အပိုင်း 241
Viewers 24k

Chapter 241
နင့်ရဲ့ အသက်က ငါ့လက်ထဲမှာ


သစ်ပင်ပင်စည်နှင့် တိုက်မိသွား‌ပြီးသောအခါ ချန်ဝေ့၏ခန္ဓာကိုယ်က အရှေ့သို့ ပြန်ငိုက်သွား၍ နှစ်ပတ် သုံးပတ်လိမ့်သွားပြီးသောအခါမှ ရပ်သွားတော့သည်။

အဖြစ်အပျက်က အလွန်ပင် ကြမ်းတမ်းသွားလေသည်။

ချက်ချင်းပင် ခြံဝန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ထိုနေရာနား၌ရှိနေသော အိမ်စေများအားလုံးသည် အထက်တန်းလွှာများ၏ ယဉ်ကျေးသိမ်မွေ့သောအသိုင်းအဝိုင်းကြား၌သာ နေခဲ့ကြရသူများဖြစ်သောကြောင့် ချန်ရုံကဲ့သို့သော မိန်းကလေးမျိုးကို သူတို့ မတွေ့ဖူးကြချေ။ ထို့ကြောင့် အိမ်စေများအားလုံး ရုတ်တရက် ကြောင်အကုန်ကြ၍ စကားပင်မပြောနိုင်ဖြစ်ကုန်ကြသည်။

ချန်ရုံကတော့ သူမ လုပ်လိုက်သည့်အပြုအမူက မည်မျှဆိုးရွားသွားသည်ဆိုသည်ကို သတိထားမိပုံမပေါ်ချေ။ ချန်ဝေ့ဆီသို့ ဆက်လျှောက်သွားသည်ကိုမြင်သောအခါ အထိန်းတော်ဖျင်နှင့် အခြားလူများက တားရန်ပါးစပ်များဟလိုက်ကြသည်။ ဝမ်အိမ်တော်မှအစေခံများကတော့ မကြာမီဖြစ်ပျက်တော့မည့်အခြေအနေကို မကြည့်နိုင်ကြသလို မျက်နှာလွှဲလိုက်ကြသည်။

ထိုလူများကြားထဲတွင် ဝမ်ဟုန်တစ်ယောက်သာ လက်များကို အနောက်၌ချိတ်ဆက်၍ အဖြစ်အပျက်ကို ပြုံးကာ ကြည့်နေလေသည်။

ချန်ရုံက လျှောက်သွား၍ ချန်ဝေ့ရှေ့၌ ရပ်လိုက်သည်။ ချန်ရုံသည် ခြေထောက်ကိုမြှောက်၍ မနည်းကြိုးစား၍ ကုန်းထနေသော ချန်ဝေ့ပေါ်သို့ တင်လိုက်သည်။ ထို့နောက် ချန်ဝေ့အား စိုက်ကြည့်၍ အေးစက်စွာပြောလိုက်သည်

"တပ်မှူးရန်မင်းက နင့်လိုမိန်းမမျိုးကို သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်လက်ခံလိုက်တာ တော်တော်ကို ကံဆိုးခဲ့တာပဲနော်..."

ချန်ရုံသည် ရွှံ့များ၊ မြေကြီးများပေကျံနေသော ချန်ဝေ့၏မျက်နှာကို သူမ၏ဖိနပ်ဦးချွန်ဖြင့်မ၍ ရွံရှာသည့်အသံဖြင့်မေးလိုက်သည်။

"ချန်ဝေ့...နန်ယန်မှာတုန်းက နင် ငါ့ကို အပြင်ကိုလှည့်စားခေါ်ဖို့ ချီလန်ရဲ့နာမည်ကိုသုံးပြီး သတ်ဖို့ကြံစည်ခဲ့တာလား..."

