Chapter 238
_ သဝန်တိုခြင်း
" ဘယ်သူလဲ ... ကျွန်မကိုမြားခေါ်တဲ့လူက .... "
ချန်ရုံက စွင်းယန်အား စေ့စေ့ကြည့်လျက် မေးမြန်းသည်။
" မင်းရဲ့ဝမ်းကွဲ ချန်ဝေ့မဟုတ်လို့ ဘယ်သူဖြစ်နိုင်ဦးမှာလဲ သူ အခု ကျန့်ခန်းမှာရှိနေတယ် ... အကောင်းဆုံးအခြေအနေမှာတော့ မဟုတ်ဘူး ... သူ့ကိုသတ်ရမှာက ပုရွက်ဆိတ်သတ်တာထက်တောင် ပိုလွယ်သေးတယ် ... မင်းငါ့ကို အဲလိုလုပ်စေချင်လား ... "
ထိုအခါ ချန်ရုံက မျက်လွှာချသွားခဲ့ပြီး " သူက အဲလောက်တောင်ရက်စက်တာလား ... " ဟုရေရွတ်လိုက်လေ၏။
သူမကိုယ်တိုင်မီးလောင်ကျွမ်းခဲ့စဉ်က ချန်ဝေ့၏ဘုန်းကျက်သရေအား မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည်။သူမသည် ယခင်က ချန်ဝေ့အား မည်မျှပင်မနာလိုခဲ့ပါစေ ၊ နှစ်ဘဝတာပြီးဆုံးပြီးနောက်တွင်ပင်လျှင် အန္တရာယ်ပြုသည်မျိုးမရှိခဲ့ပေ။သို့သော်လည်း ချန်ဝေ့မှာ သူမအား အဘယ်ကြောင့်သတ်ပစ်ချင်လောက်သည်အထိ မုန်းတီးနေရပါသနည်း။
ချန်ရုံကခေါင်းပြန်မော့ပြီး အသက်မှန်မှန်ရှူသွင်းလျက် ပြောလာခဲ့သည်။
"မလိုပါဘူး ... "
" ကောင်းပြီလေ ... သူက အရေးမပါတဲ့ပမွှားပဲ ... သူ့ကိုတစ်ခုခုလုပ်ချင်ရင် ငါ့ကိုပြော ... "
စွင်းယန်၏စကားကြောင့် ချန်ရုံက ပြုံးလာခဲ့ပြီး " ဟုတ်တယ် ... သူက အရေးမပါတဲ့ပမွှားပဲ ... " ဟု လိုက်ပါရေရွတ်ခဲ့သည်။
ယင်းနောက်တွင် ချန်ရုံက ဆက်လက်မေးမြန်းခဲ့လေ၏။
" အဲဒီလူဆိုးတွေနဲ့ ပူးပေါင်းတာဘယ်သူလဲ ... "
" နဝမမြောက်မင်းသမီး ... "
" သူကိုး .... "
" စကားမစပ် ...ဧကရာဇ်မင်းမြတ်က မင်းရဲ့နေရာဆီ ကောင်ချောလေး ဆယ်ဦး စေလွှတ်လိုက်တယ် ... မင်း သူတို့ကို လက်ခံချင်လား ... "
စွင်းယန်၏စကားက ချန်ရုံ့ကို အာရုံပြောင်းစေသည်။
ချန်ရုံတစ်ယောက် စိတ်အနှောက်အယှက်ဖြစ်သွားသည်ကို တွေ့လိုက်ရသောအခါ စွင်းယန်က ဝမ်းသာအားရဖြစ်သွားပြီး မေးစေ့အားလက်ဖြင့်ပွတ်သပ်လျက် ပြုံးစိစိဖြစ်နေခဲ့သည်။
" အစတုန်းကတော့ အဲ့ကောင်လေးတွေကို တွေ့တုန်းကမင်းကို တတ်နိုင်သလောက် အဲဒီနေရာနဲ့ ဝေးဝေးမှာထားချင်ခဲ့တာ ... ဒါပေမဲ့ အခုတော့ အရမ်းပျော်မိသား ... "
