အပိုင်း 242
Viewers 24k

Chapter 242
ရှဲ့ဟယ်ထင်းနှင့် လူချောလေးအားကျင်း



ချန်ရုံက ဟွမ်းကျိုးလန်အား ပြုံးပြကာ ရထားလုံးပေါ်မှနေ၍ အရိုအသေပေး၍ ပြောလိုက်သည်။

"အရှင့်ကို မတွေ့ရတာ လအတော်ချီနေပါပြီ...နေထိုင်ကောင်းပါရဲ့လား..."


"ကောင်းပါတယ်...ကောင်းပါတယ်..."

ဟွမ်းကျိုးလန်က ပြန်ဖြေ၍ သူတို့၏ ရထားလုံးနှစ်စင်းက ထိကပ်တော့မည်အထိ ချန်ရုံ့နားသို့ တိုးလာသည်။ ထို့နောက် ဟွမ်းကျိုးလန်က ချန်ရုံ့နားသို့ ကိုယ်ကိုကိုင်းကာ တိုးတိုးလေးပြောလိုက်သည်။

"ဒီဧည့်ခံပွဲကို မြို့က အထက်တန်းလွှာတွေအကုန် တက်ရောက်လာကြတာ...ချီလန်တစ်ယောက်ပဲ ပျောက်ကွယ်နေတာပါလား..."

ဤအကြောင်းကို ဝမ်ဟုန်က ချန်ရုံ့အား မပြောထားပေ။ ထို့ကြောင့် ချန်ရုံလည်း တုန်လှုပ်သွား၍ အသံကိုနှိမ့်ကာ မေးလိုက်သည်။
"ကျွန်မ ဘာလုပ်ရမလဲ..."

"ဘာပဲဖြစ်စေဖြစ်စေ ချီလန်ရဲ့ ဂုဏ်သတင်းကို ကာကွယ်ပါ..."

ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။

ထိုအချိန်၌ အနောက်မှ ရထားလုံးက နီးကပ်လာသောကြောင့် ဟွမ်းကျိုးလန်၏ရထားလုံးက ရှေ့သို့ဆက်မောင်းသွားရသည်။

ထောင့်စွန်း၌ရှိနေသေးသော ချန်ရုံ့ကိုကြည့်၍ ဟွမ်းကျိုးလန်က ပြုံးကာပြောလိုက်သည်။
"သခင်မလေးရဲ့ အလှက တကယ်ကိုပဲ အသက်ရှူမှားစရာပါပဲ..."
ထို့နောက် ဟွမ်းကျိုးလန်က ရယ်၍ ရထားလုံးကို မောင်းထွက်သွားစေတော့သည်။

ချန်ရုံက ဟွမ်းကျိုးလန်ကို ငေးကြည့်နေပြီးမှ ချိုမြစွာပြုံးကာ ရထားလုံးမောင်းသူကို အနောက်သို့ လိုက်ခိုင်းလိုက်သည်။

ဧည့်ခံပွဲက နန်းတော်၏အပြင်ဘက်၌ တည်ခင်းကျင်းပနေခြင်းဖြစ်သည်။ ချန်ရုံသည် သေချာစူးစိုက်ကြည့်လိုက်သောအခါ ပွဲ၌ ဝင်ထွက်သွားလာ‌နေသူများက အထက်တန်းလွှာမှ လူငယ်များသာဖြစ်၍ သက်ကြီးပိုင်းလူများကို မတွေ့ရပေ။

ရထားလုံးက မကြာခင်တွင် နန်းတော်ရင်ပြင်၌ ရပ်လိုက်၍ ချန်ရုံလည်း အိမ်စေများ၏အကူအညီဖြင့် အောက်သို့ ဆင်းလိုက်သည်။

