Chapter 222
ပြန်လည်ဖြေဆိုမှု။
မူရုံခယ်ထွက်သွားပြီအတော်ကြာမှ သူမ၏ဗျပ်စောင်းသံက ဖြေးဖြေးချင်းရပ်သွားသည်။ ချန်ရုံကဗျပ်စောင်းကို အဝေးသို့တွန်းလိုက်ပြီး ထရပ်ကာ သူမတဲဆီသို့ ဖြေးဖြေးချင်းလျှောက်သွားသည်။
အစေခံများကိုထွက်သွားခိုင်းပြီးနောက် သူမကအတွေးများဖြင့် အိပ်ရာပေါ်တွင်လှဲလိုက်သည်။
မူရုံခယ်က သူမကိုကတိပေးခဲ့ပါက လာမည့်နေ့များတွင် သူမအန္တရာယ်ကင်းမှာဖြစ်သည်။
သို့သော်ငြား အမျိုးသမီးတစ်ယောက်တည်းအကျယ်ချုပ်ခံထားရပြီး စစ်တပ်ကလှည့်လည်ကင်းစောင့်နေသဖြင့် သူမ၏လွတ်မြောက်မှုအတွက် ပိုပြီးခက်ခက်ခဲခဲစဉ်းစားရန်လိုသည်။
ရယ်မောသံများက အပြင်ဘက်မှပြန့်လွင့်လာသည်။
သူမက ဟိုလှည့်ဒီလှည့်နှင့်ဘဲ ခုနစ်ရက်ကုန်သွားလေသည်။
ထို့နောက် တစ်နေ့တွင် တပ်မှူး၏တဲရှေ့တွင် မြင်းခွာသံများထွက်လာသည်။
“ကျွန်တော်မျိုးမှာ အရေးကြီးသတင်းရှိပါတယ် အရှင်”
မူရုံခယ်က အပြင်ဘက်တွင်ရပ်ကာ သူ့တပ်သားဆီမှ ပိုးသားလိပ်ကို လက်ခံလိုက်သည်။
သူတို့က အရှင်တစ်ယောက် ဘာမှမပြောဘဲ စာလွှာကိုစိုက်ကြည့်နေသည်ကို မြင်သောအခါ အကြံပေးနှစ်ယောက်က ရှေ့တိုးလာပြီး မေးလာသည်။
“အရှင်”
မူရုံခယ်က ပိုးသားလိပ်ကို သူတို့ရှေ့တွင်ချပေးလာသည်။
“ဖတ်ကြည့်လိုက်”
သူတို့က အလျင်အမြန်ကောက်ယူလိုက်ကြသည်။
“အရှင် ဒါကသတင်းကောင်းဘဲ”
သူတို့က တစ်ချက်ကြည့်ပြီးသည်နှင့် ပျော်ရွှင်သွားကြသည်။
နောက်ထပ်အကြံပေးကလည်း ပျော်ရွှင်စွာပြောလာသည်။
“ဟုတ်တယ် ကံတရားက ကျွန်တော်မျိုးတို့ဘက်မှာဘဲ”
သူတို့သုံးယောက်က ပျော်ရွှင်နေကြသည်။ ဒီနေရာသို့ မူရုံခယ်က စစ်တပ်ကိုဦးဆောင်လာခြင်းသည် စွန့်စားရသောအရာဖြစ်သည်။ ရှီဟူ၏ ဆိုးရွားသောသေဆုံးမှုကြောင့် နန်ယန်တခွင်တွင် ရန်မင်း၏လွှမ်းမိုးမှုက ပိုမိုအားကောင်းလာခဲ့သည်။ ရှန်းပေ၏မူရုံအိမ်တော်က တကယ်တမ်းတွင် အရမ်းကြီးစည်းလုံးညီညွှတ်မှုရှိမနေပေ။ ဆွေးနွေးတိုင်ပင်လိုက်ပြီးနောက် မူရုံမျိူးနွယ်တို့က နောက်ဆုံးတွင် ကျီမြို့တော်စောင့်ကြပ်မှုဧရိယာကိုမျက်နှာသာပေးသောအားဖြင့် နေရာကိုပေးအပ်လိုက်ရသည်။
