Chapter 244
တော်ဝင်အမိန့်စာဖြင့် ချမှတ်လိုက်သည့် လက်ထပ်ပွဲ
"ချီလန်...ကျွန်မရဲ့အစ်ကိုက နောက်လမှာ နေမကောင်းဖြစ်ပြီး သေတော့မယ်လို့ ကျွန်မ အိပ်မက်မက်တယ်...ကျွန်မကိုယ်တိုင်တော့ မတွေ့ဘူး...အိပ်မက်ထဲမှာ ကျွန်မရဲ့ယောင်းမက အစ်ကိုသေပြီလို့လာပြောသွားတာ...အရှင် ညွှန်းပေးတဲ့ သမားတော်ကတော့ အစ်ကိုက ဘာအဖျားရောဂါမှ မခံစားနေရဘူးလို့ပြောတယ်...ဒါပေမယ့် လိုရမယ်ရ လူနှစ်ယောက်လွှတ်ပြီး အစ်ကို့ကို စောင့်ကြည့်ခိုင်းထားလိုက်တယ်..."
"ဧကရာဇ်မင်းမြတ်ကလည်း အရှင့်အကြောင်းကို မနေ့ကပြောသေးတယ်..."
ချန်ရုံက ဆက်ပြောရင်း ဧကရာဇ်၏ ကလေးဆန်မှုကို သတိရကာ ရယ်ချင်သွားမိပြန်သည်။ ဝမ်ဟုန်က သိချင်သည့်ပုံဖြင့် လှမ်းကြည့်နေသည်ကိုမြင်သောအခါ ချန်ရုံသည် ရယ်ရင်းဖြင့် သူမနှင့် ဧကရာဇ်တို့ ပြောဆိုခဲ့သည်များကို ပြန်ပြောပြလိုက်သည်။
ဧကရာဇ်နှင့် ပြောခဲ့သော "ဝမ်ဟုန်က ဒေါသဖြင့် မခံမရပ်နိုင်ဖြစ်နေလိမ့်မည်" ဟူသည့် စကားကိုပြန်ပြောပြသောအခါ ဝမ်ဟုန်က မကျေနပ်သည့်အသံလိုလုပ်လိုက်သည်။
"ကိုယ်က အဲဒီလိုမဟုတ်ပါဘူး..."
ထို့နောက် ဝမ်ဟုန်သည် ခေါင်းကိုတစ်ဖက်သို့လှည့်၍ နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခပ်တန်းတန်းပြောလိုက်သည်။
"နောက်ဆို အဲဒီလိုစကားတွေမပြောနဲ့..."
"ဟုတ်ကဲ့..."
ချန်ရုံက ထပ်ရယ်၍ ဖြေလိုက်သည်။
အချိန်က လျင်မြန်စွာကုန်ဆုံးသွား၍ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်တစ်နေ့သို့ရောက်ရှိသွားလေသည်။
နောက်တစ်နေ့မနက်၌ ချန်ရုံစောစောနိုးနေကာ ခြံဝန်းထဲ၌ထိုင်၍ ပြင်ပမှသတင်းများကို ထောက်လှမ်းရန် အစေခံလေးဦးကိုလွှတ်လိုက်သည်။
ခဏအကြာတွင် ခြံဝန်းထဲသို့ ရထားလုံးတစ်စီးမောင်းဝင်လာလေသည်။
ဂိတ်တံခါးကိုကျော်ဖြတ်ပြီးသည့်အချိန်တွင်လည်း ရထားလုံးကမရပ်ပဲ အိမ်တော်နားသို့ တည့်တည့်မတ်မတ်မောင်းနှင်လာသည်။
ထို့နောက် ခြံဝန်းထဲ၌ ရထားလုံးကိုရပ်လိုက်သည်။ လိုက်ကာများကို မမရသေးသော်လည်း ရှဲ့ဟယ်ထင်း၏ ကျေနပ်နေပုံပေါ်သောအေးစက်စက်အသံက ရထားလုံးထဲမှ ထွက်ပေါ်လာသည်။
"ဝမ်ဟုန်...မင်းထွက်ခဲ့စမ်း..."
