Chapter 246
: နန်းတော်ဆီသို့ အလောင်းပြန်ရောက်သွားခြင်း
ထိုသို့ပြောပြီးသောအခါ ရှဲ့ဟယ်ထင်းက အနောက်သို့လှည့်၍ အော်ပြောလိုက်သည်။
"သွား...ယွမ်ကျန်းရန်ကို မြန်မြန်သွားခေါ်စမ်း..."
ရှဲ့ဟယ်ထင်းပြောသည့် ယွမ်ကျန်းရန်ဆိုသူမှာ တာအိုပညာရပ်၌လည်း ကျွမ်းကျင်၍ ကျန်းရန်(1) ဟု လူသိများသော နာမည်ကြီးသမားတော်တစ်ဦးဖြစ်သည်။
[(1) 真人(ကျန်းရန်) - တာအိုဆရာ သို့မဟုတ် တာအိုပညာရှိ]
ရှဲ့အိမ်တော်မှ အစေခံက အမိန့်နာခံ၍ အလျင်အမြန်ပင် ရထားလုံးဆီသို့ ပြေးသွားလိုက်သည်။
တစ်ချိန်တည်းမှာပင် ရှဲ့ဟယ်ထင်းက ချန်ရုံ့ကို ပွေ့ချီ၍ ဝမ်ဟုန်၏ အိမ်တော်ခြံဝန်းထဲသို့ သယ်ဆောင်သွားလိုက်သည်။
ရှဲ့ဟယ်ထင်း၏ရှည်လျားသောခြေထောက်များနှင့် အမြန်လျှောက်မှုတို့ကြောင့် ခဏအတွင်းမှာပင် အိမ်ရှေ့တံခါးသို့ရောက်သွားလေသည်။
ရှဲ့ဟယ်ထင်းက အလွန်လျင်မြန်စွာပင် ဆုံးဖြတ်ချက်ချ၍ ပြုမူလိုက်သောကြောင့် ချန်ရုံ့ကို ချီမ၍ ထွက်သွားပြီးမှပင် ချန်ရုံ၏အစောင့်များက အနောက်မှ အပြေးအလွှားလိုက်လာကြသည်။
ရှဲ့ဟယ်ထင်းက ချန်ရုံ့အား ကုတင်ပေါ်သို့ ချပေးပြီးသောအခါ အစေခံများအားမေးလိုက်သည်။
"ဒီမှာ နှစ်တစ်ရာဂျင်ဆင်းရှိလား..."
"ဟုတ်ကဲ့ ရှိပါတယ်..."
အစေခံတစ်ဦးက အမြန်ဖြေလိုက်သည်။
"ဒီကိုယူခဲ့..."
"ဟုတ်ကဲ့..."
မကြာမီမှာပင် ကျောက်စိမ်းသေတ္တာထဲ၌ ထည့်၍သိမ်းဆည်းထားသော နှစ်တစ်ရာဂျင်ဆင်းကို ရှဲ့ဟယ်ထင်းဆီသို့ ယူဆောင်လာတော့သည်။ ရှဲ့ဟယ်ထင်းက ကြည့်၍ ညွှန်ကြားလိုက်သည်။
"ဝါးနဲ့လုပ်ထားတဲ့ဓားနဲ့ ဂျင်ဆင်းကိုတစ်ဝက်ကိုပါးပါးလှီးလိုက်...ကျန်တဲ့တစ်ဝက်ကို ပြုတ်လိုက်...မြန်မြန်လုပ်..."
"ဟုတ်ကဲ့ ဟုတ်ကဲ့..."
