(37)
Viewers 5k

Chapter (37)

ပြင်ဆင်တုန်း လာပြီ



ရှင့်ချင်နန်းတော်၏ အနောက်ဘက် ခန်းမတွင် ဟုန်ကျွင့်နှင့် လီကျင်လုံတို့သည် ခန္ဓာကိုယ်တစ်ခုလုံး ပြင်း​ပြင်းထန်ထန် နာကျင်​နေမှုကို ခံစားခဲ့ရပြီး ၎င်းတို့၏ အတွင်းအင်္ဂါများ ညှစ်ထုတ်လုနီးပါး ဖြစ်နေသည်။ ဓားကို လွှဲရန် သူ့လက်ကို မြှောက်ထားသော်လည်း မလုပ်နိုင်ချေ။ 


"ခေါင်းဆောင်..."


"ခဏနေဦး..." လီကျင်လုံက ခက်ခက်ခဲခဲ ပြောပြီး။ 


"ကြည့်... ဒီသွေးပင်လယ်ထဲက..တစ်ခုခု.... အသက်ရှင်နေတယ်..."


"ကျွန်တော် အော့အန်မိတော့မယ်"


လီကျင်လုံသည် သွေးပင်လယ်ပြင်ပေါ်တွင် ထွန်းလင်းရန် သူ၏နှလုံးမီးအိမ်ကို ရွှေ့လိုက်သောအခါ နှလုံးမီးအိမ်ဖြင့် လင်းထိန်နေသော ဧရိယာရှိ သွေး၏အရောင်သည် ပိုမိုတောက်ပလာကာ ကျန်ရှိသော နေရာများ၏ အရောင်သည် ပို၍နက်မှောင်လာသည်။


ဒါက အလင်းရဲ့နောက်ဆက်တွဲလား ဒါမှမဟုတ် ဒီသွေးအိုင်က နှလုံးမီးအိမ်ကို တကယ်ကြောက်သလားဆိုတာ သူ မပြောနိုင်သေးပါဘူး။


"မင်းရဲ့ ခွန်အားကို စုဆောင်းပြီး နတ်အလင်းငါးရောင်ကို ဖြန့်ချလိုက်..." 


လီကျင်လုံ ပြတ်တောင်းပြတ်တောင်းဖြင့် ပြောလိုက်သည်။ ဟုန်ကျွင့်သည် သူ့အဆုတ်အတွင်း နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်သည်။ လီကျင်လုံ၏ မျက်နှာသည် သူ့ရှေ့၌ တဖြည်းဖြည်း တောက်ပသွားပြီး သူ့မျက်လုံးများက မှုန်ဝါးလာသည်။ 


လီကျင်လုံ: "အဆင်သင့်ဖြစ်ပြီလား...?"


ဟုန်ကျွင့်သာ် အလွန်သေးငယ်သော နေရာတစ်ခုတွင် တင်းတင်းကျပ်ကျပ် ဖိညှစ်ခံထားရသည်။ လီကျင်လုံလည်း အစွမ်းကုန် ကြိုးစားကာ အသက်ပြင်းပြင်း ရှူလိုက်တော့ သူ့ရင်ဘတ်ထဲက အလင်း​ရောင်များ တောက်ပလာသည်။


နှလုံးမီးအိမ်၏ အလင်းရောင်သည် မည်သည့်နေရာ၌မဆို တောက်ပနိုင်သည်။ ၎င်းကြောင့် သွေးပင်လယ် အတွင်းရှိ အရောင်များက ထူးထူးခြားခြား တောက်ပနေပုံရပြီး အမှောင်ထုထဲ လင်းထိန်သွားသည်နှင့် တပြိုင်နက် အရိပ်မည်းက လျင်မြန်စွာ ဆုတ်ခွာသွားခဲ့သည်။ လီကျင်လုံလက်မှ အဖြူရောင် အလင်းတန်းများ ထွက်လာပြီး သွေးပင်လယ်ထဲသို့ ဦးတည်သွားစေသည်။ အလင်းရောင် တိုးလာသည်နှင့်အမျှ အမှောင် ဧရိယာသည် အလင်းရောင် ပုံသဏ္ဌာန်ကို ရှောင်ရှားကာ အနောက်တစ်နေရာတွင် စုစည်းနေသည်။


"အခုပဲ!" လီကျင်လုံ အော်လိုက်သည်။


ဟုန်ကျွင့်သည် သူ၏နောက်ဆုံး စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး နတ်အလင်းရောင်ကို ရုတ်တရက် ဖွင့်ချလိုက်သည်။


ယခုအချိန်တွင် သွေးပင်လယ်သည် အလင်းရောင်ဖြင့် တောက်ပနေပါပြီ။ နတ်အလင်းငါးရောင်နဲ့ နှလုံးမီးအိမ်ကြောင့် အမှောင်ရိပ်သည် ကမောက်ကမဖြစ်ကာ သွေးအိုင်ထဲတွင် နေရာရှာရန် အတင်း တွန်းထုတ်နေသည့် အရာနှင့်တူသည်။ သို့သော် ဟုန်ကျွင့်၏ မှော်စွမ်းအားသည် မလုံလောက်တော့ဘဲ ခြေလှမ်း အနည်းငယ်အထိသာ ဆန့်ထုတ်နိုင်သည်။ ထိုအခိုက် တန်ပြန်တိုက်ခိုက်ခြင်းကဲ့သို့ သူ့ဆီသို့ သွေးပင်လယ်ကြီးက ဟောက်သွားသလို ခံစားလိုက်ရသည်။


နတ်အလင်းရောင် အဆုံးသတ် ရောက်သောအခါတွင် လီကျင်လုံ ကျောနောက်မှ ပညာရှိဓားကို ဆွဲထုတ်ကာ ဟုန်ကျွင့်ကို ဆန့်ကျင်ဘက်သို့ တွန်းထုတ်ကာ နတ်အလက်းငါးရောင်၏ ကာကွယ်မှုဖြင့် ပြေးထွက်လာခဲ့သည်။ သူသည် ပညာရှိဓားကို ကိုင်လိုက်ပြီး အမှောင်ရိပ်ကို တိုက်ခိုက်လိုက်သည်။


