Chapter 243
အနီရောင်ဝတ်စုံသည်လည်း ဂုဏ်သိက္ခာရှိနိုင်ပါတယ်
ချန်ရုံက အနည်းငယ် နှာခေါင်းရှုံ့ကာ မကျေမနပ်နှင့် ပြောလိုက်သည်။
"အဲဒီကောင်လေးတွေနဲ့တွေ့ဖို့ ဝမ်ချီက ကျွန်မကို ခွင့်ပြုမယ်ထင်လို့လား အရှင်မင်းကြီး..."
ဧကရာဇ်က ခဏမျှစဉ်းစားပြီးမှ ခေါင်းငြှိမ့်၍ ပြောလိုက်သည်။
"မင်းကိုလည်း အပြစ်တင်လို့မရပါဘူးလေ..."
ထို့နောက် ဧကရာဇ်က အောက်သို့ငုံ့၍ ခဏမျှ စဉ်းစားပြီးမှ မေးလိုက်သည်။
"အဲဒီကိစ္စကိုသိတော့ သူဘာဖြစ်သွားလဲ..."
"အရမ်းဒေါသထွက်သွားတာပေါ့..."
ထိုစကားကိုကြားသောအခါ ဧကရာဇ်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ အနီးအနားမှ မျက်လုံးများပြူးကျယ်နေကြသော အထက်တန်းလွှာများကို လျစ်လျူရှု၍ ဧကရာဇ်သည် စိတ်ကျေနပ်မှု၊ ဝမ်းသာမှုတို့ဖြင့် ပြုံးကာ အင်္ကျီလက်များကို လှုပ်ခတ်၍ အိမ်ရှင်နေရာသို့ လျှောက်သွားလေသည်။
လမ်းလျှောက်နေရင်းဖြင့် ဧကရာဇ်သည် အနောက်သို့ လှည့်မကြည့်ပဲ အမိန့်ပေးလိုက်သည်။
"တော်ဝင်အိမ်တော်ဝန်...ငါ့ဘေးမှာ ထိုင်ပါ..."
ချန်ရုံက ပြန်ဖြေ၍ ဧကရာဇ်နောက်သို့ အမြန်လိုက်သွားလိုက်သည်။
အစေခံများက ချန်ရုံ့အတွက် ဧကရာဇ်၏ဘေးတွင် စားပွဲတစ်လုံးချပေးလိုက်သည်။
ချန်ရုံ စားပွဲ၌ ထိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ချန်ရုံ့ကို လှမ်းကြည့်လိုက်သော အချို့မျက်လုံးများက စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည်ကို သတိထားလိုက်မိသည်။
ဧကရာဇ်က ဝိုင်အရက်ကို နှစ်ငုံသောက်လိုက်ပြီးချိန်တွင် မိန်းမစိုးတစ်ဦးက အနောက်သို့ လာရပ်၍ အသံတိုးတိုးနှင့် ပြောလိုက်သည်။
"အရှင်မင်းကြီး...သွားဖို့အချိန်ကျပါပြီ..."
ထိုစကားကိုကြားသောအခါ ဧကရာဇ်က အရက်ခွက်ကိုချ၍ ခပ်တိုးတိုးပြောလိုက်သည်။
"အပျော်တွေကို ဖျက်ဆီးနေတာပဲ..."
ထို့နောက် ဧကရာဇ်သည် မတ်တပ်ထ၍ အင်္ကျီလက်များကို လှုပ်ခတ်ကာ အပြင်သို့ ထွက်သွားတော့သည်။
ဧကရာဇ် ထွက်သွားသည်နှင့် တစ်ပြိုင်နက် လူများက ချက်ချင်းပင် နှုတ်ဆက်လိုက်ကြသည်။
"အရှင်မင်းကြီး..."