မူရုံခယ်က သူ၏သံချပ်ကာတပ်အား မျိုးနွယ်စု၏နောက်ကွယ်တွင် လျို့ဝှက်ကာဦးဆောင်လာခြင်းဖြစ်သည်။ သူက ဝမ်ဟုန်၏လက်ထဲတွင်ရှူံးနိမ့်သွားခြင်းကိုလက်မခံနိုင်ပေ။ သူ့ပါးစပ်ထဲမှ ထိုအရသာဆိုးကို ဆိုးဆိုးရွားရွားပင် ဖျောက်ဖျက်ဖို့လိုပေသည်။
သူ၏လုပ်ဖော်ကိုင်ဖက်များကလည်း သူ၏စိတ်လိုက်မာန်ပါလုပ်ရပ်များကို သဘောမကျပေ။
အမှန်တွင် ထပ်ပြီးခံစားနေစရာမလိုတော့ပေ။ အကယ်၍သူတို့သာ မောယန်မှသိမ်းယူခဲ့သောပစ္စည်းများနှင့်ပြန်သွားလိုက်ပါက အရှင်ဘုရင်ကတောင် ဘာမှပြောနိုင်မည်မဟုတ်ပေ။ ထို့ပြင်မျိုးနွယ်ဝင်များကလည်း သူတို့၏သခင်၊ ထိုက်ယွမ်မင်းသားကို ဂုဏ်ပြုချီးကျူးကြမှာဖြစ်သည်။
အကြံပေးသုံးယောက်က ခနလောက်ရယ်မောနေကြပြီးနောက် မူရုံခယ်ကိုလှည့်ကြည့်ကာ တစ်ယောက်ကပြောလာသည်။
“အရှင့်ရဲ့ကံကောင်းမှုက အဆုံးမရှိပါဘဲ”
သူကပြုံးနေသော်လည်း မူရုံခယ်က စိတ်မကျေမနပ်ဖြစ်စွာခေါင်းခါနေသည်ကို တွေ့လိုက်ရသည်။
“ဘာကများ အရှင့်ကိုမပျော်မရွှင်ဖြစ်စေတာလဲ”
သူတို့က အံ့အားတကြီးမေးလိုက်ကြသည်။
“ငါ မပျော်တာမဟုတ်ဘူး”
မူရုံခယ်က လက်နောက်ပစ်ကာဆုပ်ညှစ်ပြီး သူ၏တဲဆီသို့သွားလိုက်သည်။
“ငါဒါကို သိနေတာအတော်ကြာပြီ”
သူက ခေါင်းမော့ကာတွေးလိုက်သည်။
'အဓိကမြို့တွေဖြစ်တဲ့ နန်ယန်၊ မောယန်နဲ့ ချီယန်မြို့တွေက ဂျင်လူမျိုးတွေအတွက် အရေးကြီးတဲ့မြို့တွေဘဲ၊ ကျန့်ခန်းကိုထိုးဖောက်ချင်တဲ့ ဘယ်သူမဆို ဒီမြို့တွေကို အရင်သိမ်း၊ မြစ်ကိုဖြတ်နိုင်မှသာ ဂျင်လူမျိုးတွေက ခုခံစရာနေရာမရှိတော့မှာ'
သေချာစွာပင် ဂျင်လူမျိုးများကလည်း မညီညွှတ်လျှင်တောင်မှ ဤအရာကိုတွေးမိပေသည်။ ကျန့်ခန်းတွင်တည်ငြိမ်သွားသည်နှင့် မောယန်နှင့်ချီယန်၏အခြေအနေများကို ကိုင်တွယ်ရန် မြို့တော်ဝန်တစ်ယောက်လုပ်လိုက်မည်ကို ကြိုတင်မျှော်မှန်းပြီးသားဖြစ်သည်။
ကိစ္စများက သူမျှော်လင့်ထားသည့်အတိုင်း သွားနေသည်။
