အပိုင်း 233
Viewers 24k

Chapter 233
_ ရှင်းပြချက်



ချန်ရုံက ဝမ်ဟုန့်ထံသို့ အပြေးလေးသွားပြီး မော့ကြည့်လျက် " ဘယ်လိုလဲ ... " ဟု ခပ်တိုးတိုးမေးခဲ့သည်။

ထိုအခါ ဝမ်ဟုန်က အေးအေးလူလူပြုံးပြလာခဲ့သော်လည်း ချန်ရုံမှာတော့ သိလိုစိတ်များအား မျိုသိပ်နိုင်ခြင်းမရှိပေ။

" အပြင်မှာ အခြေအနေ ဘယ်လိုရှိလဲလို့ ... "

" ဘယ်လိုရှိရမှာလဲ ... "

" စိတ်မပူပါနဲ့ ...ကျွန်မအကုန်ကြားပြီးပြီ ...ပြီးတော့ ဒါက နန်ယန်မြို့မှာပဲလေ ... "

ဝမ်ဟုန်က ပြုံးလျက်သားဖြင့် ချန်ရုံ၏ဆံနွယ်လေးများအား ညင်သာစွာသပ်တင်ပေးနေလေ၏။

" ဘဝကြီးက ဘယ်လိုအရာမလို့လဲ ... သေခြင်းတရားကရော ဘယ်လိုလဲ ... အဲဒါတွေနဲ့ယှဉ်လိုက်ရင် အခုဖြစ်နေတာတွေက အသေးအဖွဲပါ ... မစိုးရိမ်နဲ့နော် ... "

ဝမ်ဟုန်ကတော့ အမှုမဲ့အမှတ်မဲ့သာပြောဆိုလိုက်သော်လည်း ချန်ရုံ့ခမျာတော့ စိုးထိတ်သွားသည်။သူမသည် တစ်ချိန်က အမှန်တကယ် သေဆုံးခဲ့ဖူးသူဖြစ်ပေ၏။ရှင်သန်ခြင်းနှင့်သေခြင်းတရား၏အကြောင်းအား သူမထက်ပို၍ မည်သူက သိနိုင်ပါမည်နည်း။

ခဏတာအရှိုက်ထိသွားရှာသည့်ချန်ရုံက ဝမ်ဟုန့်အားမော့ကြည့်လျက် ပြုံးပြနေခဲ့သည်။၎င်းမှာပြုံးရုံသပ်သပ်ပင်မဟုတ်ချေ။စိတ်အေးလက်အေးဖြစ်ရန် နှလုံးသားထဲမှ အရာခပ်သိမ်းကိုလွှတ်ချလိုက်သည့်လူသားတစ်ဦး၏ပုံသဏ္ဌာန်ဖြစ်သည်။

ဝမ်ဟုန်တစ်ယောက် ချန်ရုံ့အပြုံးကြောင့်အနည်းငယ်ဆွံ့အသွားသည်။သူ၏စူးစမ်းလိုသောပဟေဋ္ဌိမျက်ဝန်းများအောက်တွင် ချန်ရုံက အေးအေးလူလူဆိုလာခဲ့ပြန်သည်။

" အရှင်ပြောတာ အရမ်းမှန်တာပဲ ... "

သူမက ဝမ်ဟုန့်အား ရွှန်းစိုနေသောမျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ကာ "ဒါနဲ့များ ဘာဖြစ်လို့ကျွန်မတို့ အရှင်က ဝံပုလွေတစ်ကောင်လိုမျိုး အကြမ်းပတမ်းတောက်လောင်နေရတာလဲဟင် ...." ဟု ပြောဆိုလိုက်သည်။

ထိုစကားထွက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ဟုန်က ပြုံးစိစိဖြစ်သွားပြီး တစ်ခုခုပြန်ပြောတော့မည့်ဆဲဆဲတွင် ခြေသံအချို့ ထွက်ပေါ်လာသည်။
တံခါးအပြင်ဘက်သို့ အစေခံမိန်းကလေးတစ်ဦးရောက်လာပြီး သူမက ကျိုးနွံစွာဖြင့် သံတော်ဦးတင်လာခဲ့လေ၏။

" သမားတော်ကွမ်းလု ... သခင်မလေးရဲ့ အစေခံနှစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ် .... "

ထိုအချိန်၌ ဝမ်ဟုန်မှာ မလှုပ်မယှက်ရှိနေခဲ့ပြီး ချန်ရုံက " ဝင်လာခွင့်ပေးလိုက် ... " ဟု ပြန်လည်မိန့်ကြားသည်။

"ဟုတ်ကဲ့ပါ .... "

