အပိုင်း 235
Viewers 24k

Chapter 235
_ တစ်ခုတည်းသော မှတ်ချက်



" ကျွန်မရှင့်ကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး ... "

ချန်ရုံက ခပ်တိုးတိုးပြောလိုက်သည်။
သူမသည် ဝမ်ဟုန့်အား နူးညံ့ပြီး‌ဟန်ဆောင်ခြင်းကင်းစင်သောအကြည့်မျိုးဖြင့် ကြည့်နေခဲ့လေ၏။

" ကျွန်မက သာမန်မိန်းကလေးတစ်ယောက်ပါပဲ ... ရှင် ကျွန်မအတွက် အများကြီး မလုပ်သင့်ဘူး"
ချန်ရုံမှာ ယခုအချိန်၌ သူမ၏ အတွေးအမြင် သို့မဟုတ် ဆုံးဖြတ်ချက်အား ပွင့်ပွင့်လင်းလင်းဖွင့်ထုတ်ပြောပြနေခြင်းပင်။
ဝမ်ဟုန်က ချန်ရုံ့အား စူးစူးစိုက်စိုက်ကြည့်လာခဲ့သည်။

" မင်းက ကိုယ့်ကိုဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူးပေါ့ ... "

" အင်း ... မဖြစ်စေချင်ဘူး ... "

" မင်းအတွက် ကိုယ်က အများကြီးလုပ်မပေးသင့်ဘူးလို့ထင်တယ်ပေါ့ ... "

ဝမ်ဟုန်က အခြားအပြုံးတစ်ခုဖြင့် ထပ်မံမေးမြန်းလာသောအခါ ချန်ရုံက ခေါင်းညိတ်ပြခဲ့သည်။ယင်းနောက်တွင် သူမက ဝမ်ဟုန်၏မျက်ခုံးတန်းများအား လက်ဖြင့်ခပ်ဖွဖွထိတွေ့လိုက်လေ၏။

" လူ့စိတ်နှလုံးသားဆိုတာက ဒီကမ္ဘာပေါ်မှာ အပြောင်းအလဲဖြစ်နိုင်ဆုံးအရာပဲ ... သူ့အလိုလို ထာဝရတည်မြဲနေပြီး ဘယ်တော့မှမပြောင်းလဲဘူးလို့ထင်ရတဲ့အချစ်က အချိန်ကြာလာတာနဲ့အမျှ ပြာမှုန့်အဖြစ် ပြောင်းလဲပျောက်ကွယ်သွားနိုင်တယ် ... ချီလန် ... ကျွန်မရှင့်ကို နောင်တမရစေချင်ဘူး ... "

ထိုစကားများကိုပြောချိန်၌ ချန်ရုံမှာ မျက်ရည်များဝေ့ဝဲနေခဲ့ပြီး ယင်းမျက်ဝန်းအစုံထဲတွင် လက်လွှတ်ဆုံးရှုံးရခြင်းဝေဒနာများ ပြည့်နှက်နေခဲ့သည်။

" မလိုအပ်တာတွေ စိတ်ပူမနေပါနဲ့ ... "
ဝမ်ဟုန်က အေးအေးလူလူပြုံးပြလျက် ဆိုလိုက်လေ၏။
ယင်းနောက်တွင် သူက ချန်ရုံ့ထံမှ အကြည့်လွှဲလိုက်ပြီး ပျင်းရိလေးပင်စွာဖြင့် အနောက်သို့မှီထိုင်ကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
" ကိုယ်ဆိုတဲ့ဝမ်ဟုန်က အရာရာကို ကိုယ့်သဘောအတိုင်းပဲလုပ်တယ် ...တခြားသူတွေအတွက်လုပ်တာမဟုတ်ဘူး ... ချန်အိမ်တော်ကအားရုံ ...မင်းအတွေးတွေလွန်နေပြီ ... "

ဝမ်ဟုန်၏လေသံက အလွန့်အလွန်ပင် အေးစက်လွန်းပေ၏။
ချန်ရုံသည်လည်း တစ်ဖက်လူအား စူးစိုက်ကြည့်နေခဲ့ရာမှ ခေါင်းငုံလိုက်ပြီး " အင်း-အင်းပါ ... " ဟု ပြန်ဖြေလေသည်။

