အပိုင်း 232
Viewers 24k

Chapter 232
_ ကောလဟာလများ




ဤမြင်းစီးသူရဲမှာ စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။သူ၏ခေါင်းပေါ်၌ ဝိုင်အိုးပုံသဏ္ဍာန် ဦးထုပ်တစ်လုံးရှိပြီး ကွန်ဖြူးရှပ်သဏ္ဌာန်ဝတ်ရုံကိုဝတ်ဆင်ထားကာ ခါးတွင် ပုဆိန်ကြီးတစ်ခုကိုလည်း ချိတ်ဆွဲထားသေးသည်။
ဤလိုဝတ်စားဆင်ယင်မှုမျိုးက ပွဲခင်းတစ်ခုလုံးနီးပါးကို ဝါးလုံးကွဲရယ်မောသွားစေနိုင်သည်။

မြင်းစီးသူရဲက ဝမ်ဟုန်၏လှည်းရထားအရှေ့၌ သူ၏စီးတော်မြင်းဖြင့်ပိတ်ရပ်လိုက်ပြီး လက်ယမ်းပြလာခဲ့လေ၏။

" လှည်းပိုင်ရှင်က ဘယ်သူလဲဟေ့ ... အစောင့်တပ်သားတွေကလည်း စစ်သည်တွေလိုတောင့်ဖြောင့်နေတာပဲ ... မြင်းတွေကလည်း စစ်မြင်းသဏ္ဌာန်နဲ့ လှည်းယာဉ်ကြီးကလည်း တင့်တယ်လိုက်တာ ... "

မြင်းစီးသူရဲက ပြောပြောဆိုဆိုဖြင့် တဟားဟားအော်ရယ်ကာ ဦးခေါင်းကိုလည်း ဂနာမငြိမ်ဖြစ်စွာလှုပ်ယမ်းနေတော့သည်။

" ထွက်ခဲ့ပါဦးဗျာ ...တကယ်တွေ့ဖူးချင်လို့ပါ ... "

ထိုလူ၏အသံမှာ တစ်ချက်တစ်ချက်မရှင်းသော်လည်း သူသည် လှည်းယာဉ်အား အသားပေး၍ ပြောဆိုနေခြင်းဖြစ်လေသည်။ဝမ်ဟုန်၏လက်မောင်းများထဲ၌ အဖက်ခံထားရသောချန်ရုံ့ခမျာ ရုတ်တရက် အေးခဲသွားသည်။သူမက ဝမ်ဟုန့်အား အမြန်တွန်းထုတ်လိုက်ပြီး နီရဲတွတ်နေသောမျက်နှာဖြင့် " မြန်မြန်ထ ... မြန်မြန် " ဟုပြောသည်။

" ဘာလို့လဲ ... "

ပျင်းရိလွန်းသောဝမ်ဟုန်၏လေသံကြောင့် ချန်ရုံက တစ်ချက်လှည့်ကြည့်လိုက်ရာ ထိုသူမှာ ရုတ်တရက်ဆန်ခဲ့သောအပြုအမူကြောင့် မောဟိုက်လျက်ရှိနေသည်ကို တွေ့လိုက်ရပေ၏။သူမက ရှက်ရွံ့စွာဖြင့် " တစ်ယောက်ယောက်က ရှင့်ကိုခေါ်နေတယ် ... " ဟု ပြောလိုက်သည်။

"ဟုတ်လား ... "

" ဟုတ်တယ် ...နားထောင်ကြည့် "

ချန်ရုံက အားတတ်သရောခေါင်းညိတ်ပြလိုက်သောအခါ ဝမ်ဟုန်ကလည်း ‌အလားတူပင် ပြန်လည်ပြုမူပြသည်။
ယင်းနောက်တွင် သူက ချန်ရုံ့အား ကြင်နာစွာပြုံးပြကာ လက်ကိုဆန့်ထုတ်လျက် ကြမ်းပြင်ကိုအားပြု၍ ထသွားပြီး ပြတင်းပေါက်နားသို့ ဦးတည်သွားတော့သည်။

