အပိုင်း 220
Viewers 24k

Chapter 220
သူမက ထိုက်တန်တယ်။



နန်ယန်သို့ ဝမ်ဟုန်ပြန်ရောက်လာသောအခါ မှောင်နေပြီဖြစ်သည်။

သူက ခြေသံများထွက်နေသောအခန်းထဲသို့ဝင်သွားသည်။

“တစ်ခုခုဖြစ်သွားတာလား”
သူကသတိရှိစွာ မေးလာသည်။

ဘာအဖြေမှပြန်မရလာပေ။ သူ၏လူများက ဒူးထောက်ချလာသောအသံများကိုသာ သူကြားလိုက်ရသည်။

ဝမ်ဟုန်က သဘက်ကိုလက်ခံလိုက်ပြီးနောက် လှုပ်ရှားမှုများကိုရပ်လိုက်သည်။ သူက ၎င်းအားညင်သာစွာချကာ အပြင်ဘက်သို့ထွက်လာသည်။

အစောင့်များက ခြံဝင်းထဲတွင် ဒူးထောက်နေကြကာ ဝမ်ဟုန်ကိုမျက်နှာချင်းဆိုင်ရန်ရှက်ရွံ့နေကြပြီး ခေါင်းမဖော်ရဲကြပုံပေါ်နေသည်။

ဝမ်ဟုန်က ရပ်သွားသည်။

အဆုံးတွင် သူကလှေကားထစ်ဆီသို့တက်သွားပြီး ဖြေးဖြေးချင်းမေးလိုက်သည်။
“ဘာဖြစ်သွားတာလဲ”

အစောင့်တစ်ယောက်က အရိုအသေပေးလာကာ နာကျင်မှုများကို‌ယူကာ‌ ပြောလိုက်သည်။
“ကျွန်တော်တို့ရဲ့ညံ့ဖျင်းမှုအတွက် တောင်းပန်ပါတယ်၊ ချန်အိမ်တော်ရဲ့အားရုံကို ချန်အိမ်တော်ကိုဝင်သွားပြီးနောက်မှာ ဘယ်နေရာမှာမှ ရှာမတွေ့တော့ပါဘူး”

“ဘယ်မှာမှ ရှာမတွေ့ဘူးလား”

ဝမ်ဟုန်၏အပြုံးက မသေမချာနှင့် ဖြူဖတ်ဖြူရော်ဖြစ်စွာ တစ်ဝက်တွင်ရပ်သွားသည်။

“အားရုံ ပျောက်နေတာ ဘယ်လောက်ကြာပြီလဲ၊ ပုံမှန်မဟုတ်တာမျိုးရှိခဲ့လား”

အစောင့်များက သူ၏ဤကဲ့သို့ပုံစံမျိုးကို ဘယ်တုန်းကမှမမြင်ခဲ့ဖူးပေ။ သူတို့က ခေါင်းများကို ငုံ့သထက်ပိုငုံ့လိုက်ကြသည်။ အခြားတစ်ယောက်က ရှက်ရွံ့စွာပြန်ဖြေလာသည်။

“ယမန်နေ့ မျောက်နာရီ(ညနေသုံးနာရီ)တည်းက ဘာ...ဘာမှထူးခြားတာမဖြစ်ခဲ့ပါဘူး အရှင်”
ခနကြာပြီးနောက် သူကထပ်ပြောလာသည်။

“ချန်အိမ်တော်က အစေခံတွေကိုလည်း စစ်ဆေးပြီးပါပြီ ဘာပုံမှန်မဟုတ်တာကိုမှ ရှာမတွေ့ခဲ့ပါဘူး”

ဘာမှပုံမှန်မဟုတ်တာမျိုး ရှိမနေတာတောင်မှ ကောင်းကောင်းကြီး သက်ရှိထင်ရှားဖြစ်နေတဲ့လူက ရုတ်တရက်ကြီးပျောက်သွားတာလား။

