အပိုင်း 237
Viewers 24k



Chapter 237
_ နှစ်ဘဝတာပုံပြင်



အစောင့်တပ်သားများထဲမှတစ်ဦးက လှည်းယာဉ်ထွက်ခွာသွားသည်ကိုလှမ်းကြည့်ရင်း အနီးနားမှ အခြားတပ်သားတစ်ဦးထံ ခေါင်းစောင်းပြီး ခပ်တိုးတိုး‌ပြောလေသည်။

" အရှင်က အဲဒီအရှင်မကို‌ထိပါးတာမျိုးဆိုရင် နည်းနည်းလေးတောင်မှ သည်းမခံနိုင်ဘူးနော် ... "

ထိုအခါ တစ်ဖက်လူက သူနှင့်အကြည့်ချင်းဆုံလာခဲ့ပြီး တီးတိုးပြန်လည်ပြောဆိုလေ၏။
" လောကကြီးဘာဖြစ်နေလဲဆိုတာသွားကြည့်လိုက် ... အဲဒါဆိုရင် ဘယ်လိုအရာမျိုးကမှ ထိတ်လန့်စရာကောင်းတော့မှာ မဟုတ်ဘူး ... "

ယင်းအဖြေက တစ်ဖက်မှအစောင့်တပ်သားဖြစ်သူအား မဝံ့ရဲသောအပြုံးတစ်ခုကိုပေးစွမ်းပြီး ခေတ္တကြာသောအခါတွင် သူက တစ်ကိုယ်တည်းရေရွတ်လိုက်ပြန်သည်။

" အရှင်က အဲဒီမိန်းကလေးနဲ့ ပတ်သက်လာရင် ချုပ်တည်းနိုင်စွမ်းမရှိဘူး ... မျိုးနွယ်စုက အမျက်တော်ရှတာလည်း အံ့သြစရာတော့ မရှိပါဘူး .... "
သူ၏စကားက လေထဲသို့သာပျံ့လွင့်သွားခဲ့ပြီး အခြားတုံ့ပြန်ချက်မျိုးမရရှိခဲ့ပေ။

လှည်းယာဉ်မှာ ကျန့်ခန်းမှလူစည်ကားသောလမ်းများအား ဖြတ်သန်းလျက် ဝမ်ဟုန်၏အိမ်တော်ဆီသို့ ဦးတည်သွားတော့သည်။
များမကြာမီ၌ပင် ချန်ရုံ၏မြင်လွှာထဲ၌ စိမ်းလန်းသောအိမ်ယာခြံဝင်းတစ်ခုပေါ်ပေါက်လာသည်။လှည်းယာဉ်ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် ဝမ်ဟုန်က ဆင်းသက်သွားခဲ့ပြီး ထို့‌နောက်တွင် ချန်ရုံ့အား လက်ကမ်းပေးလေ၏။
" ဆင်းလို့ရပြီ ... "

ဝမ်ဟုန်မှာ ပြုံးရယ်လျက် ချန်ရုံ့လက်အားကိုင်ဆွဲလိုက်သည်။သူ၏ဝတ်ရုံဖြူက လေထဲတွင် ပျံ့လွင့်နေပေ၏။
အိမ်စေများက နှစ်ဦးသားအား ဦးညွှတ်အရိုအသေပြုလျက် ခစားနေခဲ့သည်။သို့သော်လည်း ရံဖန်ရံခါတွင် အချို့သူများက ခေါင်းမော့လာပြီး ချန်ရုံ့အား ခိုးခိုးကြည့်ကြသည်။

ချန်ရုံမှာ ခမ်းနားထည်ဝါသော အိမ်ယာခြံဝင်းအား စူးစမ်းကြည့်ရှုနေခဲ့လေ၏။

" ဘယ်သူက နောက်ထပ် မျိုးနွယ်စုအကြီးအကဲ ဖြစ်လာမှာလဲ ... "
ဝမ်ဟုန်က ရုတ်တရက် မေးမြန်းလာခဲ့သည်။

" သခင်‌လေးဝမ်ယန်ပါ ... "