သို့သော်ငြား ဂျင်လူမျိုးတို့က အလွန်ခြေလုံလက်လုံဖြင့် လုပ်ဆောင်လာမည်ဟု သူမတွေးထားခဲ့ပေ။ သူ၏လူများက ဘာသတင်းသစ်မှမရှိဘဲ ထိုးစစ်ဆင်နေခဲ့ရသည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။...သို့သော် အခုတွင် တိကျသေချာသောသတင်းကိုသာမက သူ့ရန်သူ၏ လမ်းကြောင်းအတိအကျကိုလည်း ရရှိလာပေသည်။
သတင်းကောင်းများက အလွန်မြန်မြန်ရောက်လာကာရုတ်တရက်ဆန်ပြီး အလွန်တိကျနေ၏။
မူရုံခယ်က နှစ်ပတ်လောက် ပတ်လျှောက်နေကာ ရပ်လိုက်ပြီး ပိုးသားလိပ်ကိုယူလိုက်သည်။
သူ့လက်ထဲရှိစာလိပ်ကိုကြည့်ပြီး ခေါင်းခါကာ ရုတ်တရက်မဲ့ပြုံးပြုံးလာသည်။
“ဟုတ်တယ် အဲ့ဒါကဝမ်ဟုန်ဘဲ”
သူက အကြံပေးသုံးယောက်ဆီလှည့်ပြီး လေးလံစွာပြောလာသည်။
“ဒီသတင်းက ဝမ်ဟုန်ဆီက လာတာဖြစ်နိုင်တယ်”
လူသုံးယောက်က သေချာပြန်စဉ်းစားကာ မျက်မှောင်ကြုတ်လာပြီး မူရုံခယ်ကနှာခေါင်းရှူံ့လိုက်သည်။
“ဒီပုံစံအရဆိုရင် မြို့တော်ဝန်အသစ်က မောယန်ကိုနှစ်ရက်အတွင်းရောက်လာလိမ့်မယ် သူကမြို့တော်နံရံအတွင်းကိုရောက်သွားတာနဲ့ ငါတို့ ဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူး”
အကြံပေးသုံးယောက်က ခေါင်းညိတ်လိုက်ကြသည်။ အခုချိန်တွင် ဤနေရာသည် ရန်မင်း၏ထိန်းချုပ်မှုအောက်တွင် လုံးဝကျရောက်နေပြီဖြစ်သည်။ ရန်မင်း၏အင်အားများကို ရင်ဆိုင်နေချိန်တွင် မူရုံခယ်အနေဖြင့် မြို့တော်ကိုဝင်တိုက်ရန် အချိန်ရော၊ လူအင်အားပါရှိမနေပေ။
သူ၏တစ်ခုတည်းသောအခွင့်အရေးမှာ လမ်းပေါ်တွင်လုပ်ဆောင်ရန်သာဖြစ်သည်။
“ငါတို့မှာ အချိန်မရှိဘူး၊ အခြေအနေကိုစစ်ဆေးဖို့ လူတွေကိုထပ်မပို့နိုင်တော့ဘူး ဒါပေမယ့် ဒီအခွင့်ကောင်းကိုလည်း လက်မလွှတ်နိုင်ဘူး....ဝမ်ဟုန်က ငါ့စစ်တပ်ကို ခွဲထုတ်ဖို့ ဖိအားပေးနေတာဘဲ”
သူကရယ်လိုက်သည်။
“ဒီဝမ်ဟုန်ဆိုတဲ့ကောင်ကတော့ မိန်းမတစ်ယောက်အတွက်နဲ့ တော်တော်လေးအားစိုက်ထုတ်နေတာဘဲ”
“အစောင့်တွေ ”
“ဟုတ်ကဲ့ပါ အရှင်”
“တပ်ခွဲခေါင်းဆောင်တွေကို ဒီကိုချက်ချင်းလာခိုင်းလိုက်”
“အမိန့်အတိုင်းပါ”
သတင်းပို့သူများက ပြန့်ကြဲသွားချိန်တွင် အကြံပေးတစ်ယောက်က မျက်မှောင်ကြုတ်ပြီး သူ့ဆီရောက်လာကာ စိုးရိမ်တကြီးမေးလာသည်။
“အရှင် ဒါကဝမ်ဟုန်ဆင်ထားတဲ့ ထောင်ချောက်ဆိုတာ သိနေရင်.....”