ဝမ်ဟုန်က သူတို့ကိုအေးစက်စွာစိုက်ကြည့်လိုက်သည်။ သူက မျက်လုံးပိတ်ကာ ပြောလာသည်။

“အဲ့ဒီလူတွေက ချန်အိမ်တော်ထဲကိုထိုးဖောက်ပြီး လူတစ်ယောက်ကိုသယ်ထုတ်သွားနိုင်ဖို့ဆိုတာ အသိအသာကို တော်တော်ကြီးလေ့ကျင့်ထားရလိမ့်မယ်။ အဲ့လိုလေ့ကျင့်ထားမှသာ မင်းတို့နှာခေါင်းအောက်ကနေလွတ်ထွက်သွားနိုင်မှာ၊ ဒါကိုကြည့်ရရင် ဒီလူတွေက ငွေကြေးပြည့်စုံတဲ့သူတွေဘဲဖြစ်မယ်”

သူ့မျက်လုံးများက အဝေးသို့ငေးကာ ရေရွတ်လာသည်။

“ရေရှည်အစီအစဉ်နဲ့ပြင်ဆင်ထားတာတွေ၊ ရှိန်လောက်တဲ့ လုပ်ကိုင်နိုင်စွမ်းတွေကိုကြည့်မယ်ဆိုရင်....ဒီလိုလူမျိုးက အမျိုးသမီးတစ်ယောက်ကို ကိုယ်ရေးကိုယ်တာလက်တုံ့ပြန်ဖို့အတွက် ဖမ်းခေါ်သွားမှာမဟုတ်ဘူး၊ သူတို့ရဲ့ရည်ရွယ်ချက်က ပိုပြီးကြီးလိမ့်မယ်....ငါ့ကိုသူတိုအသိလာပေးဖို့ သိပ်မကြာတော့ပါဘူး”

သူ့နောက်တွင်လိုက်နေသော ‌အစောင့်များမှာ ဝမ်အိမ်တော်၏ အကောင်းဆုံးလက်ရွေးစင်အစောင့်များ၏တစ်ချို့တဝက်ဖြစ်သည်။ သူ၏စကားလုံးများထွက်ကျလာသည်နှင့် သူတို့က သူဆိုလိုချင်သည်ကို နားလည်နေကြပြီဖြစ်သည်။

ဝမ်ဟုန်က သူတို့ကို ထပ်မံငုံ့ကြည့်လာသည်။

“မင်းတို့တွေက ငါ့ကိုတကယ်စိတ်ပျက်စေတာဘဲ”
သူက ဖျော့တော့စွာပြောလိုက်သည်။

သူ့လေသံက နူးညံ့နေ၏။

သို့သော်ငြား မြေပေါ်တွင်ဒူး‌ထောက်နေသော လူဆယ်ယောက်သည် ခေါင်းတောင်မဖော်ရဲကြတော့ပေ။ ချွေးများက သူတို့၏အရောင်ဖြူဖျော့နေသောမျက်နှာမှ စီးကျလာကြသည်။ ထို့နောက်တွင်မှ ဝမ်ဟုန်ထွက်သွားတော့မည့်အချိန်တွင် သူတို့ထဲမှတစ်ယောက်က တုန်ရင်စွာပြောလာသည်။
“အရှင် အရှင့်ကိုခစားဖို့ကျ‌ဆုံးတယ်လို့ တွေးလို့မရပါဘူး၊ တကယ်လို့ ကျွန်တော်မျိုးတို့တော်ဝင်အိမ်တော်ဝန်ကို မကယ်နိုင်ခဲ့ရင် ဒီအမှားအတွက် ကျွန်တော်မျိုးတို့အသက်နဲ့ တာဝန်ယူပါ့မယ်”

သူ့အသံက မကျယ်ပေ။ သူ၏စကားလုံးများက ထွက်သွားရန်လုပ်နေသော ဝမ်ဟုန်ကိုပြောခြင်းမဟုတ်ဘဲ သူကိုယ်တိုင်နှင့် သူ၏အပေါင်းအဖော်များကို ပြောနေခြင်းဖြစ်သည်။