ထိုစကားများကိုကြားသောအခါ ချန်ဝေ့သာမက ချန်ရုံ၏လုပ်ရပ်ကို မကျေမနပ်ဖြစ်နေသော အထိန်းတော်ဖျင်နှင့် အခြားလူများကပါ မျက်လုံးများပြူးကျယ်၍ သေချာအားစိုက်နားထောင်လိုက်ကြသည်။ ဝမ်ဟုန်သည်လည်း မျက်နှာကအပြုံးကပျောက်ကွယ်သွား၍ မျက်မှောင်ကြုတ်လိုက်သည်။

ချန်ဝေ့၏မျက်လုံးများကလည်း ပြူးကျယ်၍ မျက်ရည်များပေနေသောမျက်နှာက အလွန်ပင်ကြောက်လန့်သွားသည်။ မျက်နှာက ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွား၍ ချန်ရုံ့ကိုကြည့်ကာ အော်ပြောလိုက်သည်။

"အဲဒါ အလိမ်အညာတွေ..."

ချန်ဝေ့၏မျက်လုံးများက မျက်ရည်များဖြင့် ပြည့်လာပြန်သည်။ သူမသည် ချန်ရုံ့ကိုကြည့်၍ စိတ်ဆိုးစွာ ပြောလိုက်ပြန်သည်။

"အားရုံ...ငါဒီကိုလာတာ ငါ့ကို နေစရာနေရာတစ်ခုပေးဖို့ တောင်းဆိုဖို့လာခဲ့ရုံသက်သက်ပါ...နင်မကူညီချင်ဘူးဆိုရင်လည်း မကူညီနိုင်ဘူး လို့ပြောလိုက်လို့ရပါတယ်...ဘာဖြစ်လို့ ငါ့ကို ဒီလို အရှက်ခွဲရတာလဲ..."

ထိုသို့ပြောပြီးသောအခါ ချန်ဝေ့သည် ရင်ဘတ်ကို ဆုပ်ကိုင်၍ ချောင်းအနည်းငယ်ကို အားနည်းစွာ ဆိုးပြလိုက်သည်။ ‌ဖုန်မှုန့်အညစ်အကြေးများနှင့် ပေကျံနေသည့်အချိန်မှာတောင်မှ ချန်ဝေ့သည် အားနည်းနူးညံ့သည့် အလှလေးပုံစံပေါက်နေလေသည်။

နှစ်ခါမျှချောင်းဆိုးလိုက်ပြီးသောအခါ ချန်ရုံ ဘာမှမပြောနိုင်ခင်၌ ချန်ဝေ့သည် ခေါင်းကိုမော့လိုက်ကာ မျက်ရည်များက ပါးပေါ်သို့ စီးကျလာသည်။

"အားရုံ ငါနင့်ကို ဘယ်လိုမျိုးဆက်ဆံခဲ့တယ်ဆိုတာလည်း နင်သိမှာပါ...နင်ဘာဖြစ်လို့များ ဒီလောက်ရက်စက်ပြီး နှလုံးသားမဲ့နိုင်ရတာလဲ..."

ချန်ဝေ့သည် အနိုင်ကျင့်ခံရသူတစ်ယောက်၏ ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့မှုတို့ကို အသုံးချ၍ ချန်ရုံသနားလာအောင် လုပ်နေခြင်းဖြစ်သည်။ ထို့နောက် ဝမ်ဟုန့်ဘက်သို့လှည့်၍ သွေးအန်သည့်ဥဩငှက်(*) ကဲ့သို့ တောင်းပန်လိုက်ပြန်သည်။

"ချီလန်...အရှင်က သနားကြင်နာတတ်ပြီး သည်းခံတတ်တယ်လို့လူတိုင်းကပြောကြပါတယ်...ကျေးဇူးပြုပြီး အားရုံကို နားဝင်အောင်ပြောပေးပါ...ကျွန်မ တောင်းပန်ပါတယ်..."

