Chapter 234
ချန်ရုံ့ခမျာ ခေါင်းငုံ့ထားရုံသာ တတ်နိုင်ချိန်တွင် ဝမ်ဟုန်က ထိုင်နေရာမှထပြီး သူမထံသို့ ဦးတည်လာသည်။ယင်းနောက်တွင် ဝမ်ဟုန်သည် သူ၏ဖြူသွယ်သောလက်ချောင်းများဖြင့် ချန်ရုံ၏နှုတ်ခမ်းသားများအား ခပ်ဖွဖွပွတ်သပ်လာတော့၏။
" အားရုံက ရှင်းရှင်းလင်းလင်းမပြောဘဲနဲ့ နှုတ်ဆိတ်နေမယ်ဆိုရင်လည်း ဆင်ခြေကိုရှာတွေ့နိုင်မှာ မဟုတ်ဘူး ... "
ချန်ရုံ၏နှုတ်ခမ်းသားများက လှုပ်ခတ်သွားလေသည်။သူမသည် ယခုအချိန်တွင် ဆင်ခြေဆင်လက်ပေးရန်တွေးတောနေခြင်းမဟုတ်ကြောင်း ဖွင့်ထုတ်ပြောလိုက်ချင်နေ၏။အမှန်တကယ်မက်ခဲ့သောအိပ်မက်ဖြစ်ကြောင်း အလွန်အမင်းရှင်းပြချင်နေသော်လည်း နောက်ဆုံးတွင် စကားလုံးများအား မျိုချထားလိုက်ရသည်။
ဝမ်ဟုန်က ချန်ရုံထံမှ အကြည့်လွှဲပြီး နံဘေး၌ ဖြည်းညင်းစွာဝင်ထိုင်သည်။ယင်းနောက်တွင် သူက အပြင်ဘက်မှ တိမ်စိုင်များအား မော့ကြည့်လိုက်ပြီး သီချင်းခပ်တိုးတိုးညဉ်းတော့လေ၏။
" ဘဝဆိုတာ လိပ်ပြာအိပ်မက်ပမာ ... ရေကြည်သောက်စား မြင်းအများနဲ့ ... ရေမြေတောတောင်အပေါင်းဟာ သာယာလွန်းပေစွ .... "
ဝမ်ဟုန်၏လေသံမှာ အနည်းငယ်အက်ရှရှဖြစ်ပြီး ကောင်းကင်ယံသို့မော့ကြည့်နေသောသူ၏မျက်ဝန်းများက အနည်းငယ်စိုစွတ်လာတော့သည်။
ချန်ရုံတစ်ယောက် ဝမ်ဟုန့်ထံမှ အကြည့်လွှဲလိုက်၏။
လှည်းရထားမှာ တရွေ့ရွေ့နှင့် ဆက်လက်ခရီးနှင်လာခဲ့သည်။လမ်းတစ်လျှောက်တွင်ဝမ်ဟုန်၏အမိန့်တော်များက တပ်သားအသီးသီးဆီသို့ ပျံ့နှံ့သွားပြီး ရက်အနည်းငယ်ကြာတိုင်း ဝမ်ဟုန်ထံသို့ အစောင့်တပ်သားများ ရောက်လာတတ်သည်။
ဤနည်းအားဖြင့် နေ့ရက်များက တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်လကျော် ကြာသွားလေ၏။
ဤရက်များ၌ ချန်ရုံမှာ တစ်ကိုယ်တည်း ငေးမောမှိုင်တွေနေခဲ့ရပြီး လှည်းရထားပေါ်မှလူက တစ်စုံတစ်ခုပြောလာလျှင်လည်း မည်သို့ပြန်လည်ဖြေကြားရမည်ကို မသိခဲ့ချေ။
တစ်နေ့တွင် ပရုတ်ပင်ကြီးတစ်ခုအောက်၌ လမ်းလျှောက်နေသောချန်ရုံ့အား ဝမ်ဟုန်လှမ်းမြင်ခဲ့ရသည်။သူမ၏ဝတ်ရုံနီက လေနှင့်အတူ လွင့်ပျံသွားကာ ခါးသိမ်အား ပို၍ပင်ပေါ်လွင်စေသည်။