ချန်ရုံက သူ့အသံကြောင့် တုန်သွား၍ အပြင်သို့ အမြန်ပြေးထွက်လာလိုက်သည်။
ချန်ရုံ အပြင်သို့ ထွက်လာလာချင်းမှာပင် ရှဲ့ဟယ်ထင်းက ရထားလုံးပေါ်မှဆင်းလိုက်သည်။ ရှဲ့ဟယ်ထင်းသည် သူ၏မြင့်မားသောအရပ်ဖြင့် ခပ်မတ်မတ်ရပ်နေကာ ချန်ရုံ့ကိုကျော်၍ကြည့်လိုက်သည်။
"အဲဒီ ပြုံးနေတဲ့သူခိုး ဘယ်မှာလဲ..."
"အရှင် လူချင်းလွဲသွားပါပြီ...ချီလန်က အပြင်သွားပါတယ်..."
"အပြင်သွားတယ် ဟုတ်လား...သူက ပြဿနာတွေဆီကနေ ထွက်ပြေးနေတာလား..."
ရှဲ့ဟယ်ထင်းက ချန်ရုံ့အားစိုက်ကြည့်၍ လှောင်ရယ်ရယ်လိုက်သည်။
"အဲဒီသူခိုးက အလုပ်ကောင်းကိုလုပ်ပြီး ရှောင်ထွက်သွားတာပဲ..."
ချန်ရုံသည် အခြားလူများက ဝမ်ဟုန့်အား ဤသို့စော်ကားနေသည်ကို မခံနိုင်ပေ။ ထို့ကြောင့် ချက်ချင်းပင် မျက်မှောင်ကြုတ်၍ မကျေမနပ်ပုံဖြင့်ပြောလိုက်သည်။
"သခင်လေးရှဲ့...သူတစ်ပါးရဲ့အိမ်ကိုလာပြီး ဒီလိုအိမ်ရှင်ကို စော်ကားနေတာ ဖြစ်သင့်ပါရဲ့လား..."
ရှဲ့ဟယ်ထင်းက ခေါင်းကိုမော့၍ အေးစက်စက် ပြန်ပြောလိုက်သည်။
"ဒါဆိုရင် အဲဒီပြုံးနေတဲ့သူခိုးက ဘာတွေလုပ်ခဲ့တယ်ဆိုတာ မင်းမေးကြည့်လိုက်လေ..."
ရှဲ့ဟယ်ထင်းက အံကြိတ်၍ အော်လိုက်သည်။
"စုကျင်းက မနေ့က မင်းနဲ့ ခဏလေးပဲစကားပြောတာကို အဲဒီကောင်က စုကျင်းကို ဟိုရွံစရာနေရာကိုပို့လိုက်တယ်လေ...ဘာဖြစ်လို့ အဲဒီဝမ်ဟုန်က အရမ်းကို မနာလိုဖြစ်နေရတာလဲ..."
အဲဒီကိစ္စတွေက ဖြစ်တောင်ဖြစ်ပြီးသွားပြီလား...
ချန်ရုံက အံ့ဩသွားသည့်ပုံစံ ဟန်ဆောင်၍ ပြောလိုက်သည်။
"အရှင် ဘာပြောလိုက်တာပါလဲ..."
ရှဲ့ဟယ်ထင်းက မျက်လုံးများကိုမှေး၍ ချန်ရုံ့အားကြည့်လိုက်သည်။
"မင်းမသိဘူးလား...ဝမ်ချီလန်က မနာလိုဖြစ်ပြီး စုကျင်းကို မင်းသမီး ၉ ဆီ ပေးပစ်လိုက်တယ်လေ..."
ရှဲ့ဟယ်ထင်း၏ဒေါသတကြီးရောက်ချလာမှု၊ ရေခဲကဲ့သို့အေးစက်သည့်အသံနှင့် သူ၏အရှိန်အဝါတို့ကို ပေါင်းစပ်လိုက်သောအခါ အပြစ်မဲ့သည့်လူများပင်လျှင် သူတို့ကိုယ်သူတို့ အပြစ်ရှိသည်ဟု ခံစားရစေနိုင်သည်။
အနည်းဆုံးတော့ ချန်ရုံ့အား အပြစ်ရှိသည်ဟု ခံစားသွားစေမိသည်။
ချန်ရုံသည် နှုတ်ခမ်းကိုကိုက်၍ မျက်လွှာကိုချကာ ခပ်ဖွဖွပြုံး၍ပြောလိုက်သည်။
"အရှင်က အရမ်းကို အလျင်တွေလိုနေတာကိုး သခင်လေးရှဲ့...ဒါတွေလုပ်တာက ချီလန်ဆိုတာ အရှင် ဘယ်လို သိတာပါလဲ..."
