Chapter (49)
ဝံပုလွေများရဲ့ ခေါင်းဆောင်
မှောင်မိုက်သော ညအချိန်တွင် ဝံပုလွေကြီးသည် လုရွှီကိုသယ်ဆောင်ပြီး ချီလျန်တောင်၏ မြောက်ဘက်ခြမ်းရှိ တောင်ကုန်းတစ်ခုပေါ်တွင် ရပ်လျက် ရှိ၏။ ရွာ၏မြောက်ဘက်သို့ ဦးတည်နေသော မြင်းခွာသံများက သပ်သပ်ရပ်ရပ် ထွက်ပေါ်နေသည်။
ဝံပုလွေကြီးရဲ့ အော်သံကို ကြားရပြီးနောက် လုရွှီသည် သူ့မျက်လုံးများကို ပြူးကျယ်ထားသော်လည်း မတုန်လှုပ်ဘဲ မနေနိုင်လိုက်ပေ။ ဝံပုလွေကြီး၏ ဒေါသတကြီး ဟောက်သံကြောင့် ဝံပုလွေများ ကြောက်ရွံ့မှုအပြည့်ဖြင့် တစ်ကောင်ပြီး တစ်ကောင် နောက်ပြန် ဆုတ်သွားကြသည်။
ဝံပုလွေကြီးသည် ခေါင်းကိုလှည့်ကာ ဒေါသတကြီးဖြင့် ဝံပုလွေများကို စိုက်ကြည့်နေသည်။ ၎င်းတို့က တောင်ကုန်းပေါ်သို့ အပြေးအလွှား တက်သွားကာ ဝံပုလွေကြီးကို ကျောခိုင်း၍ ပျားပန်းခတ်မျှ ပြေးဆင်းသွားကြတော့သည်။
ထောင်ပေါင်းများစွာသော ဖုတ်ကောင်မည်းများသည် ဒီရေကဲ့သို့ ခုန်တက်လာကြလေ၏။ တစ်ခဏချင်းပင် တစ်ရွာလုံးကို ရေလှိုင်းကြီးက မျိုချလိုက်သလို တစ်ရွာလုံး အချက်ပေးသံများဖြင့် ဆူညံသွားသည်။ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားသော ကလေးငယ်များက အော်ဟစ်ကာ ပြေးလွှားကုန်တာမို့ တစ်ရွာလုံး ရှုပ်ပွသွားခဲ့သည်။
အလောင်းကောင်များသည် ထောင်ပေါင်းများစွာသော မြင်းစီးသူရဲများ အဖြစ် ပြေးတက်လာကြသည်။ ဝံပုလွေကြီးက ဘေးသို့လှည့်ကာ လုရွှီအား ခုန်ဆင်းစေ၏။
"လုရွှီ....ပြည်သူတွေကို ပုန်းအောင်းဖို့ နေရာရှာခိုင်းလိုက်!"
မကြာခင်မှာပဲ ဝံပုလွေကြီးက ပိုကြီးလာပြီး တောင်ဘက်က ရွာထဲကို အပြေးအလွှား ဟောက်လိုက်တော့သည်။ လရောင်အောက်မှာ ဝံပုလွေကြီးတစ်ကောင် ပြေးဝင်လာ၏။ ဝံပုလွေရဲ့ ဟောက်သံကြောင့် ရွာက လူတွေလည်း သူတို့ပစ္စည်းတွေကို ဂရုမစိုက်တော့ဘဲ အိမ်ခေါင်မိုးတွေပေါ်ကို ပြေးတက်သွားကြသည်။
နင်းလိုက်မိသော အဆောက်အဦ အမိုးများက ရုတ်တရက် ပြိုကျသွားကုန်ရာ ကျယ်လောင်သော ဟောက်သံနှင့်အတူ လမ်းပေါ် တည့်တည့် ပြေးဝင်သွားသည်။ မြင်းတပ်သား အားလုံးကလည်း ဝရုန်းသုန်းကား ဖြစ်နေသည့်အထိ နင်းမိကုန်ကြသည်။
ထိန်းချုပ်ခံထားရသော အလောင်းကောင်တပ်သားများသည် လှံများကို ကောက်ကိုင်လိုက်ကြသည်။ ၎င်းတို့က လှံများကို လှုပ်ရှားကာ ဝံပုလွေကို လှံနှင့်ထိမှန်တော့မည့် အခိုက်တွင် ဝံပုလွေကြီးက လေထဲသို့ ခုန်တက်ကာ နောက်ပြန်လှည့်ရင်း မော့ရစ်ကန်း အဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုအချိန်တွင် မော့ရစ်ကန်းသည် ကောင်းကင်ကို ထိုးဖောက်နေသော သိမ်းငှက်ဖြူ တစ်ကောင်နှင့် တူပေ၏။ သူသည် လှံတံကို ခြေတစ်ဖက်ဖြင့် လှမ်းကန်ထုတ်ရင်း လက်ဝဲလက်နှင့် လေးကို ဆွဲကာ လက်ယာလက်ဖြင့် မြှားတံကို ပစ်ခတ်လိုက်သည်။
အဆက်မပြတ် "ဝူးဝူး" အသံနှင့်အတူ မြှားခုနစ်စင်းလုံး တစ်စင်းပြီးတစ်စင်း ပျံထွက်သွားသည်။ မော့ရစ်ကန်း မြေပြင်ပေါ်သို့ ခြေချလိုက်သောအခါတွင် သူသည် ချက်ချင်းပင် ဝံပုလွေတစ်ကောင်အဖြစ် ပြောင်းလဲကာ တိုက်ပွဲဆီသို့ ပြေးဝင်သွားခဲ့သည်။
လက်သည်းခေါင်းမြှား ခုနစ်စင်းသည် မှော်အလင်းဖြင့် စစ်မြေပြင် တစ်ခုလုံးကို ဖြတ်ပျံသွားကာ ရန်သူ့ခမောက်လုံးကို ဖြတ်တိုက်သွားသည်။ မြှားတစ်စင်းစီက ရန်သူတစ်ယောက်ဆီထံသို့ ပျံသန်းသွား၏။ မြှားက ခမောက်အတွင်းမှ မျက်နှာကို ထိမှန်ကာ ရန်သူရဲ့ ဦးခေါင်းကို လုံးလုံးလျားလျား ထိုးဖောက်သွားသော်လည်း ၎င်းက မသေချေ။ တချို့က ဝံပုလွေကြီး၏ ခြေထောက်အောက်မှာ နင်းမိပြီးနောက် ပြန်ထရန် ရုန်းကန်နေသည်။
ဝံပုလွေကြီးက လှည့်၍ မော့ရစ်ကန်း အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ မြေပြင်ပေါ် မဆင်းသက်မီ လေထဲတွင် လက်ဝှေ့ယမ်းလိုက်တော့ လက်သည်းခေါင်းမြှား ခုနစ်စင်းစလုံး နောက်ပြန် ဆုတ်လာကြသည်။ လမ်းတွင်လည်း မရေမတွက်နိုင်သော ရန်သူ့ ခမောက်များကို ပျံထွက်သွားစေခဲ့သည်။ အလောင်းကောင်တွေ တစ်ကောင်ပြီး တစ်ကောင် ရောက်လာကာ မော့ရစ်ကန်း ဆီကို ပြေးလာကြစဥ် မော့ရစ်ကန်းလည်း သူ့လက်ကို လှည့်ပြီး မြှားတွေကို ထိန်းချုပ်လိုက်သည်။
လက်သည်းခေါင်းမြှား ခုနစ်စင်းစလုံးသည် သူ့လက်ထဲသို့ အတိအကျ ပြန်ရောက်လာကြသည်။ မော့ရစ်ကန်း လေးကြိုးကို ဆွဲ၍ အပြင်သို့ ထပ်မံပစ်ခတ်ကာ အော်လိုက်သည်။
“သွားတော့....”
