အပိုင်း 239
Viewers 24k

Chapter 239
ငါသူ့ကို မလိုချင်တော့ဘူး



ချန်ရုံက မတ်တပ်ရပ်၍ ခဏမျှစဉ်းစားလိုက်သည်။

"သူတို့ဆီကို ကျွန်မသွားမယ်...သူတို့တွေက အပြင်လူတွေမဟုတ်တော့ တစ်ယောက်ချင်းစီ ခေါ်နေစရာမလိုပါဘူး..."

ချန်ရုံသည် လန်ယာဝမ်အိမ်တော်မှမဟုတ်သောကြောင့် အရေးပါသောနေရာသို့မရောက်သေးပေ။ ထို့ကြောင့် ချန်ရုံသည် သူမ၏ တာဝန်ဝတ္တရားများကို မမေ့မလျော့လုပ်ဆောင်၍ သူမ၏နေရာကို သိရမည်ဖြစ်သည်။

"ဟုတ်ကဲ့..."
အစေခံက ပြန်ဖြေ၍ ချန်ရုံ့အား အပြင်ခြံဝန်းဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။

ခြံဝန်းထဲသို့ရောက်သည်နှင့် စကားသံများကို ချန်ရုံကြားလိုက်ရသည်။ ချန်ဝေ့၏အသံက နူးညံ့၍ သာယာနေသည်။

"ကျွန်မနဲ့ ညီမဝမ်းကွဲတို့က အရမ်းချစ်ကြတာပါ...တောင်ပိုင်းကိုလာခဲ့တဲ့ လမ်းခရီးမှာတုန်းကဆိုရင် ကျွန်မတို့က အမြဲတမ်း တတွဲတွဲနေပြီး တစ်ယောက်ကိုတစ်ယောက် ကိစ္စတွေ အကုန်ပြောပြခဲ့ကြတာ...နန်ယန်မှာတုန်းကလည်း သူ့ရဲ့ အဆောင်က ကျွန်မနဲ့ ကပ်လျက်မှာလေ...ကျွန်မတို့ ဝမ်းကွဲညီအစ်မတွေစုပြီး လူကြီးတွေတားမြစ်ထားတာတွေကို အကုန်လုပ်ခဲ့ကြတာပေါ့...တကယ်ပျော်စရာအချိန်တွေပါပဲ..."

ချန်ဝေ့၏အသံက ချစ်စရာမိန်းမငယ်လေးတစ်ဦးက အတိတ်မှ ပျော်ရွှင်စရာကိစ္စများကို ပြန်လည်တမ်းတနေသကဲ့သို့ ပျော်ရွှင်၍ ရှက်နေပုံပေါက်နေသည်။

ထို့နောက် ချန်ဝေ့၏အသံက အံ့ဩသွားသကဲ့သို့ အသံပြောင်းသွားသည်။

"သခင်လေးဝမ်ဟုန်ရဲ့ အိမ်တော်က သခင်လေးလိုပဲ လှပပြီး ခန့်ညားလွန်းတာပဲနော်..."

ချန်ဝေ့က ပြောရင်းဖြင့် လည်ပင်းကိုဆန့်၍ ခြံဝန်းထဲသို့ လှမ်းကြည့်လိုက်သည်။

"ချီလန်က အရမ်းကို တခြားလူတွေနဲ့ မယှဉ်‌နိုင်အောင် ထူးကဲတဲ့လူဖြစ်ပေမယ့် ကျွန်မရဲ့ ဝမ်းကွဲညီမကလည်း ကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ပါ...ဟီးဟီး ညီမဝမ်းကွဲက စည်းမျဉ်းစည်းကမ်းတွေကို သိပ်မလိုက်နာတဲ့ပုံပေါ်ပေမယ့် သူ့မှာ သခင်လေးတောင်မသိနိုင်တဲ့ အရည်အချင်းတွေ အများကြီးရှိပါတယ်...ဪ နေပါဦး သခင်လေးကို ကျွန်မက အခု ဝမ်းကွဲအစ်ကိုလို့ခေါ်သင့်နေပြီမဟုတ်လား...ဟဲဟဲ သူ့ကို တခြားဘယ်သူကမှ အဲဒီလို မခေါ်ဖူးသေးဘူးထင်တယ်...နောက်တစ်ခေါက် သခင်လေးနဲ့ တွေ့ရင် အဲဒီလိုခေါ်ရမယ်..."