"ဟင်း..."
ရှဲ့ဟယ်ထင်းက အေးစက်စွာဖြင့် ဒေါသထွက်သည့်အသံကိုလုပ်လိုက်သည်။
"တစ်လောကလုံးက ဝမ်ချီလန်ကို မသိနိုင်ကြပေမယ့် ငါကတော့ သိတယ်...အရင်ကတော့ သူက နာမည်ကျော်ကြားနေတာဆိုတော့ သူလုပ်သမျှကိစ္စတိုင်းကို သတိထားနေရတယ်လေ...အခုတော့ လုံးဝကို စည်းလွတ်ဝါးလွတ် ထိန်းမရဖြစ်နေပြီ..."
ရှဲ့ဟယ်ထင်းက ချန်ရုံ့အားကြည့်၍ မာန်ပါပါပြောလိုက်သည်။
"ငါနဲ့ စုကျင်းနဲ့ ရင်းနှီးတာကိုတော့ အဲဒီပြုံးနေတဲ့သူခိုးကို မင်းမပြောဘူးမဟုတ်လား..."
ထိုစကားက မေးခွန်းမဟုတ်ပဲ အတည်ပြုချက်ဖြစ်သည်။
ချန်ရုံကလည်း ရှဲ့ဟယ်ထင်း၏ အရှိန်အဝါအောက်တွင် အရူးကဲ့သို့ ခေါင်းတဆတ်ဆတ်ငြှိမ့်လိုက်မိသည်။
ရှဲ့ဟယ်ထင်းက နှာရှုံ့၍ သူ့ကိုယ်သူ တီးတိုးပြောနေလေသည်။
"အဲဒီကောင်ရဲ့ အစွမ်းနဲ့ဆိုရင် မင်းမပြောလည်း သူသိနေမှာပါ...ဒီပြဿနာကိုဖြေရှင်းဖို့ နည်းလမ်းပေါင်းတစ်ထောင်လောက် စဉ်းစားနိုင်အောင်ကို သူ့ရဲ့ဦးနှောက်က ကောင်းပေမယ့် ငါ့ကို လာစော်ကားတဲ့နည်းလမ်းကို သူရွေးလိုက်တာပဲ...ကောက်ကျစ်စဉ်းလဲတဲ့ ခွေးသား..."
ထိုသို့ပြောပြီးသောအခါ ရှဲ့ဟယ်ထင်းသည် အင်္ကျီဝတ်ရုံလက်ထဲမှ အဝါရောင်အဝတ်စကို ဆွဲထုတ်၍ ချန်ရုံ့ဆီသို့ ပစ်ပေးလိုက်သည်။ ချန်ရုံက ဖမ်းလိုက်သောအခါ ရှဲ့ဟယ်ထင်းက အေးစက်စွာပြောလိုက်သည်။
"ဧကရာဇ်မင်းမြတ်ဆီကနေ တော်ဝင်အမိန့်တော်ကို ငါတောင်းခံလာခဲ့ပြီ...မင်း ဆိုတဲ့ တော်ဝင်အိမ်တော်ဝန်က အခုကစပြီး နောက်နှစ်ပတ်အကြာမှာ စုကျင်းနဲ့ လက်ထပ်ရလိမ့်မယ်..."
တော်ဝင်အမိန့်လွှာကို ဖမ်းလိုက်မိသည်နှင့်တစ်ပြိုင်နက် ချန်ရုံ၏ခေါင်း ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ချန်ရုံသည် ငြိမ်သက်စွာဖြင့် ရှဲ့ဟယ်ထင်းအား စိုက်ကြည့်နေမိကာ စကားပြောရန်အသံကို ရှာမရဖြစ်နေသည်။
ချန်ရုံ့ထံမှ တုံ့ပြန်လာသည်ကိုမစောင့်တော့ပဲ ရှဲ့ဟယ်ထင်းသည် အင်္ကျီဝတ်ရုံလက်ကို လှုတ်ခတ်၍ ရထားလုံးဆီသို့ပြန်သွားလေတော့သည်။
ရထားလုံးက တစ်ဖက်သို့ လှည့်ပြီးသောအခါ အထဲမှ သူ၏ရေခဲတမျှအေးစက်သည့်အသံက ထွက်ပေါ်လာပြန်သည်။
"ငါ့ကို လုပ်ကြံတဲ့အထိ ကြံစည်မယ်ဆိုရင်တော့ သူ့ရဲ့မျက်နှာဖုံးကို ငါဆွဲဖြဲပစ်မယ်လို့ ဝမ်ဟုန့်ကိုပြောလိုက်..."