ပညာရှိဓားမှ ပြင်းထန်သော အလင်းတန်းများ ထွက်ပေါ်လာပြီး သွေးပင်လယ်ထဲတွင် အနက်ရောင် မီးခိုးများ ပေါက်ကွဲလာသည်။ လီကျင်လုံလည့း မှောင်မိုက်သော နေရာကို ဓားထိုးလိုက်ရာ သွေးပင်လယ်ကြီး တစ်ခုလုံး ပွက်ပွက်ဆူလာပြီး "အလုံးအရင်း"ဖြင့် ပြိုကျသွားသည်။


ဟုန်ကျွင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ သွေးများကြား အကြိမ်ပေါင်းများစွာ ရုန်းကန်ပြီးနောက် လီကျင်လုံသည် ပညာရှိဓားကို လက်နှစ်ဘက်လုံးတွင် ကိုင်ဆောင်ကာ အနက်ရောင်မီးခိုးများ ပြည့်နေသည့်ကြား တိုက်ခိုက်နေသည်အား နောက်ဆုံးတွင် သူမြင်လိုက်ရသည်။ 


အနက်ရောင် မီးခိုးများမှ ထွက်လာသော နာကျင်စွာ ငိုကြွေးသံသည် ပိတ်မိနေသော ဝိညာဉ်ကို လွတ်မြောက်သွားပုံရပြီး သွေးပင်လယ်သည် ၎င်း၏ ပုံသဏ္ဌာန် ပျောက်ဆုံးကာ ပင်လယ်ရေလှိုင်းကဲ့သို့ အရပ်ရပ်သို့ လှိုင်းထသွားသည်။


ဟုန်ကျွင့် လေကိုရှူရှိုက်ရင်း ခြေထောက်များ တဆတ်ဆတ်တုန်ကာ လဲကျခါနီးတွင် လီကျင်လုံက သူ့လက်ကို လှမ်းဆွဲကာ ကူချီလိုက်သည်။


"သွားရအောင်!"


ကောင်းကင်တွင်တော့ တိမ်များအုံ့မှိုင်းကာ မိုးစဲသွားပါပြီ။


ယန်ယွိဟွမ်သည် နက္ခတ်တာရာကြည့်စင်၏ အလယ်ဗဟိုတွင် လဲလျောင်းနေပြီး အမြီးခုနစ်ချောင်း ရှိသော မြေခွေးသည် သတိလစ်သွားသော သူမဘေး၌ ရှိနေသည်။ မြေခွေးမိစ္ဆာ၏ ပါးစပ်မှ ထွက်လာသော အဖြူရောင်အလင်းတန်းများက ယန်ယွိဟွမ်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။


ဟုန်ကျွင့်သည် မော့ဓားရှည်ကို ကိုင်ထားပြီး နက္ခတ်တာရာကြည့်စင်၏ စင်မြင့်ဆီသို့ အဆင့်ဆင့် လျှောက်လာခဲ့သည်။ အမြီးခုနစ်ချောင်းရှိသော မြေခွေးတစ်ကောင်၏ အမြီးကို သူ ဖြတ်လိုက်ပြီးနောက် ဒဏ်ရာက မသက်သာသေးဘဲ ကျန်နေသော သွေးများ ယိုစီးကျလာသည်။ ၎င်းနှင့် ယန်ယွိဟွမ်ကြားတွင် ထူးဆန်းသော ဆက်နွယ်မှုတစ်ခု ရှိနေပုံရသည်။  


သူ နီးကပ်လာသည်နှင့်အမျှ အဖြူရောင်အလင်းတန်းများသည် ယန်ယွိဟွမ်၏ ခန္ဓာကိုယ်မှ အမြီးခုနစ်ချောင်း ရှိသော မြေခွေးမိစ္ဆာ၏ ပါးစပ်ဆီသို့ အဆက်မပြတ် စီးဆင်းနေသည်ကို တွေ့ရှိရသည်။ ၎င်းအလင်းများက မြေခွေးမိစ္ဆာ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ အလင်းတန်းတစ်ခုအဖြစ် ကောင်းကင်သို့ တည့်တည့် ပစ်လွှတ်လိုက်သည်။


"မြေခွေးမိစ္ဆာ.... သူမကို လွှတ်လိုက်!!"


ဟုန်ကျွင့် မော့ဓားရှည်ကို ဇောက်ထိုး အနေအထား ကိုင်လျက် အသံနက်ကြီးဖြင့် ပြောလိုက်သည်။


အဲဒီအချိန်မှာပဲ မြေခွေးမိစ္ဆာက ဟုန်ကျွင့်ရဲ့ ချဉ်းကပ်မှုကို သတိပြုမိတာကြောင့် ရုတ်တရက် လှည့်၍ ဟောက်လိုက်ပြီး ဟုန်ကျွင့်ဆီကို ပြေးသွားလိုက်သည်။ ဟုန်ကျွင့်လည်း ချက်ချင်းဆိုသလိုပဲ နတ်အလင်းငါးရောင်ကို ဖွင့်ချလိုက်သည်။ 


တစ်ချိန်တည်းမှာပင် လီကျင်လုံသည် နက္ခတ်တာရာ​ကြည့် စင်ပေါ်သို့ တက်ကာ ကျောက်လက်ရန်း နောက်တွင် ပုန်းအောင်းနေခဲ့သည်။ ပညာရှိဓားကိုကိုင်ကာ မြေခွေးမိစ္ဆာ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်​နေသည်။


"မင်းက ငါ့ကလေးကို တကယ် အနိုင်ယူခဲ့တာလား" 


မြေခွေးမိစ္ဆာက တုန်လှုပ်စွာနဲ့ ပြောလိုက်သည်။


"အဲ့ဒါ မင်းရဲ့သွေးပင်လယ်ပဲလား" ဟုန်ကျွင့်က ဖြည်းညှင်းစွာ ပြော၏။ 


"ငါ သူ့ကို ဖျက်စီးလိုက်ပြီ"


မြေခွေးမိစ္ဆာရဲ့ ဆံပင်တွေက လေထဲတွင် လွင့်လူးနေပြီး သူက တုန်တုန်ယင်ယင်အသံနဲ့ ပြောလေသည်။ 


"ခုန်ရွှမ်းရဲ့သား.... ဒီသားရဲသုံးကောင်အတွက် ဒီကိုလာခဲ့ရတာ ဖြစ်မယ် !"