ချက်ချင်းဆိုသလိုပင် ချန်ရုံ့ထံသို့ အကြည့်များစွာ ရောက်လာကြပြန်သည်။

ချန်ရုံသည် ခပ်ဖျော့ဖျော့ပြုံးကာ အရှေ့သို့လျှောက်သွားလိုက်သည်။ ဧည့်ခံပွဲက ယခုမှစသည်ဖြစ်သောကြောင့် ရာထူးကြီးသည့်အထက်တန်းလွှာများက ရောက်လာကြဆဲဖြစ်သည်။ ချန်ရုံက အလွန်‌ထင်ရှားကျော်ကြားသူမဟုတ်သောကြောင့် လမ်းမ၏ဘေးသို့လျှောက်၍ သစ်ပင်တစ်ပင်အောက်၌ ရပ်နေလိုက်သည်။

အချိန်က နေဝင်ဆည်းဆာချိန်ဖြစ်ကာ ချန်ရုံကလည်း တောက်ပသောအနီရောင်ဝတ်စုံကိုဝတ်ထားသောကြောင့် သစ်ပင်အောက်၌ ရပ်နေချိန်တွင် သစ်ရွက်များကြားမှ ထိုးဖောက်လာသောနေရောင်ခြည်များက ပြစ်မျိုးမှဲ့မထင်လှပသော ချန်ရုံ၏မျက်နှာနှင့် ခန္ဓာကိုယ်ပေါ်သို့ ဖြာကျနေသည်။ လေတိုက်ခတ်သွားသောအခါ ချန်ရုံ၏အင်္ကျီလက်များက ‌နေဝင်ချိန်အောက်၌ လှုပ်ခတ်သွား၍ အနီးအနားမှလူများကို မျက်လုံးများပင် ပြာ‌သွားစေလေသည်။

တစ်ဒါဇင်ခန့်သောမျက်လုံးများက ခြေလှမ်းတစ်ရာခန့်အဝေးမှနေ၍ ချန်ရုံ့အားကြည့်နေကြသည်။ အထက်တန်းလွှာမှ မိန်းမပျိုလေးများက ချောမောသော လူငယ် ၇ယောက် ၈ယောက်ကြား၌ ‌အမျိုးမျိုးသောမျက်နှာထားများဖြင့် ဝန်းရံနေကြသည်။

လူငယ်များသည် မနေနိုင်ပဲ ချန်ရုံ့အား လှမ်းလှမ်းကြည့်နေကြသည်။ မိန်းမပျိုများကတော့ ချန်ရုံ့အား ခါးသီးမုန်းတီးမှာအပြည့်ဖြစ်နေကြသည်။
အဲဒီ ယောင်္ကျားများတဲ့သီလရှင်က သူ့ရဲ့ဂုဏ်သတင်းနဲ့လည်း ထိုက်တန်ပါတယ်...သူ့ကိုကြည့်ရတာတကယ်ကို ယောင်္ကျားတွေနဲ့ ပွေရှုပ်မယ့်ပုံပဲ...
မိန်းမပျိုများသည် ချန်ရုံ့ကို မလိုတမာဖြစ်နေကြသော်လည်း သူတို့သည်လည်း ထိုကဲ့သို့ ဆွဲဆောင်မှုရှိသော ရုပ်ရည်မျိုး၌ သဘောကျမိကြောင်း ပထမဆုံးအကြိမ်အဖြစ်သတိထားမိကုန်ကြသည်။

ထိုအခိုက်မှာပင် မိန်းမပျိုတစ်ဦး၏အသံထွက်လာသည်။
"ရှဲ့လန်...ရှင်ဘယ်သွားမလို့လဲ..."

ရုတ်တရက် မျက်လုံးများက ထိုနေရာသို့ရောက်သွားကြသည်။

မိန်းမပျိုလေးများအားလုံး တအံ့တဩဖြင့် သူ့အပေါ်အာရုံစိုက်နေကြချိန်တွင် ကြည့်ကောင်းရုံနေလောင်ထားသည့်အသားအရောင်နှင့် အင်္ကျီဝတ်ရုံလက်က လေထဲ၌ တဖျတ်ဖျတ်လွင့်ကာ အရပ်မြင့်မား၍ ချောမောသော ရှဲ့ဟယ်ထင်းသည် ကြိုးကြာတစ်ကောင်ကဲ့သို့ အိန္ဒြေသိက္ခာအပြည့်ဖြင့် လျှောက်လာလေသည်။