ထိုစကားကိုပြောပြီးသောအခါ ရှဲ့ဟယ်ထင်း ထွက်ခွာသွားတော့သည်။
ရှဲ့ဟယ်ထင်းတစ်ယောက် တော်တော်ဝေးဝေးသို့ရောက်သွားပြီးမှပင် ချန်ရုံ အသိစိတ်ပြန်ဝင်လာတော့သည်။ ချန်ရုံ၏မျက်နှာသည် ဒေါသဖြင့် နီရဲနေ၍ လှမ်းအော်ပြောလိုက်သည်။
"ရှဲ့ဟယ်ထင်း...ရှင် ကျွန်မကို ဘယ်လိုမိန်းမလို့ ထင်နေတာလဲ..."
သူမ၏အသံကို ရှဲ့ဟယ်ထင်း မကြားနိုင်လောက်တော့ပြီ သို့မဟုတ် ကြားလျှင်လည်း မတုံ့ပြန်တော့ ဟု ချန်ရုံထင်ထားသော်လည်း ရှဲ့ဟယ်ထင်း၏အေးစက်သောအသံက ရထားလုံးထဲမှ ထွက်ပေါ်လာပြန်သည်။
"မင်းက ဝမ်ဟုန်ရဲ့အမျိုးသမီးပဲ...သူက ငါ့ကို မပျော်မရွှင်ဖြစ်အောင်လုပ်ထားတဲ့အတွက် ငါကလည်း သူပျော်ရွှင်နေမှာကို လက်မခံနိုင်ဘူးလေ..."
ချန်ရုံသည် ရှဲ့ဟယ်ထင်း၏ရထားလုံးကိုငေးကြည့်၍ ထိုရေခဲတောင်အရူးနောက်သို့လိုက်၍ ကြာပွတ်နှင့်ရိုက်လျှင်ကောင်းမည်လားဟု စဉ်းစားနေလိုက်မိသည်။
ချန်ရုံတစ်ယောက် ဒေါသနှင့် တစ်ကိုယ်လုံးနီရဲနေချိန်တွင် ဝမ်ဟုန်က အိမ်သို့ပြန်မရောက်သေးချေ။ အပြင်မှလမ်းများကတော့ တဖြည်းဖြည်း လူများဖြင့် စည်ကားလာလေသည်။
အပြင်မှ ဆူညံသံများကိုနားထောင်၍ ချန်ရုံသည် သူမ လွှတ်ထားသောအစေခံများပြန်လာမည့်အချိန်ကိုစောင့်နေလိုက်သည်။ အချိန်အတော်ကြာသည်အထိ အစေခံများ ပြန်မရောက်လာသောအခါ ရုတ်တရက် အကျပ်ကိုင်ခြင်းခံလိုက်ရသော မင်္ဂလာပွဲအတွက် ဒေါသထွက်နေသောချန်ရုံသည် သည်းမခံနိုင်တော့ပဲ အံကိုကြိတ်ကာ ယောင်္ကျားလေးအဝတ်အစားများကိုဝတ်၍ ဦးထုတ်ကိုဆောင်းကာ ရထားလုံးကိုမယူတော့ပဲ အစောင့်နှစ်ယောက်ကိုသာခေါ်၍ အပြင်သို့ ထွက်လာလိုက်တော့သည်။
လမ်းပေါ်သို့ ရောက်ရောက်ချင်းမှာပင် ယနေ့သည် ခါတိုင်းထက်ပို၍ စည်ကားနေသည်ကို ချန်ရုံသတိထားလိုက်မိသည်။ ယခင်ကဆိုလျှင် လမ်းများက မြင်းဆွဲသည့်ရထားလုံးများနှင့်သာ ပြည့်နေသော်လည်း ယခုတွင်တော့ လမ်းလျှောက်နေသော လမ်းသွားလမ်းလာများဖြင့် ပြည့်နေသည်။ ချန်ရုံသာ ဉာဏ်ပြေးစွာဖြင့် လမ်းလျှောက်မည့်အစီအစဉ်ကို မစဉ်းစားမိခဲ့ပါက ဤလမ်းပေါ်၌ ရထားလုံးဖြင့် ရွှေ့၍ရမည်ပင်မဟုတ်ချေ။
ခဏမျှ လမ်းလျှောက်ပြီးသောအခါ အချိန်အတော်ကြာစကားပြောပြီးသွားသော လူတစ်ယောက်ကို ချန်ရုံတွေ့လိုက်ရသည်။ ချန်ရုံသည် ထိုလူ့နားသို့သွား၍ အရိုအသေပေးကာ ခပ်ဩဩအသံဖြင့်ပြောလိုက်သည်။
"သခင်ကြီး ဒီမှာဘာတွေဖြစ်နေတာပါလဲ...ဘာဖြစ်လို့ လူတွေဒီလောက်စည်ကားနေတာလဲဗျ..."