မြှားခုနစ်စင်းသည် မုန်တိုင်းနှင့်တူသော စွမ်းအင်လှိုင်း အတက်အကျများကို လွှတ်တင်လိုက်ကာ အရပ်ရပ်သို့ ပျံသန်းသွားသည်။ တစ်ဆက်တည်း အရပ်ရပ်သို့ ပြေးသွားသော အလောင်းကောင်များကို ဖောက်ခွဲပစ်လိုက်၏။
အများကြီးရှိသေးသည်။ မော့ရစ်ကန်း ဘယ်ညာ အပြေးအလွှား ပြေးရင်း ဟောက်သည်။
"မင်းတို့က ဘယ်သူလဲ... ဘယ်ကလာတာလဲ"
အလောင်းကောင်များသည် တစ္ဆေများနှယ် တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြပြန်သည်။ ၎င်းတို့က မော့ရစ်ကန်းကို ချက်ချင်းပင် မြေပေါ်သို့ တွန်းချကာ ထူထပ်လာလေ၏။ သို့သော် ရုတ်ခြည်းဆိုသလို ဝံပုလွေများရ တဖန်ဟောက်ကာ အလောင်းကောင်များဆီ ပြေးသွားကြသည်။
မြှားများက ပျံသန်းနေပြီး ဝံပုလွေများလည်း ပြေးလွှားနေကြစဥ် အဝေးမှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"အရုဏ်ဦးကြယ်!"
ဝံပုလွေကြီးက ရုတ်တရက် ခေါင်းကို လှည့်လိုက်တဲ့အခိုက် လုရွှီသည် အမှန်တကယ် ဂေါ်ပြားကိုင်ပြီး အလောင်းကောင်များ၏ ကျူးကျော်မှုကို တွန်းလှန်ရန် ဝံပုလွေများကို ဦးဆောင်နေအား တွေ့လိုက်ရသည်။
ဝံပုလွေကြီး : "..."
ဝံပုလွေကြီးက ချက်ချင်းပင် မော့ရစ်ကန်းအဖြစ် ပြန်ပြောင်းသွားသည်။ လုရွှီသည် ဓားမြောင်ကို သူ့ခါးတွင်ထိုး၍ ဂေါ်ပြားကိုကိုင်ထားသည်ကို တွေ့လိုက်ရသည်။ အလောင်းကောင်များ သူ့ဆီသို့ ဦးတည်လာတဲ့အခါ သူပ ဂေါ်ပြားဖြင့် ရိုက်ပုတ်လိုက်သဖြင့် ဦးခေါင်းက ပျံတက်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လက်ရှိအချိန်၌ ရွာသားများက တောင်စောင်းသို့ ဆုတ်ခွာသွားကြပါပြီါ
ထိုအချိန်တွင် လုရွှီသည်လည်း ဂေါ်ပြားဖြင့် ကျားတစ်ကောင်လို ကခုန်နေရသည်။ ဘယ်ရိုက်လိုက်၊ ညာရိုက်လိုက်၊ ရှေ့ကို ဖြတ်ရိုက်လိုက်၊ အနောက်ကို ပြန်ရိုက်လိုက်ဖြင့် အတော်လေး ပျာယာခတ်နေ၏။ တစ်ခါတရံ သူက အယောင်ပြပြီး ငါးလှမ်းအကွာကို ပြေးသွားသည်။ တခါတရံ အလောင်းရဲ့ လည်ချောင်းထဲကို တူးပြီး လိမ်ချိုးတတ်သေးသည်။
မော့ရစ်ကန်း : "..."
"သွားစို့! မရိုက်နဲ့တော့ ပြန်လာခဲ့"
လုရွှီသည် ဝံပုလွေကြီးဘက်သို့ ပြေးသွားသော်လည်း လှည့်ကြည့်ကာ ဝံပုလွေကြီး၏ တစ်ဖက်သို့ ဂေါ်ပြားကို လက်နှစ်ဘက်ဖြင့် ကိုင်ရင်း ပြင်းထန်စွာ ထုရိုက်နေပြန်သည်။ သူက ဝံပုလွေကို ခုတ်ထစ်တော့မည့် အလောင်းကောင်တစ္ဆေကို သံမှိုရိုက်သလို ထုသတ်လိုက်သည်။
ဝံပုလွေကြီး လှည့်ကြည့်လိုက်ရာ လုရွှီသည် အလောင်းကောင်များကို အဆက်မပြတ် ပိတ်ရိုက်နေ၏။ ကျိုင်းကောင်များ တိုက်စားနေသကဲ့သို့ တစ်ရွာလုံး ပြည့်လျှံသွားတဲ့ အနက်ရောင် အလောင်းတစ္ဆေ ဒီရေအောက်တွင် အိမ်တွေလည်း ဆက်လက် ပြိုလဲသွားခဲ့သည်။
ဝံပုလွေကြီးသည် တောင်စောင်းပေါ်တွင် ရပ်ကာ နောက်ပြန်လှည့်ကြည့်ရာ ရွာသားများ၏ မျက်နှာသည် ကြောက်ရွံ့တုန်လှုပ်နေကြတာ တွေ့လိုက်ရသည်။ သူတို့က ဝံပုလွေကြီးကို စိုက်ကြည့်ကာ ဝံပုလွေကြီး အနောက်ကျောမှ ကင်းထောက်ငယ်များကိုလည်း ကြည့်လိုက်သည်။
"ဝံပုလွေနတ်ဘုရား!" တစ်စုံတစ်ယောက်က အော်လိုက်သည်။
"အဲဒါ အရုဏ်ဦးကြယ်ပဲ!"