တစ်ရက်တာက လျင်မြန်စွာပင် ကုန်ဆုံးသွားသည်။
မွန်းတည့်ချိန်၌ ရာနှင့်ချီသော တပ်သားများစွာက လမ်းဆုံးတွင် ပေါ်ပေါက်လာသည်။၎င်းတပ်များပေါ်၌ လွင့်ပျံနေသည့် " ဝမ် ... " စာလုံးပါ အလံများအား မြင်လိုက်ရချိန်တွင် ဝမ်ဟုန်က တစ်ချက်ပြုံးလေ၏။

" ရောက်လာကြပြီပဲ ... "

အစောင့်တပ်သားများနှင့် အကြံပေးပုဂ္ဂိုလ်များစွာက ဝမ်ဟုန့်အနားသို့ ချဉ်းကပ်လာခဲ့ကြသည်။သူတို့အားလုံးက အဝေးမှတပ်စုကြီးအား မျှော်ကြည့်နေကြပြီး မျက်နှာထားများ တင်းမာနေကြသည်။
ဤလူများသည် ဝမ်ဟုန့်နောက်သို့ နှစ်အတော်ကြာအောင် လိုက်ပါခဲ့ကြသူများဖြစ်လေ၏။သူတို့၏သခင်လေးမှာ ငယ်ရွယ်သော်ငြားလည်း တစ်မူထူးခြားသောဉာဏ်ရည်ဉာဏ်သွေးကိုပြသခဲ့သောကြောင့် ငယ်စဉ်ကတည်းက
မျိုးနွယ်စုအကြီးအကဲများထံမှ ချစ်ခင်ယုယခြင်းခံခဲ့ရကြောင်း သူတို့သိကြသည်။ထိုသို့ဖြင့် လူမှန်းသိတတ်အရွယ်မှစ၍ မိသားစုအမွေဆက်ခံသူ ဖြစ်လာခဲ့လေ၏။

သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ဂုဏ်အသရေ ၊ အဆင့်အတန်းအာဏာနှင့် စည်းစိမ်ဥစ္စာများအားလုံး ပျောက်ကွယ်သွားခဲ့လေပြီ။ဤလိုညတွင်းချင်း ကျဆုံးခြင်းအား ခံနိုင်ရည်ရှိသောသူ ကမ္ဘာပေါ်တွင်မရှိနိုင်ချေ။
သို့သော်လည်း မျက်စိရှေ့မှ ဝမ်ဟုန်ကတော့ အေးဆေးတည်ငြိမ်နေနိုင်ဆဲပင်။

ဖုန်ခိုးဖုန်ငွေ့များက သူတို့နှင့်ပိုပိုနီးကပ်လာသည်။
ယင်းနောက်တွင် ရှေ့တန်း၌ပါရှိသောလှည်းယာဉ်များထဲမှ အမှုထမ်းတစ်ယောက်က ရပ်တန့်ကြရန် အော်ဟစ်အချက်ပေးလိုက်လေသည်။
လှည်းယာဉ်တစ်စင်းက ဝမ်ဟုန်ရှိရာထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ဦးတည်လာနေခဲ့သည်။

ကန့်လန့်ကာကို ရုတ်သိမ်းလိုက်သောအခါတွင်ချောမောသောလူငယ်လေးတစ်ဦးက ခေါင်းပြူထွက်လာ
၏။သူ၏ရုပ်သွင်က ပြေပြစ်ကြော့ရှင်းပြီး လန်ယာဝမ်အိမ်တော်မှ အခြားအမျိုးသားများနှင့် ဆင်တူသည်။သို့သော်လည်း ဝမ်ဟုန်နှင့် နှိုင်းယှဉ်လျှင်မူ သူ၏မျက်နှာမှာအရောင်မထွက်တော့သကဲ့သို့ မျက်ဝန်းများသည်လည်း မလင်းလက်တော့ပေ။

ဤလောကကြီး၌ တူညီဆင်တူသောရုပ်သွင်ရှိကြသူများမှာ ခံစားမှုပိုင်းဆိုင်ရာတွင် အလွန်ကွဲပြားတတ်ကြသည်။
မျက်စိရှေ့တွင်ရှိသည့်ထိုလူငယ်က ကိုယ်တွေ့သက်သေပင်။သူသည် ရုပ်ရည်သန့်ပြန့်ပြီး ချောမောသော်လည်း ဝမ်ဟုန်ဟူသောလမင်းကြီးနှင့် ခိုင်းနှိုင်းလျှင်မူ ပိုးစုန်းကြူးငယ်အဆင့်သာရှိသည်။သူတို့၏ကြားထဲမှ ကိုယ်ရောင်ကိုယ်ဝါကွာခြားမှုမှာ သတိမထားဘဲမနေနိုင်လောက်အောင်ပင် ထင်ရှားလွန်းသည်။

