Chapter 219
မူရုံနှင့် ထပ်တွေ့ခြင်း
ဝမ်မျိုးနွယ်အစေခံများက ချန်ရုံ၏အမိန့်ကိုလက်ခံပြီးနောက်တွင် သူတို့လန်ကျွင်းကိုလှည့်ကြည့်လာကြသည်။
ဝမ်ဟုန်က ချန်ရုံကိုကြည့်နေဆဲဖြစ်သည်။ သူကအကြည့်လွှဲပြီးနောက် အလေးမထားစွာခေါင်းညိတ်ပြလိုက်သည်။
သူ၏ခွင့်ပြုချက်နှင့်အတူ နောက်ဆက်တွဲကိစ္စများက သဘာဝအတိုင်းဖြစ်သွားသည်။ သူတို့က တစ်နေ့တည်းတွင် ငွေသေတ္တာသုံးရာနှင့်အတူ ထွက်ခွာသွားကြသည်။
ချန်ရုံက နန်ယန်တွင်ချန်ထားခဲ့သော သူမ၏အစေခံများကို တွေ့ပြီးပြီဖြစ်သည်။ သူမမျှော်လင့်ထားသလိုပင် သူမဝယ်ထားခဲ့သော မြေယာနှင့်ဆိုင်ခန်းများသည် ဟူလူမျိုးများဆုတ်ခွာသွားကတည်းက ဆယ်ဆထိအောင် ဖြေးဖြေးချင်းတိုးတက်လာနေပြီဖြစ်သည်။
ဤအရာက အစဘဲရှိသေးသည်ကို သူမသိသည်။ သူမ၏မှတ်ဉာဏ်ထဲတွင် နန်ယန်ရှိပိုင်ဆိုင်မှုများသည် ဆယ်စုနှစ်တစ်ခုအတွင်း ဆယ်ဆထက်ပိုအောင် တိုးလာဦးမည်ဖြစ်သည်။ သူမ၏အစောပိုင်းရင်းနှီးမြုပ်နှံမှုများသည် အဆ ရာနှင့်ချီအောင် တန်ဖိုးရှိလာလိမ့်မည်။
အကယ်၍ ဘာမှမမျှော်လင့်ထားတာမျိုး မဖြစ်ခဲ့ဘူးဆိုပါက အနာဂတ်တွင် သူမက ငွေကြေးနှင့်ပတ်သက်ပြီး စိုးရိမ်စရာလိုတော့မည်မဟုတ်ပေ။
နောက်ရက်အနည်းငယ်အတွင်း ဝမ်ဟုန်ကို ဘယ်နေရာမှာမှမတွေ့ရပေ။ ချန်ရုံကတော့ ထိုကောင်စုတ်က မောယန်အဝိုင်းခံရမှုနောက်မှ အမှန်တရားကိုသွားရှာနေခြင်းဖြစ်လိမ့်မည်ဟု ယူဆလိုက်သည်။
သူ၏ပျောက်ကွယ်မှုနှင့်အတူ ဝမ်မျိုးနွယ်အစောင့်အများစုကလည်း လိုက်ပါသွားကြသည်။ မောယန်တွင်မြေဝယ်ရန် ကျန်နေခဲ့သောအစောင့်မှလွဲလျှင် အခုချိန်တွင် ချန်ရုံဘေး၌ အစောင့်ဆယ်ယောက်သာကျန်နေခဲ့သည်။
နန်ယန်က တေးသံများ၊ ပျော်ရွှင်မြူးတူးသံများနှင့် ပြည့်နှက်နေဆဲဖြစ်သည်။
.