ရွာသားတွေက ဒူးထောက်ပြီး နတ်ဘုရားတစ်ပါးကို ကိုးကွယ်နေသလို မြေကြီးပေါ်မှာ ဦးချ ကိုးကွယ်နေကြတော့သည်။
ဝံပုလွေကြီး: "တောင်ဘက်က ချီလျန် တောင်လမ်းကို လျှောက်သွားကြပါ...တောင်ဘက်မှာ ရွာငယ်လေး တစ်ရွာရှိတယ် အဲဒီနေရာမှာ အရင်ခိုလှုံကြ... ပြီးရင် တောင်ဘက်လမ်းကို ရှာပြီး အနီးဆုံးခရိုင်ကို သွား... မြန်မြန်သွားကြတော့!!"
ရွာသားတွေလည်း တစ်ယောက်ပြီး တစ်ယောက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြတော့သည်။ ဝံပုလွေများသည် ၎င်းတို့၏ လည်ချောင်းထဲက အော်ငေါက်သံများကို ထုတ်လွှတ်ကာ အရပ်ရပ်သို့ ပြန့်ကျဲသွားကြသည်။
လုရွှီက ဂေါ်ပြားကို လက်ထဲမှာကိုင်ပြီး လှုပ်ခါနေဆဲ။
ဝံပုလွေကြီး: "သိုင်းပညာ ကောင်းတယ်"
ဝံပုလွေကြီးက ခေါင်းကို အနည်းငယ်ငုံ့ကာ ဆိုလာသည်။ အမှောင်ထုထဲတွင် မြှုပ်ထားသည့် ကျောက်မျက်နှစ်လုံးကဲ့သို့ အစိမ်းရောင်တောက်နေသော မျက်လုံး၂လုံးက တောင်ပေါ်မှနေ၍ အလောင်းကောင်များ၏ ပစ်မှတ်ဖြစ်သော ဤရွာကို ကြည့်နေလေသည်။ ရွာသားတွေ တောင်ပေါ်ကို ထွက်ပြေးကုန်တဲ့အခါ အလောင်းတစ္ဆေတွေက လိုက်မဖမ်းတော့ဘဲ တဖြည်းဖြည်း လွင်ပြင်ဘက်သို့ ဆုတ်ခွာသွားကြလေသည်။
"လိုက်!!"
ဝံပုလွေကြီးက ၎င်းရဲ့ မေးစေ့ကို မြှောက်၍ လုရွှီဘက်သို့ အော်လိုက်သည်။ လုရွှီကလည်း ဂေါ်ပြားကို နောက်ကျော၌ ထမ်းကာ ဝံပုလွေကြီး၏ လည်ပင်းကို ပွေ့ဖက်လိုက်သည်။ ဝံပုလွေကြီးက နှင်းထဲမှ ခုန်ဆင်းကာ အနောက်မြောက်ဘက်သို့ ဦးတည်နေသော ဖုတ်ကောင်စစ်တပ်နောက်ကို လိုက်သွားခဲ့သည်။
.......
လန်ကျိုးမြို့တွင်။
ညမိုးချုပ်လာသည်နှင့် တစ်မြို့လုံး အေးစက်လာကာ အိမ်တိုင်းလိုလို တံခါးပိတ်၊ မီးသွေးမီးဖိုများဖြင့် နွေးအောင် လုပ်ယူကြသည်။
တစ်ဖက်၌ ချင်လျောင့်က သူ့မိန်းမကို မှာကြားနေသည်။
"ဒီနေ့အရေးကြီး ဧည့်သည်တွေ ရှိတယ်... အသီးအရွက်တွေ ထည့်ပြီး ကြက်သားဟင်းနဲ့ သေရည်တွေ ယူလာပေး..."
ဟုန်ကျွင့်က သူ့အိတ်ကို ထုတ်ပြီး ငါးကြင်းနတ်ဆိုး စားဖို့ အသားလုံး လုပ်ပေးနိုင်မလားလို့ မေးမလို့ရှိသေး သခင်မချင်က ပြုံးပြီး ပြောလေသည်။
"အိုး! မင်းက အရမ်းယဉ်ကျေးတာပဲ... စားစရာတောင် ယူလာပေးတယ်... ကြော်လိုက်ရင်..."
