အပိုင်း 230
Viewers 24k

Chapter 230
_ ရန်မင်းနှင့်တွေ့ဆုံခြင်း




ဝမ်ဟုန်၏အလိုရမ္မက်များ ပြန်လည်ကြီးထွားလာသည်ဟု ခံစားလိုက်ရသောအခါ ချန်ရုံမှာ လွတ်မြောက်ရန် ရုန်းကန်လိုခဲ့သည်။သို့သော်လည်း ' ဒီနေ့အတွက်ပဲရှင်သန်ကြရအောင် ' ဟူ‌သည့်စကားအား ကြားလိုက်ရချိန်တွင်မူ အတွေးပြောင်းသွားခဲ့လေ၏။
မနက်ဖြန် ဖြစ်မည့်အရာကို ကြိုတင်မသိနိုင်ချေ။
ကိုယ်ဝန်ရသွားခဲ့လျှင်ပင် ကလေးငယ်မှာ လူ့လောကထဲသို့ရောက်လာနိုင်ခြင်းရှိ ၊ မရှိက သေချာမနေပေ။ယခုအချိန်၌ ဝမ်ဟုန်၏ဆန္ဒအတိုင်းသာ လိုက်ပါ လိုက်တော့မည်။

ချန်ရုံက တစ်ဖက်လူ၏လည်ဂုတ်အားသိုင်းဖက်လိုက်ပြီး အနမ်းများကို ခံယူလိုက်လေ၏။လှည်းယာဥ်တွင်းသို့ နွေးထွေးသောနွေဦးက တဖြည်းဖြည်းပြန်လည်ရောက်ရှိလာသည်။
လှည်းယာဉ်မှာ ညနေခင်းအချိန်အား ဖြည်းညင်းစွာ ကျော်ဖြတ်သွားခဲ့သည်။

တောတွင်း၌ နှစ်ညတာကုန်ဆုံးပြီးနောက် အရုဏ်တက်ချိန်သို့ရောက်ရှိလာပြန်လေပြီ။ချန်ရုံမှာ ဝမ်ဟုန်၏ရင်ခွင်ထဲတွင်အိပ်နေပြီး အပြင်ဘက်ရှုခင်းအား ပျင်းရိစွာလှမ်းကြည့်နေသည်။
ထိုအချိန်တွင် ဝမ်ဟုန်ကခေါင်းငုံ့လာပြီး သူမ၏ပုခုံးသားများအား နမ်းရှုံ့သည်။၎င်းအနေအထားမှနေ၍ ချန်ရုံ့ထံမှရင်သားမို့မို့များအား လှမ်းမြင်နိုင်လေ၏။

နံနက်ခင်းအလင်းရောင်အောက်တွင် ချန်ရုံ၏နှုတ်ခမ်းသားများက အနည်းငယ်ဖူးယောင်နေပြီး မျက်ဝန်းများသည်လည်းတောက်ပနေကာ ချောမွေ့သော အသားအရေမှာစွဲမက်ဖွယ်မွှေးပျံ့နေသည်။သူမသည် အမြဲလိုလိုဤအတိုင်းပင်ဖြစ်လေ၏။ခုခံခြင်းကိုရပ်တန့်လိုက်သည်နှင့်တစ်ပြိုင်နက် လုံးလုံးလျားလျား ညှို့ငင်ဓာတ်ပြင်းသွားသည်။
ထိုအချိန်တွင် လက်တစ်ဖက်က သူမ၏ဒဏ်ကွက်များအား ထိတွေ့လာလေသည်။ဒဏ်ကွက်များမှာ ညိုမဲနေပြီး
ထိတွေ့မှုက ညင်သာသော်လည်း ချန်ရုံ့ခမျာ နာကျင်နေဆဲဖြစ်သည်။

" နာတယ် ... "

သူမက တစ်ဖက်သို့လှည့်ပြီး ညဉ်းညူလိုက်သည်။
ထို့နောက်တွင် ချန်ရုံမှာ ဝမ်ဟုန်နှင့်အကြည့်ချင်းဆုံလိုက်ပြီး နှာရှုံ့ကာ နာကျင်နေသောအမူအရာဖြင့် ပိုပိုသာသာပြောလိုက်လေ၏။
" တကယ်နာတာ ... "