လူများ၏ နှုတ်ဆက်သံများကြားတွင် ဧကရာဇ်သည် တဖြည်းဖြည်းနှင့် ဝေးကွာသွားလေတော့သည်။
ဧကရာဇ်သည် ဤကဲ့သို့ ဧည့်ခံပွဲများ၌ လူလုံးထွက်ပြရန်သာလိုကြောင်း ချန်ရုံသိထားသည်။ ဧကရာဇ်က မည်မျှပင် ပျော်ရွှင်မြူးထူးနေပါစေ သူ၏အာဏာကြောင့် နန်းတွင်းမှလူများက မသက်မသာဖြစ်ရသည်ပင်ဖြစ်သည်။ ထိုအကြောင်းကြောင့် ဧကရာဇ်များသည် ဧည့်ခံပွဲများ၌ အချိန်မည်မျှသာနေမည်ဟု အစဉ်အလာသတ်မှတ်ထားခဲ့ကြသည်။
ထိုသို့ အစဉ်အလာရှိသည့်တိုင်အောင် ဧကရာဇ်သည် သူ၏ နေခွင့်ရသော အချိန်တိုလေးကို ချန်ရုံနှင့် စကားပြောဖို့ အသုံးပြုခဲ့လေသည်။ သူတို့သည် ပျော်ရွှင်စွာ စကားပြောခဲ့သည့်အပြင် ဧကရာဇ်သည် ချန်ရုံ့အား သူ့နား၌ပက် ထိုင်ခိုင်းခဲ့သည်။ ထိုကဲ့သို့သော အပြုအမူမျိုးသည် ချန်ရုံ့အပေါ် အားအကောင်းဆုံးသော ကာကွယ်ပေးမှုနှင့် သဘောကျလက်ခံမှုတို့ပင်ဖြစ်သည်။
ချန်ရုံလည်း စိတ်ထဲမှ ကျေးဇူးတင်လိုက်၍ ဧည့်ခံပွဲတစ်လျှောက်လုံး အိမ်ရှင်နေရာ၌သာ ဆက်၍ ထိုင်နေလိုက်တော့သည်။
ထိုအခိုက်တွင် ရှဲ့ဟယ်ထင်း၏အုပ်စုက ခန်းမထဲသို့ ဝင်လာသောကြောင့် ရုတ်ရုတ်သဲသဲဖြစ်သွားကြပြန်သည်။
ဆူညံသံများကြားတွင် အဝေးမှနေ၍ ချန်ရုံလှမ်းမြင်နေရသော စစ်မားမင်းသားတစ်ဦးက ဝိုင်အရက်ခွက်ကိုမြှောက်၍ ချန်ရုံ့အား လှမ်းပြောလိုက်သည်။
"အိမ်တော်ဝန်သခင်မလေး...အချစ်မှာပျော်မွေ့တဲ့ ရှဲ့လန်တောင် ဒီပွဲကိုတက်လာသေးတာ...မင်းရဲ့ အဖော် ဝမ်ချီက ဘယ်ရောက်နေပါလိမ့်..."
ထိုစစ်မားမင်းသား၏စကားနှင့်အတူ ရယ်သံများထွက်ပေါ်လာကြသည်။
"အဖော်" ဆိုသည့်အသုံးအနှုန်းက မိန်းမစိုးများနှင့် နန်းတွင်းအိမ်စေများ အချင်းချင်းခေါ်ရန် သုံးနှုန်းကြသောစကားဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌ ထိုစကားကိုသုံးနှုန်းလိုက်ခြင်းက လှောင်ပြောင်လိုက်သကဲ့သို့ ဖြစ်သွားစေလေသည်။
ချန်ရုံက မော့ကြည့်လိုက်သည်။
လူအုပ်ကြီး၏ရယ်သံနှင့် လှောင်ပြောင်သံ၊ အချို့လူများ၏ ကိုယ်ချင်းစာ၍ မသက်မသာကြည့်မှုများအောက်တွင် ချန်ရုံသည် ထိုမင်းသားအား ချိုမြိန်သောမျက်နှာဖြင့်ကြည့်၍ ရိုးသားသည့်လေသံလေးဖြင့်ပြောလိုက်သည်။
"အရှင် မှားနေပါပြီ...အဖော််ဆိုတာက နန်းတွင်းက အစေခံတွေ အချင်းချင်းခေါ်ကြတဲ့အသုံးအနှုန်းပါ..."