သူ့စကားများကိုကြားသောအခါ အခြားသူများကလည်း တူညီစွာတွေးတောလိုက်ကြသည်။

နေ့လယ်တွင် ဝမ်ဟုန်က ချန်ရုံဘယ်နေရာမှာရှိနေသည်ကို သိလာသည်။

သူ၏စားပွဲပေါ်တွင် လှပသည့်လက်ရေးဆက်ဖြင့်ရေးသော သဝဏ်လွှာတစ်ခုရှိနေသည်။
‘အရည်အချင်းရှိလွန်းတဲ့ ချီလန်ကိုသဘောကျမိတာကြောင့် ဒီ ခယ်က အရှင်နဲ့တွေ့ဆုံနိုင်ဖို့ အရှင်ရဲ့မိန်းမပျိုကိုဖိတ်ခေါ်သွားပါတယ်၊ အရှင့်ကို ရှင်းချောင်နေ့အထိစောင့်ပါမယ်၊ အရှင်ကများ အဲ့ဒီနေ့ကို‌လွဲသွားမယ်ဆို ဒီလူက သူမကိုကစားပြီးရင် ဒီလူရဲ့ စစ်တပ်အတွက် ထောက်ပံ့ပေးတဲ့သဘောအဖြစ် သူမကို တဲအနီမှာနေခိုင်းရလိမ့်မယ်၊ မူရုံခယ်”

အနီရောင်တဲ.....ထိုတဲက စစ်ပြည့်တန်ဆာများ၏နေထိုင်ရာနေရာဖြစ်သည်။


ယောက်ျားငါးယောက်က ဝမ်ဟုန်နောက်တွင်ရပ်နေကြသည်။ သူကစာလွှာကိုချချလိုက်ချင်းပင် သူတို့ကရှေ့တိုးကာ ဖတ်ကြည့်လိုက်ကြသည်။

စာမှအရာများကိုဖတ်ပြီးသောအခါ သူတို့၏အမူအရာများက ပြောင်းလဲသွားသည်။

သက်လတ်ပိုင်းအရွယ်အကြံပေးက ရှေ့တိုးကာ ဝမ်ဟုန်၏ဘေးတွင်ရပ်ပြီး ထိုင်းမှိုင်းစွာပြောလာသည်။

“သူ့စကားတွေမှာမျောသွားလို့မဖြစ်ပါဘူး အရှင်၊ မူရုံခယ်က ပရိယာယ်များတဲ့လူပါ၊ သူကသေချာပြင်ဆင်ပြီးမှလုပ်လာတာပါ၊ မိန်းမတစ်‌ယောက်အတွက်နဲ့ အရှင့်ကိုယ်အရှင် စွန့်စားလို့မရပါဘူး”

သူပြောပြီးပြီးချင်းပင် နောက်ထပ်အကြံပေးက ရှေ့တက်လာသည်။ သူက အရိုအသေပေးသည့်လက်ဟန်ပြုကာ ပြောလာသည်။
“အဲ့ဒါက အလွန်မှန်ပါတယ် အရှင်၊ တော်ဝင်အိမ်တော်ဝန်က ဒီအတိုင်းမိန်းမတစ်ယောက်ပါဘဲ၊ သူမကိုကယ်သည်ဖြစ်စေ၊ မကယ်သည်ဖြစ်စေ အရှင့်ရဲ့ဂုဏ်သတင်းကို ထိခိုက်မှုရှိမှာမဟုတ်ပါဘူး”

တ‌တိယအကြံပေးကလည်း ထိုနည်းတူစွာလျှောက်တင်လာသည်။
“အမှန်ပါဘဲအရှင်၊ သူ့လှည့်ကွက်ထဲကျသွားလို့ မဖြစ်ပါဘူး”

“ဘာဘဲဖြစ်ဖြစ် တော်ဝင်အိမ်တော်ဝန်က မိန်းမတစ်‌ယောက်ဘဲလေ”