ထိုအခါ ဝမ်ဟုန်က ချန်ရုံ၏ရင်ဘတ်ပေါ်၌ လက်တင်ထားပြီး " အားရုံ ... " ဟုခေါ်ဆိုလာခဲ့သည်။

" အင်း ... "
ဝမ်ဟုန်က တစ်စုံတစ်ရာအား ဆက်ပြောတော့မည့်ဆဲဆဲတွင် အပြင်မှမြင်းခွာသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

" အရှင် ... တပ်မှူးရန် ရောက်လာပါပြီ ... "

ရန်မင်းရောက်ရှိလာပြီလော။
ချန်ရုံ့ခမျာ တုန်လှုပ်သွားသည်။သို့သော်လည်း ဝမ်ဟုန့်ထံမှ ရယ်မောသံခပ်သဲ့သဲ့ကိုတော့ ကြားဖြစ်အောင်ကြားလိုက်သေးသည်။

" တိုက်ပွဲက ခုလေးတင်ပြီးတာမဟုတ်ဘူးလား ... အနားယူမဲ့အစား အပြေးအလွှားလိုက်လာတယ် ... ဒီလူရဲ့ စေတနာကိုတော့ မငြင်းနိုင်တော့ဘူး "
‌ဝမ်ဟုန်၏စကားအဆုံးတွင် ချန်ရုံမှာ ခေါင်းပြန်ငုံ့မိသွားလေ၏။

" အသင့်ပြင်တော့နော် ... "
ဝမ်ဟုန်က သူမအား တိုးညင်းသောလေသံဖြင့်ပြောလာခဲ့သည်။

" အင်း ... "

လှည်းရထားက ရပ်တန့်သွားခဲ့သည်။ချန်ရုံမှာ အဝတ်တစ်စုံကို ယူလျက် ဝမ်ဟုန့်အား ဦးစွာကူညီဆင်ယင်ပေးခဲ့လေ၏။ထို့နောက်တွင်မူ သူမအတွက် ပြင်ဆင်ပေးထားသောဝတ်စုံကိုလှမ်းယူလိုက်သည်။

အဖြူရောင်၀တ်စုံအား လှမ်းယူလိုက်ချိန်တွင် လက်တစ်ဖက်က သူမ၏ခါးသိမ်အား လှမ်းဖမ်းဆွဲလာ၏။
ချန်ရုံလည်း အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

ဝမ်ဟုန်က သူမ၏လက်ထဲမှ အဖြူရောင်ဝတ်စုံအား တစ်ချက်ငုံ့ကြည့်လာခဲ့ပြီး ယင်းနောက်တွင် ရွှေပန်းထိုးထားသောအနီရောင်ဝတ်ရုံတစ်ထည်အား လှမ်းယူလိုက်ကာ သူမ၏ကိုယ်ပေါ်သို့တင်ပေးလာခဲ့လေ၏။
" ဒါဝတ်လိုက် ... "


ချန်ရုံ၏ပဟေဠိဆန်သောအကြည့်များအောက်တွင် ဝမ်ဟုန်က နေရခက်စွာဖြင့် အကြည့်လွှဲသွားသည်။

" ဝတ်လိုက်လေ ... "

ချန်ရုံလည်း ဝမ်ဟုန့်ထံမှ ၀တ်စုံကို ကမ်းယူလိုက်သည်။၎င်းဝတ်ရုံမှာ လှိုင်းသဏ္ဌာန်ပြေပြေများဖြင့်ဝဲဖြာကျနေပြီး နံနက်ခင်းအလင်းရောင်ကဲ့သို့တောက်ပသည့်ရွှေချည်ကြိုးများပါရှိသည်။ခြုံငုံပြောရလျှင် အလွန်ပင်သပ်ရပ်လှပသောဝတ်စုံတစ်စုံပါပင်။
ချန်ရုံသည် ယခင်က အနီရောင်အား မဝတ်ဆင်ခဲ့ဖူးပေ။