ရှဲ့ဟယ်ထင်းသည် ကျောက်စိမ်းတုံးကဲ့သို့ တယုတယတန်ဖိုးထားခံရကာ အဆင့်အတန်းမြင့်မြင့် ကြီးပြင်းလာသောကြောင့် သူနှင့်ယှဉ်လျှင် အခြားလူများက သိမ်ငယ်သွားကြပုံပေါက်၍ ရှဲ့ဟယ်ထင်းတစ်ယောက်သာ ကောင်းကင်သို့ ပျံတက်တော့မတတ် ဝံ့ကြွားနေသည်။ ရှဲ့ဟယ်ထင်းသည် လမ်းလျှောက်လာချိန်တွင် ထိုနေရာ၌ရှိနေသော လူများအားလုံး၏စိတ်ဝင်စားမှုကို ဖမ်းစားထားနိုင်လေသည်။

ချန်ရုံ့နားသို့ လျှောက်လာ၍ ရှဲ့ဟယ်ထင်းသည် ချန်ရုံ့ကို အကဲခတ်ကာ အေးစက်သည့်အသံဖြင့် နှုတ်ဆက်လိုက်သည်။
"တော်ဝင်အိမ်တော်ဝန်..."
ရှဲ့ဟယ်ထင်း၏အသံက ရေခဲများရိုက်ခတ်သံကဲ့သို့ အေးစက်၍ ကြည်လင်ကာ နားဝင်ချိုနေလေသည်။

ချန်ရုံကလည်း အောက်ကျမခံပဲ အရိုအသေမပေးပဲနေကာ ပြုံးရုံကာပြုံး၍ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့..."

ချန်ရုံ့ကို စူးရဲစွာကြည့်၍ ရှဲ့ဟယ်ထင်းက ပြောလိုက်သည်။
"ကျွန်ုပ်ရဲ့ မိတ်ဆွေကောင်းတစ်ဦးက အိမ်တော်ဝန်ရဲ့ အိမ်မှာ ရှိနေပါတယ်...ကျေးဇူးပြုပြီးတော့ သူ့ကို ကျွန်ုပ်ဆီ ပေးပါလား..."

ရှဲ့ဟယ်ထင်းပေါ်လာတည်းက ဤကိစ္စကြောင့်ပင်ဖြစ်မည်ဟု ချန်ရုံထင်ပြီးသားဖြစ်သည်။ ချန်ရုံသည် သာမာန်လူငယ်လေးများကို ကိုးယောက်မြောက်မင်းသမီးထံပေး၍ အခြားပို၍ ထူးချွန်ပြောင်မြောက်သည့်လူငယ်လေးများအတွက်တော့ တစ်မျိုးတစ်ဖုံစီစဉ်ပေးရန် ဝမ်ဟုန့်အား ပြောထားပြီးဖြစ်ငည်။ သို့သော်လည်း ထိုအကြောင်းပြောထားသည်မှာ သုံးရက်ပင်မရှိသေးသောကြောင့်

ကိုးယောက်မြောက်မင်းသမီးအိမ်၌ ပျော်ပွဲရွှင်ပွဲများ စနေပြီလားပင် ချန်ရုံမသိချေ။

ရှဲ့ဟယ်ထင်း၏ ဗလာမျက်နှာနှင့် အေးစက်သောတောင်းဆိုမှုတို့ကို ကြားသောအခါ ချန်ရုံကပြုံး၍ ခေါင်းကိုစောင်းကာ စဉ်းစားဟန်ပြုလိုက်သည်။

ရှဲ့ဟယ်ထင်းက မျက်မှောင်ကြုတ်လိုက်ကာ အနောက်ဘက်သို့ လက်ဝှေ့ယမ်း၍ ခေါ်လိုက်သည်။

"အားကျင်း...ဒီကိုလာခဲ့..."

