Chapter 221
မူရုံခယ်၏စူးရှသောအကြည့်များအောက်တွင် ချန်ရုံကအံကြိတ်ပြီး သူမ၏ကိုယ်နေဟန်ထားကို ဖြောင့်တန်းလိုက်သည်။
သူမ၏လက်များက စိုစွတ်လာသည်ကို ဘယ်သူမှမသိပေ။
သူမက သူမ၏အပြင်ပန်းပုံစံလောက် စိတ်မတည်ငြိမ်နေပေ။ သူမတတ်နိုင်တာမရှိပေ။ စစ်တပ်ထဲတွင်ပိတ်မိနေပြီး မရေတွက်နိုင်လောက်သော ပူလောင်သည့်အကြည့်များဖြင့် သူမကိုအရှင်လတ်လတ်ဝါးစားတော့မည့်အတိုင်း ကြည့်ခြင်းခံနေရသော ဘယ်အမျိုးသမီးမဆို တည်တည်ငြိမ်ငြိမ်နေနိုင်မည်မဟုတ်ပေ။
အရေးကြီးဆုံးမှာ သူမက အကြောက်တရားများဖြင့် အင်အားချို့တဲ့နေခြင်းပင်။ မူရုံခယ်က အမိန့်ပေးလိုက်သရွေ့ သူမက ဤပိုင်ဆိုင်လိုစိတ်ပြင်းပြနေသော စစ်သားများ၏ တစစီဆုတ်ဖြဲခြင်းကိုခံလိုက်ရမည်ကို သူမ သိပေသည်။
ချန်ရုံက ဘယ်တုန်းကမှ အခုလိုမျိုး သေခြင်းတရားကသာ ပိုကောင်းသည့်အပြစ်ဒဏ်ဖြစ်မည်ဆိုပြီး မခံစားခဲ့ဘူးပေ။ သူအလိုရှိနေသရွေ့ ဟူတပ်မှူးက သူမဘဝကို သေသည်ထက်ပိုဆိုးရွားအောင်လုပ်နိုင်ကာ သူမက ရှင်လျက်သေသွားနိုင်သည်။....
မီးအလင်းရောင်ထဲတွင် မူရုံခယ်က ချန်ရုံအေပါ်နှုတ်ခမ်းပေါ်တွင် ဖြစ်လာသောချွေးစက်များကိုကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။
၎င်းက မကောင်းဆိုးဝါး၏အပြုံးပင်။
သူကဖြေးဖြေးချင်း ချန်ရုံဆီကိုင်းလာသည်။
သူက ပိုပိုပြီးနီးကပ်လာကာ သူမမျက်နှာပေါ်သို့ အသက်ရှူထုတ်လာသည်။ ချန်ရုံကမလှုပ်လိုက်သလို လှုပ်လဲမလှုပ်ရဲပေ။ ညစ်ညမ်းသောမျက်လုံးများက သူမကိုစိုက်ကြည့်နေကြရာ ထိုသူကိုစော်ကားရန် ကြောက်နေမိသည်။ တပ်သားများက သူတို့၏တပ်မှူး သူမပေါ်တွင်စိတ်မဝင်စားဟု ထင်သွားမှာကိုစိုးမိသည်။
အေးစက်သောကြေးနီမျက်နှာဖုံးက သူမမျက်နှာပေါ်တွင် ဖိကပ်လာသည်။
ထိတွေ့သွားသည့်အချိန်တွင် ရေခဲတစ်တုံးက သူမကိုတဆတ်ဆတ်တုန်ရင်သွားစေသလိုပင်။
သူက သူမနားကပ်ကာ တီးတိုးဆိုလာသည်။
“မွှေးကြိုင်နေတဲ့ချွေးစက်၊ ပိုးသားလိုချောမွတ်နေတဲ့အသားအရေ၊ နာမည်ကြီးတဲ့ ဝမ်အိမ်တော်ကချီလန်နဲ့ သွေးအေးတဲ့ရန်မင်းတို့က မင်းအပေါ်တန်ဖိုးထားနေကြတာ မထူးဆန်းတော့ပါဘူး”