ချန်ရုံက စာသားများကို အဝေးရှိရထားလုံးပေါ်မှ အသံတိတ်နားထောင်နေလိုက်သည်။ သူမက နေဝင်နေသောကောင်းကင်ကိုကြည့်ကာ ပြောလိုက်သည်။
“ချန်အိမ်တော်ကို အလည်သွားရအောင်”
“ဟုတ်ကဲ့ပါ”
ချန်အိမ်တော်သည် ဝင်ထွက်သွားလာနေသောလူအုပ်ကြီးများနှင့် ပြည့်နေကျဖြစ်ခဲ့သည်။ အခုတွင်မူ ကြောက်စရာကောင်းလောက်အောင်ခြောက်ကပ်နေ၏။ အမှန်ပင် အိမ်တော်သခင်များက ဒီမှာမရှိသလို အစေခံများကလည်း အိမ်တော်ကိုထိန်းသိမ်းရုံသာလုပ်ကြသောကြောင့် ယခင်ကလိုအသက်မဝင်နေပေ။
တံခါးစောင့်ကို သူမ၏အထောက်အထားပြောပြပြီးနောက် ရထားလုံးကို တစ်ခါတုန်းက သူမနေခဲ့ဖူးသော ခြံဝင်းဆီသို့မောင်းသွားခိုင်းလိုက်သည်။
တံခါးက မပိတ်ထားပေ။
ချန်ရုံက အောက်ဆင်းလာကာ တံခါးလေးလေးကြီးကိုတွန်းပြီး အထဲသို့ဝင်သွားသည်။
ခြံဝင်းက သန့်ရှင်းသပ်ရပ်နေရမည့်အစား ဗလာဖြစ်နေသည်။ ထောင့်နားရှိမြက်များဆိုလျှင် ဒူးလောက်ရှည်နေပြီဖြစ်သည်။
ချန်ရုံက ခနလောက် အတွေးလွင့်စွာရပ်နေလိုက်သည်။ ဖျင်မြို့ရှိအိမ်တော်က သူမမျက်လုံးထဲတွင် ဖျတ်ခနဲပေါ်လာပြီး ထို့နောက် သူမ၏အရင်ဘဝမှရန်မင်း၏အိမ်တော်သို့ပြောင်းသွားသည်။ ချန်ဝေ့နှင့် ချန်ချမ်တို့က ခြံဝင်းထဲတွင်ထိုင်ကာ ရယ်မောပြီးစနောက်နေကြပုံပေါ်သည့်အချိန်တွင် သူမခေါင်းရမ်းလိုက်သည်။
ချန်ရုံက မျက်စိမှိတ်ကာ သက်ပြင်းချလိုက်သည်။
“ငါတို့အပိုင်မဟုတ်တာတွေက ဘယ်တော့မှ ငါတို့အပိုင်ဖြစ်လာမှာမဟုတ်ဘူး”
သူမဝင်သွားသည်ကို မြင်သောအခါ အစောင့်များက သူမနောက်မှလိုက်လာကြသည်။ သူမက လက်ရမ်းကာပြောလိုက်သည်။
“ခနလောက် ကျွန်မတစ်ယောက်ထဲနေချင်တယ်”
“ဟုတ်ကဲ့ပါ”
လှေကားထစ်ဆီသို့ရောက်သောအခါ ရှေ့တိုးပြီး ဧည့်ခန်းမကြီး၏တံခါးကို တွန်းလိုက်သည်။
ကျွီခနဲအသံနှင့် ပွင့်လာသောအခါ ချန်ရုံတစ်ယောက် အထိန်းတော်ဖျင်၏ပြုံးနေသောမျက်နှာကို မြင်ယောင်သွားသည်။ သူမမျက်တောင်ခတ်ပြီး ပြန်ကြည့်လိုက်သောအခါ တွဲလောင်းကျနေသောပင့်ကူမျှင်များကိုသာမြင်လိုက်ရသည်။
သက်ပြင်းချသံတိုးတိုးနှင့် ချန်ရုံက တံခါးကိုပိတ်ကာ အထဲဆက်ဝင်သွားသည်။
သူမက ခန်းမနှင့် ကပ်လျက်အခန်းများကိုကျော်လာပြီး သူမ၏အိပ်ခန်းဆီသွားလိုက်သည်။
၎င်းက အနည်းငယ်ဖုန်ထူနေသည်မှလွှဲ၍ သူမမှတ်မိထားသည့် အတိုင်းပင်ဖြစ်သည်။ တစ်ယောက်ယောက်လာပြီး သန့်ရှင်းရေးမလုပ်သည်မှာ အတော်ကြာလောက်ပြီဖြစ်မည်။
ချန်ရုံက အိပ်ရာဆီသွားသောအခါ သူမနောက်မှ ခြေသံများကိုကြားလိုက်သည်။ သူမကအတွေးလွင့်နေရာမှ သတိဝင်လာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ကျွန်မအနောက်က မလိုက်လာပါနဲ့လို့ မပြောခဲ့ဘူးလား”
သူမပြောပြီးပြီးချင်း ရုတ်တရက်ဆိုသလို လေပြင်းတစ်ချက်တိုက်လာ၏။ သူမတုန်ယင်သွားပြီး ခေါင်းလှည့်လိုက်သောအခါ လည်ပင်းထက်မှ စူးရှသောနာကျင်မှုတစ်ခုကိုခံစားလိုက်ရသည်။ သူမ၏မျက်လုံးများက အမှောင်ကျသွားကာ နေရာမှာတင် မေ့လဲသွားလေသည်။....