မူရုံခယ်က ဘာမှပြန်မဖြေဘဲ လက်ခါပြလိုက်သည်။
မကြာခင်မှာဘဲ တပ်ဖွဲ့ခေါင်းဆောင်များက တဲထဲသို့ဝင်လာကြသည်။
မူရုံခယ်က မြေပုံကိုစိုက်ကြည့်နေဆဲပင်။
“မူရုံယွီ”
သူကမော့မကြည့်ဘဲ ခေါ်လာသည်။
“ရှိပါတယ်”
“တောင်ဘက်က တောင်ပေါ်လမ်းဆီကို လူသုံးထောင်ခေါ်သွားကာ ဂျင်လူမျိုးတွေနဲ့တွေ့ရင် ဝင်တိုက်လိုက်၊ ဒါပေမယ့် သူတို့အသက်ကိုတော့ ချမ်းသာပေးလိုက်”
“အမိန့်အတိုင်းပါ”
“ဟူယန်ချန်”
“ရှိပါတယ်”
“ယွင်နန်ဆီသွားတဲ့လမ်းကြောင်းဆီကို လူသုံးထောင်ခေါ်သွားလိုက်၊ ဂျင်စစ်သည်တွေနဲ့တွေ့ရင် သူတို့ရဲ့ပစ္စည်းတွေကို အတတ်နိုင်ဆုံးလုယူပြီး ပြန်ဆုတ်အောင် ဖိအားပေးလိုက်”
“အမိန့်အတိုင်းပါ”
အမိန့်နှစ်ခုပေးပြီးနောက် မူရုံခယ်၏လက်များ စားပွဲပေါ်တွင်ဖိထားဆဲဖြစ်သည်။ သူကမြေပုံကိုဆက်ကြည့်နေပြီး မျက်ခုံးများကပို၍တွန့်ချိုးလာသည်။
ဤအချိန်တွင် အကြံပေးတစ်ယောက်က သူ့နောက်တွင်ရပ်ကာ မေးလာသည်။
“အရှင် တကယ်လို့ သတင်းတွေက ဝမ်ဟုန်ဆီကထွက်လာတာဆိုရင် အဲ့ဒါကအမှန်လား အမှားလား”
မူရုံခယ်၏ နှုတ်ခမ်းများက အပြုံးတစ်ခုကိုပုံဖော်လာသည်။
“အမှားဖြစ်မှာ မဟုတ်ဘူး”
“ဘာကြောင့်များလဲ”
“သတင်းမှားတွေက ငါ့ရဲ့ထောက်လှမ်းရေးတွေကို အရူးမလုပ်နိုင်ဘူး”
ထို့နောက် သူကချန်ရုံ၏တဲသို့လှည့်ကြည့်ကာ ပြုံးလိုက်သည်။
“ပြီးတော့ သူက အဲ့ဒီလိုမိန်းမမျိုးကို လက်လွှတ်ဖို့ ငြင်းဆန်နေတယ်လေ”
နောက်ပိုင်းစကားက တခြားသူများမကြားနိုင်အောင် တိုးညှင်းနေ၏။ သို့သော် ပထမတခွန်းနှင့်တင် လူတိုင်းက စိတ်အားတက်ကြွစွာခေါင်းညိတ်လိုက်ကြသည်။
မူရုံခယ်က မြေပုံကိုလေ့လာလိုက်သည်။ သူ၏လက်ချောင်းသွယ်များက မှင်လမ်းကြောင်းတစ်လျှောက်အတိုင်း ပွတ်သပ်နေသည်။ မကြာခင်မှာဘဲ သူက နေရာတစ်ခုကိုညွှန်ပြပြီး စိတ်ပိုင်းဖြတ်ကာ ခေါ်လာသည်။
“မူရုံရှို့”
ခန့်ညားပြီး ထက်မြက်ပုံရသော လူငယ်တစ်ယောက်က ရှေ့ထွက်လာသည်။
“ရှိပါတယ်”
“လူနှစ်ထောင်ကိုခေါ်သွားပြီး ဒီနေရာမှာ ခြုံခိုတိုက်ဖို့ ပြင်ထားပါ”
“အမိန့်အတိုင်းပါ”
မူရုံရှို့ထွက်သွားသောအခါ မူရုံခယ်က ကျောကိုဆန့်လိုက်ပြီး သူ့ဘာသာရေရွတ်လိုက်သည်။