" ငါတစ်စုံတစ်ယောက်နဲ့ပြန်ပေါင်းထုပ်နေတာကြာပြီ ... အခုတော့ အပျော်ရှာနေတယ် ... နောက်မှတွေ့မယ် ... "

ဝမ်ဟုန်၏လေသံမှာ ကျယ်လောင်လွန်းသဖြင့် အပြင်၌ ရုတ်ချည်းပင် သို့လောသို့လော ဖြစ်သွားသည်။

မြင်းစီးသူရဲဖြစ်သူက မျက်လုံးများပိတ်မတတ် ကျယ်လောင်စွာ ရယ်မောလာခဲ့ပြီး ဝမ်းသာအားရဖြင့် " ဒီလိုကိုး ... ဒီလိုကိုး ...ဘဲပျိုကလေးရဲ့ လည်တိုင်ကို ဝင်နှောင့်ရတာကလည်း သာယာမှုတစ်မျိုးပါပဲလေ ...
ဖြစ်သင့်တာပါပဲ ... ဖြစ်သင့်တာပါပဲဗျာ ... " ဟု ပြောဆိုလာလေ၏။ယင်းနောက်တွင်မူ သူက စီးတော်မြင်းအားနောက်ဆုတ်လိုက်ပြီး လမ်းဖယ်ပေးရှာသည်။
ထိုသို့ပြုလိုက်သည်နှင့်တစ်ပြိုင်နက် အစောင့်တပ်သားများက မြင်းများကိုအရှိန်မြှင့်၍ ရယ်မောသံများပြည့်နှက်နေသောနေရာမှ တတ်နိုင်သမျှ ခပ်သုတ်သုတ်ထွက်ခွာသွားကြတော့သည်။

လှည်းရထားပေါ်ရှိချန်ရုံမှာလည်း တစ်ကိုယ်လုံးပူထူနီရဲလာလေ၏။သူမသည်ရှက်ရွံ့ဒေါသထွက်လာခဲ့ပြီး ဝမ်ဟုန်ပြောနေသည်ကိုလည်း မကြားပေ။ချန်ရုံမှာ ဝမ်ဟုန့်အားတွန်းထုတ်လိုက်ပြီး အမောတကောဖြင့် အဝတ်အစားများကိုပြန်ဝတ်နေခဲ့လေ၏။

သို့သော်လည်းဝမ်ဟုန်ကတော့ ကြမ်းပြင်ပေါ်သို့သာ အေးအေးလူလူပြန်လှဲချလိုက်ပြီး အဝတ်အစားဝတ်နေသောမိန်းမလှလေးအား ကြည့်ရှုနေသည်။

" မလန့်ပါနဲ့ ... လူတွေကြားထဲမှာ ဖြစ်တတ်တဲ့သဘောသဘာဝတွေပါပဲ ... ဧကရာဇ်မင်းမြတ်တောင် လာတားနိုင်တဲ့အရာလည်း မဟုတ်ဘူး ... "

ယင်းနောက်တွင် သူက တစ်စုံတစ်ရာအား သတိရသွားဟန်ဖြင့် ရယ်မောလာခဲ့သည်။

" ဟုတ်သားပဲ ... ကိုယ်တို့နောက်ဆုံးတစ်ခေါက်ပျော်နေကြတုန်းက ဧကရာဇ်မင်းရောက်လာတယ်လေ ... အဲ့တုန်းကကျ အားရုံက ဘာလို့မရှက်တာလဲ ... "

အထက်တန်းလွှာများမှာ ဤသို့သောကိစ္စအား သာမန်အဖြစ် မှတ်ယူကြကြောင်း ချန်ရုံသိသည်။လှည်းရထားမောင်းသူအတွက်ပင်လျှင် ဤကိစ္စက မထူးခြားပေ။
သို့သော်လည်း သူမ ရှက်ရွံ့နေဆဲပင်ဖြစ်သည်။