ထိုစကားအားဖွင့်ထုတ်ပြောလိုက်စဥ်တွင် ချန်ရုံမှာ အခင်းနေရာ၌ အေးခဲသွားသလို ခံစားလိုက်ရတော့သည်။သူမ၏ခါးတစ်ဝိုက်မှ အေးစက်စက်ချွေးစီးများစိမ့်ထွက်နေလေသည်။

ယင်းအချိန်တွင် ဝမ်ဟုန်က ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ချန်ရုံ့အား ဖြည်းညင်းစွာလှည့်ကြည့်လာခဲ့သည်။

လက်ရှိအခိုက်အတန့်တွင် သူတို့သည်အရိပ်အာဝါသကောင်းကောင်းရသောလမ်းပေါ်တွင်ရပ်နေကြလျက်ရှိပြီး
တစ်ဦးက ခေါင်းငုံ့ကာ ကျန်တစ်ဦးက ခေါင်းငုံ့နေသူအား ကြည့်ရှုနေသည်။ဘေးလူများ၏အမြင်အရသူတို့နှစ်ဦးမှာ ရင်းနှီးသောအခိုက်အတန့်ကို မျှဝေနေပုံရလေ၏။
ထိုမြင်ကွင်းကိုမြင်သောအစေခံများက အမြန်နောက်ဆုတ်ခဲ့ကြပြီး နှစ်ဦးသားအား သီးသန့်ထားရစ်ခဲ့ကြသည်။

ဝမ်ဟုန်က ချန်ရုံ့အား စူးစူးစိုက်စိုက်ကြည့်ရှုနေဆဲဖြစ်သည်။

" ဝမ်ယန်လား ... "

" အင်း ... "

" ဝမ်ယန်ကိုး ..... "

ဝမ်ဟုန်က ခပ်တိုးတိုးရေရွတ်လိုက်ပြီး ကောင်းကင်ကြီးကို မော့ကြည့်သည်။ယခုအချိန်၌ ဝမ်ဟုန်မှာ လက်နှစ်ဖက်အား နောက်ပစ်ထားလျက်ရှိပေ၏။

" သူက ကိုယ့်ထက် ငါးနှစ်ပိုကြီးတယ် ... ရိုးသားပြီး ဆင်ခြင်တုံတရားရှိတဲ့သူပဲ ... အရည်အချင်း သိပ်မရှိပေမဲ့ ကြင်နာတတ်ပြီးမျိုးနွယ်စုကို ကောင်းကောင်းစီမံနိုင်လောက်မှာပါ ... "

ဝမ်ဟုန်မှာ လေဆန်ရာအတိုင်းမတ်တပ်ရပ်နေပြီးသူ၏နက်မှောင်သောဆံနွယ်များက တဖျပ်ဖျပ်ခတ်ကာ အထီးကျန်ဆန်ပုံပေါက်နေသည်။ဤကဲ့သို့ အချိန်အတော်ကြာ မတ်တပ်ရပ်နေခဲ့ပြီး မျက်မှောင်ကြုတ်လိုက်ရုံမှတစ်ပါး အခြားလှုပ်ရှားမှုမျိုးမရှိခဲ့ပေ။
နေဝင်ချိန်မြင်ကွင်းအားကြည့်ရှုနေသည့်ချန်ရုံက နှုတ်ခမ်းပါးများအားဖွင့်ဟကာ တစ်စုံတစ်ရာပြောရန်ပြင်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဝမ်ဟုန်က တိုးညင်းစွာမေးမြန်းခဲ့လေ၏။

" ကိုယ်ရော ... ကိုယ်ကရော ဘယ်မှာလဲ ... "

ခေတ္တငြိမ်ကျသွားပြီးနောက် ချန်ရုံက ပြန်လည်ဖြေကြားခဲ့သည်။
" မူရုံခယ် မောယန်ကိုဝိုင်းထားတုန်းက ဆုံးသွားခဲ့တာ ... "

ထိုအခါ ဝမ်ဟုန်က သူမအား လှည့်ကြည့်လာတော့သည်။

" မဖြေခင် ပြန်စဉ်းစားဖို့တောင်မလိုဘူးလား ... "