ဟုန်ကျွင့်လည်း ဒေါသတကြီး ဟောက်ပြီး "မင်းဘယ်သူလဲ!"


ဖြေရမယ့်အစား မြေခွေးမိစ္ဆာက လှောင်ပြောင်ပြီး မြေကြီးပေါ်မှာ လဲလျောင်းနေတဲ့ ကြင်ယာတော်ယန်ကို လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ငါးကြင်းနတ်ဆိုးသည် တိတ်တဆိတ်ဖြင့် ပါးစပ်ကို ဖွင့်ကာ တစ်ဖက်ကမ်းမှ တက်လာသည်။


လီကျင်လုံသည် ငါးကြင်းနတ်ဆိုးကို ရှေ့ဆက်မတိုးရန် အလျင်အမြန် လက်ဟန်ပြလိုက်သည်။ ငါးကြင်းနတ်ဆိုးက စိတ်ရှုပ်ထွေးကာ ကြောင်သွားသော်လည်း ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။


မြေခွေးမိစ္ဆာ: "ပါ့ရှာ့၊ စွမ်းနင်၊ ယာကျစ်... ရွှယ်လော အပါအဝင် မင်း ငါဝူချီယွီရဲ့ ကလေးဘယ်နှစ်ယောက် သတ်လိုက်တာလဲ မသိဘူး..." 


သူမအသံက ခံစားချက် အရိပ်အမြွက်တွေ ပါနေသည်။ 


"ခုန်ရွှမ်းက ငါ့ညီမကို ရက်ရက်စက်စက် သတ်လိုက်တာ.... ငါတို့နှစ်ယောက်လုံးက မိစ္ဆာတွေချင်း တူနေတာတောင် ဘာလို့ တစ်ယောက်ကို တစ်ယောက် သတ်နေကြတာလဲ!"


"အဲ့ဒီမိစ္ဆာသုံးကောင်က မင်းရဲ့သားသမီးတွေလား" ဟုန်ကျွင့် မယုံနိုင်လောက်အောင်ပါပဲ။


"အတိအကျ ပြောရမယ်ဆိုရင် သူတို့က ထန်မင်းဆက်ရဲ့ နဂါးသားတော်တွေပဲ" မြေခွေးမိစ္ဆာ၏ အသံက ရုတ်တရက် ပျော့ပျောင်းလာပြီး အန္တရာယ် အငွေ့အသက်ကလည်း ပိုများလာသည်။ 


"မင်း ဧကရာဇ်ရဲ့ ကြင်ယာတော်မှာ အမွေဆက်ခံသူ ဘာလို့မရှိတာလဲ သိလား"


ဟုန်ကျွင့် : "..."


"သူမက ကလေးသုံးယောက်ရဖို့ ရည်မှန်းထားပေမယ့် မင်းအဖေလို လူသားမျိုးနွယ်အတွက် အမျိုးအနွယ်ကို မွေးဖို့ သူ့ခန္ဓာကိုယ်က ဘယ်တော့မှ သင့်တော်မှာ မဟုတ်ဘူး.... မင်းအမေ လူသားတစ်ယောက်မို့ မင်းလို လူယုတ်မာတစ်ယောက် မွေးခဲ့တာပဲ..."


လီကျင်လုံ၏ သူအိမ်ငယ်များ ရုတ်တရက် ကျုံ့သွားသည်။ ဟုန်ကျွင့် သည်းမခံနိုင်တော့ဘဲ ဟစ်အော်လိုက်၏။ 


“မင်း ငါ့အဖေကို သတ်လိုက်တာလား”


ဝူချီယွီက ခေါင်းငုံ့ကာ တစ်ဖန် ဟုန်ကျွင့်ကို စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများတွင် အနက်ရောင် မီးလုံးတစ်ခု လောင်ကျွမ်းသွားသကဲ့သို့ ဖျတ်ကနဲ လတ်သွားကာ သူမက တိုးတိုးလေး ပြောသည်။ 


"မြင်တယ်... မြင်တယ်... ငါမြင်သွာပြီ... မင်းပဲ..."


မြေခွေးမိစ္ဆာကို ကြည့်လိုက်တော့ ဟုန်ကျွင့်ဟာလည်း မိုးကြိုးပစ်ခံရပုံရပြီး ရုတ်တရက် သူ့မှတ်ဉာဏ်​တွေထဲကို ပြန်ရောက်သွားသလို ခံစားလိုက်ရတော့သည်။ 


"တိရန်ကျယ် ဒါက....ငါ့ရဲ့ တစ်ဦးတည်းသောသားပဲ..."


နတ်ဆိုးနှင်ဌာန၏ စွန့်ပစ်ထားသော အုတ်နှင့်အုတ်ကြွပ်အိမ်၏ ပင်မခန်းမဆောင်တွင် အမျိုးသားတစ်ဦးကို အမျိုးသမီးငယ် တစ်ဦးက ထောက်ကူထားပြီး ကလေးတစ်ဦးကလည်း အခန်းထဲ၌ တုန်လှုပ်​နေခဲ့သည်။


ဟုန်ကျွင့် အငယ်လေးသည် သူ့ရှေ့ရှိ မြင်ကွင်းထဲက ရွှေရောင် အလင်းတန်းတစ်ခုကို စိုက်ကြည့်နေသည်။ ထိုလူက ပညာရှိ ဓားတစ်ချောင်းကို ကိုင်ဆောင်ထားကာ ဖခင်ဖြစ်သူမှာ ရွှေသံချပ်ကာကို ဝတ်ဆင်ထားသည်။ ဆိုင်းငံ့ထားသော လူရှေ့တွင် သူ့​အမေက ဒူးထောက်လိုက်သည်။


အလင်းနှင့် အရိပ်ရှိသူသည် ပညာရှိဓားကို မြှောက်လိုက်သည်။ 


"ဟုန်ကျွင့်--!" 