ထိုတိုတောင်းသောအမိန့်ပေးသံနှင့်အတူ ပါးပါးလှီးထားသော ဂျင်ဆင်းပုံက ရှဲ့ဟယ်ထင်းနားသို့ ရောက်လာပြန်သည်။ ရှဲ့ဟယ်ထင်းသည် ဂျင်ဆင်းတစ်ပြားကိုယူ၍ ချန်ရုံ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ချန်ရုံ၏ပါးစပ်များက ပိတ်နေသောအခါ ရှဲ့ဟယ်ထင်းသည် တွေးမနေတော့ပဲ ချန်ရုံ၏ပါးစပ်ကို ဆွဲဟ၍ ဂျင်ဆင်းကိုထည့်လိုက်သည်။ ဂျင်ဆင်းပြားက ချန်ရုံ၏ပါးစပ်ထဲသို့ ရောက်သွားသည်ကို မြင်သောအခါမှ ရှဲ့ဟယ်ထင်းသည် မတ်တပ်ရပ်၍ ချန်ရုံ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ လှည့်ထွက်လာလိုက်သည်။
ရှဲ့ဟယ်ထင်းထွက်ခွာတော့မည်ကိုမြင်သောအခါ အစေခံများက ကြောက်လန့်တုန်လှုပ်လာကြကာ အလန့်တကြား လှမ်းပြောလိုက်သည်။
"သခင်လေးရှဲ့...ပြန်တော့မလို့ပါလား..."
ရှဲ့ဟယ်ထင်းက အစေခံများကို လှမ်းကြည့်၍ အေးစက်စွာပြောလိုက်သည်။
"ငါလုပ်နိုင်သမျှ လုပ်ပေးပြီးပြီပဲ..."
ရှဲ့ဟယ်ထင်းက အပြင်သို့ထွက်လိုက်သည်။ လှေကားထစ်များမှ ဆင်းပြီးသောအခါ ရထားလုံးတစ်စီးက ခြံဝန်းထဲသို့ မောင်းဝင်လာသည်။ ရထားလုံးမောင်းသူက ရှဲ့ဟယ်ထင်းအား မြင်သောအခါ လှမ်းအော်လိုက်သည်။
"သခင်လေး ..ကျွန်တော် သမားတော်ဝူကို လမ်းမှာတွေ့လို့ သူ့ကို အရင် ပင့်လာခဲ့တယ်...အခြေအနေကလည်း အလျင်လိုနေတော့လေ...ယွမ်ကျန်းရန်ကို သပ်သပ်ပင့်ခေါ်ဖို့ ရှောင်စန်းကို လွှတ်ထားပါတယ်..."
ရှဲ့ဟယ်ထင်းက ခေါင်းငြှိမ့်လိုက်သည်။ သူသည် လမ်းလျှောက်နေရာမှရပ်၍ လှည်းမောင်းသမားက မုတ်ဆိတ်မွှေးများဖြူနေသော လူတစ်ယောက်ကို ရထားလုံးပေါ်မှဆင်းရန်ကူညီ၍ အိမ်ထဲသို့ တူတူလျှောက်သွားကြသည်ကို ကြည့်နေလိုက်သည်။
တိတ်ဆိတ်နေသော အခန်းဆီသို့ အချိန်ကြာမြင့်စွာ စိုက်ကြည့်ပြီးသောအခါ ရှဲ့ဟယ်ထင်းသည် အထဲသို့ လှမ်းမေးလိုက်သည်။
"သမားတော်ဝူ...ဒဏ်ရာတွေက အခြေအနေဘယ်လိုရှိပါသလဲ..."
"အခြေအနေကတော့ မကောင်းဘူး..."
သမားတော်ဝူက သက်ပြင်းချကာ ပြောလိုက်သည်။
ထိုအဖြေကို ကြားသောအခါ ရှဲ့ဟယ်ထင်း မျက်မှောင်ကြုတ်လိုက်သည်။ သူသည် လေထဲ၌ အထီးကျန်စွာ လှုပ်ခတ်နေသော တံခါးကိုကြည့်၍ ခေါင်းကိုငုံ့ကာ ခပ်တိုးတိုးပြောလိုက်သည်။
"သနားစရာပဲ..."