ဝမ်ဟုန်က မျက်မှောင်ကြုတ်ရင်းဖြင့် ချန်ရုံ့ဆီသို့ လျှောက်လှမ်းသွားတော့၏။
အနီးနားသို့ရောက်သောအခါ ခေါင်းငုံ့လျက် မြေပြင်ပေါ်၌ ခြေချောင်းများဖြင့်လှည့်ပတ်လှုပ်ရှားနေသောချန်ရုံ့အား မြင်ရသည်။ဝမ်ဟုန်က အနောက်မှနေ၍ ချန်ရုံကျောပြင်အား လက်ဖြင့်လှမ်းထိလိုက်လေ၏။
" ဘာတွေတွေးနေတာလဲ ... "
ဝမ်ဟုန်၏အသံက ချန်ရုံ့အား သိသိသာသာနိုးကြားစေခဲ့သည်။သူမက အလျင်စလိုလှည့်ကြည့်လာခဲ့ပြီး ဝမ်ဟုန့်အား မြင်သောအခါတွင် အသက်မပါစွာဖြင့်ပြုံးပြလိုက်လေ၏။
ထိုအခါ ဝမ်ဟုန်က ချန်ရုံ့အား တည်ငြိမ်စွာစိုက်ကြည့်ရင်း " အချစ် ဘာတွေတွေးနေတာလဲ ... " ဟု ထပ်မံမေးမြန်းလိုက်သည်။၎င်းလေသံက တိုးညင်းသော်လည်း ခိုင်မာပေ၏။
ချန်ရုံ၏နှုတ်ခမ်းသားများက လှုပ်ခတ်သွားခဲ့ပြီး သူမက တစ်ဖက်သို့ပြန်လှည့်ကာ သက်ပြင်းအရှည်ကြီးချလိုက်သည်။
" ကျွန်မ ... "
" ကျွန်မ ..... ဘာမှမဟုတ်တော့ဘူး ..... "
"ဘာမှမဟုတ်ဘူးလား ...."
ထိုအခါ ဝမ်ဟုန်က မျက်မှောင်ကြုတ်ကာ ချန်ရုံ့အား သံသယဖြင့်စိုက်ကြည့်နေခဲ့လေ၏။
၎င်းအချိန်၌ပင် ခွာသံများ တရစပ်ထွက်ပေါ်လာသည်။
အရှေ့မှ အဝါရောင်သဲ လမ်းမထက်သို့ မျှော်ကြည့်လိုက်သောအခါ ဖုန်ခိုးဖုန်ငွေ့များကြားမှ မြင်းစီးသူရဲဆယ်ဦး၏ရုပ်သွင်ကို လှမ်းမြင်ရသည်။
ဝမ်ဟုန်တစ်ယောက် ယင်းနေရာသို့ ငြိမ်သက်စွာစိုက်ကြည့်နေစဉ်မှာပင် အမှုထမ်းတစ်ဦးက အနောက်သို့ချဉ်းကပ်လျက် ခပ်တိုးတိုးလျှောက်တင်လာခဲ့သည်။
" ကျန့်ခန်းဘက်က သတင်းဖြစ်မယ်ထင်ပါတယ် အရှင် ... "
ဝမ်ဟုန်က မည်သည်ကိုမှ ပြန်မပြောပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဒါဇင်နှင့်ချီသောမြင်းစီးသူရဲများက ဝမ်ဟုန့်ထံသို့ တစ်ဟုန်ထိုး ချီတက်လာကြပြီး မလှမ်းမကမ်း၌ မြင်းများကိုရပ်တန့်လိုက်ကြသည်။ယင်းနောက်တွင် သူတို့က မြင်းကုန်းနှီးပေါ်မှဆင်းသက်ကာ ဒူးထောက်ချလိုက်ပြီး ကျယ်လောင်စွာဆိုလာခဲ့ကြလေ၏။
" အရှင် .... "
အရှေ့ဆုံးတွင်ရှိသောတစ်ယောက်က အသက်တစ်ချက်ရှူသွင်းပြီးနောက် လာရင်းအကြောင်းကို ဆိုလာခဲ့သည်။