ချန်ရုံက အပြစ်ကင်းစင်၍ ချိုမြသောမျက်နှာလေးဖြင့် မျက်တောင်တစ်ချက်ခတ်ကာ ဆက်ပြောလိုက်သည်။
"ဧကရာဇ်မင်းမြတ်က အခု စိတ်လက်ကြည်သာနေပုံရပါတယ်...အရှင့်ကို နန်းတွင်းဘဝအကြောင်းတွေသိလာအောင် နန်းတော်ထဲမှာ ခဏလောက်နေခိုင်းလို့ ခွင့်တောင်းလိုက်ရပါမလား..."
ချန်ရုံက နူးညံ့စွာပြောလိုက်သော်လည်း စကားများက ရွဲ့နေသည့်ပုံပေါ်၍ ထိုလူအား မိန်းမစိုးလုပ်ပါလား ဟု ပြောလိုက်သကဲ့သို့ ဖြစ်သွားသည်။
ထို့ကြောင့် အခြားလူများကလည်း ရယ်မောကုန်ကြသည်။
ချန်ရုံက ပြောပြီးသောအခါ လက်ထဲမှ ဝိုင်ခွက်ကိုချ၍ တစ်ကိုယ်တည်းတီးတိုးပြောလိုက်သည်။
"စိတ်ညစ်ဖို့ကောင်းလိုက်တာ...အိမ်ပြန်တော့မယ်..."
ချန်ရုံသည် ဤကဲ့သို့သော လူချင်းထိပ်တိုက်ရင်ဆိုင်၍ စကားပြောခြင်းများ၌ မကျွမ်းကျင်သောကြောင့် ဤနေရာ၌ ဆက်ထိုင်နေလျှင်လည်း လူကြားထဲ အရှက်ကွဲခံရဖို့သာများနေသည်။ ထို့ကြောင့် ဤအချိန်၌ ထထွက်သွားသည်က ပို၍ အဆင်ပြေမည်ဖြသ်သည်။ မည်သို့ပင်ဖြစ်စေ ဤပွဲသို့ လာရသည့် အဓိကရည်ရွယ်ချက်က အထမြောက်သွားပြီမဟုတ်လား။
ချန်ရုံက ခွက်ကိုချ၍ အင်္ကျီဝတ်ရုံလက်ကိုသိမ်းကာ ပြန်ရန်အဆင်သင့်ပြင်လိုက်သည်ကို မြင်သောအခါ မိန်းကလေးတစ်ဦးက ပြုံးနေသောပါးစပ်ကိုကာ၍ ပြောလိုက်သည်။
"တော်ဝင်အိမ်တော်ဝန်က တကယ့်ကို လွတ်လပ်(1) တာပဲနော်...သွားချင်တိုင်းသွား လာချင်တိုင်းလာလို့ရတယ်...ဟူလူမျိုးနဲ့ တူတူအိပ်ပြီးတာတောင် ခါတိုင်းလို လှပပြီး ဝံ့ကြွားနေတုန်းပဲ..."
[(1) 风流 - လေနှင့်အတူလွင့်သည်။ အသုံးပြုသည့်နေရာအပေါ်မူတည်၍ လွတ်လပ်ပေါ့ပါးသည်၊ ပွေရှုပ်သည်၊ ယောင်္ကျားတကာနှင့် အတူအိပ်သည် စသဖြင့် အဓိပ္ပာယ်များစွာ ဖွင့်ဆိုနိုင်ပါသည်။]
မိန်းကလေးက ထိုစကားများပြောလိုက်သည်နှင့်တစ်ပြိုင်နက် အခြားလူငယ်တစ်ဦးက ရယ်၍ ဝင်ပြောလိုက်သည်။
"ဟုတ်ပါရဲ့...ဝမ်ချီလန်ကတော့ တကယ်သနားစရာကောင်းတာ...ကျန့်ခန်းမင်းသားကိုသတ်နိုင်ပေမယ့် ဟူစစ်တပ်တစ်ခုလုံးကိုတော့ သူသတ်နိုင်မှာတဲ့လား..."