ထိုလူက ချန်ရုံ့ဘက်သို့လှည့်၍ သွားများပေါ်အောင်ပြုံးကာပြောလိုက်သည်။
"မင်းမသိဘူးလား...ဒီလောက်တောင် ကြီးမားတဲ့သတင်းထူးကြီးကို မင်း ဘယ်လိုများမသိပဲနေနိုင်ရတာလဲ..."
ချန်ရုံက ရိုးသားစွာဖြင့် ခေါင်းခါပြလိုက်သည်။
ထိုလူက ပြုံး၍ သူ၏ကျိုးတို့ကျဲတဲမုတ်ဆိတ်မွှေးကိုသပ်ကာ ပြောလိုက်သည်။
"ဒါဆိုရင် ဧကရာဇ်မင်းမြတ်က တော်ဝင်အိမ်တော်ဝန်ရာထူးပေးထားတဲ့ ယောင်္ကျားလေးတွေနဲ့ ပွေရှုပ်တဲ့ သီလရှင် ချန်အိမ်တော်ရဲ့ အားရုံကိုရော မင်းသိလား..."
ဤကိစ္စ၌ ဘယ်လိုများ ချန်ရုံ ပါလာရပါသနည်း...
ချန်ရုံက အလွန်ပင်စိတ်ရှုပ်သွားသော်လည်း ခေါင်းကိုအမြန်ငြှိမ့်ပြ၍ မေးလိုက်သည်။
"ဟုတ်ကဲ့ သိပါတယ်...သူက ဘာဖြစ်လို့လဲ..."
"အဲဒီမိန်းကလေးလား...အခု လူတိုင်းက အဲဒီမိန်းကလေးက ဟူလူမျိုးတွေရဲ့ဖျက်ဆီးတာကို ခံခဲ့ရတယ်လို့ပြောနေကြတယ်မဟုတ်လား...စောက်ရူးတွေ အဲဒီမိန်းကလေးက ယင်းလီဟွားထက်တောင် လှသေးတာ ဟူတွေက ဘာဖြစ်လို့ သူ့ကို ပြန်လွှတ်ပေးမှာလဲ...ငါပြောမယ်ကွ သူက ဒီကမ္ဘာကြီးနဲ့မတန်အောင်ကိုလှတာ...ကျစ် ကျစ် အဲဒီအလှအပကပဲ ဒီလိုပျက်စီးခြင်းတွေကို ဦးတည်နေတာပါပဲ...အဲဒီမိန်းကလေးကြောင့်သာ မဟုတ်ရင် ဘာဖြစ်လို့များ ကောင်းကင်ဘုံရဲ့မင်းသားလေး ဝမ်ချီလန်က ဒီလိုအလုပ်တွေလုပ်နေမှာလဲ...အဲဒီမိန်းကလေးအတွက်နဲ့ သူ့ရဲ့ ကောင်းမွန်လှတဲ့အနာဂတ်ကို စွန့်ပစ်မှာတဲ့လား..."
ချန်ရုံက စိတ်ရှည်စွာနားထောင်နေသည်ကိုမြင်သောအခါ ထိုလူက ခေါင်းကိုခါ၍ ဆက်ပြောလိုက်သည်။
"ဒါပေမယ့်လည်း ဝမ်ချီလန်က တော်ဝင်မျိုးနွယ်မှမဟုတ်တာလေ...ဝမ်အိမ်တော်ရဲ့ခေါင်းဆောင်နေရာက ပုတ်သိုးနေတဲ့အသားလိုပဲလို့ သူကိုယ်တိုင်ပြောခဲ့တာပဲ...သူကိုယ်တိုင်က အာဏာရာထူးထက် မိန်းမကိုပိုနှစ်သက်နေတော့လည်း ဘယ်တတ်နိုင်မလဲလေ..."