ချန်ရုံက မနက်ခင်းလေပြေကြောင့် သတိရလာသည်။
သူမမျက်လုံးများဖွင့်လိုက်သောအခါ အရှေ့ဘက်မှနေ၍ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးပေါ်သို့ အလင်းဖြာပေးနေသော ရွှေရောင်နေမင်းကြီးက ကြိုဆိုနေသည်။ သေချာကြည့်မည်ဆိုပါက ခြေလှမ်းတစ်ရာအကွာတွင်ရှိနေသော ပေါ့ပလာပင်မှအရွက်များသည် တဖိတ်ဖိတ်တောက်နေသည်ကို တွေ့နိုင်သည်။
လတ်ဆတ်ကာ အေးချမ်းနေသောလေကို တစ်ချက်ရှူလိုက်ပြီးနောက် ချန်ရုံကသူမအနောက်တွင် တခုခုကိုခံစားလိုက်ရသည်။
သူမလှုပ်လာလာချင်းတွင် ဆွဲငင်နိုင်စွမ်းရှိသော ယောက်ျားအသံထွက်ပေါ်လာသည်။
“မင်းသတိရလာပြီလား”
ချန်ရုံက သိမ့်သိမ့်တုန်သွားသည်။
သူမက ထခုန်လိုက်မိမလိုဖြစ်သွားပြီး သူ့ကိုလှည့်ကြည့်လိုက်သည်။
သူမက နောက်ကျောပေးထားသော ယောက်ျားကိုမြင်လိုက်သည်။ သူက ငယ်ရွယ်ပုံပေါက်ကာ လှပသောပုံစံရှိသည်။ သူက သူ့လက်ထဲရှိ သစ်သားနှင့် ကျောက်စိမ်းအပိုင်းစကို ငုံ့ကြည့်ကာ ပြုလုပ်နေ၏။ သစ်သားစများကိုဖြတ်၍ သူ၏ပါးလျသောနှုတ်ခမ်းကို သူမတွေ့နေရသည်။
ဤလူက ကြေးနီရောင်မျက်နှာဖုံးကို တပ်ထား၏။ အပြာရောင်ဝတ်ရုံနှင့် ပုံစံကစံချိန်တင်နိုင်ပြီး ခမ်းနားကြီးကျယ်သည်။ ခက်ထန်သောမျက်နှာဖုံးအောက်တွင် လှပသောမေးရိုးနှင့် ပါးလျသောနှုတ်ခမ်းက ဆန်းကြယ်သောအလှတရားကိုဖော်ပြနေသည်။
ချန်ရုံက ပြောလိုက်သည်။
“မူရုံခယ်လား”
ထိုယောက်ျားက လက်ထဲမှသစ်သားစကိုချကာ သူမကိုလှည့်ကြည့်လာသည်။
သူ့ဆီတွင် နက်ရှိုင်းကာ အဆုံးမဲ့သည့် မျက်လုံးများရှိသည်။ ရန်မင်း၏တူညီသော နက်ရှိုင်းသည့်မျက်လုံးများသည် ဖိနှိပ်နိုင်သော ငရဲ၏မီးတောက်ရှိနေသည်။ အခြားတစ်ဖက်တွင် သူ၏မျက်လုံးများကမူ ကျယ်ပြောသောပင်လယ်ကြီးက ကြိုဆိုနေသလိုပင်။
“ချန်အိမ်တော်က အားရုံ၊ မတွေ့တာကြာပြီနော်”
ထိုယောက်ျားက သူမကိုပြုံးပြလာသည်။