လီကျင်လုံ၏ ဟောက်သံကြောင့် ဟုန်ကျွင့်လည်း လက်တွေ့ဘဝသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ပညာရှိဓားကို တွေ့လိုက်ရချိန် ဟုန်ကျွင့် ထိတ်လန့်သွားကာ ကြောက်စိတ်ဖြင့် နောက်ပြန်ဆုတ်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။


လီကျင်လုံသည် လက်နှစ်ဘက်၌ ပညာရှိဓားကို ကိုင်ကာ ဟုန်ကျွင့်ရှေ့မှာ ပိတ်ရပ်လိုက်ကာ မြေခွေးမိစ္ဆာကို မျက်နှာမူရင်း ဒေါသတကြီးနဲ့ ပြောလိုက်သည်။ 


"ဝူချီယွီ.... မိစ္ဆာဘုရင် ဘယ်မှာလဲ?! ဒီနေ့က မင်းရဲ့နောက်ဆုံးရက်ကို ရောက်လာပြီ မင်း ချန်အန်းမြို့က မလွတ်နိုင်တော့ဘူး!"


"မိစ္ဆာဘုရင်?" မြေခွေးမိစ္ဆာက ရုတ်တရက် ရယ်ချလိုက်ပြီး။  


"မင်းက ဒီအသုံးမဝင်တဲ့ နဂါးနက်အကြောင်း ပြောနေတာလား?! သူထွက်သွားတာ ကြာပြီ.... သူ့အစွမ်းနဲ့ သူ ဒေါသကို မျိုချနည်းကို သူဘာသာသူပဲ သိတယ်... အခု ငါက မိစ္ဆာဘုရင်ပဲ-- "


မြေခွေးမိစ္ဆာ၏ ဝမ်းနည်းရယ်မောသံက နန်းတော်ကိုပင် တုန်လှုပ်သွားစေသည်။


"မင်းရဲ့ ထန်မင်းဆက်က အဆုံးသတ်ခါနီးပြီ... ခဏစောင့်လိုက်ပါ! လီကျင်လုံ! မင်း... မင်း... အထူးသဖြင့် မင်း..."


မြေခွေးမိစ္ဆာက လီကျင်လုံကို ဖြတ်ပြီး ဟုန်ကျွင့်ကို လှမ်းကြည့်လိုက်သည်။ 


"ခုန်ရွှမ်းက ငါ့ရဲ့ ယွိကျောက်ယွင်ကို သတ်ပစ်လိုက်တယ်...အစက ငါ့နှလုံးသားထဲက မုန်းတီးမှုတွေကို ဖြေဖျောက်ဖို့ သူ့သားရဲ့အသက်ကို သတ်ပစ်ချင်ပေမယ့် အဲဒါကို မမျှော်လင့်ထားဘူး.... မင်းအသက်ရှင်ဖို့ပဲ ငါမျှော်လင့်တယ် ဘာဖြစ်လို့လဲဆိုတော့ အခုကစပြီး အရာအားလုံးကို လောင်ကျွမ်းနေတဲ့ နတ်ဆိုးမီးနဲ့ မင်းရဲ့ဘဝက သေခြင်းထက် ပိုဆိုးလာလိမ့်မယ်... "


"ငါ့မိဘတွေကို ဘယ်သူသတ်လိုက်တာလဲ"  


မြေခွေးမိစ္ဆာ၏ အကြည့်အောက်တွင် ဟုန်ကျွင့်စိတ်ထဲက ဒေါသများကို ထိန်းထားနိုင်မည် မဟုတ်ပေ။


သို့သော်လည်း လီကျင်လုံသည သူ့လက်ကို မြှောက်လိုက်ပြီး သူ့လက်ထဲက အဖြူရောင် အလင်းတန်းများ ပွင့်လာကာ မြေခွေးမိစ္ဆာ၏ အကြည့်များကို ပိတ်ဆို့လိုက်တာကြောင့် ဟုန်ကျွင့် တခဏချင်း ငြိမ်သက်သွားသည်။


"ငါ...ငါ..." ဟုန်ကျွင့် တုန်တုန်ယင်ယင် ပြောချင်သော စကားများက ထစ်အနေခဲ့သည်။ 


"မင်းရဲ့သားစဉ် မြေးဆက်တွေကို သတ်လိုက်တာ ငါ့ပဲ" လီကျင်လုံက လေးနက်သော လေသံဖြင့် ခပ်မာမာပြောသည်။ 


"ဟုန်ကျွင့်ပဲဖြစ်ဖြစ် ငါ့လုပ်ဖော်ကိုင်ဖက်တွေပဲဖြစ်ဖြစ် အားလုံးနဲ့ မသက်ဆိုင်ဘူး... မင်းရဲ့ မိစ္ဆာမီးကို ငါပဲ လက်ခံမယ်...မြေခွေးမိစ္ဆာမ... မင်း မကောင်းမှုတွေ အများကြီး လုပ်ခဲ့ပြီးပြီ... ဒီနေ့က မင်းရဲ့ သေနေ့ပဲ!"


စကားပြောပြီးနောက် လီကျင်လုံသည် ပညာရှိဓားကို ယမ်းကာ ကြောက်လန့်ခြင်းမရှိပဲ မြေခွေးမိစ္ဆာဆီသို့ ပြေးဝင်သွားခဲ့သည်။ 


အမြီးခုနစ်ချောင်း ရှိသော ကောင်းကင်မြေခွေးသည် ပြင်းထန်စွာ ဟောက်ပြီး ၎င်း၏ချွန်ထက်သော ခြေသည်းများက လီကျင်လုံဆီသို့ အပြေးအလွှား ရောက်ရှိလာသည်။ ဟုန်ကျွင့်လည်း သူ၏အသိအာရုံများ ပြန်လည် ရောက်ရှိကာ သူငါးရောင်စုံအလင်းဖြင့် ချွန်ထက်သော ခြေသည်းများကို ဝင်တားလိုက်သည်။ တစ်ဖက်ကနေ စင်မြင့်ပေါ်ကို တက်လာသူကတော့ ငါးကြင်းနတ်ဆိုးဖြစ်သည်။ သူက အခွင့်အရေးကို ယူကာ ပြေးလာရင်း အော်လိုက်သည်။ 


"တွေ့ပြီ!" 