ချန်ရုံသူ့အား မည်မျှအထိချစ်ကြောင်း ဝမ်ဟုန်သိသည်။ထိုသို့သောသူက သူ့ထံမှ ယုံကြည်မှုရရှိရန်အတွက်နှင့် အဆောတလျင်သေဆုံးသွားကြောင်း လီဆယ်ပြောဆိုသည်ဟူသောအချက်အား ယုံကြည်ရခက်လွန်းပေ၏။

ချန်ရုံက နှုတ်ခမ်းများအားတင်းတင်းစေ့ထားခဲ့သည်။အမှန်တကယ်ဖြစ်ပျက်ခဲ့သောအရာအားပြောဆိုရန် အဘယ်ကြောင့်နှစ်ခေါက်ပြန်တွေးနေရပါမည်နည်း။

" အားလုံးက တကယ်ကို ရှေ့ဖြစ်အိပ်မက်ပဲလား ... "

“အင်း .... ”

"မင်းဘယ်သူနဲ့ ထိမ်းမြားလိုက်တာလဲ .... "

ဝမ်ဟုန်၏မေးခွန်းကြောင့် ချန်ရုံက ခေါင်းတွင်တွင်ခါယမ်းပြီး ရှင်းပြလာသည်။

" အဲဒီတုန်းကလည်း ကျွန်မက အရှင်မပဲ .... "

ထိုအခါ ဝမ်ဟုန်က ပြုံးစိစိမျက်နှာပေးဖြင့်
" အရှင်မပဲလား ... ဘာလို့လဲ ... " ဟု မေးမြန်းလေ၏။

" မျိုးနွယ်စုက ကျွန်မကို နန်ယန်မင်းသားဆီ ပို့ချင်နေတာ ... ကျွန်မက ငြင်းပြီး တောင်ပေါ် က ကျောင်းတော်ဆီကို ပြန်သွားခဲ့တယ် ... ”

" ဟုတ်လား .... "

" အင်း .... "

ချန်ရုံ၏အဖြေက ဖျတ်လတ်ပေါ့ပါးသည်။သူမက ပြတ်သားသေချာသောမျက်ဝန်းများဖြင့် ဝမ်ဟုန့်အားမော့ကြည့်ခဲ့လေသည်။
ပြောသင့်သည်အရာများရှိသကဲ့သို့ မဖွင့်ဟသင့်သည်များလည်းရှိကြောင်း ချန်ရုံ ကောင်းကောင်းနားလည်သည်။ဝမ်ဟုန်မှာ မာနတရားကြီးမားသူဖြစ်ပြီး သူမက အခြားယောကျာ်းနှင့်အတူရှိခဲ့သည်ဟူသောစကားမျိုးအား ကြားလိုမည်မဟုတ်ချေ။အတိတ်ကာလ၌ပင်ဖြစ်စေ ၊ အခြားဘဝအပိုင်းအခြား၌ဖြစ်စေ ၊ အတွေးသပ်သပ်ပင်ဖြစ်နေပါစေ ဝမ်ဟုန်က လုံးဝ နှစ်မြို့မည်မဟုတ်ပါ။

" မင်းဆုံးပါးသွားတုန်းက အသက်ဘယ်လောက်လဲ"

"နှစ်ဆယ့်ကိုး ..."

ဝမ်ဟုန်တစ်ယောက် တိတ်ဆိတ်သွားလေသည်။သူက ခေါင်းကို စောင်းငဲ့ကာ ဘယ်ဘက်ရှိရေကန်ကို ကြည့်နေခဲ့ပြီး လေညင်းများက သူ၏ဆံနွယ်များကြားထဲသို့ အဆုံးမရှိ မွှေနှောက်တိုက်ခတ်နေသည်။

ခေတ္တအကြာတွင် ဝမ်ဟုန်က ဖွင့်ဟပြောလာခဲ့၏။

" အားရုံ ... မင်းရဲ့ လုပ်ရက်တွေ အပြောအဆိုတွေက လုံးဝကွဲထွက်နေလို့ ကျွမ်းကီရဲ့အိပ်မက်ကျမ်းစာကပဲ အားလုံးကိုရှင်းပြနိုင်မယ်ထင်တယ် ... "

