အပိုင်း 236
Viewers 24k

Chapter 236



ဝမ်ဟုန်၏အမိန့်အရ ကျန့်ခန်းသို့ အလွန်‌နှေးကွေးစွာ ခရီးနှင်ခဲ့သည်။နန်ယန် ၊ ချီယန် နှင့် မောယန်ကဲ့သို့သောမြို့များသည် ဟူတပ်များအားခုခံခဲ့သည့်နေရာများဖြစ်ခဲ့သောကြောင့် လမ်းပေါ်ရှိဓားပြများ ၊ လူရမ်းကားများအား ဂျင်စစ်တပ်မှဖယ်ရှားပြီးဖြစ်လေ၏။ထို့အတွက်ကြောင့် ဝမ်ဟုန်မှာ သူနှင့်အတူ တပ်သားအင်အားငါးဆယ်သာ ခေါ်ဆောင်သွားခဲ့သော်လည်း အန္တရာယ်မရှိသောလမ်းခရီးတစ်ခုဖြစ်သည်။
ကျန့်ခန်းမြို့ပြင်သို့ရောက်ရန် နှစ်လခွဲနီးပါးကြာမြင့်ခဲ့သည်။ချန်ရုံမှာ လှည်းယာဉ်တွင်း၌ထိုင်ကာ မြင့်မားသောတံတိုင်းမြင့်ကြီးအားကြည့်လျက် ဗိုက်ပေါ်လက်တင်ထားလေ၏။
ဝမ်ဟုန်သည်လည်း ကျန့်ခန်းမြို့ရိုးတံတိုင်းအား လှမ်းမျှော်ကြည့်ရှုနေခဲ့သည်။

" အရှင် ... ကျွန်တော်မျိုးတို့ကို ဘယ်သူကမှ လာမတွေ့ပါဘူး ... "

အမှုထမ်းတစ်ယောက်က ဝမ်ဟုန့်ထံချဉ်းကပ်ပြီး တိုးညင်းစွာ အစီရင်ခံလာသည်။ယင်းနောက်တွင် သူက ပြုံးရယ်လျက် ဆက်လက်ပြောကြားလာခဲ့လေ၏။

" အရှင့်ရဲ့စကားက မြို့ထဲမှာ ပြန့်သွားပါတယ် ... အရှင်ကမျိုးနွယ်စုအကြီးအကဲရာထူးကို ပုပ်ပွနေတဲ့အသားစိုင်နဲ့ခိုင်းနှိုင်းပြောခဲ့တယ်လို့ လူတကာက ပြောနေကြတယ် ...
မိန်းကလေးတစ်ယောက်အတွက် တပ်ဖွဲ့ဝင်တွေကို ဦးဆောင်ပြီးတော့ မူရုံခယ်နဲ့ထိပ်တိုက်တွေ့ ၊ အနိုင်ပိုင်းလိုက်တယ်တဲ့ ... အရှင်က အချစ်ကြီးပြီးတော့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းရှိတဲ့သူလို့ပြောဆိုနေကြပါတယ် ... "

ထိုအခါ ဝမ်ဟုန်က နှုတ်ခမ်းစွန်းများအား ကော့ချိုးလျက် ရယ်ရယ်မောမောပြောလာသည်။

" ဒါဆို ငါ့ဂုဏ်သတင်းက တက်လာတာပေါ့ ... "

" အရမ်းပေါ့ ... လူတိုင်းက အရှင့်အကြောင်းပြောနေကြတယ် ... အရှင့်ကို နှိမ်ဖို့ ဘယ်သူမှ စိတ်ကူးမရှိတော့ဘူး ...
မိန်းကလေးတစ်ယောက်အတွက် စစ်သည်တွေ စွန့်စားစေလွှတ်တာကို မနှစ်မြို့ခဲ့တဲ့ ရှေးရိုးစွဲမျိုးချစ်ပုဂ္ဂိုလ်ကြီးတွေတောင်မှ အရှင့်ရဲ့အရည်အချင်းကို အသိအမှတ်ပြုနေကြပါပြီ ...ပြည်သူတွေ အန္တရာယ်ကြုံလာရင် အရှင်ကအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိပါလိမ့်မယ်လို့ပြောနေကြပါတယ် ... "