မူရုံခယ်၏အကြပ်ကိုင်မှုကြောင့်သာ မဟုတ်လျှင် သူမသည် ဤအရောင်ဖြင့်လွန်စွာလိုက်ဖက်ကြောင်းအား သိရှိရမည်မဟုတ်ချေ။
လက်ရှိတွင် ချန်ရုံမှာ ‌ဤအရောင်နှင့်ပတ်သက်ပြီး ကွဲလွဲသည့်စိတ်ခံစားချက်များ ရှိနေဆဲဖြစ်သော်လည်း ဝမ်ဟုန်က ဝတ်ဆင်စေချင်နေလေသည်။

သူမက နှုတ်ခမ်းများကိုတစ်ချက်ကိုက်ကာ အပေါ်ယံဝတ်ရုံကိုဖယ်ရှားလိုက်သည်။ထိုအခါ သေးသွယ်သောနှင်းဖြူလည်တိုင်နှင့် လှပစွာကွေးညွတ်နေသည့် ပခုံးတန်းများက ဝမ်ဟုန်၏မျက်စိရှေ့တွင် ပေါ်ပေါက်လာသည်။ဝမ်ဟုန်မှာ လက်ကိုဆန့်ထုတ်လိုက်ပြီး ချန်ရုံ၏အရေပြားများအား ကိုင်တွယ်လာခဲ့လေ၏။
ယင်းနောက်တွင် သူက ချန်ရုံ့အား နမ်းရှိုက်လျက် ဆိုခဲ့သည်။

“မင်းရဲ့ ရေခဲသားလိုအသားအရည်က လရောင်လို တောက်ပနေတယ် ... ကျောက်စိမ်းနဲ့တူတဲ့မင်းရဲ့အရေပြားက နူးညံ့ပြီးတော့နွေးထွေးတယ် ... ဒဏ္ဍာရီထဲကမြို့ငယ်လေးက တကယ်ကြီး ရှိတာပါပဲလား ... "

[ 温柔乡 (ဒဏ္ဍာရီထဲမှမြို့ငယ်လေး ) ဆိုသည်မှာ ယောက်ျားတစ်ယောက်က မိန်းမသားတစ်ဦးအား ကာမဂုဏ်အရ စွဲလမ်းနှစ်သက်မှုကို ဖော်ပြရန်အတွက် အသုံးပြုသည့် ဥပမာတစ်ခုဖြစ်သည်။ဟန်ဧကရာဇ်မင်းမြတ် ' ချန် ' သည် သူ၏ကိုယ်လုပ်တော် 'ကျောက်ဟယ်သဲ ' ၏ခန္ဓာကိုယ်မှာ အလွန်ပြီးပြည့်စုံလွန်းပြီး ဘယ်သောအခါမှ သူ ထွက်ခွာမသွားလိုသည့်ဒဏ္ဍာရီထဲမှမြို့ငယ်ကလေးဟူ၍ တင်စားခေါ်ဝေါ်ခဲ့သည်။ ]

ဝမ်ဟုန်က ပြောပြောဆိုဆိုဖြင့် အရှေ့သို့ ကိုင်းညွှတ်လျက် ချန်ရုံ၏လည်ဂုတ်၌မျက်နှာအပ်ထားခဲ့သည်။သူ၏ပူပြင်းသော ဝင်လေထွက်လေများက ချန်ရုံ၏နားဖျားအား ရိုက်ခတ်နေလေ၏။
ချန်ရုံ့ခမျာ ယားကျိကျိခံစားလိုက်ရပြီး ရှက်သွေးဖြာစွာပြုံးရယ်သည်။

"ချီလန် ... ဘာလို့စကားချိုချိုလေးတွေ ပြောနေတာလဲ ...အင်းးး ... အိမ်ထောင်သည်တွေရဲ့ချစ်စကားက ဒီလိုပဲလားဆိုတာကို သိချင်မိတယ် "

သူမ၏မေးခွန်းက ဝမ်ဟုန့်အား ခေတ္တရပ်တန့်သွားစေခဲ့သည်။
" အချစ်လေးက ဒီလိုစကားကို တောင့်တနေသလိုပဲ "