(*杜鹃啼血- အလွန်အမင်းဝမ်းနည်းမှုကို ဖော်ပြသည့်နေရာတွင်သုံးသော သွေးများအန်ထွက်သည်အထိ ငိုရှိုက်သည့်ဥဩငှက်ဆိုသော ဆိုရိုးစကား)

ချန်ဝေ့၏တောင်းပန်မှုကို တုံ့ပြန်လိုက်သည်က ချန်ရုံ၏ရယ်လိုက်သံပင်ဖြစ်သည်။

ချန်ရုံသည် လက်ခုပ်ကိုတီးကာ ပြောလိုက်သည်။
"ဒီလိုအရည်အချင်းနဲ့ဆိုရင် သဘင်သည်လုပ်လို့ရနေပြီ အားဝေ့..."

ချန်ရုံသည် ခြေထောက်ကိုအောက်သို့ဖိချ၍ ချန်ဝေ့၏ရင်ဘတ်ကိုနင်းလိုက်သည်။
"နင် ချီလန့်ကို တောင်းဆိုနေစရာမလိုပါဘူး..."

ချန်ရုံသည် ချန်ဝေ့ကို အပေါ်စီးမှ မိုးကြည့်၍ ခံစားမှုမပါသောမျက်နှာဖြင့်ပြောလိုက်သည်။
"သူ့ကိုတောင်းဆိုလို့လည်း အကျိုးမရှိဘူးလေ...ချန်ရုံဆိုတဲ့ငါက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ တော်ဝင်အိမ်တော်ဝန်ပဲ...ငါ့ရဲ့အာဏာနဲ့ဆိုရင် နင့်ကိုသတ်ချင်တဲ့ငါ့ရဲ့ဆန္ဒကို ဘယ်သူကမှ မလွန်ဆန်ရဲကြဘူး..."

ချန်ဝေ့က ကြောင်အသွားသည်။ သူမသည် ချန်ရုံ့အား ‌မယုံကြည်နိုင်မှုဖြင့် ဟောင်းလောင်းပွင့်နေသောမျက်နှာနှင့် မော့ကြည့်လိုက်သည်။

ခံစားမှုမပါသောမျက်နှာ... မာနထောင်လွှားနေသောမျက်နှာဖြင့်ချန်ရုံ၊ နွေဦးလေပြေကဲ့သို့ပြုံးနေသောမျက်နှာများ သူမ အား အခုအထိ လျစ်လျူရှုလျက်ရှိသည့်ဝမ်ဟုန်နှင့် မျက်တောင်ပင်မခတ်ပဲ တိတ်ဆိတ်စွာစောင့်ကြည့်နေကြသည့် အစေခံများကို ချန်ဝေ့တွေ့လိုက်ရသည်။ လူတိုင်းကိုကြည့်ရသည်မှာ ဘာမှထူးဆန်းမနေပဲ ခုနက ချန်ရုံလုပ်လိုက်သည့်အပြုအမူက ပုံမှန်ကိစ္စတစ်ခုကဲ့သို့သာ ထင်နေကြသည့်ပုံပေါ်နေကြသည်။ ချန်ဝေ့သည် မည်သည့်အချိန်မှစ၍ ဤကဲ့သို့ နိမ့်ကျသွားရပါသနည်း။ မည်သည့်အချိန်မှစ၍ ချန်ရုံ့ရှေ့၌ ချန်ဝေ့သည် ဖုန်မှုန့်တစ်မှုန်မျှလောက်ပင် အရေးမပါသူဖြစ်သွားရပါသနည်း။

ထိုသိရှိသွားမှုသည် ရုတ်တရက်ဆိုသလို မယုံကြည်နိုင်စွာနှင့် အလွန်ကြောက်လန်တုန်လှုပ်ဖွယ်ကောင်းစွာ ချန်ဝေ့ခေါင်းထဲ၌ ပေါ်လာလေသည်။

