Chapter 240
အစေခံများကလည်း ချန်ရုံ့နောက်မှလျှောက်၍ ချန်ရုံ၏အိန္ဒြေရှိလှသော ကိုယ်ဟန်ကို ငေးကြည့်နေကြသည်။ အိမ်စေတစ်ဦးက မနေနိုင်ပဲပြောလိုက်မိသည်။
"ကျွန်မတို့ရဲ့သခင်မလေးက နှင်းဆီပန်းလိုမျိုး အလှအပနဲ့ ကြာပန်းလိုမျိုးအငွေ့အသက်တွေရှိနေတာပဲ...တကယ်ကို အထက်တန်းလွှာက အမျိုးသမီးနဲ့တူပါတယ်..."
အိမ်စေပြောလိုက်သည့်စကားက လူတိုင်းပြောချင်နေသည့်စကားဖြစ်သည်။ ချန်ရုံ့အား မတွေ့ရသည့် လအနည်းငယ်အတွင်းတွင် ချန်ရုံသည် အထက်တန်းလွှာများ၌သာတွေ့ရသော အပြုအမူ၊ ပုံစံများဖြင့် သိမ်မွေ့လာသည်။ ဧကရာဇ်၏ အာရုံစူးစိုက်ခံရမှုက ချန်ရုံ့အား ပြောင်းလဲစေခဲ့ခြင်းဖြစ်ပေလိမ့်မည်။
မီးလျှံငှက်နား၌နေသူများက အနီရောင်သမ်း၍ မင်နား၌နေသူများက အမည်းရောင်စွဲကပ်သည် သူသော ဆိုရိုးစကားရှိသည်ကိုတော့ အစေခံများ မသိကြပါ။ ယခုလည်း ချန်ရုံသည် ဝမ်ဟုန့်နား၌နေရင်းဖြင့် ဝမ်ဟုန်၏ အထက်တန်းကျသောအပြုအမူများ စွဲကပ်လာခြင်းဖြစ်သည်။ အတိတ်တုန်းကတော့ ချန်ရုံသည် ဝမ်ဟုန့်အား အဝေးမှသာ ငေးကြည့်ခဲ့ရ၍ ဝမ်ဟုန်ကလည်း ချန်ရုံ့ကို ကြင်နာစွာဆက်ဆံသော်လည်း အနည်းငယ် နှိမ်ချသကဲ့သို့ဖြစ်နေရာ ချန်ရုံသည် သူမကိုယ်သူမ ယုံကြည်မှုမရှိခဲ့ပေ။ လွန်ခဲ့သည့် လအနည်းငယ်တွင်တော့ ဧကရာဇ်၏ စိတ်ဝင်စားမှုကို ခံနေရသည်မှာ ချန်ရုံဖြစ်၍ ဝမ်ဟုန်က ကြောက်စိတ်များဖြင့် ချန်ရုံ့ကိုပင် အဝေးသို့ ခေါ်သွားခဲ့ရလေသည်။ အတူတူရှိနေစဉ်တွင်လည်း ဝမ်ဟုန်သည် ချန်ရုံ့အပေါ် သဝန်တိုမှုများကို ထုတ်ဖော်ပြ၍ ချန်ရုံ့ကိုလည်း တန်းတူအနေဖြင့် ဆက်ဆံခဲ့သည်။ ချန်ရုံ တန်ဖိုးအထားရဆုံးနှင့် အချစ်ရဆုံးသောလူထံမှ လေးစားမှုကို ရရှိခြင်းသည် စိတ်ဓာတ်ရေးရာကို ပြင်ဆင်ပေးနိုင်ရန် အကောင်းဆုံးဆေးတစ်ခွက်ဖြစ်သည်။ ထို့ကြောင့် ချန်ရုံသည် သူမကိုယ်သူမ သတိမထားမိခင်မှာပဲ ယုံကြည်မှုများပြည့်ဝလာကာ အပြောအဆို၊ အပြုအမူများ၌လည်း သိသာလာခဲ့သည်။
ချန်ရုံသည် အနောက်မှ လူအုပ်အား ပန်းခြံထဲရှိ ရေကန်လေးဆီသို့ ဦးဆောင်ခေါ်သွားလိုက်သည်။ ထို့နောက် သူမ၏အစ်ကိုဘက်သို့ လှည့်၍ စကားအနည်းငယ်ပြောလိုက်ပြီးမှ အမိန့်ပေးလိုက်သည်။
"အဲဒီမိန်းမကို ဒီကို ခေါ်လာခဲ့ပါ..."