ထို့နောက် တစ်ဖက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
ဝမ်အိမ်တော်ထဲမှ ရှဲ့ဟယ်ထင်း ထွက်လာချိန်တွင် တော်ဝင်စစ်သည်များက အိမ်တော်ဆီသို့ ဒေါသတကြီးချီတက်လာကြသည်ကို မြင်လိုက်ရသည်။
စစ်သည်များကိုကြည့်၍ ရှဲ့ဟယ်ထင်း၏ခြေလှမ်းများရပ်သွားသည်။
ရှဲ့ဟယ်ထင်း၏ ဂုဏ်ပုဒ်ကြောင့် တော်ဝင်စစ်သည်များက သူ့အားမြင်သောအခါ အလျင်အမြန်ပင် အရိုအသေပေးလိုက်ကြသည်။
ရှဲ့ဟယ်ထင်းက မလှုပ်ရှားပဲ စစ်သည်များအား အေးစက်စွာကြည့်၍ ခပ်ဖြည်းဖြည်းမေးလိုက်သည်။
"တော်ဝင်အိမ်တော်ဝန်က ဒဏ်ရာအပြင်းအထန်ရနေတယ်...နောက် ဒီ့ထက်ပိုဆိုးတဲ့ အခြေအနေနဲ့ကြုံတွေ့ရဦးမယ်လို့ ငါထင်တယ်..."
ထိုသို့ပြောပြီးသောအခါ ခေါင်းကိုမော့၍ ဆက်ပြောလိုက်ပြန်သည်။
"တော်ဝန်အိမ်တော်ဝန်က ကိုးယောက်မြောက်မင်းသမီးကို သတ်ခဲ့တာမှန်ပေမယ့် အခု သူ့ရဲ့အခြေအနေကလည်း တော်တော်ဆိုးနေတယ်...ပြီးတော့ မင်းသမီး ၉ဘက်ကစပြီး တော်ဝင်အိမ်တော်ဝန်ကို သတ်ဖို့ကြိုးစားခဲ့တာပဲလေ...လူကြီးမင်းတို့ ဒီသတင်းက ဝမ်ချီ့ဆီရောက်သွားရင် ပိုရှုပ်ထွေးကုန်လိမ့်မယ်...မင်းတို့ ပြန်လှည့်သွားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်..."
ထို့နောက် ရှဲ့ဟယ်ထင်းသည် ဘာမှဆက်မပြောတော့ပဲ လှည့်ထွက်သွားတော့သည်။
အစောင့်စစ်သည်များက ရှဲ့ဟယ်ထင်း၏နောက်ကျောကို ငေးကြည့်၍ တစ်ဦးနှင့်တစ်ဦး လှမ်းကြည့်လိုက်သည်။ ထို့နောက် သူတို့အထဲမှ တစ်ယောက်က ခပ်တိုးတိုးပြောလိုက်သည်။
"ရှဲ့သခင်လေးပြောသွားတာ အရမ်းမှန်တယ်...ဒီပြဿနာထဲမှာ ငါတို့ ဝင်မပါသင့်ဘူး..."
အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။
"အမှန်ပဲ...ရှဲ့သခင်လေးက တော်ဝင်အိမ်တော်ဝန်ကိုယ်စား ဝင်တောင်းပန်ပေးမယ်ဆိုရင်တောင်မှ ငါတို့ ဝင်ပါလို့မဖြစ်ဘူး..."
ခဏမျှ တိတ်ဆိတ်သွားပြီးသောအခါ ရှေ့ဆုံးမှ အဖွဲ့ခေါင်းဆောင်က အံကိုကြိတ်ကာပြောလိုက်သည်။
"ပြန်ကြမယ်..."
ခေါင်းဆောင်သည် ခေါင်းကိုမော့ကာ တိုးတိုးလေးပြောလိုက်သည်။
"ကျန့်ခန်းကနေ ခဏလောက်ထွက်သွားပြီး အခြေအနေတွေ ဘယ်လိုဖြစ်လာမလဲဆိုတာစောင့်ကြည့်ကြတာပေါ့..."