ချန်ရုံက နားထောင်နေရင်းဖြင့် အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။
"သခင်ကြီး အဓိကအချက်ကိုရောက်အောင် မြန်မြန်ပြောပေးပါလား..."
ချန်ရုံက တိုက်တွန်းလိုက်သည်။
"အဲဒါအဓိကအချက်ပဲလေ..."
ထိုလူက ချန်ရုံ့ကိုမျက်စောင်းထိုး၍ပြောလိုက်သည်။
ဟင်?
ချန်ရုံက ထိုလူ့အား ပြန်ငေးကြည့်နေမိသည်။
ထိုအချိန်၌ ဘေးမှအသံတစ်သံက ဝင်ပြောလိုက်သည်။
"ဝမ်ချီလန်ဆိုလို့ သူက တကယ်ကို သနားစရာကောင်းတာပဲနော်...တော်ဝင်အိမ်တော်ဝန်ကို မူရုံခယ်ရဲ့လက်ထဲကနေ စစ်သည်လေးတစ်ထောင်လောက်နဲ့ ကယ်လာနိုင်တာ...သူ့ရဲ့ ဉာဏ်ရည်နဲ့ ရဲစွမ်းသတ္တိကတော့ တကယ်ကို ပြိုင်စံရှားလှပါတယ်...အဲဒီလိုလူမျိုးက ပြည်သူတွေကို အလုပ်အကြွေးပြုဖို့ နန်းတွင်းမှာ အလုပ်မလုပ်တာ တကယ်ကိုစိတ်မကောင်းစရာပဲ..."
ထိုနောက်လူ၏စကားကိုနားထောင်ရင်းဖြင့် ချန်ရုံ ပို၍ပင် စိတ်မရှည်ဖြစ်လာမိသည်။
ထိုအချိန်၌ ရုတ်တရက် အရှေ့နားမှ ရုတ်ရုတ်သဲသဲဖြစ်၍ အသံတစ်သံက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"သတင်းထူး သတင်းထူး..."
"ဝမ်နဲ့ရှဲ့စုံတွဲက တကယ်ကို တဏှာရာဂစိတ်ပြင်းထန်ကြတာပဲ..."
လူအုပ်ကြီးက လှည့်ကြည့်လိုက်ကြချိန်တွင် သတင်းထူးဟုအော်နေသောလူက အော်ပြောလိုက်သည်။
လူအုပ်ကြီးက သူ့ကိုဝိုင်းရံလာချိန်တွင် စိတ်လှုပ်ရှားစွာ ထပ်ပြောလိုက်သည်။
"သူတို့ ဘယ်လို တဏှာပြင်းတဲ့ကိစ္စတွေလုပ်နေကြတယ်ထင်လဲ...ဟားဟားဟား...ရှဲ့အိမ်တော်က အားပီနဲ့ သခင်ဝမ်ကူတို့က အိပ်ယာထဲမှာ ယောင်္ကျားလေး ၆ယောက်နဲ့ သာယာနေကြတာကို လူမိသွားတယ်လေ..."