ယင်းနောက်တွင် အသက်သုံးဆယ်ကျော်အမျိုးသားနှစ်ဦးဝင်ရောက်လာခဲ့ပြီး သူတို့၏အနောက်တွင် သက်ဆိုင်ရာဇနီးသည်များလည်း အသီးသီးပါဝင်သည်။
ဤလူလေးယောက်စလုံးမှာ ဖျင်မြို့ကတည်းက
ချန်ရုံ၏အနောက်မှလိုက်ပါခဲ့ကြသော သစ္စာရှိအစေခံများဖြစ်သည်။ချန်ရုံက သူတို့ထံသို့ အပြေးလေးသွားတော့၏။
သို့သော်လည်း အစေခံလေးဦးမှာ ချန်ရုံ သူတို့အနားရောက်လာသည်ကိုမစောင့်ဆိုင်းဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး အရိုအသေပေးလာကြလေ၏။သူတို့က ဝမ်းသာအားရဖြင့် " သခင်မလေးနဲ့ပြန်တွေ့ရပြီ " ဟု ရှိုက်ကြီးတငင်ပြောဆိုနေကြသည်။

" ထကြပါ ... "

" ဟုတ်ကဲ့ ... "

" လာပါ ... ဒီဘက်မှာထိုင် ... "

" ဟုတ်ကဲ့ပါ .... "

ထိုသူလေးဦးက စိတ်သက်သာရာရသွားကြပြီး ချန်ရုံ၏အရှေ့၌ ဝင်ထိုင်လိုက်ကြသည်။ယင်းနောက်တွင် ထိုထဲမှ အသက်အကြီးဆုံးတစ်‌ယောက်က လက်မောင်းကြားထဲမှ စာရင်းအင်းများပြုလုပ်ထားသည့်ပိုးစာအုပ်ထူကိုထုတ်လျက် ပြောလာခဲ့သည်။

" သခင်မလေး ... လယ်မြေ‌ဧကတစ်ရာကျော်ရဲ့မှတ်တမ်းတွေပါ ... ကျွန်တော်တို့ စိုက်ပျိုးရေးတွေလုပ်နေပြီးတော့ သစ်အယ်သီးပင်တွေလည်း အထွက်ကောင်းပါတယ် ... သခင်မလေးလည်း နန်ယန်ကို ခဲရာခဲဆစ်ရောက်လာပြီဆိုတော့ တစ်ချက်လောက် လိုက်ကြည့်မလားဗျ ... "

ချန်ရုံက စာရင်းစာအုပ်အား အသေအချာဖတ်ရှုနေသည်။သူမသည် ဤအခြင်းအရာ၌ အာရုံအပြည့်အဝစူးစိုက်ထားလေ၏။မျက်စိရှေ့မှ လူလေးယောက်မှာ မည်မျှပင် သစ္စာရှိပါသော်လည်း သတိထားဦးရပေမည်။
လောကကြီးမှာ ရှုပ်ထွေးမြဲဖြစ်ပြီး မည်သူ့ထံမှမဆို သစ္စာဖောက်ခြင်းခံလာရနိုင်ပေ၏။
လက်ရေးလက်သားက ညံ့ဖျင်းသော်လည်း ချန်ရုံကောင်းကောင်းဖတ်ရှုနိုင်သည်။
ခေတ္တကြာသောအခါတွင် သူမက ခေါင်းတညိတ်ညိတ်နှင့် " ဟုတ်ပြီ ... " ဟုပြောလေ၏။

ထိုအခါ အစေခံလေးယောက်က ခပ်ဖွဖွပြုံးလာခဲ့ကြသည်။ချန်ရုံကလည်း ပြုံးရွှင်သောမျက်နှာထားဖြင့် စာရင်းအင်းစာအုပ်အား အရှေ့သို့ကမ်းပေးလိုက်လေ၏။

သို့သော်လည်း ထိုအချိန်တွင် ဖြူဖွေးရှည်လျားသောလက်တစ်စုံက ၎င်းစာအုပ်အား ကြားထဲမှ ဖြတ်ယူလာသည်။
လက်ပိုင်ရှင်က‌တော့ ဝမ်ဟုန်ပင်။

စာအုပ်အားကြားဖြတ်ဝင်ယူသောဝမ်ဟုန့်ကြောင့် ချန်ရုံတစ်ယောက် အံ့အားသင့်သွားသည်။
ဝမ်ဟုန်မှာ ယခုအချိန်၌ခေါင်းငုံ့ထားပြီး နက်မှောင်သောဆံနွယ်အချို့က သူ၏မျက်နှာအစိတ်အပိုင်းအချို့အား ဖုံးအုပ်ထားလေ၏။ဝမ်ဟုန်၏ပုံသဏ္ဌာန်မှာ ရင်သပ်ရှုမောဖွယ်ရာဖြစ်ပြီး စာပေပညာရှင်တစ်ဦးနှင့်ပင် ဆင်တူနေသည်။

ထို့နောက်တွင် ဝမ်ဟုန်က အစေခံများထံသို့ စာအုပ်ကမ်းပေးလိုက်၏။
အစေခံလေးဦးမှာ အလွန်ကျေနပ်သွားကြပြီး ကျေးဇူးတင်ကြောင်းပြောချင်သော်လည်း အနားတွင်ရှိနေသောဝမ်ဟုန့်ကြောင့် ထိုမျှလောက်အထိ မဝံ့ရဲကြပေ။
ယင်းနောက်တွင် အစေခံများမှာ ချန်ရုံ့အား အသီးသီးအရိုအသေပြုလျက် ၎င်းနေရာမှ ထွက်ခွာသွားကြတော့သည်။