ထိုတစ်ယောက်က ဝမ်ဟုန်၏လှည်းယာဉ်အားလှမ်းကြည့်ပြီး စတင်နှုတ်ခွန်းဆက်သလာခဲ့လေ၏။

" ချီလန်ရေ ... မင်းနေကောင်းမယ်ထင်ပါတယ် ... ငါ့ဝမ်းကွဲ ဝမ်ကူရဲ့အမိန့်အရ မင်းကိုလာနှုတ်ဆက်တာ ... "

သူ၏အပြုံးက ဖော်ရွေပြီး လေသံမှာ ပဲ့တင်ထပ်နေသော်လည်း ဝမ်ဟုန်၏ကန့်လန့်ကာမှာ တစ်ချက်လေးမှ လှုပ်မလာပေ။

ထိုတစ်ယောက်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူသည် နောက်ထပ် အပြုံးတစ်ခုနှင့် လေသံပြောင်း၍ ထပ်မံပြောဆိုလာပြန်၏။

" ချီလန် မင်းစိတ်ပျက်နေတာလား ... ဒီလိုဖြစ်မယ်ထင်ပြီးသားပါ ... မကြာသေးခင်တုန်းကအထိ ရှင်ဘုရင်လို အဖိုးတန်ခဲ့ပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာ ငါတို့မျိုးနွယ်စုဝင်သာမန်လူတစ်တစ်ယောက်နဲ့ မထူးမခြားဖြစ်သွားရှာပြီ ... "
ထိုစကားအားပြောချိန်တွင် လူငယ်၏အပြုံးက အလွန်ချိုမြိန်တောက်ပနေခဲ့သည်။သို့သော်လည်း ဝမ်ဟုန်၏လှည်းယာဉ်တွင်းမှ တုံ့ပြန်သံတစ်စုံတစ်ရာထွက်မလာသေးချေ။

"ဘာလို့ ဘာမှပြန်မပြောတာလဲ ချီလန် ... "

ထိုတစ်ယောက်က မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သော်လည်း အချိန်အတော်ကြာသည်အထိ ဖြေကြားသံထွက်မလာသေးပါ။၎င်းလူငယ်၏မျက်ခုံးစပ်များက ပိုမိုတွန့်ချိုးကုန်ပြီး သူက အစောင့်တပ်သားတစ်ဦးအား စိတ်မရှည်စွာဖြင့် မေးမြန်းလိုက်လေ၏။

" ချီလန် မရှိဘူးလား .... "


" ရှိပါတယ် ... "

" ရှိတယ်တဲ့လား .... ရှိရင် ဘာလို့ ဘာမှပြန်မပြောလဲ ... "

ထိုအခါ ‌အစောင့်တပ်သားဖြစ်သူက လက်နှစ်ဖက်ကိုယှက်တွယ်၍ အရိုအသေပြု ပြောကြားလိုက်လေ၏။

" ကျွန်တော်မျိုးက သခင်လေးယွင်ရဲ့မေးခွန်းတွေကို ဖြေပိုင်ခွင့်ရှိတယ်လို့ အရှင်က ပြောထားပါတယ် ... အရှင်က သူပေါ်လာစရာအကြောင်းမရှိပါဘူးတဲ့ ... "

ဤသည်မှာ နောက်လိုက်တပ်သားနှင့်သူ့အား တူညီသောအဆင့်အတန်းတစ်ခုတွင် ထားလိုက်ခြင်းပင်။

၎င်းလူငယ်မှာ ဒေါကန်သွားပြီး ဟောဟဲဆိုက်လာကာ အံကိုတင်းတင်းကြိတ်၍ တပ်သားဖြစ်သူအား လက်ညိုးငေါက်ငေါက်ထိုးသည်။သို့သော်လည်း မည်သည့်စကားမှ ထွက်မလာ။

" ဒီရက်ပိုင်း ရာသီဥတုအရမ်းပူတယ် ... သခင်လေးယွင်လည်း ဂရုစိုက်ပါဗျ ... "