" ဘာလို့ နည်းနည်းပါးပါးဖုံးမယ်မရှိဘဲ ဘွင်းဘွင်းကြီးသွားပြောတာလဲ ... "

ဝမ်ဟုန်က သူ၏ကြည်လင်သောမျက်ဝန်းများဖြင့် ချန်ရုံ့အား ပေါ့ပေါ့တန်တန်ကြည့်ရှုနေခဲ့သည်။
" အကုန်ဖြစ်ပြီးသားပဲကို ဘာလို့ဖုံးနေရမှာလဲ ... "

ချန်ရုံ့ခမျာဒေါကန်သွားခဲ့ပြီး သူမက ‌မီးတောက်များထွက်နိုင်လောက်သည့် အကြည့်မျိုးဖြင့် ဝမ်ဟုန့်အား စူးစိုက်ကြည့်နေခဲ့လေ၏။
ထိုအချိန်တွင် ပြင်ပမှ ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာသည်။
" အစောင့်တပ်သားတွေက တောင့်တောင့်ဖြောင့်ဖြောင့်တွေပါလား ... ဘယ်သူပါလာတာလဲ ... "

‌၎င်းအသံက ခေါင်းလောင်းသံသဖွယ်ကျယ်လောင်ပြီး နားစည်ကိုပါ တုန်ခါစေနိုင်လောက်သည်။ယင်း‌နောက်တွင် အခြားလေသံတစ်သံပါ တစ်ဆက်တည်းထွက်ပေါ်လာလေ၏။

" ဝမ်ချီလန်နဲ့ ချန်မျိုးရိုးတစ်ယောက်လို့ထင်တာပဲကွ ... "

ထိုအခါ အသံကျယ်ကျယ်နှင့်တစ်ယောက်က အံ့အားသင့်သွားသည်။
" ဝမ်ချီလန်နဲ့ ချန်ရုံက သွေးသံရဲရဲစစ်ပွဲထဲမှာရှိခဲ့ကြတာမလား ... "

" ဒုံးဝေးလိုက်တာ ... "
အခြားသူတစ်ဦးက ထိုစကားဝိုင်းထဲသို့ဝင်ရောက်လာခဲ့ပြီး ထို့နောက်တွင်မူ ကနဦးမှ အသံကျယ်ကျယ်နှင့်တစ်ယောက်ကပါ ဆက်လက်ပြောကြားလာသည်။

" ငါ့အမြင်အရတော့ ‌လောကကြီးထဲမှာ လေးစားထိုက်တဲ့လူ တစ်ယောက်ပဲရှိတယ် ... အဲ့ဒီလူက နန်ယန်မြို့စစ်ပွဲမှာ ရှေ့ထွက်ခဲ့တဲ့ဝတ်ရုံဖြူနဲ့မိန်းကလေးပဲ "

ထိုအခါ တိုးညင်းသောလေသံပိုင်ရှင်က နှာခေါင်းရှုံ့လိုက်သော်လည်း မည်သည့်စကားကိုမှ ဝင်မပြောပေ။

အခြားသူတစ်ဦးကတော့ သက်ပြင်းချလျက် ဝင်ရောက်ထောက်ခံရှာသည်။

" အဲဒီအရှင်မကတော့ လေးစားထိုက်ပါတယ် .... "

"ဟုတ်တယ် ... ကျော်ကြားမှု ၊ စည်းစိမ်ဥစ္စာတွေနဲ့ ပြည့်နှက်နေတယ်ဆိုဦးတော့ မိန်းကလေးတစ်ယောက်က ကျုပ်တို့မျိုးဆက်တွေထက် သွေးပိုရဲနေတာက နည်းနည်းတော့ ရှက်ဖို့အကောင်းသား ... "

" အဲဒီမိန်းကလေးကိုတွေ့ရင် သေချာပေါက်ဦးညွှတ်နှုတ်ဆက်မိမှာပဲ ... "