အစေခံများ ထွက်ခွာသွားပြီးနောက်တွင် ဝမ်ဟုန်က ခပ်တိုးတိုးဆိုလာခဲ့၏။
" မြေတွေဝယ်ခဲ့တုန်းက အချစ်လေး နန်ယန်ကိုရောက်ခဲ့တာပဲ ... အဲဒီအချိန်တုန်းက အချစ်လေးနဲ့ ရန်မင်းက အတူတူရှိနေခဲ့ကြတာ ... ပြီးတော့ မြေကို သူ့နာမည်နဲ့ထားထားတယ် ... "

ထိုအခါ ချန်ရုံတစ်ယောက် ငြိမ်သက်သွားခဲ့ပြီး ဝမ်ဟုန့်ထံမှအပြုံးကလည်း တစ်မျိုးပြောင်းသွားသည်။
ဝမ်ဟုန်က ထိုအပြုံးမျက်နှာဖြင့်ပင် ချန်ရုံ့အားစေ့စေ့ကြည့်ပြီး ဖြည်းညင်းစွာ မေးမြန်းလာခဲ့လေ၏။

" ကိုယ့်ကို ရှင်းပြစရာမရှိဘူးလား ... "

" ဘယ်-ဘယ်လိုမှ မတတ်နိုင်ခဲ့လို့ပါ ... မထိမ်းမြားရသေးတဲ့မိန်းကလေးတစ်ယောက်အနေနဲ့ ဒီလိုပိုင်ဆိုင်မှုမျိုးကို တစ်ယောက်တည်းထိန်းသိမ်းထားဖို့ မသင့်တော်ဘူးလေ ... "

ချန်ရုံက ခေတ္တစကားရပ်လိုက်ပြီးနောက် တိုးညင်းသောလေသံဖြင့် ဆက်လက်ပြောကြားသည်။
" တွေးကြည့်လိုက်တော့ တပ်မှူးရန်က ဩဇာကြီးတဲ့သူလေ ... သူ့နာမည်နဲ့သာထားလိုက်ရင် လူဆိုးသူခိုးတွေရန်ကလည်း ကင်းသွားမယ် ... "

" အဲ့လိုလား .... "

" ဟုတ်-ဟုတ်တယ် ... "
ချန်ရုံက ခေါင်းတဆတ်ဆတ်ညိတ်လျက် ပြန်လည်ဖြေကြားရှာသည်။

ထိုအခါ ဝမ်ဟုန်က ခပ်ယဲ့ယဲ့ပြုံးလာခဲ့ပြီး ချန်ရုံလည်းထိုအပြုံးကြောင့် အနည်းငယ်ကြံရာမရဖြစ်သွားတော့သည်။

" ဒါဆို ကိုယ့်နာမည်နဲ့ကျ ဘာလို့မထားတာလဲ ... စဉ်းစားကြည့်လေ ... ထူးထူးခြားခြားမွေးဖွားလာတဲ့ ဝမ်ချီလန်ဆိုတဲ့သူကလည်း ဩဇာအာဏာကြီးတာပဲ ... ကိုယ့်အမည်ပေါက်ထားလည်း ဘယ်သူမှ ထိရဲမှာမဟုတ်ဘူး ... မဟုတ်ဘူးလား ... "

ထိုစကားအဆုံးတွင် ချန်ရုံက တခစ်ခစ်ရယ်မောခဲ့၏။သူမအား ရုပ်တည်ဖြင့်စိုက်ကြည့်နေသည့်ဝမ်ဟုန့်အား မြင်လိုက်ရသောအခါတွင် ချန်ရုံတစ်ယောက် ပါးစပ်ပိတ်သွားသည်။

“အဲ - အဲဒါက….”

အတတ်နိုင်ဆုံးစိတ်တည်ငြိမ်စွာဖြင့် ဖြေရှင်းချက်ပေးရန်ကြိုးစားသော်လည်း ခွေးအ ကြီးလှည်းနင်းနေသကဲ့သို့ဖြစ်ပြီး မည်သည့်စကားလုံးမှ မယ်မယ်ရရထွက်မလာပေ။

ထိုအချိန်တွင် ဝမ်ဟုန်ကလည်း သူမအား တိတ်တဆိတ် စိုက်ကြည့်နေဆဲပင်။

အချိန်အတော်ကြာသောအခါတွင် ချန်ရုံမှာ စကားတစ်ခွန်းမှ မပြောနိုင်တော့ဘဲ ခေါင်းကိုသာငုံ့ထားလိုက်သည်။

" အားရုံ ... မင်းကိုယ့်ကိုထိမ်းမြားချင်တယ်ဆိုတာကို အခုထိ မယုံနိုင်သေးဘူး ... "