အရှင်းကြီးကို မျက်နှာဖုံးတပ်ထားသော်လည်း မူရုံခယ်၏အပြုံးက အချိန်နှောင်းနေသောနွေဦးလေပြေကဲ့သို့ပင်ဖြစ်သည်။
“ဟုတ်တယ်၊ မတွေ့တာအတော်ကြာပြီဘဲနော်”
ချန်ရုံကလည်း ပြုံးပြလာသည်။ သူမကဖြေးဖြေးချင်းထထိုင်လာပြီး သူမ၏ရှုပ်ထွေးနေသောဆံပင်ကို လက်ချောင်းဖြင့်ဖြီးနေလိုက်သည်။
သူမကိုယ်သူမ မသန့်စင်ရသေးကာ သူမဆံပင်က ဖရိုဖရဲဖြစ်နေသော်လည်း ချန်ရုံက ဒီလိုမျိုးပြုံးလာပြီး ထထိုင်လာသောအခါ ကျက်သရေရှိမှု၊တင့်တယ်မှုနှင့် မင်းမျိုးမင်းနွယ်ဝင်များတွင်သာရှိသည့် အထက်စီးဆန်မှုမျိုးကို သယ်ဆောင်လာ၏။
....သို့သော် သူမ၏ဟန်ပန်က ဝမ်မျိုးနွယ်နှင့် ရှဲ့မျိုးနွယ်၏မျက်လုံးရှေ့တွင် ဘာမှမဟုတ်ပေ။ ၎င်းက ဟန်ဆောင်ထားခြင်းဖြစ်သည်ကို ဘယ်သူမဆိုပြောနိုင်သည်။ နောက်ဆုံးတွင်မူ ချန်ရုံ၏ဟန်မှာ မွေးရာပါမဟုတ်ဘဲ လေ့ကျင့်ယူထားခြင်းသာဖြစ်သည်။
သို့ရာတွင် သူမက ရှန်းပေမျိုးနွယ်စုမှလူကို ရင်ဆိုင်နေခြင်းဖြစ်သည်။
မူရုံခယ်က သူမအား ကောင်းမွန်ကာအထင်ကြီးသောအကြည့်တစ်ချက်ပေးလာသည်။ မျက်နှာဖုံးနောက်တွင် ပြုံးနေသောမျက်လုံးများနှင့် သူကပြောလာသည်။
“ဒီနေ့အထိ ငါ့စစ်သားတွေက ဝတ်ရုံဖြူဝတ်ပြီး စစ်မြေပြင်ထဲဝင်လာတဲ့ ချန်အိမ်တော်ကအားရုံအကြောင်းကို အခုထိပြောနေတုန်းကြဘဲ၊ ငါ့ညီအကိုနဲ့ ညီမတွေတောင်မှ မင်းကိုသဘောကျနေကြတုန်းဘဲ မင်းရဲ့ကြီးမြတ်မှုတွေကို မျက်မြင်တွေ့ချင်နေကြတာ၊ မင်းကလာတာရော ထွက်သွားတာရောမြန်လွန်းလို့ အဲ့ဒီနေ့တုန်းက ငါ့မှာ မင်းကိုကောင်းကောင်းကြည့်ဖို့တောင် အချိန်မရလိုက်ဘူး အဲ့ဒါကြောင့် ဒီနေ့မှာ ငါတို့ရဲ့မပြီးဆုံးသေးတဲ့ ကိစ္စရပ်*တွေကို ဆက်လုပ်ဖို့ မင်းကိုအထူးတလည်ဖိတ်လိုက်တာဘဲ”
(Tn; ဒီကိစ္စရပ်တွေဆိုတဲ့နေရာမှာ သူက
前缘 ဆိုတဲ့စကားလုံးကိုသုံးသွားပါတယ်။ ကံတရားကစီစဉ်ထားတဲ့နှောင်ကြိုးတွေ၊ အတိတ်ဘဝမှချစ်ခြင်း အစရှိသဖြင့်အဓိပ္ပါယ်ကိုဆိုလိုပါတယ်)