ချန်ဝေ့၏မျက်နှာက ဖြည်းဖြည်းချင်း သွေးဆုတ်ဖြူလျော်သွားသည်။

ထိုအရာကိုမြင်သောအခါ ချန်ရုံက အေးစက်စွာပြုံးလိုက်ကာ ခြေထောက်ပို ပို၍ ဖိလိုက်သည်။ ချန်ဝေ့တစ်ယောက် ဟန်ဆောင်နေသည်မဟုတ်ပဲ တကယ်ချောင်းဆိုးသွားသည့်အခါ ချန်ရုံသည် သူမအား စိုက်ကြည့်၍ တိုးတိတ်စွာပြောလိုက်သည်။

"နန်ယန်မှာတုန်းက ငါတို့ အချင်းချင်း မတည့်ဖြစ်နေကြတောင်မဟုတ်ဘူးလေ...နင် ဘာဖြစ်လို့များ ငါ့ကို ဒုက္ခပေးချင်ခဲ့ရတာလဲ..."

ချန်ရုံသည် ချန်ဝေ့အားကြည့်၍ အဖြေကိုစောင့်နေလိုက်သည်။

သို့သော် ချန်ဝေ့က ချန်ရုံ့ကို ငေးသာငေးကြည့်၍ ချောင်းအဆက်မပြတ်ဆိုးကာ စကားတစ်ခွန်းမှမပြောနိုင်ဖြစ်နေသည်။

ချန်ရုံသည် ခြေထောက်ကိုပြန်ရုတ်၍ အင်္ကျီဝတ်ရုံလက်ကို သပ်ကာ အမိန့်ပေးလိုက်သည်။
"သူ့ကို သယ်သွားပြီး လမ်းပေါ်ကို ပစ်လိုက်ကြ..."

"ဟုတ်ကဲ့..."

အစောင့်နှစ်ဦးက ပြော၍ ချန်ဝေ့ကိုမကာ အပြင်သို့ လျှောက်သွားကြသည်။

ချန်ဝေ့သည် အဝေးသို့ အသယ်ခံသွားရချိန်တွင် မလှုပ်မယှက်ပဲ ချန်ရုံ့ကိုသာ ဗလာမျက်လုံးများဖြင့် ငေးကြည့်နေလေတော့သည်။

ချန်ဝေ့၏ပုံရိပ်က အဝေးသို့ပျောက်ကွယ်သွားသည့်အခါမှပင် ချန်ရုံက ဝမ်ဟုန့်ဘက်သို့ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်သည်။

ဝမ်ဟုန်က နှုတ်ခမ်းထောင့်စွန်းကိုတွန့်ကွေး၍ ခပ်တိုးတိုးရယ်လိုက်သည်။
"မင်း ဘာဖြစ်လို့ သူ့ကို မသတ်လိုက်တာလဲ..."

ချန်ရုံကလည်း နှုတ်ခမ်းထောင့်မှပြုံးလိုက်သည်။
"ဘာဖြစ်လို့သတ်မှာလဲ...ကျန့်ခန်းက ဘယ်လောက်ကြီးနိုင်မှာမို့လို့လဲ...သူက အခု ဂုဏ်သတင်းပျက်စီးသွားတဲ့ မိန်းမတစ်ယောက်ဖြစ်နေပြီပဲ...သူပြေးပဲပြေးနိုင်မလား...အထက်တန်းလွှာကလူတွေကိုပဲ တွယ်ကပ်နေနိုင်မလား ကြည့်ကြတာပေါ့...ပြီးတော့ သူ့ရဲ့ ကျန်နေတဲ့ဘဝကို ခွေးလေလွင့်တစ်ကောင်လို ‌ကုန်ဆုံးသွားရမှာ ပိုမကောင်းဘူးလား..."

ချန်ရုံကထိုသို့ပြောလိုက်သောအခါ အထိန်းတော်ဖျင်၊ သခင်ချန်နှင့် အခြားလူများအားလုံးက ဝမ်ဟုန့်ကိုလှည့်ကြည့်လိုက်ကြသည်။
အားရုံက သူ့ရဲ့မုန်းတီးမှုကို ဒီတိုင်းကြီး ပွင့်ပွင့်လင်းလင်းထုတ်ပြလိုက်တာပါလား...ဝမ်ဟုန်က ဒါကို သည်းခံနိုင်ပါ့မလား...