ဝမ်ဟုန်၏လေသံက တိုးညင်းပြီး အခြားသူများအား ထိခိုက်စေရန်မလိုလားပုံရသည်။ဝမ်ဟုန်သည် ချန်ရုံနှင့်သူ့ကြားတွင်ရှိသောငြိမ်းချမ်းသာယာမှုကလေး ပျက်သုဉ်းသွားမည်ကို စိုးရိမ်သောကြောင့် လေသံထိန်းပြောနေဟန်ပင်။
ထို့သို့ဖြစ်သော်လည်း ချန်ရုံမှာတော့ ဝမ်ဟုန်၏နာကျင်မှုအား ခံစားမိသည်။သူမက ခေါင်းငုံ့လျက် တွေးတောနေခဲ့သော်လည်း မည်သည့်စကားပြန်ပြောရမည်ကို မသိခဲ့ချေ။

ထိုအချိန်တွင် ဝမ်ဟုန်က ယင်းနေရာမှ ထွက်ခွာသွားရန်ပြင်ဆင်တော့သည်။

"ဘယ်သွားမလို့လဲ"
ချန်ရုံက ဝမ်ဟုန်၏ဝတ်ရုံစအား ကမန်းကတမ်းလှမ်းဆွဲလိုက်ပြီး စိတ်မသက်မသာဖြစ်နေသောလေသံဖြင့် မေးမြန်းလိုက်လေ၏။
ထိုအခါ ဝမ်ဟုန်က ဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်လာခဲ့ပြီး ခဏအကြာတွင် ဖြေလာခဲ့သည်။

" အသင့်ပြင်ထားတော့ ... "

"ဘယ်သွားမှာမလို့လဲ .... "

" ကျိန်းသေပေါက် ကျန့်ခန်းပဲပေါ့ .... "

ကျန့်ခန်းဟု ဆိုလိုက်ခြင်းလော။
ကျန့်ခန်းသို့ ဤလိုပုံစံဖြင့် သွားရမည်လော။
နန်ယန်၌ အဘယ်ကြောင့် ဆက်မနေသနည်း။

ချန်ရုံ့ခမျာ ဝမ်ဟုန့်အား ဆက်တိုက်စိုက်ကြည့်နေခဲ့သော်လည်း မည်သည်ကိုမှ မခန့်မှန်းနိုင်ခဲ့ပေ။နောက်ဆုံးတွင် သူမဘက်ကသာ ရှုပ်ထွေးနေသောစိတ်အစုံအား ပြန်လည်ခေါက်သိမ်းလိုက်ရပြီး ပြုံးပြုံးကလေး ဆိုလိုက်တော့သည်။

" ဟုတ်ပြီလေ .... "

ချန်ရုံပြင်ဆင်ပြီးချိန်တွင် လှည်းရထားမှာလည်း အဆင့်သင့်ဖြစ်နေလေပြီ။လှည်းယာဉ်မှာ နန်းတော်ထဲမှ ဖြည်းညင်းစွာမောင်းထွက်လာခဲ့သည်။
ချန်ရုံမှာ နန်ယန်မြို့မှ လမ်းမများထက်သို့ရောက်ရှိနေပြီး ဤလမ်းများမှာ သူမ၏မှတ်ဉာဏ်များထက်ပင် များစွာအေးစက်နေသည်ဟု ခံစားခဲ့ရသည်။
သူမက ကန့်လန့်ကာစကို မ တင်ကာ အပြင်ဘက်မှခပ်ကြဲကြဲလူအုပ်ကြီးကိုကြည့်ရှုလျက် အရပ်လေးမျက်နှာမှ အသံ‌ဗလံများအား နားစွင့်နေခဲ့သည်။
သို့သော်လည်း လှည်းယာဉ်ဖြတ်သန်းသွားရာနေရာများမှလူများမှာ တစ်ယောက်တစ်ပေါက်သာ အသီးသီးပြောဆိုနေခဲ့ကြပြီး မည်သည်ကိုမှ ရှင်းလင်းပြတ်သားစွာမကြားနိုင်ခဲ့ပေ။
ပတ်ပတ်လည်အား လှမ်းမျှော်ကြည့်ရှုလိုက်စဉ်တွင် မြင်းစီးနင်းသူလူတစ်စုကို ချန်ရုံတွေ့လိုက်ရသည်။ဦးဆောင်သူမှာတော့ သူမနှင့်ရင်းနှီးကျွမ်းဝင်သူ ကျန်းရှန့်ပင်ဖြစ်လေသည်။

ကျန်းရှန့်က ဝမ်ဟုန်၏လှည်းယာဉ်ရှိရာဆီသို့ ဦးတည်သွားပြီး အရိုအသေပြုလျက်ပြောကြားခဲ့သည်။

" နန်ယန်ဘုရင်က သူ့ကိုလာတွေ့ဖို့ အမိန့်တော်ပါးလိုက်ပါတယ် .... "

ထိုအခါ လှည်းယာဉ်တွင်းရှိ ဝမ်ဟုန်က မတ်မတ်ထိုင်နေရာမှ အနောက်သို့မှီချလိုက်ပြီး တက်ကြွသောဟန်ပန်ဖြင့်ပြန်လည်မေးမြန်းလာလေ၏။

" တွေ့ရုံပဲလား ... စပျစ်ဝိုင်လေး အပျော်အပါးလေးဘာလေးမပါဘူးလား ... "