ချောမောသောလူငယ်လေးတစ်ဦးက သူ့နီးပါးချောမောသောအခြားလူငယ်လေးများကိုဦးဆောင်၍ ချန်ရုံတို့နားသို့ရောက်လာသည်။ ထိုလူငယ်လေးများပေါ်လာသည်နှင့်တစ်ပြိုင်နက် လူများ၏မျက်လုံးများက တောက်ပသွား၍ အသံများကလည်း တိတ်ဆိတ်သွားကြသည်။

မကြာခင်မှာပင် ချောမောသည့်လူငယ်လေး လေးဦးက ရှဲ့ဟယ်ထင်းနောက်၌ ရပ်လိုက်ကြသည်။ ချန်ရုံက ခေါင်းကိုစောင်း၍ ထိုလူငယ်များကိုကြည့်လိုက်သည်။ သူတို့၏ရုပ်ရည်များက ကွဲပြားကြသော်လည်း အကုန်လုံးကတော့ ချောမောနေကြသည်။ ချန်ရုံသည် သူတို့ကိုကြည့်ရင်းဖြင့် ရယ်ရမည်လား ငိုရမည်လားပင် မသိဖြစ်သွားရသည်။
ငါက တကယ်ပဲ ကိုယ်ကျင့်တရားမရှိတဲ့ မုဆိုးမဧကရီကြီး ဖြစ်နေပြီထင်တယ်...

ချန်ရုံက ကြည့်နေဆဲတွင် လူငယ်များကလည်း ချန်ရုံ့ကိုပြန်ကြည့်နေကြသည်။ ခဏအကြာတွင် ရှဲ့ဟယ်ထင်းနှင့်အနီးကပ်ဆုံးနေရာ၌ ရပ်နေသော အရပ်ရှည်ရှည်နှင့် စူးရှသောမျက်လုံးများရှိသည့် အားကျင်း ဆိုသောလူငယ်လေးက ရှဲ့ဟယ်ထင်း၏ အင်္ကျီစကို ဆွဲလိုက်သည်။

ရှဲ့ဟယ်ထင်းက လှည့်ကြည့်၍ လူငယ်လေး၏အချက်ပြမှုနှင့်အတူ သူ့ဘေးနား၌ ရပ်လိုက်သည်။

ထို့နောက် ချည့်နဲ့သည့် ကျန့်ခန်းပညာရှိများ မကြားနိုင်သော်မည့် တမင်တကာနှိမ့်ချထားသောအသံဖြင့် စကားပြောနေကြတော့သည်။ သို့သော် ချန်ရုံကတော့ ကိုယ်ခံသိုင်းပညာလေ့ကျင့်ထားသောကြောင့် သူတို့ပြောနေသည်များကို ကြားနေရလေသည်။
"ဟယ်ထင်း...အဲဒါ တော်ဝင်အိမ်တော်ဝန်လား..."

"ဟုတ်တယ်..."
ခဏရပ်လိုက်ပြီးမှ ရှဲ့ဟယ်ထင်းက အေးစက်စွာမေးလိုက်သည်။
"မင်းက နောင်တရနေတာလား..."

"အင်း..."
လူငယ်လေးက ခဏတုံ့ဆိုင်းနေပြီးမှဖြေလိုက်သည်။ သူသည် ချန်ရုံ့ကို လှမ်းကြည့်၍ အသံကိုပိုနှိမ့်ကာ နူးညံ့စွာပြောလိုက်သည်။

"သူ့ရဲ့ မျက်ခုံးတွေက နက်မှောင်နေပေမယ့် ပွင့်လင်း‌တဲ့သဘောရှိတယ်...သူ့ရဲ့အကြည့်တွေက ချိုမြပေမယ့် အားနည်းတဲ့ပုံမပေါက်ဘူး...နှုတ်ခမ်းတွေက နူးညံ့ပေမယ့် ပြည့်ဝန်းတယ်...အဲဒါက သူက စိတ်သဘောထားနူးညံ့ပြီး သစ္စာရှိကြောင်းကိုဖော်ပြနေတယ်...ဖြောင့်စင်းတဲ့နှာတံကလည်း မရက်စက်တတ်တဲ့စိတ်ထားကိုပြတယ်..."