ထိုစကားများက ပို၍ပင် အဆိပ်ပြင်းနေက့သည်။ ထိုလူငယ်ပြောသည်က ဝမ်ဟုန်သည် ချန်ရုံ၏ဂုဏ်သိက္ခာအတွက် ကျန့်ခန်းမင်းသားကို သတ်ခဲ့ရသည် ဟု အဓိပ္ပာယ်ပေါက်၍ ချန်ရုံသည်လည်း ထောင်ပေါင်းများစွာသော ဟူစစ်သည်များနှင့် အတူအိပ်ခဲ့သည်ဟု ပြောနေခြင်းပင်ဖြစ်သည်။ အလွန်ပင် စော်ကားလွန်းသော စကားများဖြစ်သည်။
ချန်ရုံ၏တစ်ကိုယ်လုံး တုန်လှုပ်သွားမိသည်။
ချန်ရုံသည် အပြင်သို့ထွက်ရန်ပြင်နေရာမှ ရပ်၍ ဖြည်းဖြည်းချင်းလှည့်လိုက်သည်။
သူမ၏အနီရောင်ဝတ်စုံက မီးတောက်ထက်ပင် ရဲရဲနီနေ၍ ထိုလူငယ်အား နက်မှောင်သောမျက်လုံးများဖြင့် ကြည့်နေလိုက်သည်။ ချန်ရုံ၏လှပမှုက တုန်လှုပ်စရာကောင်းနေလေသည်။
ချန်ရုံသည် အလွန်ပင် အိန္ဒြေအပြည့်နှင့် ကျက်သရေရှိနေကာ ဘာစကားမှမပြောပဲ တိတ်ဆိတ်စွာကြည့်နေသည့်ပုံကပင် အလွန်ခမ်းနားလှပနေသည်။
ကြည့်နေသောလူအများစုက တွေးနေမိကြသည်။
ဒီလောက်တောင်လှပနေတဲ့လူက ဘာများရှက်နေစရာလိုလို့လဲ...
ချန်ရုံက ခုနစကားကိုပြောလိုက်သည့်လူအား တိတ်ဆိတ်စွာ ကြည့်နေ၍ အချိန်အတော်ကြာမှ စကားစပြောလိုက်သည်။
"သူ့ရဲ့ ဂုဏ်သတင်းနဲ့ မာန်မာနတို့ကို ကြည့်ခြင်းအားဖြင့် ဝမ်ချီလန်က လူထောင်ပေါင်းများစွာနဲ့အိပ်ထားတဲ့ မိန်းမတစ်ယောက်ကို ဒီလို လိုလိုလားလားလက်ခံမယ်လို့ ရှင်က ထင်နေတာလား..."
ချန်ရုံက ခေါင်းကိုမော့၍ လူအုပ်ကြီးကိုကျော်၍ အပြင်မှကောင်းကင်ကိုမော့ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။
"ကျွန်မက ဟူလူမျိုးတွေရဲ့အဖမ်းကိုခံခဲ့ရပေမယ့် ကျွန်မရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းခွင့်ပေးဖို့ မူရုံခယ်ကို ကျွန်မ ပြောနိုင်ခဲ့ပါတယ်..."
ချန်ရုံ့အား မကောင်းပြောသည့်လူက ပါးစပ်ကိုဟ၍ လှောင်ပြောင်မည်အလုပ်တွင် ချန်ရုံက လေကဲ့သို့ လွတ်လပ်၍ မာန်မာနရှိသောအသံဖြင့် ဖြတ်ပြောလိုက်သည်။
"လောကကြီးတစ်ခုလုံးက ကျွန်မကို ယုံတာ မယုံတာ အရေးမကြီးပါဘူး...ချီလန်က ကျွန်မကိုယုံနေတာကပဲ လုံလောက်နေပါပြီ..."