သူတို့သာ ယခုကဲ့သို့ လက်ဗလာနှင့်ပြန်သွားပါက အလုပ်ထုတ်ခြင်းခံလျှင်ခံရ၊ မခံရလျှင်လည်း ဤသို့ပြန်လာရမည်ကို အဖွဲ့ခေါင်းဆောင်သိထားသည်။ ဤနေရာမှ ထွက်ခွာ၍ ရှောင်တိမ်းနေမှသာ အဖွဲ့အတွက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
အခြားစစ်သည်များသည်လည်း စဉ်းစားဉာဏ်ရှိသူများသာဖြစ်ကြသည်။ သူတို့သည် တစ်ဦးကိုတစ်ဦးလှမ်းကြည့်၍ ဝမ်ဟုန်၏ အိမ်တော်ထဲသို့ဝင်သွားလိုက်သည်။ အထဲသို့ ရောက်သွားသောအခါ အခန်းအပြင်၌ခစားနေကြသော ဝမ်အိမ်တော်အစေခံများအား တစ်ယောက်က လှမ်းမေးလိုက်သည်။
"ဘေးတံခါးက ဘယ်မှာလဲ..."
အစေခံတစ်ယောက်ကလည်း ကြောင်တောင်တောင်နှင့် အရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ဟိုဘက်မှာပါ..."
စစ်သည်များက ခေါင်းငြှိမ့်၍ ဘေးတံခါးဆီသို့ ချီတက်သွားကြလေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့၏ ပုံရိပ်များသည် အစေခံများ၏မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြလေတော့သည်။
ထိုအချိန်၌ လမ်းပေါ်၌လည်း ရုတ်ရုတ်သဲသဲဖြစ်နေကြသည်။ မျက်နှာများဖြူလျော်၍ တုန်လှုပ်နေကြသော အစောင့်များက ကိုးယောက်မြောက်မင်းသမီး၏ခန္ဓာကိုယ်က မကာ ရထားလုံးထဲသို့ ထည့်လိုက်ကြသည်။
ထို့နောက် ရထားလုံးအား ခြံရံ၍ နန်းတော်ဆီသို့ ဦးတည်မောင်းနှင်သွားကြလေသည်။
ထိုရထားလုံးနောက်မှ များစွာသော လူတန်းကြီးက လိုက်ပါလာကြသည်။ သာမာန်ပြည်သူများနှင့် အထက်တန်းလွှာများ အကုန်လုံးက ရထားလုံးကို ကြည့်နေကြ၍ စကားများ မရပ်အနားပြောနေကြသည်။
"မင်းသမီးကို တော်ဝင်အိမ်တော်ဝန်က သတ်လိုက်တာတဲ့..."
"ဒါပေမယ့် မင်းသမီး ၉ က ဓားမြှောင်နဲ့ သူ့ကို သတ်ဖို့လုပ်တာပါလို့ တော်ဝင်အိမ်တော်ဝန်ကိုယ်တိုင် ပြောခဲ့တာတဲ့...မင်းသမီးရဲ့ရင်ဘတ်က ဓားမြှောင်ကိုတွေ့လား...အဲဒီဓားမြှောင်နဲ့ အိမ်တော်ဝန်ကို သတ်ဖို့လုပ်ခဲ့တာတဲ့လေ..."
"မင်းသမီး ၉ က အမြဲ မာနကြီးပြီးတော့ ဝမ်ချီ့ကို ငယ်ငယ်တည်းက ချစ်ကြိုက်ခဲ့တာဆိုတော့ အိမ်တော်ဝန်ကို မနာလိုလို့ သတ်ဖို့ကြိုးစားတာဖြစ်မယ်..."
"ဖြစ်မယ် ဟုတ်လား...အဲဒါကြောင့်ပဲ သတ်ဖို့ကြိုးစားတာ သေချာပါတယ်..."