"ဒါက ဟင်း မဟုတ်ဘူး!" ဟုန်ကျွင့် ကမန်းကတန်း ပြောလိုက်သည်။
"ငါက ဟင်း မဟုတ်ဘူး" ငါးကြင်းနတ်ဆိုးက သခင်မချင်ကို ဝင်ရှင်းပြလေသည်။
"ငါ့ကို အသားနည်းနည်းလောက် ပေးပါ... ငါက အများကြီး မစားပါဘူး မဟုတ်ရင်လည်း မုန့်ပေါင်းနဲ့ ဖက်ထုပ်ဆိုလည်း အဆင်ပြေပါတယ်"
သခင်မချင်မှာ ကြောက်လန့်တကြားဖြင့် မူးလဲလုနီးပါး တုန်လှုပ်သွားရှာသည်။ သူမသည် ငါးကြင်း စကားပြောနိုင်သည့် အကြောင်းရင်းနှင့် နတ်ဆိုးနှင်ဌာန၏ မူလအစကို ဝန်လေးစွာ လက်ခံခဲ့သည်။ ချင်လျောင့်လည်း သူမကို ထမင်းချက်ဖို့ အမြန် လွှတ်လိုက်ရ၏။ အဲဒီနောက် ဟူကောင်မလေးက ပြန်ဝင်လာပြီး ငါးကြင်းနတ်ဆိုးကို စူးစူးစိုက်စိုက် ကြည့်ကာ စပ်စုနေလေသည်။
"ဒါက ငါ့သမီးလေး ချင်ရွှမ်... ငါ့ရဲ့ တစ်ဦးတည်းသော သမီးပါ"
ဟုန်ကျွင့်နဲ့ လီကျင်လုံတို့က သူမကို နှုတ်ဆက်ပြီး ဟုန်ကျွင့်က အရမ်းအံ့သြစွာနဲ့ မေးလေသည်။
"ခင်ဗျားရဲ့မိန်းမက ဟွေဟဲလူမျိုးလား "
လီကျင်လုံ: "မင်းသူမကို သခင်မချင်လို့ ခေါ်ရမယ်"
ချင်လျောင့်: "သူ့အမေနဲ့ ငါက လွန်ခဲ့တဲ့ ဆယ့်ခုနစ်နှစ်လောက်က နေရောင်အောက်မှာ တွေ့ခဲ့ကြတယ်... ပြီးတော့ ငါတို့ ဟန်လူမျိုးရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ငါတို့လက်ထပ်ခဲ့တယ်"
ချင်လျောင့်သည် လီကျင်လုံနှင့် စကားအနည်းငယ် ပြောခဲ့သည်။ သူသည် လုံရှီးမှ ဖြစ်သော်လည်း ရှားကျိုးသို့ ပြောင်းခဲ့သည်။ ယခု ကဲရှူးဟန့်သည် လန်ကျိုးကို တာဝန်ယူခဲ့ပြီး မြို့စားရာထူးကို ရရှိခဲ့သည်။ ချင်လျောင့်ဟာ ဖြောင့်မတ်သော အမှုထမ်း တစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဘဏ္ဍာငွေများကို အလွဲသုံးစား မလုပ်ဖူးသောကြောင့် လန်ကျိုးခရိုင်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းရန် ပြန်လည် ခေါ်ယူခံရသည်။
သို့သော်လည်း လန်ကျိုးသည် အနောက်မြောက်နယ်စပ်နှင့် နီးကပ်နေပြီး ငွေကြေးနှင့် စစ်အင်အား အားလုံးက ကဲရှူးဟန့်လက်ထဲတွင်သာ ရှိနေသည်။ စစ်သူကြီးဟောင်း ချင်လျောင့်က စာရွက်စာတမ်းများ ရေးဆွဲခြင်း၊ စိုက်ပျိုးခြင်းနှင့် စာသင်ကျောင်းများ လုပ်ဆောင်ခြင်းနှင့် စစ်ဘက်အရပ်သား အငြင်းပွားမှုများကို ဖျန်ဖြေခြင်းအတွက်သာ တာဝန်ရှိသည်။ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုတွင် သူ့တွင် စစ်မှန်သော စွမ်းအားများစွာ မရှိတော့ဘဲ အလွန်သန့်ရှင်းသော ဘဝဖြင့်သာ နေထိုင်သည်။
မကြာခင်မှာဘဲ သခင်မချင်သည် ဧည့်သည်တွေကို ဧည့်ခံဖို့အတွက် ကြက်သားဟင်းနဲ့ ဝင်လာသည်။ လီကျင်လုံမှာ အရမ်းအားနာနေပေမယ့် ချင်ရွှမ်က ကြက်ခြေထောက်ကို ဆွဲဖဲ့လိုက်ပြီး လီကျင်လုံကို အရင်စားခိုင်းလိုက်လေသည်။ လီကျင်လုံက ဟုန်ကျွင့်ဘက်ကို လှမ်းပေး၍ အရင်စားခိုင်း၏။ ချင်ရွှမ် သူ့ကို မော့ကြည့်လာသော်လည်း ဘာမှ မပြောပေ။
ချင်လျောင့်က သေရည်အိုးကို ဖွင့်ပြီး လီကျင်လုံအား ပြောလိုက်သည်။
"ကမ္ဘာပေါ်မှာ သရဲတစ္ဆေတွေနဲ့ နတ်ဘုရားတွေရှိတယ်ဆိုတာ ငါယုံကြည်ပေမဲ့ နတ်ဆိုးတွေက ငါတို့နဲ့ ဝေးကွာနေတယ်လို့ ငါခံစားမိနေတုန်းပဲ.... မင်းတို့ အဲဒီနတ်ဆိုးကို သယ်လာတယ် ဆိုတော့ နတ်ဆိုးနှင်ဌာနက ကျွမ်းကျင်မှု တစ်ခုခုတော့ ရှိမယ် ထင်တယ်..."
ဟုန်ကျွင့်ခမျာ ဟင်းချိုကို သောက်နေတာမို့ ရုတ်တရက် ထွေးထုတ်လုနီးပါး ဖြစ်သွားခဲ့၏။ ငါးကြင်းနတ်ဆိုးသည် နတ်ဆိုးနှင်ဌာနတွင် အရည်အချင်းရှိကြောင်း ဘာကြောင့်များ သက်သေပြနိုင်တာလဲလို့ တွေးနေမိခြင်းပင်။
လီကျင်လုံက သူ့ခွက်ကို မြှောက်လိုက်ပြီး "ဧကရာဇ်မင်းမြတ်ရဲ့ လစာကို စားပြီး ဧကရာဇ်ကို သစ္စာစောင့်သိဖို့က အဓိကကိစ္စပဲ"
ပြောပြီးနောက် သူနှင့် ချင်လျောင့်တို့ အချင်းချင်း စကားများ ပြောကြသည်။
ဟုန်ကျွင့်: "မနက်ဖြန် ကျောက်ကျစ်လုံကို ခေါ်သွားပြီး စစ်သူကြီး ကဲရှူးဟန့်ဆီ သွားကြည့်လိုက်ရအောင်"
ငါးကြင်းနတ်ဆိုးက သူ့ပါးစပ်ကို အသားလုံးတွေနဲ့ တုတ်နဲ့ ဖြည့်နေရာ ဒီစကားကိုကြားတော့ သူက ထိတ်လန့်သွားပြီး။
"သူက ငါ့ရဲ့ငါးခေါင်းကို ခုတ်ထစ်ပြီး ခေါင်းဆောင်လီရဲ့ နေရာမှာ အစားထိုး သုံးချင်နေရင် ငါ ဘာလုပ်ရမလဲ"
လီကျင်လုံက သူ့ခွက်ကို ချလိုက်ပြီး "စစ်သူကြီး ကဲရှူးဟန့်က အသက်ကြီးလို့ ခေါင်းမာတာ မဟုတ်ဘူး သူ့ရာထူးကြောင့်လို့ ထင်တယ်"
ခန်းမထဲ ခဏမျှ တိတ်ဆိတ်သွားပြီး ချင်လျောင့်က သက်ပြင်းချသံဖြင့် ဆိုလာလေသည်။
"အဲဒါတော့ ဟုတ်တယ်.... ဒါကြောင့် ခေါင်းဆောင်လီရှေ့မှာ ငါတောင်းစရာ တစ်ခုရှိတယ်"
ဟုန်ကျွင့်:"?"