ထိုစကားကိုကြားသောအခါ ချန်ရုံက လမ်းလျှောက်နေသည်ကို ခဏရပ်၍ စိတ်ထဲမှ ကျိတ်ရယ်လိုက်သည်။

ချန်ဝေ့က ဝမ်ဟုန်နဲ့ တွေ့ရမယ်လို့ ထင်နေတာလား...

သို့သော်လည်း ထိုအချိန်၌ ချန်ရုံ၏စိတ်က အနည်းငယ် ထွေပြားနေမိသည်။ ဤကဲ့သို့သောအခြေအနေမျိုးသည်ယခင်ကလည်း အကြိမ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့ဖူးသည်ဟု ခံစားနေရသည်။ ယခင်ဘဝတုန်းက ချန်ဝေ့က ရန်မင်း၏ ကိုယ်လုပ်တော်ဖြစ်လာပြီးသောအခါ ချန်ဝေ့သည် ချန်ရုံ့ကို ဤကဲ့သို့သော ချီးမွမ်းမှုများဖြင့် အမြဲမပြတ် ချီးမွမ်းခန်းဖွင့်ခဲ့သည်။ ရန်မင်း၏ကိုယ်လုပ်တော်များထဲ၌ ချန်ဝေ့တစ်ယောက်ကသာ ချန်ရုံသည် ရန်မင်း၏ဇနီး သခင်မဖြစ်သည်ကို အသိအမှတ်ပြုထားသကဲ့သို့ ဖြစ်နေခဲ့သည်။

ထိုအတွေးမှတ်ဉာဏ်များကို စဉ်းစား၍ ချန်ရုံ ပြုံးလိုက်ကာ ခြေလှမ်းများကို မြန်လိုက်သည်။

ခြံတံခါးဝ၌ ချန်ရုံသည် ခေါင်းကိုလှည့်၍ ချန်ဝေ့အား လှမ်းကြည့်လိုက်သည်။ ချန်ဝေ့သည် ယခင်တွေ့ခဲ့သည့်အခေါက်များနှင့် မတူပဲ အနည်းငယ်ပုံစံပြောင်းနေသည်။ သူမသည် အနည်းငယ် ပိုပြည့်ဖြိုးလာ၍ ကြည်လင်သောအသားအရည်နှင့် ပေါင်ဒါခြယ်သထားသောမျက်နှာက အပျိုစင်လေးတစ်ဦးကဲ့သို့ ပန်းရောင်သမ်းနေသည်။

ချန်ဝေ့၏ဆံပင်ပုံစံကိုကြည့်၍ ချန်ရုံရယ်ချင်သွားမိသည်။ ချန်ဝေ့သည် ဆံပင်ကို လက်မထပ်ရသေးသည့် အပျိုစင်ကဲ့သို့ ထုံးဖွဲ့ထားလေသည်။

ချန်ဝေ့သည် အစေခံမိန်းကလေးနှင့်သာ စကားပြောနေသည်ဖြစ်သော်လည်း မျက်နှာကို အတတ်နိုင်ဆုံး ချိုသာစွာပြုံးထားသည်။ သူမ၏အဆင့်အတန်းနှင့်ဆိုလျှင် အစေခံများအား ဤကဲ့သို့ ချိုချိုသာသာဆက်ဆံပေးခြင်းက သူမအပေါ် အမြင်ကောင်းစေမည်မဟုတ်လား။ သို့သော်လည်း ကံမကောင်းစွာပင် ချန်ဝေ့စကားပြောနေသူက လန်ယာဝမ်အိမ်တော်မှ အစေခံဖြစ်နေသည်။ ထို့ကြောင့် ချန်ဝေ့ မည်မျှပင် ပြုံးပြနေပါစေ၊ အစေခံလေးက ကြွားဝါမာန်တက်သည့်ပုံစံမျိုးမရှိသော်လည်း ရိုသေသည့်အမူအယာနှင့်သာရပ်နေ၍ ဘာစကားမှတော့ ပြန်မပြောချေ။

ချန်ဝေ့က နူးညံ့စွာပြုံး၍ ဟန်ဆောင်မှုကင်းသောမိန်းကလေးကဲ့သို့ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သည်။