စွင်းယန်က ချန်ရုံ့အားပြုံးပြလိုက်ပြီး ဆက်ပြောလာသည်။
" အင်း .... ဟိုကောင်ဝမ်ဟုန်က ဒုက္ခသုက္ခတွေကြုံရပေမဲ့လည်း ရုပ်ရည်လေးတော့ရှိနေတုန်းပဲ ... ဒီလိုလုပ်ပါလား ... သူ့ကိုလှည်းပေါ်ဆွဲတင်ပြီး မင်းရဲ့နေရာကိုခေါ်သွားလေ ... သူက မင်းရဲ့ဆယ့်တစ်ယောက်မြောက်ကောင်ချောလေး ဖြစ်လာနိုင်တာပဲ ... ဘယ်လိုလဲ ... "
ထိုအချိန်တွင် ချန်ရုံက စွင်းယန်၏အနောက်သို့ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့သည်။
" ချီလန် ... "
သို့သော်လည်း စွင်းယန်က လက်ကိုလေထဲတွင်ဝှေ့ယမ်းရင်း ပြုံးပြုံးရယ်ရယ်ဖြင့် စကားဖြတ်ပြောလေ၏။
" အားရုံ ... မင်းလွှတ်ချလိုက်သင့်ပြီ ... ငါ့ကိုယုံလိုက် ... ဒီဟာက အဲကောင်ကို အမောက်ချိုးပစ်နိုင်မဲ့တစ်ခုတည်းသောနည်းလမ်းပဲ ... ဒါမှမဟုတ် ငါတို့ အခုပဲ စီစဉ်ကြမယ်လေ ... နှစ်ရက်အတွင်း သူ့ကို မင်းကိုယ်စား ငါသွားပြောပေးမယ်"
ချန်ရုံမည်သည်ကိုမှ ပြန်မဖြေရသေးမီမှာပင် စွင်းယန်၏အနောက်မှ အေးဆေးတည်ငြိမ်သောလေသံတစ်ခုပေါ်ထွက်လာသည်။
" ဒီလောက်စိတ်အခြေအနေကောင်းနေတာပဲ ... ဘာလို့နှစ်ရက်စောင့်နေဦးမှာလဲ သခင်လေးစွင်း ... "
အရပ်မြင့်မြင့် ချောမောသောသူတစ်ဦးက ချန်ရုံ့နံဘေးသို့ ကပ်သွားကာ သူမ၏ခါးကို သိုင်းဖက်ပြီး စွင်းယန်အား ပြုံးပြလာခဲ့၏။သူ့မျက်လုံးများက ကြည်လင်ပြတ်သားပြီး စွင်းယန်ထံမှ အဖြေကို မျှော်လင့်နေသည်။
ထိုသူမှာ ဝမ်ဟုန်ပင်။
စွင်းယန်ခမျာ ငြိမ်ကျသွားပြီး ဝမ်ဟုန့်အား ကြောင်တောင်တောင်ဖြင့်စိုက်ကြည့်နေလေသည်။
ယင်းနောက်တွင် သူက ရုတ်ချည်းပင် ခြေထောက်ကိုမြှောက်လိုက်ပြီး ခန္ဓာကိုယ်အား ဝှစ်ခနဲတစ်ပတ်လှည့်ကာ နောက်ပြန်ခုန်ပြီး ခြေသုံးလှမ်းအကွာသို့ ခုန်ပျံကျော်လွှားသွားတော့၏။
စွင်းယန်၏ကိုယ်ခံပညာမှာ ထူးထူးခြားခြားဖြစ်ပြီး သူ၏ လှုပ်ရှားမှုများက သေသပ်လှသည်။
ဝမ်ဟုန်က စွင်းယန်အား ခပ်ယဲ့ယဲ့ပြုံးပြရင်း မေးလိုက်လေ၏။
" ထိတ်လန့်အောင် ဘာများလုပ်မိလိုက်လို့လဲ ... "