သူက သူမနှုတ်ခမ်းပေါ်တွင် သူ၏လျှာကိုပွတ်တိုက်လာပြီး သူမတောင့်တင်းသွားသောအခါ ရယ်မောလာသည်။
“အားရုံ”
“တကယ်လို့ မင်းရဲ့ချီလန်က မရောက်လာခဲ့ဘူး၊ ရန်မင်းကလည်း အတူတူဘဲဆိုရင် ကိုယ်နဲ့အတူကျီမြို့တော်ကိုပြန်လိုက်လာပြီး ကိုယ်လုပ်တော်ဖြစ်ပေးမလား”
သူက ဆွဲငင်နိုင်သောအသံဖြင့် သူမကိုဆွေးနွေးလာသည်။
ဤနေရာတွင် သူက အသံတိတ်ရယ်မောလာသည်။
“တကယ်လို့ သူတို့ကမင်းကိုကယ်ချင်လို့ ရောက်လာမယ်ဆိုရင် ငါကမင်းကို ချစ်ပြလိုက်မယ်၊ ကျစ် မင်းကိုအရသာခံပြီး ခေါင်းမာတဲ့ ဂျင်အမျိုးသားနှစ်ယောက်ကို သူတို့တစ်သက်လုံး နောင်ကျဉ်သွားစေရမယ်၊ အဲ့ဒါက အရမ်းစိတ်ဝင်စားစရာကောင်းနေမှာဘဲ၊ အားရုံရော ဘယ်လိုထင်လဲ”
ချန်ရုံက ဘာမှပြန်မပြောလာပေ။
မူရူံခယ်က သူမနှုတ်ခမ်းပေါ်မှခွာသွားသည်။ သူက သေရည်နောက်တစ်ခွက်သောက်လိုက်ကာ သူ့မျက်လုံးများက ချန်ရုံကိုသာ စိတ်ဝင်တစားကြည့်နေလိုက်သည်။
အဆုံးတွင် သူမကိုယ်သူမ စိတ်ငြိမ်အောင်လုပ်ထားရသော ချန်ရုံကသူ့ဘက်လှည့်လာသည်။
သူမက သူ့ကိုကြည့်ပြီး ပြောလာသည်။
“လူတိုင်းက ပြောကြတယ်၊ ရန်အင်ပါယာရဲ့ မူရုံခယ်က ဟူလူမျိုးဖြစ်နေပေမယ့် တွေးတောဆင်ခြင်နိုင်ပြီး သနားကြင်နာတတ်တယ်တဲ့၊ သူ့မှာ ကျိုးကုံလိုရည်မှန်းချက်နဲ့ ကျူးကောလို သစ္စာရှိတယ်ဆိုဘဲ”
သူမက သက်ပြင်းချကာ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့တောင်မှ အရှင်ရဲ့ ကျွန်မပေါ် ဆက်ဆံမှုတွေက စိတ်ပျက်စေမိတယ်”
သူမက ထရပ်ကာ ရှေ့သို့တိုးလာသည်။ မီးရောင်အောက်တွင် သူမ၏ဝတ်ရုံနီကမျှော်လင့်ချက်၏ သွေးများလိုပင်ဖြစ်ကာ သူမ၏မျက်လုံးများက ခိုင်မာကာ မုန်တိုင်းထန်နေ၏။
“ကျွန်မက အမျိုးသမီးတစ်ယောက်အနေနဲ့ နန်ယန်ကစစ်မြေပြင်ထဲဝင်ဖို့ မကြောက်ခဲ့ဘူး၊ ကျွန်မက အရှင့်ရဲ့လေးစားမှုနဲ့ ထိုက်တန်တယ်လို့ မထင်မိဘူးလား”
သူမကရပ်ပြီး မူရုံခယ်ကိုကြည့်ကာ ဖြေးဖြေးချင်းပြောလာသည်။
“ကျွန်မကို ဂုဏ်ကျက်သရေဖြစ်ဖြစ် သေခြင်းတရားဖြစ်ဖြစ်ပေးလိုက်ပါ ရန်သူကိုလေးစားတယ်ဆိုတာ အရှင်ရဲ့စိတ်အတိုင်းဘဲမဟုတ်ဘူးလား”
သူမက ခေါင်းခါကာ ထပ်ပြောလာသည်။