လီကျင်လုံက ဟုန်ကျွင့်ကို ဘေးတိုက်ကြည့်ကာ မေးလေ၏။
"မထွက်ခွာခင်က အိမ်ရှေ့စံ မင်းသား ကိုယ်တို့ကို ပြောခဲ့တာကို မှတ်မိသေးလား...."
ဟုန်ကျွင့်လည်း မင်းသားပြောခဲ့သော စကားများကို မှတ်မိပါသည်။ လီဟန်သည် လီကျင်လုံနဲ့ ဟွေဟဲလူမျိုးများကြား ဆက်ဆံရေးကို မထိခိုက်စေဘဲ ပြဿနာအား ချောမွေ့စွာ ဖြေရှင်းနိုင်လိမ့်မည်ဟု အမှန်တကယ် မျှော်လင့်ထားလေသည်။
ချင်လျောင့်ရဲ့ ဇနီးနှင့်သမီး နှစ်ဦးစလုံးက ဟွေဟဲလူမျိုးများဖြစ်ကြောင်း ဟုန်ကျွင့်လည်း သတိပြုမိသည်။
ချင်လျောင့်: "ဟွေဟဲနဲ့ စစ်ပွဲက အမတ်ချုပ်ယန်ရဲ့ ညွှန်ကြားချက်အရ အနည်းနဲ့အများ တွန်းအားပေးခံရတယ်လို့ ငါ ထင်ပါတယ်... စစ်သူကြီး ကဲရှူးဟန့်က အန်းလုရှန်း၊ ရှစ်စစ်မင်တို့နဲ့ အမြဲသဟဇာတ မဖြစ်ဘူး..."
"အဖေ" ချင်ရွှမ်က မကျေမနပ်နဲ့ ထအော်သည်။
ချင်လျောင့်က သူ့လက်ကို ဝှေ့ယမ်းပြီး အဆင်ပြေကြောင်း ညွှန်ပြသည်။ လီကျင်လုံလည်း လေးလေးနက်နက် မျက်မှောင်ကြုတ်ကာ။
"စစ်သူကြီး ကဲရှူးဟန့်က အမတ်ကြီး ယန်ကော်ကျုံးနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိရမယ်"
ချင်လျောင့်: "ဟုတ်တယ်... အိမ်ရှေ့စံမင်းသားက အမတ်ကြီး ယန်ကော်ကျုံးကို အနိုင်ယူဖို့ ရည်ရွယ်ချက် ရှိလိမ့်မယ်... တိဗက်နဲ့ ဟွေဟဲ မျိုးနွယ်စုတွေက ဟယ်ရှီးခရိုင်ကို လာရောက်ဖို့ သံတမန်တွေ မကြာခဏ စေလွှတ်ခဲ့ဖူးတယ်...."
လီကျင်လုံက လေးလေးနက်နက် မျက်မှောင် ထပ်ကြုတ်လိုက်ပြီး။
"ဒါကြောင့် ယန်ကော်ကျုံးက စစ်သူကြီးဟောင်း ကဲရှူးဟန့်ကို တိဗက်ကို အနိုင်ယူပြီး ဟယ်ရှီးကို ရန်ငြိုးဖွဲ့ဖို့ စည်းရုံးခဲ့တာပဲ.... ဒီအတိုင်းဆို တကယ်ကို ကိုင်တွယ်ရခက်ပါတယ်"
"မှန်တယ်" ချင်လျောင့်က ဆက်ပြောပါ၏။
"မင်းသားက နိုင်ငံခြားတပ်တွေကို ကွပ်ကဲတုန်းက ကယ်လခယ်ရဲ့ သူငယ်ချင်း ကောင်းတစ်ယောက်ပဲ.... မင်းရဲ့ဝမ်းကွဲကို စစ်သူကြီးရာထူး ခန့်အပ်ပြီး မနှစ်က တပေါ်လုအင်ပါယာကို သိမ်းပိုက်ဖို့လည်း အကူအညီ ရခဲ့တယ်.... လွန်ခဲ့တဲ့ နှစ်အနည်းငယ် အတွင်းကဆို အင်ပါယာတရားရုံးနဲ့ ဟွေဟဲလူမျိုးတွေအကြား ဆက်ဆံရေးက အေးဆေးတည်ငြိမ်တဲ့ ကာလတစ်ခုကို ရောက်ရှိနေပြီလို့ ငါ ထင်ခဲ့တယ်... ဖြစ်ချင်တော့..."
ဟုန်ကျွင့်က သူတို့နှစ်ယောက်ရဲ့ ပြောစကားကြောင့် စိတ်ရှုပ်သွားပြီး ဝင်မေးလာသည်။
"နားမလည်ဘူး... ယန်ကော်ကျုံးက အစ်ကိုကြီးနော်... အဲဒီစစ်သူကြီးဟောင်းက ဟွေဟဲတွေနဲ့ သိပ်မရင်းနှီးချင်ဘူး... သူ့ကို အပြစ်တင်ချင်နေတာ အဲဒါကြောင့် နယ်စပ်မှာ သတ်ဖြတ်ခံရတာကို ဟွေဟဲတွေရဲ့ ခေါင်းပေါ် တင်ချင်နေတာ..."