"မင်း သူ့ကိုကြိုက်လား..."
ရှဲ့ဟယ်ထင်းက လူငယ်လေး၏စကားကိုဖြတ်ကာမေးလိုက်သည်။

ချောမောသည့်လူငယ်လေးက ခေါင်းကိုငုံ့လိုက်သည်။

အချိန်အတော်ကြာမှ ဆုံးဖြတ်ချက်ချပြီးသည့်ပုံဖြင့် ပြောလိုက်သည်။
"ဟုတ်တယ်...သူ့ရဲ့ ဆွဲဆောင်မှုက လှည့်ဖျားမှုတွေပါနေတယ်...သူက ကျွန်တော့်ရဲ့ စိတ်ကူးတွေထဲက မိန်းကလေးမျိုးပဲ..."

ထိုသို့ပြောပြီးသောအခါ အားကျင်းက ရှဲ့ဟယ်ထင်းကိုမော့ကြည့်ကာ ဆက်ပြောလိုက်သည်။

"အိမ်တော်ဝန်က စိတ်ထားကောင်းတဲ့မိန်းကလေးဆိုတော့ ထိန်းချုပ်ရလွယ်မှာပါ...ထိန်းချုပ်လို့မရရင်တောင်မှ ကျွန်တော် အဲဒီကနေ ထွက်ချင်တယ်ဆိုရင် အရမ်းတားနေမှာမဟုတ်ပါဘူး...ဟယ်ထင်း ဒီလို ချစ်စရာမိန်းကလေးမျိုးဆိုတာ အလွန်ရှားတယ်...ကျွန်တော် ကြိုးတော့ကြိုးစားကြည့်ချင်တယ်..."

သေချာစဉ်းစားနေပုံရသော ရှဲ့ဟယ်ထင်းကိုကြည့်၍ အားကျင်းက ထပ်ပြောလိုက်သည်။
"ဟယ်ထင်း...သူ့ကို ကျွန်တော့်အပိုင်ဖြစ်အောင်လုပ်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူး..."

ရှဲ့ဟယ်ထင်းက အားကျင်းကိုကြည့်‌လိုက်ပြီးမှ တစ်ဖက်သို့လှည့်ကာ ချန်ရုံ့ဆီသို့ လျှောက်သွားလိုက်သည်။

ချန်ရုံ့နားသို့ရောက်သောအခါ ချန်ရုံ့အား ကြာမြင့်စွာ သေချာကြည့်၍ ပေါ့ပါးစွာပြေယလိုက်သည်။
"မင်း အထဲကို ဝင်ချင်ရင်ဝင်လေ..."

ချန်ရုံက မနေနိုင်ပဲ ပြုံးမိသွားသည်။

"ဟုတ်ကဲ့..."
ချန်ရုံက ပြန်ပြော၍ မျက်နှာကို ပြန်တည်ကာ ခန်းမထဲသို့ ဝင်သွားလိုက်သည်။

ထူးဆန်းစွာပင် ချန်ရုံ၏စိတ်က အလွန်ကြည်ရွှင်နေမိသည်။ သူမသည် ခုနစော်ကားခံလိုက်ရမှုအတွက် ဒေါသလည်းမထွက်သည့်အပြင် ချောမောသောလူငယ်လေး၏ဆွဲဆောင်မှုအောက်၌လည်း မကျရှုံးကာ အထက်တန်းလွှာတစ်ဦးနှင့် ဆက်ဆံလိုက်ရသည့်အတွက်လည်း မသက်မသာဖြစ်မနေပေ။

ရှဲ့ဟယ်ထင်းသည် ရဲရဲနီနေသောပုံရိပ်လေးထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ ချန်ရုံ့အား ဤမျှ စိတ်သဘောထားကောင်းလိမ့်မည်ဟု ရှဲ့ဟယ်ထင်း မထင်ထားခဲ့မိချေ။ ချန်ရုံသည် သူ့အား ရွဲ့စောင်းသည့်စကား၊ ရန်တွေ့သည့်စကားသူ၍ တစ်ခွန်းမှ မပြောသွားချေ။ အနောက်မှခြေသံများကိုကြားသောအခါ ရှဲ့ဟယ်ထင်းက လေသံပျော့ပျော့ဖြင့်ပြောလိုက်သည်။

"ဒီမိန်းကလေးက မဆိုးပါဘူး...ဒါပေမယ့် ဝမ်ချီက သူ့ကို အရူးအမူးဖြစ်နေတာ...မင်း သူ့ကို ရဖို့ဆိုတာတော့ တော်တော်ကိုခက်လိမ့်မယ်..."