“ကျွန်မက အရှင်ရဲ့လေးစားမှုကိုရဖို့ ထိုက်တန်တယ်လို့ ကျွန်မထင်တယ်၊ ဒါပေမယ့်လည်း အရှင်ကကျွန်မကို ဆက်ပြီးပုတ်ခတ်စော်ကားဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း ဘာမှပြောစရာ မရှိတော့ပါဘူး”
သူမ၏နူးညံ့သောအသံက စိမ့်စမ်းရေလိုပင် ကျက်သရေနှင့် အေးချမ်းမှုကိုသယ်ဆောင်ထား၏။
ဤကဲ့သို့အခြေအနေနှင့် ခြိမ်းခြောက်မှုအောက်တွင် သူမ၏ဟန်ပန်က လေကဲ့သို့သွက်လက်ကျွမ်းကျင်ပြီး ဖြားယောင်းနိုင်စွမ်းရှိကာ လှပနေဆဲဖြစ်သည်။
အရေးကြီးဆုံးအရာမှာ သူမကမူရုံခယ်ကို အလွန်ကောင်းကောင်းသိနေသဖြင့် သူမ၏လေသံနှင့် အမူအရာက ပွင့်လင်းကာရိုးသားနေပေသည်။
မူရုံခယ်က သူမကိုဂရုတစိုက်လေ့လာလိုက်သည်။
သူ၏နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုကိုပုံဖော်လာပြီး သေရည်နောက်တစ်ခွက်ကို ထပ်သောက်လိုက်သည်။
ချန်ရုံက သူလျစ်လျူရှုထားသည်ကို မြင်သောအခါ သူမ၏ဖျစ်ညှစ်ထားသောလက်များကို ဖြေလျော့ပြီး ပြန်ထိုင်လိုက်သည်။
သူမက ကခုန်နေသောမီးတောက်များကို ငုံ့ကြည့်နေပြီး စိတ်သက်သာရာရစွာ သက်ပြင်းရှိုက်လိုက်သည်။
‘တော်တယ် အားရုံ ၊ နင်ပထမအကွက်ကိုရွှေ့လိုက်ပြီး၊ သူကနင့်ကိုစော်ကားဖို့ အကြံရှိနေရင်တောင်မှ အခုချိန်ဆိုပျောက်ကွယ်သွားသင့်ပြီမလား'
ဤအချိန်တွင် မူရုံခယ်၏အသံထွက်လာသည်။
“မင်းက အခြားမိန်းမတွေနဲ့ မတူဘူး”
ချန်ရုံက ပြုံးကာပြန်ပြောလိုက်သည်။
“အခုလေးတင် အရှင့်ရဲ့အပြုအမူက အရှင်နဲ့မတူဘူး၊ အဲ့ဒီအစား ကျွန်မရဲ့ချီလန်နဲ့တူနေတယ်”
သူမကို အနီရောင်ဝတ်စေပြီး လူထု၏အာရုံစိုက်မှုအလယ်တွင်ထားကာ သူမကိုခံစားစေပြီး ချိုမြိန်သောခြိမ်းခြောက်မှုများကို ပြုတတ်သည်။
သူမက ခနရပ်ကာ သက်ပြင်းချလိုက်သည်။
“ပြောရမယ်ဆိုရင် ချီလန်က လူတွေကို အကူအညီမဲ့အောင်လုပ်တဲ့နေရာမှာ ဘယ်တုန်းကမှ မကျရှူံးခဲ့ဖူးဘူး”
သူမ၏ ပြုံးနေသောမျက်နှာက ထိုသူအား သူမလွမ်းဆွတ်နေသည်ကို သူတို့အားရှင်းရှင်းလင်းလင်းသိနေစေသည်။
မျှော်လင့်မှုနှင့် အချစ်ကိုတမ်းတမှုများသည် စိတိခိုက်စရာပင်။
မူရုံခယ်က သတိလက်လွတ်ဖြင့် သူမကိုလှည့်ကြည့်လာသည်။