“လူနှစ်ထောင်ကျန်နေသေးရင်တောင်မှ မင်းရဲ့မိန်းကလေးကို ငါ့လက်ထဲက ကယ်နိုင်မှာမဟုတ်ဘူး”
သူ၏အေးစက်သောအသံထဲတွင် မုန်းတီးမှုများပြည့်နေသည်။
အကြံပေးများက အချင်းချင်းအကြည့်ဖလှယ်လိုက်ကြသည်။ သူတို့က ဝမ်ဟုန်နှင့် ထိုက်ယွမ်မင်းသားက ဘယ်လိုများရန်သူဖြစ်လာသည်ကို မသိကြပေ။ သူတို့သိသမျှအားလုံးမှာ ထိုက်ယွမ်မင်းသားက ဝမ်ဟုန်ကိုသေလောက်အောင် မုန်းတီးနေခြင်းပင်ဖြစ်သည်။
ဤနေရာတွင် မူရုံခယ်ကအမိန့်ပေးလာသည်။
“အဲ့ဒီမိန်းမကိုခေါ်လာခဲ့”
“အမိန့်အတိုင်းပါ”
မကြာခင်တွင် ချန်ရုံ၏ပုံရိပ်က တဲရှေ့တွင်ပေါ်လာသည်။
မူရုံခယ်၏ကတိကိုရရှိပြီးကတည်းက သူမက ဆံပင်ကိုယောက်ျားတစ်ယောက်ကဲ့သို့ စုစည်းထားကာ ယောက်ျားလေးဝတ်စုံကိုဝတ်ပြီး သူမတဲထဲမှ လုံးဝမထွက်လာပေ။ ရက်များကုန်လွန်သွားသည်နှင့် ဟူစစ်သည်များက သူမအပေါ် စိတ်ဝင်စားမှုကုန်ဆုံးလာကြသည်။
အခုချိန်တွင် သူမကထိုပုံစံအတိုင်းရှိနေဆဲပင်ဖြစ်သည်။ ယောက်ျားလေးဝတ်စုံကို ဝတ်ထားပြီး ဆံပင်များကို အနုစိတ်ဖန်တီးထားသောဆံထုံးဖြင့် ခပ်မြင့်မြင့်စီးနှောင်ထားသည်။
မူရုံခယ်က မော့ကြည့်လာပြီး ခနလောက် သူ့အကြည့်က ချန်ရုံပေါ်တွင်သာ မြဲနေခဲ့သည်။ သူကချောင်းဟန့်လိုက်သည်။
“ဒါကလိုအပ်လို့လား၊ ငါမင်းကို ဘာမှမဖြစ်စေရဘူးလို့ ကတိပေးပြီးပြီ မဟုတ်ဘူးလား”
ချန်ရုံက တဲထဲဝင်လာပြီး သူ့မေးခွန်းကိုကြားသောအခါ ပြန်ဖြေလာသည်။
“ထိုက်ယွမ်မင်းသားရဲ့ စကားလုံးတွေက အဖိုးမဖြတ်နိုင်ပါဘူး၊ ဘယ်လိုဘဲဖြစ်ဖြစ်ကျွန်မကလည်း မီးထဲကို ဆီထပ်မလောင်းချင်တော့လို့ပါ”
စစ်သားများက နေ့နေ့ညည သူမအပေါ်ငမ်းငမ်းတက်နေကြသည်မှာ တွေးကြည့်လိုက်ရုံပင် သူမ ကြက်သီးထလာသည်။
မူရုံခယ်က ပြုံးလိုက်ပြီး မြေပုံကို ပြန်ကြည့်နေလိုက်သည်။
သူ သူမကို လျစ်လျုရှုထားသည်ကို မြင်သောအခါ ချန်ရုံက တိတ်တဆိတ်ပင် ထောင့်တစ်နေရာသို့သွားလိုက်ပြီး ညောင်စောင်းပေါ်တွင်ထိုင်လိုက်သည်။
သူမကခေါင်းငုံ့ကာ ဝိုင်ကရားကိုကိုင်လိုက်ပြီး သူမအတွက်တစ်ခွက်လောင်းထည့်လိုက်သည်။
မူရုံခယ်က မြေပုံကိုအချိန်တစ်ချို့ကြာအောင် စောင့်ကြည့်ပြီးနောက် အေးအေးဆေးဆေးဖြစ်နေသော ချန်ရုံကို လှမ်းကြည့်လာသည်။
သူက သူမ၏တောက်ပနေသောမျက်နှာကိုကြည့်ကာ ရုတ်တရက်မေးလိုက်သည်။
