Chapter 231
_ သူ၏ခံစားချက်များ
သစ္စာဖောက်ပြီး ဒဏ်ရာရစေသည်ဟု ဆိုလိုက်ခြင်းလော။
ထိုစကားကိုကြားသောအခါ ချန်ရုံ ရယ်ချင်သွားသည်။
သို့သော်လည်း အထီးကျန်ဆန်နေသော မျက်ဝန်းများနှင့် သွေးစက်များပေရေနေသည့်ရုပ်သွင်အားမြင်လိုက်ရသောအခါတွင် ဤချောမောပြီး ခံစားချက်ကင်းမဲ့သောအမျိုးသားမှာ နေရောင်အောက်တွင်ရှိနေခဲ့သော်ငြားလည်းအထီးကျန်ဆွေးမြေ့မှုအား ခံစားနေရရှာကြောင်း ချန်ရုံသိရှိသွားသည်။
သူသည် အဆုံးမဲ့သောသီးခြားဆိတ်ငြိမ်သည့်နယ်ပယ်၌ တစ်ကိုယ်တည်းအထီးကျန်ဆန်စွာနေခဲ့ရသူဖြစ်ပြီး သူ့အား မည်သူတစ်ဦးတစ်ယောက်ကမှ နားလည်ပေးခြင်း ၊ ပေါင်းသင်းဆက်ဆံခြင်းမျိုးမရှိခဲ့ချေ။
ရန်မင်းအားစိုက်ကြည့်နေရင်း ချန်ရုံတစ်ယောက် မျက်ရည်များဝေ့ဝဲလာသည်။သူမက ခေါင်းမော့ကာ ၎င်းမျက်ရည်စများအား လေညင်းအဟုန်ဖြင့် ခြောက်သွေ့စေလိုက်၏။
ဤလူမှာ နူးညံ့ညင်သာမှုအား ရိုးတွင်းခြင်ဆီတွင်းထဲမှ တောင့်တနေခဲ့မည်ဟု ချန်ရုံ မထင်ထားခဲ့ပေ။ရန်မင်းမှာ သံမဏိလိုခိုင်မာလွန်းပြီး ဘယ်သောအခါမှ အရှုံးပေးမည်မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း မှားယွင်းသွားလေပြီ။နှစ်ဘဝတာလုံး၌ ရန်မင်းသည် အမြဲတစေ တစ်ကိုယ်တည်းဖြစ်ခဲ့ရပြီး သူ၏စိတ်ဝိညာဉ်မှာ ပြုခဲ့သမျှအရာတိုင်းအတွက် နွေးထွေးမှုအား အမြဲတစေလှည့်လည်ရှာဖွေနေခဲ့သည်။
နောက်ဆုံးဘဝတွင် သူမသည် ရန်မင်း၏အာရုံကိုဖမ်းစားရန်အတွက် မှားယွင်းသောနည်းလမ်းအား အသုံးပြုခဲ့မိသည်။အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ့အား နောက်ပြန်လှည့်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
ဤဘဝတွင် သူမသည် စွဲလမ်းမှုတို့ကို စွန့်လွှတ်ခဲ့လိုက်သော်လည်း မဆီလျော်သောအလိုအလျောက်ငြင်းပယ်မှုက သူမအား ရန်မင်း၏နှလုံးသားထဲသို့ တဟုန်ထိုးရောက်ရှိသွားစေခဲ့သည်။သူမသည် ရန်မင်းအား အမှန်အကန်ပင်နာကျင်စေမိလေပြီ။အတိတ်က သူမ နာကျင်ခဲ့ရသည့်အတိုင်းပင် ယခုဘဝ၌ သူမသည် ရန်မင်း၏နှလုံးသားထဲသို့တည့်တည့်ဝင်ရောက်သွားပြီးခါမှ အရာအရာကိုလျစ်လျူကာ တစ်ဖက်သားအား အကြီးမားဆုံးဒဏ်ရာကို ပေးစွမ်းမိခဲ့သည်။