ထိုသို့ပြောပြီးသောအထါ ချန်ရုံသည် အင်္ကျီလက်ကိုဝှေ့ယမ်း၍ တံခါးမှ ထွက်ခွာသွားတော့သည်။ သူမ၏ တောက်ပသောအနီရောင်ဝတ်စုံက ကောင်းကင်မှ နေဝင်ဆည်းဆာကဲ့သို့တောက်ပလွန်းနေသော လူတိုင်း၏မျက်စိကို ကျိန်းစပ်သွားစေသည်။
ခဏအကြာတွင် ဟွမ်းကျိုးလန်၏အသံထွက်ပေါ်လာသည်။
"မဟုတ်တာတွေပြောမနေကြပါနဲ့တော့...ချန်ရုံသာ တကယ်အပြစ်ရှိနေမယ်ဆိုရင် ဒီလိုမျိုး သူ့ကိုယ်သူ ယုံကြည်ချက်ရှိရှိ နေနိုင်နေမှာလား...အခုဆို မျက်ရည်နဲ့မျက်ခွက်ဖြစ်နေလောက်ပြီပေါ့...ပြီးတော့ သူသာ အပြစ်ကင်းမနေရင် ဝမ်ချီလန်ကရော သူ့ကို လက်ခံမှာလား...တကယ်သာ မင်းတို့ပြောသလိုဖြစ်ခဲ့မယ်ဆိုကင် ဝမ်ချီလန်က အားရုံကို အသောကြီးတည်းက ထားခဲ့ပြီး တာအိုကျောင်းတော်ကို ပြန်သွားခိုင်းနေလောက်ပြီလေ..."
လူအချို့က ပြန်ခံပြောချင်သော်လည်း သူတို့၌လည်း ပြောပြောစရာ သက်သေခိုင်ခိုင်မာမာရှိမနေကြချေ။ ချန်ရုံတစ်ယောက် ကြိုးစားအားထုတ်စရာမလိုပဲ လွတ်လပ်ပေါ့ပါးနေသည့်အသွင်ကို လူတိုင်းမြင်ပြီးကြပြီးဖြစ်သည်။ ချန်ရုံဝတ်ထားသော အနီရောင်ဝတ်စုံကလည်း တောက်ပစူးရဲလွန်းသောကြောင့် ခန်းမထဲရှိအခြားမိန်းကလေးများပင် မှေးမှိန်သွားကြရသည်။ ချန်ရုံသာ အကယ်၍ ဟူလူမျိုးများနှင့် အတူအိပ်ခဲ့ရပါက သူ့ကိုယ်သူ ဤမျှ ယုံကြည်ချက်ရှိနေနိုင်ပါမည်လား။
ပုံပန်းသွင်ပြင်နှင့် အပြောအဆိုအမူအယာတို့ကို အလေးပေးသော ဤခေတ်အခါတွင် ချန်ရုံ၏ ဝတ်စုံနီနှင့် ပေါ့ပါးတောက်ပသောအပြုံးတို့က သူမသည် တကယ်ပင် အပြစ်ကင်းစင်သည်ဟု လူတိုင်း၏မသိစိတ်၌ ယုံကြည်လာစေသည်။
မည်သို့ပင်ဖြစ်စေ ချန်ရုံသည် ယောင်္ကျားများနှင့်ပွေရှုပ်တတ်သောသီလရှင်ဟုသာ လူများက ထင်ချင်ကြသည်ဖြစ်ရာ ချန်ရုံ၏ အပြစ်ကင်းစင်မှုက သိပ်တော့အရေးမကြီးပေ။ အရေးအကြီးဆုံးအချက်က ချန်ရုံသည် ဟူလူမျိုးများ၏လက်ထဲသို့ ကျရောက်ဖူးသည့်အချက်ပင်ဖြစ်သည်။ ဟူလူမျိုးများနှင့် အတူအိပ်သောမိန်းမသည် သူမ၏အလှအပနှင့် အဆင့်အတန်းက မည်မျှပင် ကောင်းမွန်မြင့်မားနေပါစေ သူမ၏ဂုဏ်သိက္ခာက ပျက်စီးသွားရပြီသာဖြစ်သည်။
ထို့အပြင် ချန်ရုံသည် ဟူလူမျိုးများနှင့် တကယ်အိပ်ခဲ့ပါက ဝမ်ဟုန်သည် ဤမျှ ရွံရှာဖွယ်ကောင်းသောအမျိုးသမီးနှင့် ချစ်ကျွမ်းဝင်ခဲ့သည်ဟူ၍ လှောင်ပြောင်နှိမ်ချစရာဖြစ်ပေတော့မည်။ ထိုအချက်ပင် အထက်တန်းလွှာများကြား၌ ဝမ်ဟုန့်အား ရယ်ပွဲဖွဲ့စရာ ဖြစ်စေတော့မည်ဖြစ်သည်။
ချန်ရုံက ခန်းမထဲမှ ထွက်လိုက်သည်။
တံခါးမှထွက်ထွက်ချင်း ချန်ရုံသည် ညင်သာစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် ပြုံး၍ သူမ၏အစေခံ၏အကူအညီနှင့်အတူ ရထားလုံးသို့ လျှောက်သွားလိုက်သည်။
သို့သော် ချန်ရုံ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် အသံတစ်ခုက လှမ်းခေါ်လိုက်သည်။
"ချန်အိမ်တော်ရဲ့ အားရုံ..."