"ဟုတ်ကဲ့..."
အစေခံ ထွက်ခွာသွားပြီးမကြာခင်မှာပင် မဝံ့မရဲနှင့် အားနည်းပုံပေါက်နေသော ချန်ဝေ့က ချန်ရုံ့ရှေ့၌ ပေါ်လာလေသည်။
ချန်ဝေ့ကိုမြင်သည်နှင့်တစ်ပြိုင်နက် အထိန်းတော်ဖျင်က အံ့အားသင့်သွားကာ ပင့်သက်ရှိုက်လိုက်သည်။ အထိန်းတော်ကြီးသည် ချန်ရုံ့အား မေးမည်လုပ်လိုက်သော်လည်း တိုက်ခတ်နေသောလေထဲ၌ ရပ်နေသော ချန်ရုံ့အားမြင်သောအခါ ပြောချင်နေသောစကားများကို ပြန်မျိုချလိုက်မိသည်။
မမလေးနဲ့ပြန်တွေ့ရတော့ ဘာဖြစ်လို့မှန်းမသိ အရင်လို စိတ်ထဲပေါ်လာသမျှကို မပြောရဲတော့ပါလား...
ချန်ဝေ့သည် ချန်ရုံနှင့်တကွ သူမနောက်မှရပ်နေသော ရင်းနှီးသည့်မျက်နှာများကို လှမ်းကြည့်လိုက်သည်။
နှုတ်ခမ်းများကိုဖိကိုက်လိုက်သော်လည်း ချန်ဝေ့၏ခြေလှမ်းများကတော့ နှေးမသွားပေ။ ချန်ဝေ့သည် ပြန်လှည့်ထွက်ရန် တွေးလိုက်မိသော်လည်း လှည့်ထွက်၍မရမှန်း သိနေသည်။ ချန်ရုံသည် ယခင်ကချန်ရုံမဟုတ်တော့သောကြောင့် ချန်ဝေ့သည်လည်း သူမလုပ်ချင်သကဲ့သို့ လုပ်၍မရတော့ချေ။
ချန်ဝေ့က ချန်ရုံ့နားသို့ လျှောက်လာချိန်တွင် ချန်ရုံက တိတ်တဆိတ်ကြည့်နေသည်။ ချန်ဝေ့သည် ချန်ရုံ့အား ရင်းနှီးမှုပါသည့် စကားပြောချင်သော်လည်း ချန်ရုံ၏မျက်လုံးများနှင့် ဆုံမိသောအခါ ချန်ဝေ့သည် မိမိကိုယ်ကိုယ် သတိမထားလိုက်မိခင်မှာပင် ခေါင်းကိုငုံ့၍ အရိုအသေပေးလိုက်သည်။
"မင်္ဂလာပါ တော်ဝင်အိမ်တော်ဝန်သခင်မလေး..."
ချန်ဝေ့သည် ထိုစကားတစ်ခွန်းပြောလိုက်ပြီးချိန်မှာပင် နောင်တရသွားမိသည်။
နင် ဘာပြောရမလဲဆိုတာကို ကြိုမစဉ်းစားထားဘူးလား...ဘာဖြစ်လို့ ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ထူးဆန်းသွားသလိုကြီး ပြောလိုက်ရတာလဲ...
ချန်ရုံက ခေါင်းငြှိမ့်၍ ပျင်းရိသည့်အသံဖြင့် ပြောလိုက်သည်။
"ဒီလိုကြီး ရပ်မနေပါနဲ့...ထိုင်ပါ..."