ထိုအချိန်၌ ချန်ရုံ့ကို လှမ်းမြင်လိုက်ရလေသည်။

ချန်ဝေ့ ရုတ်တရက် အေးခဲတောင့်တင်းသွားမိသော်လည်း အလျင်အမြန်ပင် ပြန်ပြုံးလိုက်သည်။ ချန်ဝေ့က ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည့်အချိန်တွင် ချန်ရုံသည် လှမ်းကြည့်နေသည်ကို ပြန်ရုတ်၍ တစ်ဖက်သို့လှည့်ကာ ဆက်လျှောက်သွားတော့သည်။ ချန်ဝေ့ကတော့ ချန်ရုံ၏ နောက်ကျောပြင်ကိုသာ ငေးကြည့်ရင်းကျန်ခဲ့လေသည်။

ချန်ဝေ့သည် ထွက်ခွာသွားသော ချန်ရုံ့ကို ဆွံ့အစွာငေးကြည့်နေမိသည်။ သူမသည် ချန်ရုံ့ကို လှမ်းတားလိုက်ချင်သော်လည်း သူမ လက်လှမ်းမမှီနိုင်သည့် ချန်ရုံ၏နောက်ကျောပြင်ကိုသာကြည့်၍ စကားလုံးများကို မျိုချလိုက်ရသည်။

ထိုအချိန်၌ ချန်ဝေ့နောက်သို့ အစေခံတစ်ဦးရောက်လာ၍ ပြုံးကာပြောလိုက်သည်။

"ခဏစောင့်ပါဦးနော်...သခင်မလေးမှာ တခြားတွေ့စရာကိစ္စတစ်ခုရှိနေလို့ပါ..."

အစေခံ၏ ယဉ်ကျေးသောအသံက အေးစက်မှုများလည်း ရောယှက်နေသောကြောင့် ချန်ဝေ့သည် မူးရီစွာဖြင့် အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ထိုအစေခံမိန်းကလေး၏မျက်လုံးများထဲ၌ ချန်ဝေ့ မရေတွက်နိုင်လောက်အောင် မြင်ဖူးခဲ့ပြီဖြစ်သော နှိမ်ချသည့် သနားညှာတာမှုမျိုးကို မြင်လိုက်ရသည်။ မြို့၏လမ်းများပေါ်၌ ကောလဟလများက ပျံ့နှံ့နေသော်လည်း ချန်ရုံတစ်ယောက် အဘယ်ကြောင့်များ အလွန်အဆင်ပြေနေသည့်ပုံ ဖမ်းနေရပါသနည်း။ ချန်ရုံ၏အစေခံကပင် မောက်မာသော မင်းသမီးကဲ့သို့ ပြု‌မူနေပေသည်။

ချန်ရုံသည် လောကအလယ်၌ သူမ တစ်ယောက်တည်းရှိသည်မဟုတ်လား။ ဝမ်ချီလန်က သူမကို ချစ်မြတ်နိုးသော်လည်း တိုင်းပြည်ရှိ အင်အားအကြီးဆုံးသော အိမ်တော်နှင့် ကျန့်ခန်းမှ အထက်တန်းမျိုးနွယ်များအားလုံးက သဘောမကျကြပေ။ ထို့ကြောင့် ဤကဲ့သို့သောအချိန်၌ ချန်ရုံတစ်ယောက် ကူကယ်ရာမဲ့နေသင့်သည်မဟုတ်လား။ သူမကို အဖော်ပြုပေးရန် ဆွေမျိုးများနှင့် မိတ်ဆွေများကို တမ်းတနေသင့်သည်မဟုတ်လား။

ခြေလှမ်းအနည်းငယ်လျှောက်ပြီးသောအခါ အရှေ့ခန်းမဆောင်ထဲ၌ ရင်းနှီးသောမျက်နှာအချို့ကို ချန်ရုံ မြင်လိုက်ရသည်။

သူမ၏အစ်ကိုက ဘယ်ဘက်၌ထိုင်နေ၍ အထိန်းတော်ဖျင်နှင့် အခြားလူများက အစ်ကို့နောက်၌ ထိုင်နေကြသည်။

ချန်ရုံ့ကို ပထမဆုံးလှမ်းမြင်လိုက်သူက အဖိုးစွင်းဖြစ်သည်။
"သခင်မလေး..."
အဖိုးစွင်းက လှမ်းခေါ်လိုက်ပြီးမှ ချန်ရုံ၏ ဆံပင်ထုံးဖွဲ့ထားပုံကို မြင်သောအခါ သက်ပြင်းချလိုက်သည်။