" အရှင် ... စိန်ရတုနေ့မှာ အရှင်က ရှဲ့မျိုးနွယ်ရဲ့သမီးတော်ကို လက်ထပ်ထိမ်းမြားဖို့ ဝမ်မျိုးနွယ်စုက သတ်မှတ်ခဲ့ပြီးတော့ အရှင်ဝမ်ယန့်ကိုတော့ နဝမမြောက်မင်းသမီးနဲ့ လက်ဆက်ဖို့ အမိန့်ချလိုက်ပါတယ် ... "
ခေတ္တစကားရပ်ပြီးနောက် ထိုသူက ဝမ်းနည်းပက်လက်ဖြစ်နေသောမျက်နှာထားဖြင့် ဝမ်ဟုန့်အား မော့ကြည့်လာခဲ့သည်။
" အခု ကျန့်ခန်းတစ်မြို့လုံး ကောလဟာလတွေ ပြန့်နေပါတယ် ... ဝမ်ချီလန်က အချစ်ကြီးတဲ့သူမလို့ သူ့နှလုံးသားထဲမှာ ဟိုအရှင်မတစ်ယောက်ပဲရှိမှာပဲလို့ ရှဲ့သခင်ကြီးက ပြောခဲ့ပါတယ်တဲ့ ... သူ့ရဲ့သမီးတော်က ဒီလိုလူမျိုးနဲ့ မထိုက်တန်ပါဘူးတဲ့ ... "
ယင်းနောက်တွင် အမှုထမ်းဖြစ်သူမှာ အံကိုတင်းတင်းကြိတ်ထားလိုက်ပြီး ဝမ်ဟုန်၏မျက်နှာထားအား အရိပ်အခြည်ကြည့်လျက် သတိကြီးစွာဖြင့် ဆက်လက်ပြောကြားလိုက်လေ၏။
" အားလုံးဆွေးနွေးပြီးတဲ့အခါမှာ ဝမ်မိသားစုက သားတော်တွေအားလုံးကို သူ့ရဲ့သမီးနဲ့လက်ဆက်ဖို့ ရှဲ့သခင်ကြီးက အဆိုပြုလိုက်ပါတယ် ... ဝမ်ယန်ကတော့ မင်းသမီးနဲ့ ထိမ်းမြားမှာပါ ... "
ရှဲ့မျိုးနွယ်စု၏သမီးတော်နှင့် နဝမမြောက်မင်းသမီးတို့မှာ ဝမ်ဟုန့်အား စွဲလမ်းခဲ့ကြသူများ ဖြစ်လေသည်။အထူးသဖြင့် ရှဲ့သခင်ကြီး၏သမီးတော်ပင်။သူမသည် ဝမ်ဟုန်၏ မိသားစုမှသတ်မှတ်ပေးထားသောဇနီးလောင်းဖြစ်ပြီး နန်ယန်သို့ထွက်မလာမီတွင် လက်ဆက်ခြင်းအကြောင်းအရာအား အသေအချာဆွေးနွေးခဲ့ပြီးဖြစ်သည်။
လောကကြီး၌ ယောက်ျားသားတစ်ဦး၏အကြီးကျယ်ဆုံးအရှက်ရမှုမှာ မချစ်မနှစ်သက်သောဇနီးမယားနှင့် ထိမ်းမြားပေါင်းသင်းရခြင်းပင်။
ရှဲ့မိန်းကလေးမှာ ဝမ်ဟုန်၏ဇနီးသည်မဟုတ်သေးသော်ငြားလည်း နှစ်ဖက်မိသားစုက သဘောတူညီခဲ့သူဖြစ်လေသည်။သို့သော်လည်း ခဏချင်းအတွင်း၌ပင် သူမသည် အခြားသူများထံသို့ ခွဲတမ်းချခြင်းခံခဲ့ရသည်။အလွန်ရှက်ရွံ့ဖွယ်ကောင်းသောကိစ္စရပ်ပင်။
အမှုထမ်း၏စကားဆုံးသွားသောအခါတွင် ကျန်လူအားလုံးမှာလည်း ခေါင်းကိုသာငုံ့ထားကြပြီး တုပ်တုပ်မလှုပ်ကြပေ။
