Chapter 245
ချန်ရုံ၏သေဆုံးခြင်း
အမျိုးသမီး၏မျက်နှာကလှပသော်လည်း ဆံပင်များက ရှုပ်ပွနေ၍ အဝတ်အစားများကလည်း တွန့်ကြေနေသည်။ မိမိ၏ပုံပန်းသွင်ပြင်ကို အစဉ်အမြဲဂရုစိုက်ကြသော အထက်တန်းလွှာတစ်ယောက်အတွက် သူမ၏ပုံစံက ဘာကိုမှဂရုမစိုက်သကဲ့သို့ ဖြစ်နေသည်။
ထိုအမျိုးသမီးသည် ကိုးယောက်မြောက်မင်းသမီး ဖြစ်ပေသည်။
မင်းသမီးကိုမြင်မြင်ချင်း ချန်ရုံသည် မင်းသမီး၏အနောက်သို့ လှမ်းကြည့်လိုက်ကာ အစောင့်တစ်ဦးတည်းသာ ရထားလုံးနား၌ ရပ်နေသည်ကို မြင်၍ စိတ်အေးသွားရသည်။ ချန်ရုံကဲ့သို့ပင် သူမ၏အစောင့်နှစ်ဦးသည်လည်း စိတ်အေးသွားမိကြသည်။
ကိုးယောက်မြောက်မင်းသမီးက လျှောက်လာ၍ ချန်ရုံ့ရှေ့၌ ရပ်လိုက်သည်။
မင်းသမီးသည် ခေါင်းကိုမော့၍ ချန်ရုံ့ကို အကဲခတ်လိုက်သည်။ မင်းသမီး၏မျက်လုံးများသည် ယခင်တုန်းကတွေ့ဆုံခဲ့ရချိန်များထက် ပို၍ မှေးမှိန်ညှိုးနွမ်းနေကြသည်။
ချန်ရုံ့ကို တည့်တည့်စိုက်ကြည့်၍ ကိုးယောက်မြောက်မင်းသမီးသည် ဖြူဖျော့သောမျက်နှာဖြင့် မေးလိုက်သည်။
"ဒါ သူ့ရဲ့လက်ချက်မဟုတ်လား..."
"သူ အဲဒီလိုမျိုးလုပ်မယ်ဆိုတာ ငါသိပါတယ်...နင် ဖုံးကွယ်ပေးထားစရာမလိုပါဘူး..."
ချန်ရုံက မျက်တောင်ခတ်၍ နားမလည်စွာမေးလိုက်သည်။
"အရှင်မလေး ဘာတွေပြောနေတာပါလဲ..."
ကိုးယောက်မြောက်မင်းသမီးက ဝမ်းနည်းစွာ ပြုံးလိုက်သည်။
"ဒါ သူ့ရဲ့လက်ချက်ပါပဲ...သူက ငါ့ကို မကြိုက်ဘူးလေ...သူက နင့်ကိုပဲ ချစ်တာ...သူက ငါတို့ရဲ့စေ့စပ်ထားမှုကို ဂရုမစိုက်ပေမယ့် ငါ့လူတွေလက်ချက်ကြောင့် နင့်တူလေး သေသွားလို့ နင်ခံစားနေရတာကိုတော့ ဂရုစိုက်တယ်လေ...ဟုတ်တယ်မလား..."
ထိုစကားကိုချန်ရုံကြားသောအခါ သူမ၏မျက်နှာထားကလည်း အေးစက်၍ တိတ်ဆိတ်သွားသည်။
ကိုးယောက်မြောက်မင်းသမီး၏နှုတ်ခမ်းများကလည်း ဖြူလျော်နေ၍ မှိုင်းဝေစွာပြောလိုက်သည်။
"အဲဒီလူတွေကို ငါ့အိပ်ယာပေါ်တင်ပေးရုံမကလို့ မူးယစ်စေတဲ့ အမွှေးနံ့သာကိုပါ ထွန်းညှိခဲ့သေးတာ...ငါ့ရဲ့ အပျိုစင်ဘဝက...အဲဒီလူလေးယောက်ကြောင့် ပျက်စီးခဲ့ရပြီ...သူငါ့ကို မကြိုက်တာနဲ့တင် မလုံလောက်သေးလို့ ငါ့ကို ဒီလောက်အထိပါ ထိခိုက်နာကျင်စေအောင် လုပ်နေတာလား..."