အဖိုးစွင်း၏အသံကြောင့် အခြားလူများကလည်း ချန်ရုံ့ဘက်သို့ လှည့်လာကြသည်။

ချန်ရုံက ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ သူမသည် အစ်ကို့ရှေ့သို့သွား၍ အရိုအသေပေးလိုက်ပြီးမှ ခေါင်းကိုမော့ကာ ပြောလိုက်သည်။
"အစ်ကို..."
ချန်ရုံ၏မျက်လုံးများ၌ မျက်ရည်များဝဲနေ၍ အသံကလည်း တုန်ယင်နေသည်။

"ညီမလေးရဲ့ အပြစ်တွေပါပဲ အစ်ကိုရယ်..."
ချန်ရုံက မျက်တွင်းများချောင်ကျနေသော သူမ၏အစ်ကိုကိုပြောလိုက်သည်။

"ကျွန်မရဲ့ အစောင့်တွေက အလုပ်ကိုကောင်းကောင်းမလုပ်ခဲ့လို့ ဒီလို စိတ်မကောင်းစရာအဖြစ်အပျက်တွေ ဖြစ်လာရတာ..."

ချန်ရုံ့အသံက နာကျင်မှုများဖြင့်ပြည့်နေသည်။ သူမ၏ ပင်ပန်းနေ၍ ညှိုးငယ်နေသော အစ်ကို့ကိုကြည့်၍ ချန်ရုံ နောင်တရလာမိသည်။ သူမသာ အစ်ကို့အား ဖိအားမပေးခဲ့ပါက ယခုကဲ့သို့ သားကိုဆုံးရှုံးလိုက်ရသောအိပ်မက်ဆိုးနှင့် အစ်ကိုကြုံတွေ့ရမည်မဟုတ်ချေ။

နောက်လအထိတောင် အစ်ကိုတောင့်ခံနိုင်ပါ့မလား...

သို့သော်လည်း ချန်ရုံသည် နောင်တများထဲ၌သာနစ်မြုပ်နေမည့်လူမဟုတ်ချေ။ ထို့ကြောင့် ချန်ရုံက ရုတ်တရက် ထပ်၍ တွေးလိုက်သည်။
မဖြစ်ဘူး...ချီလန်နဲ့စကားပြောပြီး အစ်ကို့ကို နာမည်အကြီးဆုံးသမားတော်နဲ့ပြပေးဖို့ အကူအညီတောင်းကြည့်ရမယ်...

ချန်မိသားစု၏အကြီးဆုံးသားဖြစ်သော သခင်ချန်သည် လက်ကိုဆန့်လိုက်၍ ချန်ရုံ၏လက်ကိုကိုင်ကာ နူးညံ့စွာပြောလိုက်သည်။

"ဒီလိုတွေဖြစ်ရတာ ညီမလေးနဲ့ ဘာမှမဆိုင်ပါဘူး အားရုံ...ဒါတွေက အဲဒီမြွေဆိုးမက ဘယ်လောက်တောင် အာဃာတတွေများနေတယ်ဆိုတာ မမြင်မိခဲ့တဲ့ အစ်ကို့ရဲ့အပြစ်ပါ..."

သခင်ချန်၏အသံက နာကျင်မှုများ၊ နောင်တရမှုများအပြင် ရွံရှာမှုနှင့်လည်း ပြည့်နေသည်။ ချန်ရုံက နှုတ်ခမ်းကို တင်းတင်းစေ့၍ ခေါင်းကို အထပ်ထပ်အခါခါငြှိမ့်လိုက်သည်။
"အစ်ကို အားတင်းထားပါနော်..."
ထို့နောက် ခဏရပ်လိုက်ပြီးမှ သေချာသတိထား၍ မေးလိုက်သည်။

"အဲဒီမိန်းမရော အခု ဘယ်လိုဖြစ်နေလဲဟင်..."

သူ၏ဇနီးဟောင်းနာမည်ကို ကြားလိုက်ရသည်နှင့် သခင်ချန်၏မျက်နှာမှ ကြွက်သားများက ဆတ်ခနဲ တွန့်သွားသည်။ သူ၏ ပိန်လှီလှသောမျက်နှာက နီရဲလာ၍ စကားလုံးများက လည်ချောင်းထဲ၌ တစ်ဆို့နေကြလေသည်။

လန့်သွားသော ချန်ရုံက သူမအစ်ကို၏လက်ကို အမြန်ကိုင်လှုပ်ကာ ခေါ်လိုက်သည်။
"အစ်ကို...အစ်ကို...အစ်ကို..."