လီကျင်လုံ: "ဟုတ်တယ်....ဒါပဲ"
ဟုန်ကျွင့် မျက်မှောင်ကြုတ်ပြီး ထပ်ပြောသည်။
"ဒါပေမဲ့ နယ်ခြားမြို့ကို ဘယ်သူ သတ်ဖြတ်ခဲ့တယ်ဆိုတာ သူက ဘယ်လိုလုပ် သိနိုင်မလဲ၊ အလောင်းတစ္တေ အကြောင်း သူသိမယ်လို့ ထင်လား"
လီကျင်လုံကတော့ ဒါကိုပြောပြီးချိန်မှာ ယန်ကော်ကျုံးသာ ဒီအကြောင်းကို သိခဲ့ရင် သူ့နှလုံးသားက ရုတ်တရက် ရူးသွပ်သွားလိမ့်မယ်လို့ တွေးမိလေသည်။
ချင်လျောင့်: "သူက နယ်စပ်က စစ်သားတွေနဲ့ အရပ်သားတွေရဲ့ အသက်နဲ့ သေဆုံးမှုကို ဂရုမစိုက်တဲ့ အမတ်ချုပ်ကြီးပဲ...ဟန်ရှူးမြို့မကလို့ ထူးကျွယ်လည်း ပျက်စီးသွားပါစေ.. တိဗက်တွေ ဟွေဟဲတွေ တစ္ဆေစစ်သားတွေကြောင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရလည်း သူ့အတွက်က ကွာခြားသွားတာ မရှိဘူး... သူလိုချင်တဲ့အရာက ဘုရင်မင်းမြတ်ဆီ စာရေးပြီး ဟွေဟဲနဲ့ စစ်တိုက်ဖို့ အကြောင်းပြချက် တစ်ခုရှာဖို့ပဲ...."
လီကျင်လုံ: "ဒီကိစ္စမှာ လန်ကျိုးမြို့က လူတော်တော်များများ အခက်တွေ့သွားမှာကို ကြောက်ရတယ်"
"ဟွေဟဲတွေ အားလုံးကို နှင်ထုတ်တော့မယ်... ဒါဆို... ခေါင်းဆောင်လီရဲ့ တာဝန်ကလည်း အရမ်းကြီးတယ်... စစ်သူကြီး ကဲရှူးဟန့်က မင်းကို ယုံမှာမဟုတ်ဘူး... ယုံလာရင်တောင် စိုးရိမ်စရာတွေက ရှိလာလိမ့်မယ်"
လီကျင်လုံ: "သူက သိပ်ယုံကြည်လွန်းတယ်....ကျွန်တော့် အမြင်အရတော့ အလောင်းကောင် ပြဿနာက ယန်ကော်ကျုံးရဲ့ တွက်ချက်မှုရဲ့ ပြင်းထန်မှုကို ကျော်လွန်သွားပြီ... ဘာ့ကြောင့်ဘယ်လို စတင်ခဲ့တာလဲဆိုတာ ကျွန်တော်တို့ မသိသေးပေမယ့် တစ်ခုခုတော့ သေချာနိုင်ပါတယ်... ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ရှာမတွေ့ရင်... ကြောက်ရတာက..."
လီကျင်လုံက ချင်လျောင့်၏ မျက်လုံးများကို စိုက်ကြည့်ကာ စကားတစ်ခွန်း ထပ်ပြောသည်။
"သဘာဝဘေးအန္တရာယ်တွေ အတူတူ ကြုံလာတဲ့အခါ စစ်သူကြီး ကဲရှူးဟန့် ကိုယ်တိုင်တောင် အားလုံး ပါဝင်ပတ်သက်ပြီး ပြန်လည် ထူထောင်မှာ မဟုတ်ဘူး "
.......
မှောင်မိုက်သော ညတွင် ဟယ်ရှီး အလယ်ပိုင်းလွင်ပြင်တွင် လုရွှီကို သယ်ဆောင်ထားသော ဝံပုလွေကြီးက အရှိန်အပြည့်ဖြင့် ချီတက်လာခဲ့သည်။
"အရမ်းပင်ပန်းနေပြီ" ဝံပုလွေကြီးက ပြင်းပြင်းထန်ထန် ဟောဟဲဆိုက်ပြီး ပြောလေသည်။
"အနားယူဖို့ လိုတယ်"
လုရွှီ: "သွေး...."