" ဧကရာဇ်မင်းမြတ်ကလည်း အဲဒီမိန်းကလေးကို အရမ်းစိတ်တိုင်းကျတော်မူတယ်လို့ကြားတယ် ... လူငယ်ဆယ်ဦးကို သူနေတဲ့နေရာဆီ ဗုံတွေအတီးအမှုတ်တွေနဲ့ ပို့ပေးတယ်ဆိုပဲ .... "

" အဓိပ္ပါယ်မရှိတာ ... ဒီလိုမိန်းကလေးမျိုးက အဲ့လိုဆုလာဘ်ကိုလိုချင်မှာတဲ့လား ... ပေါက်တက်ကရ "

စည်းလွတ်ဝါးလွတ်ဆွေးနွေးများသံကြောင့် ဝမ်ဟုန်၏မျက်နှာမှာ စိမ်းသက်သွားခဲ့ပြီး ချန်ရုံသည်လည်း ဆိတ်ငြိမ်နေခဲ့၏။
ဧကရာဇ်မင်းမြတ်က သူမအား လူငယ်များ ချီးမြှင့်အပ်နှင်းခဲ့သည်ကို ချန်ရုံဂရုမစိုက်ပေ။‌ပူပူနွေးနွေးသို့လော‌သို့လောဆွေးနွေးမှုများမှတစ်ဆင့် သူမသည် ဂုဏ်သတင်းမွှေးနေပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။မည်သည့်အချိန်မှစ၍ သူမသည် လမ်းများပေါ်၌ နာမည်ကြီးလာခဲ့ခြင်းဖြစ်မည်နည်း။

လှည်းယာဉ်က ဆက်လက်ရွေ့လျားသွားသည်။
နန်ယန်နှင့်ပိုနီးလာလေလေ ချန်ရုံတစ်ယောက်သူမ၏အကြောင်းများအား ပိုပိုကြားသိလာရလေပင်။
၎င်းမှတ်ချက်များမှာ သူမအား တစ်ဖက်လှည့်ဖြင့် ချီးကျူးနေကြခြင်းပင်ဖြစ်သည်။ထိုစကားများကိုကြားသောအခါ ချန်ရုံမှာ သူမသည် ဉာဏ်ပညာ ၊ ရဲစွမ်းသတ္တိနှင့် သြဇာလွှမ်းမိုးမှုအရာတွင် ရန်မင်းနှင့်အခြားသူများထက်သာလွန်သူဖြစ်သည်ဟု သံသယဝင်လုနီးပါးပင် ဖြစ်ခဲ့ရသည်။

ချန်ရုံက နှုတ်ခမ်းများကိုတွ့န်ချိုးရင်း ခပ်ဖွဖွပြုံးလိုက်ပြီး ဝမ်ဟုန့်အား အရွှန်းဖောက်လိုက်တော့လေ၏။
" ရှင်ဘာသိလို့လဲ ... ကျွန်မက သူရဲကောင်းမလေးနော် ... "

ဝမ်ဟုန်က သူမအား တိတ်တဆိတ်ကြည့်နေဆဲပင်။
ချန်ရုံက အရှေ့သို့တိုးကပ်လာခဲ့ပြီး ဝမ်ဟုန်၏နားနားသို့ကပ်၍ တိုးညင်းစွာပြောလိုက်လေ၏။

" ကျွန်မက ကျန့်ခန်းကလူတိုင်းသိကြတဲ့ အရှင်မဖြစ်တယ် ၊ ဟူလူမျိုးတွေရဲ့လက်ထဲရောက်ခဲ့ပြီးတော့ အကြီးအကျယ်ရှက်ရခဲ့တယ် ဆိုတာမျိုးတွေကို မတွေးပါနဲ့တော့ ... "

ချန်ရုံမှာ သူမအား နှုတ်ဆိတ်လျက်ကြည့်နေသောဝမ်ဟုန့်အား တစ်ချက်မော့ကြည့်ကာ ရင်ခွင်ထဲသို့တိုးဝင်လိုက်တော့လေသည်။