"မင်းကို ဘယ်သူက ကြောက်နေလို့လဲ ... "
စွင်းယန်၏မျက်ဝန်းများက ပြူးကျယ်နေပြီး သူ၏ချောမောသော မျက်နှာပေါ်တွင် သံသယဖြစ်ဖွယ် နီရဲသည့် အရိပ်တစ်ခု ရှိနေသည်။
ရှက်စရာအလွန်ကောင်းပေ၏။ထိုသူက ဘာမှမလုပ်ရသေးဘဲနှင့် အဘယ်ကြောင့် အလျင်စလို တုံ့ပြန်မိသွားရသနည်း။
" အရူးကောင် ... ထကြွမနေနဲ့နော် ... ငါမင်းကို သတိပေးလိုက်မယ် ... အားရုံက ငါ့ညီမကွ ... ဘာပြောချင်တာလဲသိလား ... ငါက မင်းရဲ့ယောက်ဖပဲ ... "
စွင်းယန်က ခါးထောက်လျက် အားရပါးရ ရယ်မောသည်။ " သတိထားနေနော် ဟေ့ကောင် ... ယောက်ဖကိုဉာဏ်နီဉာဏ်နက် လာများမယ်မကြံနဲ့ ... "
ယင်းနောက်တွင် စွင်းယန်မှာ ကျယ်လောင်စွာရယ်မောလျက် အခင်းနေရာမှ ထွက်ခွာသွားတော့လေသည်။
သိပ်မကြာခင်မှာပင် တံခါးအပြင်ဘက်သို့ ရောက်ရှိခဲ့လေ၏။လမ်းတစ်ဝက်ခန့်တွင် စွင်းယန်က တစ်စုံတစ်ခုအား အမှတ်ရသွားဟန်ဖြင့် သူ့လည်ဂုတ်သူ လက်ဖြင့်ပိတ်ရိုက်လိုက်တော့သည်။
" ဟာ ... အားရုံ့ကို အကုန်ပြောမပြရသေးဘူး ... "
စွင်းယန်က မျက်မှောင်ကြုတ်လျက် အိမ်တော်ဝင်းအား တစ်ဖန်ပြန်လှည့်ကြည့်လိုက်သည်။သူသည် အထဲသို့အမှန်တကယ်ပင် ပြန်ဝင်ချင်စိတ်မရှိပေ။ကိစ္စမရှိပါ။နောက်မှပြောလည်း အဆင်ပြေနိုင်လောက်သည်။
စွင်းယန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝမ်ဟုန်က ချန်ရုံ၏ခါးအား တင်းကြပ်စွာ ဖက်လာသည်။ယင်းနောက်တွင် သူက ခပ်တိုးတိုးရယ်ပြီးနူးညံ့သိမ်မွေ့စွာပြောလာလေ၏။
" ကောင်ချောလေးဆယ်ယောက်တဲ့လား ... ဧကရာဇ်မင်းမြတ်က အရမ်းရက်ရောတာပဲ ... "
ခါးမှဖက်တွယ်မှုက ပိုမိုတင်းကြပ်လာသဖြင့် ချန်ရုံခမျာ ခေါင်းငုံ့လိုက်ပြီး မည်သည်ကိုမှပြန်မဖြေနိုင်ရှာပေ။ဝမ်ဟုန်က သူမအား ငုံ့ကြည့်လာခဲ့ပြီး တပ်သားများအား လှမ်းခေါ်သည်။
ထိုအခါ အစောင့်တပ်သားတစ်ဦးက ရှေ့ထွက်လာလေ၏။
" အမိန့်ရှိပါ ... အရှင် ... "
" အားရုံရဲ့အိမ်ကိုသွားပါ ... အဲဒီကောင်လေးတွေကို နဝမမြောက်မင်းသမီးရဲ့ အိပ်ရာထဲပို့ပေးလိုက် ... "