ချန်ရုံ့ခမျာ ယခုတစ်ကြိမ်၌ မပျော်ရွှင်နိုင်တော့ပေ။
သူမ၏နှုတ်ခမ်းသားများက တုန်လှုပ်သွားခဲ့ပြီး
ဆံနွယ်များမှာလည်း လေထုထဲ၌ ကူးလူနေလေသည်။
တစ်စုံတစ်ရာအား ချန်ရုံ ဖွင့်ထုတ်ပြောလုဆဲဆဲတွင် ရန်မင်းက လေးနက်သောလေသံဖြင့် " အားရုံ ... " ဟု ဆိုလာခဲ့သည်။
" အကယ်၍များ မင်းမှာ ကလေးရှိလာပြီး ဘယ်ကိုမှ သွားစရာမရှိရင် ငါ့ကိုလာရှာပါ .... ”
ချန်ရုံက ရန်မင်းအား ခေါင်းမော့ကြည့်လိုက်သည်။
"မူရုံခယ်က ကျွန်မကို တကယ်မထိခဲ့ဘူး"
သူမသည် ရန်မင်း၏ဆွေးမြေ့မြေ့အကြည့်များဖြင့် ရင်ဆိုင်လိုက်ရပြီး ဖျော့တော့စွာပြောခဲ့လေ၏။
ဟူလူမျိုးများ၏လက်တွင်းသို့ကျရောက်သွားရှာသောအမျိုးသမီးတိုင်းမှာ သူတို့၏တပ်မှူး သို့မဟုတ် တပ်စုမှူးနှင့်စစ်သားများ၏ကစားစရာရုပ်သေး ဖြစ်သွားလေ့ရှိသည်။ဤသည်မှာ မည်သည့်မိန်းကလေးမှ မလွတ်မြောက်နိုင်သောစံနှုန်းတစ်ခုပင်။ထို့ကြောင့်ပင် ရန်မင်းနှင့်ဝမ်ဟုန်တို့နှစ်ဦးစလုံးက သူမအတွက်လည်း ကွဲပြားမည်မဟုတ်ဟု ထင်မှတ်နေကြခြင်းဖြစ်လေသည်။
“မင်းက အရမ်းခေါင်းမာတာပဲ ... ချန်ဝေ့ကို သည်းမခံနိုင်ရင်လည်း ငါ့ကိုလာရှာပြီးပြောလို့ရသားပဲ ... ဒါပေမဲ့ မင်းက အဲလိုအသေးအဖွဲကိစ္စအတွက်နဲ့ ဝမ်ဟုန်နဲ့သွားအိပ်ပစ်လိုက်တယ် ... မင်းက ငါ့ကိုစွန့်ပစ်လိုက်တာ အားရုံ... "
ရန်မင်း၏လေသံ၌ ဝမ်းနည်းခြင်းအငွေ့အသက်များ တိမ်မြုပ်နေပြီး သူမက သူ့အား စွန့်ပစ်သည်ဟု ပြောလိုက်ချိန်တွင် ၎င်းလေသံမှာ ပို၍ပင် အားယုတ်လျော့သွားခဲ့သည်။
ချန်ရုံ၏နှုတ်ခမ်းများ လှုပ်ရှားသွားသည်။သူမသာ ရန်မင်းနှင့် အမှန်တကယ် ထိမ်းမြားချင်ပါက ချန်ဝေ့အကြောင်း ကြားခဲ့သောအချိန်တွင် ရန်မင်းအား ကိုယ်တိုင်ကိုယ်ကျသွားရှာမိခဲ့လိမ့်မည်။တစ်ဖက်လူက နားမထောင်နိုင်သော်လည်း အတတ်နိုင်ဆုံးကြိုးစားမိခဲ့ပေမည်။
ရန်မင်းက ချန်ရုံ့အား စိုက်ကြည့်နေခဲ့သည်။ယင်းနောက်တွင် သူကခေါင်းငုံ့လိုက်ပြီး နှုတ်ဆိတ်နေသည့်ချန်ရုံ့အား ဆက်လက်ပြောဆိုခဲ့လေ၏။