[ ကျွမ်းကီရဲ့အိပ်မက် - ( ကျမ်းစာအမည် )
စစ်ပွဲနှောင်းပိုင်းကာလ { ဘီစီ ၄၇၆– ဘီစီ၂၂၁ } မှ ရှေးတရုတ်ကျမ်းစာတစ်ခုဖြစ်ပြီး တာအိုဘာသာဝင် စံပြပညာရှိတစ်ဦး၏ပေါ့လျော့မှုကင်းမဲ့သောသဘောသဘာဝများအား စံနမူနာပြထားသည့်အကြောင်းအရာများနှင့် ဖြစ်စဉ်တိုများပါရှိသည်။ ]

အချိန်အတော်ကြာအောင် မတ်တပ်ရပ်နေခဲ့ပြီးနောက် ဝမ်ဟုန်က ချန်ရုံ့အား ပြန်လှည့်ကြည့်လာသည်။ထိုအချိန်တွင် သူ၏မျက်ဝန်းများထဲ၌ ကြည်လင်ပြတ်သားမှုနှင့်တည်ငြိမ်မှုအပေါင်း ပြန်လည်ရောက်ရှိလာခဲ့သည်။
ဝမ်ဟုန်က နှုတ်ခမ်းစွန်းများအား ကော့ချိုးလိုက်ပြီး ခပ်တိုးတိုးမေးလာခဲ့လေ၏။

" ဒါဖြင့် မောယန်ကို မင်းအလောတကြီးလာခဲ့တာက မြို့ပြိုမယ်ဆိုတာကိုကြိုသိပြီး ကိုယ်နဲ့စွင်းယန်ကို ကယ်ချင်လို့ပေါ့ ... "

ထိုအခါချန်ရုံက ခေါင်းညိတ်ပြလိုက်သည်။

" ဒါဆိုရင် မင်းက ကိုယ့်အသက်ကို ကယ်တင်ခဲ့တဲ့သူပဲ ... "
ဝမ်ဟုန်က ပြောပြောဆိုဆိုဖြင့် ချန်ရုံ၏လက်အစုံအား ကိုင်ဆွဲလာခဲ့သည်။

ချန်ရုံမှာတော့ မည်သည်ကိုမှ ဖွင့်ဟမပြောခဲ့ပေ။
ဝမ်ဟုန်၏အပြုံးက တဖြည်းဖြည်းနှင့်ပိုမိုတောက်ပလာသည်။

" ကျန့်ခန်းနဲ့ လောကကြီးမှာ ဖြစ်ပျက်နေသမျှကို မင်းသိတာပေါ့ ... ဒါဆိုကိုယ်လည်း ကြိုသိနိုင်တာပဲ ... ဒီဟာတစ်ခုနဲ့တင် ကမ္ဘာကြီးကိုအုပ်စိုးပြီး ဟန်ဧကရာဇ်ကောင်းကူဖြစ်ဖို့ လုံလောက်နေပြီ ... "

[ ဟန်ဧကရာဇ်ကောင်းကူမှာ ဟန်မင်းဆက်ကိုတည်ထောင်သူဖြစ်ပြီး ပထမဆုံးဧကရာဇ်အဖြစ်နန်းတက်ခဲ့သည်။ ]

ဤသည်မှာ အမှန်တရားပင်။ချန်ရုံ၏စွမ်းရည်မှာ ထိုအချိန်စစ်ပွဲကာလများအတွင်းမှ ရှေ့ဖြစ်ဟောသူများထက်ပင် သာလွန်သည်။ထိုသို့သောစွမ်းရည်မျိုးက မှားယွင်းသောသူ၏လက်ထဲသို့ရောက်သွားလျှင် လောကကြီးတစ်ခုလုံးဇောက်ထိုးမိုးမျှော်ဖြစ်သွားနိုင်ပေ၏။ သမိုင်းတစ်လျှောက်မှ သြဇာအကြီးဆုံးနတ်ဆရာ/မများကိုသာ ဥပမာယူရပေမည်။ရည်မှန်းချက်ကြီးသောအုပ်စိုးရှင်များက သူတို့အား ပုလ္လင်ပေါ်တင်ကာ အဖြစ်အပျက်တစ်ခု သို့မဟုတ် နှစ်ခုအား တိကျစွာရှေ့ဖြစ်ဟောပေးနိုင်သည်နှင့် တစ်သက်တာလုံး ပူဇော်ပသနေကြတော့လေ၏။
ချန်ရုံမှာ ထိုကဲ့သို့သောအန္တရာယ်ရှိသည့် မှတ်ချက်စကားမျိုးကို ကြားလိုက်ရသည့်အတွက် ထိတ်လန့်နေသင့်သော်လည်း သူမသည် ဝမ်ဟုန့်အပေါ်ယုံကြည်စွာဖြင့် ထိုနေရာတွင်သာ ငြိမ်သက်စွာရပ်နေခဲ့သည်။