ဝမ်ဟုန်၏နှုတ်ခမ်းစွန်း၌ အပြုံးတစ်ခု ခိုကိန်းနေခဲ့ပြီး သူက အခြေအနေအစအဆုံးအား တိတ်တဆိတ်သာ နားထောင်ခဲ့လေ၏။အမှုထမ်း စကားဆုံးသွားသောအခါ၌ ဝမ်ဟုန်က ခပ်ယဲ့ယဲ့ပြုံးလျက် " ဘယ်တတ်နိုင်မလဲ ... " ဟု ခပ်တိုးတိုးပြောလာခဲ့သည်။
ထိုအခါ နောက်ထပ်မြင်းစီးသူရဲတစ်ဦးက အရှေ့ထွက်လာခဲ့ပြီး ဒူးထောက်ကာ ဆက်လက်လျှောက်တင်သည်။
" အရှင့်ကို ငယ်ရွယ်ထက်မြက်ဖို့လိုတယ်လို့ လူကြီးတွေက မိန့်ကြားခဲ့ပါတယ် ... အရှင့်ရဲ့နာမည်အောက်မှာရှိတဲ့
ဝံပုလွေနက်တပ်သားတွေကို မကြာခင်မှာ မျိုးနွယ်စုက ပြန်သိမ်းပါမယ်တဲ့ ... ပြီးတော့ အရှင့်ရဲ့စီရင်ပိုင်ခွင့်အောက်မှာရှိခဲ့ဖူးတဲ့ အရိပ်သစ်ရွက်စစ်သည်တွေကိုလည်း အခြားတစ်ယောက်က လွှဲပြောင်းယူပါမယ်တဲ့ ... အရင်နှစ်တွေက သူများတွေကိုပေးထားတဲ့လယ်မြေဧကတစ်သောင်းကျော်ရဲ့ ၉၀%နဲ့ အရှင့်နာမည်အောက်မှာရှိတဲ့ ဈေးဆိုင်ပေါင်းတစ်ထောင်ကိုလည်း ပြန်သိမ်းမယ်လို့ပြောပါတယ် ... "
စကားဆုံးခါနီးလေလေ ၎င်းအမှုထမ်း၏လေသံက ပိုမိုနိမ့်ပါးလာလေလေဖြစ်သည်။နောက်ဆုံး၌ ထိုသူမှာချွေးများစို့နေခဲ့လေ၏။
ချန်ရုံသည်လည်း ဝမ်ဟုန်၏နံဘေးတွင်ရှိနေသည်။
ပထမအမှုထမ်း အစီရင်ခံလာကတည်းက ချန်ရုံမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေခဲ့ပြီး ယခုတွင်မူ သူမ၏မျက်နှာက နှင်းသားများသဖွယ် ဖြူစုတ်နေသည်။
သူမက ဝမ်ဟုန့်အား ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်လေ၏။အခြားအမှုထမ်းများနှင့်နောက်လိုက်များစွာမှာလည်း ချန်ရုံကဲ့သို့ပင် ဝမ်ဟုန့်အား စူးစိုက်ကြည့်နေကြသည်။
သို့သော်လည်း သူတို့၏အရှင်ဖြစ်သူမှာတော့ အေးအေးလူလူပြုံးနေဆဲပင်။ထိုအပြုံးနှင့် နူးညံ့သိမ်မွေ့သောအကြည့်များ၌ ပြောမပြနိုင်လောက်သည့်ကျက်သရေအပေါင်းခညောင်းနေပြီး လှိုင်းထန်ခြင်းအလျဉ်းမရှိဘဲ တည်ငြိမ်သည်။ရှေ့မှောက်ရှိ သူရဲကောင်းနှစ်ဦးထံမှ အစီရင်စကားများမှာ ဝမ်ဟုန့်အတွက်တော့ နံဘေးမှ အမှုမဲ့အမှတ်မဲ့ ဖြတ်သန်းသွားသည့် လှည်းယာဉ်တစ်ခုသဖွယ်ပင်။
ထိုအချိန်၌ အနီးအနားရှိ အမှုထမ်းက ဝမ်ဟုန့်အား လက်လှမ်းတို့ပြီး မေးမြန်းလာလေသည်။သူ၏မျက်နှာမှာမူ ပြာနှမ်းနေပြီဖြစ်သည်။