ထိုအခါ ချန်ရုံက ဝမ်ဟုန့်အား မျက်လုံးအပြူးသားဖြင့်မော့ကြည့်လာသည်။ဝမ်ဟုန်၏အပြုံးက မွန်မြတ်ပြီး အပြစ်ကင်းစင်ကာ အသွင်အပြင်မှာလည်း နတ်ဘုရားသဖွယ်ပင်။
" ပြည်သူတွေကို အသိပေးတာ အကောင်းဆုံးပဲ ... သုံးရက်အတွင်း လုပ်ပါ ... "
" မှန်လှပါ ... "
အမှုထမ်းဖြစ်သူက ရိုကျိုးစွာပြန်လည်ဖြေကြားပြီး ထိုနေရာမှထွက်ခွာသွားတော့လေ၏။ထိုသူ့အတွက် ဤအမိန့်တော်က လုံးဝထူးဆန်းမနေသည့်ပုံပင်။
ဝမ်ဟုန်က ခေါင်းငုံ့ပြီးချန်ရုံ့အားပြန်လည်စူးစိုက်ကြည့်လာခဲ့သည်။ထိုအချိန်တွင် ချန်ရုံကလည်း သူ့ထံမှ အကြည့်မလွှဲသေးပေ။
" အချစ်လေး ... သူတို့ကိုလွှတ်ပေးဖို့ ဝန်လေးနေလို့ ကိုယ့်ကို ဒီလိုကြည့်နေတာလား " ဝမ်ဟုန်က မျက်ခုံးပင့်လျက် မေးမြန်းလာသည်။
" မဟုတ်ပါဘူး ... ကျွန်မမှာ အဲလိုအတွေးမရှိဘူး ... "
ချန်ရုံက ခေါင်းယမ်းလျက် ချက်ချင်းတုံ့ပြန်လိုက်၏။
တိကျသောအဖြေကြောင့် ဝမ်ဟုန်က ပြုံးရယ်လျက် ခေါင်းငုံ့လာခဲ့ပြီး ချန်ရုံ၏ မျက်တောင်များအား ခပ်ဖွဖွနမ်းသည်။
" အချစ်လေး ... ကိုယ်မင်းအတွက် နဝမမြောက်မင်းသမီးကို လက်စားချေလိုက်ပြီ ... ပျော်ရဲ့လား "
ချန်ရုံ့ခမျာ ငိုရခက် ရယ်ရခက်ဖြစ်နေရှာ၏။သူသည် သူ့ဒေါသအားဖြေဖျောက်ရန်အတွက်နှင့် ထိုလူများအား နဝမမြောက်မင်းသမီးထံသို့ ပို့ဆောင်လိုက်ခြင်းမဟုတ်ပါလော။အဘယ်ကြောင့် သူမအတွက် လက်စားချေပေးခြင်းဖြစ်သွားရသနည်း။
နဝမမြောက်မင်းသမီးအကြောင်းတွေးမိသွားသောအခါတွင် အစ်ကိုဖြစ်သူ၏ကြေကွဲဖွယ်အခြေအနေအား ချန်ရုံ သတိရသွားလေ၏။သူမက ခေါင်းအမြန်ပြန်မော့လိုက်ပြီး ဝမ်ဟုန့်အား အလောတကြီးပြောလိုက်သည်။
" ချီလန် ... ကျွန်မ အစ်ကို့ကိုသွားတွေ့ရမယ် ... "
" မင်းထွက်သွားစရာ မလိုပါဘူး ... သူ့ကိုတွေ့ချင်ရင် ဒီခေါ်လိုက်မယ် ... "
ထိုအခါ ချန်ရုံက မျက်မှောင်ကြုတ်လျက် " ဒါပေမဲ့ အထိန်းတော်ဖျင်နဲ့တခြားသူတွေကိုလည်း တွေ့ချင်သေးတယ်လေ ... " ဟု ပြောသည်။
" သူတို့အားလုံး ကောင်းကောင်းနေနေကြပါတယ် ... "