"တော်ဝင်အိမ်တော်ဝန်ရော အခြေအနေဘယ်လိုရှိလဲမသိဘူး..."
"ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတယ်တဲ့...သူ အသက်ရှင်နိုင် မရှင်နိုင်တောင် မသေချာဘူးတဲ့လေ..."
စကားပြောဆိုနေသံများက တိုးတိတ်နေသော်လည်း ရပ်တော့မရပ်သွားပေ။ မင်းသမီး ၉ ၏ အလောင်းကို နန်းတော်ထဲသို့ သယ်ဆောင်သွား၍ နန်းတော်ဂိတ်တံခါးကိုဖြတ်ပြီးသောအခါ ရထားလုံး၏ ဧကရာဇ်၏ စာကြည့်ဆောင်ဆီသို့ တန်းမောင်းသွားလေသည်။
ရထားလုံးက ပျောက်ကွယ်သွားပြီဖြစ်သော်လည်း လူအုပ်ကြီးကတော့ မပျောက်ကွယ်သေးပင်။ လူအစုအဖွဲ့လေးများက ဟိုတစ်စု ဒီတစ်စု ကျန်နေကာ စကားများကို တီးတိုးပြောဆိုနေဆဲရှိနေကြသည်။
ယနေ့သည် အလွန်ပင် စိတ်လှုပ်ရှားရသော နေ့တစ်နေ့ဖြစ်လေသည်။ ပထမဆုံးအနေဖြင့် ဝမ်နှင့်ရှဲ့စုံတွဲတို့က သူတို့၏ မင်္ငလာဦးညတွင် တဏှာရာဂလွှမ်းသော ကိစ္စနှင့်ကြုံခဲ့ရသည်။ ထို့နောက် ယခုတွင်လည်း ကိုးယောက်မြောက်မင်းသမီးက မြို့ထဲရှိ လမ်းပေါ်၌ပင် အသတ်ခံလိုက်ရကာ ဝမ်ဟုန်၏ ချစ်ရသောတရားမဝင်ဇနီးလေးဖြစ်သူ တော်ဝင်အိမ်တော်ဝန်ကလည်း သေမည်လား ရှည်မည်လား မသိနိုင်သည့်အခြေအနေသို့ ရောက်နေလေသည်။
မင်းသမီး၏အလောင်းက ယွီချန်နန်းတော်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် ပြေးလွှားနေသော ခြေသံများနှင့် မြေကြီးကိုတုန်လှုပ်စေသော ငိုသံများ ပေါ်ထွက်လာလေသည်။ သတ်ကြီးပိုင်းအရွယ် အမျိုးသမီးတစ်ဦးက အရူးကဲ့သို့ ပြေးထွက်လာသည်။
နန်းတွင်းအိမ်စေများက ထိုအမျိုးသမီးကြီးနောက်မှ အပြေးအလွှားလိုက်၍ အော်ပြောနေကြသည်။
"သခင်မကြီး...ဝမ်းနည်းပူဆွေးမှုအောက်မှာ အရှုံးမပေးလိုက်ဖို့ တောင်းဆိုပါတယ်..."
အိမ်စေနှစ်ဦးက အနားသို့ရောက်လာသောအခါ ဧကရီဘုရင်မကြီးက လက်ကိုဝှေ့ယမ်းလိုက်သောကြောင့် အစေခံတစ်ဦးက နောက်သို့ လန်ကျ၍ အနောက်မှပါလာသော ဧကရီနှင့် တိုက်မိတော့မလိုဖြစ်သွားသည်။
ဘုရင်မကြီးက ရထားလုံးဆီသို့ရောက်သွား၍ အစေခံများက မင်းသမီး၏အလောင်းနား၌ ငိုကြွေးနေကြချိန်တွင် ဧကရီလည်း အနားသို့ရောက်ရှိလာသည်။ ဧကရီသည် မျက်ရည်များကို လက်ကိုင်ပဝါဖြင့်သုတ်၍ ငိုရှိုက်ရင်းဖြင့် ဘုရင်မကြီးကို ဖက်ကာ နှစ်သိမ့်လိုက်သည်။
"မယ်မယ် အရမ်းလည်း ဝမ်းနည်းပူဆွေးမနေပါနဲ့နော်..."