ကျန်လူများ၏မသက်မသာဖြစ်နေသော မျက်လုံးများအောက်တွင် ဝမ်ဟုန်ကရယ်သာရယ်လိုက်၍ ဘာမှထပ်မပြောတော့ချေ။ သူသည် အင်္ကျီဝတ်ရုံလက်များကိုသာ လှုတ်ခတ်၍ ထွက်သွားလေသည်။

ဝမ်ဟုန်၏ပုံရိပ်ကိုကြည့်၍ အထိန်းတော်ဖျင်နှင့် အခြားလူများသည်လည်း အချင်းချင်း မျက်စိပစ်ကာ သက်ပြင်းချရတော့မည်လားဟု တွေးတောနေမိကြသည်။

ချန်ရုံက သူမ၏အစ်ကိုကိုလှည့်ကြည့်၍ ပြုံးကာပြောလိုက်သည်။
"အစ်ကို...ကျွန်မရဲ့ခြံဝန်းထဲမှာ စကားဆက်ပြောရအောင်လေ..."

ချန်ရုံ၏ပုံစံက ခုနလေးတင်ကမှ ပန်းခြံထဲ၌ လမ်းလျှောက်ပြီး ပြန်ရောက်လာသကဲ့သို့ ပေါ့ပါး‌ပျော်ရွှင်နေသည်။ ခုနက မြင်တွေ့ခဲ့ရသည့် ရက်စက်မှုများက ဘယ်သို့ရောက်သွားပါသနည်း။

သခင်ချန်က မူးဝေနေသောပုံဖြင့် ခေါင်းငြှိမ့်၍ ချန်ရုံ့နောက်မှလိုက်လာသည်။

ချန်ရုံက မိုးမခပင်များနှင့် ပန်းပင်များကြား လျှောက်နေရင်းက ပြောလိုက်သည်။

"အစ်ကို...အစ်ကို့ရဲ့ကျန်းမာရေးရော ဘယ်လိုလဲ..."

သခင်ချန်ထံမှ အဖြေပြန်မရသောကြောင့် ချန်ရုံက အနောက်သို့ လှည့်ကြည့်လိုက်သည်။

ချန်ရုံနှင့် အကြည့်ချင်းဆုံသွားသောအခါ သခင်ချန်၏ပိန်လှီသောမျက်နှာ၌ အပြုံးတစ်ခု လက်သွားသည်။ သခင်ချန်သည် ချန်ရုံ့အား ပျော်ရွှင်စွာကြည့်၍ ပြောလိုက်သည်။

"ဝမ်ချီလန်က ညီမလေးကို ဒီလောက်အထင်ကြီးတန်ဖိုးထားမှန်း အစ်ကို ဒီနေ့မှပဲသိရတော့တယ် အားရုံ..."

ဝမ်ဟုန်သည် ချန်ရုံလုပ်ချင်သည်များကို လုပ်ခွင့်ပေး၍ ချန်ဝေ့နှင့်ကိစ္စကိုလည်း ချန်ရုံ့ကိုသာ ကိုင်တွယ်ခွင့်ပေးခဲ့သည်မဟုတ်ပါလား။ ဖျင်မြို့တော်၌ရှိစဉ်က ကိုယ်လုပ်တော်မှမွေးဖွားသော ညီမလေး အားရုံသည် တရားဝင်ဇနီးမှမွေးဖွားသော သူ့ရှေ့တွင် သက်တောင့်သက်သာနှင့် ရင်းနှီးစွာနေခွင့်ရသကဲ့သို့ ယခုလည်း ဝမ်ချီလန်၏ရှေ့တွင် အားရုံသည် အလွန်ပင် သက်တောင့်သက်သာရှိ၍ သူမ နေချင်သကဲ့သို့ နေခွင့်ရနေဟန်တူသည်။ သူ၏အားရုံလေးသည် တကယ်ပင် ကံကောင်းသူပါလား။