"အကြီးအကဲဟောင်းပြောတာ မှန်တဲ့ပုံပါပဲ ... ကိုယ်က ထူးချွန်ထက်မြက်ပေမဲ့လည်း အိပ်ရာပေါ်ကိစ္စကို ကောင်းကောင်းစွမ်းဆောင်နိုင်ဖို့ပဲ ရည်မှန်းချက်ရှိတယ်တဲ့လေ ... ဒုက္ခတွေ မကြုံရမချင်း တစ်သက်လုံး ပျင်းရိနေမှာပဲ ... "

ဝမ်ဟုန်က သူ၏မေးစေ့အားပွတ်သပ်လျက် ရယ်ရယ်မောမောဖြင့် ဆက်ပြောလေ၏။

" အကြီးအကဲဟောင်းက ကိုယ့်ကို ပထမဆုံးစတွေ့တဲ့ အချိန်မှာတင် ချက်ချင်းသဘောကျသွားခဲ့တာလေ ....
တခြားမျိုးနွယ်စုတွေမှာ အမွေဆက်ခံသူကို အတည်ပြုဖို့
ဆယ်နှစ် ၊ နှစ်နှစ်ဆယ်ကြာပေမဲ့ ကိုယ့်ကိုတော့ အသက်ဆယ်နှစ်မှာပင် ဒီလိုမီးပုံပေါ် တင်ပေးလိုက်ကြတယ် ... ဘာတွေဖြစ်နေတယ်ဆိုတာကို အကြီးအကဲသာသိရင် သေချာပေါက် အပြစ်တွေတင်နေမှာပဲ ... "

ဝမ်ဟုန်က ချန်ရုံ၏လက်အား ဆုပ်ကိုင်ပြီး ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။

" ရှင်ကျွန်မကိုယုံလား ... " ချန်ရုံက ဝမ်ဟုန့်အနောက်မှ လိုက်လာရင်း မေးလိုက်၏။ဤလိုမေးခွန်းမျိုးက မလိုအပ်တော့သော်လည်း သူမ မေးရပေမည်။

ထိုအခါ ဝမ်ဟုန်က ခေါင်းညိတ်လျက် " ယုံတယ်ထင်တယ် ... " ဟု ပြန်ဖြေသည်။

မည်သို့သောအဖြေမျိုးနည်း။ချန်ရုံ့ခမျာ ငိုရခက် ရယ်ရခက်ဖြစ်သွားရှာသည်။

" အားရုံနဲ့သာ မဆုံဖြစ်ခဲ့ရင် အသက်တိုသွားတော့မလို့ ... "

ဝမ်ဟုန်က ချန်ရုံ၏လက်အား တင်းတင်းကြပ်ကြပ်ကိုင်ဆုပ်လိုက်ရင်း ပြောကြားခဲ့လေသည်။
ထိုအခါ ချန်ရုံက သူ့အား မော့ကြည့်လာခဲ့၏။

ယုတ္တိမရှိဟုထင်ရသော်လည်း သူမ၏ဇာတ်လမ်းများအား ပြောပြလိုက်ပြီးနောက်တွင် ချန်ရုံမှာ ခန္ဓာကိုယ်တစ်ခုလုံး
ပြေလျော့သွားသလို ခံစားခဲ့ရသည်။

ဝမ်ဟုန်၏စိတ်နေစိတ်ထားမှာ ကောင်းကင်ဘုံတွင်နေထိုင်‌သူသကဲ့သို့ အမြဲကြည်လင်နေခဲ့ပြီး ယခုတွင်မူ သူသည် ဤလောကနှင့် မသက်ဆိုင်သူသဖွယ် ပို၍ပင်ပေါ့ပါးသွားလေပြီ။