ဝမ်ဟုန့်စကားကြောင့် ချန်ရုံက ရုတ်ချည်းပင်အကြည့်လွှဲသွားလေ၏။
မှန်ပေသည်။ရှေးယခင်ကတည်းက ဤသို့သောအရာအား သူမ တောင့်တခဲ့ရသည်။ယခင်ဘဝတွင် သူမသည် ဇာပါးကန့်လန့်ကာအရှေ့၌ထိုင်ကာ စိမ်းလန်းသောသစ်ပင်များကို လှမ်းမျှော်ပြီး မထိရက်မတို့ရက်သောဤလိုပျော်ရွှင်မှုမျိုးအား တမ်းတနေခဲ့ပေ၏။


သို့သော်လည်း ယခုအချိန်၌ ရက်အနည်းသာကြာရှည်နိုင်မည်ဆိုလျှင်ပင် ၎င်းလှပသောပျော်ရွှင်မှုအားလက်ဝယ်ပိုင်ဆိုင်ထားရသည်။အဘယ်ကြောင့် စိုးရိမ်ပူပန်နေရပါမည်နည်း။

ဤအတွေးဖြင့် ချန်ရုံမှာ ခေါင်းကိုညင်သာစွာ မော့လိုက်ပြီး ဝမ်ဟုန်၏ နှာသီးဖျားအား ခပ်ဖွဖွလှမ်းကိုက်လိုက်တော့သည်။ထို့နောက်တွင် သူမက ချစ်စဖွယ်ဟန်ပန်ဖြင့် မျက်လုံးများကို အနည်းငယ်ကျယ်ပြလိုက်ပြီး “ ဒီကမ္ဘာမှာ ကျွန်မက ဒါမျိုးတွေကို မလိုချင်တဲ့ မိန်းကလေးမျိုးလေ ... " ဟု ‌ရွှတ်နောက်နောက်ပြောသည်။
ချန်ရုံမှာ ဝမ်ဟုန့်အား ကျောပေးသွားခဲ့ပြီး ဝတ်ရုံလွှာအား အလုံးစုံဖယ်ချလိုက်တော့၏။
အတွင်းဝတ်များပါ ကြမ်းပြင်ပေါ်သို့ပုံကျသွားချိန်တွင် အနောက်မှ အသက်ရှူသံများက ပိုမိုပြင်းထန်မြန်ဆန်လာခဲ့သည်။

ချန်ရုံ တစ်ချက်ပြုံးမိသွားလေ၏။သူမက ကျက်သရေရှိသောကချေသည်တစ်ဦး၏ဟန်ပန်ဖြင့် အဝတ်အစားများအား ကောက်ယူခဲ့သည်။
အတွင်းဝတ်အား ဝတ်ဆင်နေစဉ်မှာပင် ချန်ရုံ၏လက်များမှာ ဆွဲချုပ်ခြင်းခံလိုက်ရတော့သည်။ဝမ်ဟုန်က အနောက်မှနေ၍ သူမ၏လက်မောင်းများအား ဖမ်းဆွဲထားပြီး ပုခုံးသားများထက်သို့လျှာဖျားဖြင့် ကူးလူလာခဲ့လေ၏။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ရုံ့ပုခုံးသားများထက်၌ သွားရာတို့ဖြင့် ပြည့်နှက်သွားသည်။
ချန်ရုံတစ်ယောက် တစ်ဖက်သို့လှည့်ပြီး မညဉ်းညူနိုင်ခင်မှာပင် ဝမ်ဟုန်က သူမ၏နားရွက်‌အနောက်သို့ ထပ်မံကျူးကျော်လာပြန်၏။

ဝမ်ဟုန်က ခန္ဓာကိုယ်ချင်းခွာလိုက်သောအခါ ချန်ရုံတစ်ယောက် ကြေးဝါမှန်မှတစ်ဆင့် ထင်ရှားနေသောသွားကိုက်ရာများအား လှမ်းမြင်လိုက်ရတော့သည်။

" ကျွန်မ ဘယ်လိုလုပ်ရတော့မှာလဲ ... တခြားသူတွေကို ဘယ်လိုသွားတွေ့ရတော့မှာလဲလို့ ... "