သူ၏အသံနိမ့်က နွေရာသီတွင်ဖြတ်တိုက်သွားသော လေညှင်းလေးလိုပင်ဖြစ်သည်။
ဒီလိုအသံနှင့် သူ၏အမူအကျင့်မျိုးသည်....ကျန့်ခန်းမှမင်းမျိုးမင်းနွယ်ဝင်များအနေဖြင့် ဒီကလူများသည် ရှန်းပေမျိုးနွယ်စု၏ အစုအပြုံလိုက်သတ်ခြင်းကိုခံနေရသည်ကို သိနေလျှင်တောင်မှ မနေနိုင်ဘဲ သူ့ကိုချီးကျူးမိကြမှာဖြစ်သည်။
“မပြီးဆုံးသေးတဲ့ ကိစ္စကို ဆက်ဖို့လား”
ချန်ရုံက ချောင်းဟန့်လိုက်သည်။
“ချစ်လှစွာသောအရှင်ခယ် အရှင်က နန်ယန်ကိုခိုဝင်ပြီး ကျွန်မကိုဒီနေရာဆီပြန်ပေးဆွဲလာတာတွေအားလုံးက မပြီးဆုံးသေးတာတွေကို ဆက်လုပ်ဖို့ဘဲလား”
ချစ်လှစွာသောအရှင်ခယ်ဟူသည်မှာ တပ်မှူးမူရုံခယ်အား မိန်းကလေးများက ချစ်စနိုးပေးထားကြသောနာမည်ဖြစ်သည်။ ချန်ရုံက သူ့ကိုဤသို့ခေါ်ဝေါ်လာသောအခါ စနောက်ကျီစယ်နေသလိုပင်။
သူမက ထေ့ငေါ့သည်ဟုထင်ရအောင် နေရောင်ကဲ့သို့ဖြာထွက်နေသော သူမ၏အပြုံးလှလှကို ဖုံးလိုက်သည်။
“သေချာပေါက်ပါဘဲ”
မူရုံခယ်က ရယ်လိုက်သည်။
သူက တပ်သားများအား လက်ရမ်းကာ စားစရာနှင့် ဝိုင်ယူလာပေးရန် ပြောလိုက်သည်။
“ငါကြားတာတော့ မင်းက ငါ့သူငယ်ချင်းကောင်းနှစ်ယောက်နဲ့ အရမ်းရင်းနှီးနေတယ်ဆို၊ ရန်မင်းနဲ့ ဝမ်ဟုန်လေ။ ငါဆိုတဲ့မူရုံခယ်က ဟူလူမျိုးတစ်ယောက်ဘဲ၊ တကယ်လို့ငါသာ ရိုးရိုးနည်းလမ်းတွေကို သုံးနိုင်မယ်ဆိုရင် ရှုပ်ထွေးတဲ့ကိစ္စတွေလုပ်ပြီး ငါ့အချိန်တွေကိုဖြုန်းတီးမှာမဟုတ်ဘူး”
အခုချိန်တွင် ချန်ရုံနားလည်သွားပြီဖြစ်သည်။
သူက ဝမ်ဟုန်နှင့်ရန်မင်းကို မျှားခေါ်ရန် သူမကိုငါးစာအဖြစ်သုံးချင်နေခြင်းဖြစ်သည်။
သူက နန်ယန်တွင် သူ့လူများကိုနေရာချထားလောက်သည်။ သူမရောက်လာသည်ကို သိသွားသည်နှင့် ပြန်ေပးဆွဲရန်အခွင့်ကောင်းကိုစောင့်နေခြင်းပင်။.....ဟူလူမျိုးတို့သည် ဤနေရာတွင်ဂျင်လူမျိုးများနှင့် ကွာခြားပေသည်။ ဂျင်တော်ဝင်မျိုးနွယ်တို့သည် တစ်စုံတစ်ယောက်ကိုခြိမ်းခြောက်ရန်အတွက်နှင့် မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲမည်မဟုတ်ပေ။