" ကျွန်မ ကျန့်ခန်းကိုပြန်ရောက်တဲ့အခါကျရင် ဝမ်ချီလန်နဲ့ အားရုံတို့က ဘယ်လိုဖြစ်သွားကြမလဲဆိုတာကိုမသိဘူး ...
ဒါပေမဲ့လက်ရှိအခိုက်အတန့်မှာတော့ ကျွန်မဘဝမှာ တုန်လှုပ်စရာကိစ္စမရှိဘူး "

နန်ယန်မြို့သို့ရောက်ရှိသွားချိန်တွင် ညအချိန်သို့ရောက်နေပြီဖြစ်သည်။အစောင့်တပ်သားတစ်ဦးက တိုးညင်းစွာပြောလိုက်ရာ ဂိတ်တံခါးက ချက်ချင်းပွင့်လာခဲ့ပြီး လှည်းယာဉ်မှာလည်း အထဲသို့ ဆက်လက်ဦးတည်သွားခဲ့လေ၏။

မြို့တံခါးအားကျော်လွန်လာသောအခါတွင် လမ်းတစ်ဖက်တစ်ချက်မှ လူများစွာအား ချန်ရုံမြင်လိုက်ရသည်။ထိုသူများက လှည်းယာဉ်တန်းအား ကွက်ကြည့်ကွက်ကြည့်လုပ်နေကြလေ၏။
လှည်းယာဉ်တန်းမှာ တည့်မတ်စွာဖြင့် ဆက်လက်ရွေ့လျားလာခဲ့ပြီး ခေတ္တကြာသောအခါတွင် တော်ဝန်နန်းတော်သို့ဆိုက်ရောက်ခဲ့သည်။

အချိန်အတော်ကြာစောင့်ဆိုင်းနေခဲ့သောအစေခံများက
ဝမ်ဟုန်လှည်းယာဉ်ပေါ်မှဆင်းလာသည်ကိုမြင်သောအခါ
ဦးညွှတ်ကြသည်။
ချန်ရုံသည်လည်း ဝမ်ဟုန်၏အနောက်သို့လိုက်သွားခဲ့၏။ရင်ပြင်သို့ရောက်သောအခါ သူမက ဝမ်ဟုန်၏အနောက်သို့တိုးကပ်လိုက်ပြီး ခပ်တိုးတိုးပြောတော့လေသည်။

" အကုန်လုံးက နည်းနည်းကွဲပြားနေကြသလိုပဲ ... "

" ကိုယ့်ကိုမောယန်မှာ ထောင်ချောက်ဆင်ခဲ့တဲ့တစ်ယောက်ကြောင့်လေ ... "
ဝမ်ဟုန်က ခေါင်းညိတ်လျက် အေးအေးလူလူပြန်ဖြေပြီး အနောက်သို့လှည့်ကာ ဖြူဖပ်ဖြူလျော်ဖြစ်နေရှာသည့်ချန်ရုံ့အား နွေးထွေးစွာပြုံးပြလာခဲ့သည်။

" စိတ်မပူပါနဲ့ ... ရေမိုးသွားချိုးတော့ ... "

သို့သော်လည်း ချန်ရုံက တုပ်တုပ်မလှုပ်ဘဲ သူ့ကိုသာ ဆက်တိုက်စိုက်ကြည့်နေသည်။

" သူတို့က ရှင်က ဟူလူမျိုးတွေနဲ့ တိတ်တိတ်လေး မဟာမိတ်ဖွဲ့နေတယ်လို့ပြောကြတာလား ... "

ချန်ရုံ၏အကြည့်များမှာ လွန်စွာလေးနက်ပြီး အဖြေတစ်စုံတစ်ရာပြန်ရမှ ဖြစ်မည့်ပုံပင်။

ထိုအခါ ဝမ်ဟုန်က ဖြည်းညင်းစွာသက်ပြင်းချလိုက်ပြီး
ချန်ရုံ၏နှုတ်ခမ်းသားများအားခပ်ဖွဖွထိတွေ့လာခဲ့သည်။
" မောယန်မြို့က လုံးဝမပျက်သုဉ်းသေးဘူးလေ ... ဟူလူမျိုးတွေနဲ့ ပူးပေါင်းတဲ့အကြောင်း ဘယ်လိုလုပ်ပြောနိုင်မှာလဲ ... "