" အရှင် ဘယ်လိုလုပ်ကြမလဲ ... အကြီးအကဲတွေရဲ့အပြုအမူအရ အရှင့်ကို သာမန်သားတော်တစ်ယောက်အဖြစ် သတ်မှတ်လိုက်တဲ့ပုံပဲ ... ကျွန်တော်မျိုးတို့ ဘယ်လိုလုပ်ကြမလဲ ... "
လူအများ၏ကြောက်ရွံ့နေသောအကြည့်များကြားထဲတွင် ဝမ်ဟုန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး ချန်ရုံ့အား လှည့်ကြည့်ခဲ့သည်။
သူကချန်ရုံ၏ဖြူဖပ်နေသောမျက်နှာနှင့် နက်မှောင်သော မျက်လုံးနက်များထဲသို့စိုက်ကြည့်ကာ သူမ၏လက်ကိုဖြည်းညင်းစွာ ဆုပ်ကိုင်လိုက်သည်။ထိုသို့ပြုလိုက်ပြီးနောက် ဝမ်ဟုန်မှာတစ်ဖက်သို့လှည့်ကာ လှည်းယာဉ်ထံသို့ ပြန်လည်ဦးတည်သွားတော့လေ၏။
ခြေလှမ်းအနည်းငယ်အကွာတွင် ၎င်းတို့၏အရှင်မှာ မည်သည်ကိုမှ ဖွင့်ထုတ်ပြောရန်စိတ်ကူးမရှိကြောင်း နောက်လိုက်ပါများ သဘောပေါက်သွားကြသည်။
ထိုအခါ ကနဦးက မေးမြန်းခဲ့သောအမှုထမ်းက ဝမ်ဟုန်၏အနောက်သို့ အမောတကောပြေးလိုက်သွားကာ
" အရှင် ... အရှင် ... အရှင် " ဟု အော်ခေါ်သည်။
သူကဝမ်ဟုန့်အား ဝမ်းနည်းကြေကွဲစွာလှမ်းကြည့်နေပြီး ခဏတာရှိုက်ငိုပြီးနောက်တွင် " ဒေါသထွက်တော်မမူဘူးလား ... " ဟု မေးမြန်းလိုက်လေ၏။
" ဒေါသထွက်ရမှာလား ... "
ဝမ်ဟုန်၏လေသံက လေညင်းသဖွယ်ပေါ့ပါးနေပြီး အမှုထမ်းဖြစ်သူခမျာ မင်သက်သွားခဲ့သည်။
ထိုအချိန်တွင် ဝမ်ဟုန်ထံသို့ သူရဲကောင်းတစ်ဦး ရောက်လာခဲ့လေ၏။ယင်းနောက်တွင် ထိုသူက လက်နှစ်ဖက်အားယှက်တွယ်ကာ ဝမ်ဟုန့်အား အစီရင်ခံလာတော့သည်။
" အရှင် .... မျိုးနွယ်စုဘက်က လွှတ်လိုက်တဲ့သူတွေက လမ်းခရီးပေါက်နေကြပါပြီ ... သူတို့က ဝံပုလွေနက်စစ်သည်တွေကို ပြန်ခေါ်ဖို့လာနေကြတာပါ ... "
ထိုစကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ထောင်ချီသော အစောင့်တပ်သားများက ဒူးထောက်ကာ " ကျွန်တော်မျိုးတို့ဘယ်လိုလုပ်ရမလဲ ညွှန်ပြတော်မူပါ ... " ဟု တစ်ခဲနက်ပြောဆိုလာခဲ့ကြသည်။
ဝမ်ဟုန်၏အနောက်၌ တစ်သက်တာလုံး သေအတူရှင်မကွာလိုက်ပါခဲ့ကြပြီး မူရုံခယ်အားအနိုင်ပိုင်းနိုင်ရန် ပါရမီဖြည့်ပေးခဲ့ကြရှာသောဤအစောင့်တပ်သားများမှာ ဝမ်မိသားစု၏ထိပ်တန်း ဝံပုလွေနက်တပ်ဖွဲ့ဝင်များ ဖြစ်ကြပေသည်။