ယင်းနောက်တွင် ဝမ်ဟုန်က ချန်ရုံ့အား အစေခံမိန်းကလေးနှစ်ဦးထံသို့အပ်နှင်းခဲ့သည်။ချန်ရုံမှာ သူတို့၏အကူအညီဖြင့် ရေမိုးကောင်းကောင်းချိုးပြီး အမွှေးနံ့သာများဖြင့် မှေးစက်အိပ်ပျော်သွားခဲ့လေ၏။

သူမ နိုးထလာချိန်တွင် ပြတင်းပေါက်ပြင်ပ၌ အလင်းရောင်တောက်ပနေဆဲဖြစ်ပြီး လေထုထဲတွင် ငြိမ်းချမ်းလှပသောခံစားချက်များ ကိန်းဝပ်နေသည်။
ချန်ရုံက စောင်ထဲမှထွက်၍ သစ်သားဖိနပ်များအား ဝတ်ဆင်နေချိန်တွင် အိမ်စေတစ်ဦးက တံခါးအပြင်မှ လာရောက်အစီရင်ခံခဲ့သည်။

" သခင်မလေး အပြင်မှာတစ်ယောက်ယောက်က စောင့်နေပါတယ် ... လက်ခံတွေ့ပါမလားရှင် ... "

" ချီလန်က သူ့ကိုဝင်ခွင့်ပေးထားတာလား ... "

" မှန်လှပါ .... "

" ဒါဆို တွေ့မှာပေါ့ ... အဝတ်အစားလဲဖို့ကူညီပေးပါ ... "

" မှန်လှပါ ... "

ချန်ရုံက သူမ၏ဆံပင်အား အိမ်ထောင်ရှင်အမျိုးသမီးကဲ့သို့ ဖြီးလိမ်းဆင်ယင်ပြီး အပြင်ထွက်သွားခဲ့သည်။
ဧည့်ခန်းမအပြင်သို့ရောက်သောအခါ ရင်းနှီးနေသောငယ်ငယ်ရွယ်ရွယ်ယောက်ျားသံတစ်သံကို ကြားလိုက်ရသည်။

" ဘာလို့သူရောက်မလာသေးတာလဲ ... သွားနှိုးချေ ... "

" စွင်းယန် ... "

ထိုသူ၏အသံအားကြားသောအခါ ချန်ရုံက ဝမ်းသာအားရ အော်ခေါ်လိုက်၏။
ထိုအခါ တံခါးပွင့်လာခဲ့ပြီး အသက်ပိုကြီးလာသော်လည်း ယခင်အတိုင်းချောမောနေဆဲဖြစ်သောစွင်းယန်က အထဲမှ ပြေးထွက်လာခဲ့လေသည်။

စွင်းယန်သည်ချန်ရုံ့အား သူ၏မျက်နှာပေါ်မှအပြုံးများလျော့ပါးသွားချိန်အထိ အချိန်ကြာမြင့်စွာ စူးစိုက်ကြည့်‌ရှုနေခဲ့ပြီး နောက်ဆုံး၌ မေးမြန်းလာသည်။

" ဆံပင်ကို ဘာလို့ အိမ်ထောင်သည်မိန်းမလို ဖြီးထားတာလဲ ... ဟိုကောင်ဝမ်ဟုန်က မင်းကို အတင်းအဓ္ဓမလုယူလိုက်တာလား ... မင်းလည်း နေသားကျနေပြီလို့တော့ မပြောနဲ့နော် ... "

စွင်းယန်က ထိန်းသိမ်းဟန်ဆောင်မှုမရှိဘဲ တရစပ်မေးမြန်းနေခဲ့သော်လည်း ချန်ရုံမှာ စကားသံကြားရရုံဖြင့်ပင် ဝမ်းသာနေလေ၏။

တစ်ဖက်လူစကားဆုံးသွားချိန်၌ ချန်ရုံက အမှုမဲ့အမှတ်မဲ့ဟန်ပန်ဖြင့် " ဆံပင်ပုံစံသပ်သပ်ပဲလေ ... ဘာလို့ ဒီလောက်ထိ ဂရုစိုက်နေရတာလဲ ... " ဟုမေးမြန်းလိုက်သည်။

"ဆံပင်ပုံစံသပ်သပ်ပဲလား ... "