ထိုတစ်ယောက်မှာ ဒေါသကိုဆက်လက်ထိန်းမထားနိုင်တော့ဘဲ ခံပြင်းစွာဖြင့် အော်ဟစ်လိုက်ပြီး ဝမ်ဟုန်၏လှည်းယာဉ်ကိုလှမ်းကြည့်ကာ ရင့်သီးစွာပြောလာခဲ့လေ၏။

" ဝမ်ဟုန် ... ဝမ်ချီလန် ... မင်းဘာသာမင်း မဟားတရားတွေ ကြီးကျယ်မြင့်မြတ်လှပြီထင်နေတာလားကွ ... ထွီ ... "

သူက ရွံရှာဟန်ဖြင့် တံတွေးထွေးချလိုက်ပြီး ကျန်လူများကိုလျစ်လျူထားသည်။

" မျိုးနွယ်စုအကြီးအကဲက မင်းကို သဘောကျလှပြီထင်နေတာလား ... ရူးတာပဲ ... ဟို‌ဘိုးအေကြီးကြောင့်သာမဟုတ်ရင် မင်းကိုစွန့်ပစ်လိုက်တာကြာပြီ ... မင်းရဲ့ဘုန်းကျက်သရေကြီးမားလှတဲ့ဘဝကြီးကလည်း သူမင်းကိုပထုတ်ဖို့လုပ်ထားတဲ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပဲ ... "

သူက ပြောပြောဆိုဆိုဖြင့်ရယ်မောရင်း ခေါင်းပြန်ငုံ့လိုက်သည်။

" ဝမ်ဟုန်ရာ ... နောက်ဆုံးတော့ မင်းလည်းလူတိုင်းရဲ့အသည်းအသက်ကလေးအဖြစ်ကနေ အပယ်ခံဘဝပြောင်းသွားရတဲ့ခံစားချက်ကိုသိသွားပြီပဲ ... ကျောထောက်နောက်ခံ ဘိုးအေကြီးလည်းမရှိတော့ဘဲနဲ့ ထက်မြက်တဲ့ကောင်းချီးပေးခံဝမ်ချီလန်အဖြစ် ဆက်နေနိုင်မယ်‌ထင်နေလား ... နားထားစမ်းပါ ... "

ထိုအခါ ဝမ်ဟုန်က ဟက်ဟက်ပက်ပက်ရယ်မောရင်း ကန့်လန့်ကာကို ဆွဲတင်လာခဲ့သည်။ယင်းနောက်တွင် သူက တစ်ဖက်လူအား စေ့စေ့ကြည့်လိုက်၏။

" မျိုးနွယ်စုအကြီးအကဲက ငါ့ကိုသဘောမကျဘူးလား ... မင်းသာပြောမပြရင် သိရမှာတောင်မဟုတ်ဘူး ... "

ဝမ်ဟုန်၏လေသံက ဆောင်းအကူးနွေဦးတွင်ကူးလူတိုက်ခတ်လာသောလေပြေကလေးသကဲ့သို့ ပေါ့ပါးနူးညံ့လွန်းသည်။

ထိုစကားကြောင့် တစ်ဖက်လူငယ်က ဆက်လက်မရယ်မောနိုင်တော့ဘဲ မျက်နှာထားမှာလည်း တင်းမာလာခဲ့သည်။ဝမ်ယွင်မှာ ဝမ်ဟုန့်အားစိုက်ကြည့်နေရင်း နောင်တရမိသွားလေ၏။သူထွက်ခွာလာခဲ့စဉ်တွင် ဖခမည်းတော် ၊ မျိုးနွယ်စုအကြီးအကဲနှင့် ဝမ်းကွဲဖြစ်သူ ဝမ်ကူတို့က ဝမ်ဟုန်သည် သမာရိုးကျဆန်သူမဟုတ်သောကြောင့် အပြုအမူ အပြောအဆိုများအားထိန်းကျောင်းရန် အကြိမ်ကြိမ်သတိပေးခဲ့ကြသည်။
သို့သော်လည်း သူသည် ဝမ်ဟုန့်အား လျှော့တွက်မိခဲ့ပေ၏။

ဝမ်ယွင်၏မျက်နှာက ဖြူစုတ်ပြာနှမ်းလာသည်။
ထိုအချိန်တွင် ဝမ်ဟုန်က နှုတ်ခမ်းစွန်းများအား ကွေးညွှတ်လျက် ဆိုလာခဲ့သည်။