ချန်ရုံက မကျေမနပ်ဖြစ်နေဟန်ဖြင့် ဝမ်ဟုန်၏လက်မောင်းအား ဆွဲညှစ်ရင်း မေးမြန်းလိုက်လေ၏။

" ရှေ့‌လျောက် ဘယ်သူနဲ့မှ မတွေ့နဲ့တော့ ... "

မည်သူနှင့်မှ မတွေ့ရဟုဆိုလိုက်ခြင်းလော။စောင့်မျှော်နေဆဲတန်းလန်းဖြစ်သည့် ရန်မင်းအား အဘယ်သို့လုပ်ရတော့မည်နည်း။

ရန်မင်းအကြောင်းတွေးမိသွားသည်နှင့်တစ်ပြိုင်နက် ချန်ရုံမှာ အနောက်သို့လှည့်ကာ ရယ်မောလိုက်လေ၏။

" ချီလန် ... "

သို့သော်လည်း ထိုအချိန်၌ဝမ်ဟုန်က ပြတင်းပေါက်ရှိရာဆီသို့လျှောက်လှမ်းသွားပြီး တည်ငြိမ်အေးစက်သောမျက်နှာထားဖြင့် ကောင်းကင်ကြီးအားငေးမောကြည့်ရှုနေတော့သည်။
ဤလူမှာ ထပ်မံ၌ ဟန်ဆောင်နေပြန်လေပြီ။

ချန်ရုံက ဝမ်ဟုန့်အား မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး အတွင်းဝတ်ဆင်ယင်ခြင်းအမှုကိစ္စအား ပြီးစီးအောင်လုပ်ကာ ဝတ်ရုံလွှာကို အပြင်ဘက်မှ ခြုံလွှမ်းခဲ့လေ၏။

အရှေ့မှလမ်းက တဖြည်းဖြည်းကျယ်ဝန်းလာသည်။လှည်းရထားရပ်တန့်သွားချိန်၌ ချန်ရုံမှာ ကြည့်မှန်ထဲသို့စူးစိုက်ကြည့်လျက် ဆံပင်ပြင်နေခဲ့သည်။
ဤတစ်ကြိမ်၌ ချန်ရုံက ဆံနွယ်များအား အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးကဲ့သို့ စည်းနှောင်ထားလေသည်။ဆံထိုး ထိုးစိုက်ရန်သာ လိုအပ်တော့သည့်အချိန်တွင် လှည်းယာဉ်ပြင်ပမှ ဝမ်ဟုန်က ခပ်တိုးတိုးဆိုလာခဲ့၏။

" ဆင်းလာတော့ ... "

" အင်း ... "

ဝမ်ဟုန်က သူမ ဆင်းသက်လာသည်ကိုမစောင့်ဆိုင်းဘဲ အရှေ့မှ လျှောက်လှမ်းသွားနှင့်သည်။ချန်ရုံလည်း တစ်ဖက်လူ၏အနောက်မှ လိုက်ပါသွားခဲ့‌လေ၏။

အရှေ့ ခြေလှမ်းနှစ်ရာခန့်အကွာမှ ကြီးမားသောစစ်တပ်ကြီးတစ်ခုအား ဖြည်းဖြည်းချင်း မြင်လာရသည်။ကနဦး၌ မြင်းခွာကဆုန်ပေါက်မှုများကြောင့်လွင့်မျောနေသောဖုန်ထုကြီးထဲမှ ဦးခေါင်းပင်လယ်ကြီးကိုသာ ရှုမြင်နိုင်ခဲ့သော်လည်း ၎င်းတို့မှာ ထောင်နှင့်ချီသောစစ်သည်တော်များပင်ဖြစ်လေသည်။