အနောက်မှအားကျင်းက ပြုံး၍ အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"သူ့ရဲ့ ရွာလေးမှာနေပြီး သူတီးခတ်တဲ့ဂီတသံလေးတွေကို နားထောင်နေရရင်ပဲ ပျော်စရာဖြစ်နေပါပြီ..."

"ဒါဆိုလည်း မင်းသဘောပဲလေ..."

ရှဲ့ဟယ်ထင်းက ပြော၍ အားကျင်းကိုထားခဲ့ကာ ခန်းမထဲသို့ ဝင်သွားလေသည်။ အားကျင်းကတော့ မလိုက်လာပဲ ထိုနေရာ၌သာကျန်ခဲ့သည်။ အားကျင်းသည် ထိုဧည့်ခံပွဲကိုတက်ရောက်ရန်အထိ အဆင့်မြင့်သူမဟုတ်ချေ။

အားကျင်းသည် သစ်ပင်အရိပ်အောက်၌ရပ်၍ ချန်ရုံ၏ပုံရိပ်လေး ခန်းမဆီသို့သွားနေသည်ကို ငေးကြည့်ရင်း ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ဟိုမှာ အချိုမြိန်ဆုံးအပြုံးလေးနှင့် စွဲမက်ဖွယ်မျက်ဝန်းတွေနဲ့ အလှလေးတစ်ဦးပါလား...(1)"
အားကျင်း၏အသံသည် တဖြည်းဖြည်းတိုးတိတ်သွား၍ ကဗျာရွတ်ဆိုပြီးသွားသောအခါ သက်ပြင်းချသံနှင့် အဆုံးသတ်သွားလေသည်။

[(1) 《卫风·硕人》သီချင်းများစာအုပ်မှ]

ချန်ရုံက ကျယ်ဝန်းသော ခန်းမဆောင်ထဲသို့လျှောက်သွားလိုက်သည်။

အပြင်၌ နေရောင်ရှိနေသေးသော်လည်း ခန့်မထဲ၌ မီးများထိန်လင်းအောင် ထွန်းညှိထားပြီးဖြစ်ကာ မွှေးကြိုင်သောအဝတ်အစားများနှင့် အမွှေးဆီများလိမ်းထားသောဆံပင်များကလည်း ခန်းမထဲ၌ နေရာအနှံ့ ပျံ့လွင့်နေကြသည်။

အထက်တန်းလွှာများနောက်မှလိုက်၍ ခန်းမထဲသို့ ချန်ရုံဝင်သွားသောအခါ အပြင်တုန်းကကဲ့သို့ပင် ခန်းမတစ်ခုလုံးတိတ်ဆိတ်သွား၍ အကြည့်များအားလုံးက ချန်ရုံ့ပေါ်သို့ ကျလာကြသည်။

ချန်ရုံကလည်း ကြိုတင်ပြင်ဆင်လာခဲ့ပြီးဖြစ်သည်။ နှလုံးသားထဲ၌ ယုံကြည်မှုအပြည့်ရှိနေကာ နှုတ်ခမ်း၌လည်း အပြုံးတစ်ခုတွဲခို၍ ဖြောင့်စင်းသွယ်လျသောလည်တိုင်ကလည်း လှပသော မျဉ်းတစ်ခုကဲ့သို့ ဖြစ်နေသည်။

စိုက်ကြည့်မှုများနှင့် တဖြည်းဖြည်းကျယ်လောင်လာသော တီးတိုးပြောသံများကြားတွင် ခန်းမအလယ်မှ ရုတ်တရက် လက်ခုပ်တီးလိုက်သံ ထွက်ပေါ်လာလေသည်။ တစ်စုံတစ်ယောက်က လက်ခုပ်တီး၍ ရယ်မောကာပြောလိုက်သည်။
"ကောင်းပါပေတယ် တော်ဝင်အိမ်တော်ဝန်...တခြားလူတွေက အဖြူရောင်တိမ်တွေနဲ့ တူနေချိန်မှာ မင်းတစ်ယောက်တည်းက နေဝင်ဆည်းဆာနဲ့တူနေတယ်...အနီရောင်ဝတ်စုံနဲ့ မင်းကို ကြည့်ပါဦး...ဘယ်လိုတောင် ဆွဲဆောင်မှုရှိနေတာလဲ...တကယ် လှပပါပေတယ်..."