ကျန်းရှန့်မှာ မမျှော်လင့်ထားသောစကားကြောင့် ကြောင်တောင်တောင်ဖြစ်သွားတော့သည်။သူက ဝမ်ဟုန်၏မျက်ဝန်းကြည်ကြည်များအား စူးစိုက်ကြည့်ကာ မည်သို့ပြန်ပြောရမည်ကို မစဉ်းစားနိုင်ဖြစ်နေသည်။

" သွားတော့ ... "
ဝမ်ဟုန်၏ရုတ်တရက်ဆန်သောအမိန့်ပေးမှု၌ လှည်းယာဉ်က တစ်ဟုန်ထိုးအရှိန်မြင့်သွားခဲ့ပြီး ကျန်းရှန့်နှင့်နောက်လိုက်များမှာ ဖုန်ခိုးဖုန်ငွေ့များကြားထဲ၌ ကျန်ရစ်ခဲ့တော့သည်။
အသိစိတ်ပြန်ဝင်လာချိန်၌ ဝမ်ဟုန်၏လှည်းရထားက ခပ်လှမ်းလှမ်းသို့ရောက်ရှိသွားလေပြီ။
ကျန်းရှန့်မှာ အနောက်မှအမီလိုက်၍ ဝမ်ဟုန့်အား တစ်စုံတစ်ရာထပ်ပြောချင်နေသည်။ကနဦးက သူပြောလိုက်သောစကားများက ရိုးစင်းလွန်းပြီး ပျင်းရိဖွယ်ရာကောင်းသည်ဟု ခံစားရသည်။
သို့သော်လည်း သူသည် နောက်လိုက်များအား နေမြဲအတိုင်းသာ‌ ဆက်လက်ငြိမ်သက်စေပြီး မြို့တံခါးဂိတ်ပေါက်ဆီသို့ ဦးတည်သွားသောယာဉ်တန်းကြီးအား စောင့်ကြည့်နေခဲ့သည်။
ဝမ်ဟုန်၏လှည်းယာဉ်နောက်၌မူ ချန်ရုံစီးနင်းလာသောလှည်းရထား ရှိသည်။

ကျန်းရှန့်နှင့် အခြားသူများ၏အကြည့်များမှာလိုက်လျောညီထွေဖြစ်ပြီးဆွဲဆောင်မှုရှိလှသည့်ချန်ရုံ့ထံ၌ရှိနေသည်။မြင့်မားသောဆွဲဆောင်မှုအား ၊ လှပသောအဝတ်အစားများနှင့် သူ မပိုင်ဆိုင်နိုင်သည့်ချန်ရုံ့အားကြည့်ရှုနေရင်းဖြင့် ကျန်းရှန့်ခမျာ ခေါင်းငုံ့လိုက်မိတော့၏။

လှည်းယာဉ်တန်းကြီးက နန်ယန်မြို့ထဲမှ ထွက်ခွာလာခဲ့တော့သည်။

ချန်ရုံမှာ လှည်းယာဉ်တွင်းမှနေ၍ အနောက်တွင်ကျန်ရစ်ခဲ့သောမြို့တော်ကြီးအား တစ်ချက်လှည့်ကြည့်မိသည်။ဤ မြို့၌ အမှတ်တရများစွာရှိပြီး မည်သည့်အချိန်မှ ပြန်လည်လှမ်းလာနိုင်တော့မည်ကိုလည်း မသိနိုင်ချေ။

သူမ အတွေးများနေစဉ်မှာပင် အရှေ့မှလှည်းရထားက ရပ်တန့်သွားခဲ့ပြီး အမှုထမ်းတစ်ဦးက လာရောက်အသိပေးလာသည်။

" အရှင်က သူ့လှည်းယာဉ်ထဲကို လာခဲ့ဖို့ပြောပါတယ် ... "

ယခုအချိန်၌ ချန်ရုံမှာ စိတ်ကောင်းဝင်နေသည်ဖြစ်ရာ အမှုထမ်းအား အမြန်ပြန်ဖြေလျက် အဝတ်အစားများကိုမြှောက်တင်ကာ ဝမ်ဟုန်၏လှည်းယာဉ်ဆီသို့ ပြေးသွားတော့လေသည်။
လှည်းယာဉ်တွင်း၌ရှိသောဝမ်ဟုန်မှာတော့ ပေစာလွှာကိုသာ ဂရုတစိုက်ဖတ်ရှုနေခဲ့ပြီး ချန်ရုံ၏ခြေသံကိုကြားသော်လည်း မော့မကြည့်လာပေ။

" ဘာလို့အရမ်းပျော်နေတာလဲ ... "

ထိုအခါ ချန်ရုံက လှည်းရထားထဲသို့ဝင်ရောက်လာပြီး ပြုံးရယ်လျက်သားဖြင့် ပြန်ဖြေသည်။

" ဒီမှာက ဝိုင်တွေ စာအုပ်တွေနဲ့ အလှတရားတွေ ရှိတယ်လေ ... သာယာလိုက်တဲ့နေရာ ... "