နှစ်ဦးသားလျှောက်လှမ်းသွားစဉ်၌ တပ်စုထဲမှလူတစ်ဦးက မြင်းပေါ်မှဆင်းသက်လာပြီး သူမတို့ထံသို့ဦးတည်လာလေသည်။
ခဏအကြာတွင် ဝမ်ဟုန်မှာ ညောင်ပင်ကြီးတစ်ပင်အောက်သို့ ရောက်ရှိသွားပြီး လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။
ချန်ရုံသည်လည်း ဝမ်ဟုန့်အနောက်၌ ဝင်ရပ်လိုက်လေ၏။
စူးရှသောနေရောင်ကြောင့် ချန်ရုံ့ခမျာ မျက်လုံးများပိတ်မိတော့မတတ်ဖြစ်သွားရှာသည်။
လူတစ်ဒါဇင်ကျော်က သူမ၏မြင်လွှာထဲ၌ရှိနေခဲ့ပြီး ရှေ့ဆုံးတွင်ရပ်နေသောတစ်ယောက်မှာ အရပ်မြင့်ပြီး ခက်ထန်ရက်စက်တတ်ပုံရလေသည်။
ထိုသူ၏ချပ်ဝတ်တန်ဆာသည် သွေးစများနှင့် အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေပြီး သန့်ပြန့်သောနေရာမရှိသလောက်ဖြစ်သည်။သူ၏စူးရှသော ဝံပုလွေမျက်လုံးများအောက်တွင်လည်း သွေးစက်အချို့စွန်းထင်းနေလေ၏။
အနောက်မှ လူအားလုံးမှာလည်း သွေးများ ၊ ဖုန်အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေကြသည်။

ထိုသူက ဝမ်ဟုန့်အားတစ်ချက်ကြည့်ပြီး နှုတ်ခမ်းစွန်းများအား ကော့ချိုးလိုက်လေ၏။ချန်ရုံ့အား မြင်သွားသောအခါတွင်မူ သူ၏မျက်ဝန်းထဲ၌ အံ့အားသင့်မှုများ ပေါ်ပေါက်လာသည်။


ထိုအချိန်၌ ဝမ်ဟုန်က ရှေ့ထွက်သွားပြီး သံချပ်ကာဝတ်ဆင်ထားသောရန်မင်းအား ဦးညွှတ်လိုက်လျက်ပြုံးပြုံးရွှင်ရွှင်ပြောလေသည်။

" အောင်ပွဲအတွက် ဂုဏ်ယူပါတယ် တပ်မှူးရန် ... "

ရန်မင်းက ခေါင်းညိတ်ပြခဲ့သော်လည်း သူ၏အကြည့်များမှာတော့ ချန်ရုံ့ထံတွင်သာ ရှိနေလေသည်။

" မင်းက အရင်လို တောက်တောက်ပပရှိနေတုန်းပဲ ... နေရထိုင်ရတာအဆင်ပြေတယ်လို့မှတ်ယူလိုက်မယ် ... "

ရန်မင်းက ချန်ရုံ့အားဖွင့်ထုတ်ပြောလိုက်ပြီး ယင်းနောက်တွင်မူ ဝမ်ဟုန့်အား တစ်ဖန်လှည့်ကြည့်သည်။

" ဉာဏ်နီဉာဏ်နက်များတဲ့ချီလန် ... မင်းရဲ့သူရဲကောင်းလှည့်ကွက်တွေက အောင်မြင်လွန်းလို့ သူ့ဆံပင်ပုံစံတောင် လှလှပပလေး ပြောင်းသွားရှာပြီ "

ထိုအခါ ဝမ်ဟုန်က မည်သည်ကိုမှပြန်မပြောသေးဘဲ ချန်ရုံ့အား လှည့်ကြည့်လိုက်လေ၏။ချန်ရုံ၏အိမ်ထောင်ရှင်မဆံပင်ပုံစံအားမြင်လိုက်ရသောအချိန်တွင် သူ၏နှုတ်ခမ်းများက ရုတ်ချည်းတွန့်ကွေးသွားခဲ့သည်။

ယင်းနောက်တွင် သူက ချန်ရုံ့ထံမှ အကြည့်ပြန်လွှဲလိုက်သည်။သို့ရာတွင် အကောင်းမြင်ကျေနပ်စိတ်ဖြင့် တောက်ပနေသောမျက်ဝန်းများ၌ ပျော်ရွှင်မှုများဖြာကျနေဆဲဖြစ်သည်။