အကြံပေးပုဂ္ဂိုလ်က ဂုဏ်ယူစွာပြုံးရယ်လျက် " ကျန့်ခန်းမှာ အရှင်နဲ့ပတ်သတ်တဲ့ ကောလဟာလတွေ အများကြီးထွက်လာတယ် ... ဒါပေမဲ့ အရှင့်ကိုဝေဖန်ခဲ့တဲ့သူတွေ အခု ပါးစပ်မဟရဲကြတော့ဘူး ... ကျွန်တော်မျိုးတို့အကြံအစည်အောင်မြင်ပါပြီ အရှင် ... မျိုးနွယ်စုအကြီးအကဲက ဘာတွေဘယ်လိုပဲ ကြံစည်နေပါစေ အရှင့်ကို စွန့်ပစ်ထားတဲ့စစ်တုရင်အပိုင်းအစတစ်ခုလိုမျိုး သဘောထားဖို့ ကြိုးစားမှာ မဟုတ်ပါဘူး ”

ခေါင်းတညိတ်ညိတ်ဖြစ်နေသောဝမ်ဟုန့်အားကြည့်ရှုရင်း အခြားအမှုထမ်းတစ်ဦးက ပြုံးရယ်လျက်ဝင်ရောက်ပြောကြားသည်။

" ဝမ်ပေါနဲ့ ဝမ်ယွင်ရောက်လာတာနဲ့ အရှင့်ရဲ့အစီအစဉ်အတိုင်းဖြစ်သွားတာကို သိလိုက်ပါတယ် ... "

ဝမ်ဟုန်က မြို့ရိုးတံတိုင်းအား မျက်ဝန်းကျဉ်းကျဥ်းများဖြင့်မျှော်ကြည့်လိုက်ရင်း " ငါက ကစားပွဲရဲ့ အရှိန်အဟုန်ကို အဆုံးအဖြတ်ပေးမဲ့သူပဲ ... ” ဟု တိုးညင်းစွာပြောခဲ့သည်။

"မြို့ထဲဝင်ရအောင်"

“ မှန်လှပါ .... ”

လှည်းယာဉ်‌မောင်းသူကလည်း အရှိန်မြှင့်တင်ခဲ့တော့လေ၏။

ကျန့်ခန်းမြို့ထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် လေထုထဲ၌မျောလွင့်လာသောမွှေးရနံ့နှင့်တကွ သိမ်မွေ့နူးညံ့သော ဒေသန္တာရလေယူလေသိမ်းများကို ခံစားကြားသိလိုက်ရသည်။လမ်းမများပေါ်ရှိ အထွေအထူးမရှိသောမျက်နှာထားများအားကြည့်ရှုနေရင်း ချန်ရုံက စိတ်အေးသက်သာဖြစ်သွားဟန်ဖြင့် သက်ပြင်းချသည်။

ကန့်လန့်ကာအားမတင်၍ အချိန်အနည်းငယ်ခန့်စူးစမ်းနေပြီးနောက် ချန်ရုံက မေးမြန်းလိုက်လေ၏။

" ကျွန်မတို့ဘယ်သွားနေကြတာလဲ ... "

" ကိုယ့်အိမ်တော်ကို .... "
ယင်းနောက်တွင် ဝမ်ဟုန်က ချန်ရုံ့အား အေးအေးလူလူ စူးစိုက်ကြည့်လိုက်ပြီး ပျင်းရိပျင်းတွဲဖြင့် ဆက်လက်ပြောကြားသည်။