ထိုလူ၏ရယ်သံက ခန်းမတစ်ခုလုံးဟိန်းထွက်နေ၍ ထိုလူသည် စားပွဲကိုတွန်းဖယ်၍ ချန်ရုံ့ဆီသို့ လျှောက်လာလေသည်။

စိုပြေသောအသားအရည်နှင့် ချောမောခန့်ညားသည့် ထိုလူသည် ဧကရာဇ်မှလွဲ၍ အခြားမည်သူဖြစ်နိုင်ပါဦးမည်နည်း။

ချန်ရုံက ဧကရာဇ်ကို မြင်သောအခါ ပြုံး၍ အရိုအသေပေးလိုက်သည်။
"မင်္ဂလာပါ အရှင်မင်းကြီး..."

"ထပါ ထပါ..."

ဧကရာဇ်က ချန်ရုံ့နားသို့လျှောက်လာ၍ အကဲခတ်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ရုတ်တရက် သွားများပေါ်အောင်ပြုံးလိုက်ကာ ပြောလိုက်သည်။
"မင်းက တော်တော်သတ္တိရှိတာပဲ အားရုံ...ဟားဟား...ဒါ ကိုယ်တော့်ဘဝမှာ အနီရောင်ဝတ်စုံ ဝတ်ရဲအောင် သတ္တိရှိတဲ့ မိန်းမတစ်ယောက်ကို ပထမဆုံးတွေ့ဖူးတာပဲ...ချီးကျူးပါတယ် ချီးကျူးပါတယ်..."

ဧကရာဇ်က ရယ်နေဆဲတွင် ထူးခြားသည့်အသံတစ်ခုက ခန်းမထောင့်မှ ထွက်ပေါ်လာသည်။
"အရှင်မင်းမြတ်...တော်ဝင်အိမ်တော်ဝန်အတွက် ဒီဝတ်ရုံနီကို ပြင်ဆင်ပေးခဲ့တဲ့လူက မူရုံခယ်ဆိုတာ အရှင်သိပါသလား...အဲဒီနေ့တုန်းက အိမ်တော်ဝန်က ဒီဝတ်ရုံနီကိုဝတ်..မီးလောင်စင်ပေါ်မှာထိုင်ပြီး ရန်သူတွေ ခေါင်းငိုက်စိုက်နဲ့ဆုတ်ခွာသွားတာကို ကြည့်နေခဲ့မှာကို စဉ်းစားကြည့်ပါဦး..."

ထိုလူက ပြောရင်းဖြင့် ရယ်လိုက်သည်။

ဧကရာဇ်ဘာမှမပြောနိုင်ခင်မှာပင် ချန်ရုံက ထိုလူရှိရာဘက်သို့ လှည့်လိုက်သည်။

မီးအလင်းရောင်အောက်တွင် ချန်ရုံသည် ပိန်ပါး၍ မျက်နှာ၌ ပေါင်ဒါများခြယ်သထားသော အထက်တန်းလွှာတစ်ဦးကို မြင်လိုက်ရသည်။ ချန်ရုံသည် နှုတ်ခမ်းထောင့်စွန်းကိုကွေးလိုက်၍ ဖြည်းညှင်းစွာပြောလိုက်သည်။
"အရှင်က ဒီကျန့်ခန်းမှာရှိနေပြီး ဟူပိုင်နက်အတွင်းက မူရုံခယ်နဲ့ပတ်သတ်ပြီး ဖြစ်ပျက်ခဲ့သမျှတွေကို ဒီလောက်တောင် သိနေတယ်ဆိုတော့ အရှင့်ရဲ့ အမြင်အာရုံက အရမ်းပဲကောင်းလှပါတယ်...ကျွန်မရဲ့ အဝတ်အစားတွေက မူရုံခယ်ပေးခဲ့တယ်ဆိုတာတောင် အရှင်က သိနေတာပါလား..."