ချန်ရုံ၏မျက်နှာထားကတော့ ခပ်တည်တည်ပင်ရှိနေဆဲဖြစ်သည်။
"အရှင်မင်းသမီး...ရှင်ကလူတွေရဲ့ အသက်ကို အမှိုက်တစ်စလိုသဘောထားခဲ့တာလေ...အခု ရှင်ဆုံးရှုံးတာက ရှင့်ရဲ့ အပျိုရည်ပဲရှိသေးတာပါ...အဲဒါကို ရှင် ဘာတွေ ရေးကြီးခွင်ကျယ်လုပ်နေတာလဲ ကျွန်မနားမလည်နိုင်ဘူး..."
"ဘာတွေရေးကြီးခွင်ကျယ်လုပ်နေတာလဲ ဟုတ်လား...အဲဒီလို အရေးမပါတဲ့လူတွေနဲ့ ငါ့ကို ဘယ်လိုများ နှိုင်းရဲရတာလဲ..."
မင်းသမီးက ကောင်းကင်ဆီသို့ မော့ကြည့်၍ ရယ်လိုက်သော်လည်း မျက်လုံးထောင့်မှ မျက်ရည်များက စီးကျလာသည်။
"ချီလန့်အတွက် ငါ့ရဲ့ အပျိုစင်ဘဝကို ငါထိန်းသိမ်းထားခဲ့တာ...သူက ဘာဖြစ်လို့ ငါ့ကို ဒီလို ဆက်ဆံရက်ရတာလဲ...ချန်အိမ်တော်ရဲ့ အားရုံ...သူဘာဖြစ်လို့ ငါ့ကို ဒီလိုလုပ်ရက်ရတာလဲ..."
ချန်ရုံ၏မျက်နှာကတော့ အေးစက်စက်ပင်။ သူမသည် ကိုးယောက်မြောက်မင်းသမီးကိုကြည့်၍ မုန်းတီးစွာ တွေးလိုက်သည်။
နင့်ရဲ့ အပျိုစင်ဘဝကို ဆုံးရှုံးရတာက ဘာမဟုတ်တဲ့ အပြစ်ဒါဏ်ခံရတာလေးပါ...ငါသာ လုပ်ခွင့်ရှိမယ်ဆိုရင် နင့်ကို ပြည်နှင်ဒဏ်ပေးပြီး နင်ပြောတဲ့ အရေးမပါဘူးဆိုတဲ့လူတွေရဲ့ ဒုက္ခတွေကို နားလည်လာအောင် လုပ်ပစ်မှာ...
ချန်ရုံ၏ တည်ငြိမ်သောမျက်နှာကြောင့် စိတ်လှုပ်ရှားနေသော မင်းသမီးလည်း အနည်းငယ် ငြိမ်ကျသွားသည်။
ကိုးယောက်မြောက်မင်းသမီးသည် လက်ကိုဆန့်၍ သူမ၏ရင်ဘတ်ကို အတန်ကြာဖိနေလိုက်ပြီးမှ ခေါင်းကိုပြန်မော့လိုက်သောအခါ မျက်လုံးများထဲ၌ မျက်ရည်များမရှိတော့ပဲ မုန်းတီးမှုများသာရှိနေတော့သည်။ မင်းသမီးသည် ချန်ရုံ့ကို ခါးသီးစွာစိုက်ကြည့်၍ ဝမ်းနည်းစွာပြောလိုက်သည်။
"သူက ဒီလောက်တောင် စိမ်းကားနိုင်နေမှတော့ ငါ့ကို ရက်စက်ရတဲ့အတွက်လည်း အပြစ်မတင်ပါနဲ့တော့...ဝမ်ဟုန် ဆိုတဲ့ ဝမ်ချီလန်...ရှင့်ရဲ့ဘဝတစ်လျှောက်လုံး ပူဆွေးမှုတွေနဲ့နေရအောင် ကျွန်မလုပ်မယ်..."