ချန်ရုံ၏အသံက အပေါ်စီးမှပြောလိုက်သည့်အသံပေါက်နေသည်။ ချန်ဝေ့က ထိုစကားကိုကြားသောအခါ ဒေါသထွက်သွားမိသော်လည်း စိတ်ကိုလျှော့လိုက်ရသည်။ သူမ၌ ချန်ရုံပြောသည်ကို နာခံ၍ နောက်သို့ဆုတ်ကာ ထိုင်ရုံမှတစ်ပါး အခြားလုပ်နိုင်စရာ ဘာမှမရှိတော့သည်မဟုတ်လား။
ချန်ရုံကတော့ မထိုင်ပေ။ သူမသည် တစ်ဖက်သို့လှည့်၍ ရေကန်အားငေးကြည့်ကာ တိုးတိတ်စွာမေးလိုက်သည်။
"နင် ငါ့ကို တွေ့ဖို့လာခဲ့တာလား..."
"ဟုတ်ကဲ့..."
ချန်ဝေ့က ပြန်ပြောလိုက်သည်။ ခဏကြာသောအခါ ချန်ဝေ့က ချန်ရုံ့အားမော့ကြည့်၍ ပြုံးကာ ခေါ်လိုက်သည်။
"အားရုံ..."
ချန်ရုံက ဖြတ်ပြောလိုက်သည်။
"ငါ့ကို တော်ဝင်အိမ်တော်ဝန်လို့ပဲ ခေါ်ပါ..."
ချန်ဝေ့က ဆို့နင့်သွား၍ အပြုံးကလည်း အေးခဲသွားသည်။
ချန်ရုံက ချန်ဝေ့ဘက်သို့ ပြန်လှည့်ကာ ပြုံး၍ ပေါ့ပါးစွာမေးလိုက်သည်။
"ဒီတစ်ခေါက်က ငါ့ကို ရန်မင်းအကြောင်းမေးဖို့ရောက်လာတာလား..."
ချန်ဝေ့က ခေါင်းကို အမြန်ခါကာ ပြောလိုက်သည်။
"မဟုတ်ပါဘူး...မဟုတ်ပါဘူး...အဲဒီလူရိုင်းနဲ့ ငါနဲ့က ဘာမှမပတ်သတ်တော့ပါဘူး...နင်မသိဘူးလား အားရုံ...အဖေက ငါတို့နှစ်ယောက် ကွာရှင်းဖို့ကို သဘောတူပေးလိုက်ပြီလေ..."
ချန်ရုံ၏မျက်လုံးများက ပြူးကျယ်သွားသည်ကို ကြည့်၍ ချန်ဝေ့သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြုံးလိုက်သည်။
"သူ့ကို အားရုံက အရင်တုန်းတည်းက မလိုချင်ခဲ့ဘူးလေ...အခု ငါလည်း မလိုချင်တော့ဘူး...အားရုံ ငါ ရန်မင်းနဲ့ ခွဲခွာဖို့ ဆုံးဖြတ်လိုက်ပြီးတည်းက ငါ့တစ်ကိုယ်လုံး အသက်ပြန်ရှင်လာသလိုပဲ...တကယ်ပါပဲ ငါ ဘာဖြစ်လို့ အရင်က အဲဒီလောက်တောင် တုံးအခဲ့ရလဲ မသိပါဘူး..."
မျက်လုံးများပြူးကျယ်၍ သူမ အား နားမလည်သလိုကြည့်နေသော ချန်ရုံ့ကို မြင်သောအခါ ချန်ဝေ့သည် မျက်တောင်တစ်ချက်ခတ်၍ ခေါ်လိုက်သည်။
"အားရုံ...အားရုံ..."