ဝမ်ဟုန်က ချန်ရုံ့အား စကားဖြတ်ပြောပြီး သူမ၏ပါးပြင်အား ရွှတ်ခနဲတစ်ချက်နမ်းလိုက်သည်။
" လိမ္မာတဲ့သခင်မလေးကပဲ နောက်ထပ်သုံးရက်စောင့်ပေးနော် ... "
ဝမ်ဟုန်က တိုးတိုးလေးပြောလိုက်ပြီး ထိုနေရာမှ ဖြည်းညင်းစွာထွက်ခွာသွားတော့၏။
ချန်ရုံမှာ အဝေးမှဝမ်ဟုန်၏ကျောပြင်အား စိုက်ကြည့်နေရင်းဖြင့် ရယ်ချင်သလိုလို စိတ်ဆိုးလာသလိုလို ခံစားလိုက်ရသည်။ထိုလူငယ်များအား ဤမျှလောက်အထိ အာရုံစိုက်နေရန်လိုအပ်ပါသလော။သူမအား အပြင်ထွက်ခွင့်မပြုသေးဘဲ ထိုသူများအား ပထုတ်ရန် သုံးရက်တာစောင့်ခိုင်းထားသေးသည်။ဤလူကတော့ ကပ်သီးကပ်ဖဲ့ဆန်လွန်းပေ၏။
ဝမ်ဟုန် ထွက်ခွာသွားပြီးနောက်တွင် ချန်ရုံသည် အိမ်စေများအား ဆင့်ခေါ်ကာ သလွန်တော်နှင့်တကွ ဗျပ်စောင်းအား အိမ်တော်ဝင်းထဲသို့ ရွှေ့ထုတ်လာစေခဲ့၏။
ထို့နောက်တွင် သူမက သလွန်ထက်၌ မှီထိုင်လျက် တေးသွားနှစ်ခုကို တီးခတ်ခဲ့ကာ နံဘေးနားမှ ချောမောလှပသောအိမ်စေအား လှမ်းကြည့်သည်။
" ဒီနေ့ လူတွေဘာတွေပြောနေကြလဲ ... "
အစေခံမိန်းကလေးက နားမလည်ဟန်ပြသောအခါ ချန်ရုံက ပြုံးလျက်သားဖြင့် ထပ်လောင်းဖြည့်စွက်ပြောကြားလေ၏။
" ချီလန်နဲ့ပတ်သတ်ပြီး ဘာတွေပြောနေကြတာလဲလို့ မေးတာ ... "
ထိုအခါ အစေခံငယ်က ဦးညွှတ်လျှောက်တင်လာသည်။
" စိတ်မပူပါနဲ့ သခင်မလေး ... အားလုံးအဆင်ပြေပြေရှိနေပါတယ် ... လူတွေအားလုံးက သခင်လေးပြောခဲ့တဲ့ ' ကြွက်စုတ် ' ဆိုတဲ့စကားကိုပဲ ရေရွတ်နေကြတယ် ... အရင်ကတည်းက သခင်လေးကို မနှစ်မြို့တဲ့သူတွေကတော့ ဓနဂုဏ်နဲ့ စည်းစိမ်ဥစ္စာကို မစင်လိုမျိုး သဘောထားပြီး အကြီးကျယ်ဆုံးမျိုးနွယ်စုရဲ့ခေါင်းဆောင်ရာထူးကို အသားပုပ်နဲ့ခိုင်းနှိုင်းခဲ့တဲ့အတွက် အပြစ်တင်နေကြပါတယ် ... အများစုကတော့ ဝမ်ချီလန်က တကယ့်ဖီးနစ်ငှက်အစစ်ပါပဲတဲ့ ... အသားစားနွယ်ပန်းပင်ကလွဲလို့ ဘယ်သူကမှ သူ့ကိုမြေပေါ်ကျအောင်မလုပ်နိုင်သလို ပန်းဝတ်ရည်မှမဟုတ်ရင် မသောက်သုံးတတ်တဲ့သူလို့ ချီးမွမ်းထောပနပြုနေကြပါတယ် ... "
" ဒါတွေကိုသိပြီးသားပါ ... တခြားနားဝင်ဆိုးတဲ့ အတင်းအဖျင်းတွေကိုပဲပြောပြ ..."