ဤသည်မှာ ဝမ်ဟုန်မမျှော်လင့်ထားသောအဖြေမျိုးပင်။
သူက လက်ထဲမှ ပေစာလွှာအား ဖြည်းညင်းစွာချပြီး ချန်ရုံ့ကိုကြည့်လိုက်သည်။ထိုသို့ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် ချန်ရုံက သူ့ထံသို့ တစ်ဟုန်ထိုးပြေးဝင်ခုန်အုပ်လာတော့၏။
ချန်ရုံက ဝမ်ဟုန်၏ရင်ခွင်ထဲသို့ဝင်ကာ တစ်ဖက်လူအား လှည်းယာဉ်နံရံနှင့်ဖိကပ်ထားသည်။
ယင်းနောက်တွင် သူမက ဝမ်ဟုန့်အား အကြိမ်အနည်းငယ်ခန့်ဆက်တိုက်နမ်းရှုံ့တော့သည်။

" အခုလိုအချိန်မျိုးမှာ ပျော်ပေးရတယ်လို့ ပြောခဲ့တယ်မလား ... ဒီလိုအလှလေးက ရှင့်လက်ထဲမှာရှိနေတာကို ဘာတွေ တွေဝေနေသေးတာလဲ ... "

ချန်ရုံက သူ့အား ဆယ်ခါထက်မနည်း ပွတ်သီးပွတ်သပ်နမ်းရှုံ့နေသည်ကို ဝမ်ဟုန်က အသာတကြည်ပင်ခွင့်ပြုခဲ့လေသည်။
အချိန်အနည်းငယ်ခန့်အကြာတွင် သူက လက်ကိုင်ပုဝါကို ဖြည်းညင်းစွာထုတ်ပြီး မျက်နှာပေါ်မှ တံတွေးစများအား သေသေချာချာ သုတ်ဖယ်လိုက်၏။

" ကြောက်နေလား ... "
ဝမ်ဟုန်က ခေါင်းငုံ့ပြီး ရင်ခွင်ထဲမှ မိန်းကလေးအား ခပ်ယဲ့ယဲ့ပြုံးပြလျက် မေးမြန်းသည်။

ချန်ရုံ့အပြုံးမှာ ရုတ်ချည်းပင် မှိန်ဖျော့သွားတော့လေ၏။

သူမက ဝမ်ဟုန်၏ရင်ခွင်ထဲသို့ခေါင်းတိုးဝင်ကာ ပို၍ တင်းတင်းကြပ်ကြပ်ဖက်တွယ်ပြီး မျက်လုံးအစုံကို မှိတ်ထားလိုက်သည်။

" ကျွန်မကိုမလျစ်လျူပါနဲ့ ... "

သို့သော်လည်း အချိန်အတော်ကြာသည်အထိ ပြန်လည်ဖြေကြားသံထွက်မလာခဲ့ပေ။
ချန်ရုံမော့ကြည့်လိုက်သောအခါတွင် ဝမ်ဟုန်က လှည်းရထားခေါင်မိုးထံသို့ ငေးမှိုင်စွာစိုက်ကြည့်နေသည်ကိုသာ မြင်လိုက်ရသည်။
သို့သော်လည်း ဝမ်ဟုန်သည် သူမအား လက်တစ်ဖက်ဖြင့်သိုင်းဖက်ထားလျက်ရှိပြီး ၎င်းမှာ နွေးထွေးပြီး စိတ်လုံခြုံစေသည်။
ချန်ရုံ၏စိတ်အစုံမှာလည်း ငြိမ်သက်သွားတော့လေ၏။သူမက ဝမ်ဟုန်၏ရင်ခွင်ထဲ၌ မှီတွယ်ကာ ပြတင်းတံခါးအပြင်မှ ‌တရွေ့ရွေ့ကျော်လွန်သွားသည့်ရှုမျှော်ခင်းများအား လှမ်းကြည့်နေရင်း သီချင်းလေးညဉ်းနေခဲ့သည်။သူမ၏ဆိုညဉ်းသံ၌ အဓိပ္ပာယ်ထွေထွေထူထူးမရှိသော်လည်း ချိုမြိန်လှပပြီး ရွှင်လန်းပျော်ရွှင်မှုအပြည့်ဖြစ်သည်။
ဝမ်ဟုန်က ချန်ရုံ၏‌လေသံအား ခဏတာမှိန်းမောနားထောင်နေခဲ့ပြီး ငုံ့ကြည့်လျက် မေးမြန်းလာ၏။

" အရမ်းပျော်နေတာလား ... "

ထိုအခါချန်ရုံက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြကာ ဆက်လက်ညည်းဆိုနေခဲ့သည်။

"ဘာလို့ပျော်နေတာလဲ .... "

ဝမ်ဟုန့်စကားကြောင့် ချန်ရုံ၏သီချင်းညဉ်းသံက ရပ်တန့်သွားပြီး ခေတ္တကြာသောအခါတွင် သူမက ဖွင့်ထုတ်ပြောပြလာ၏။