ချန်ဝေ့က အကြိမ်ကြိမ်အခါခါခေါ်နေသော်လည်း ချန်ရုံကတော့ ငေးကြောင်နေဆဲပင်ရှိနေသည်။
ချန်ဝေ့တစ်ယောက် ရန်မင်းအား ဤမျှလွယ်လွယ်နှင့် လက်လျှော့လိုက်လိမ့်မည်ဟု ချန်ရုံ မထင်ထားခဲ့ချေ။ ရန်မင်းအပေါ်ထားရှိသော ချန်ဝေ့၏အချစ်များက အလွန်ကြီးမားနက်ရှိုင်းသည်မဟုတ်လား။ ချန်ဝေ့သည်...ရန်မင်းကို အလွန်ချစ်ခဲ့သည်လေ။ ချန်ရုံနေခဲ့သော ဘဝနှစ်ခုလုံးတွင် ချန်ယွမ်၏ မျက်နှာသာပေးမှုကြောင့် ချန်ဝေ့သည် ရန်မင်းအား လက်မထပ်နိုင်စေခဲ့ပါမူ သူမ လက်ထပ်ချင်သော မည်သည့်ပညာရှိကိုမဆို ခေါင်းခေါက်ရွေးနိုင်သောအနေအထားရှိသည်။ သို့သော်လည်း ချန်ဝေ့သည် ထိုဂုဏ်သတင်းများအားလုံးကို နင်းချေ၍ ကိုယ်လုပ်တော်အနေနှင့်သာဖြစ်စေ ရန်မင်းကိုသာလက်ထပ်ခဲ့သည်။
အတိတ်ဘဝမှပုံရိပ်များက ချန်ရုံ့ခေါင်းထဲ၌ အပြေးအလွှားပေါ်လာကြသည်။ ရန်မင်းနှင့်အတူရှိနေချိန်များဆိုလျှင် ချန်ဝေ့သည် အမြဲပင် ချစ်ခင်ကြင်နာမှုများ၊ ယုံကြည်ကိုးစားမှုများဖြင့် ပြည့်နေခဲ့သည်။ ရန်မင်းကို ချန်ဝေ့အလွန်ချစ်သည်မှာ သိသာထင်ရှားပေသည်။
ချန်ရုံသည် သူမရှေ့မှ ကျန်းမာရေးကောင်းသောကြောင့် ဝင်းဝါစိုပြေနေသော အသားအရည်နှင့် အသက်ဓာတ်များဖြင့် ရွှန်းလဲ့တောက်ပနေသောမျက်လုံးများရှိနေသော ချန်ဝေ့အား ကြည့်လိုက်သည်။ သူမတို့ နောက်ဆုံးတွေ့ခဲ့သည့် အခေါက်နှင့်ယှဉ်လျှင် ချန်ဝေ့သည် သိသိသာသာပင် ပြောင်းလဲနေလေသည်။ ယခုကြည့်ရသည်မှာလည်း ချန်ဝေ့သည် ရင်ထဲမှ စစ်မှန်သောစကားများကိုပြောနေဟန်တူသည်။
သို့သော်လည်း ရန်မင်းကိုရရန် ချန်ဝေ့တစ်ယောက် သွေးရူးသွေးတမ်းဖြင့် လုပ်နိုင်သည်များကို အကုန်လုပ်ခဲ့ပြီးမှ ယခုကဲ့သို့ လွယ်လွယ်နှင့် ဘယ်လိုများ မေ့ပစ်လိုက်နိုင်ပါသနည်း။
ဤကဲ့သို့သော ချန်ဝေ့ကို အရင်ဘဝတုန်းက ချန်ရုံ ရှုံးနိမ့်ခဲ့သည်လား။
ထိုအကြောင်းကိုစဉ်းစားရင်းဖြင့် ချန်ရုံသည် နွမ်းလျစွာ ပြုံးလိုက်မိသည်။
ချန်ဝေ့က ချန်ရုံ့အား နားမလည်စွာ ကြည့်နေသည်။ ချန်ရုံ့မျက်နှာက အလွန်ထူးဆန်းနေပေသည်။
နှုတ်ခမ်းများကို တင်းတင်းစေ့၍ ချန်ဝေ့က ထပ်ပြုံးကာပြောလိုက်သည်။
"အားရုံ...အားရုံ..."
ထိုအခါမှသာ ချန်ရုံလည်း လှုပ်ရှားလာ၍ ချန်ဝေ့ကိုကြည့်ကာ အံ့ဩစွာမေးလိုက်သည်။
"နင် ဘာဖြစ်လို့ ရန်မင်းကို မလိုချင်တော့တာလဲ..."