" စိတ်မပူပါနဲ့ အိမ်တော်မှာ တခြားမိန်းမ မရှိဘူး ... "

" ဒါဆိုရှင့်အစေခံတွေက ကျွန်မကို အိမ်တော်သခင်မလေးလို့ ခေါ်ကြမှာလား .... "


ချန်ရုံက နောက်ပြောင်အရွှန်းဖောက်လိုက်ခြင်းသာဖြစ်သော်လည်း ဝမ်ဟုန်မှာ သူမအား တိတ်ဆိတ်လေးနက်စွာဖြင့် ကြည့်ရှုလာခဲ့သည်။
ချန်ရုံ၏နှလုံးသားက အနည်းငယ်လှုပ်ခတ်သွားခဲ့ပြီး သူမက အထစ်ထစ်အငေါ့ငေါ့ပြောလိုက်လေ၏။

" ဟာသပြောပြတာပါ ... ကျွန်မဘဝမှာ ဒီလောက်ခမ်းနားလှပတဲ့အရာကို မတောင်းဆိုဝံ့ပါဘူး .... "

" မတောင်းဆိုရဲဘူးလား ... ဒါဆို အားရုံက ကိုယ့်ဆီကနေ ဘာတောင်းဆိုချင်တာလဲ ... "

ဝမ်ဟုန်က ဤသို့မေးမြန်းလာမည်ဟု ချန်ရုံတွေးထင်မထားခဲ့ပေ။သူမက ဝမ်ဟုန့်အား အံ့အားသင့်စွာဖြင့်စိုက်ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့လျက် အကြည့်လွှဲခဲ့လေသည်။
ချန်ရုံမှာ နှုတ်ခမ်းများကိုတင်းတင်းစေ့ထားခဲ့ပြီး အချိန်အတော်ကြာသည်အထိ မည်သည်ကိုမှ မပြောနိုင်ခဲ့ပေ။
စကားဝိုင်းအဆုံးသတ်သွားပြီဟု ထင်လိုက်ချိန်မှာပင် ဝမ်ဟုန်က နူးညံ့သောလေသံဖြင့် ဆိုလာလေသည်။

" အားရုံ ... မင်း ကိုယ့်‌ဆီက ဘာတောင်းဆိုချင်လဲ ... "

ထိုအခါ ချန်ရုံက သူမ၏မျက်တောင်ရှည်များအား တဖျပ်ဖျပ်ခတ်ရင်း သတ္တိမွေး၍ခေါင်းမော့လိုက်လေ၏။ဝမ်ဟုန်၏ချောမောသောမျက်နှာအားမြင်သောအခါတွင် သူမက နှိမ့်ချစွာပြုံးသည်။

" ကျွန်မလား ... ကျွန်မကတော့ ရှင်နဲ့ပဲအတူရှိချင်တယ် ... တခြားမိန်းမတွေမရှိဘဲနဲ့ ရှင်နဲ့ကျွန်မ နှစ်ယောက်ပဲ ... ကျွန်မတို့ကလေးကိုပျော်ရွှင်သာယာတဲ့ငယ်ဘဝလေး ပိုင်ဆိုင်စေချင်တယ် ... သူ့အပေါ်ဗိုလ်ကျတဲ့ညီအစ်ကိုတွေမရှိသလို သူ့အောက် နိမ့်ကျတဲ့ညီအစ်‌ကိုတွေလည်း မရှိစေချင်ဘူး ... သူ့ကို ချနင်းမဲ့လူတွေလည်းမရှိဘူး ...ဒီလိုနဲ့ တစ်နေ့ပြီးတစ်နေ့ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေကုန်လာပြီးတော့ ကျွန်မတို့နှစ်ယောက်လုံးသတိမထားလိုက်မိခင်မှာပဲ အသက်တွေကြီးလာကြမယ် ..."