ထိုစကားများကိုကြားသည်နှင့်တစ်ပြိုင်နက် တီးတိုးပြောသံများ ထွက်ပေါ်လာကြသည်။ သူတို့နေထိုင်နေကြသော ကမ္ဘာကြီးသည် အလွန်ပင် ထူးဆန်းပွေလီလှပါလား။ တော်ဝင်မျိုးနွယ်များရော အထက်တန်းလွှာများပါ လူပုံအလယ်၌ ဝေဖန်ခံရတတ်သည်မှာ ပုံမှန်သာဖြစ်သည်။ သို့သော် ဝမ်နှင့် ရှဲ့မျိုးနွယ်များကတော့ အများနှင့်မတူပဲ အနည်းငယ် ထူးခြားနေသည်။
ထိုအိမ်တော်များမှ တိုက်ရိုက်ဆင်းသင်လာသူတိုင်းနီးပါး၌ လောကကြီးအတွက် ဖွဲ့ဆိုထားသော ကဗျာများစွာ လက်ဝယ်ပိုင်ဆိုင်ထားကြသည်။ ပွဲတော်များ၌ ဝင်ရောက်ယှဉ်ပြိုင်ကြလျှင်လည်း အနုပညာလေးရပ်၌ သူတို့၏ တက်ကျွမ်းမှုများက မနာလိုဖြစ်ဖွယ်ရာဖြစ်သည်။ သူတို့၏ စိတ်နေစိတ်ထားနှင့် ကိုယ်အမူအရာများကလည်း အလွန်အံ့ဩလေးစားဖွယ်ဖြစ်သည်။
ထိုအကြောင်းများကြောင့် အထက်တန်းလွှာများကြား၌ ပုံမှန်နီးပါးဖြစ်နေသော အချစ်ရေးရာဖောက်ပြန်မှုများက ဤအိမ်တော်နှစ်ခုတွင် အလွန်ရှားပါးသည်။ ထို့အပြင် ရှဲ့အိမ်တော်မှ အားပီနှင့် ဝမ်ဟုန်၊ ဝမ်ကူတို့၏စေ့စပ်ခြင်းကလည်း လူတိုင်း၏စိတ်ဝင်စားမှုကို ခံနေရသည်။
လူအုပ်ကြီးက ရယ်လိုက်ကြကာ လူတစ်ယောက်က အော်ပြောလိုက်သည်။
"ဒါစိတ်ဝင်စားစရာသတင်းပဲ...ဝမ်ချီလန်က ရှဲ့အိမ်တော်က အားပီကို မလိုချင်တော့တာလည်း မဆန်းတော့ပါဘူး..."
"ဟုတ်တယ် ဟုတ်တယ်..."
အခြားလူများကလည်း ထောက်ခံလိုက်ကြသည်။
"ရှဲ့အိမ်တော်က အားပီနဲ့ ဝမ်ကူတို့က တကယ်ကို ပျော်ပျော်နေတတ်ပြီး ပွေရှုပ်တဲ့ စုံတွဲပဲ..."
"ဟားဟား ရှဲ့အိမ်တော်က အားပီက ကိုယ်ကျင့်သိက္ခာမရှိတဲ့မိန်းမဆိုတာကို ဝမ်ဟုန်က သိလို့ အားပီနဲ့ ဝမ်ကူတို့ကို လွှတ်ပေးထားလိုက်တာဖြစ်မယ်..."
ထိုစကားသံများကြား၌ သတင်းများဖြန့်သူများသည် အိပ်ယာထဲ၌ ရှဲ့ပီနှင့် ဝမ်ကူ တို့နှင့်အတူတွေ့သောလူငယ်များသည် ဧကရာဇ်က ချန်ရုံ့အား လက်ဆောင်ပေးထားသောလူငယ်များဖြစ်သည်ကို တမင်ချန်လှပ်ထားခဲ့ကြသည်။ ချန်ရုံ့ကို ကယ်တင်ပြီးသောအခါ ဝမ်ဟုန်၏သတင်းက မထင်မှတ်ထားအောင်ပင် မြန်ဆန်စွာ ပျံ့နှံ့သွားသည်။စည်းကမ်းတင်းကျပ်သော ပညာရှိများနှင့်မတူပဲ သာမာန်ပြည်သူများကတော့ တရားမျှတမှုထက် အချစ်ကိုသာရွေးချယ်ခဲ့သော ဝမ်ဟုန့်ကို အပြစ်မတင်ကြပေ။ သူတို့၏စိတ်ထဲ၌ အနည်းငယ်ဝေဖန်လိုစိတ်တော့ရှိသော်လည်း ဝမ်ဟုန်သည် ဟူလူမျိုးများထဲမှ အင်အားအကြီးဆုံး စစ်သည်ခေါင်းဆောင်ကို အနိုင်ယူနိုင်၍ တိုင်းပြည်တစ်ခုလုံးကိုကယ်တင်နိုင်လိမ့်မည်ဟူသောသတင်းက သူတို့အတွက် ပိုအရေးကြီးပေသည်။
ထို့ကြောင့် သာမာန်ပြည်သူများ၏မသိစိတ်၌ ဝမ်ဟုန်နှင့်တကွ ဝမ်ဟုန်ချစ်သော ချန်ရုံ့ကိုပါ ကာကွယ်ပေးချင်နေကြသည်။
ထိုအချိန်၌ အသံတစ်သံက အော်ပြောလိုက်ပြန်သည်။
"သတင်းထူးက မပြီးသေးဘူး...ကိုးယောက်မြောက်မင်းသမီးကလည်း လူငယ်လေး သုံးယောက်နဲ့ ပျော်ပါးနေတာ ဖမ်းမိသွားတယ်လို့ ငါကြားခဲ့သေးတယ်..."