ငါးကြင်းနတ်ဆိုးသည် လီကျင်လုံနဲ့ ဟုန်ကျွင့်တို့ တိုက်ခိုက်နေတာကို အခွင့်ကောင်းယူကာ ယန်ယွိဟွမ်၏ လည်ပင်းအနားကို ကပ်လျက် ဝိညာဉ်ထွက်ပန်း ဝတ်မှုန်တစ်ဆုပ်ကို ဆုပ်ကိုင်ကာ သူမနှာခေါင်းထဲသို့ ထည့်သွင်း​ပေးလိုက်သည်။ ဝိညာဥ်ထွက်ပန်း ဝတ်မှုန်ရဲ့ လွှမ်းမိုးမှုကြောင့် သူမ နှာချေပြီးနောက် ရုတ်တရက် တုန်လှုပ်သွားပါတော့သည်။


သူမ မျက်လုံးတွေက မျက်ရည်တွေနဲ့အတူ မျက်လုံးတွေ ပွင့်လာသော်လည်း သူမ မြင်လိုက်ရတဲ့ ကယ်တင်ရှင်ကတော့ ငါးကြင်းရဲ့ ဖွင့်လိုက်ပိတ်လိုက် လုပ်နေသော ပါးစပ်လေးပင်။ 


"မိန်းမလှလေး...." 


ငါးကြင်းနတ်ဆိုးသည် လူသားမျိုးနွယ် မဟုတ်သော်လည်း ယန်ယွိဟွမ်၏ အသားအရေနှင့် လှပသောမျက်နှာကို မည်သို့တန်ဖိုးထားရမည်ကို သိရှိသည်။ ယန်ယွိဟွမ်လည်း ငါးကြင်းနတ်ဆိုးကို ခဏလောက် ကြည့်ကာ သူမမျက်လုံးများထဲတွင် အနည်းငယ် ရှုပ်ထွေးနေသည်။


“အလှလေး မင်း အဆင်ပြေရဲ့လား” ငါးကြင်းနတ်ဆိုးက စိုးရိမ်စိတ်နဲ့ မေး၏။


ယန်ယွိဟွမ်: "အား...- ဒီငါးကြင်းက ဘယ်လိုလုပ် စကားပြောတတ်တာလဲ မိစ္ဆာ မိစ္ဆာ!"


ယန်ယွီဟွမ်သည် အလွန်ထိတ်လန့်သွားသဖြင့် အမြန်ထရန် ရုန်းကန်ခဲ့ရသည်။ ငါးကြင်းနတ်ဆိုးက သူမခေါင်းပေါ်သို့ ရေအေးလောင်းချလိုက်တော့ "ကောင်းပြီ၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ငါက နတ်ဆိုးတစ်ကောင်ပဲ" ဟုသာ ပြောနိုင်​တော့သည်။


"သူမကို ခေါ်သွား!" လီကျင်လုံဘေးမှ ဟောက်လိုက်သည်။


"ငါနဲ့လိုက်ခဲ့!!"


ဝူချီယွီသည် ဟုန်ကျွင့်နှင့် လီကျင်လုံတို့အား တိုက်ခိုက်ဆဲဖြစ်ပြီး အော်သံကြားသောအခါ လှည့်ကြည့်လာသည်။ 


"ယွိအာ!"


မကြာခင်မှာပဲ ဟုန်ကျွင့်က ဘယ်လက်နဲ့ ရှေ့ကို ဖိပြီး မော့ဓားရှည်ကို ညာလက်နဲ့ ပွတ်ဆွဲလိုက်သည်။ မြေခွေးမိစ္ဆာခန္ဓာကိုယ်ရဲ့ ရှေ့ကနေ ဦးခေါင်းထိပ်အထိ အလင်းတန်းကို လွှင့်ပစ်လိုက်သည်။ ဝူချီယွီခမျာ မရှောင်နိုင်တော့ဘဲ သူမရဲ့အမြီးက ချက်ချင်းဆိုသလို သွေးတွေစီးကျလာပြီး ဟုန်ကျွင့်ဆီကို ပြေးဝင်သွားလိုက်သည်။ 


ဟုန်ကျွင့်လည်း ဝူချီယွီနဲ့ ဝင်တိုက်မိပြီး နက္ခတ်တာရာ စင်မြင့်မှ ချက်ချင်း ပြုတ်ကျသွားသည်။ လီကျင်လုံ ပညာရှိဓားကို ပစ်ချကာ ဟုန်ကျွင့်လက်ကို လှမ်းဆွဲထားလိုက်သည်။ လက်ရန်းတွင် ချိတ်ဆွဲထားသော ၎င်းတို့နှစ်ဦးဆီသို့ မြေခွေးမိစ္ဆာက သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး မီးတောက်များကို ပစ်လွှတ်လိုက်သည်။ မီးတောက်ကြောင့် အစွန်းရှိ တိုင်များပြိုကျကာ ဟုန်ကျွင့် အော်ဟစ်ပြီး လီကျင်လုံနှင့်အတူ ပြုတ်ကျသွားသည်။


တခဏချင်းမှာပဲ နူးညံ့တဲ့ တစ်စုံတစ်ခုက သူတို့နှစ်ယောက်ကို မြှောက်လိုက်ပြီး အမိဖမ်းထားလိုက်သည်။ တစ်ဆက်တည်း မော့ရစ်ကန်းရဲ့ အသံကို ကြားလိုက်ရ၏။ 


"ငါတို့ ရောက်ပြီ!"


အားထိုက်နဲ့ ချိုးယုံစစ်တို့လည်း တစ်ချိန်တည်းတွင် ပေါ်လာသည်။ ဝံပုလွေကြီးသည် လီကျင်လုံနဲ့ ဟုန်ကျွင့်ကို နက္ခတ်တာရာကြည့်စင်သို့ သယ်ဆောင်ရန် ခုန်ပျံကျော်လွှားသွားသည်။ စင်မြင့်ထက်သို့ ပြန်ရောက်သွားတဲ့အခါ မော့ရစ်ကန်းက အဖြစ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ 


"မြေခွေးမိစ္ဆာမ?! နဂါးနက်က ဘယ်မှာလဲ" ချိုးယုံစစ်က သူ့စုတ်တံကို ဝှေ့ယမ်းပြီး။ 


"အကူအညီမပါရင် မြန်မြန် အဖမ်းခံလိုက်တော့.... နဂါးမျှော်စင် အောက်ကပဲ သူ့ရဲ့ နောက်ဆုံးနေရာ!"


"မြေခွေးမိစ္ဆာ" မော့ရစ်ကန်းကလည်း မြှားတစ်စင်းကို ကိုင်ပြီး လေးရှည်တစ်စင်းကို အသင့်ဆွဲလျက် နက္ခတ်တာရာရဲ့ အနောက်မြောက်ထောင့်မှာ ရပ်နေသည်။ 


"သမင်ဖြူကို ဘယ်မှာ ဖမ်းထားတာလဲ" 


လီကျင်လုံ: "!!!"