ယခုအချိန်တွင် သူ့အပေါ်သစ္စာစောင့်သိပြီး သေခြင်းရှင်ခြင်းအား အတူတကွမျှဝေခံစားပေးနိုင်သောအမှုထမ်းတပ်သားများက ဒူးထောက်လျက်သားရှိနေကြသည်။
ဝမ်ဟုန်က နှုတ်ဆိတ်နေလျက် အနောက်သို့ပြန်လှည့်ကြည့်လိုက်၏။
လေညင်းက ဝမ်ဟုန်၏ဝတ်ရုံနှင့်တကွ ကျောပြင်ပေါ်တွင်သက်ရောက်နေသောဆံနွယ်များကြားထဲမှ ကူးလူတိုက်ခတ်နေပြီး သူ၏ကိုယ်နေဟန်ထားမှာ ဖြောင့်တန်းနေသည်။
" ဘာလို့ ထိတ်လန့်နေကြတာလဲ ... "
ဝမ်ဟုန့်လေသံက ရှင်းလင်းအေးဆေးသော်ငြားလည်း ဩဇာအာဏာအပြည့်ပါဝင်သည်။စကားလုံးအနည်းငယ်မျှသာဖြစ်သော်လည် တိတ်ဆိတ်ထိရောက်သောစွမ်းအားတစ်မျိုးရှိလေ၏။တပ်သားများထံမှ ညဉ်းတွားပူပန်နေသံများက ရုတ်ချည်းပင်ရပ်တန့်သွားခဲ့သည်။
" မင်းတို့တွေ နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားလေ့ကျင့်ခဲ့ကြပြီးတော့ အားလုံးမှာ ထူးချွန်တဲ့အရည်အချင်းတွေရှိတယ် ... ဝမ်ဟုန်ဆိုတဲ့လူနဲ့ မင်းတို့တွေ နေ့နေ့ညညခဲရာခဲဆစ်ကြိုးစားခဲ့ကြတာတွေက အခုလိုမျိုး ကျန့်ခန်းကလူတွေနဲ့ ကြက်ကလေးငှက်ကလေးသတ်သလိုပေါ့ပေါ့တန်တန်တိုက်ပွဲဝင်ဖို့အတွက်ပဲလား ...မင်းတို့တွေ ဂုဏ်မယူချင်ကြဘူးလား .... "
ဝမ်ဟုန်က များများစားစားမပြောခဲ့ဘဲ သူ၏လေသံမှာလည်း တည်ငြိမ်အေးဆေးသည်။
ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် တပ်သားများအားလုံး၏မျက်နှာထားများက ခက်ထန်လာပြီး ဒေါသတရားကို ထုတ်ဖော်ပြသလာကြသည်။
ထိုအချိန်တွင် ဝမ်ဟုန်က သူ၏ညာဘက်လက်အား လေပေါ်သို့ မြှောက်တင်လိုက်လေ၏။ယင်းနောက်တွင် သူက အေးဆေးတည်ငြိမ်ပြီး ဩဇာသက်ရောက်သောလေသံဖြင့် " မြင်းစီးနင်းနေသရွေ့ အောင်ပွဲဆင်နိုင်ကြသေးတယ် .... " ဟုပြောသည်။
ထိုအခါ တပ်သားအပေါင်း၏ကျောပြင်များက ဖြောင့်မတ်သွားကြပြီး သူတို့က ကျယ်လောင်စွာဖြင့် ဆွဲဆွဲငင်ငင်ဟစ်ကြွေးလာကြတော့သည်။
" အမြဲမှတ်သားထားပါ့မယ်လို့ကျိန်ဆိုပါတယ် .... "
တပ်သားတစ်ထောင်ကျော်၏ဟစ်ကြွေးသံက ကောင်းကင်ယံကို ဖြတ်ကျော်၍အဝေးသို့ပျံ့နှံ့သွားခဲ့၏။