ချန်ရုံက လှည့်ကြည့်လိုက်ရာ အားကျင်း ဟုခေါ်သော ချောမောသည့်လူငယ်လေးကို မြင်လိုက်ရသည်။ ချန်ရုံက စကားပြောမည်အလုပ်တွင် အားကျင်းက ခေါင်းကိုမော့၍ ဆွဲဆောင်မှုရှိသော အပြုံးကိုပြုံးလိုက်သည်။
"ကျွန်တော့်နာမည်က စုကျင်းပါ...သခင်မလေး ကျွန်တော့်ကို မှတ်မိပါရဲ့လား..."
ချန်ရုံက မျက်မှောင်ကြုတ်၍ ပြန်ဖြေလိုက်သည်။
"ကျွန်မ အရမ်းပင်ပန်းနေပါတယ် အရှင်...အရှင် ဘာကိစ္စပဲပြောစရာရှိရှိ နောက်တစ်နေ့မှပဲပြောကြရအောင်ပါ..."
ထိုသို့ပြော၍ ချန်ရုံသည် စုကျင်းအား တစ်ချက်မျှပင် ထပ်မကြည့်တော့ပဲ ရထားလုံးဆီသို့သာ လျှောက်သွားလိုက်တော့သည်။
ချန်ရုံ၏ရထားလုံးက ဝမ်ဟုန်၏အိမ်တော်ဆီသို့ ပြန်ရောက်လာသည်။ ခြံဝန်းထဲသို့ ချန်ရုံ ခြေချလိုက်သည်နှင့် ညောင်စောင်းပေါ်၌ ပျင်းရိပျင်းတွဲ မှီကာထိုင်နေသော ဝမ်ဟုန့်ကို မြင်လိုက်ရသည်။
ချန်ရုံသည် ဝမ်ဟုန့်ကိုမြင်သောအခါ ပြုံး၍ ရထားလုံးပေါ်မှ အမြန်ဆင်းကာ မပြေးရုံတမယ် အမြန်သွားလိုက်သည်။
"ချီလန် ချီလန်..."
ချန်ရုံက ပျော်ရွှင်စွာ လှမ်းခေါ်ကာ အပျော်ကို မနည်းထိန်း၍ တခစ်ခစ်ရယ်ရင်း လျှောက်သွားလိုက်သည်။
"ကျွန်မ အောင်နိုင်ခဲ့ပြီ...လူတွေက သူတို့ရဲ့ မဟုတ်တရုတ်စကားတွေနဲ့ ကျွန်မကို တိုက်ခိုက်ကြတော့မှာမဟုတ်ဘူး..."
ချန်ရုံက ခေါင်းကိုစောင်း၍ မျက်လုံးများမှေးစင်းသွားသည်အထိ ပြုံးရယ်ကာ ဝမ်ဟုန် ချီးကျူးမည်ကို စောင့်နေလိုက်သည်။
ဝမ်ဟုန်က ချန်ရုံ့ဘက်သို့ ဖြည်းညှင်းစွာ လှည့်လိုက်သည်။
ဝမ်ဟုန်သည် သူ၏ကြည်လင်သောမျက်လုံးများဖြင့် ချန်ရုံ့ကိုကြည့်ကာ လက်ထဲမှဝိုင်ခွက်ကိုက လှုပ်၍ ပြုံးကာမေးလိုက်သည်။
"စုကျင်းရော ဘယ်လိုလဲ..."