ချန်ရုံက မိုးပေါ်သို့ငေးကြည့်နေသည်။ တောက်ပသောမီးရောင်များကြောင့် ကောင်းကင်၏တပိုင်းတစက အနီရောင်ပြောင်းနေကာ ကြယ်များကမှေးမှိန်နေသည်။
သူမက မျက်ရည်များကို မျက်တောင်ခတ်ကာပြန်သိမ်းလိုက်သည်။ သူမက ကောင်းကင်ကိုငေးမောပြီး ပြောလာသည်။
“သူလာမှာမဟုတ်ဘူး၊ ရန်မင်းလည်း အတူတူဘဲ”
သူမအပြုံးက ရုတ်တရက်တောက်ပလာသည်။
“တပ်မှူးက အခုဆိုရင် ကျွန်မရဲ့သဘောထားကိုသိလောက်ပါပြီ၊ အချိန်ရောက်လာရင် ကျွန်မက အစွန်းအထင်းမရှိတဲ့ သေခြင်းတရားကိုသာတောင်းဆိုရလိမ့်မယ်”
သူမက ပျော်သည်လည်းမဟုတ် ဝမ်းလည်းမနည်းနေသောအမူအရာဖြင့် သူ့ကိုကြည့်ကာ တောင်းဆိုလာသည်။
“လောကမှာ သေခြင်းတရားကို တည်တည်ငြိမ်ငြိမ်နဲ့လက်ခံတဲ့ မိန်းမဆိုတာ ကျွန်မတစ်ယောက်တည်းရှိလိမ့်မယ်လို့ ထင်တယ်၊ တကယ်လို့ သူတို့ရောက်မလာရင် ကျွန်မကအရှင့်အတွက် အသုံးမဝင်တော့ဘူးဆိုတော့ အရှင်က ကျွန်မကို လေးစားစရာကောင်းတဲ့ သေခြင်းမျိုးကို ချီးမြှင့်ပေးနိုင်မလား”
ကြေးမျက်နှာဖုံးအောက်တွင် မူရုံခယ်က သူမကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည်။
သူက သက်ပြင်းချလိုက်သည်။
“ဝမ်ချီလန်က သူ့ရဲ့အရာအားလုံးနဲ့တောင် မင်းကိုမပိုင်ဆိုင်နိုင်သလို လက်လည်းမလွှတ်နိုင်ဘူးဆိုတာ မထူးဆန်းတော့ပါဘူး”
ထိုသို့ပြောပြီးနောက် သူကအကြည့်လွှဲလိုက်သည်။ အထီးကျန်မှုတစ်စွန်းတစက ရုတ်တရက်ရောက်လာပြီး ပျောက်ကွယ်သွားသည်။
ခနကြာပြီးနောက် သူက ချန်ရုံ၏စောင့်မျှော်နေသောမျက်လုံးများကို ခေါင်းညိတ်ပြလိုက်သည်။
“ငါကတိပေးတယ်”
ဤသည်ကိုကြားသောအခါ ချန်ရုံ၏မျက်နှာက တောက်ပသွားသည်။ သူမက ထလာပြီး သူ့ကိုလေးစားစွာဂါဝရပြုလိုက်သည်။
“ကျွန်မရဲ့ ဆန္ဒကိုဖြည့်ဆည်းပေးလို့ ကျေးဇူးတင်ပါတယ်”
မူရုံခယ်က နောက်ကိုမှီလိုက်သည်။
သူက မျက်နှာဖုံးနောက်မှနေ၍ ချန်ရုံကိုစိုက်ကြည့်နေဆဲပင်။
သူက ရယ်မောကာ ရုတ်တရက်ပြောလာသည်။
“ငါလည်း တူတာတွေးမိတယ်”
ချန်ရုံကို မေးခွန်းထုတ်နေသောမျက်လုံးများကို ပြန်ဖြေလာသည်။
“ငါလည်း သူတို့မလာဘူးလို့တွေးမိတယ်၊ ငါက မင်းကိုပြန်ပေးဆွဲပြီး ဝမ်ဟုန်နဲ့ ရန်မင်းကို စိတ်အနှောင့်အယှက်ဖြစ်စေချင်ရုံဘဲ၊ ဒါပေမယ့် အခုက....”