" ဝမ်အိမ်တော်ရဲ့အဓိကရာထူးနေရာက ငါ့အမြင်မှာတော့ ပုပ်ပွနေတဲ့အသားစိုင်တစ်ခုလိုပဲ ... မင်းတို့ကောင်တွေကတော့ ကြွက်စုတ်သာသာကောင်တွေပေါ့ ... "

ဝမ်ယွင်၏မျက်နှာထားက ရုတ်ချည်းပင်တင်းမာသွားတော့လေ၏။

" သွားကြစို့ ... "

ထိုအချိန်၌ ဝမ်ဟုန်က သူ၏နောက်လိုက်ပါများအား အမိန့်ပေးလိုက်သည်။

" မှန်လှပါ ..."

အစောင့်တပ်သားအချို့က ဝမ်ဟုန်၏လှည်းယာဉ်အနားသို့ စုရုံးသွားခဲ့ကြလေ၏။
များမကြာမီပင် လှည်းယာဉ်မှာ ဝမ်ယွင်နှင့် သူ၏ရာချီသောတပ်သားများအတွက် ဖုန်ခိုး‌ဖုန်ငွေ့များ ချန်ရစ်ထားပေးခဲ့သည်။ ဝမ်ဟုန်၏လှည်းရထား ခပ်လှမ်းလှမ်းသို့ရောက်ရှိသွားသောအခါမှသာ ဝမ်ယွင်တစ်ယောက် အသိစိတ်ပြန်ဝင်လာရှာသည်။

" လိုက် ... အနောက်ကလိုက်စမ်း ... "

သူက လှည်းမောင်းသူအား အော်ဟစ်အမိန့်ပေးပြီး အရှိန်ပြင်းပြင်းဖြင့် ဝမ်ဟုန့်အနောက်မှ အမှီလိုက်သွားသည်။ဖုန်ခိုးဖုန်ငွေ့များပြည့်နှက်နေသောလမ်းခရီး၌ ဝမ်ယွင်က အော်ဟစ်၍ ပုတ်ခတ်ပြောဆိုလိုက်သေး၏။

" ဝမ်ဟုန် ... သိပ်ပြီးတော့ ဘဝင်မြင့်မနေနဲ့ ... အခုမင်းမှာ ဘာမှမရှိတော့ဘူး ... "

အချိန်အတန်ကြာ အော်ဟစ်ပြီးနောက်တွင် ဝမ်ယွင်က သူ၏လှည်းယာဉ်အားရပ်တန့်စေခဲ့သည်။အနောက်သို့လှည့်ကြည့်လိုက်သောအခါတွင် မထီမဲ့မြင်ဆန်သောအကြည့်များစွာဖြင့် ရင်ဆိုင်လိုက်ရ၏။

ဝမ်ယွင် အသေအချာစူးစမ်းလာသောအချိန်တွင်မှ ဝံပုလွေနက်တပ်သားများက ခေါင်းငုံ့သွားကြသည်။

ဝမ်ယွင်မှာ အလွန်အမင်းဒေါသထွက်နေဆဲဖြစ်ပြီး မေးရိုးအား တင်းထားကာ " ကျန့်ခန်းက ဂုဏ်သတင်းကြီးအထက်တန်းလွှာဆိုတော့ရော ဘာလုပ်ရမှာလဲ ... " ဟု အော်ဟစ်လိုက်တော့လေ၏။
သူ၏ရင်ဘတ်ထဲ၌ တင်းတင်းကြပ်ကြပ်ခံစားရပြီး မျက်နှာမှာလည်း သုန်မှုန်နေသည်။

ဝမ်ဟုန်မှာ ကျန့်ခန်းမှလူများ ကြည်ညိုလေးစားကြသည့်သူတစ်ဦး‌ဖြစ်ကြောင်း ဝမ်ယွင်သိသည်။တပ်သားအပေါင်းမှာလည်း ဝမ်ဟုန့်အား လေးစားရိုသေကြပေ၏။ဤလူများက ဝမ်ဟုန်၏စကားများနှင့်အမူအရာများအား အတည်တကျမှတ်သားကာ နေရာအနှံ့တွင်ပျံ့နှံ့စေလိမ့်မည်။
အထူးသဖြင့် " ဝမ်အိမ်တော်ရဲ့အဓိကရာထူးနေရာက ငါ့အမြင်မှာတော့ ပုပ်ပွနေတဲ့အသားစိုင်တစ်ခုလိုပဲ ... မင်းတို့ကောင်တွေကတော့ ကြွက်စုတ်သာသာကောင်တွေပေါ့ ... " ဟူသော ပညာသားပါသည့်စကားကိုပင်။