" ဒါဖြင့် ပြဿနာကြီးကြီးမားမားမရှိဘူးပေါ့ ... "
ချန်ရုံက နှုတ်ခမ်းစွန်းတစ်ဖက်အား ကော့ချိုး၍မေးလိုက်သည်။ထိုသို့ပြုံးပြနေခဲ့သော်လည်း ဝမ်ဟုန်၏ဟန်ပန်မှာတော့ ပေါ့ပါးဆဲပင်။

" တကယ်ကိုပြဿနာမရှိတာလား ... "

" ဘာလို့အရမ်းစပ်စုနေရတာလဲ ...ဟမ် ... ရေသွားချိုးတော့ ... "
ထိုအခါ ဝမ်ဟုန်က သူမ၏ပါးပြင်အား ခပ်ဖွဖွလေးဆွဲညှစ်ရင်း နူးညံ့စွာပြုံးလျက် ဆိုလာခဲ့လေ၏။ယင်းနောက်တွင် သူက အရှေ့သို့ပြန်လှည့်သွားပြီး အဆောင်တော်ထဲသို့ဆက်လက်လျှောက်လှမ်းသွားတော့သည်။

ဤညာတာ၌လည်း ဝမ်ဟုန်မှာ ချန်ရုံ့အား ပျော်ရွှင်စွာ ပွေ့ဖက်ထားပြီး နှစ်ဦးသားအတူတကွအိပ်စက်ခဲ့သည်။

နံနက်ခင်းသို့ရောက်သောအခါ ငှက်အပေါင်းတေးသီကြူးသံများနှင့်အတူ ချန်ရုံ နိုးထလာလေ၏။ပြတင်းပေါက်မှဝင်ရောက်‌လာသောနေရောင်ခြည်တန်းက မျက်နှာပေါ်သို့ကျရောက်နေသည်ဖြစ်ရာ မျက်ဝန်းများအား လက်ဖြင့်ကာထားလိုက်မိသည်။

" ဘာလို့အဲလောက်ပင်ပန်းနေရတာပါလိမ့် ... "
သူမသည် မနေ့ညက တစ်ညလုံးနိုးနေခဲ့သောကြောင့် ယခုအချိန်ထိ အိပ်ရာထဲတွင်အိပ်စက်နေခဲ့သော်လည်း ပင်ပန်းမှုအား ခံစားနေရဆဲပင်။နိုးထလာချိန်တွင် နံဘေး၌ဝမ်ဟုန်မရှိတော့ချေ။

ချန်ရုံလည်းကိုယ်လက်သန့်စင်ပြီးနောက် အပြင်ထွက်လာခဲ့သည်။အဆောင်တံခါးဝသို့ရောက်သောအခါ အစေခံများက စုစုရုံးရုံးလုပ်ကာ တစ်စုံတစ်ရာအား တီးတိုးပြောဆိုနေကြသည့်မြင်ကွင်းအား ချန်ရုံမြင်လိုက်ရသည်။
သူမအား မြင်တွေ့သွားကြသောအခါတွင် ယင်းအစေခံများက ရုတ်ချည်းပင် လူစုခွဲကြလေ၏။

ချန်ရုံတစ်ယောက် အလိုလိုပင် မျက်မှောင်ကြုတ်လိုက်မိသည်။ဤနေရာတွင်ရှိသောအစေခံများအား နန်ယန်ဝမ်အိမ်‌တော်မှကြီးကြပ်ကွပ်ကဲပေးထားခြင်းဖြစ်လေ၏။ဤကဲ့သို့ သို့လောသို့လော စုရုံးကာ တီးတိုးပြောဆိုနေကြသည်မှာ သိပ်မလျော်ကန်ပေ။

ချန်ရုံက အစေခံတစ်ဦးအား လက်ယပ်ခေါ်ပြီး မေးမြန်းခဲ့သည်။
" ဘာတွေပြောနေကြတာလဲ ... "

ချန်ရုံ၏တည့်တိုးဆန်သောမေးခွန်းကြောင့် အစေခံမလေးခမျာ တုန့်ဆိုင်းသွားသည်။ယင်းနောက်တွင်မှ သူမက ခေါင်းငုံ့ပြီး တုန်တုန်ယင်ယင်ပြောလာခဲ့လေ၏။

" သခင်မလေးရဲ့ ခင်ပွန်းအကြောင်းပါ ... "

" ချီလန်လား ..."