ချန်မိသားစု၏အကြီးဆုံးသားသည် အလွန်ပင် စိတ်ချမ်းသာ၍ ချန်ရုံ့အား ကြီးမားသောပျော်ရွှင်မှုဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သခင်ချန်သည် ဝမ်းနည်းနေခဲ့ရသောအချိန်ကသာ များသောကြောင့် သူ၏အပြုံးက တစ်မျိုးတစ်ဖုံ ခပ်တောင့်တောင့်ဖြစ်နေသည်။

ချန်ရုံကလည်း သူမ၏အစ်ကိုကို ပြန်၍ ပြုံးပြလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်၍ ဘေးမှ အိမ်စေအားပြောလိုက်သည်။
"ဒီအနီးအနားမှာ နာမည်ကြီးသမားတော် ကှိ မရှိဆိုတာ ချီလန့်ကိုသွားမေးလိုက်ပါ...ကျွန်မရဲ့အစ်ကိုက နေမကောင်းဖြစ်နေပြီး ဆေးကုသမှုခံယူဖို့လိုနေတယ်ဆိုတာလည်း ပြောလိုက်ပါ..."

သခင်ချန်က လက်ကိုဝှေ့ယမ်း၍ ထိုသို့လုပ်ပေးရန်မလိုကြောင်း အထပ်ထပ်အခါခါပြောနေသော်လည်း အိမ်စေကတော့ ချန်ရုံပြောသည်ကိုနာခံ၍ ထွက်ခွာသွားလေသည်။ ခုနက အဖြစ်အပျက်များကိုမြင်ခဲ့သည်က သခင်ချန်တစ်ဦးတည်းမဟုတ်ပေ။ ကျန်သည့် ဝမ်အိမ်တော်မှ အစေခံအားလုံး မြင်တွေ့ခဲ့သည်သာဖြစ်သည်။ ယခုအချိန်မတိုင်ခင်အထိ တော်ဝင်အိမ်တော်ဝန် ချန်ရုံသည် သူတို့၏သခင်လေးအတွက် မည်မျှအရေးပါသူဖြစ်ကြောင်း မသိခဲ့ကြပေ။ ထို့ကြောင့် ထိုအိမ်စေ၏လေသံက ရင်ထဲမှလာသော လေးစားမှုနှင့် ဂရုစိုက်မှုတို့ဖြင့်အပြည့်ဖြစ်နေလေတော့သည်။


တစ်နာရီခန့်ကြာပြီးသောအခါ သမားတော်ရောက်လာသည်။ သခင်ချန်၏သွေးခုန်နှုန်းကိုစမ်းကြည့်ပြီးသောအခါ ချန်ရုံ ထင်ထားသည်နှင့်ကွဲပြားစွာ သခင်ချန်၌ အသည်းအနည်းငယ်မကောင်းခြင်း၊ သရက်ရွက်အလုပ်အနည်းငယ်မလုပ်ခြင်းနှင့် သူ့သားကိုဆုံးရှုံးလိုက်ရသည့်အတွက် စိတ်အခြေအနေမကောင်းသည်မှလွဲ၍ အခြားဘာရောဂါမျှမရှိဟု သမားတော်က ပြောလေသည်။ ချန်ရုံက အထပ်ထပ်အခါခါမေးသော်လည်း သမားတော်က သူမအစ်ကို၌ စောစောစီးစီးသေဆုံးနိုင်မည့် ရောဂါမရှိဟု အခိုင်အနာပြောနေလေသည်။

ချန်ရုံက အလွန်အံ့အားသင့်သွားမိသည်။ ‌သေစေနိုင်သည့်ရောဂါမရှိပါက ယခင်ဘဝ၌ အစ်ကိုသေဆုံးခဲ့ခြင်းသည် အခြား‌အကြောင်းတစ်ခုခုများ ရှိနေခဲ့သည်လား။