“အရှင်ပြန်စဉ်းစားပေးဖို့ တောင်းဆိုပါတယ်၊ မူရုံခယ်က ရင်ဆိုင်ဖို့မလွယ်ပါဘူး၊ သူက အရှင့်ကို ချောင်ပိတ်ဖမ်းဖို့ ကြိုးစားနေတာပါ၊ မိန်းမတစ်ယောက်အတွက်နဲ့ အရာအားလုံးကိုစွန့်စားလိုက်ဖို့ဆိုတာ မထိုက်တန်ပါဘူး....လူတွေက အရှင့်အပေါ် မျှော်လင့်ချက်ကြီးကြီးတွေထားနေကြတာပါ၊ တကယ်လို့ အရှင်က မိန်းမတစ်ယောက်အတွက် အရှင့်ရဲ့လုံခြုံမှုကိုစွန့်စားနေတယ်ဆိုတာ သူတို့သိသွားရင် အရှင့်အပေါ်သစ္စာလျော့သွားမှာ စိုးမိပါတယ်”

နောက်ဆုံးအကြံပေးက ပြသနာ၏အဓိကအချက်အား တိုက်ရိုက်ထုတ်ပြောလာသည်။

လက်ရှိကာလတွင် သူတို့အရှင်နှင့် ချန်အိမ်တော်မှအားရုံ၏ဆက်ဆံရေးက အထက်တန်းလွှာများကြားတွင် လှောင်ပြောင်စရာကိစ္စတစ်ခုဖြစ်လာခဲ့သည်။ သူက မိန်းမတစ်ယောက်အတွက် ပြက်ရယ်ပြုစရာအားလုံးကို ကျူးလွန်နေပြီး ရယ်စရာအကောင်းဆုံးအရာမှာ သူမက ထိုအရာတစ်ခုကိုမှ အသိအမှတ်မပြုခြင်းပင်။

တိုင်းပြည်ထဲတွင် မိန်းမလှ မရှားပေ။ ဒီလိုမိန်းမမျိုးကိုကပ်တွယ်နေရအောင် ဝမ်အိမ်တော်၏ ချီလန်က ဘယ်လိုယောက်ျားမျိုးလဲ။ အကယ်၍ သူ သူမကိုမရနိုင်ပါက သူမကိုသတ်လိုက်သင့်သည်။ ထိုအရာ သူ့ဘက်တွင်နေသော တစ်စုံတစ်ယောက်အနေဖြင့် လုပ်သင့်သောအရာဖြစ်သည်။

သို့သော် အရှင်ကမူ မိန်းမတစ်ယောက်အတွက်နှင့် သူ့ကိုယ်သူအရှုပ်အထွေးထဲကျစေကာ လူတိုင်းအားစိတ်ပျက်စေနေ၏။ သူက သူမကိုရလည်းမရယူနိုင်သလို လက်လည်းမလွှတ်နိုင်ပေ။ သူကိုယ်တိုင် သူမကိုမသတ်နိုင်ရုံသာမက၊ အရှင်မင်းကြီးဘေးတွင် ကလေးတစ်ယောက်လိုငြင်းခုန်လာသေးသည်။ ထိုအရာက လုံးလုံးကိုပြက်ရယ်ပြုဖွယ်ဖြစ်ကာ စိတ်မကူးနိုင်လောက်အောင်ပင်။

တစ်ချို့‌ဆိုလျှင် တေးဆိုသူယွဲ့ကျီက စင်ပေါ်တွင်‘ဝမ်ချီလန်က အချစ်ရူးရူးနေတဲ့သူ'ဟုဆိုလာသည်ကို ကြားနိုင်သလို မင်းမျိုးမင်းနွယ်ဝင်လူငယ်များကလည်း သူ့ကိုပြက်ရယ်ပြုရန်အခွင့်ရေးမှန်သမျှကို ယူတတ်ကြ၏။ ဒီနှစ်တွင် ကျန့်ခန်း၌အကြီးမားဆုံးသောပြောစရာမှာ ဝမ်အိမ်တော်၏ချီလန်က သူမရယူနိုင်သော သီလရှင်ပေါ်တွင် စွဲလန်းနေသည့်အကြောင်းသာဖြစ်သည်။