ဝမ်ဟုန်က စိတ်အားထက်သန်နေသောအစောင့်တပ်သားများအားပြုံးပြလိုက်ပြီး သူ၏အရှေ့တွင် ဒူးထောက်နေသောအမှုထမ်းကိုကြည့်ကာ "ဖန့်ဝမ် ... ညီအစ်ကိုတွေကို ကောင်းကောင်းစောင့်ရှောက်ပါ ... " ဟုပြောသည်။
ဤသည်မှာ အမိန့်တစ်ခုပင်။
ထိုအခါ ဖန့်ဝမ်က " မှန်လှပါ ... " ပြန်လည်ဟစ်ကြွေးဖြေကြားလေ၏။
ယင်းနောက်တွင် ဝမ်ဟုန်က ချန်ရုံ၏လက်ကို ကိုင်ဆွဲလျက် ထွက်ခွာသွားတော့သည်။
ထိုအချိန်တွင်ဖန့်ဝမ်က အောက်နှုတ်ခမ်းကိုကိုက်လျက် ဝမ်ဟုန်၏ကျောပြင်ကိုလှမ်းမျှော်ကြည့်ပြီး ဟစ်ကြွေးပြောဆိုလာခဲ့၏။
" မခုခံတော့ပါဘူးလား ... လောကကြီးမှာ ဘယ်သူကများ အရှင့်ရဲ့ ရန်သူဖြစ်နိုင်ပါသလဲ ... မြင့်မားတဲ့ရာထူးနေရာကိုရဖို့ ကြိုးစားအားထုတ်တော်မမူတော့ပါဘူးလား ... ကျွန်တော်မျိုးတို့ကို ကမ္ဘာပတ် ၊ ကဆုန်ပေါက်ပြီး သမိုင်းသစ်ထွင်းဖို့ ဦးဆောင်ခေါ်မသွားတော့ပါဘူးလား ... "
ဖန့်ဝမ်၏ညဉ်းတွားသံက အလွန်ကျယ်လောင်ပြီး တောင်တန်းများဆီသို့ ပဲ့တင်ထပ်ပြန့်ကြဲသွားစေသည်။
ထောင်ချီသောတပ်သားများထံမှ အကြည့်များက ရုတ်ချည်းပင် ဖန့်ဝမ်ဆီသို့ရောက်ရှိလာခဲ့လေ၏။
သို့သော်လည်း ဝမ်ဟုန်က နောက်ပြန်လှည့်မကြည့်ခဲ့ဘဲ ချန်ရုံ၏လက်ကိုကိုင်ဆွဲ၍ လှည်းယာဉ်ပေါ်သို့တက်သွားတော့သည်။
အစောင့်တပ်သားများက အဝေး၌ကျန်ရစ်ခဲ့ပြီး စိတ်ပျက်အားငယ်မှုနှင့် အထီးကျန်ဆန်မှုအငွေ့အသက်များထုံလွှမ်းနေခဲ့သည်။
" ဒီကိုခဏလာပါ ... "
ဝမ်ဟုန်က နောက်လိုက်ပါတစ်ဦးအား လှမ်းခေါ်လိုက်လေ၏။ထိုအခါ ယင်းလူက ဝမ်ဟုန့်အနားသို့တိုးကပ်လာပြီး ဦးညွှတ်လျက် " မှန်လှပါ အရှင် ... " ဟု ပြန်လည်ဖြေကြားသည်။
" ဝံပုလွေနက်တပ်ဖွဲ့ခရီးနှင်နေချိန်မှာ ဖန့်ဝမ်က ဘယ်သူနဲ့ လက်ပွန်းတတီးဖြစ်လဲစုံစမ်းလိုက်ပါ ... သူနဲ့ ရင်းနှီးတဲ့လူစာရင်းကို သိချင်တယ် ... "
" မှန်လှပါ ... "
" ပြီးတော့ ဒါကလျို့ဝှက်အမိန့်ပဲ ... ဝမ်ကူလုပ်သမျှကို ဂရုတစိုက်စောင့်ကြည့်ထားပါ ... မနှစ်က မောယန်မှာ ငါရှိနေတုန်း သူလုပ်ခဲ့သမျှအရာအားလုံးကို သိချင်တယ် ..."