ထိုအခါ တီးတိုးပြောသံများက ကျယ်လောင်လာကြပြန်သည်။ ခုနပြောလိုက်သည့်လူ၏အသံက ကျယ်သော်လည်း မကြာခင်၌ လူအုပ်ကြီး၏အသံများက သူ့အသံကို ဖုံးလွှမ်းသွားလေတော့သည်။
မင်းသမီးတစ်ယောက်က ယောင်္ကျားလေးတွေနဲ့ အိပ်တာ ဘာထူးဆန်းလို့လဲ...ပြီးခဲ့တဲ့ နှစ်ပေါင်းရာချီအချိန်မှာ အဲဒီလိုမလုပ်တဲ့ မင်ူသမီးဆိုတာရော ရှိလို့လား...
ရယ်သံများနှင့် စကားသံများကြားတွင် လူများသည် ရှဲ့ပီနှင့် ဝမ်ကူတို့၏ လိင်စိတ်ပြင်းထန်သော ဇာတ်လမ်းများကို ပြောနေကြဆဲဖြစ်၍ ဇာတ်လမ်းများက တဖြည်းဖြည်းပို၍ ဆိုးလာသည်။
ချန်ရုံက ခဏမျှနားထောင်နေပြီးမှ ဖြည်းညှင်းစွာပြုံးလိုက်သည်။
ဒီကောလဟလတွေအရတော့ ဝမ်ဟုန်၏ ဂုဏ်သတင်းက တကယ်ကို ပြောင်းပြန်ဖြစ်သွားတာပဲ...အဲဒီလူငယ်လေး ၆ယောက်ရဲ့ဇာတ်မြစ်ကို ထုတ်ပြောတဲ့လူတွေရှိပေမယ့် လူတွေရဲ့နားထဲကိုမရောက်ကြဘူး...ဒီသာမာန်ပြည်သူတွေက ဝမ်ဟုန့်ကို ထောက်ခံနေကြပြီး ရှဲ့ပီနဲ့ ဝမ်ကူတို့ကို ကြည့်မရဖြစ်နေကြတဲ့ပုံပေါက်တယ်...
ချန်ရုံသည် အစောင့်နှစ်ယောက်နှင့်အတူ လူအုပ်ကြားထဲ၌ တစ်နာရီခန့် ကူးလူးသွားလာ၍ ပျံ့နှံ့နေသော ကောလဟလစကားများကို နားထောင်နေလိုက်သည်။ အချိန်အနည်းငယ်ကြာသောအခါမှ ခေါင်းကိုလှည့်ကာပြောလိုက်သည်။
"ပြန်ကြရအောင်..."
"ဟုတ်ကဲ့..."
ချန်ရုံတို့သုံးဦးသည် ဝမ်ဟုန်၏အိမ်သို့ ပြန်လျှောက်သွားလိုက်ကြသည်။ အိမ်တော်၏ လမ်းကျဉ်းထဲသို့ ဝင်လိုက်သည့်အခိုက်မှာပင် အသံတစ်သံက ရုတ်တရက်လှမ်းခေါ်သံကို ကြားလိုက်ရသည်။
"ချန်အိမ်တော်ရဲ့အားရုံ..."
ထိုအသံက ချန်ရုံအလွန်ရင်းနှီးနေသောအသံဖြစ်သည်။
ချန်ရုံ လှည့်ကြည့်လိုက်သည်။
လမ်းကျဉ်း၏အရိပ်များကျနေသောဘက်ခြမ်း၌ ရထားလုံးတစ်စီးရပ်ထားသည်ကို မြင်လိုက်ရသည်။ ထို့နောက် အမျိုးသမီးတစ်ယောက်က လိုက်ကာကိုမ၍ ရထားလုံးပေါ်မှ ဆင်းလာကာ ချန်ရုံ့ဆီသို့ လျှောက်လာလေသည်။