"ဟုတ်ပါတယ် ချီလန့်အကြောင်းပါ "

" ချီလန်က ဘာဖြစ်လို့လဲ ..."

အစေခံဖြစ်သူက ချန်ရုံ့အားတစ်ချက်မော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားလျက် အကြောင်းစုံကိုရှင်းပြလာခဲ့သည်။

" ချီလန်က မိန်းမတစ်ယောက်အတွက်နဲ့ မိသားစုက ဂရုတစိုက် ပြုစုပျိုးထောင်ပေးထားတဲ့ အထက်တန်းစားဘဝကို တန်ဖိုးမထားဘူးတဲ့ ... ချီလန်က သူ့ကိုယ်ကျိုးအတွက် မူရုံခယ်နဲ့ဟူလူမျိုးတွေဆီမှာ အပေးအယူတွေလုပ်ခဲ့တယ်လို့ပြောတယ် ... "

‌အစေခံမလေးမှာ ချန်ရုံ့အားမော့ကြည့်လာခဲ့ပြီး ဆက်လက်‌ပြောကြားရန်တွန့်ဆုတ်နေလေသည်။

" ဆက်ပြောလေ ... "

" ဟုတ်-ဟုတ်ကဲ့ ... "

ချန်ရုံ၏အမိန့်ဆန်သောလေသံကြောင့် သူမက ထိတ်ထိတ်ပြာပြာဖြင့် ထပ်မံရှင်းပြလာခဲ့သည်။

" ဒီတစ်ကြိမ်သခင်မလေးကို ကယ်တင်ဖို့အတွက်နဲ့ ချီလန်က သံချပ်ကာတပ်သား ၇၀၀ နဲ့ အရည်အချင်းပြည့်ဝတဲ့စစ်ရေးစစ်ရာအကြံပေး အ‌ယောက် ၅၀ ကို အသက်ဆုံးစေခဲ့တယ်လို့ ပြောနေကြပါတယ် ... မောယန်နဲ့ ချီယန်မြို့စားတွေရဲ့လမ်းကြောင်းတွေကိုလည်း ဖော်ကောင်လုပ်ခဲ့ပါတယ်တဲ့ ... "

ခေတ္တစကားရပ်သွားပြီးနောက် အစေခံဖြစ်သူက အထစ်ထစ်အငေါ့ငေါ့ဖြင့် " သ-သခင်မလေးကို မကောင်းဆိုးဝါးမလို့ပြောကြတယ် ... ချီလန်က မိသားစုကိုဂရုမစိုက်ဘဲ သခင်မလေးရဲ့အလှမှာပဲ မျော‌ပြီး အခြေအနေတစ်ခုလုံးကို လျစ်လျူထားတယ်တဲ့ ... တကယ့်ကို ကျေးဇူးမသိတဲ့အပြစ်သားလို့ သမုတ်နေကြပါတယ် ... " ဟု တုန်တုန်ယင်ယင်ပြောခဲ့သည်။

ချန်ရုံ၏မျက်နှာတစ်ပြင်လုံးက ဖြူဖျော့လျက်ရှိပြီး သူမသည် အဝေးတစ်နေရာသို့ စူးစိုက်ကြည့်နေလေ၏။

" တခြားဘာရှိသေးလဲ ... "

" မ-မရှိတော့ပါဘူး ... "

" သွားလို့ရပြီ ... "

" ဟုတ်-ဟုတ်ကဲ့ပါ ... "