ချန်ရုံ အထပ်ထပ်အခါခါခေါ်ပြီးသည့်အခါမှ သခင်ချန်သည် ပြန်စိတ်ငြိမ်သွားကာ ခပ်တိုးတိုးပြောလိုက်သည်။

"အဲဒီမြွေဆိုးမက သူဌေးတစ်ယောက်ရဲ့ အကာအကွယ်အောက်မှာ ရှိနေတယ်..."
သခင်ချန်က ခါးသီးစွာပြောလိုက်သည်။
"ငါ သူ့ကို ဘာမှလုပ်မရဘူး..."

"ဒီအကြောင်းတွေ တွေးမနေပါနဲ့တော့...ဒီကိစ္စကို ညီမလေးပဲ ကြည့်စီစဉ်လိုက်မယ်..."
ချန်ရုံက နှစ်သိမ့်လိုက်သည်။

ချန်အိမ်တော်၏သားအကြီးဆုံး သခင်ချန်က ခေါင်းငြှိမ့်ကာ စူးရဲစွာ ပြောလိုက်သည်။
"အားရုံ အဲဒီမိန်းမက သေဖို့ထိုက်တန်တဲ့မိန်းမပဲ..."

"အင်း...ကျွန်မ သူ့ကိုဖမ်းပြီး အစ်ကို ကြိုက်သလိုလုပ်ဖို့ အစ်ကို့လက်ထဲကို ထည့်ပေးမှာပါ..."

ထို့နောက် ချန်ရုံသည် သူမအစ်ကို၏လက်ကိုကိုင်၍ တိုးတိတ်စွာ ပြောလိုက်သည်။

"အစ်ကို...မြန်မြန်နေပြန်ကောင်းလာပြီး ကောင်းကောင်းမွန်မွန်ဆက်ရှင်သန်ရမယ်နော်...အစ်ကို့ရဲ့သားလေး မရှိတော့ရင်တောင် ညီမလေးရှိသေးတာပဲ..."

ချန်ရုံသည် သခင်ချန်အား နှစ်သိမ့်ရန်အတွက်သာ လိမ်ပြောနေခြင်းမဟုတ်ပေ။ ဤခေတ်အခါမှအမျိုးသမီးအားလုံးသည် သူမတို့၏ ဖခင်များနှင့် အစ်ကိုများ၏ ဂုဏ်သိက္ခာများကို အားကိုး၍ နေနေရခြင်းဖြစ်သည်။ ချန်ရုံက အိမ်တော်မှ ခွာထွက်လာခဲ့သောကြောင့်သာ သူမ၏ ဖခင်နှင့် အစ်ကိုတို့အား အားကိုးမနေရခြင်းဖြစ်သည်။ သို့သော် ထိုအကူအညီများမပါပဲ ယခု ချန်ရုံရောက်ရှိနေသည့်အနေအထားကြောင့် လူတိုင်းက အံ့ဩနေကြရပြီဖြစ်သည်။

သခင်ချန်က မူးဝေသည့်အကြည့်ဖြင့် ချန်ရုံ့အား မော့ကြည့်လိုက်သည်။

သူသည် ချန်ရုံ့အား ထုံထိုင်းသည့်မျက်လုံးများဖြင့် အချိန်အတော်ကြာ ငေးကြည့်နေပြီးမှ သူ့ဘာသာသူ တိုးတိုးပြောလိုက်သည်။

"ဟုတ်တယ် ငါက အားရုံရဲ့အစ်ကိုပဲ...အခု အားရုံက အခက်အခဲတွေ တွေ့နေတာ ငါသူ့ကို ကူညီရမယ်..."
ထိုသို့ပြောပြီးသောအခါ သခင်ချန်သည် လက်ကိုမြှောက်၍ သူ့မျက်နှာကိုသူ နှစ်ချက် ရိုက်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မျက်နှာ၌ နီရဲသောလက်ဝါးရာနှစ်ခုပေါ်လာလေသည်။

သခင်ချန် ခေါင်းကို ပြန်မော့လိုက်သောအခါ သူ၏ညှိုးနွမ်းနေသောမျက်နှာ၌ အလင်းရောင်အချို့ကို မြင်လိုက်ရလေသည်။