"အားလုံး အဆင်သင့်ဖြစ်နေပြီ" ဝူချီယွီက လှောင်ပြောင်သည်။


"ခုန်ရွှမ်းရဲ့သေခြင်း ၊ နဂါးမျှော်စင်ခန်းမက လွတ်မြောက်လာတဲ့ နဂါး၊ အိပ်မက်ကို စောင့်ကြပ်နေတဲ့ သမင်ဖြူ... ဒါပေမဲ့ မင်းတို့ငါ့ကိုပဲ သတ်လိုက်စမ်းပါ"


"အရှင်မင်းကြီး!"


"အရှင်မင်းကြီး--!"


လီလုန်ကျီးသည် ဧကရာဇ်၏ဓားကို လက်ထဲတွင် ကိုင်ထားပြီး နက္ခတ်တာရာ စင်ပေါ်သို့ တက်သွားသည်။ အဆိုပါ နက္ခတ်တာရာ စင်မြင့်တွင် တပ်ခြောက်တပ်က အတွင်းအပြင် အထပ်သုံးထပ်ဖြင့် ဝန်းရံထားသည်။ အစောင့်အကြပ် အများအပြားက ဒူးထောက်ကာ မြှားများနှင့် အလယ်ဗဟိုရှိ မြေခွေးကို ချိန်ထားကြသည်။ 


"အရှင်မင်းကြီး!"


ယန်ယွိဟွမ်က ဝမ်းနည်းစွာ အော်လိုက်ပြီး ငါးကြင်းနတ်ဆိုးနဲ့အတူ စင်မြင့်ထက်မှ ခုန်ချသွားကာ လီလုန်ကျီးထံ ပြေးသွားလေသည်။ 


"ယွိအာ..." ဝူချီယွီ ရုတ်​တရက်​ ငိုချလိုက်​ပြီး။ 


"ယွိအာ...သိလား? အစ်မသာ နေထွက်​လာတဲ့အထိ နည်းနည်း​လောက်​ ကြာကြာ​စောင့်​​နေသ၍ မင်း..."


ယန်ယွိဟွမ်မှာ အလွန် စိတ်ရှုပ်ထွေးနေကာ လီလုန်ကျီးကို မော့ကြည့်ရင်း ဝူချီယွီကိုလည်း တုန်တုန်ယင်ယင်ဖြင့် လှမ်းကြည့်လိုက်သည်။ 


"အစ်မကြီး!"


ဝူချီယွီ၏ ကြီးမားသော မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။ နတ်ဆိုးနှင်သူ အားလုံးလည်း မြေခွေးမိစ္ဆာကို ကြည့်ပြီး တစ်ခုခုမှားနေပြီဟု အမြဲလိုလို ခံစားမိသော်လည်း တိတိကျကျ မပြောတတ်ချေ။ 


“မြေခွေးမိစ္ဆာ... မင်း ကြင်ယာတော်ကို ဘာလုပ်လိုက်တာလဲ” 


သို့သော်လည်း လီလုန်ကျီးသည် ယန်ယွိဟွမ်အား မလှုပ်ရှားရန် အချက်ပြလိုက်ပြီး ဝူချီယွီနှင့် ဆယ်လှမ်းလှမ်း ဝေးသော နေရာသို့ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားကာ မေးလိုက်သည်။ 


"မြေခွေးမိစ္ဆာ... မင်းဘယ်ကလာတာလဲ မင်းထန်မင်းဆက်က ငါ့နိုင်ငံကို နှောင့်ယှက်နေတာ ဘာကြောင့်လဲ!!"


ဝူချီယွီ: "နင်တို့ရဲ့ သခင်မကော်က ဆုံးသွားတာကြာပြီ လီလုန်ကျီး!"


"အတင့်ရဲလိုက်တာ!" 


ဝူချီယွီသည် ဧကရာဇ်မင်း၏အမည်ကို သတ္တိရှိရှိ အသံထွက်ကြောင်းကို အစောင့်များ ကြားသောအခါ အားလုံးက တစ​ပြိုင်တည်း အော်ဟစ်လိုက်ကြသည်။


"နင် ကမ္ဘာပေါ်ရှိ အရသာအားလုံးကို မြည်းစမ်းပြီးတဲ့အခါ နင့်လက်နဲ့ နင့်ဘာသာ သေဖို့ စိတ်ကူး​ကြည့်ဖူးလား" ဝူချီယွီက လှောင်ပြောင်ပြီး။ 


"နင်တို့ရဲ့ လူသားမျိုးနွယ်က ငါ့မိစ္ဆာမျိုးနွယ်ကို သနားညှာတာမှု တစ်ခု ပြခဲ့လို့လား...နင် ငါ့ရဲ့သားစဉ်မြေးဆက်တွေကို မီးရှို့သတ်ဖို့ အမိန့်ပေးခဲ့တာ!! နင် ဒီလိုနာကျင်မှုမျိုး သည်းခံခဲ့ဖူးလား!!"


လီလုန်ကျီး: "နတ်ဆိုးတွေနဲ့ မိစ္ဆာတွေက ငါ့မျိုးနွယ်မှ မဟုတ်တာ... သူတို့ရဲ့ နှလုံးသားတွေက မတူကြဘူး မင်း ဘယ်တော့မှ လူသားဖြစ်လာမှာ မဟုတ်ဘူး ငါ့အတွက်ကတော့ သတ်ပစ်လိုက်တာ အရှင်းဆုံးပဲ!"


"ဒါဆို ဒီနေ့ ကြည့်လိုက်ရအောင်!"