"ဘာဖြစ်လို့လဲဆိုတော့ နင်မလိုချင်တော့လို့လေ..."
ချန်ဝေ့က ရွှင်ပျသောအမူအယာဖြင့်ပြောလိုက်သည်။
"သူက ဘာယဉ်ကျေးမှုမှမရှိတဲ့ သာမာန်အတန်းအစားက လူတစ်ယောက်ပဲလေ...ရဲရင့်ပြီး ချောမောပေမယ့် ကျန့်ခန်းကလမ်းမတွေပေါ်မှာ သူ့ထက်ပိုသာတဲ့ ပညာရှိတွေမှ အများကြီးပဲကို..."
ချန်ရုံက ဖြတ်၍ဝင်ပြောလိုက်သည်။
"တပ်မှုးရန်က ဂုဏ်သိက္ခာရှိတဲ့လူတစ်ယောက်ပါ...သူ့ထက်ပိုပြီး လေးစားစရာကောင်းတဲ့လူမျိုး ဒီကမ္ဘာမှာ လက်ချိုးရေလို့တောင်ရတယ်..."
ချန်ဝေ့သည် ရန်မင်းနှင့် ပြတ်စဲခဲ့သည့်အကြောင်းကို ပျော်ရွှင်စွာ ပြောနေဆဲဖြစ်၍ ချန်ရုံက ဤကဲ့သို့ ရန်မင်းကိုကာကွယ်ပေးသောစကားမျိုးကို ဖြတ်ပြောလိမ့်မည်ဟု မထင်ထားခဲ့မိချေ။ ထို့ကြောင့် ချန်ဝေ့လည်း စကားတိတ်သွားကာ ဆက်ပြောမည့်စကားများသည်လည်း လည်ချောင်းထဲ၌ပင် တစ်ဆို့သွားရလေသည်။
ချန်ဝေ့သည် ချန်ရုံ့အား မယုံနိုင်စွာ ငေးကြည့်နေမိသည်။
အားရုံက ရန်မင်းကို မလိုချင်တော့ဘူးလို့ ငါထင်ခဲ့တာလေ...သူက အခုမှ ဘာဖြစ်လို့ ရန်မင်းကို ချီးမွမ်းနေရတာလဲ...
အချိန်အတော်ကြာသည့်အခါမှ ချန်ဝေ့သည် မျက်လုံးထောင့်မှနေ၍ လူတစ်ယောက်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသည်။ ထို့နောက် ချက်ချင်းပင် အသံကိုမြှင့်ကာ အံ့အားသင့်၍ မယုံနိုင်သည့်အသံဖြင့် အော်ပြောလိုက်သည်။
"နင် ဘာဖြစ်လို့ ရှီမင်းကို မြှောက်ပင့်ပြောနေတာလဲ အားရုံ...သူက ယဉ်ကျေးမှုမရှိတဲ့လူတစ်ယောက်ကလွဲပြီး ဘာမှမပိုဘူးလေ...ကျန့်ခန်းက တခြားအထက်တန်းလွှာတွေမပြောနဲ့...ချီလန်ရဲ့ဖိနပ်ကိုသယ်ပေးဖို့တောင် အဆင့်မရှိတဲ့လူပါ..."
"ပါးစပ်ပိတ်စမ်း..."
ချန်ဝေ့၏စကားကိုကြားသောအခါ ချန်ရုံက အော်လိုက်သည်။
ထို့နောက် ချန်ရုံသည် ခေါင်းကိုမော့၍ ချန်ဝေ့ကို ရွံရှာသည့်အကြည့်ဖြင့်ကြည့်ကာ ရွံရှာစွာပြောလိုက်သည်။
"ချန်ဝေ့...ယဉ်ကျေးမှုမရှိဘူးလို့ နင်ခေါ်လိုက်တဲ့ ရှီမင်းက နင် သူ့နောက်ကနေ သေအတူ ရှင်မကွာလိုက်ပါမယ်လို့ ကတိပေးပြီး လက်ထပ်ထားတဲ့ နင့်ရဲ့ ယောင်္ကျားဆိုတာကိုလည်း သတိရဦးနော်..."