အကယ်၍ သူတို့၏သခင်က ဒီနေရာတွင်သာရပ်လိုက်လျှင် သင့်တော်သည့်သတင်းဖြန့်မှုနှင့် သခင်အားဝေဖန်နေသည့်သူများကို တိုက်ခိုက်စရာမလိုဘဲတားဆီးနိုင်မှာ ဖြစ်သည်။

ဝမ်ဟုန်က သူ့အကြံပေးများ၏ဖြောင့်ဖြမှုတွင် ဘာလှုပ်ရှားမှုမှမလုပ်လာပေ။

လူတိုင်းက အာခြောက်လာသည်အထိပြောပြီးနောက်တွင် သူကသူတို့ကိုထရပ်ခိုင်းလိုက်သည်။ ချန်ရုံပျောက်သွားသည်ကိုသိကတည်းက သူကဖြူဖျော့နေခဲ့သော်လည်း စိတ်တည်ငြိမ်နေဆဲဖြစ်သည်။ အခုချိန်ထိအောင် သူကထိတ်လန့်တာမျိုး၊ စိတ်လှုပ်ရှားတာမျိုးမဖြစ်လာပေ။

ဤအချက်က သူ၏အကြံပေးများကို စိတ်သက်သာရာရသွားစေသည်။ သူတို့၏သခင်က ‘ထိုက်တောင်ကြီးပြိုသွားလျှင်တောင် မျက်နှာမပျက်မည့်သူ” ဟုသောစကား၏ ဥပမာပင်ဖြစ်သည်။ သူ၏မိခင်ရင်းကိုယ်တိုင်တောင်မှ သူကလေးဘဝတည်းက ဖရိုဖရဲဖြစ်သည်မျိုးကို မမြင်ခဲ့ဖူးပေ။ ဤ‌အကြောင်းရင်းများကြောင့်သာမဟုတ်ပါက လူအများ၏မျှော်လင့်ချက်မြင့်မြင့်ထားမှုများကို ရရှိထားမည်မဟုတ်ပေ။

အကြံပေးများအတွက် သူ၏လှုပ်ရှားမှုမရှိသောမျက်နှာသည် စိတ်လှုပ်ရှားစရာအကောင်းဆုံးပင်ဖြစ်သည်။

အလျင်မလိုစွာ ထရပ်လိုက်ပြီးနောက် ဝမ်ဟုန်ကတစ်ဖက်လှည့်ပြီး စိတ်လှုပ်ရှားနေကြသောသူ၏အကြံပေးငါးယောက်ကို ပြုံးပြလိုက်သည်။
“အိပ်ရမယ့်အချိန်ရောက်ပြီ”

ထို့နောက် သူကဝတ်ရုံစကိုရမ်းကာ ထွက်သွားလိုက်သည်။

ဝမ်ဟုန်မြင်ကွင်းမှ ပျောက်သွားသည်အထိ စိုက်ကြည့်နေပြီးနောက်တွင် အကြံပေးတစ်ယောက်က ဖျစ်ညှစ်ပြောလာသည်။

“အရှင်က ငါတို့ပြောတာကို နားထောင်သွားတာလား”

“ငါလည်း မသိဘူး”
‌အခြားတစ်ယောက်က ခေါင်းခါပြလိုက်သည်။

“အရှင်က ပညာရှိတစ်ယောက်ရဲ့ဟန်ပန်ရှိတယ်၊ အဲ့ဒီလိုဘဲ အရှင်က စိတ်အပြောင်းအလဲမြန်ပြီး မိသားစုရဲ့ဂုဏ်သတင်းကိုထည့်စဉ်းစားမှာမဟုတ်ဘူး၊ အဲ့ဒါကလည်း ငါ့ကိုစိုးရိမ်စေတယ်”