ချန်ရုံ၏အပြုံးက ချိုမြ၍ မျက်လုံးများကလည်း နွေးထွေးမှုဖြင့် တောက်ပကာ အသံကလည်း ဝမ်ဟုန်ကဲ့သို့ နူးညံ၍ ညင်သာနေသည်။ သို့သော် ထိုကဲ့သို့ နူးညံ့ညင်သာသည့် လေသံဖြင့်ပြောလိုက်သောစကားများကတော့ ရန်လိုနေသည်သာမက အဓိပ္ပာယ်ကလည်း ဒဲ့တိုးဖြစ်နေသည်။

ထိုလူက ပါးစပ်ဟောင်းလောင်းပွင့်၍ တစ်စက္ကန့်မျှ ဆွံ့အသွားသည်။ ထိုလူ၏နောက်မှ အခြားလူတစ်ယောက်က ရယ်မောကာဝင်ပြောလိုက်သည်။
"ဟုတ်ပါရဲ့ ချီယန်...မင်းရဲ့ မဟုတ်တရုတ်သတင်းတွေက တဖြည်းဖြည်း ပိုပိုပြီး ကောင်းလာတာကိုးကွ...ဟားဟားဟား..."

ထိုလူ၏ရယ်သံနှင့်အတူ နေရာအနှံ့မှ ရယ်သံများ ထွက်ပေါ်လာကြသည်။

အခြားလူများက ချန်ရုံ့ကိုကြည့်နေကြစဉ်တွင် ချန်ရုံက မျက်နှာကို ဘာခံစားမှုမှမဖော်ပြပဲ နေနေလိုက်သည်။

"လန်ယာဝမ်အိမ်တော်ထဲမှာ အချင်းချင်း မတည့်ဖြစ်နေကြတာလားမသိဘူးနော်..."
ခန်းမထောင့်မှ တစ်စုံတစ်ယောက်က ခပ်တိုးတိုးပြောလိုက်သည်ကို ချန်ရုံကြားလိုက်သည်။

"ဟုတ်တယ်...ဝမ်ချီယန်နဲ့ အဲဒီအမျိုးသမီးရဲ့ မျက်နှာတွေကို ကြည့်လိုက်ရင် သိသာတယ်..."

ထိုစကားနှစ်ခွန်းကြားပြီးသောအခါ ချန်ရုံသည် ခေါင်းကိုလှည့်၍ ဧကရာဇ်ကို ပြန်ကြည့်လိုက်သည်။ ဧကရာဇ်က ချန်ရုံ့အား မျက်လုံးတစ်ဖက်မှိတ်ပြ၍ နေရာအနှံ့မှအကြည့်များကို လျစ်လျူရှုကာ မကောင်းသည်ကိုလုပ်တော့မည့် ကလေးဆိုးလေးကဲ့သို့ ချန်ရုံ့နားသို့လျှောက်လာသည်။
"ဟို လူငယ်ချောချောလေးတွေကို မင်းမြင်ပြီးပြီလား...မင်းကြိုက်ရဲ့လား..."
ဧကရာဇ်က မေးလိုက်သည်။

ဧကရာဇ်ကို ဤစကားနှင့်စပြောမည်ဟု ချန်ရုံ မထင်ထားခဲ့ချေ။ ခဏမျှ အံ့အားသင့်နေပြီးမှ ချန်ရုံက ခေါင်းကိုငုံ့၍ တုန်ယင်စွာပြောလိုက်သည်။
"ကျွန်မအနားမှာ ဝမ်ချီရှိနေလျက်နဲ့ ကျွန်မ ကောင်လေးတွေနဲ့ ဘယ်လိုသာယာနိုင်ပါမလဲ အရှင်..."

ဧကရာဇ်က မျက်နှာစူပုတ်သွားသည်။
"ငါစိတ်ပျက်သွားပြီ...ငါက မင်းကို ကြင်နာမှုအပြည့်နဲ့ ကူညီပေးထားတာကို...မင်းက သူတို့ကို သွားတွေ့ဖို့ သတ္တိတောင်မရှိဘူးပေါ့..."