"ဒီအချိန်မှာ ကျွန်မရဲ့အချစ်ဆုံးခင်ပွန်းက ကောင်းကင်ယံမှာမဟုတ်သလို တခြားသူရဲ့ခေါင်းအုံးဘေးမှာလည်းမဟုတ်ဘူးလေ ... ကျွန်မရဲ့ ဘေးမှာရှိနေတော့ အရမ်းပျော်တာပေါ့ ... "

ထိုအခါ ဝမ်ဟုန်က ချန်ရုံ၏နှဖူးပြင်အား သူ၏နှုတ်ခမ်းသားများဖြင့်ထိတွေ့လာခဲ့ပြီး ထိုအနေအထားဖြင့် မျက်လုံးမှိတ်ကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။ယခုတစ်ကြိမ်သက်ပြင်းမှာ ယခင်ကနှင့်မတူညီပေ။အနည်းငယ်ရှင်းလင်းပြီး ပိုမိုလေးလံသည်။

တိတ်ဆိတ်နေစဉ်မှာပင် အပြင်သို့အစောင့်တပ်သားတစ်ဦးရောက်လာပြီး " အရှင် ... လူတွေလွှတ်လိုက်ပါပြီ .... " ဟု ပြောလာခဲ့၏။
ထိုအခါ ဝမ်ဟုန်က အေးအေးဆေးဆေးသာပြန်လည်တုံ့ပြန်ဖြေကြားသည်။

နာရီဝက်ခန့်အကြာတွင် လှည်းယာဉ်အပြင်ဘက်မှ အသံတစ်ခုထွက်ပေါ်လာပြန်လေ၏။

" အဲဒီလူကို ခေါ်လာခဲ့ပါပြီ အရှင် ... ဘယ်လိုလုပ်လိုက်ရမလဲဆိုတာကို မိန့်တော်မူပါ ... "

"သတ်ပစ်လိုက် .... "

" မှန်လှပါ ... "

တစ်နာရီခန့်ကုန်လွန်ပြီးသောအခါ တပ်သားတစ်ဦးက " သူလာနေပါပြီ ... " ဟု ထပ်မံသတင်းပေးပို့လာပြန်သည်။

" တစ်ယောက်တည်းလား ... "

"ဟုတ်ပါတယ် ... "

တပ်သား၏လေသံမှာ အနည်းငယ်ရွှင်မြူး‌နေပြီး အားရကျေနပ်နေပုံပေါ်လေ၏။

" သိပြီ ... သွားလို့ရပြီ ... "

" မှန်လှပါ ... "

သုံးရက်တာအတွင်း၌ ဝမ်ဟုန့်ထံသို့ အမှုထမ်းများက လာချည်ပြန်ချည်ဖြင့် သတင်းများဆက်တိုက်ပေးပို့ကြသည်။
ချန်ရုံ့ခမျာ နားစွင့်နေခဲ့သော်လည်း အကြောင်းအရာများအား ရှင်းရှင်းလင်းလင်းနားမလည်နိုင်သေးချေ။

တစ်နေ့တွင် အစောင့်တပ်သားထွက်ခွာသွားချိန်၌ ဝမ်ဟုန်က အတွေးများနေသောချန်ရုံ့အား လှည့်ကြည့်လာခဲ့သည်။

" အားရုံ ... "

ချန်ရုံလည်း အသံလာရာဘက်သို့မော့ကြည့်လိုက်၏။
ဝမ်ဟုန်က သူမအား ကြည်လင်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။

" မောယန်မြို့ဝန် အသစ်ခန့်တဲ့ကိစ္စကို ဘယ်လိုသိတာလဲ ... "

နောက်ဆုံး၌ ဤမေးခွန်းအား ဖွင့်ထုတ်မေးလာခဲ့ပေပြီ။


ချန်ရုံက ခေါင်းငုံ့ထားပြီး မည်သည်ကိုမှ ပြန်မဖြေချေ။
ထိုအခါ ဝမ်ဟုန်က ခပ်ဖွဖွပြုံးပြီး မေးထောက်ကာ ပြတင်းတံခါးအပြင်မှ တောင်တန်းစိမ်းစိမ်းများအား စူးစိုက်ကြည့်နေတော့သည်။

" အသက် ၁၄ - ၁၅အရွယ် တစ်ကောင်ကြွက်မိန်းကလေးက မိသားစုကိုတောင် စွန့်ခွာ‌လာနိုင်ပေမဲ့ ခင်ပွန်းဖြစ်တဲ့သူကိုတော့ ဒါလေးတောင် ဖွင့်ထုတ်မပြောနိုင်ဘူးလား ... မိုးခေါင်ရေရှားမဲ့ကိစ္စကို ကြိုသိပြီးသတိပေးခဲ့တယ် ... မြစ်ကိုဖြတ်ကူးရမှာကိုလည်း ကြိုသိနေတယ် ... မင်းက အရာရာကို အစီအစဉ်တကျ သိနေသလိုပဲ ... အဲဒီအချိန်က အားရုံက နတ်ဘုရားတစ်ယောက်ထက်တောင် ဉာဏ်ပညာထက်မြက်ခဲ့သေးတယ် ... ကိုယ်လည်း မင်းက ထူးထူးခြားခြားအမြော်အမြင်ကြီးတဲ့သူလို့ တွေးခဲ့တာ ... "