" ဟုတ်တယ် ... "

ထိုအခါမှ စွင်းယန်က သက်ပြင်းချလျက် ချန်ရုံ့ထံသို့ချဉ်းကပ်လာခဲ့သည်။ယင်းနောက်တွင် သူက ချန်ရုံ၏ပုခုံးတန်းများအားဆွဲကိုင်ကာ ခေါင်းမှခြေဖျားအထိ တစ်ချက်ကြည့်လိုက်ပြီး "နေ-နေကောင်းတယ်မလား ... " ဟုမေးမြန်းခဲ့၏။သူက ခက်ခက်ခဲခဲဖြင့်ဆက်မေးပြန်သည်။
" မင်း ဟူတပ်တွေရဲ့လက်ထဲ ကျသွားသေးတယ်လို့ကြားတယ် ... အခုရော အဆင်ပြေရဲ့လား”

စွင်းယန်စိတ်ပူနေသောကိစ္စအားကောင်းကောင်းသိနေသည့်ချန်ရုံက ပြေရာပြေကြောင်း ပြန်လည်ဖြေဆိုပေးရှာသည်။

" ပြေပါတယ် ... "

" ကောင်းတယ် ... ကောင်းတယ် ... ကြားရတာ ဝမ်းသာပါတယ် ... "

စွင်းယန်က မလှမ်းမကမ်းမှနေ၍ သူတို့အားရပ်စောင့်ကြည့်နေသည့် အစေခံအချို့အား တစ်ချက်လှမ်းကြည့်သည်။ထို့နောက်တွင် သူက တစ်စုံတစ်ရာအားတွေးတောနေခဲ့ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချန်ရုံ့အား သိုင်းဖက်ထားလိုက်တော့လေ၏။
ပွေ့ဖက်မှုက အလွန်တင်းကြပ်နေသောကြောင့် ချန်ရုံမှာ နေရထိုင်ရခက်လာပြီး လွတ်မြောက်အောင်ရုန်းကန်နေခဲ့သည်။

" ဘာလို့အရမ်းစိတ်ခံစားလွယ်နေတာလဲ ... "
ချန်ရုံက ဇဝေဇဝါဖြစ်စွာဖြင့် မေးမြန်းလိုက်လေ၏။
သူမတို့နှစ်ဦးမှာ ထိလွယ်ရှလွယ်သောအချိန်အခါအား ကျော်ဖြတ်ပြီးပြီမဟုတ်ပါလော။မေးမြန်းစရာရှိသည်များကိုလည်း မေးမြန်းပြီးပါလျက်နှင့် အဘယ်ကြောင့်သူမအား ဖက်နေရသနည်း။

စွင်းယန်က ပိုမိုတင်းကြပ်စွာပွေ့ဖက်လာခဲ့ပြီး ရုန်းကန်နေသောချန်ရုံ့အား သူ၏ရင်ခွင်ထဲတွင်ချုပ်နှောင်ထားသည်။
ထို့နောက်တွင် သူက ချန်ရုံ့နား နားသို့ကပ်၍ ခပ်တိုးတိုးပြောလာခဲ့လေ၏။

" ဝမ်ဟုန်ရဲ့အစေခံတွေက ငါ့ကိုသတိပေးတယ် ... "

ထိုအခါ ချန်ရုံမှာ ရုတ်ချည်းပင်ငြိမ်ကျသွားခဲ့ပြီး နောက်လာမည့်စကားအား နားစွင့်နေတော့သည်။
စွင်းယန်ကလည်း ခနဲ့သောလေသံဖြင့်ဆက်ပြောလေ၏။

" မင်းက သူ့အပိုင်တဲ့လေ ... ဒီအယုတ်တမာကောင်ကတော့ ... သူက ငါ့ကို မင်းနဲ့ခပ်ဝေးဝေးမှာနေစေချင်နေတာများ မသိရင်ခက်ဦးမယ် ... သူ့စိတ်တိုင်းကျ လုပ်ပေးမယ်များထင်နေလားမသိဘူး ... "

ဤသည်မှာ အကြောင်းပြချက်ဖြစ်သလော။

ချန်ရုံတစ်ယောက် အနည်းငယ် စိတ်မကြည်ဖြစ်လာသည်။
ထိုအချိန်တွင် စွင်းယန်က ဂုဏ်ယူဝင့်ကြွားနေသောလေသံဖြင့် ဆက်ပြောပြန်လေ၏။