" မင်းရဲ့ဖြူစင်မှုပျက်ပြားသွားတာကို စိတ်ထဲမထားဘူး ... ငါမင်းကို လက်ထပ်ချင်နေတုန်းပဲ ... ဒါပေမဲ့ မင်း ငါ့ကို ငြင်းတယ် ... အားရုံ ... မင်းရဲ့နှလုံးသားက သံမဏိတွေ ကျောက်သားတွေနဲ့လုပ်ထားတာပဲ ... "
ရန်မင်းက ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး ဆို့နင့်သောလေသံဖြင့် ထပ်မံပြောကြားသည်။
" ငါက ဟူလူမျိုးတွေဆီမှာ မွေးဖွားလာခဲ့ပြီးတော့ ရန်သူကို တိုင်းသူပြည်သားအဖြစ် မှတ်ယူခဲ့ရတယ် ... မရေမတွက်နိုင်တဲ့ မျိုးနွယ်စုတွေကို ကယ်တင်ခဲ့ပေမဲ့လည်း ငါအမြဲတမ်းပြန်ရခဲ့တာကတော့ အထင်အမြင်သေးမှုတွေပဲ ... ဒါပေမဲ့ အဲဒါက အရေးမကြီးပါဘူး … ဘဝကြီး ပြီးပြည့်စုံသွားတယ်လို့ထင်စေလောက်တဲ့ ပျော်ရွှင်မှုမျိုးကို မင်းက ပေးခဲ့လို့လေ ... ဒါပေမဲ့ မင်းကပါ ငါ့အပေါ်ကိုဒီလိုလုပ်သွားပြန်တယ် ... အားရုံ ... ငါမင်းကို ဘယ်လောက်များနာကျဥ်းမုန်းတီးပြီး သတ်ပစ်ချင်ခဲ့လိုက်မလဲ ... "
ချန်ရုံက နှုတ်ခမ်းများအား တင်းတင်းစေ့ပြီး မြေပြင်ကိုသာစိုက်ကြည့်နေသည်။
ရန်မင်း၏လေသံမှာ အနည်းငယ်တိမ်ဝင်သွားခဲ့ပြီး နာကျင်မှုနှင့်အထီးကျန်မှုများအား ဖုံးကွယ်နိုင်ရန်အလို့ငှာ သူက မျက်လုံးအစုံကိုမှိတ်ချလိုက်သည်။
" ငါလည်း ဒီတစ်ခါတော့ လွှတ်ချလိုက်ချင်ပြီ ... ဒါပေမဲ့ ငါမြင်ဖူးခဲ့တဲ့ ဂျင်မိန်းကလေးတွေလိုမျိုး မင်းက ဟူလူမျိုးကောင်တွေဆီမှာ ဖမ်းချုပ်ခံရပြီး အဲ့ဒီရှန်းပေတွေဆီမှာ ငိုယိုနေရတဲ့ပုံစံကို မြင်ယောင်ကြည့်လိုက်တဲ့အချိန်မှာတော့ ဒီတိုင်းထိုင်မနေနိုင်တော့ဘူး ... "
ချန်ရုံက အနောက်သို့ခြေတစ်လှမ်းဆုတ်ပြီး ရန်မင်းအား ဦးညွှတ်လိုက်လေသည်။ယခုအချိန်၌ သူမ၏ခံစားချက်များက ရှုပ်ထွေးလွန်းနေပြီး လည်ချောင်းထဲတွင်လည်း တစ်စုံတစ်ရာ ဆို့နင့်နေသလိုခံစားရသည်။ဤအရာမှလွဲ၍ မည်သို့ပြုမူရမည်ကိုလည်း မသိတော့ပေ။
ရန်မင်း၏အက်ရှရှလေသံက ဆက်လက်ထွက်ပေါ်လာသည်။
" မင်း ဘေးကင်းကင်းနဲ့ပြန်ရောက်လာတာကို တွေ့ရတော့ငါအရမ်းစိတ်သက်သာရာရသွားတယ် ... မိန်းကလေး ... ငါပြောတာကိုမှတ်ထားပါ ... သွားစရာနေရာမရှိရင် ဘယ်ချိန်မဆို ငါ့ဆီလာလို့ရတယ် ... မင်းကို ကဲ့ရဲ့ရှုတ်ချမှာမဟုတ်သလို မင်းရဲ့ကလေးကိုလည်း ငါ့သွေးသားလိုပဲသဘောထားမှာပါ ... "