ချန်ဝေ့၏မျက်နှာက နီရဲသွားသည်။ ချန်ရုံက သက်ပြင်းချကာ တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။
"ချီလန်က လေးစားစရာကောင်းတဲ့လူပါ...ရန်မင်းလည်း အတူတူပဲ...သူတို့နှစ်ယောက်လုံးက လူတိုင်းအတုယူသင့်တဲ့လူတွေမို့လို့ ဘယ်သူက ဘယ်သူ့ဖိနပ်ကို ကိုင်ခွင့်မရဘူးဆိုတဲ့ နှိမ့်ချတဲ့စကားတွေ မသုံးနှုန်းသင့်ဘူး..."
ချန်ရုံ၏အသံက လေးနက်လာကာ ပို၍လည်း နွမ်းနယ်လာပုံပေါ်သည်။
"အားဝေ့...နင် သူ့ကို အရမ်းချစ်ပြီး လေးစားခဲ့တာပဲလေ...သူ့ကို ထားခဲ့ဖို့ဆုံးဖြတ်ပြီးရင်တောင် ဒီလို မကောင်းတာတွေ ပြောမနေသင့်ဘူး...နင်သူ့ကို ချစ်ခဲ့တာပဲလေ..."
ချန်ရုံက တည့်တည့်စိုက်ကြည့်နေချိန်တွင် ချန်ဝေ့က ခေါင်းကိုငုံ့၍ ခပ်တိုးတိုးပြောလိုက်သည်။
"အရင်တုန်းက ငါက သေချာမစဉ်းစားခဲ့တာပါ..."
ထို့နောက် ချန်ဝေ့က ခေါင်းကိုမော့၍ ချန်ရုံ့ကိုအော်ပြောလိုက်သည်။
"နင်လည်း သူ့ကို လက်ထပ်ချင်ခဲ့တာပဲမဟုတ်ဘူးလား...နင်ကရော ဘာဖြစ်လို့ အခု သူ့ကို မလိုချင်တော့တာလဲ...အားရုံ ရှီမင်းက ရိုင်းစိုင်းပြီး သွေးအေးတယ်...သူနဲ့ပတ်သတ်ပြီး ငါပြောချင်တာတောင်ပြောခွင့်မရှိဘူးလား..."
ထိုသို့ပြောပြီးသောအခါ ချန်ဝေ့၏မျက်လုံးများက မျက်ရည်များဝဲကာ မျက်နှာကတော့ ခါးသီးနေပုံပေါ်နေသည်။ ချန်ဝေ့သည် အင်္ကျီစကို ဆွဲလိမ်၍ နှုတ်ခမ်းကိုကိုက်ကာ ပြောလိုက်သည်။
"အားရုံ...ငါ့အဖေနဲ့ အစ်ကိုက သူတို့ရဲ့ အာဏာတွေ မရှိကြတော့ဘူး...အားချီတို့ အားချမ်တို့လို မိန်းကလေးတွေကလည်း ငါ့ကို မခေါ်ကြတော့ဘူး...သူတို့တွေက ငါ့ကို နေ့တိုင်း မကောင်းပြောပြီး လှောင်ပြောင်ကြတယ်...ငါ့မှာ အခုသွားစရာနေရာမရှိတော့ဘူး...အဲဒါ နင်...နင်..."
ချန်ရုံ၏အေးစက်သော မျက်လုံးများအောက်၌ ချန်ရုံသည် ဒူးထောက်ကာ ချန်ရုံ့အား အရိုအသေပေးလိုက်သည်။ မိုးရေထဲမှ ပန်းပွင့်ကဲ့သို့ သနားဖွယ်ကောင်းစွာ ငိုရှိုက်ကာ ပြောလိုက်သည်။
"အားရုံ...ငါ့ကို ခေါ်ထားပေးပါနော်...ကျေးဇူးပြုပြီးတော့..."