“အရှင့်ရဲ့ ပင်ကိုယ်စိတ်က ဘာမှမလုပ်ဘဲဒီလိုမျိုးထိုင်နေနိုင်မှာမဟုတ်ဘူး၊ ငါတို့တွေ အရှင့်ရဲ့နောက်ထပ်ခြေလှမ်းက ဘာလဲဆိုတာကိုစောင့်ရုံဘဲရှိတယ်....တကယ်လို့ တခုခုဆိုရင် ငါတို့လုပ်နိုင်တာက ကယ်တဲ့နေရာမှ သူ့အသက်နဲ့ရင်းမှာကို တားဖို့ဘဲ၊ အကယ်၍လိုအပ်လာရင် သာမာန်ထက်ထူးကဲတဲ့အရာတွေကို ငါတို့တွေက ပြန်လည်ချေပရလိမ့်မယ်”

လူအနည်းငယ်က ဤနောက်ဆုံးစကားကို ခေါင်းညိတ်လိုက်ကြသည်။

သူတို့က ပူပန်နေကြဆဲဖြစ်သည်။ မူရုံခယ်၏ရန်စမှုက ဒီတစ်ကြိမ်တွင် ပစ်မှတ်ထိသွားကာ သူတို့သခင်အား အကျပ်အတည်းထဲကျသွားစေသည်။

အကယ်၍သူ မသွားပါက ရင်မဆိုင်ဘဲထွက်ပြေးသွားသည်ဟုသော အချက်နှင့်တသက်လုံးနေသွားရမှာဖြစ်ပြီး ဆိုးဝါးပါက ၎င်းကြောင့်စိတ်ဓာတ်တောင် ကျသွားနိုင်သည်။ ‌ဘယ်လိုဘဲဖြစ်ဖြစ် ချန်ရုံကိုကျန့်ခန်းမှခေါ်ထုတ်လာသူမှာ သူဖြစ်ပြီး မူရုံခယ်ကမူ သူ၏ရန်သူဟောင်းကြီးပင်။

ထို့အပြင် အကယ်၍သူတို့က ဖုံးကွယ်ရမည့်သူတို့အပိုင်းကိုလုပ်လိုက်လျှင်တောင် အစွန်းထင်တစ်ခုက သူတို့သခင်၏ဘဝတွင်ကျန်သွားမည်ဖြစ်ပြီး ပညာရှိအများအပြားကလည်း သူ့ကို ဝေဖန်ပြစ်တင်ကြလိမ့်မည်။

ထို့မျှမကသေး အကယ်၍သွားလိုက်ပါကလည်း ပိုတောင်ဆိုးသွားနိုင်ပေသည်။

အရင်ဆုံးပြောရလျှင် ၎င်းကအသက်ရင်းရသောကစားပွဲဖြစ်သည်။ မူရုံခယ်၏စွမ်းရည်များက ထိုနေရာတွင် ထောင်ချောက်တစ်ခုရှိနေမည်ကို သေချာစေသည်။ သူ့ထံတွင်အစီအစဉ်ရှိကာ အကောင်အထည်ဖော်ရန် စစ်တပ်ရှိသည်။ သူတို့၏သခင်တွင်မူ ဘာစစ်ကူမှရှိမနေပေ။

ဒုတိယတစ်ခုမှာ မိန်းမတစ်ယောက်အတွက် သူ့လုံခြုံမှုကိုလျစ်လျူရှုထားသော လန်ယာဝမ်အိမ်တော်၏ဆက်ခံသူတစ်ယောက်၊ မျိုးနွယ်စု၏မျှော်လင့်ချက်များကို လျစ်လျူရှုကာ သူ့ကိုယ်သူစွန့်စားလိုက်သည်ဟု ဆိုလိုရင်းမှာ အကယ်၍ သူ သူမကိုကယ်တင်ရာတွင် အောင်မြင်ခဲ့လျှင်တောင်မှ မျိုးနွယ်မှစွန့်ပစ်ခြင်းကို ခံရကာ သူ၏နိုင်ငံရေးစွမ်းရည်များကို မျှော်လင့်ထားကြသော နိုင်ငံရေးသမားကလည်း တူညီစွာပင်လုပ်ဆောင်လာလိမ့်မည်။