ထိုစကားကို ပြောပြီးသောအခါ ရန်မင်းက သူမအား စူးစူးစိုက်စိုက်ကြည့်လာခဲ့သည်။ဤတစ်ကြိမ်အကြည့်များမှာ အလွန်လေးနက်လှပြီး သူသည် မှတ်ဉာဏ်ထဲတွင် သူမ၏ပုံရိပ်အား စွဲစွဲမြဲမြဲသိမ်းထားချင်နေပုံပင်။
တစ်ဖက်တွင်လည်း ထိုအကြည့်များမှာ သူမအား အပြီးတိုင်မမေ့ဖျောက်မီ နောက်ဆုံးအကြိမ်အဖြစ်ကြည့်သောသဘောမျိုး သက်ရောက်နေသည်။
ရန်မင်းထံမှ သက်ပြင်းချသံအား လေထုက သယ်ဆောင်သွားခဲ့သည်။ချန်ရုံ မော့ကြည့်လိုက်သောအခါ ဝတ်ရုံလွှာများအား လေညင်းဖြတ်တိုးသွားသောအသံကိုသာကြားရသည်။
ရန်မင်းသည် သူ၏မြင်းရှိရာဆီသို့လျှောက်လှမ်းသွားခဲ့ပြီး နောက်ပြန်လှည့်မကြည့်ဘဲ မြင်းကုန်းနှီးပေါ်သို့တစ်ချက်တည်း နေရာယူတက်ရောက်လိုက်သည်။
ယင်းနောက်တွင် သူက မာကြောပြတ်သားသောလေသံဖြင့် " သွားကြစို့ ... " ဟု ပြောလိုက်လေ၏။
ထိုအခါမြင်းစီးသူရဲအပေါင်းမှာလည်း ရန်မင်းနှင့်အတူထွက်ခွာသွားကြပြီး ချန်ရုံ၏မြင်လွှာထဲ၌ ဖုန်ခိုးဖုန်ငွေ့များသာ ကူးလူကျန်ရစ်ခဲ့သည်။
ဝမ်ဟုန်က ချန်ရုံ၏အနောက်၌ လာရပ်ပြီး နေရောင်အောက်တွင် တဖြည်းဖြည်းဝေးကွာသွားသောနီညိုရောင် ရုပ်သဏ္ဌာန်အား ကြည့်ရှုနေခဲ့လေ၏။
သူက လက်နှစ်ဖက်ကိုနောက်ပစ်ထားလျက်ရှိပြီး အလိုမကျဖြစ်နေသောလေသံဖြင့် ပေါ့ပေါ့တန်တန် ပြောလိုက်သည်။
" မင်းက ဘာလို့သွားစရာနေရာမရှိရမှာလဲ ... မလိုအပ်တာတွေ စိတ်ပူပြနေတယ် ... "
ထိုအခါချန်ရုံက မျက်ရည်ဝဲနေကြောင်းမသိသာစေရန် မျက်တောင်များအား ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး လှည့်ကြည့်လိုက်၏။
ယင်းသို့ လှည့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဟုန်၏တည်ငြိမ်သောမျက်ဝန်းများနှင့်ကြုံဆုံလိုက်ရသည်။
" သွားမယ် ... "
ဝမ်ဟုန်၏လေသံမှာ အနည်းငယ်မသာမယာဖြစ်နေပြီး ချန်ရုံလိုက်မလာနိုင်ခင်မှာပင် သူကအရှေ့မှ ဦးစွာထွက်ခွာသွားနှင့်သည်။
ချန်ရုံလည်း လှည်းရထားဆီသို့ ပြန်သွားခဲ့လေ၏။