" မှန်လှပါ ... "
အစေခံဖြစ်သူက တိုးညင်းစွာဖြေကြားလိုက်ပြီး ဆက်လက်စကားဆက်ခဲ့လေသည်။
" သခင်လေးက မိန်းမတစ်ယောက်အတွက်နဲ့ သူ့ရဲ့မွန်မြတ်တဲ့ဖြစ်တည်မှုနဲ့ မျိုးနွယ်စုက အထက်တန်းစားစစ်သည်တော်တွေရဲ့ဘဝကို လျစ်လျူရှုထားတယ်လို့ ပြောနေကြတဲ့လူတွေလည်းရှိပါတယ် ... သူ့ကို ပြုစုပျိုးထောင်ပေးလာတဲ့ မျိုးနွယ်စုအကြီးအကဲအပေါ်လည်း ကျေးဇူးကန်းပါတယ်တဲ့ ... အကြီးအကဲတွေရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးရုံတင်မက စော်ကားတဲ့လူဆိုးတစ်ယောက်လို့သမုတ်နေကြပါတယ် ... ကျန့်ခန့်မင်းသားလုပ်ကြံခံရတာလည်း သခင်လေးနဲ့ဆက်စပ်နေတယ်လို့ ပြောကြပါတယ် ... နိမ့်ကျတဲ့မိန်းမတစ်ယောက်အတွက်နဲ့ မလျော်မကန်တာမှန်သမျှကို အမျိုးမျိုးကျူးလွန်နေပါတယ်တဲ့ ... "
ထိုအခါ ချန်ရုံတစ်ယောက် တုန်လှုပ်ခြောက်ခြားသွားသည်။
" ကျန့်ခန်းမင်းသားက လုပ်ကြံခံခဲ့ရတာလား ... "
" ဟုတ်ပါတယ် ... "
" အခုရော ဘယ်လိုနေလဲ ... "
" အသက်အန္တရာယ်တော့ရှိနေတုန်းပါ ... မကျော်ဖြတ်နိုင်မှာကို စိုးရွံ့မိပါတယ် ... "
ချန်ရုံက ခဏတာ အံ့အားသင့်သွားခဲ့ပြီး ခေါင်းမော့ကာ အလျင်စလိုမေးလာခဲ့သည်။
" ဒါဆိုချီလန်က တိုက်ခိုက်ခံရမှာလား ... "
နှုတ်ဖျားမှ အလိုလိုမေးခွန်းထွက်လာသည်နှင့် တစ်ပြိုင်နက် ချန်ရုံက ပြုံးလိုက်ပြီး " လူမှား မေးနေမိပြီပဲ ... " ဟု ထပ်မံရေရွတ်လိုက်လေ၏။
ချန်ရုံမှာ ဆက်လက် ထိုင်မနေနိုင်တော့ဘဲ ဗျပ်စောင်းကိုချကာ အိမ်တော်ဝင်းထဲသို့ လှည့်ပတ်လျှောက်လှမ်းနေတော့သည်။
" ဧကရာဇ်မင်းမြတ်ရဲ့ ကောလဟာလတွေရော ဘယ်လိုလဲ ... "
ချန်ရုံက အနောက်မှလိုက်ပါလာသောအစေခံမိန်းကလေးအား မေးမြန်းလိုက်၏။
ဤမိန်းကလေးမှာ လန်ယာဝမ်ချီ့ထံတွင် အမှုထမ်းနေသည့်အတွက် သာမန်လူများထံမှ ကွဲထွက်သောစွမ်းရည်တစ်ခုခုတော့ရှိပေမည်။