"ဒါပဲလား ... "

ဝမ်ဟုန့်စကားကြောင့် ချန်ရုံက မျက်ခုံးပင့်လျက် ပြုံးရယ်သည်။
" အင်း ... ဒီလောက်ပဲ ... ဖြစ်ချင်တာတွေက အရမ်းများနေတာ ... ထပ်တောင်းဆိုရင် လောဘကြီးရာ ကျသွားမှာမဟုတ်ဘူးလား ... "

ချန်ရုံမှာ ပျော်ရွှင်စွာပြုံးနေခဲ့သော်လည်း အကြောင်းရင်းတစ်ခုခုကြောင့် သူမ၏မျက်ဝန်းများက အနည်းငယ်မှိန်ဖျော့နေသည်။

ချန်ရုံက ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းစွန်းများအား ကော့ချိုးလေ၏။ယင်းနောက်တွင် သူမက ဝမ်ဟုန့်အား ချစ်ဖွယ်ကောင်းစွာလှည့်ကြည့်လိုက်သည်။သူမ၏မျက်ဝန်းများထဲတွင် ကနဦးမှ ပူလောင်မှုများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
ချန်ရုံက လှည်းယာဉ်နံရံတွင်ချိတ်ဆွဲထားသောကြေးဝါမှန်ထဲသို့ လှမ်းကြည့်ကာ ဆံပင်များအားသပ်တင်ရင်း ခပ်တိုးတိုးရေရွတ်လိုက်လေ၏။

" အမှန်အတိုင်းပြောရရင် ခုကတည်းက ကျေနပ်နေပါပြီ… "

ယင်းစကားကိုပြောချိန်၌ ချန်ရုံမှာ သူမ၏ဝမ်းဗိုက်အား လက်ဖြင့်ဖုံးအုပ်ကိုင်တွယ်ထားလျက်ရှိပြီး သူမ၏လေသံကလည်း အလွန်တိုးညင်းသည်။ထို့ကြောင့်ပင် ဝမ်ဟုန်ထံမှ အာရုံစူးစိုက်မှုအား မရရှိလိုက်ပေ။

သို့သော်လည်း ဤသို့သောအခြေအနေအား ကြိုတင်မျှော်မှန်းထားပြီးဖြစ်သဖြင့် ချန်ရုံတစ်ယောက် စိတ်အခန့်မသင့်သည်မျိုး မဖြစ်ခဲ့ပါ။
ယင်းနောက်တွင် သူမက နှုတ်ဆိတ်စွာဖြင့် အပြင်သို့လှမ်းမျှော်ကြည့်ရှုခဲ့သည်။

ထိုအခိုက်အတန့်၌ အရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်မှုများ ထွက်ပေါ်လာသည်။
ရာချီသောလူများက လှည်းယာဉ်တစ်စင်းအား ဝန်းရံထားကြပြီး ချန်ရုံသည်လည်း ခမ်းနားလှသောလှည်းရထား၏အသွင်အပြင်ကြောင့် အရှေ့သို့တိုးကာ ‌အသေအချာစူးစမ်းမိလေသည်။
ဝမ်ဟုန်၏လှည်းယာဉ် ပိုမိုနီးကပ်လာသည်နှင့်အမျှ ဆူညံသံများက ပိုပိုကျယ်လောင်လာသည်။

" ရှဲ့အိမ်တော်က အားပီ ... မင်းဘေးကလူကဘယ်သူလဲ"

" ရှဲ့အိမ်တော်က အားပီ ... မင်း ငါတို့ချီလန်ကို ဘယ်လိုဆက်ဆံလိုက်တာလဲ ... "

" ဟဲ့ဟဲ့ ... စိတ်အေးအေးထားကြစမ်းပါ ... ချီလန်က ဘာမှမဟုတ်တဲ့ကြွက်စုတ်တွေလို့ပဲပြောထားတာလေ ... "