မင်းသမီး၏အသံက အလွန်တိုးသောကြောင့် သူမ နှုတ်ခမ်းများလှုပ်နေသည်ကိုသာ ချန်ရုံမြင်၍ စကားလုံးအချို့ကိုသာ ကြားလိုက်ရသည်။ ထို့ကြောင့် မင်းသမီးဘာပြောလိုက်မှန်း ချန်ရုံ မကြားလိုက်ရပေ။
စကားပြောပြီးသွားသောအခါ ချန်ရုံ့ကိုကြည့်နေသော ကိုးယောက်မြောက်မင်းသမီး၏ အကြည့်များက ပို၍ စူးရဲလာသည်။ ထို့နောက် ရုတ်ချည်းဆိုသလိုပဲ မင်းသမီး၏ ညာဘက်လက်ကို ဆတ်ခနဲလှုပ်သွား၍ အင်္ကျီဝတ်ရုံလက်ထဲမှ အေးစက်သော ဓားမြှောင်တစ်ချောင်း ထွက်လာလေတော့သည်။
လမ်းကျဉ်းလေးက မှောင်နေသောကြောင့် ဓားမြှောင်၏အလင်းပြန်မှုက ရုတ်တရက် ချန်ရုံ၏အမြင်ကို ဝေဝါးသွားစေသည်။
ချန်ရုံက တုန်လှုပ်သွား၍ အနောက်သို့ အမြန်ဆုတ်လိုက်သည်။ မင်းသမီးက အရှေ့သို့ တိုးလာသည်။ သူမ၏ လှုပ်ရှားမှုများက အခါပေါင်းများစွာလေ့ကျင့်ထားသကဲ့သို့ အလွန်ပင်မြန်ဆန်၍ တိကျနေသည်။
မင်းသမီးသည် ချန်ရုံ့နားသို့ပြေးကပ်ကာ ဘေးနားသို့ရောက်သွားသည်။ တစ်ချိန်တည်းမှာပင် ညာဘက်လက်က ဓားမြှောင်ကို ဝှေ့ယမ်းလိုက်သည်။
အလင်းပြန်သွားမှုက လျှပ်စီးကဲ့သို့ပင် အလွန်တရာမြန်၍ ပြင်းထန်ကာ တိကျနေသည်။
အနောက်၌ရပ်နေသော အစောင့်နှစ်ဦးက ပြိုင်တူ အော်လိုက်ကြသည်။ သူတို့သည် အရှေ့သို့ ကမူးရှူးထိုးသွား၍ သူတို့၏ခန္ဓာကိုယ်များဖြင့်ကာကာ မင်းသမီး၏လက်ကို တားလိုက်သည်။
သို့သော်လည်း အလွန်နောက်ကျသွားခဲ့လေပြီ။ အရာရာက အလွန်နောက်ကျခဲ့လေပြီ။
မင်းသမီး၏လှုပ်ရှားမှုတိုင်းက အကြိမ်တစ်ထောင်ခန့်လေ့ကျင့်ထားသကဲ့သို့ တိကျနေသည်။ ထို့အပြင် ဓားကို ထိုးစိုက်နေမှုများကလည်း နက်ရှိုင်းသောမုန်းတီးမှုများဖြင့် ပြင်းထန်လှသည်။ ချန်ရုံ၏တိမ်းရှောင်မှုများအားလုံးကိုလည်း ကြိုမြင်နေကာ ချန်ရုံ၏ခြေလှမ်းတိုင်းကို နောက်မှ တသွေမတိမ်း လိုက်နေလေသည်။
ဓားမြှောင်က တစ်ခါ ဝဲသွားတိုင်း အေးစက်သော ဓားသွားက ချန်ရုံ၏ဝတ်ရုံစကို ပိုင်းဖြတ်သွားသည်။ ဝှစ်ဆိုသော အသံနှင့်အတူ ဆံပင်ဖြစ်စေ အဝတ်စဖြစ်စေ တစ်ခုခုက မြေပေါ်သို့ ကျသွားမြဲဖြစ်နေသည်။
ချန်ရုံသည် ယိုင်တိယိုင်တိုင်ဖြင့် အနောက်သို့ ခြေလှမ်းသုံးလှမ်းဆုတ်ကာ ချွေးစေးများပြန်လာသည်။ မင်းသမီးလက်ထဲမှ ဓားမြှောင်သည် အလွန်ပင် စူးရှထက်မြက်၍ အရည်အသွေးအကောင်းဆုံးလက်နက်တစ်ခုဖြစ်သည်။