"ဘုရင်မင်းမြတ် သတိထား--!" လီကျင်လုံ အံ့သြသွားသည်။


မြေခွေးမိစ္ဆာသည် လီလုန်ကျီးဘက်သို့ ခုန်တက်သွားသော်လည်း အလွန် မြန်တာကြောင့် မည်သူမျှ မကယ်တင်နိုင်ပေ။ ၎င်း ရှေ့သို့ ပြေးလာသောအခါတွင် လီလုန်ကျီးသည် ဧကရာဇ်မင်းမြတ်၏ ဓားဖြင့် ခုတ်ထစ်ကာ ချက်ချင်းဆိုသလိုပင် မြေခွေးကို နောက်ပြန် ပျံသန်းသွားစေဖို့ အတားအဆီး ဖြစ်စေခဲ့သည်။ 


ထိုအချိန်တွင် မြေခွေးမိစ္ဆာက မောဟိုက်နေကာ ကူကယ်ရာမဲ့စွာဖြင့် လီလုန်ကျီးအား မျက်လုံးများဖွင့်ကာ စိုက်ကြည့်နေသည်။


"မင်း ခွန်အားတွေ ကုန်နေပြီ! အဖမ်းခံလိုက်...ငါမင်းရဲ့ အလောင်းကို အကောင်းအတိုင်း ထားပေးမယ်"


ယခုအချိန်တွင် ဟုန်ကျွင့်သည်လည်း ဝူချီယွီ ဟုခေါ်သော မြေခွေးမိစ္ဆာဟာ ချန်အန်းတွင် ဆယ်စုနှစ်များစွာ ရှိနေခဲ့တာ ဖြစ်သောကြောင့် ဇာတ်လမ်းများစွာကို သိရှိနေကြောင်း သဘောပေါက်လာသည်။ 


လီကျင်လုံ: "ကရုဏာ မရှိဘူး.... မင်းအသက်ရှင်နေသရွေ့ အမှန်တရားက နောက်ဆုံးမှာ ပေါ်လာလိမ့်မယ် ဒါပေမဲ့ မင်းမှာက အသက်တစ်ချောင်းပဲ ရှိ​တယ်"


အားလုံးက အနည်းငယ် ခေါင်းညိတ်ပြကြရာ ဟုန်ကျွင့်လည်း အရှုံးပေးရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ပေ။ မြေခွေးမိစ္ဆာက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် ရယ်မောကာ။ 


"ဒါဆို လာစမ်းပါ!"


မြေခွေးမိစ္ဆာ ပြင်းပြင်းထန်ထန် အော်လိုက်သည့် အခိုက်တွင် သူ၏ရုပ်သွင်သည် တစ်ဖန် ပြန်တက်လာပြန်သည်။ ဤတစ်ကြိမ်တွင် နတ်ဆိုးနှင်ဌာနသည် အမိန့်ကို မစောင့်ဘဲ ရှေ့သို့တိုးလာ၏။ လီကျင်လုံ၏ဓားသည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်လိုက်ကာ မော့ရစ်ကန်းကလည်း မြှားလေးစင်းဖြင့်ကို ထုတ်လွှတ်လိုက်သည်။ ချိုးယုံစစ်ကလည်း စုတ်တံတစ်ချောင်းနှင့် အသင့်ပင်။ 


တခဏအတွင်း ပြင်းထန်သော အလင်းရောင်သည် နက္ခတ်တာရာကြည့်စင်၏ ထိပ်တွင် စုရုံးလာပြီး မြေခွေးမိစ္ဆာ၏ အမြီးကို ဖြတ်တောက်ပစ်ခဲ့သည်။ လီကျင်လုံ သူ၏ အလင်းဓားနက်ဖြင့် ရှေ့သို့ တိုးထွက်လာ၍ ဖြေရှင်းခဲ့သည်။


ချိုးယုံစစ်ကလည်း စုတ်တံဖြင့် ရှုခင်းပေါ်ရှိ ကြယ်များအားလုံးကို အလျားလိုက် အလင်းတန်းများဖြင့် ချန်ထားခဲ့ကာ လက်ရန်းများပေါ်တွင် နဂါးပုံများ ရေးဆွဲကာ မြေခွေးနတ်ဆိုးဆီသို့ အတူတူ ပြေးထွက်သွားကြသည်။


မော့ရစ်ကန်းကလည်း မြှား ခုနစ်စင်းကို ထပ်မံ ပစ်သတ်ပြီးနောက် ဝံပုလွေအဖြစ် ပြောင်းလဲကာ ၎င်း၏ကျောကို ခုန်အုပ်လိုက်သည်။


မြေခွေးမိစ္ဆာဟာ နာကျင်စွာ အော်ဟစ်လိုက်ပြီး အသံလှိုင်းသည် နှင်းခဲများထဲသို့ ဖြတ်ကျော်ဝင်ရောက်ကာ နှင်းခဲများက ပေါက်ကွဲနေသော မီးတောက်များကဲ့သို့ ဖြာထွက်သွားသည်။ လေထုထဲတွင် နတ်အလင်း ငါးရောင်က နှင်းခဲများကို ပိတ်ဆို့ထားပြီး ဟုန်ကျွင့် လှည့်ပတ်ပြီး သူ့ဓားနဲ့ ခုတ်ဖြတ်လိုက်ပြန်သည်။


"သုံးချောင်း ကျန်သေးတယ်!" ဟုန်ကျွင့် လှမ်းအော်သည်။


မြေခွေးမိစ္ဆာမှာ အမြီးများစွာကို ဆက်တိုက် ဖြတ်တောက်ခံနေရတာကြောင့် သွေးအိုင်ထဲတွင် ရှိနေခဲ့ရာ ထိုအချိန်တွင် ဟုန်ကျွင့်လည်း သူမအား လွတ်လွတ်လပ်လပ် ကြည့်ကာ ရုတ်တရက် နှလုံးတုန်သွားခဲ့သည်။


သို့သော်လည်း နောက်အခိုက်အတန့်တွင် ကောင်းကင်၌ ငှက်​​ကြီးတစ်ကောင်၏ တေးဆိုသံ ထွက်ပေါ်လာခဲ့သည်။ 


 - မှောင်မိုက်​နေသည့် တိမ်တိုက်များ၏ အလွှာများ တစ်ခဏအတွင်း ပြိုကွဲသွားသည်။ အစိမ်ူရောင် အတောင်များနှင့်အတူ ၎င်းငှက်ကြီးသည် ကောင်းကင်အထက်၌ ဝဲပျံလျက်ရှိကာ အတောင်များက ၁၀ပေအရှည်လောက် ရှိသည်။ 


ထို့နောက် ချက်ချင်းတွင် ဧရာမငှက်ကြီးက တေးဆိုလိုက်ပြန်ရာ သိမ်းငှက်များ၊ လင်းယုန်ငှက်များနှင့် ကြိုးကြာများက လေထုအလယ်တွင် ဒီရေကဲ့သို့ ပေါက်ကွဲထွက်ကာ ရှင့်ချင်နန်းတော်ရှိ နက္ခတ်တာရာ ကြည့်စင်၏ အလယ်ဗဟိုဆီသို့ ပြေးလာခဲ့သည်။ မြေခွေးမိစ္ဆာသည် ထွက်ပြေးရန် လီကျင်လုံဆီသို့ ပြေးသွားသော်လည်း လီကျင်လုံက ၎င်းကို ပညာရှိဓားဖြင့် ပိတ်ဆို့ကာ ၎င်း၏လည်ပင်းသို့ တည့်တည့် ထိုးထည့်လိုက်သည်။


လီကျင်လုံ: "ဘုရင်မင်းမြတ်ကို ကာကွယ်......" 