ရုန်းရင်းဆန်ခတ်သံများကြားတွင် ချန်ရုံ၏နှလုံးက တဒုတ်ဒုတ်ခုန်မြည်လာသည်။

ရှဲ့အိမ်တော်မှ အားပီဆိုသည်မှာ ဝမ်ဟုန့်အတွက် သူ့မိသားစုက ရွေးချယ်ပေးခဲ့သောဇနီးလောင်းဖြစ်ရမည်။

ထိုအရေးအား တိတ်တဆိတ်သီးသန့်ပြောဆိုခဲ့ခြင်းသာဖြစ်သော်လည်း ယခုတွင် လူတကာ သိရှိနေကြပါပြီလော။

ချန်ရုံက စိုးရိမ်တကြီး လှည့်ကြည့်လိုက်ပြီး ဝမ်ဟုန့်အား မေးမြန်းတော့လေ၏။

" ရှင်ဒေါသမထွက်ဘူးလား ... "

ထိုအခါဝမ်ဟုန်က မျက်ဝန်းများကိုဖွင့်ဟလာခဲ့ပြီး ဖုံးကွယ်ထားသောအပြုံးမျိုးဖြင့် " ဒေါသထွက်ရမှာလား ... " ဟု တန်ပြန်မေးမြန်းလာခဲ့သည်။

_ ကျိန်းသေပေါက် မထွက်ရဘူးပေါ့ _
ချန်ရုံက သူမ၏စိတ်ထဲမှ ရုတ်ချည်းပင်ရေရွတ်လိုက်ပြီး ဝမ်ဟုန့်ထံမှ အကြည့်လွှဲကာ အပြင်ဘက်သို့ ဆက်ကြည့်နေတော့လေ၏။
ဆူညံသံများက ပိုပိုကျယ်လောင်လာသည်။ထိုအချိန်တွင် လူတစ်ဒါဇင်ကျော်က ဝါးခြင်းတောင်းများ ၊ မြေပြင်ပေါ်ရှိ ကျောက်တုံးများအားကိုင်ဆွဲနေခဲ့ကြပြီး အချို့သူများမှာမူ လှည်းယာဉ်အားပစ်ပေါက်ရန်အတွက် ကိုယ့်ဖိနပ်ကိုယ်ပင်ပြန်ချွတ်နေကြသည်။

ယင်းအခိုက်အတန့်တွင် ကန့်လန့်ကာက ပွင့်ဟလာခဲ့ပြီး ခပ်ချောချောစုံတွဲတစ်တွဲပေါ်ပေါက်လာကာ အမျိုးသားဖြစ်သူမှာတော့ ဝမ်ဟုန်နှင့်ခပ်ဆင်ဆင်ဖြစ်လေသည်။ထို့နောက်တွင် လှည်းယာဉ်ထဲမှ မိန်းကလေးက မေးငေါ့ကာ လူအုပ်ကြီးအား ကပ်ကပ်လန်အောင်ပြန်ပက်တော့သည်။

" ချီလန်က တော်ရင်တော်လိမ့်မယ် ... ဒါပေမဲ့ ကျွန်မအတွက်တော့ ကျွန်မသတို့သားကသာလျှင် အကောင်းတကာ့အကောင်းဆုံးပဲ ... လူတိုင်းက ဝမ်ချီလန်ကိုသဘောကျတယ် ... ဒါပေမဲ့ ရှဲ့အိမ်တော်က အားပီအတွက်တော့ အရှက်မဲ့ပြီးနိမ့်ကျတဲ့အရှင်မဟုန်ယွင်ကျီကိုမှ တမ်းတမ်းစွဲဖြစ်နေတဲ့ဝမ်ချီလန်ကြောင့် ငိုချင်းချနေရမှာက ရှက်စရာကောင်းတဲ့အရာပဲ ... "

ထိုသို့ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဟုန့်အားအထွတ်အမြတ်ထားသူများသည်ပင်လျှင် ချေပပြောဆိုစရာမရှိတော့ပေ။