အနောက်မှ အစေခံများက တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြချိန်တွင် ချန်ရုံ၏မျက်လုံးများက နီရဲလာကြသည်။ အစ်ကိုသည် သူမ၏ သွေးသားရင်းချာပင်မဟုတ်လား။ အစ်ကိုသည် သူ့ဘဝ၏အဆိုးရွားဆုံးသောအချိန်ကိုရောက်၍ အလွန်စိတ်ဓာတ်ကြေကွဲနေရသော်လည်း အပြင်မှ ထန်နေသော မုန်တိုင်းများ၏ရန်မှ ချန်ရုံ့ကို ကာကွယ်ပေးချင်နေဆဲဖြစ်သည်။

သခင်ချန်၏စိတ်အခြေအနေက အနည်းငယ်တည်ငြိမ်လာသောကြောင့် လူတိုင်း သက်ပြင်းချနိုင်လာကြသည်။ နာရီဝက်ခန့်ကြာပြီးသောအခါ ချန်ရုံသည် အထိန်းတော်ဖျင်နှင့် အခြားလူများကို ကြည့်လိုက်သည်။

ထိုနေ့က မည်သူမျှ မထိတ်လန့်နိုင်ခင် ချန်ရုံ အလျင်အမြန်ထွက်လာခဲ့ခြင်းဖြစ်သည်။ ဝမ်ဟုန်က အခြေအနေများကို ရှင်းပြရန် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့သည်။ သို့သော်လည်း အခြားလူများက မထိတ်လန့်စေကာမူ ကျန့်ခန်းမှလူများက ချန်ရုံ့ကို လိုက်မရှာပဲနေနေကြသည်တော့ မဟုတ်ချေ။ ဧကရာဇ်မင်းမြတ်သည်ပင်လျှင် ချန်ရုံ့အကြောင်းကိုစုံစမ်းရန် ခြေမြန်တော်အား နှစ်ကြိမ်မျှပင် စေလွှတ်ခဲ့သည်။

ဧကရာဇ်မင်းမြတ် ဘာတွေ တွေးနေသည်ကို မည်သူမှ မသိကြပါ။ ခြေမြန်တော်အား ဒုတိယအကြိမ်စေလွှတ်၍ ချန်ရုံ့ကိုခေါ်သွားသူမှာ ဝမ်ဟုန်ဖြစ်သည်ကို သိသောအခါ နောက်တစ်နေ့၌ ချက်ချင်းပင် ချန်ရုံ့အား ဆုချထားသော ရွာငယ်လေးဆီသို့ ချောမောသည့်လူငယ်ဆယ်ဦးကို ‌လွှတ်ခဲ့သည်။ ထိူလူငယ်များအားလုံးသည် သာမာန်အဆင့်အတန်းမှ မွေးဖွားလာကြသူများဖြစ်သော်လည်း တစ်ဦးချင်းစီသည် ချောမော၍ အိန္ဒြေသိက္ခာအပြည့်ရှိကာ ယဉ်ကျေးသောအပြုအမူများ၊ အရည်အချင်းများနှင့် ပြည့်စုံကြလေသည်။ ထိုလူငယ်များက ရွာငယ်လေးဆီသို့ ပြောင်းရွှေ့နေထိုင်သည်နှင့် တစ်ပြိုင်နက် အိမ်တော်ဆီမှ ဂီတသံများဖြင့် မှိုင်းရီယစ်မူးနေသော မိန်းမပျိုလေးများကို ရွာပြင်၌ မရေတွက်နိုင်လောက်အောင် တွေ့ရပေသည်။

ဝမ်ဟုန်ကဲ့သို့ နာမည်ကျော်ကြားသော ရှဲ့ဟယ်ထင်းသည်ပင်လျှင် ချန်ရုံ၏ရွာငယ်လေးဆီသို့ရောက်လာ၍ ထိုလူငယ်လေးများနှင့် စကားပြောဆိုခဲ့သည်။ ထိုနေ့၌ ရွာငယ်လေး၌ ရယ်သံများဆူညံ၍ အုန်းအုန်းကျွက်ကျွက် အသက်ဝင်နေခဲ့သည်။

ထိုအကြောင်းများကိုပြောနေရင်းဖြင့် အထိန်းတော်ဖျင်သည် ချန်ရုံ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"မမလေး...မမလေးရဲ့ရွာက တကယ်ကို လူစည်ကားနေတာနော်...ရွာထဲမှာလည်း ဂီတသံတွေ ဆူညံပြီး ရွာပြင်မှာလည်း မိန်းကလေးတွေရှိနေတာ...နေ့တိုင်း လူတွေက ရွာလေးကို တမင်သက်သက်ကို လာကြည့်နေကြရတာ..."