သူမက ခေါင်းငုံ့ကာ ပူးကပ်နေသောလက်ချောင်းများအား ဗလာဖြစ်စွာဖြင့် မလှုပ်မယှက် စိုက်ကြည့်နေသည်။ခဏအကြာတွင် နှစ်ဘဝတာလုံးမှ အတွေးများက မှတ်ဉာဏ်ထဲသို့ ရုတ်ချည်းဝင်ရောက်လာခဲ့ပြီး သက်ပြင်းတစ်ချက်ဖြင့် အဆုံးသတ်သွားသည်။
ယင်းနောက်တွင် သူမသည် ရွေ့လျားနေသောရှုခင်းများကို ကြည့်ရန် ခေါင်းမော့လိုက်၏။ဝမ်ဟုန့်အားတွေးမိသွားသောအခါတွင် ချန်ရုံက တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။
ဝမ်ဟုန်မှာ ရုပ်တုတစ်ခုသဖွယ် မျက်လုံးများကို မှိတ်ထားသည်။
ချန်ရုံ ချဉ်းကပ်လာခဲ့ချိန်တွင် သူက အေးစက်သောလေသံဖြင့် " မင်းအချစ်ဟောင်းအကြောင်း မတွေးတော့ဘူးလား " ဟုမေးလိုက်လေ၏။
ထိုအခါ ချန်ရုံက ရယ်မောတော့သည်။
" အချစ်သစ်လေးက ဒီမှာရှိနေတာကို ဘာလို့အဟောင်းအကြောင်းတွေးရမှာလဲနော် ... "
ဝမ်ဟုန်တစ်ယောက် မျက်လုံးပွင့်လာခဲ့၏။
သူ၏အကြည့်များက အေးစက်လွန်းသော်လည်း ချန်ရုံမှာ ဤလူအကြောင်းကောင်းကောင်းသိသည်။သူမက ဝမ်ဟုန်၏အနည်းငယ်စူထွက်နေသောနှုတ်ခမ်းသားများအား တစ်ချက်နမ်းလိုက်လေ၏။
ရုတ်ချည်းဆန်စွာပြုမူခံလိုက်ရသော်လည်း ဝမ်ဟုန်၏အကြည့်များက ပြောင်းလဲမသွားသေးပေ။
ထိုအခါ ချန်ရုံက သက်ပြင်းတစ်ချက်ချပြီး ၎င်းနေရာမှ တိတ်တဆိတ်ထွက်ခွာသွားကာ လှည်းယာဉ်နံရံမှ ခုနစ်ကြိုးဗျပ်စောင်းကိုလှမ်းယူလိုက်သည်။ယင်းနောက်တွင် သူမက ကနွဲ့လျသောလက်ဟန်ဖြင့် အချိန်တော်ကြာချုပ်ထိန်းခဲ့ရသောလေးလံသည့်ခံစားချက်များအား ဖွင့်ထုတ်လိုက်တော့လေသည်။
အနီရောင်ဝတ်စုံဝတ်ထားပြီး ခေါင်းငုံ့လျက်သားရှိသည့်ဟန်ပန်မှာ နေရောင်အောက်မှ ရေကန်တစ်ခုကဲ့သို့ လှချင်တိုင်းလှနေသည်။သူမ၏လက်များရွေ့လျားစဉ်တိုင်းတွင် ဆံသားများက လစ်ဟာသွားပြီး ကျောက်စိမ်းကဲ့သို့ ကြော့ရှင်းသောလည်တိုင်ဖွေးဖွေး ပေါ်ပေါက်လာသည်။
ဝမ်ဟုန်၏အေးစက်နေခဲ့သောမျက်ဝန်းများ၌ ညို့ငင်ဆွဲယူခံရခြင်းများဖြင့် ပြည့်နှက်သွားလေ၏။
ရွေ့လျားနေသော လှည်းရထားသံ ၊ လေသံခပ်တိုးတိုးနှင့် သဲဝါများဖုံးလွှမ်းနေသောလမ်းတို့မှာ ရှေးတေးသွားနှင့်ရောစပ်ပြီး အဆုံးမဲ့ပန်းချီကားတစ်ချပ်အဖြစ် ပေါ်လွင်သွားသည်။
“ ဝတ်ရုံပြာနဲ့မောင်ကြီးရယ် ...