ယင်းမိန်းကလေး၏လေသံက ပြတ်သားစူးရှပြီး ယုံကြည်ချက်ပြင်းထန်သည်။သူမ ပြောပြီးသည်နှင့် ပတ်ဝန်းကျင်တစ်ခွင်လုံး ဆိတ်ငြိမ်သွားခဲ့ပြီး ထို့နောက်တွင်မူ ချန်ရုံ့အား တိတ်တဆိတ်စွပ်စွဲမှုများစတင်လာခဲ့သည်။

ဝမ်ဟုန်က ရုတ်ချည်းပင် မျက်မှောင်ကြုတ်လိုက်တော့၏။

သူသည် ကနဦးက ဂရုမစိုက်သောအမူအရာကို ပြန်လည်ရုတ်သိမ်းကာ တပ်သားတစ်ဦးအား လက်ယပ်ခေါ်ပြီး တိုးညင်းစွာဖြင့် အမိန့်ပေးသည်။

ယင်းနောက်တွင် ထိုအစောင့်တပ်သားက မြင်းပေါ်မှ ဆင်းပြီး လူအုပ်ထဲသို့ တိုးဝင်သွားခဲ့လေ၏။ထိုအချိန်အထိ လူအုပ်ကြီးက ဆူညံနေသေးသည်။
သူမ၏စကားများမှာ လူအများထံမှ အာရုံစူးစိုက်မှုအား ဖမ်းစားနိုင်ကြောင်းတွေ့ရှိလိုက်ရသဖြင့် ရှဲ့အိမ်တော်မှအားပီနှင့် သူမဘေးနားရှိလူတို့က အောင်ပွဲခံနေသောအပြုံးမျိုးဖြင့် အားရကျေနပ်နေခဲ့ကြသည်။

ထိုအချိန်တွင် လူအုပ်ကြားမှ ရယ်သံတစ်ခု ထွက်ပေါ်လာ၏။

" အရှက်မဲ့ပြီး ညစ်ညမ်းတဲ့လူတဲ့လား ... ချန်အိမ်တော်က အားရုံဆိုတာက သွေးစွန်းနေတဲ့၀တ်စုံနဲ့ လေအဟုန်ရှိတဲ့တပ်သားထောင်ပေါင်းများစွာကို ရင်ဆိုင်ခဲ့တဲ့မိန်းကလေးပဲ ... သူက အထိန်းအကွပ်မဲ့တယ်ဆိုတာတော့ ဝန်ခံပါတယ် ... ဒါပေမဲ့ ခင်ဗျားလိုလောဘကြီးပြီး ကျော်ကြားမှုနဲ့ကံကောင်းမှုကို လက်လွှတ်ရလိုက်ရတဲ့နောက်ပိုင်း ထေ့ငေါ့တိုက်ခိုက်ပြောဆိုနေတဲ့သူနဲ့တော့ ဘယ်လိုလုပ်ပြီး နှိုင်းစရာရှိမှာလဲ ... "

ထိုလူ၏စကားမှာ မမျှတပေ။ချန်ရုံမှာ ရှဲ့ပီနှင့်မယှဉ်နိုင်သူဖြစ်သော်ငြားလည်း သူက ဆန့်ကျင်ပြောဆိုနေလေသည်။သူ၏လေသံက မယုံနိုင်လောက်အောင်ပင် နှိမ့်ချ‌သောဟန်ပန်ရှိနေပြီး ယခုအချိန်တွင် ရှဲ့ပီမှာ ဒေါသအလွန်ထွက်သဖြင့် ငိုမိတော့မတတ်ဖြစ်နေသည်။

ယင်းအချိန်၌ နောက်ထပ်စူးရှသောရယ်မောသံ တစ်သံ ထွက်ပေါ်လာပြန်သည်။

" ကျုပ်အမြင်အရတော့ ခင်ဗျားအကြိုက်ကလည်း ကြွက်စုတ်ဆန်တယ်နော် ... ခင်ဗျားက အမြင်မတော်လို့ ဝမ်ချီလန်က ပိုနိမ့်ကျတဲ့အရှင်မကို ရွေးသွားတာဖြစ်မှာပေါ့ ... "