လူရိုင်းများသည် အမြဲတမ်းလူရိုင်းလိုသာဖြစ်နေလိမ့်မည်။ ရှန်းပေမှမင်းမျိုးမင်းနွယ်ဝင်များသည် ဂျင်လူမျိုးပညာရှိများမှ အများအပြားသင်ယူထားလျှင်တောင်မှ ကိုယ်တွင်းထဲမှ အထက်စီးဆန်မှုနှင့် ကိုယ့်ကိုကိုယ်လေးစားမှုတို့ကိုမူ ရိုးရှင်းစွာပင် အတုယူ၍မရနိုင်ပေ။
ချန်ရုံက သူ့ကိုအထင်သေးနေသော်လည်း ထိုသူကိုစိတ်သွားစွရလောက်သည်အထိတော့ ရူးမိုက်မနေပေ။ သူမက ထကာ ခပ်ဖျော့ဖျော့ပြောလိုက်သည်။
“ချစ်လှစွာသောအရှင်ခယ်က ကျွန်မကိုဒီနေရာဖိတ်လာမှတော့ ကျွန်မကိုယဉ်ကျေးမှုတစ်ချို့တော့ ပြသင့်တာပေါ့၊ အရှင့်ရဲ့အစေခံတွေကိုခေါ်ပြီး ကျွန်မဆေးကြောသန့်စင်ဖို့ ကူညီခိုင်းပေးပါ”
သူမ၏စကားလုံးများသည် ပိုင်စိုးပိုင်နင်းနိုင်မှုများပြည့်နှက်နေသည်။
မူရုံခယ်က ဒေါသမထွက်သွားပေ။ သူကရယ်မောကာ ညာဘက်လက်ကိုရမ်းပြလိုက်သည်။
“ဒီမိန်းမပျိုကို သူမရဲ့တဲဆီခေါ်သွားပြီး ကောင်းကောင်းပေးအနားယူလိုက်ပါ”
“အမိန့်အတိုင်းပါ အရှင်”
ဟန်လူမျိုး၊ အမျိုးသမီးများက သူ့ကိုပြန်ဖြေလာသည်။ ချန်ရုံလှည့်ကြည့်လိုက်သောအခါ သူမနောက်တွင် တာဝန်ကျေစွာရပ်နေကြသည့် အစေခံလေးယောက်ကိုတွေ့လိုက်သည်။ ဤအစေခံအမျိုးသမီးတိုင်းက ဆွဲဆောင်မှုရှိကာ ရှက်ရွံ့သောဟန်ဖြင့် လှပစွာဝတ်ဆင်ထားကြသည်။ သို့သော်ငြား သူတို့၏လှုပ်ရှားမှုနှင့် အကြည့်များကတောင့်တင်းနေကာ အကြောက်တရားများကိုမူဖျောက်ဖျက်၍ရမနေပေ။ အရှင်းအလင်းပင် သူတို့သည် ဟူလူမျိုးများဖမ်းဆီးခြင်းကိုခံလိုက်ရသော ဟန်လူမျိုးများသာဖြစ်သည်။
ချန်ရုံက သူတို့ကိုတစ်ချက်ကြည့်ကာ ထိတ်လန့်လာသည်။ အခုချိန်မှသာ သူမက အပြည့်အဝသတိဝင်လာပြီး သူမကိုယ်သူမ ဘယ်လိုအခြေအနေမျိုးထဲတွင်ရှိနေသည်ကို ကောင်းကောင်းနားလည်သွားသည်။