ချန်ရုံကနောက်သို့ ဆုတ်လိုက်သည့်အချိန်မှာပင် ကိုးယောက်မြောက်မင်းသမီးက နဂါးတစ်ကောင်ကဲ့သို့ ချန်ရုံ့ဘေးသို့ ထပ်ကြပ်မကွာ လိုက်ပါလာငည်။ ထို့နောက် လက်ထဲမှ ဓားမြှောင်ကို ဝှေ့ယမ်း၍ ချန်ရုံ၏ရင်ဘတ်ဆီသို့ ထိုးလိုက်လေတော့သည်။
ချန်ရုံ့စိတ်ထဲ၌ အတွေးများစွာ ဝင်လာချိန်တွင် အေးစက်လှသောအထိအတွေ့တစ်ခုက ချန်ရုံ့အသားပေါ်သို့ရောက်လာသည်။
ထိုအချိန်၌ လမ်းကျဉ်းလေး၏တစ်ဖက်မှ သေးငယ်သော ကျောက်တုံးလေးတစ်ခုက ရုတ်တရက် ပျံလွင့်လာသည်။
ကျောက်တုံးလေးသည် အလွန်သေးငယ်၍ အားလည်း သိပ်မပြင်းပေ။ ထိုကျောက်တုံးက ဓားမြှောင်ကိုထိသွားသော်လည်း ဓားမြှောင်ကို အနည်းငယ်သာ နေရာရွေ့သွားစေသေည်။ ထို့နောက် ချွင် ဆိုသောအသံဖြင့်အတူ ဓားမြှောက်သည် ချန်ရုံ၏ရင်ဘတ်ထဲသို့ စိုက်ဝင်သွားတော့သည်။
သွေးများက ရေပန်းကဲ့သို့ ပန်းထွက်လာသည်။
ကိုးယောက်မြောက်မင်းသမီးသည် အလျင်အမြန်ပင် လှုပ်ရှားလိုက်သည်။ သူမ အောင်မြင်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် အနောက်သို့ ခြေလှမ်း အနည်းငယ်ဆုတ်လိုက်သည်။ ထို့နောက် သူမ၏ဒဏ်ရာကို ငုံ့ကြည့်နေ၍ ဓားမြှောင်ကို ဆွဲထုတ်ချင်သော်လည်း မထုတ်ရဲဖြစ်နေသော ချန်ရုံ့ကို အေးစက်စွာကြည့်လိုက်သည်။
"လုပ်လိုက်လေ...ဆွဲထုတ်လိုက်...ဘာပဲဖြစ်ဖြစ် ငါ့ဓားမြှောင်က အဆိပ်သုတ်ထားတာပဲ..."
ထိုစကားကိုကြားလိုက်ချိန်တွင် အစောင့်နှစ်ဦးက ချန်ရုံ့ဘေးနားသို့ရောက်လာကြပြီဖြစ်သည်။ သူတို့၏မျက်နှာများက ချက်ချင်းပင် သွေးဆုတ်ဖြူလျော်သွားကြသည်။
ဓားမြှောင်က အဆိပ်သုတ်ထားသည်တဲ့လား။
ချန်ရုံ၏မျက်နှာလည်း ဖြူလျော်သွားသည်။ ချန်ရုံသည် ယခုချက်ချင်းပင်လဲကျတော့မည့်ပုံနှင့် ယိုင်သွားသည်။
ကိုးယောက်မြောက်မင်းသမီးက အောင်နိုင်သူအပြုံးဖြင့် ချန်ရုံနှင့် အစောင့်များကိုကြည့်လိုက်သည်။
"ဘယ်လိုလဲ...နင် အခုတော့ ကြောက်နေပြီမဟုတ်လား...ချန်အိမ်တော်ရဲ့ အားရုံလေး...နင့်ဘေးနားကို သေချာကြည့်လိုက်စမ်း...ဪ နေဦး ငါပြောဖို့မေ့နေတာ...ဓားမြှောင်က အဆိပ်က ဝူယိုစန်း(စိတ်သောကကင်းဝေးသောပေါင်ဒါမှုန့်) လို့လေါ်တယ်...အဲဒီအဆိပ်မိတဲ့လူတွေက နောက်ထပ်တစ်လလောက် သာမာန်လူလိုပဲ နေနိုင်တယ်လေ..."