စုကျင်း?
ချန်ရုံက ပထမတော့ ကြောင်သွားသော်လည်း ခဏအကြာမှ နှုတ်ခမ်းများကို တွန့်ကွေးကာ ပြုံးချင်စိတ်ကို ဖုံးဖိ၍ ပြောလိုက်သည်။
"စုကျင်းလား...ကျွန်မ သူ့ကိုတော့ သိပ်သတိမထားမိ..."
ချန်ရုံ၏စကားမဆုံးခင်မှာပင် ဝမ်ဟုန်က ခေါင်းငြှိမ့်ကာ အရက်ခွက်ကို ဘေးသို့ချ၍ ပြုံးလိုက်သည်။
"တော်သေးတာပေါ့...ဘာဖြစ်လို့လဲဆိုတော့ သူက အခုပဲ သတိလစ်အောင်အရိုက်ခံလိုက်ရပြီး ညကျရင် ကိုးယောက်မြောက်မင်းသမီးရဲ့အိပ်ယာထဲရောက်တော့မှာလေ..."
ဝမ်ဟုန်ကပြောရင်းဖြင့် ချန်ရုံ့အား ချစ်မြတ်နိုးစွာ ကျီစယ်ချင်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
"မင်းပြောတဲ့အတိုင်း ကိုယ်လုပ်လိုက်တာလေ အားရုံ...လူငယ်လေးဆယ်ယောက်လုံးကို ကိုးယောက်မြောက်မင်းသမီးပဲ အကုန်ရသွားရင် သူကအရမ်းကို အမြတ်ထွက်သွားမှာပေါ့...အဲဒီကြောင့် သူ့ဆီကို ထက်မြက်တဲ့ လူငယ် လေးယောက်ပဲပို့ပြီး ကျန်တဲ့ခြောက်ယောက်ကို ရှဲ့အိမ်တော်ကအားပိ ဆီပို့လိုက်တယ်လေ...ဟားဟား ဝမ်ကူနဲ့ ရှဲ့ပီတို့တော့ ကုတင်ပေါ်မှာ ခုန်ပေါက်နေကြတော့မှာပဲ...တခြားလူတွေလည်း ပါလာရင် ပိုတောင်ကောင်းဦးမယ်..."
ချန်ရုံက နားထောင်နေရင်းဖြင့် မျက်လုံးများပြူးကျယ်လာကာ ပါးစပ်လည်း အဟောင်းသားဖြစ်နေသည်။
ထိုနေ့က မြင်ခဲ့ရသော လမ်းပေါ်မှ အဖြစ်အပျက်ကို ချန်ရုံ ပြန်မြင်ယောင်လာမိသည်။
ရှဲ့အိမ်တော်က အားပိက အရမ်းကို မာန်မနကြီးတဲ့ မိန်းကလေးမဟုတ်ဘူးလား...ဒီလိုတွေလုပ်တာက သူ့အတွက်...
"အရှင် အဲဒီကိစ္စတွေနဲ့ ပတ်သတ်နေတယ်ဆိုတာရော သူတို့ သိသွားမှာလား..."
ချန်ရုံက ဝမ်ဟုန့်နားသို့တိုး၍ သေချာကြည့်ကာမေးလိုက်သည်။
"ရှဲ့အိမ်တော်ရဲ့ အညှိုးအတေးကို သွားဆွသလိုဖြစ်သွားမှာလား..."
"ရှဲ့အိမ်တော်ရဲ့ အညှိုးအတေး ဟုတ်လား..."
ဝမ်ဟုန်၏မျက်လုံးများက ပြုံးရိပ်သမ်းသွားကြသည်။
"ကိုယ်က ဒီလိုလွယ်လွယ်နဲ့ အနိုင်ကျင့်ခံရမယ့်လူလား...အဲဒီလို လာစမ်းတဲ့လူတွေကိုလည်း ပြန်ပြီး ပညာပြလိုက်မှာပေါ့..."