ဝမ်ဟုန်က ပြောပြောဆိုဆိုဖြင့် ချန်ရုံ့အား တစ်ဖန်ပြန်လှည့်ကြည့်ခဲ့သည်။

" အချစ်လေး ... ကိုယ့်ကို ဘာလို့ပြောမပြချင်ရတာလဲ ... "

ဝမ်ဟုန်က ချန်ရုံ့အား စူးစူးစိုက်စိုက်ကြည့်ပြီး အဖြေကိုစောင့်မျှော်နေခဲ့၏။

အမြဲလိုလိုခေါင်းငုံ့ထားခဲ့ရသူ၏နှလုံးသားထဲတွင် ခါးသီးသော ပေါက်ကွဲမှုများစွာရှိသည်။ချန်ရုံ၏နှုတ်ခမ်းလွှာများက ပွင့်ချည့်ပိတ်ချည်ဖြစ်နေခဲ့ပြီး သူမသည် မပြောပြချင်ကြောင်း အေးအေးလူလူငြင်းဆိုလိုက်ချင်မိသည်။
သို့သော်လည်း ချန်ရုံမှာ ယခုအချိန်၌ တစ်ကိုယ်လုံးပူထူနေပြီး ဝမ်ဟုန်ကလည်း သူမကို ကောင်းကောင်းသိနေသဖြင့် မည်သည်ကိုမှ ဖွင့်ထုတ်မပြောနိုင်ရှာပေ။

လှည်းရထားမှာ အရှေ့သို့သာမှန်မှန်ရွေ့လျားဆဲဖြစ်လေ၏။ဘီးလှိမ့်သံတကျွီကျွီနှင့်အတူထွက်ပေါ်လာသောဖုန်ငွေ့များက လမ်းဘေးဘီရှိ မြက်ခင်းပြင်များပေါ်သို့ပျံ့လွင့်သွားကာ မူလက စိမ်းသက်နေသောမြက်ခင်းများအား အညိုရောင်စွန်းထင်းစေခဲ့သည်။
အတန်ကြာတိတ်ဆိတ်သွားပြီးနောက် နောက်ဆုံးတွင်ချန်ရုံက ဖွင့်ထုတ်ပြောလာခဲ့သည်။

" ကျွန်မ အိပ်မက်မက်ခဲ့တာ ... "

" အိပ်မက်လား ... "

ဝမ်ဟုန်တစ်ယောက် အနည်းငယ် အံ့သြသွားပြီး ရယ်ချင်လာသည်။

" ဘာအိပ်မက်မက်တာလဲ ... "

" ကျွန်မတောင်ပိုင်းကိုပြောင်းလာပြီး နန်ယန်မှာဆယ်နှစ်ကျော်နေခဲ့တဲ့အိပ်မက် မက်ခဲ့တာ ... အဲဒီအိမ်မက်ကို လနဲ့ချီပြီး ဆက်တိုက်မက်ခဲ့တယ် "

ချန်ရုံက ဝမ်ဟုန့်အား မော့ကြည့်ကာ လေးလေးနက်နက် ဆက်ပြောသည်။

" အိပ်မက်က အရမ်းလက်တွေ့ဆန်ပြီး အစစ်လို့ထင်ရလွန်းတယ် ... မသိရင် တစ်ကြိမ်ရှင်သန်ဖူးပြီးသားလူလိုပဲ ... ဒါပေမဲ့ နိုးလာရင်တော့ အိပ်မက်ပဲဖြစ်သွားတယ် ... "

" အင်း ...တော်တော်ကောင်းတဲ့ရှင်းပြချက်ပဲ ... "

ဝမ်ဟုန်က ခေါင်းတညိတ်ညိတ်ဖြင့် ပြန်လည်ဖြေကြားသော်လည်း တကယ်တမ်းမယုံကြည်ကြောင်း ချန်ရုံသိသည်။သူ့နေရာတွင် သူမ ဆိုလျှင်လည်း ယုံမည်မဟုတ်ပေ။

လှည်းရထားပေါ်၌ ထပ်မံတိတ်ဆိတ်သွားပြန်သည်။
ခဏအကြာတွင် ချန်ရုံက ဝမ်ဟုန့်အား တိတ်တဆိတ်လှမ်းကြည့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်ဟုန်က ခပ်တိုးတိုးပြောလာခဲ့လေ၏။

"ဒီတစ်ကြိမ် မောယန်နဲ့ ချီယန်က မြို့ဝန်‌တွေကိုစေလွှတ်လိုက်ပြန်ပြီ ...အင်ပါယာရုံးတော်ကလည်း တင်းတင်းကြပ်ကြပ်ပိတ်ဆို့ထားတယ် ... ဇာတ်လမ်းအစအဆုံးကို လူဆယ်ယောက်ပဲ သိတယ် "

ယင်းနောက်တွင် ဝမ်ဟုန်က သူမအား လှည့်ကြည့်လာခဲ့သည်။

" အားရုံက ဆယ့်တစ်ယောက်မြောက်ပဲ ... "