အမျိုးသမီးနှစ်ဦးက ငိုနေကြချိန်တွင် နန်းတွင်းအစေခံများကလည်း မျက်ရည်နှင့် မျက်ခွက်ဖြစ်နေကြသည်။ ထိုအချိန်၌ ရထားလုံးဘီးလိမ့်သံများနှင့် ခြေသံများကို ထပ်ကြားလိုက်ရပြန်သည်။
မကြာခင်၌ ချောမောသော လူငယ်များစွာက ရထားလုံးများပေါ်မှတင်းကာ ဝန်းရံလိုက်ကြသည်။ ထိုလူငယ်များအကုန်လုံးသည်လည်း မျက်လုံးများက နီရဲနေကြ၍ စိတ်မကောင်းသောမျက်နှာများဖြင့် ဘုရင်မကြီးအား နှစ်သိမ့်နေကြလေသည်။
ထိုအခြေအနေတွင် နောက်ထပ်ခြေသံများ ထွက်ပေါ်လာပြန်သည်။
ထိုခြေသံများက အနားသို့ရောက်လာသောအခါ ငိုကြွေးနေကြသော လူအုပ်ကြီးက ရပ်တန့်သွား၍ ခေါင်းများငုံ့ကာ နောက်သို့ဆုတ်၍ ရောက်လာသူအား အရိုအသေပေးလိုက်ကြသည်။
ထိုလူက ဘုရင်မကြီး၏နောက်၌ရပ်၍ တိုးတိတ်စွာပြောလိုက်သည်။
"မယ်မယ်...အရမ်း ဝမ်းနည်းမနေဖို့ သားတော်တို့ မျှော်လင့်ပါတယ်..."
ထိုစကားများကိုကြားလိုက်သည်နှင့် ဘုရင်မကြီးသည် ငိုရှိုက်နေရာမှ ရပ်လိုက်သည်။ ထို့နောက် ခေါင်းကိုမော့၍ ရထားလုံးကိုမောင်းလာသောအစောင့်များအား အော်လိုက်သည်။
"ဘယ်သူလဲ...ငါ့သမီးလေးကိုသတ်တာ ဘယ်သူလဲ...ငါ့သမီးလေးကို ဘယ်သူသတ်လိုက်တာလဲ!?..."
ဘုရင်မကြီး၏ အက်ကွဲသောအော်သံများက ညဉ့်ငှက်များ၏ အသံကဲ့သို့ စူးရှနေလေသည်။
နန်းတော်ထဲ၌ မင်းသမီးများစွာရှိသော်လည်း နှစ်ယောက် သုံးယောက်ခန့်သာ မျက်နှာသာအပေးခံရခြင်းဖြစ်သည်။ ကိုးယောက်မြောက်မင်းသမီးသည်လည်း ဧကရီဘုရင်မကြီး ကိုယ်တိုင်ဝမ်းနှင့်လွယ်၍မွေးခဲ့သော သမီးဖြစ်သောကြောင့် မျက်နှာသာပေးခံရသူတစ်ယောက်ဖြစ်သည်။
အော်ဟစ်နေသော ဘုရင်မကြီးသည် ဧကရာဇ်ကို လျစ်လျူရှု၍ တစ်ချက်မျှပင် လှည့်မကြည့်ချေ။
ဘုရင်မကြီး၏အော်သံကိုကြားသောအခါ အစောင့်များသည်လည်း မျက်နှာက ဖြူလျော်သွား၍ ခန္ဓာကိုယ်များက တဆတ်ဆတ်တုန်ကာ မြေကြီးပေါ်၌ ဝပ်တွားလိုက်ကြသည်။
သူတို့သည် နဖူးကို မြေကြီး၌ တဖုန်းဖုန်းဆောင့်နေ၍ ဘုရင်မကြီး၏အော်သံက ပို၍ကျယ်လောင်လာသောအခါ အစောင့်တစ်ဦးက တွားသွား၍ တုန်ယင်စွာပြောလိုက်သည်။
"တော်..တော်ဝင်အိမ်တော်ဝန်က သတ်လိုက်တာပါ သခင်မကြီး..."