ဤစကားများက တစ်စတစ်စနှင့်သို့လောသို့လောဖြစ်လာပြီး ကျန့်ခန်းသို့ပြန်မရောက်ခင်တွင်ပင်လျှင် လူအများ၏ပါးစပ်ဖျား၌ စွဲမြဲလာနိုင်လေသည်။

ထို့အပြင် ဝမ်ဟုန်မှာ အမွေဆက်ဆံသူနေရာမှ ဖယ်ရှားခြင်းခံလိုက်ရသော်လည်း မည်သည့်အရာမှမရှိသောအခြေအနေတွင်ပင်လျှင် သူသည် ကျန့်ခန်း၌ ဂုဏ်သတင်းကြီးမားနေဆဲသာဖြစ်လေ၏။

လှည်းရထားတွင်းရှိဝမ်ယွင်၏မျက်နှာမှာ ဖြူတစ်လှည့် ပြာတစ်လှည့်ဖြစ်နေခဲ့ပြီး မျက်လုံးများမှာလည်း ဂနာမငြိမ်ပေ။ခဏကြာပြီးနောက်တွင်မူ ဝမ်ယွင်က စိတ်လျှော့လိုက်ပြီး အစောင့်တပ်သားများကို ကြည့်သည်။

" စောနက ပြောတဲ့စကားကို ကြားလိုက်လား .... "
ဝမ်ယွင့်စကားကြောင့် အားလုံးက ခေါင်းငုံ့သွားကြတော့လေ၏။

" ပါးစပ်ကိုသတိထားကြ ... မျိုးနွယ်စုအကြီးအကဲက တစ်ကိုယ်တည်းမဟုတ်ဘူးဆိုတာကို အမှတ်ကြရပါ ... သူ့နောက်မှာ ဝမ်မျိုးနွယ်စုတစ်ခုလုံးရှိပြီးတော့ ကမ္ဘာပေါ်မှာသြဇာအာဏာအရှိဆုံးမျိုးနွယ်စုရဲ့အကြီးအကဲပဲ ... မင်းတို့ရဲ့အသက်ဝိဉာဉ်က သူ့လက်ထဲမှာရှိတယ် ... အဲလိုလူမျိုးကို မထီမဲ့မြင်မပြုခင် မိသားစုရေးကို နှစ်ခါပြန်ပြီးစဉ်းစားဖို့တော့လိုမယ် ... "

နောက်ဆုံးတွင် သူသည်အင်အားအရှိဆုံးမျိုးနွယ်စုနှင့် သက်ဆိုင်သူတစ်ဦးဖြစ်နေဆဲသာဖြစ်ပြီး ဝမ်ဟုန်၏မှတ်ချက်အား ထိန်းထားနိုင်မည်မဟုတ်ကြောင်း ခန့်မှန်းအကဲဖြတ်နိုင်သည်။သို့သော်လည်း ဝမ်ဟုန့်အား ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရန် ဖခင်ဖြစ်သူ၏ကြိုးပမ်းမှုနှင့်ပတ်သက်၍ သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုခြင်းအရာမှ နှုတ်ဆိတ်နေရမည်ဖြစ်သည်။
ဝမ်ယွင်၏အမိန့်အာဏာစွက်သောလေသံကိုကြားသောအခါ စစ်သည်တပ်သားများအားလုံးက ထိတ်လန့်ကုန်ကြသည်။

" ကျွန်တော်မျိုးတို့ မဆန့်ကျင်ဝံ့ကြောင်းပါ .... "

ဝမ်ယွင့်အား မနှစ်မြို့သူများပင်လျှင် လေးနက်ပြီးစည်းစနစ်ကျသောအဖြေမျိုးအား ပေးအပ်နေလေ၏။
ထိုအချိန်တွင် အကြံပေးပုဂ္ဂိုလ်တစ်ဦးက ဝမ်ယွင့်အား ပြောကြားလာသည်။
" စိတ်မပူပါနဲ့ သခင်လေး ... ဘယ်သူကမှ မျိုးနွယ်စုကိုထိခိုက်စေမဲ့ အရေးမပါတာတွေကို ပြောရဲမှာ မဟုတ်ပါဘူး ... "