မင်းသမီးက ချန်ရုံ့နားသို့တိုးကပ်၍ ခပ်တိုးတိုးရယ်ကာပြောလိုက်သည်။
"နင် ဖြည်းဖြည်းချင်းသေသွားတာကို ငါက ဝမ်ဟုန့်ကို မြင်စေချင်တာ..."
ထိုသို့ပြောပြီးသောအခါ မင်းသမီးသည် ခါးကိုပြန်မတ်၍ ချန်ရုံ့နောက်မှ ဒေါသထွက်နေကြသော အစောင့်နှစ်ယောက်ကိုကြည့်လိုက်သည်။ ထို့နောက် ပြုံး၍ တင်ပါးများကို ယိမ်းနွဲ့ကာ ပြောလိုက်သည်။
"ဘာလဲ...မင်းတို့ကလည်း ငါ့ကိုသတ်ချင်လို့လား...ငါ့ရဲ့ ခေါင်းကို ကိုက်စားချင်လို့လား...လာလေ ကြောက်မနေကြပါနဲ့...ငါက မင်းသမီးလေးတစ်ပါးပါပဲ...အလွန်ဆုံးမှ မင်းတို့ရဲ့ မိသားစုတွေကို ငါနဲ့တူတူ မြှုပ်နှံရလောက်ရုံပါ...ဆွေ၇ဆက် မျိုး ၇ဆက်တော့ အသတ်မခံရလောက်ပါဘူး..."
ထိုစကားကိုကြားသောအခါ ချန်ရုံ၏အစောင့်များက ကြောက်စိတ်ဖြင့် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကြသည်။ ထို့နောက် အံကိုကြိတ်လိုက်ကြသော်လည်း မင်းသမီး၏စကားကြောင့် အရှေ့သို့ ခြေတစ်လှမ်းပင် မတိုးရဲကြတော့ချေ
ထိုအချိန်၌ ချန်ရုံက အနည်းငယ်လှုပ်လိုက်သည်။
ချန်ရုံသည် ကိုးယောက်မြောက်မင်းသမီးဆီသို့ အားယူ၍လျှောက်သွားလိုက်သောအခါ ဒဏ်ရာမှသွေးများက တစက်စက်ကျနေလေသည်။
အလွန်ပင် ဖြူလျော်နေသော မျက်နှာကို မော့လိုက်သောအခါ ချန်ရုံ၏မျက်နှာက ပြုံးနေသည်ကို မြင်လိုက်ရသည်။
ချန်ရုံ သူ့နားသို့လျှောက်လာသည်ကို ကြည့်၍ ကိုးယောက်မြောက်မင်းသမီးသည်လည်း ပြုံးနေလေသည်။ သို့သော် မင်းသမီး၏အပြုံးက အောင်နိုင်မှုဖြင့် ကျေနပ်နေသောအပြုံးဖြစ်သည်။ သူမသည် ယိုင်နေသော ချန်ရုံ့ကိုကြည့်၍ ရှေ့သို့ပင် တစ်လှမ်းတိုးလိုက်သေးသည်။
ကိုးယောက်မြောက်မင်းသမီးသည် ချန်ရုံ့ရှေ့၌ရပ်၍ ချန်ရုံ့မျက်နှာနားသို့တိုးကပ်ကာ ခပ်ဖွဖွရယ်လိုက်သည်။
"ချန်အိမ်တော်ရဲ့ အားရုံ နင်အခု နောင်တတွေ အမုန်းတွေ မချိတင်ကဲမှုတွေနဲ့ ပြည့်နေပြီလား...ငါပြောမယ် ငါ့ရဲ့ ဧကရာဇ်အစ်ကိုတော်က နင့်လို တော်ဝင်အိမ်တော်ဝန်ကို သတ်တဲ့အမှုနဲ့ ငါ့ကို အပြစ်ပေးရင်လည်း လဝက်လောက်ပဲ အခန်းထဲမှာချုပ်ထားရုံပေါ့...အင်း နောက်နှစ် နင့်ရဲ့ အုတ်ဂူကို ငါလာလည်ရင် နင့်အပေါ်ထားတဲ့ ဝမ်ဟုန်ရဲ့အချစ်တွေ ဘယ်လောက်ခံလဲဆိုတာ ငါပြောပြရဦးမလား...ဟဟ နင်အခုပဲ မှန်းကြည့်ပါလား...ငါ့အထင်ကတော့ နောက်ခြောက်လလောက်နေရင် ချီလန်က နောက်ထပ်ချစ်သူအသစ်ရသွားမှာပဲ..."