"တော်ဝင်အိမ်တော်ဝန် ဟုတ်လား...ဘယ် တော်ဝင်အိမ်တော်ဝန်လဲ..."
အစောင့်က မြေပေါ်၌သာ ဝပ်နေ၍ တုန်တုန်ရီရီနှင့်ပြောလိုက်သည်။
"ဟုန်..ဟုန်ယွင်ကျီ လို့ခေါ်တဲ့ တာအိုသီလရှင်တစ်ပါးပါ...သူ့ရဲ့ လောကီအမည်ကတော့ ချန်ရုံ လို့ခေါ်ပါတယ်..."
"မိန်းမလား..."
ဘုရင်မကြီးကလည်း စူးရှစွာရယ်လိုက်ပြီးမှ ဝမ်းနည်းစွာ ပြောလိုက်သည်။
"အဲဒီမိန်းမရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုတာ ငါဂရုမစိုက်ဘူး...အခုချက်ချင်းသွားပြီး သူ့ကို ဒီကိုခေါ်လာခဲ့...သူ့ကို အပိုင်းပေါင်း တစ်ထောင်လောက် ခုတ်ထစ်ပြီး ငါ့သမီးလေးနဲ့တူတူ မြှုပ်နှံရမှ ငါကျေနပ်နိုင်မယ်..."
ဘုရင်မကြီးက ထိုသို့ပြောလိုက်သော်လည်း အစောင့်များက မြေပေါ်၌ ဝပ်တွားနေကြဆဲသာရှိနေသေးသည်ကို မြင်လိုက်ရသည်။
"ဘာလဲ...မင်းတို့ ငါပြောတာကို နားမထောင်နေကြဘူးလား..."
ထိုအချိန်၌ ဧကရာဇ်က ရှေ့သို့တိုး၍ တိုးတိတ်စွာပြောလိုက်သည်။
"မယ်မယ်...အဲဒီမိန်းကလေးကိုဖမ်းဖို့ စစ်သည်တွေကို သားတော်လွှတ်ထားပြီးပါပြီ..."
ဘုရင်မကြီးကို ဧကရာဇ်ကို လျစ်လျူရှုနေဆဲဖြစ်သော်လည်း သူမ၏အသံကတော့ စူးရှ၍ ဒေါသထွက်မနေတော့ချေ။
"ဒါဆိုလည်း ဘာဖြစ်လို့ ဒီကို မခေါ်လာသေးတာလဲ..."
ထိုအချိန်၌ ခြေသံများကိုကြားလိုက်ကြရပြန်သည်။
ခဏအကြာတွင် မိန်းမစိုးတစ်ဦးက လူအုပ်ကြီးရှိရာသို့ ရောက်ရှိလာသည်။ မိန်းမစိုးသည် လုပ်ရိုးလုပ်စဉ်အတိုင်း အရိုအသေပေးကာ အသံစူးစူးနှင့်ပြောလိုက်သည်။
"အရှင်မင်းကြီး...တော်ဝင်အိမ်တော်ဝန်ကို ဖမ်းဖို့ လွှတ်လိုက်တဲ့ စစ်သည်တွေက ထွက်ပြေးကုန်ကြပါတယ်..."
ထွက်ပြေးကုန်ကြတယ်?