ထိုအတွေးနှင့်အတူ ချန်ရုံသည် သခင်ချန်အား တိတ်တဆိတ်ကာကွယ်စောင့်ရှောက်ရန် အစောင့်နှစ်ဦးကို အလျင်အမြန်ပင်စီစဉ်လိုက်သည်။

ချန်ရုံသည် ဝမ်အိမ်၏အိမ်၌သာနေ၍ နှစ်ရက်ခန့် အပြင်သို့ လုံးဝမထွက်ပဲနေလိုက်သည်။

သုံးရက်မြောက်နေ့ နေ့လယ်ခင်းတွင် တော်ဝင်အမိန့်စာနှင့် မိန်းမစိုးတစ်ဦးရောက်လာ၍ ဧကရာဇ်က သူ၏ တော်ဝင်စားပွဲတော်သို့ တက်ရောက်ရန် ချန်ရုံ့အား ဖိတ်ကြားလိုက်‌ကြောင်းကို လာရောက်ပန်ကြားသွားသည်။ ထိုအကြောင်းကို ဝမ်ဟုန်က ပြောပြီးသားဖြစ်၍ ချန်ရုံက လွယ်လင့်တကူပင် သဘောတူလိုက်သည်။

ရေချိုးပြီးသောအခါ ချန်ရုံသည် တောက်ပသောအနီရဲရဲဝတ်စုံကိုဝတ်၍ ရထားလုံးကိုစီးကာ နန်းတော်ဆီသို့ သွားလိုက်သည်။

နန်းတော်သို့ ချန်ရုံ၏ရထားလုံး ဆိုက်ရောက်လာချိန်တွင် မရေတွက်နိုင်အောင်များပြားလှသည့် ရထားလုံးများကလည်း တဖွဲဖွဲဆိုက်ရောက်လာပြသည်။ ရထားလုံးပိုင်ရှင်များသည် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်၍ နန်းတော်ဆီသို့ သွားသည့်လမ်းတွင် စကားများစွာ ပြောဆိုနေကြသည်။

ချန်ရုံသည် လူအများ၏စိတ်ဝင်စားမှုမခံရစေရန် ရထားလုံးကို ဘေးသို့ကပ်၍ မောင်းခိုင်းလိုက်သည်။ သို့သော်လည်း တဖြည်းဖြည်းနှင့် လူများက သတိထားမိလာကြကာ ချန်ရုံ့အား မသိမသာ လှမ်းလှမ်းကြည့်နေကြလေသည်။

ထို စပ်စု၍ မုန်းတီးမှု၊ မလိုတမာမှုများဖြင့် ပြည့်နေသော အကြည့်များအောက်တွင် အနောက်မှ ရထားလုံးတစ်စီးက မောင်းနှင်လာ၍ အော်ပြောလိုက်သော ဟွမ်းကျိုးလန်၏အသံကို ချန်ရုံကြားလိုက်ရသည်။

"တော်ဝင်အိမ်တော်ဝန် သခင်မလေးပါလား..."

ချန်ရုံကလည်း ပြန်နှုတ်ခွန်းဆက်၍ သူမကိုမြင်ရစေရန် လိုက်ကာကို မလိုက်သည်။

ချန်ရုံပေါ်လာသည်နှင့် တစ်ပြိုင်နက် အကြည့်များစွာက ချန်ရုံ့ပေါ်သို့ ကျရောက်လာကြသည်။ ချက်ချင်းဆိုသလိုပင် အသံများက တိတ်ဆိတ်သွား၍ အသက်တစ်ခါရှုချိန်ခန့် ကြာပြီးမှပင် အသံများ ပြန်ထွက်လာကြသည်။

ဟွမ်းကျိုးလန်၏ ဖြူဖျော့၍ တင်းမာနေသော မျက်နှာ၌လည်း အံ့ဩမှုတစ်ခုက ခပ်ရေးရေးပေါ်လာသည်။

"မင်းက အနီရောင်ဝတ်စုံနဲ့ ဒီလောက်တောင် လှပနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး..."
ဟွမ်းကျိုးလန်က ပြုံး၍ပြောလိုက်သည်။