ထိုနေရာအရောက်တွင် မင်းသမီး၏အသံက ရုတ်တရက် ရပ်သွားသည်။ အောက်သို့ငုံ့ကြည့်လိုက်ချိန်တွင် ကြောက်လန့်တကြားအော်သံသုံးခုထွက်ပေါ်လာလေသည်။
မင်းသမီးက အကြည့်ကို အောက်သို့ရွှေ့လိုက်သောအခါ သူမ၏ရင်ဘတ်ထဲ၌ စိုက်ဝင်နေသော ဓားမြှောင်ကို တွေ့လိုက်ရလေသည်။ ထိုဓားမြှောင်သည် လွန်ခဲ့သောမိနစ်အနည်းငယ်ကပင် ချန်ရုံ၏ရင်ဘတ်ထဲစိုက်ဝင်နေခဲ့သည့် ဓားမြှောင်ဖြစ်သည်။ သို့သော် ယခုတွင်တော့ ချန်ရုံက ဓားမြှောင်ကို ရင်ဘတ်မှဆွဲထုတ်၍ လျှပ်စီး၏အလျင်ဖြင့် မင်းသမီး၏ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်ပြီဖြစ်သည်။ အရှိန်ကလည်း ပြင်းလွန်းလှသည်ဖြစ်ရာ ရွှေရောင်လက်ကိုင်သာမြင်ရတော့၍ ဓားသွားတစ်ဆုံးက ရင်ဘတ်ထဲရောက်နေလေတော့သည်။
ယခုတွင်တော့ ချန်ရုံပြုံးရမည့်အလှည့်သို့ရောက်လေပြီ။
ချန်ရုံသည် နွမ်းလျစွာပြုံးလိုက်သည်။ သူမ၏ဖြူလျော်နေသောမျက်နှာက ပွင့်ကာစပန်းပွင့်ကဲ့သို့ လှပနေသည်။ ညာဘက်လက်ကို အနည်းငယ် လှုပ်လိုက်သောအခါ မင်းသမီး၏ပါးစပ်မှ သွေးများထွက်ကျလာသည်။ ချန်ရုံသည် မင်းသမီး၏မျက်နှာနားသို့တိုးကပ်၍ တိုးတိုးလေးပြောလိုက်သည်။
"ကျွန်မအကြောင်းကိုရော စုံစမ်းဖို့မေ့သွားတာလား အရှင်မင်းသမီး...ချန်အိမ်တော်ရဲ့အားရုံ ဆိုတဲ့ ကျွန်မက အရင်ကလည်း လူသတ်ဖူးတယ်နော်...ရှင်က တကယ်ကို တုံးအတာပဲ...လက်မှာသွေးစွန်းဖူးတဲ့ ပြိုင်ဘက်တစ်ယောက်နားကို ဘာဖြစ်လို့ ဒီလောက်နီးနီး ကပ်လာရတာလဲ..."