သူ ကြွေးကြော်ခါနီးတွင် မြေခွေးနတ်ဆိုးက အော်ဟစ်ကာ အဆက်မပြတ် ဆုတ်ခွာသွားခဲ့သည်။ 


ထောင်ပေါင်းများစွာသော လူများကလည်း တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။ လီလုန်ကျီး၏ အမူအရာလည်း အလွန်အမင်း ပြောင်းလဲသွားကာ ငှက်ကြီးက မြေခွေးမိစ္ဆာကို ဖမ်းဆုပ်ကာ လေထဲမှ ပစ်လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။ ငှက်အုပ်ကြီးများဖြင့် ပြည့်နှက်နေသော အလယ်သို့ ရောက်သွားတဲ့အခါ အလှည့်ကျ တိုက်ခိုက်နေသည့် ငှက်တွေကြောင့် မြေခွေးမိစ္ဆာ၏ အော်သံသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်ကာ နောက်ဆုံးတွင် သွေးစွန်းနေသော မြူခိုးများ အဖြစ် ပေါက်ကွဲသွား​တော့သည်။


ပျံသန်းနေသော ငှက်အုပ်များသည် တိမ်တွေထဲသို့ ပျံ့လွင့်သွားကာ ရွှေစိမ်း​ရောင် တောင်ပံဖြင့် ငှက်ကြီးကလည်း တစ်ဖန် တေးဆိုကာ လှည့်ပတ်ပျံသန်းပြီး တိမ်တိုက်ထဲသို့ ပြေးဝင်သွား၏။ ငှက်များကလည်း တစ်ကောင်ပြီး တစ်ကောင် လှည့်ပတ်ကာ ရွှေစိမ်း​ရောင်တောင်ပံ ငှက်ကြီးနောက်သို့ လိုက်ကာ တိမ်များကို ဖြတ်ကျောရင်း ကွယ်ပျောက်သွား​​ကြသည်။ 


အချိန်တိုလေး အတွင်းမှာ အရာအားလုံးက ဖြစ်ပျက်သွားသည်။ မြေခွေးမိစ္ဆာ၏ စုတ်ပြဲနေသော အမွှေးအမျှင်များနှင့် သွေးများသည် သွေးနီဥများကဲ့သို့ ကောင်းကင်မှ စီးကျလာသည်။ အားလုံးက စင်​မြင့်ရှေ့တွင် သွေးများဖြင့် မတ်တပ်ရပ်နေကြ၏။ ဟုန်ကျွင့် သူ့လက်ကို ဆန့်တန်းလိုက်တော့ သူ့လက်ဖဝါးပေါ်၌ အဖြူရောင် အမှုန်အမွှားလေးများ ကျလာခဲ့လေသည်။ 


လီကျင်လုံ ပြိုကျခါနီးတွင် ပညာရှိဓားကို ကိုင်ဆောင်ကာ လက်ရမ်းကို မှီရင်း အသက်ပြင်းပြင်းရှူလိုက်သည်။


"ခေါင်းဆောင် ကြည့်ပါဦး"


နေရောင်က တက်လာလေပြီ။ နက္ခတ်တာရာ​ကြည့် စင်မြင့်ပေါ် နေရောင်က ထွန်းလင်းနေပြီး မနက်ခင်း ခေါင်းလောင်းသံက မစသေးပေ။ ချန်းအန်မြို့ တစ်ခုလုံးဟာ နေရောင်အောက်တွင် ရှိနေကာ ဝူချီယွီ သေဆုံးခဲ့သည်နှင့် တပြိုင်နက် မိစ္ဆာထောင်ပေါင်းများစွာလည်း ပြန့်ကျဲသွားကာ ချန်အန်းမြို့ထဲက တံခါးရှစ်ပေါက်ကနေ ထွက်ပြေးသွားကြသည်။ 


နတ်ဆိုးနှင်ဌာနရှိ လူတိုင်းသည် ကြယ်နက္ခတ်တာရာ စင်မြင့်ရှေ့တွင် ရပ်ပြီး ထာဝရမြို့တော် ချန်အန်းကို လုံးဝ အသစ်အဆန်း ဖြစ်နေသည့် ပုံစံအတိုင်း ကြည့်လိုက်ကြသည်။


"ခေါင်းဆောင် မင်းဘယ်လိုထင်လဲ" အားထိုက်က ပြုံးလိုက်သည်။ 


"ဒီတိုက်ပွဲက တော်တော်ကြာနေပြီ..." 


လီကျင်လုံ လုံးဝ မောပန်းနေချေပြီ။ သူအခု ဘာမှ မတွေးချင်တော့ဘဲ ဟုန်ကျွင့်ကို လှည့်ကြည့်လိုက်ပြီး ဟုန်ကျွင့် ခေါင်း​လေးကိုသာ ထိလိုက်သည်။ ဟုန်ကျွင့်ကတော့ သူ ထွက်ခွာသွားစဉ်က သေချာ နှုတ်မဆက်ခဲ့ရသော ချင်းရှူံနဲ့ ချုံမင်ကို ရုတ်တရက် အရမ်းလွမ်းမိသွားသည်။ 


သူ့နှာခေါင်းက နာကျင်နေပြီး သူ့မျက်လုံးတွေမှာလည်း မျက်ရည်တွေနဲ့ ပြည့်နေပေမယ့် လီကျင်လုံကို ပြုံးပြနေတုန်းပါပဲ။