ခေတ္တစကားရပ်လိုက်ပြီးနောက် ၎င်းအကြံပေးက ဆိုလာခဲ့ပြန်လေ၏။

"ဒါပေမဲ့ ဒီကိစ္စကိုတော့ မျိုးနွယ်စုအကြီးအကဲဆီကနေ ဖုံးကွယ်ထားနိုင်မယ် မထင်ပါဘူး ... "

ဝမ်ယွင်မှာ ဝမ်ဟုန်၏လှည်းယာဉ်အားစူးစိုက်ကြည့်နေရင်းဖြင့် မျက်နှာတစ်ပြင်လုံး သုန်မှုန်နေလေသည်။

" အဆိုးဆုံးအခြေအနေတွေဖြစ်လာရင် ကျုပ်ပြောခဲ့တာတွေအတွက် ကျုပ်တာဝန်ယူမှာပါ ... ဒီအရှုံးကို လက်ခံရတာကို မုန်းတယ် .... ဒါပေမဲ့ အဲဒီပြုံးနေတဲ့ လူယုတ်မာက ကျုပ်ကိုယ်ကျုပ် မေ့လျော့သွားအောင်လုပ်တယ် ... "

ဆွေမျိုးငယ်အား သတ်ချင်နေသော မျိုးနွယ်စု အကြီးအကဲ။ကိုယ်ချင်းစာစိတ်ကင်းမဲ့သူတစ်ယောက်မှာ အကြီးအကဲများထံမှ အမိန့်အားနာခံချင်ယောင်ဆောင်နေသူတစ်ဦးပင်။သီလနှင့် ဂုဏ်သိက္ခာအား အလေးထားသော‌ဤခေတ်ကာလတွင် လူအများက ထိုအကြောင်းအားသိသွားသည်နှင့် သေးသေးမွှားမွှားကိစ္စ ဆက်မဖြစ်နိုင်တော့ပေ။

အကြံပေးပုဂ္ဂိုလ်မှာလည်း ဝမ်ဟုန်၏လှည်းယာဉ်လားရာအား လှမ်းမျှော်ကြည့်ရှုနေခဲ့သည်။

" သခင်လေးတင်မဟုတ်ပါဘူး ... မျိုးနွယ်စုအကြီးအကဲနဲ့တခြားသူတွေလည်း ဝမ်ချီလန်ရဲ့ စစ်ရေးစွမ်းရည်ကို မသိခဲ့ကြပါဘူး ... မူရုံခယ်တောင်မှ သူ့ပြိုင်ဘက်အဆင့်မဟုတ်ကြောင်းပါ ... ဝမ်ဟုန်က အချိန်တော်တော်ကြာ ကောင်းကောင်းကြီးဖုံးကွယ်ပြီး နေလာခဲ့တာပါ ... အဲဒီမိန်းမကြောင့်သာမဟုတ်ရင် လောကကြီးတစ်ခုလုံးအမှောင်ထုထဲမှာပဲရှိနေဦးမှာကို စိုးရွံ့မိပါတယ် ... "

" သခင်လေး ... ဝမ်ဟုန်က မျိုးနွယ်စုကို တိုက်ရိုက်ပဲဖြစ်စေ၊ သွယ်ဝိုက်ပြီးပဲဖြစ်စေ နှစ်ပေါင်းများစွာ လွှမ်းမိုးနေခဲ့တာပါ ...သူ့ဆီမှာ ကျွန်တော်မျိုးတို့ကို စောင့်နေတဲ့ ထောင်ချောက်တွေဘာတွေများ ရှိနေမလားလို့ တွေးမိတယ် ... ဝမ်ဟုန်ရဲ့ဂုဏ်သတင်းနဲ့ အရည်အချင်းတွေကတစ်ကျော့ပြန်ဖြစ်လာဦးမှာ သေချာပါတယ် ... နောက်ပိုင်းသူ့ကို‌ပြန်တွေ့ရင် ရိုရိုကျိုးကျိုးဆက်ဆံတာက အကောင်းဆုံးဖြစ်မှာပါ ... "

ထိုစကားကိုကြားသောအခါ ဝမ်ယွင်၏မျက်နှာထားမှာ ပျက်ယွင်းသွားခဲ့သော်လည်း နောက်ဆုံး၌ သူက အံ့ကြိတ်ကာ ခေါင်းညိတ်ပြရှာသည်။