ချန်ဝေ့သည် နဖူးကို ကြမ်းပြင်နှင့် ထိကာပြောလိုက်သည်။
ချန်ဝေ့ခေါင်းမော့လိုက်သောအခါ နဖူးက အညိုအမည်းများစွဲနေ၍ ဆံပင်များကလည်း ပါးများပေါ်သို့ ပြေကျနေသည်။ ထိုကဲ့သို့သောပုံရိပ်ကို မျက်ရည်များဝဲနေသောမျက်လုံးများနှင့် သနားစဖွယ်မျက်နှာနှင့် ပေါင်းစပ်လိုက်သောအခါ ထိုပုံကို ဖော်ပြ၍ မရနိုင်အောင်ဖြစ်နေလေသည်။
ချန်ရုံက ချန်ဝေ့အား အေးစက်စွာသာ ဆက်ကြည့်နေလိုက်သည်။ ချန်ရုံ ဘာမှမပြောရသေးခင်မှာပင် ချန်ဝေ့က ဒူးထောက်၍ ချန်ရုံ့ဆီသို့ တွားသွားလာသည်။ ချန်ဝေ့သည် မြန်ဆန်စွာပင် တွားသွားကာ မျက်လုံးတစ်မှိတ်အတွင်းမှာပင် ချန်ရုံ့ကိုကျော်သွားလေသည်။ ချန်ရုံက အံ့ဩစွာ လှည့်ကြည့်လိုက်သောအခါ ချန်ဝေ့သည် မျက်ရည်များသွင်သွင်စီးကျ၍ အဖြူရောင်ဝတ်ရုံကိုကိုင်ကာ တောင်းပန်နေသည်ကို မြင်လိုက်ရသည်။
"ချီလန် ကျွန်မကို ခေါ်ထားပေးဖို့ အားရုံကိုပြောပေးပါနော်...ကျွန်မ လိမ်လိမ်မာမာနေပြီး ဘယ်သူ့ရဲ့ကိစ္စကိုမှလည်း ဝင်မရှုပ်ဘူးလို့ ကတိပေးပါတယ်...အားရုံရဲ့ အိမ်စေ အစေခံ နဲ့ ကျွန်အဖြစ်တောင် နေဖို့အဆင်သင့်ပါပဲ...ကျွန်မ အသက်ဆက်ရှင်ဖို့လေးအတွက်ပဲ ကူညီပေးဖို့ တောင်းပန်နေတာပါ..."
ချန်ဝေ့သည် ပြောရင်းဖြင့် ခေါင်းကို မြေကြီးနှင့် ဆောင့်လိုက်ပြန်သည်။
ချန်ဝေ့ အင်္ကျီစကိုဆွဲ၍တောင်းပန်နေသူမှာ ဝမ်ဟုန် ဖြစ်လေသည်။
ဝမ်ဟုန်သည် တိတ်ဆိတ်စွာပင်ရပ်၍ ချန်ဝေ့အား ပြုံးကာကြည့်နေသည်။ ခေါင်းမမော့ပဲ ထပ်ခါတလဲလဲအရိုအသေပေးနေသော ချန်ဝေ့နားသို့ကပ်၍ ခါးကို အနည်းငယ်ကိုင်းလိုက်သည်။
"မင်းက ဒီမှာနေချင်တာလား..."
ဝမ်ဟုန်ကမေး၍ ချန်ဝေ့၏မျက်ရည်စများပေနေသော မျက်နှာကို ညင်သာစွာ ဆွဲမော့လိုက်သည်။
ချန်ဝေ့၏ပါးများက နီရဲသွား၍ မျက်ရည်များဝဲနေသော မျက်လုံးဖြင့် ဝမ်ဟုန့်အား ယစ်မူးစွာကြည့်လိုက်သည်။ ချန်ဝေ့သည် ထပ်ခါတလဲလဲခေါင်းကိုငြှိမ့်ပြလိုက်သည်။ ချီလန်က ငါ့အတွက် ခါးကိုကုန်းပြီး သူ့ရဲ့ အပြစ်မရှိအောင်စင်းလုံးချောတဲ့ လက်နဲ့ ငါ့မျက်နှာကို ကိုင်လိုက်တာလား...ဒါဆို ချီလန်က ငါ့ကို နှစ်သက်နေတာလား...