" မှန်လှပါ .... "
" ဝံပုလွေနက်စစ်သည်တွေကို လာခေါ်မဲ့လူက ဘယ်ချိန်ရောက်လာမှာလဲ ... ဝမ်ကူရောပါလား "
" မနက်ဖြန်နေ့လည်မှာပါ ... ဝမ်ကူမပါကြောင်းပါ ... "
ထိုအခါ ဝမ်ဟုန်က ခေတ္တတွေးတောလိုက်ပြီး " သိပြီ ... မျိုးနွယ်စုရဲ့တွေ့ဆုံမှုကိစ္စရပ်တွေအကုန်လုံးကိုလည်း အာရုံစိုက်ထားလား ... " ဟု ဆက်လက်မေးမြန်းသည်။
" မှန်လှပါ ... မနက်ဖြန်နေ့လည်ပိုင်းမှာ သတင်းစကားပို့တော်မူမှာဖြစ်ကြောင်းပါ ... "
" သိပြီ ... သွားတော့ ... "
" မှန်လှပါ ... "
ထိုလူထွက်သွားသည်နှင့်တစ်ပြိုင်နက် ဝမ်ဟုန်က ချန်ရုံ့ကို လှည့်ကြည့်သည်။
" ဘာလိုချင်လဲ ... "
ဝမ်ဟုန်က ချန်ရုံ၏ဆံနွယ်စများအား ခပ်ဖွဖွသပ်တင်ပေးရင်း မေးမြန်းလိုက်လေ၏။
" အားရုံက ချီလန့်ကို ဒုက္ခတွေအများကြီးကြုံစေခဲ့တာက ဖြစ်သင့်တဲ့အရာလို့ပဲ တွေးချင်တယ် ... "
ချန်ရုံ၏လေသံတိမ်ဝင်သွားသောအခါတွင် ဝမ်ဟုန်က ရယ်ရယ်မောမောဖြင့်ဆက်ပြောလာခဲ့သည်။
" အခု အားရုံနဲ့ကိုယ်တို့ပျော်နေရတာပဲ ... အားရုံက ကိုယ့်ကို နောက်ကျောဓားနဲ့ထိုးခိုင်းပြီး ဖြစ်သင့်တဲ့အရာပဲလို့ပြောခဲ့တယ် ... အဲဒီတုန်းက ကိုယ်အရမ်းနေထိုင်မကောင်းဖြစ်ခဲ့ပြီး ရေကန်ဘေးမှာမင်းကိုမှီခိုနေခဲ့ရတာ ... အဲဒါကိုလည်း မင်းက ဖြစ်သင့်တာပဲလို့ပြောခဲ့သေးတယ် ... ဒီမိန်းကလေးကတော့လေ ... အတွေးများချင်စရာပါပဲ ... "
ယင်းနောက်တွင် ဝမ်ဟုန်က ချန်ရုံ့ထံမှ တန်ပြန်စကားအား ဆက်လက်မစောင့်ဆိုင်းတော့ဘဲ ခေါင်းမော့ကာ " မြန်မြန်သွားတော့ ... " ဟု လှမ်း၍ အမိန့်ပေး ပြောကြားလိုက်လေသည်။