ထိုအခါအစေခံမိန်းကလေးက ခေါင်းငုံ့ပြီး ခပ်တိုးတိုးပြန်ဖြေသည်။
" ဧကရာဇ်မင်းမြတ်ကရယ်ပြီး ' ကြောင်သူတော်ကောင်ဝမ်ချီက အရင်တုန်းကတော့ အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းခဲ့ပေမဲ့ အခုတော့တခြားစီပါပဲလား ... ငါကိုယ်တော် သဘောကျတော်မူတယ် ... ' လို့ မိန့်ပါတယ်တဲ့ ... "
အစေခံမိန်းကလေးက ခေတ္တစကားရပ်လိုက်ပြီးနောက် ချန်ရုံ့အား ဆက်လက်ရှင်းပြသည်။
" ဧကရာဇ်မင်းမြတ်သဘောကျတဲ့အရာတွေကို ပညာရှိတွေက များသောအားဖြင့် မကြိုက်တတ်ပါဘူး ... "
ထိုအခါ ချန်ရုံက ခေါင်းတညိတ်ညိတ်ဖြင့် သလွန်တော်ထံသို့ ပြန်လည်ဦးတည်သွားခဲ့၏။ယင်းနောက်တွင် သူမက ဗျပ်စောင်းအား ပြန်လည်ကောက်ယူကာ စတင်တီးခတ်တော့လေသည်။ယခုတစ်ကြိမ် တေးသွားမှာ စိတ်ပူပန်ခြင်းအရာမှ အေးဆေးပျင်းရိသောအသွင်သို့တဖြည်းဖြည်းပြောင်းလဲသွားပြီး ပိုပို၍ တည်ငြိမ်သာယာလာသည်။
အိမ်စေဖြစ်သူမှာ ယင်းတေးသွားအားနားဆင်ရင်း တစ်ကိုယ်တည်းအံ့အားသင့်နေမိလေ၏။သူမက အဘယ်ကြောင့် အလွန်အေးဆေးတည်ငြိမ်နေနိုင်ရပါသနည်း။
ချန်ရုံက စိုးရွံ့ခြင်းမှာ အသုံးမဝင်ဟု တွေးတောနေခဲ့သည်အား အိမ်စေဖြစ်သူ မသိခဲ့ရှာပေ။ထို့ပြင် ဝမ်ဟုန်မှာ ဗျူဟာဆင်ခြင်းအရာ၌ အလွန်အစွမ်းထက်သောကြောင့် ရလဒ်ကို စောင့်ဆိုင်းခြင်းကသာ ပိုကောင်းပေမည်။
ဗျပ်စောင်းတေးသွားများကြားထဲ၌ ခြေသံအချို့ပျံ့လွင့်လာခဲ့ပြီး တေးဂီတပြီးဆုံးသွားချိန်တွင် ပြတ်သားသောလေသံတစ်သံထွက်ပေါ်လာသည်။
" သခင်မလေး ... သခင်မလေးရဲ့အစ်ကိုတော်က လာတွေ့ပါတယ် ... သူနဲ့အတူ အစေခံတွေလည်းပါပါတယ် ...ပြီးတော့ ချန်ဝေ့လို့ခေါ်တဲ့တစ်ယောက်ရောပါပဲ ... သခင်မလေးက သူ့ဝမ်းကွဲညီမလို့ပြောပါတယ် ... ပြန်ရောက်တာကိုကြားလို့ လာတွေ့တာပါတဲ့ ..."
ထိုအခါ ချန်ရုံက ဗျပ်စောင်းအား ဖြည်းညင်းစွာချလိုက်ပြီး ခေါင်းမော့လာခဲ့သည်။