ပါးစပ်၌ သွေးများပြည့်၍ အသက်ကို မနည်းရှူနေဪသော မင်းသမီးကိုကြည့်၍ ချန်ရုံပြုံးလိုက်သည်။
"ရှင်က ကျွန်မကို သတ်လိုက်ရင်တောင်မှ ဘယ်သူကမှ ဘာမှလုပ်မှာမဟုတ်ဘူးလို့ ထင်နေတာလား...စိတ်မကောင်းပါဘူးရှင်...ကျွန်မက လက်စားချေရမယ့်ကိစ္စတွေဆိုရင် ကိုယ်တိုင်ပဲ တာဝန်ယူတတ်တာ..."
ချန်ရုံ ထိုစကားများပြောပြီးချိန်တွင် မင်းသမီးက ပါးစပ်မှ သွေးများအန်ထွက်လာပြန်လေသည်။
မျက်လုံးများမှေးမှိန်စပြုလာသော မင်းသမီးကို ကြည့်၍ ချန်ရုံက အားပျော့စွာ အော်လိုက်သည်။
"တစ်ယောက်ယောက်ကိုခေါ်လိုက်...မျက်မြင်သက်သေအဖြစ် တစ်ယောက်ယောက်ကို ဒီကိုခေါ်လိုက်...အဲဒါမှ ချီလန် အပြစ်လွတ်မှာ..."
ချန်ရုံဆိုလိုသည်ကို အစောင့်များကလည်း ချက်ချင်းနားလည်သွားကြသည်။ သူတို့သည် မျက်ရည်များပြည့်နေသော မျက်လုံးများဖြင့် ချန်ရုံ့ကိုကြည့်၍ ပြိုင်တူအော်လိုက်ကြသည်။
"လူသတ်နေပါတယ်ဗျိုး...အနားမှာ လူရှိလား...ဒီမှာ လူသတ်မှုဖြစ်နေလို့ပါ..."
အစောင့်များ၏အော်သံများက အဝေးသို့ ပျံ့လွင့်သွား၍ ထိုအချိန်၌ လမ်းများပေါ်၌ လူများပြန်ရှုပ်နေပြီဖြစ်ရာ ချက်ချင်းဆိုသလိုပင် ခြေသံများစွာက ချန်ရုံတို့နားသို့ရောက်ရှိလာလေသည်။
ကျယ်လောင်သောခြေသံများက မြေကြီးကို တုန်ခါနေစေသော်လည်း ချန်ရုံ၏နားထဲတွင်တော့ ထိုအသံများက တဖြည်းဖြည်း ပို၍ပို၍ ဝေးသွားသကဲ့သို့ ခံစားနေရသည်။
ချန်ရုံသည် သွေးများစွာ ဆုံးရှုံးနေပြီဖြစ်သည်။ သူမသည် ဒဏ်ရာကို လက်ဖြင့် အသာဖိလိုက်သည်။
ငါလဲကျမဖြစ်ဘူး...ငါလဲကျလို့မဖြစ်သေးဘူး...
ရာစုနှစ်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ ချန်ရုံ၏လည်ချောင်းသည် အနီးအနားမှ အပူရှိန်များဖြင့် ခြောက်သွေ့လာသည်။ ချန်ရုံသည် မျက်စိကို အတင်းဖွင့်၍ အစောင့်စစ်သည်၏အကူအညီဖြင့် မတ်တပ်ရပ်နေသော ကိုးယောက်မြောက်မင်းသမီးကို လှမ်းကြည့်လိုက်သည်။
"ကိုးယောက်မြောက် တော်ဝင်အရှင်မင်းသမီး..."
ချန်ရုံက ပြုံး၍ အားပျော့စွာပြောလိုက်သည်။
ချန်ရုံက မင်းသမီး၏ဂုဏ်ပုဒ်ကိုပြောလိုက်သည်နှင့် တစ်ပြိုင်နက် အနားပတ်ဝန်းကျင်မှ အံ့ဩသွားသံများ ထွက်ပေါ်လာသည်။
ချန်ရုံကတော့ တခြားဘာမှမကြားနိုင်တော့ပေ။ သူမသည် အေးစက်စွာသာပြုံး၍ ပြောလိုက်သည်။
"အရှင်မက ကျွန်မကို ဓားနဲ့ ထိုးစိုက်ခဲ့တဲ့အတွက်ကြောင့် အရှင်မရဲ့ ဓားနဲ့ ကျွန်မက ပြန်ပြီး လက်တုံ့ပြန်လိုက်ရခြင်းဖြစ်ပါတယ်..."