ရန်မင်းမှာ ဤသို့ဖြစ်နေသောဝမ်ဟုန့်အား လှောင်ပြောင်ချင်နေလေ၏။

"ဒါဆို တိုက်ပွဲက ဘယ်လိုဖြစ်တာလဲ"

ခေတ္တနှုတ်ဆိတ်နေခဲ့ပြီးနောက် ဝမ်ဟုန်က စကားစလာသည်။

တိုက်ပွဲအကြောင်းပြောလိုက်သောအခါတွင် ရန်မင်း၏အမူအရာက မှုန်ဝါးသွားသည်။သူက မျက်မှောင်ကြုတ်ပြီး ချောင်းဟန့်လျက် အကြောင်းစုံကိုရှင်းပြလာခဲ့တော့သည်။

" မူရုံခယ်ကတော့ မူရုံခယ်ပါပဲ ... ငါတို့ရဲ့ အကြံအစည်တွေနဲ့တောင်မှ သူ့ရဲ့လူအင်အားသုံးထောင်ကိုပဲ ရှင်းပစ်နိုင်တယ် ... သူဦးဆောင်လာတဲ့လူနှစ်ထောင်ကတော့ အထိအ ခိုက်မရှိဘဲလွတ်သွားတယ် ... "

ရန်မင်းက ဝမ်ဟုန့်အား တစ်ချက်ကြည့်လိုက်ပြီး ဆက်လက်ပြောကြားသည်။

“လမ်းမှာ ငါ့ကို ချောင်းမြောင်းပြီးတိုက်ဖို့ အင်အားနှစ်ထောင်နဲ့ တပ်ပုန်းချထားသေးတယ်လေ ... မူရုံခယ်နဲ့ တွေ့တော့ ပြန်ဆုတ်လာရုံပဲတတ်နိုင်တယ် ... အဲ့အချိန်မှာ တိုက်ပွဲက နှစ်ပွဲဆက်နေပြီ ...ငါ့ဘက်က အင်အားလည်းမမျှတာနဲ့ နည်းနည်းပါးပါးပဲတိုက်ခိုက်ပြီးတော့ နှစ်ဖက်လုံးပြန်ဆုတ်သွားခဲ့ကြတာ ... "

ထိုအခါ ဝမ်ဟုန်က ခေါင်းညိတ်လျက်ဖြည်းညင်းစွာမှတ်ချက်ပြုလေ၏။

" မူရုံခယ်ကထူးထူးခြားခြား အရည်အချင်းရှိတဲ့သူပဲ .. သူ့လူတွေကလည်း ရဲရင့်တယ် ... သူနဲ့ မဆင်မခြင်သွားတိုက်ရင် နှစ်ဦးနှစ်ဖက် အသေအပျောက်များတာပဲအဖတ်တင်မယ် ... ကျုပ်က အားရုံကိုခေါ်သွားချင်ရုံပဲဆိုတာကို သူလည်းသိလောက်ပြီဆိုတော့ ထပ်ပြီး မစွန့်စားရဲလောက်တော့ပါဘူး ... "

ရန်မင်းက ခေါင်းညိတ်ပြ‌နေခဲ့သော်လည်း ဝမ်ဟုန်၏စကားအဆုံးတွင် ချန်ရုံ့ထံသို့ အကြည့်ပြန်ရောက်သွားခဲ့သည်။သို့သော်လည်း သူက ထိုအကြည့်အား အမြန်ရုပ်သိမ်းလိုက်ပြီး ဝမ်ဟုန်ရှိရာဘက်သို့သာ ပြန်လှည့်လိုက်လေ၏။

" မင်းရဲ့ဆန္ဒအတိုင်း စောင့်ကြပ်ပေးနေတုန်း မြို့တော်ဝန်ရဲ့ စည်းစိမ်ဥစ္စာကို ငါမထိခဲ့ဘူး... မူရုံခယ်လွှတ်လိုက်တဲ့ ဟူယန်ချန်ကိုလည်း မောင်းထုတ်လိုက်တယ်"