ဤလူများအတွက် အမြင့်‌ဆုံးအတွက်ရည်ရွယ်ထားသောယောက်ျားများသည် စိတ်ရှည်သည်းခံကာ ရက်စက်တတ်ရပေမည်။ လိုအပ်ပါက သူတို့၏မိဘနှင့် မိသားစု၏ဘဝကိုလျစ်လျုရှူထားရမည်။ မိန်းမတစ်ယောက်ကိုမူ ထည့်ပြောနေစရာတောင်မလိုတော့ပေ။ မိန်းမတစ်ယောက်ကိုတောင် လက်မလွှတ်နိုင်သော ယောက်ျားသည် ကြီးမြတ်မှုကိုရယူနိုင်မည်မဟုတ်ပေ။

ထို့ကြောင့် အကယ်၍ သူသွားခဲ့လျှင်တောင် သူ၏နိုင်ငံရေးလမ်းကြောင်းကို အဆုံးသတ်လိုက်ရရုံသာမက မူရုံခယ်၏လက်ထဲတွင်တောင် သေသွားနိုင်ပေသည်။

ဤအချိန်တွင် ချန်ရုံကရေချိုးပြီး အဝတ်အစားလဲကာ အိပ်ရန်လုပ်နေသည်။

သို့သော် အိပ်မပျော်ပေ။ မအိပ်ပျော်ရုံသာမက မျက်စိကျယ်နေသဖြင့် အရှေ့ကိုသာ အေးစက်စွာစိုက်ကြည့်နေလိုက်သည်။

သူမ၏ရှေ့တွင် မီးကင်ထားသော အမဲသားနှင့်သိုးသားရှိနေသည်။ ထိုအရာများ၏ဘေးတွင် ဝိုင်ကောင်း၊ စတူးနှင့် စွတ်ပြုတ်များရှိသည်။ ဟန်အမျိုးသမီးအနည်းငယ်လည်းရှိနေကာ တအီအီငြီးငြူပြီး အနားမှယောက်ျားများကို ပြုံးရွှင်စွာ ဆွဲဆောင်နေကြသည်။

မီးပုံအများပြားက နေ့အချိန်ဟုထင်ရအောင် လင်းထိန်နေပေသည်။

ရယ်မောသံနှင့်ကျယ်လောင်သည့် အသံများကြားတွင် လူများကအချိန်နှင့်အမျှ အလယ်မှမီးပုံကိုကြည့်နေကြသည်။ ခေါင်းဆောင်များကတောင် သူတို့ဘေးမှ အမျိုးသမီးများ၏ပရောပရည်အမူအရာကို လျစ်လျူရှုပြီး အလယ်သို့သာ အာရုံစိုက်နေကြသည်။

အလယ်အကျဆုံးနေရာတွင် မီးပုံတစ်ခုရှိနေသည်။ ၎င်း၏ဘေးတွင် အနီရောင်ဝတ်‌ထားသော မိန်းကလေးတစ်ယောက်ထိုင်နေသည်။ သူမ၏လှပသောမျက်နှာက မီးတောက်များကို တောက်ပနေကာ သဘာဝအတိုင်းဆွဲငင်နိုင်စွမ်းရှိသောနှုတ်ခမ်းနှင့် မျက်လုံးများက အလင်းရောင်ကြောင့် ပိုပြီးရက်ရက်စက်စက်ကိုလှနေပေသည်။