ချန်ဝေ့၏မျက်လုံးများက တလက်လက်တောက်ပလာကြသည်။
ချန်ဝေ့သည် ထိုသို့တွေးရင်းဖြင့် နှုတ်ခမ်းကိုကိုက်ကာ နှာရှုံ့၍ မျက်ရည်များကို ပိုဝဲအောင်လုပ်လိုက်သည်။
"ဟုတ်ကဲ့..."
ချန်ဝေ့က ငိုရင်းပြောလိုက်သည်။
"ကျွန်မမှာ သွားစရာနေရာမရှိပါဘူး...အားရုံနဲ့ ကျွန်မကလည်း အရမ်းကို ရင်းနှီးကြပါတယ်...ကျွန်မတို့နှစ်ယောက်က ညီအစ်မတွေထဲမှာ အရင်းနှီးဆုံးနဲ့ အကောင်းဆုံး ညီအစ်မတွေပါ...သူသာ ကျွန်မကို မကူညီရင် ကျွန်မ ဘာဆက်လုပ်ရတော့မှာပါလဲ..."
ချန်ဝေ့၏အသံက အလွန်ဝမ်းနည်းနေပုံပေါက်ကာ ကြည့်ရသည်မှာလည်း အထိမခံနိုင်အောင် နူးညံ့သည့်ပန်းပွင့်လေးနှင့်တူနေသည်။
"ဟုတ်လား..."
"ဟုတ်ပါတယ် ဟုတ်ပါတယ်...အဲဒါကြောင့် ချီလန့်ကိုလည်း ကျွန်မကို သနားပါလို့ တောင်းပန်ပါရစေ...ကျွန်မကို ဒီမှာနေခွင့်ပေးဖို့ တောင်းဆိုပါတယ်..."
ဝမ်ဟုန်က ခါးကို ပြန်မတ်လိုက်သည်။ သူသည် ချန်ရုံ့ဘက်သို့လှည့်၍ မျက်လုံးများကို အနည်းငယ်မှေးစင်းလိုက်သည်။
"အားရုံက ရန်မင်းကို လက်ထပ်ချင်ခဲ့တာပေါ့..."
ဝမ်ဟုန်၏အသံက နွေဦးရာသီ၏လေညှင်းကဲ့သို့ နူးညံ့၍ တိုးတိတ်နေသည်။
ဝမ်ဟုန်က ထိုအကြောင်းစကားစလိုက်သည်ကို ကြားသောအခါ ချန်ရုံသည် ရယ်ရမည်လား ငိုရမည်လားပင်မသိတော့ချေ။ သူမသည် ဝမ်ဟုန့်ကို မျက်စောင်းထိုး၍ ချန်ဝေ့နားသို့ သွားလိုက်သည်။
ချန်ရုံသည် ဝမ်ဟုန်၏ဘေး၌ဝင်ရပ်၍ ရုတ်တရက် ခြေထောက်ကိုမြှောက်ကာ သူမ၏ ငိုနေသော အစ်မဝမ်းကွဲကို ကန်လိုက်လေတော့သည်။
ချန်ရုံက ကိုယ်ခံသိုင်းပညာတက်ကျွမ်းကာ လှုပ်ရှားမှုကလည်း ရုတ်ချည်းဖြစ်သွားသည်။ ကန်ချက်သည် ချန်ဝေ့၏ ရင်ဘတ်တည့်တည့်သို့ ချိန်ရွယ်ကာကန်လိုက်၍ ချန်ဝေ့သည် လေထဲ၌ လွင့်ပါသွားသော ဝါဂွမ်းစကဲ့သို့ အနောက်သို့ ယိုင်သွားသည်။ ခြေလှမ်း သုံး လေးလှမ်းခန့် ယိုင်တိုင်တိုင်ဖြစ်သွားပြီးသောအခါမှ သစ်ပင်ကြီးနဲ့ တိုက်မိသွားလေသည်။