"သွေးထွက်နေတာလား"
ဝံပုလွေကြီးက လှည့်ကြည့်လိုက်သည်။ ထို့နောက် လေတိုက်လို့ ခိုအောင်းနေနိုင်တဲ့ ဂူကို ရှာဖို့ အကြိမ်အနည်းငယ် အနံ့ခံလိုက်ရာ တောင်နံရံကို တွေ့လိုက်လေသည်။ လုရွှီ လက်ဖြင့် ဝံပုလွေကြီးရဲ့ နောက်ကျောကို ထိလိုက်ရာ သူ့လက်တွေက သွေးတွေနဲ့ ဖုံးလွှမ်းသွားတာကြောင့် ရုတ်တရက် တုန်လှုပ်သွားရ၏။
"ကိစ္စမရှိပါဘူး"
ဝံပုလွေသည် တောင်နံရံပေါ်ရှိ နှင်းများကို တူးဆွရန် ၎င်း၏ခြေသည်းများကို အသုံးပြုကာ ဂူပေါက်တစ်ခုအဖြစ် တူးဖော်ခဲ့သည်။ လုရွှီ အမြန်ခုန်ဆင်းလိုက်တော့ ဝံပုလွေကြီးက လူသားအဖြစ်သို့ ပြောင်းလဲသွားပြန်သည်။
မော့ရစ်ကန်းမှာ ဂူနံရံကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး အသက်ဝဝရှုနိုင်ရန် အချိန်အတော်ကြာခဲ့သည်။
ခဏအကြာတွင် ဂူထဲတွင် မီးတောက်တစ်ခု ထွန်းလင်းလာပြီး မော့ရစ်ကန်း သူ့အင်္ကျီကို ချွတ်လိုက်တဲ့အခါ သန်မာသော ကျောကြွက်သားများကို ပေါ်လွင်လာစေသည်။ လေးနှင့်မြှားများကို ကြာရှည် ကွေးညွှတ်ထားခြင်းကြောင့် သူ၏ပခုံးနှင့် နောက်ကျောသည် ယောက်ျားပီသပြီး လှပမှုအပြည့်ရှိသည်။ သူက အစာခြောက်ကို ဝါးပြီး ရေဆာဘာတဲ့အခါ ဆီးနှင်းတွေ အများကြီး စားပစ်၏။
သူ့နောက်ကျောကို အကြိမ်ပေါင်းများစွာ လှီးဖြတ်ခံခဲ့ရသော်လည်း ဝံပုလွေပုံသဏ္ဌာန်ဖြင့် တိုက်ခတ်ခဲ့သောကြောင့် လူဖြစ်လာပြီးနောက်တွင် ဒဏ်ရာများမှာ နက်ရှိုင်းခြင်း မရှိပေ။ လုရွှီက ဆေးဖက်ဝင်အပင်များကို ဝါး၍ တစ်ဖက်လူရဲ့ ကျောပေါ်တွင် အညီအမျှ လိမ်းပေးသည်။ မော့ရစ်ကန်းရဲ့ နံရိုးအောက်တွင် ကျန်ရှိသော ဆေးများကို လိမ်းပေးသည်။
မော့ရစ်ကန်း: "အိပ်တော့....အရမ်းနောက်ကျနေပြီ"
လုရွှီအတွက် ဤနေ့တိုက်ပွဲက သူ့စိတ်နှင့် ခန္ဓာကိုယ်အပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိသောကြောင့် သူသည် ဂူထဲတွင် တဖြည်းဖြည်း အိပ်ပျော်သွားသော်လည်း ဆောင်းညက ပိုပိုအေးလာရာ လုရွှီ အိပ်ပျော်နေရာမှ တုန်ရီနေခဲ့သည်။ မော့ရစ်ကန်းလည်း ခဏအကြာတွင် မတတ်နိုင်တော့ဘဲ ဝံပုလွေကြီး တစ်ကောင်အဖြစ် ပြောင်းလိုက်ကာ လုရွှီကို သူ့လက်နှစ်ဖက်ဖြင့် ဆွဲယူ၍ ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ လုရွှီလည်း ဝံပုလွေအမြှီးကို သူ့လက်နှစ်ဖက်ကို ကိုင်ကာ မီးပုံထဲသို့ မျက်နှာမူကာ လူတစ်ဦးနှင့် ဝံပုလွေတစ်ကောင် အတူတူ အိပ်စက်ခဲ့လေသည်။
.......
လေအေးက ညဉ့်နက်အချိန်မှာ ညည်းတွားသံအလား တိုက်ခတ်နေ၏။ ချင်လျောင့်၏ အိမ်တွင် ဧည့်ခန်းတစ်ခန်းသာ ရှိသည်။
လီကျင်လုံသည် ငယ်စဉ်က လုကျီ၏ စာအုပ်များကို ကူးယူခဲ့ပြီး သူ၏လက်ရေးသည် အလွန်လှပသောကြောင့် လက်ရေးလှနောက်ခံ ရှိသည့် တပည့် ချိုးယုံစစ်ပင်လျှင် သူ့ထက်နိမ့်သည်ဟု ခံစားခဲ့ရသည်။ ဟုန်ကျွင့်က စောင်ကြားထဲကနေ ခေါင်းမော့ကြည့်ရင်း မေးသည်။
"ခင်ဗျား ဘယ်သူ့ဆီကို စာရေးနေတာလဲ"
"အိမ်ရှေ့စံမင်းသားဆီ... မင်းအိပ်ငိုက်နေရင် အိပ်ရာဝင်တော့လေ မကြည့်နဲ့တော့"
ဟုန်ကျွင့်ဟာ ထိုက်ဟန်တောင်ထိပ်မှာ နေထိုင်ခဲ့ဖူးပြီး ချုံမင်ကလည်း ပြင်းထန်တဲ့ အအေးဒဏ်ကို တစ်ခါမှ မကြုံဖူးတာမို့ သူက မေးလိုက်သည်။
"လူ့လောကရဲ့ ဆောင်းတွင်းက ဒီနေ့မှ အရမ်းအေးတာလား.... နှစ်တိုင်းဒီလိုပဲလား?"
"နှစ်တိုင်း ဒီလိုပါပဲ" လီကျင်လုံက ဟုန်ကျွင့်ကို စိုက်ကြည့်ကာ ဆိုသည်။
"မင်းရဲ့ အိပ်ယာကို နွေးနွေးထွေးထွေး ဖြစ်အောင် လုပ်ထားပေးပါလား"
ဟုန်ကျွင့်သည် နွေဦးလိပ်ကဲ့သို့ ခေါင်းကို စောင်အောက်တွင် တင်းတင်းကျပ်ကျပ် ထုပ်ထားလိုက်သည်။
ဟုန်ကျွင့် :"?"