သူက ချန်ရုံကိုခိုင်မာစွာကြည့်လာသည်။ သူ၏မျက်လုံးများက အသိအမှတ်ပြုမှုနှင့် အံ့ဩမှုများကိုမဖုံးကွယ်ထားပေ။
“ငါအဲ့လိုမထင်တော့ဘူး၊ ချန်အိမ်တော်ရဲ့အားရုံ သူတို့တွေသေချာပေါက်ရောက်လာလိမ့်မယ်၊ အကယ်၍သူတို့ကိုယ်တိုင်ရောက်မလာဘူးဆိုရင်တောင်မှ သူတို့တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားကြလိမ့်မယ်”
ချန်ရုံက မယုံကြည်စွာ မျက်မှောင်ကြုတ်နေစဉ်တွသ် သူ့အသံက လေကဲ့သို့ဖြတ်တိုက်လာသည်။
“ဒီလောက်ကောင်းတဲ့ မိန်းမကိုမကယ်မိရင် သူတို့ဘဝတစ်လျှောက်လုံး ဗလာဖြစ်စွာအသက်ရှင်သွားရလိမ့်မယ်”
၎င်းက အလွန်မြင့်သော အကဲဖြတ်မှုပင်။
ချန်ရုံက မူရုံခယ်ကိုကြည့်လာသည်။ သူမက သူ၏ ကြေးရောင်မျက်နှာဖုံးအောက်တွင် အထီးကျန်မှုများရောယှက်နေသော ဘေးဖက်ပုံရိပ်ကို မြင်လိုက်သည်။
သူမက မူရုံခယ်၏အစောင့်တစ်ယောက်ကို ခေါ်ကာ တီးတိုးဆိုလိုက်သည်။
“ဗျပ်စောင်းတစ်ခုယူလာပေးပါ”
သူက မူရုံခယ်ကိုလှည့်ကြည့်လာပြီး အတွေးလွင့်နေသည်ကိုမြင်သောအခါ သူမတောင်းဆိုချက်ကိုစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။
သိပ်မကြာခင်တွင် သူမဆီ ဗျပ်စောင်းတစ်ခုယူပေးလာသည်။
ချန်ရုံက ကြာပန်းပုံစံထိုင်ကာ သူမလက်များကို စောင်းကြိုးပေါ်တွင်တင်လိုက်သည်။ သူမလက်ချောင်းများကိုလှုပ်လိုက်သည်နှင့် သံစဉ်တစ်ခုက လေထဲတွင်လွင့်ပျံလာသည်။
သူမက အထီးကျန်သောစာသားကိုသီဆိုလိုက်သည်။
“မြောက်အရပ်မှာ အလှလေးတစ်ယောက်ရှိတယ်၊ သူမရပ်တည်ရာက ပြိုင်ဘက်ကင်းကာ ဂုဏ်ယူရ၏။၊ သူမ၏ပထမအကြည့်တွင် မြို့တော်များကကျရှူံးသွားကာ ဒုတိယအကြိမ်တွင် ပြည်ထောင်၏ယောက်ျားသားများ ကျရှူံးလာတယ်၊ ဒါပေမယ့် ကျဆုံးလာတဲ့ မြို့တော်နဲ့ တိုင်းပြည်ကရော ဘာတွေလဲ၊ ဘယ်အချိန်မှများက သူမရဲ့အလှတရားကို ထပ်မံရှူစားနိုင်မလဲ.......”