နှမငယ်မှာ ဘယ်လောက်ကြာကြာမြတ်နိုးရခဲ့သလဲကွယ် ...
မောင်ကြီးရှိရာ လှမ်းမလာခဲ့သော်လည်း ...
ဘာ့ကြောင့်များ စာလွှာလေး မကမ်းရတာလဲကွယ် ...
အိုး ... ကျောက်သားခါးပတ်ပြာနဲ့မောင်ကြီးရယ် ...
မောင်ကြီးရဲ့အကြည့်ကို ဘယ်လောက်တောင်မှ လွမ်းဆွတ်ခဲ့ရသလဲကွယ် ...
မောင်ကြီးရှိရာ လှမ်းမလာနိုင်ခဲ့သော်လည်း ...
ဘာကြောင့်များ အရင်လှမ်းလျှောက်မလာသလဲကွယ် ...
မြို့ရိုးတံတိုင်းကြီးထက်ဝယ် ခြေရာများပြည့်နှက်နေပြီကွယ် ...
မောင်ကြီးနဲ့မတွေ့ရတဲ့တစ်ရက်တာဟာ သုံးမိုးသုံးလ သဖွယ် ကြာရှည်လွန်းပါတယ် ... "
သူမ၏အချစ်နာကျမှုအား စကားလုံးများဖြင့် ဖော်ပြ၍မရပေ။သူ့ကို လွမ်းဆွတ်နေခဲ့ချိန်တွင် နာရီများက မကုန်ဆုံးနိုင်သလို ညတာမှာလည်း တစ်ရက်တာသဖွယ်ကြာရှည်လွန်းခဲ့သည်။
သူ့ကို လွမ်းဆွတ်မိသောအခါတွင် ခမ်းနားထည်ဝါသော နန်းတော်မှာလည်း နှစ်ဦးသားအား ကာဆီးထားသော တံတိုင်းကြီးတစ်ခုသာဖြစ်သွားသည်။
သူ့ကို လွမ်းဆွတ်မိချိန်တွင် သက်ပြင်းမှာလည်းကြာရှည်လှပြီး သူမ၏ကြေကွဲနေသော နှလုံးသား အစိတ်အပိုင်းတိုင်းတွင် သူ၏အပြုံးမျက်နှာဖြင့်သာပြည့်နှက်သွားသည်။
သူ့ကို လွမ်းဆွတ်မိချိန်တွင် သေခြင်းတရားကိုပင် မမူတော့ချေ။ဝေးကွာသောအရပ်မှသူ့ထံသို့ ပျံသန်းသွားလိုသောစိတ်ဆန္ဒဖြင့် လရောင်အောက်တွင် ထိုင်နေခဲ့ရင်း
သူမ၏ဝိညာဉ်အား ခန္ဓာငါးပါး ချုပ်နှောင်မှုမှ လွတ်မြောက်စေလိုကြောင်းကိုလည်း ကြိမ်ဖန်များစွာတွေးတောမိခဲ့သည်။
သူမ၏တောင့်တမှုအား အရိုးစွဲအောင် ရေးထွင်းထားခဲ့သော်လည်း ဤတေးဂီတက သစ္စာဖောက်ပြားပြီး နာကျဉ်ခြင်းအလျဉ်းမရှိဘဲ အရာရာကို ဖော်ထုတ်ပြသစေခဲ့လေပြီ။
