်စောင်းထိုးလိုက်သော်ငြား ဘာမှပြန်မပြောလိုက်ပေ။

သူမက အလျင်မလိုနေသောကြောင့် သူတို့ကအချိန်ယူကာ ဖြေးဖြေးချင်းသွားနေကြသည်။ ရှိူဖုန်းစမ်းချောင်းသို့ သူတို့ရောက်လာသောအချိန်တွင် လက မိုးမခပင်ထိပ်ထိ ရောက်နေပြီဖြစ်သည်။

“သခင်မလေး ကျွန်တော်တို့ရောက်ပါပြီ”
သူတို့က ချန်ရုံကို ဘယ်လိုခေါ်ရမလဲ မသိသောကြောင့် အဖိုးစွင်းနှင့် အထိန်းတော်ဖျင်တို့ ခေါ်သလိုပင် သခင်မလေးဟုခေါ်လိုက်ကြသည်။

ရောက်ပြီလား။

“ကျွန်မအောက်ဆင်းပြီး တစ်ချက်လောက်ပတ်လျှောက်လိုက်ဦးမယ်”

“ဟုတ်ကဲ့ပါ”

ချန်ရုံက ရထားလုံးပေါ်မှခုန်ဆင်းပြီး ဖြေးဖြေးချင်း ရှေ့ကို‌လျှောက်သွားလိုက်သည်။

သူမက သစ်ပင်အတန်းလိုက်ကိုကျော်လာသောအခါ ရပ်လိုက်သည်။

စမ်းချောင်းထဲရှိ ပွဲကြည့်စင်ငါးခုလုံးသည် လစ်လပ်နေ၏။

သို့သော်ငြား ပဲစေ့အရွယ်ရှိသော အလင်းရောင်သည် ‌ကန်၏ညာဘက်မှတောက်ပနေသည်။

ထို့နည်းတူစွာ ဖျော့တော့သောအရိပ်တစ်ခုက အလင်းရောင်မှိန်မှိန်အောက်တွင် ရပ်နေသည်။

လေက သူ၏ဝတ်ရုံစကိုလွင့်သွားစေကာ မြင့်တစ်စေနိမ့်တစ်လှည့်ပျံသန်းနေသော ပိုးစုန်းကြူးများက သူ့နားတွင် တဝဲလည်လည်ရှိနေကြသည်။

လရောင်က ကောင်းကင်ပေါ်မှာဖြာကျနေပြီး သူ၏ဝတ်ရုံက ရေပြင်ပေါ်တွင်အိပ်မက်ဆန်ဆန်ရောင်ပြန်ဟပ်နေသည်။

သူလာခဲ့သည်။ သူရောက်လာသည်မှာ အချိန်အတော်ကြာသွားခဲ့ပြီဖြစ်သည်။....

“ဘာမှမဖြစ်ဘူး၊ ကျွန်မကိုထားခဲ့လိုက်ပါ”
ချန်ရုံက ရပ်ကာ သူမ၏အစောင့်များကိုပြောလိုက်သည်။

“ဟုတ်ကဲ့”