သူမက စူးရှစွာကြည့်နေသော်လည်း သူမ၏ခရစ်စတယ်ကဲ့သို့မျက်လုံးများက အမှားမရှိသော အသက်ဝင်မှုများဖြင့် တောက်ပနေသည်။ သူမ၏ကျောက်စိမ်းကဲ့သို့အသားအရေ အနီရောင်မီးတောက်နှင့် ပိတ်သားများကြားတွင် ထွင်းဖောက်မြင်ရလုနီးပါးပင်ဖြစ်သည်။

သူမက အထက်တန်းဆန်ပြီး ကျက်သရေရှိနေဆဲဖြစ်ကာ တစ်ချိန်လုံးအေးစက်နေ၏။

အချိန်များ‌ကုန်လာသောအခါ စောင့်ကြည့်နေသောမျက်လုံးများက ပိုပိုပြီးပူလောင်လာလေသည်။

သို့သော်ငြား သူတို့နှင့်အိပ်သည့် မိန်းမများကိုတောင် မီးထဲအလွယ်တကူတွန်းထုတ်ရဲ့သည့် လူရိုင်းများမှာ စနောက်သည့်စကားတစ်ခွန်းမှမပြောရဲကြပေ။

အချိန်တစ်ချို့ကြာပြီးနောက် အနီရောင်ဝတ်ထားသည့်အလှလေးက အေးစက်စွာပြောလာသည်။
“မူရုံခယ် ဒါကဘာကိုဆိုလိုချင်တာလဲ”
၎င်းက ချန်ရုံ၏အသံပင်။

မူရုံခယ်၏နှုတ်ခမ်းများက ကြေးမျက်နှာဖုံးအောက်တွင် အပြုံးတစ်ခုအဖြစ်ကွေးညွှတ်လာသည်။

“ဒေါသမထွက်ပါနဲ့၊ အားရုံ မင်းရှေ့ကကြေးမုံကိုကြည့်လိုက်၊ မင်းကိုယ်မင်း ဒီလောက်လှတယ်ဆိုတာကို မင်းမသိသေးဘူးဆိုတာ ငါလောင်းရဲတယ်၊ ကျစ် ကျစ် ဘယ်လိုတောင် အသက်ရှုမှားလောက်စရာလဲ၊ ကြီးမြတ်တဲ့ရန်အင်ပါယာမှာ မိန်းမလှတွေအများကြီးရှိပေမယ့် မင်းလိုအသက်ရှု‌မှားလောက်အောင် လှတဲ့သူမရှိဘူး”

သူမရှေ့တွင် စားပွဲတစ်ခုချထားကာ စားပွဲပေါ်တွင် အသား၊ သေရည်နှင့် ကြေးမုံတစ်ခုရှိနေသည်။ ဟန်အမျိုးသမီးနှစ်ယောက်က စားပွဲဘေးတွင် ဒူးထောက်နေကြသည်။ မူရုံခယ်ပြောလိုက်သောအခါ သူတို့က ချန်ရုံကြည့်ရန် ကြေးမုံကိုမြှင့်ပေးလာကြသည်။

မူရုံခယ်က ဖြေးဖြေးချင်းခေါင်းလှည့်လာသည်။ ကြေးမျက်နှာဖုံးအောက်တွင် သူ၏နက်ရှိူင်းသောမျက်လုံးများက ချန်ရုံပေါ်၌သာ ခိုင်မာစွာရောက်နေသည်။
“မင်းရဲ့ ကြောင်သူတော်လို မျိုးနွယ်ဝင်တွေက မင်းရဲ့အလှတရားကို ဘယ်လိုအသိအမှတ်ပြုရမလဲ‌ မသိဘူးဆိုတာ ငါလောင်းရဲတယ်”

သူက တောက်ခေါက်ပြီး သူမကို အပေါ်အောက်စုန်ဆန်ကာ ကြည့်လိုက်သည်။

“ကျစ် ကျစ် သူတို့က မင်းကိုအဲ့ဒီပျင်းစရာကောင်းတဲ့ ဝတ်စုံပြာကြီးကိုတောင် ဝတ်ခိုင်းလာသေးတယ်၊ ဘယ်လိုတောင်မှားယွင်းတာလဲ”