“တကယ်လို့ မင်းရဲ့လူပို့လိုက်တဲ့သူတွေက ဒီနေရာမှာ မင်းကိုဒီလိုပုံစံနဲ့မြင်သွားရင် သူတို့ဘယ်လိုတွေးကြမလဲ”
“သူက ဒီကို ဘယ်သူ့ကိုမှပို့လာမှာ မဟုတ်ဘူး”
ချန်ရုံက လှည့်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
“အဲ့ဒီလိုဘဲလား”
“သံသယရှိစရာ မလိုဘူး”
သူမက နောက်တစ်ခွက်ထပ်ထည့်ကာ တစ်ငုံသောက်ပြီးပြောလာသည်။
“သူက ဒီလိုမျိုးအသုံးမဝင်တာကို လုပ်လောက်တဲ့အထိ သူက ရူးမိုက်မှာမဟုတ်ဘူး”
မူရုံခယ်က ရယ်လာသည်။
သူက မြေပုံကိုဘေးသို့ဖယ်လိုက်ကာ ချန်ရုံဆီသို့လျှောက်သွားသည်။
သူမနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး သူ၏ဝိုင်ခွက်အား သူမရှေ့တွန်းကာ အမိန့်ပေးလာသည်။
“ငါ့ဝိုင်ခွက်ကိုဖြည့်ပေး”
ချန်ရုံက သူ မပြောလာရင်တောင် ဖြည့်ပေးမှာဖြစ်သည်။
တစ်ခွက်သောက်ပြီးနောက် သူကမေးလာသည်။
“ဝမ်ဟုန်က ဘာလုပ်လာမယ်လို့ မင်းထင်လဲ အားရုံ”
ချန်ရုံက စိုးရိမ်ကြောင့်ကြနေသည်မှာ မြင်သာနေသောမူရုံခယ်ကို မော့ကြည့်လာသည်။
“သူ ကျွန်မကို လာကယ်မှာမဟုတ်ဘူး”
သူမက ခေါင်းခါကာ ပြောလိုက်သည်။
မူရုံခယ်က ရယ်လိုက်သည်။
“သူက စတောင်လှုပ်ရှားနေပြီ”
သူထိုသို့ပြောလိုက်သောအခါ ချန်ရုံက သူ့ကိုမော့ကြည့်လာသည်။
သူမမျက်လုံးထဲတွင် ဇဝေဇဝါဖြစ်မှုများရှိနေသည်။ သူမနှုတ်ခမ်းများက ဘာမှမပြောဘဲ လှုပ်ရှားသွားသည်။ ထို့နောက် သူမကခေါင်းပြန်ငုံ့သွားသည်။
“သူမလုပ်သင့်ဘူး”
သူမက ထိုသို့ပြောကာ လက်ထဲရှိဝိုင်ခွက်ကို လှုပ်ရမ်းနေလိုက်သည်။
ဘယ်လိုတောင် ထူးဆန်းတဲ့စကားလဲ၊ မူရုံခယ်က သူမကို သိချင်စွာကြည့်လိုက်သည်။
ချန်ရုံက ဝိုင်နောက်ထပ်တစ်ငုံသောက်လိုက်သည်။
“သူ့ရဲ့ လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေတဲ့ လူအများကြီးရှိနေတယ်...ကျွန်မဘဝက သူ့ဆံချည်တစ်မျှင်လောက်တောင် တန်ဖိုးမရှိပါဘူး၊ တကယ်လို့သူသာ ဒီလိုမျိုးစွန့်စားလာရင် အခုကစပြီး သူ့ကိုယ်သူသက်သေပြဖို့က ခက်ခဲလာလိမ့်မယ်”
သူမက ခနရပ်ကာ ပြုံးလိုက်သည်။
“ဘယ်လိုဘဲဖြစ်ဖြစ် ကျွန်မကမလွတ်နိုင်တော့ဘူးလေ...ကျွန်မထွက်သွားရင်တောင်မှ တကယ်ဘဲ သူ့ကို ကျွန်မကိုလိုက်မပို့စေချင်ဘူး”