လီကျင်လုံ စာရေးခြင်းတစ်ဝက်တွင် တုံ့ဆိုင်းနေပြီး မရေးနိုင်တော့ပေ။ ချင်လျောင့် ပြောသည့်စကားကို အမှန်အတိုင်း ပြန်ပြောပြလိုက်ရင် အိမ်ရှေ့စံ မင်းသားနှင့် ကဲရှူးဟန့်တို့ကြား အကွဲအပြဲတွေ ဖြစ်သွားနိုင်သည်။ သူကတော့ လှည့်ကွက်တစ်ခုခု သံသယရှိသည်။
"စာမရေးနဲ့တော့..." ဟုန်ကျွင့် ရက်အတော်ကြာ ပြေးပြီး အိပ်ငိုက်နေချေပြီ။
"လာအိပ်တော့... ခင်ဗျားအအေးမိတာ မသက်သာသေးဘူး"
လီကျင်လုံလည်း စိတ်ရှုပ်ပွသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် သူသည် စာတစ်စောင်ကို ဆုတ်ဖြဲကာ အပေါ်ထည် အင်္ကျီကို ချွတ်ကာ အိပ်ရာထဲသို့ ဝင်သွားလိုက်၏။ အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေပုံမှာ အိမ်ခေါင်မိုးကိုပါ မှုတ်ထုတ်လုနီးပါး ဖြစ်နေချေပြီ။
ဟုန်ကျွင့်: "ဘာလို့ အပြင်ထွက်လိုက်တာနဲ့ ဘယ်သွားသွား အခန်းတစ်ခန်းပဲ ရှိရတာလဲ"
"အိုး... ကိုယ်တောင် မင်းကို မစွန့်ပစ်ရသေးဘူး မင်းက ကိုယ့်ကို စွန့်ပစ်တော့မယ်ပေါ့"
လီကျင်လုံ ဟုန်ကျွင့်ကို ငုံ့ကြည့်လိုက်သည်။ ဟုန်ကျွင့်ကတော့ ကမန်းကတမ်း 'မဟုတ်ဘူး' ဟု အမြန်ပြောလိုက်သည်။ အမှန်တကယ်တော့ လီကျင်လုံ၏ တစ်ကိုယ်လုံး နွေးထွေးနေပြီး သူ့ရင်ဘတ်ရှိ နှလုံးမီးအိမ်ကိုလည်း ခံစားနိုင်လေရာ သူ့ကို အရမ်းသက်တောင့်သက်သာ ဖြစ်စေတယ်။
"ကျွန်တော်က သိချင်ရုံသက်သက်ပါ..."
"ဒီအချိန် ချန်အန်းမှာလည်း အရမ်းအေးနေမှာ"
လီကျင်လုံက ပေါ့ပေါ့ပါးပါးလေး ပြောပြသည်။ စကားအနည်းငယ် ပြောနေကြရင်း ဟုန်ကျွင့်တစ်ယောက် အိပ်ချင်မူးတူးနဲ့ သူ့ဘာသာသူ ဘာတွေပြောနေမိမှန်း မသိတော့ချေ။ မနေ့ညက အိပ်ခဲ့သော စစ်တန်းလျားထက် ချင်လျောင့်အိမ်က သက်သောင့်သက်သာဖြင့် ရှိကြောင်း ပွစိပွစိနဲ့ ပြောနေ၏။ လီကျင်လုံက သူ့လက်နှစ်ဖက်ကို ဖွင့်ပေးထားတာ ဟုန်ကျွင့်ကတော့ သူ့ရင်ဘတ်ကို မှီကာ အိပ်ပျော်သွားခဲ့သည်။
ရှည်လျားသော ညတာ၏ အဆုံးမဲ့ အမှောင်ထုထဲတွင် ဟုန်ကျွင့် ထူးဆန်းသော အိပ်မက်တစ်ခုမမက်မီ သူမည်မျှကြာအောင် အိပ်ပျော်သွားမှန်း မသိ။ ထိုအိပ်မက်ထဲတွင် အနက်ရောင်မီးအောက်တွင် လူတစ်ယောက် တောက်လောင်နေ၏။
“ကယ်ပါ…ကယ်ပါ…”
လူတစ်ယောက်ရဲ့ အသံက သူ့နားထဲ၌ ထွက်ပေါ်လာသည်။ ဟုန်ကျွင့် ပါးစပ်ကိုဖွင့်ပြီး စကားပြောချင်ပေမယ့် အသံက မထွက်လာချေ။
တခဏအတွင်းမှာပင် မရေမတွက်နိုင်သော အမှတ်ရစရာများ ပေါ်လာပြီး နတ်ဆိုးနှင်ဌာန၏ အပြင်ဘက်တွင် တောက်ပသောဓားကို ကိုင်ဆောင်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ စစ်သည်တော်တစ်ဦး ရှိပြီး သူ့မိဘများသည် ထိုစစ်သည်ရှေ့တွင် ဒူးထောက်နေကြသည်။
"ငါ့မှာ တစ်ဦးတည်းသောသားလေးပဲ ရှိတာ..."
နောက်တစ်ကြိမ် မီးတောက် လာသောအခါတွင် ဟုန်ကျွင့်က တခြားလူတစ်ယောက် ဖြစ်လာသလို ခံစားလာရ၏။ သူသည် အရပ်ပိုရှည်လာကာ ယောကျ်ားတစ်ယောက်နဲ့ လှပတဲ့ အမျိုးသမီးတစ်ဦးက နွေးထွေးသော နွေဦးပန်းပွင့်များ ပွင့်လန်းတနသော ခြံဝင်းထဲတွင် ရပ်ကာ လမ်းသွားလမ်းလာမျာူကို ဘေးတိုက်ကြည့်နေလေသည်။
ချက်ချင်းပင် အနက်ရောင်မီးသည် ဟုန်ကျွင့်ရဲ့ တစ်ကိုယ်လုံးကို လောင်ကျွမ်းသွားလေရာ သူ့ခမျာ ထိတ်လန့်သွားပြီး အဆက်မပြတ် နောက်ဆုတ်သွားခဲ့သည်။
"ခေါင်းဆောင်--!"
ဟုန်ကျွင့် ရုတ်တရက် မျက်လုံးဖွင့်ပြီး ထထိုင်လိုက်သည်။ အပြင်မှာ လေတိုက်နေတုန်းပါပဲ။ ကောင်းကင်က မှောင်နေပြီး ညက ကုန်ဆုံးသွားပေမယ့် ကုတင်ဘေးမှာတော့ လီကျင်လုံက ပျောက်နေ၏။ စားပွဲပေါ်တွင် စာရွက်လေးတစ်ရွက်နဲ့ ဖီးနစ်အမွေးကို ချန်ထားခဲ့သည်။
[မနက်အစောကြီး... ဝူရှန်းဘက်က ညဘက်မှာ အလောင်းတစ္ဆေတွေ ရုတ်တရက် တိုက်ခိုက်ခံရတယ်ဆိုလို့ မြို့ဝန်ချင်နဲ့ ကိုယ် အခြေအနေကို လေ့လာကြည့်ဖို့ သွားတယ်]
ဟုန်ကျွင့် ဖီးနစ်အမွေးကို ဖမ်းကိုင်လိုက်ပြီး သူ့ရင်ခွင်ထဲ ထည့်ကာ အဝတ်လဲလိုက်သည်။ ထို့နောက် လေပြင်းတွေကြား ပြေးထွက်သွားတော့သည်။