ဟွမ်းကျိုးလန်သည် ချန်ရုံ၏အလှကို သဘောကျစွာကြည့်၍ အနားသို့ တိုးကပ်လာသည်။ သူသည် ခေါင်းကိုစောင်း၍ အသက်ပြင်းပြင်းတစ်ချက်ရှူကာ မူးရီဝေနေသည့်ပုံဖြင့် မျက်လုံးများကိုမှိတ်၍ ခပ်တိုးတိုးပြောလိုက်သည်။

"အလှလေး...ဒီလို ဘာမဟုတ်တဲ့ ဝတ်စုံအနီလေးက မင်းကို အနောက်ဘက်တောင်တန်းတွေဆီက နေဝင်ချိန်လိုမျိုး လှပအောင် ဘယ်လိုများ လုပ်ပေးနိုင်ရတာလဲ..."

ကျန့်ခန်း၌ ချောမောလှပသောမိန်းကလေးများ များစွာရှိသော်လည်း အကုန်လုံးက ယဉ်ကျေးသိမ်မွေ့ကြ၍ အမျိုးသမီးများ၏အဝတ်အစားများကလည်း ရိုးရှင်းမှုကို ဦးစားပေးကြသည်။ ထို့ကြောင့် အခြားမိန်းကလေးတစ်ဦးက အနီရောင်ဝတ်စုံ ဝတ်ခဲ့မည်ဆိုလျှင်တောင်မှ အခြားအရောင်များနှင့် ပေါင်းစပ်ထားသောဝတ်စုံသာ ဖြစ်မည်ဖြသ်သည်။ ချန်ရုံ့ကဲ့သို့ တစ်ခုလုံးရဲရဲနီနေသည့် အင်္ကျီမျိုးကို မဝတ်ရဲကြချေ။

ထို့အပြင် အခြားမိန်းကလေးတစ်ဦးက ချန်ရုံ့ကဲ့သို့ အနီရောင်ဝတ်စုံကိုဝတ်မည်ဆိုပါကလည်း သူတို့သည် ချန်ရုံကဲ့သို့ အလင်းရောင်များဖြာထွက်နေသကဲ့သို့ လှပသော အလှအပမျိုး၊ ချန်ရုံ၏ သူမတူအောင်ချောမောသည့်မျက်နှာနှင့် ဆွဲဆောင်နိုင်မှုများ ရှိမည်မဟုတ်ချေ။

ထို့ကြောင့် ချန်ရုံသည် ပညာရှိများနှင့် အခြားမိန်းကလေးများကို တစ်ချက်ကြည့်ရုံနှင့်ပင် ရင်ခုန်စိတ်လှုပ်ရှားအောင်လုပ်နိုင်နေပေသည်။

ဟွမ်းကျိုးလန်က သူ၏ထင်မြင်ချက်ကိုပြော၍ ပညာရှိတစ်ဦးအနေဖြင့် ချန်ရုံ့အား ချီးမွမ်းလိုက်ခြင်းသာဖြစ်သည်။ သို့သော် ထိုအချိန်၌ အခြားလူများကတော့ ချန်ရုံ့အား စားမတတ် ဝါးမတတ်ကြည့်နေကြသည်။ စစ်မားအိမ်တော်မှ လူအများအပြားသည် ချန်ရုံ့အား စူးရဲသော မျက်လုံးများဖြင့် ကြည့်၍ အိမ်သို့ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ ဇနီးများကို ချန်ရုံ့ကဲ့သို့ ဝတ်စုံအနီ ဝတ်ခိုင်းဖို့ကို တွေးတောနေကြလေသည်။

ချန်ရုံက ဟွမ်းကျိုးလန်အား ပြုံးပြကာ ရထားလုံးပေါ်မှနေ၍ အရိုအသေပေး၍ ပြောလိုက်သည်။

"အရှင့်ကို မတွေ့ရတာ လအတော်ချီနေပါပြီ...နေထိုင်ကောင်းပါရဲ့လား..."