ထိုစကားကြောင့် လူအုပ်ကြီးက ဝါးခနဲပွဲကျသွားကြသည်။ဝမ်ဟုန့်အား အထင်ကြီးလေးစားသူ အများအပြားရှိပြီး ထိုသူများမှာ သူ့အား ကာကွယ်နိုင်စွမ်းမရှိသော်လည်း စကားလက်နက်ကိုတော့ အလဟသမဖြစ်စေခဲ့ပေ။
ခဏချင်းအတွင်း၌ ဒါဇင်နှင့်ချီ‌သော အသံဗလံများ ထွက်ပေါ်လာသည်။

"မင်းက သူနဲ့ မယှဉ်နိုင်ဘူး ... "

" ချီလန်က မင်းထက် ဟိုအရှင်မကို ပိုကြိုက်တယ်"

ရယ်မောသံများကြားတွင် ရထားနောက်ကွယ်မှ အစေခံအမှုထမ်းများ၏အော်သံပေါင်းများစွာ ထွက်ပေါ်လာသည်။
" ဘယ်ကကောင်က မိုက်မိုက်ရိုင်းရိုင်းတွေပြောနေတာလဲ ... "

" အမြီးဖွက်ပြီးပုန်းမနေဘဲနဲ့ ထွက်လာခဲ့စမ်း ... "

ရယ်မောသံများက တရစပ်ပင်ထွက်ပေါ်လာပြန်ပြီး ကြည့်ရှုသူများထံမှ ကျယ်လောင်မြူးတူးသံများနှင့် ရောယှက်သွားသည်။သူတို့အားလုံးက ရှဲ့အိမ်တော်မှ အားပီနှင့် သူမ၏နံဘေးရှိလူငယ်အား ကဲ့ရဲ့လှောင်ပြောင်ဟန်ဖြင့် ကြည့်ရှုနေကြသည်။

ရှဲ့အိမ်တော်မှ အားပီမှာ ပထမတန်းစား မင်းမျိုးမင်းနွယ်တစ်ယောက်အနေဖြင့် မင်းသမီးလေးများထက် ပိုမိုထူးခြားလေ၏။နောက်ဆုံးအရှက်ခွဲခံရသည့်အချိန်ကိုပင် မမှတ်မိတော့သည်အထိဖြစ်သည်။သူမ၏မျက်နှာမှာ ကြက်သွေးရောင်တောက်နေခဲ့ပြီး အားပီခမျာ မျက်ရည်များ တွင်တွင်စီးကျလာတော့သည်။သူမ၏နှုတ်ခမ်းများက စကားပြောရန် ရည်ရွယ်ချက်ဖြင့် လှုပ်ခတ်သွားခဲ့သော်လည်း နောက်ဆုံးတွင်မူ ရုန်းရင်းဆန်ခတ်ဖြစ်မှုများကြား၌ နစ်မြုပ်သွားခဲ့ရသည်။
အားပီ ဒေါသအဟုန်ဖြင့်မျက်ရည်များစီးကျနေသောအချိန်တွင် နံဘေးမှလူငယ်က ကန့်လန့်ကာစအား ပိတ်ချလိုက်ပြီး လူတကာ၏အမြင်ကို ပိတ်ဆို့ခဲ့သည်။

" လမ်းဖယ် .... လမ်းဖယ် ... "

ထိုမျှသာမက လှည်းယာဉ်ပတ်ပတ်လည်မှ အစောင့်များသည်လည်း အလျင်စလိုအော်ဟစ်လာခဲ့ကြပြီး လှည်းရထားမှာ ၎င်းနေရာမှ ထွက်ခွာသွားတော့လေ၏။