ချန်ရုံ၏စိတ်က အခြားရောက်နေသည်ကို မြင်သောအခါ အထိန်းတော်ဖျင်က မနေနိုင်ပဲ ခေါ်လိုက်သည်။
"မမလေး...မမလေး...တစ်ခုခုပြောပါဦး..."
အထိန်းတော်ဖျင်သည် ချန်ရုံ၏ ခပ်မြင့်မြင့်ဆံပင်ထုံးဖွဲ့ထားပုံကိုကြည့်၍ တစ်ခုခုပြောချင်နေသော်လည်း ပါးစပ်ကို ထိန်းထားလိုက်သည်။

ချန်ရုံက ငေးကြောင်နေရာမှ အသိပြန်ဝင်လာကာ ပြုံး၍ တွေးလိုက်သည်။
ဒါက တကယ့်ကို ထူးခြားတဲ့ကိစ္စကြီးလား...အထိန်းတော်ဖျင်ပြောပုံအရဆိုရင် အဲဒီလူငယ် ဆယ်ယောက်ထဲမှာ တော်တော်ကို ထူးခြားထက်မြက်တဲ့လူငယ်လေးတွေလည်း ပါပုံပဲ...သူတို့တွေကို ကိုးယောက်မြောက်မင်းသမီးရဲ့လက်ထဲထည့်လိုက်ရမှာ နှမျောစရာပဲ...မဖြစ်ပါဘူး...ဒီကိစ္စကို ငါ ချီလန်နဲ့ တိုင်ပင်မှပါ...

ချန်ရုံက အတွေးများနေ၍ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးကာမှ အထိန်းတော်ဖျင်က လူတိုင်းသိချင်နေသောကိစ္စကို မေးလိုက်သည်။
"မမလေး...မမလေးနဲ့ ချီလန်က..."
အထိန်းတော်ဖျင်သည် သတ္တိမွေး၍ ချန်ရုံ၏ဆံပင်ထုံးဖွဲ့မှုကို ကြည့်ကာ မေးလိုက်သည်။
"ချီလန်က မမလေးကို ဇနီးအဖြစ် သတ်မှတ်လိုက်ပြီလား..."

ချက်ချင်းပင် လူတစ်ဒါဇင်ခန့်က ချန်ရုံ့အား လှည့်ကြည့်လိုက်ကြသည်။ တစ်ချိန်လုံး ခေါင်းငုံ့ထားသော သခင်ချန်သည်ပင် မော့ကြည့်လိုက်သည်။

ချန်ရုံက ပြုံး၍ ခေါင်းကိုခါကာ ပြောလိုက်သည်။
"ဟင့်အင်း...ဒီကိစ္စကို စိတ်ပူစရာမလိုပါဘူး..."
ထို့နောက် ချန်ရုံက ဆံထိုးကိုဆွဲဖြုတ်၍ ဆံထုံးကို ဖြေလိုက်သည်။

"ကျွန်မတို့က ကျန့်ခန်းမှာဆိုတော့ ဆံပင်ကို ဒီလိုလုပ်ထားတာ မသင့်လျော်ပါဘူးလေ..."

ချန်ရုံသည် ဆံထိုးကို အင်္ကျီလက်ထဲ ထည့်သိမ်းလိုက်၍ နက်မှောင်သောဆံပင်ကို ဖြေချထားလိုက်သည်။

ထို့နောက် ထိုင်နေရာမှ ထ၍ ပြုံးကာပြောလိုက်သည်။

"အစ်ကို...အထိန်းတော်...သွားကြရအောင်လေ..."

သခင်ချန်က ကြောင်တောင်တောင်ဖြစ်နေဆဲဖြစ်သော်လည်း အထိန်းတော်ဖျင်နှင့် အခြားလူများကတော့ ပြန်ဖြေလိုက်ကြသည်။
"ဟုတ်ကဲ့..."

ချန်ရုံသည် ကျယ်ဝန်းသောအင်္ကျီလက်များကို လှုပ်ခါ၍ ချန်ဝေ့စောင့်နေသောနေရာသို့ လျှောက်သွားလိုက်သည်။