ဝမ်ဟုန်မှာ သူကိုယ်တိုင်မသိလိုက်ခင်မှာပင် ချန်ရုံ့အား အနောက်မှနေ၍ သိမ်းကြုံးဖက်ထားလိုက်မိတော့သည်။
သူက ချန်ရုံ၏ဆံနွယ်များအား အမြတ်တနိုးနမ်းရှိုက်ခဲ့သည်။ဝမ်ဟုန်၏လည်ချောင်းက အနည်းငယ်လှုပ်ရှားသွားခဲ့သော်လည်း သူသည် နောက်ဆုံး၌ မည်သည့်စကားကိုမှမပြောဘဲ ငြိမ်ကျသွား၏။ဤတေးဂီမှတစ်ဆင့် ဟူစစ်တန်းလျား၌ အကျဉ်းချခံထားခဲ့ရပြီး လူတကာ၏ညစ်ညမ်းသောအကြည့်များကြားတွင် သေဆုံးမည့်အချိန်အားစောင့်မျှော်ရင်း သူ့အကြောင်းတွေးနေခဲ့သောချန်ရုံ၏ပုံစံကို ကွက်ကွက်ကွင်းကွင်းမြင်လာရသည်။
ဝမ်ဟုန်မှာ ချန်ရုံ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားခဲ့သည်ဖြစ်ရာ တေးသွားတစ်ချို့အား လွဲချော်သွားစေခဲ့ပေ၏။
ချန်ရုံမှာ ဗျပ်စောင်းကြိုးပေါ်မှ သူမ၏လက်များအား ရပ်တန့်လိုက်သည်။ထို့နောက်တွင် သူမ၏နားဖျားတစ်ဝိုက်က ရုတ်တရက်နွေးထွေးသွားတော့သည်။
ဝမ်ဟုန်က ချန်ရုံ၏နားရွက်ဖျားအား ငုံထွေးခဲ့ခြင်းပင်။
" ရှီရှန်ကျောင်းတော်မှာ မင်းနဲ့ရန်မင်းပြောခဲ့တာတွေကို ကိုယ်သိတယ် ... "
ရှီရှန်ကျောင်းတော်မှ စကားဝိုင်းအကြောင်း အစဖော်နေခြင်းလော။ချန်ရုံတစ်ယောက် မလုံမလဲဖြစ်စွာဖြင့် မျက်တောင်လေးပုတ်ခတ် ပုတ်ခတ်လုပ်လိုက်မိသည်။
ဝမ်ဟုန့်ထံမှနှုတ်ခမ်းများက သူမ၏လည်တိုင်သွယ်သွယ်ပေါ်ရှိသွေးခုန်နှုန်းအား ဖိတွေ့ကြည့်ရန်အောက်သို့ ရွေ့လျားသွားသည်။
" မင်းကို ဘာလို့ လာကယ်တာလဲလို့ မေးခဲ့တယ်မလား… အားရုံ ... မင်းက ကိုယ့်အတွက် အရမ်းကောင်းတဲ့လူပဲ ...
မင်းကိုအဆုံးရှုံးမခံနိုင်ဘူး ... "
မင်းကိုအဆုံးရှုံးမခံနိုင်ဘူး ....