ချန်ရုံ၏အသံက ပျော့သွား၍ ခန္ဓာကိုယ်မှ ရှိသမျှအားများကလည်း ထိုအခိုက်၌ လွင့်စင်ပျောက်ကွယ်သွားကြလေသည်။
လူအများ၏ ကြောက်လန့်တကြားအော်သံများကြားတွင် ချန်ရုံသည် ဖြည်းညှင်းစွာ အနောက်သို့ လဲကျသွားသည်။ ချန်ရုံသည် ရင်ခွင်တစ်ခုထဲသို့ ကျသွားသည်ကို ခံစားလိုက်ရသည်။
ပြူးကျယ်၍ ဝေးဝါးနေသောမျက်လုံးများဖြင့် ချန်ရုံသည် သူမအပေါ်အုပ်မိုးနေသည့် မျက်နှာဝါးဝါးကို သွေးစွန်းနေသည့်လက်ဖြင့် ပွတ်သပ်လိုက်သည်။ ထို့နောက် နှုတ်ခမ်းများကို တရွရွလှုပ်၍ တိုးတိုးလေးပြောလိုက်သည်။
"ချီလန် ချီလန်...မင်းသမီးကို ကျွန်မ သတ်လိုက်တာ...ရှင်နဲ့ ဘာမှမသက်ဆိုင်ဘူးနော်...ကျွန်မအတွက် လက်စားချေနေစရာလည်းမလိုဘူး...ရှင့်ကိုယ်ရှင် ဒုက္ခမပေးပါနဲ့..."
ထိုသို့ပြောပြီးသည်နှင့်တစ်ပြိုင်နက် ချန်ရုံ၏လက်သည် ဘေးသို့ ပြုတ်ကျသွားလေတော့သည်။
ချန်ရုံ့ကို ပွေ့ချီထားသည့် လူငယ်က သူ၏ ချောမော၍ သွေးများပေနေသော မျက်နှာကို ချန်ရုံ့နားသို့ တိုးကပ်လိုက်သည်။ ထိုလူငယ်သည် ရှဲ့ဟယ်ထင်းဖြစ်ပေသည်။ ချန်ရုံ လဲကျသွားသည်နှင့်တစ်ပြိုင်နက် ရှဲ့ဟယ်ထင်းသည် ဘာမှမစဉ်းစားနိုင်တော့ပဲ လူကြားထဲမှ တိုးထွက်ကာ အစောင့်များ မဖမ်းနိုင်မှီ ချန်ရုံ့ကို လှမ်းဖက်လိုက်ခြင်းဖြစ်သည်။
ဖြူဖျော့၍ မျက်လုံးများမှိတ်နေသော ချန်ရုံ့ကို ငုံ့ကြည့်၍ ရှဲ့ဟယ်ထင်းသည် ချန်ရုံ့ကို အချိန်အတန်ကြာ ငေးကြည့်နေလိုက်မိသည်။ ထို့နောက်တွင်တော့ ရှဲ့ဟယ်ထင်းသည် မျက်လုံးများကို မှိတ်လိုက်၍ မျက်ရည်တစ်စက်က ပါးပေါ်သို့ လိမ့်ဆင်းလာသည်။ သူ၏အသံကလည်း ပုံမှန်ကဲ့သို့ အေးစက်မနေတော့ပဲ အက်ကွဲနေလေသည်။
"ဝမ်ချီလန် မင်းမှန်ပါတယ်...ဒီမိန်းကလေးနဲ့ယှဉ်ရင် ဝမ်အိမ်တော်ရဲ့ အကြီးအကဲနေရာက ပုပ်ပွနေတဲ့အသားတုံးလိုပါပဲ..."