သူမက ဟူလူမျိူးများ၏လက်ထဲသို့ ကျရောက်နေပြီဖြစ်သည်။
မိုးကောင်းကင်က အရမ်းအဓိပ္ပါယ်မဲ့လိုက်တာ။ သူမက အခုချိန်မှ ပိုင်ဆိုင်မှုနှင့် မျှော်လင့်ချက်ကို ရရှိလာခြင်းဖြစ်သည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းတွင် သူမကအန္တာရာယ်ကြားထဲ ဆွဲခေါ်ခံလိုက်ရသည်။
သူမက တကယ်ပင် ဟူလူမျိူးများ၏လက်ထဲသို့ ရောက်သွားသည်။
အချိန်တိုအတွင်းတွင် အနီးနားမှတပ်သားများ၏ ရယ်သံနှင့် မြင်းဟီသံများ၊ တဖျတ်ဖဖျတ်တိုက်နေသောလေများ...အရာအားလုံးက ဝိုင်းဝိုင်းလည်နေကာ အဝေးသို့ဆွဲခေါ်နေသလိုပင်။
ချန်ရုံ၏စိတ်ရှုပ်ထွေးမှုကို ခံစားမိသောအခါ မူရုံခယ်၏နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်လာသည်။ သူက သူမနောက်တွင်ရပ်လိုက်ပြီး ဆွဲငင်နိုင်စွမ်းရှိကာ ညင်သာသောအသံဖြင့်ပြောလာသည်။
“မကြောက်ပါနဲ့ အားရုံ၊ မင်းက ငါ့ရဲ့အထူးဧည့်သည်လေ”
ထို့နောက် သူကဆက်ပြောလာသည်။
“မင်းရဲ့ ချစ်လှစွာသော ဝမ်ဟုန်၊ ဒါမှမဟုတ် ရန်မင်းတို့ရောက်လာပြီး မင်းကိုအိမ်ပြန်ခေါ်ဖို့က သိပ်မကြာတော့ဘူးလို့ ငါထင်တယ်”
သူ၏ဩဇာတိက္ကမနှင့် ပြည့်စုံသောအသံက ချန်ရုံကို အတွေးလွင့်နေရာမှ ဖြေးဖြေးချင်းသတိဝင်လာစေသည်။
သူမက ပြုံးကာ နောက်ကျောကိုဆန့်လိုက်ပြီး နောက်ကိုပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
“အရှင်က ဟန်သူရဲကောင်းတွေကလည်း ဟူလူမျိုးတွေနဲ့ အတူတူဘဲဖြစ်လိမ့်မယ်လို့ ထင်နေတာလား၊ သူတို့က သူတို့ရဲ့ရည်ရွယ်ချက်ကို မိန်းကလေးတစ်ယောက်အတွက်နဲ့ အရှူံးပေးလိုက်မယ် ဆိုပြီးတော့လေ”
“ချစ်လှစွာသော အရှင်ခယ်ရေ၊ ဒီတစ်ကြိမ်တော့အရှင်က လူယုတ်မာလိုကစားရင်း အရှင့်အချိန်တွေကို ဖြုန်းတီးလိုက်မိတာဘဲ”
ထိုသို့ပြောပြီးနောက် သူမကမာနကြီးစွာပင် ဖြေးဖြေးချင်းလျှောက်သွားသည်။
.