ချန်ရုံမှာ ထိုစကားတွင် မူးယစ်သွားပြီး မျက်ဝန်းများဂနာမငြိမ်ဖြစ်သွားကာ ဝမ်ဟုန့်အားလှည့်ကြည့်ရုံမှလွဲ၍မတတ်နိုင်တော့ပေ။
သို့သော်လည်း ထိုသို့ပြုစဉ်မှာပင် သူမ၏ဦးခေါင်း အနောက်သို့အုပ်မိုးကိုင်ခြင်းခံလိုက်ရသည်။ယခုအချိန်၌ မည်မျှပင်ကြိုးစားပါစေ သူမသည် တစ်ဖက်သို့ပြန်မလှည့်နိုင်တော့ပေ။
ဝမ်ဟုန်၏ဆန္ဒက ထိုသို့ဖြစ်သည်ဆိုလျှင်လည်း သူမ ဆန့်ကျင်ရန်စိတ်ကူးမရှိပါ။ချန်ရုံမှာ ဝမ်ဟုန့်အား တစ်ချက်ပြုံးပြလိုက်ပြီး သူ၏ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်သွားခဲ့သည်။
ယင်းနောက်တွင် ဝမ်ဟုန်က သူမအား ရင်ခွင်ထဲမှထုတ်ကာ မျက်နှာအစုံအား လက်ဖြင့်ထိတွေ့လာသည်။သူ၏ဦးခေါင်း အနည်းငယ်နိမ့်ဆင်းလာခဲ့ချိန်တွင် ချန်ရုံမှာလည်း လည်ပင်းကိုဆန့်ထားခဲ့သည်။နောက်ဆုံးတွင်မူ နှုတ်ခမ်းသားနှစ်စုံထိစပ်သွားခဲ့ပြီး မွေးရနံ့ထုံသင်းသောလျှာနွယ်များနှင့် ကိုယ်ခန္ဓာနှစ်စုံက တစ်သားတည်းဖြစ်သွားတော့သည်။
လှည်းယာဉ်မှာ နန်ယန်မြို့သို့ ဆက်လက်ဦးတည်လျက်ရှိပေ၏။နန်ယန်မြို့နှင့်ပိုနီးလာလေလေ လမ်းပေါ်၌စည်ကားလာလေလေဖြစ်သည်။အခြားလှည်းရထားများက နံဘေးမှအသီးသီးဖြတ်သန်းသွားကြပြီး ရံဖန်ရံခါတွင် လမ်းပေါ်၌ လူသုံးလေးယောက်ပါသောအဖွဲ့ငယ်များကိုပင် မြင်တွေ့နိုင်သည်။
ထိုသူများမှာ ဂျင်လူမျိုးများပင်ဖြစ်လေ၏။တိုင်းပြည်တွင်း၌ ကမောက်ကမဖြစ်လေလေ မျိုးချစ်စိတ်ဓာတ်ထက်သန်သူများပေါ်ထွက်လာလေလေပင်။မောယန်နှင့်ချီယန်မြို့ဝန်သစ်များရောက်ရှိလာကတည်းက သွေးပူသူများ ပိုများပြားလာကာ ၎င်းတို့နောက်မှလိုက်ပါခဲ့ကြသည်။သူတို့၏စိတ်ထဲတွင် မောယန် ၊ နန်ယန်နှင့်ချီယန်တို့က ဟူတပ်များအားပထမဦးဆုံးဆန့်ကျင်တိုက်ခိုက်ခဲ့ကြသည်ဟု စွဲထင်နေသည်။ထိုသူအားလုံးက ရှေ့တန်းမှပါဝင်တိုက်ခိုက်လိုကြသည်မှာတော့ သေချာသည်။
ဝမ်ဟုန်၏လှည်းယာဉ်တန်းအား လမ်းသွားလမ်းလာများက ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။မျိုးနွယ်စု တံဆိပ်ကို မပြသထားသော်လည်း ၎င်းတို့ထံမှ ကြံ့ခိုင်သော ကိုယ်ခန္ဓာ ၊ ထင်ရှားသောမာကြောခက်ထန်မှုနှင့် အစွမ်းထက်စီးတော်မြင်းများက တိုက်ခိုက်ရေးစွမ်းရည်အပေါင်းအား ပေါ်လွင်စေသည်။
ထိုအချိန်တွင် မြင်းစီးသူရဲတစ်ဦးက ဝမ်ဟုန်၏လှည်းယာဉ်ရှေ့၌ ရုတ်တရက်ပိတ်ရပ်လိုက်သည်။