"ဒါဆို တကယ်ပဲ ဘာမှစိတ်ပူစရာမလိုဘူးပေါ့နော်..."
ဝမ်ဟုန်က ချန်ရုံ့ကိုကြည့်၍ ခေါင်းငြှိမ့်ကာ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
"ဟုတ်တယ်...ဘာမှစိတ်ပူစရာမလိုဘူး..."
ဝမ်ဟုန်၏စကားကြားမှပင် ချန်ရုံလည်း စိတ်အေး၍ သက်ပြင်းချနိုင်တော့သည်။ ချန်ရုံသည် ခေါင်းကိုစောင်းကာ စဉ်းစားလိုက်သည်။
ငါလည်းတော်တော်ရူးတာပဲ...ဝမ်ဟုန်က ရှဲ့ပီနဲ့ အားကူတို့ရဲ့ ကိစ္စကိုတောင် ပညာရှိဆန်ဆန်ဖြေရှင်းပြီး သူ့ရဲ့အိပ်ခန်းကို ကိုယ်ပိုင်အိမ်လို ဝင်လိုက်ထွက်လိုက်လုပ်နေသေးတာပဲ...အခု ကိုယ်လုံးတီးလူငယ်လေး ၆ယောက်ကိုတောင် လွှတ်ဖို့စီစဉ်နေတယ်...ဝမ်ဟုန့်မှာ ဒီလို အာဏာတွေရှိနေတာကို ငါက ဘာလို့ စိတ်ပူနေမိတာလဲ...
ထိုသို့စဉ်းစားမိ၍ ချန်ရုံသည် မနေနိုင်ပဲ ရယ်လိုက်မိသည်။
"ဒါဆိုရင် မနက်ဖြန်ကျရင်တော့ ပွဲကြီးပွဲကောင်းကြည့်ရတော့မှာပဲနော်..."
ချန်ရုံက အကြည့်လွှဲ၍ ပြောလိုက်သည်။
"ဒါပေမယ့် လူတိုင်းက ဒါရှင့်လက်ချက်ပဲတိုတာတော့ သိကုန်ကြမှာပဲ..."
"မဆိုင်ပါဘူး...ကိုယ့်လို အထီးကျန်လူတစ်ယောက်က အဲဒီလိုတွေလုပ်ဖို့ ပိုက်ဆံ ဘယ်နားကရမှာလဲ...တစ်ယောက်ယောက်က ကိုယ့်အခြေအနေကိုမြင်ပြီး ကိုယ့်ကို အကောက်ကြံနေတာလို့ ထင်ချင်ရင်ထင်ကြမှာပေါ့..."
ချန်ရုံက ဝမ်ဟုန့်ကိုပြန်ကြည့်၍ ရယ်လိုက်သည်။
"ဟုတ်တယ်...တစ်ယောက်ယောက်က ရှင်လဲကျနေတဲ့အချိန်မှာ ဝင်အလဲထိုးဖို့ ကြံစည်နေတာပဲဖြစ်မှာပါ...ဒါပေမယ့်လည်း ရှင့်ကို ချစ်ခင်လေးစားပြီး အထင်အမြင်ကြီးတဲ့လူတွေကတော့ ဒီလိုကိစ္စမျိုးကိုသည်းခံမယ်မထင်ဘူး..."
ဝမ်သုန်က မျက်တောင်တစ်ချက်ခတ်၍ ချန်ရုံ၏လက်ကို လှမ်းကိုင်ကာ ပြောလိုက်သည်။
"လမ်းလျှောက်ထွက်ကြရအောင်..."
ချန်ရုံကလည်း ပျော်ရွှင်စွာပင် ဝမ်ဟုန်၏လက်ကို ကိုင်လိုက်သည်။
ခြေလှမ်းအနည်းငယ်လျှောက်ပြီးသောအခါ ချန်ရုံက စကားစပြောလိုက်သည်။