ဟန်လူမျိုး အမျိုးသမီးများက သူမနောက်မှ အလျင်အမြန်လိုက်သွားကြသည်။
ချန်ရုံက အဓိကတပ်မှူးတဲ၏ ဘေးမှ တဲဆီသို့လျှောက်သွားသည်။ သူမဖြတ်သွားသောအခါ ဟူတပ်သားများက အချိန်နှင့်အမျှ အော်ဟစ်ကာ သူမကိုလက်ညှိုးထိုးလာကြသည်။
“ကိုယ်လက်သန့်စင်ဖို့ ကူညီပေး”
သူမပြောပြီးပြီးချင်း မကြာခင်မှာဘဲ သူတို့ကတဲထဲသို့ လိုက်ဝင်လာကြသည်။
“ဟုတ်ကဲ့ပါ”
အစေခံများက ရေဇလုံတစ်ခု၊ ပုဝါတစ်ထည်နှင့် ကြေးဝါရောင်ကြေးမုံတို့ကို သူမဆီယူလာကြသည်။
ချန်ရုံက ထိုင်ကာ ကြေးမုံထဲကြည့်လိုက်သည်။ သူမကိုပြန်ကြည့်လာသောမိန်းကလေးသည် နွေရာသီတွင်ပွင့်သော ပန်းကဲ့သို့ပင်လှပနေဆဲဖြစ်သည်။ သူမအကြည့်များက ရွှေဆံထိုးပန်ဆင်ထားသည့် သူမ၏ဖရိုဖရဲဖြစ်နေသောဆံပင်ဆီရောက်သွားသည်။ သူမက ဆံထိုးကိုမြင်သောအခါ စိတ်အေးသွားသည်။
အစေခံမိန်းကလေးများက သူမအား ကိုယ်လက်သန့်စင်ရာ၌ ကူညီပေးနေချိန်တွင် ချန်ရုံက သူမ၏မျက်ခုံးများကို ကသောင်းကနင်းဖြစ်စွာ တွန့်ချိုးလိုက်သည်။
သူမသယ်လာသော အရာတွင် ဘာကဘယ်လောက်လေးသည်ကို သူမကလွှဲပြီး ဘယ်သူမှပိုမသိနိုင်ပေ။ ရန်မင်းက သူမကဲ့သို့အရေးမပါသော မိန်းကလေးတစ်ယောက်အတွက်နှင့် လုပ်ဆောင်မည့်ကိစ္စများကိုထိခိုက်စေမည်မဟုတ်ပေ။ ဝမ်ဟုန်ကရော။
ချန်ရုံက ခေါင်းခါလိုက်သည်။ သူက ဝမ်အိမ်တော်၏ ရွှေစင်ကဲ့သို့အဖိုးထိုက်သည့်ဆက်ခံသူဖြစ်သည်။ ဘယ်လိုလုပ်ပြီး သူကဒီလိုစွန့်စားမှုမျိုးကိုလုပ်နိုင်မှာလဲ။ ထို့အပြင် သူမက သူ၏နားနေချိန်များတွင် ဒီအတိုင်းအတူတူပျော်ပါးကာ အချိန်ကုန်ဆုံးသည့် မိန်းမသာဖြစ်သည်။ တိုင်းပြည်ရဲ့ကောင်းကျိုး၊ သူ့ရဲ့လုံခြုံမှုတွေကို သူမကဘယ်လိုယှဉ်နိုင်ပါ့မလဲ။ သူမကဘာမှ၊ ...ဘာမှဟုတ်မနေပေ။
အထိန်းတော်ဖျင်နှင့် အဖိုးစွင်းတို့ကသာ ဤလောကကြီးတွင် သူမကိုတကယ်ဂရုစိုက်ပေးသည့် သူများဖြစ်နိုင်သည်။ သူမ၏အကိုကြီးကလည်း သူမက သူ့ရှေ့တွင်ရပ်နေနိုင်ချိန်တွင် သူမကိုချစ်မြတ်နိုးနိုင်သော်လည်း သူ့မြင်ကွင်းထဲမှ သူမ ပျောက်သွားသည်နှင့် မကြာခင်မှာဘဲ သူမကိုမေ့သွားလိမ့်မည်။
ချန်ရုံက အသက်ပြင်းပြင်းရှူကာ သူမ၏ပြန့်ကျဲနေသော အတွေးများကို ရပ်လိုက်သည်။ အံကြိတ်ကာ သူမကိုယ်သူမပြန်ပြောလိုက်သည်။
'ငါသေဖို့ကို ထိုင်ပြီးစောင့်မနေနိုင်ဘူး၊ ငါအခုရောက်နေတဲ့နေရာထိရောက်ဖို့ လွယ်ကူခဲ့တာမဟုတ်ဘူး၊ ဒီအတိုင်းငါအရှူံးမပေးနိုင်ဘူး။'