ဝမ်ဟုန်၏အံ့အားသင့်မှုမှာ ထင်ရှားစွာထွက်ပေါ်လာသည်။သူက ရန်မင်းအား တအံ့တသြ စိုက်ကြည့်ရင်း “ခင်ဗျား ဘာမှ မယူခဲ့ဘူးလား” ဟု ရုတ်ချည်းမေးမြန်းလိုက်လေ၏။

ထိုအခါ ရန်မင်းက ခေါင်းညိတ်ပြသည်။

" သူက ဝမ်အိမ်တော်ရဲ့အပိုင်ပဲဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးခဲ့တယ်မလား ... အဲဒါတွေက ခင်ဗျားရဲ့အကျိုးအမြတ်တွေလေ ... "

ရန်မင်းမှာ တစ်စုံတစ်ရာပြန်လည်မဖြေကြားဘဲ ချန်ရုံ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ဤတစ်ကြိမ်၌ သူ့အကြည့်များက နက်ရှိုင်းပေ၏။

" ဒီမိန်းကလေး အရှက်ရတာမျိုး မဖြစ်ရင်ရပြီ ... ငါက သူ့ကိုပဲကယ်ချင်တာ ...ကျန်တာတွေက ငါ့အတွက်အရေးမကြီးဘူး ... "

ယင်းနောက်တွင် ရန်မင်းက ဝမ်ဟုန့်အားမကြည့်ဘဲ အခြားသူများအား ဖြည်းညင်းစွာလှမ်းပြောလိုက်သည်။

" ခဏလေး နောက်ဆုတ်ပေးကြပါ ... ငါသူ့ကိုပြောစရာရှိတယ် ... "

ရန်မင်း၏စကားအဆုံးတွင် တပ်သားများက တစ်ယောက်ပြီးတစ်ယောက် အနောက်ဆုတ်သွားကြသည်။

ဝမ်ဟုန်သည်လည်း ချန်ရုံ၏လက်မောင်းအား ခပ်ဖွဖွပုတ်ပေးပြီး ဖြည်းညင်းစွာ ထွက်ခွာသွားခဲ့သည်။

ရန်မင်းမှာ အရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့လေ၏။ယင်းနောက်တွင် သူကခေါင်းငုံ့ကာ ချန်ရုံ့အား စိုက်ကြည့်သည်။

" မူရုံခယ်က မင်းကိုထိခဲ့တာလား ... "

ချန်ရုံမှာ ကနဦး၌ အေးခဲသွားသော်လည်း ထို့နောက်တွင်ခေါင်းခါပြလိုက်ပြီး အေးဆေးတည်ငြိမ်စွာ ပြန်လည်ဖြေကြားခဲ့လေ၏။

" ဟင့်အင်း ... ကျွန်မရဲ့ဂုဏ်သိက္ခာကိုကာကွယ်ဖို့ သူ့ကိုမြူဆွယ်ခဲ့တာ ... "

ရန်မင်းက မည်သည့်စကားမျိုးကိုမှပြန်ပြောမလာခဲ့သောကြောင့် ချန်ရုံလည်း မော့ကြည့်လိုက်သည်။
နေရောင်အောက်တွင် စူးရှနေသော သူ၏မျက်လုံးများမှာ ညဉ့်မှောင်ယံမီးတောက်များနှင့်ဆင်တူသည်။ထိုမျက်ဝန်းများထဲမှ ဆို့နင့်မှု ၊ အထီးကျန်မှုနှင့် စကားလုံးများဖြင့်ဖော်ပြ၍မရနိုင်သောနာကျင်ကြေကွဲမှုများအား ပထမဦးဆုံးအကြိမ်အဖြစ် ချန်ရုံရှာဖွေတွေ့ရှိခဲ့သည်။
လက်ရှိအချိန်၌ ရန်မင်းမှာ သူမအား ထိုမျက်ဝန်းများဖြင့် စူးစိုက်ကြည့်နေလေသည်။

" မင်းက ငါ့ကိုသစ္စာဖောက်ပြီး ဒဏ်ရာတွေအကြိမ်ကြိမ်ပေးခဲ့တယ် ... ဒါပေမဲ့ ငါမင်းကို ဗွေမယူပါဘူး ... "

ရန်မင်းက ပြောပြောဆိုဆိုဖြင့် လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။