" မောက်မာချက်ကတော့ တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်စရာပဲ ... မင်းအနားကို ကပ်ခွင့်မပြုဘူးတဲ့လား ... ဟင့်အင်း ... ငါကတော့ ဒီလိုတောင် အကြာကြီးဖက်ထားလိုက်ဦးမှာ ... "

ထိုစကားကိုကြားသောအခါ ချန်ရုံ့ခမျာ အကြောင်းပြချက်မဲ့စွာ စိတ်ပူပန်လာခဲ့ပြီး စကားလမ်းကြောင်းလွှဲ၍ ခပ်တိုးတိုးပြောဆိုလိုက်၏။

" ချီလန့်မှာ လှည့်ကွက်တွေ အများကြီးရှိတယ် ..."

ထိုအခါစွင်းယန်က ပွေ့ဖက်ထားရာမှ ဖြည်းညင်းစွာလွှတ်ပေးလာခဲ့ပြီး ချန်ရုံ့အားစိုက်ကြည့်လျက် ပြန်ဖြေလေသည်။

" မင်းတို့အဖိုးစွင်းဆိုရင် ငါ့ထက်တောင် လှည့်ကွက်ပိုများသေးတယ် ... "

" တကယ်ပြောနေတာ ... သူက တကယ်ကို လူကြီးလူကောင်း မဟုတ်ဘူး ... "

ထိုအခါ စွင်းယန်က ၎င်းစကား၏အတိမ်အနက်အား မဝံ့မရဲဟန်ပန်ဖြင့်စဉ်းစားတွေးတောနေခဲ့ပြီး ချန်ရုံ့အား လုံးဝလွှတ်ပေးလိုက်တော့သည်။

" ဘယ်လောက်ထိ များလဲ လှည့်ကွက်က ... "

" အံ့သြသွားနိုင်လောက်တဲ့အထိ ... "

စွင်းယန်မှာ သူ၏မေးစေ့အား စိမ်ပြေနပြေပွတ်သပ်ရင်း တွေးတောနေခဲ့ရာမှ တစ်စုံတစ်ရာကို ရုတ်တရက်သတိရသွားတော့‌လေ၏။

" ဟာ ... ဘာလို့အရေးမပါတာတွေပဲပြောနေမိပါလိမ့် ...
တကယ့်အရေးကြီးကိစ္စကျတော့ တစ်ခုမှမပြောရသေးဘူး ... "

စွင်းယန်က ခေတ္တအားယူလိုက်ပြီး လေးလေးနက်နက်စကားဆက်လာသည်။

" အားရုံ ... မင်းအစ်ကိုက ငါနဲ့အတူရှိတယ် ... သူ့ရဲ့ ပညာမဲ့တဲ့ဇနီးသည်က မင်းအစ်ကိုကို ခြိမ်းခြောက်ချင်ရုံသပ်သပ်နဲ့ သားဖြစ်သူကို အသုံးချတယ်တဲ့‌လေ ... ဒါပေမဲ့ကျောင်းတော်ကို ကောင်းကောင်းစောင့်ကြပ်ထားတာမလို့အဲ့မိန်းမက ‌ကလေးကိုပြန်ပေးဆွဲဖို့ လူရမ်းကားတွေနဲ့ ပူးပေါင်းလိုက်တယ် ... မမျှော်လင့်ဘဲ တခြားလူတစ်ယောက်က မင်းအစ်ကိုရဲ့သားကိုသတ်ဖို့ လူမိုက်တစ်ယောက်ကို ညွှန်ကြားခဲ့တယ် ... မင်းအစ်ကို အခုအရမ်း‌ပူဆွေးနေတယ် ... မင်း နှစ်သိမ့်ပေးမှရမယ် ...ပြီးတော့ နန်ယန်မှာ ဝမ်ချီလန်ရဲ့နာမည်ကိုသုံးပြီး မင်းကိုမြားခေါ် ၊ အန္တရာယ်ဖြစ်စေခဲ့တဲ့လူကို ရှာတွေ့ပြီ ... "