(Tn;လီယန်နျန်ရေးခဲ့တဲ့ 北方有佳人 ပါ)
၎င်းက မိန်းမလှတစ်ယောက်ကို ချီးကျူးသည့် ပျော်စရာသံစဉ်ဖြစ်သော်လညိး ချန်ရုံဆိုလိုက်သောအခါ လွမ်းဆွေးသောသံစဉ်ဖြစ်သွားသည်။ အထူးသဖြင့် သူမက “ငါတို့တွေ သူမရဲ့အလှတရားကို ဘယ်အခါမှာများထပ်တွေ့နိုင်မလဲ” ဟူသည့် အချစ်ကိုတမ်းတမှုနှင့် မှေးမှိန်သောမျှော်လင့်ချက်များကိုဖော်ပြသည့်စာသားကို ထပ်ခါတလဲလဲဆိုနေသောကြောင့်ဖြစ်သည်။
၎င်းက သူမသည် တစ်စုံတစ်ခုကတစ်ခါပြီးဆုံးသွားသည်နှင့် တစ်သက်လုံးပြီးဆုံးသွားသည်ဟု လူတိုင်းကိုပြောပြနေသည့်အလားပင်။ တစ်ခုတည်းရှိကာ နောက်ထပ်ရှိလာတော့မည်မဟုတ်။ သူတို့က ပို၍လှပသောမိန်းမလှများကို ရှာနိုင်သော်လည်း သူမဖြစ်လာမည်မဟုတ်ပေ။
သူမက ဤနည်းလမ်းဖြင့် လူများ၊အရာဝတ္ထုများအားလုံးက အတုမရှိကြောင်း ပြောပြနေသကဲ့သို့ပင်ဖြစ်သည်။ တစ်စုံတစ်ခုက သူတို့၏ဘဝထဲမှ လွတ်ထွက်သွားသည်နှင့် ၎င်း၏အရိပ်အယောင်ကို ထပ်တွေ့နိုင်တော့မည်မဟုတ်ပေ။ တစ်နေ့တွင် ဘယ်အလှတရား၏အခိုက်အတန့်မဆို တစ်သက်လုံးကျန်ရှိနေမည်မဟုတ်ကြောင့် သိရှိလာရလိမ့်မည်။ ဘယ်သောအခါမှ ထပ်မံတည်ရှိလာတော့မည်မဟုတ်ပေ။
သူမ၏ တင်ဆက်မှုက လွတ်လပ်မှု၊ ထည်ဝါမှုနှင့် သိမ်မွေ့နူးညံ့မှုများကို ပုံဖော်ပြနေသည်။ ထို့ကြောင့် ၎င်းက လူများ၏နှလုံးသားကို ဆို့နင့်စေပေသည်။
မူရုံခယ်၏မျက်လုံးများက နီရဲလာသည်။
သံစဉ်ပြီးသည့်အထိမစောင့်ဘဲ သူကထွက်သွားလိုက်သည်။
သူ၏အစောင့်များက အလျင်အမြန်လိုက်သွားကြသည်။ သူက ဗျပ်စောင်းကိုအေးချမ်းစွာ တီးခတ်နေသောချန်ရုံကိုကြည့်ပြီး အသံနိမ့်ကာပြောလိုက်သည်။
“ငါ့အမိန့်ကိုအသိပေးလိုက်ပါ၊ ဘယ်သူမှသူမကို မထိရဘူး”
“အမိန့်အတိုင်းပါ ”
“ဘယ်သူမှ သူမကိုထိခွင့်မပြု”ဟူသောအမိန့်က ချန်ရုံဆီအထိ ဘာအခက်အခဲမှမရောက်ဘဲ ရောက်ရှိလာသည်။ သူမလက်ချောင်းက စောင်းကြိုးများပေါ်တွင် ပွတ်သပ်နေကာ ပို၍လွမ်းဆွေးဖွယ်ကောင်းသော သံစဉ်ကိုတီးခတ်နေလိုက်သည်။