ထိုစကားကြောင့် လူအုပ်ကြီးတစ်ခုလုံး ကြက်သေသေသွားကြသည်။
ဘုရင်မကြီးက အသက်ကိုပြင်းပြင်းရှုသွင်း၍ ရယ်လိုက်သည်။
"ကောင်းတယ်...အခု စစ်သည်တွေကတောင် ထွက်ပြေးကုန်ကြပြီပေါ့...အဲဒီတော်ဝင်အိမ်တော်ဝန်က တကယ်ကို နောက်ခံကောင်းကောင်းရှိပုံပဲ..."
ဧကရာဇ်ကတော့ မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
"ဘယ်လိုဖြစ်လို့များ သူတို့တွေက ထွက်ပြေးသွားကြရတာလဲ..."
မိန်းမစိုးသည် ဘုရင်မကြီး၏ဒေါသကြောင့် စကားမပြောနိုင်လောက်အောင်ပင် ကြောက်လန့်နေလေသည်။ ဧကရာဇ်က ဝင်ပြောလိုက်သောအခါ မိန်းမစိုးက ဆတ်ခနဲတုန်သွား၍ အသက်တစ်ချက်ရှူလိုက်ပြီးမှ ပြောလိုက်သည်။
"စစ်သည်တွေက ရှဲ့အိမ်တော်က သခင်လေးဟယ်ထင်းနဲ့ တွေ့ခဲ့ကြပြီး ထွက်မပြေးခင်မှာ အဲဒီသခင်လေးနဲ့ စကားအနည်းငယ်ပြောခဲ့ကြတယ်လို့ ကျွန်တော်မျိုးကြီး ကြားခဲ့ပါတယ်..."
"ဘာစကားတွေလဲ..."
"အဲဒါတော့ ကျွန်တော်မျိုးကြီးလည်း မသိကြောင်းပါ အရှင်..."
ဧကရာဇ်၏မျက်ခုံးများက ပို၍ တွန့်ကွေးသွားကြသည်။ ထိုအချိန်၌ အခြားမိန်းမစိုးတစ်ဦးက အူယားဖားယားပြေးလာပြန်လေသည်။
"အရှင်မင်းကြီး...တော်ဝင်အိမ်တော်ဝန်က ကိုးယောက်မြောက်မင်းသမီးရဲ့ လက်ချက်နဲ့ အရေးပါတဲ့ နေရာတွေကို ဓားနဲ့အထိုးခံထားရတယ်လို့ ဝမ်အိမ်တော်ဆီကနေ သတင်းပို့လာပါတယ်...အိမ်တော်ဝန်က အခု သွေးတွေ အရမ်း အထွက်လွန်နေပြီး အသက်ရှင်ဖို့တောင် မသေချာတဲ့အခြေအနေရောက်နေပါပြီတဲ့..."
ခဏရပ်လိုက်ပြီးမှ မိန်းမစိုးက ဆက်ပြောလိုက်သည်။
"ကိုးယောက်မြောက်မင်းသမီးရဲ့ ဓားမြှောင်ပေါ်က အဆိပ်ကလည်း ဝူယိုအဆိပ်လို့ခေါ်တယ်လို့ သမားတော်ကပြောပါတယ်...အဲဒီအဆိပ်က အခတ်ခံရတဲ့လူရဲ့သွေးနဲ့ထိမိတာနဲ့ ဖြေဆေးမရှိတော့ပါဘူးတဲ့...အဆိပ်ခတ်ခံရတဲ့လူက မသေခင်မှာ တစ်လလောက် နာကျင်တဲ့ဝေဒနာကိုခံစားပြီးမှ သေဆုံးသွားမှာပါ...အဲဒါကြောင့် တော်ဝင်အိမ်တော်ဝန်က ဒီနေ့ မသေရင်တောင် နောက်လအထိတော့ ခံတော့မှာမဟုတ်ပါဘူး..."
မိန်းမစိုးပြောပြီးသွားသည်နှင့် တစ်ပြိုင်နက် ဘုရင်မကြီးက စူးရှစွာ အော်ရယ်လိုက်သည်။
"ကောင်းတယ်...အရမ်းကောင်းတယ်...ငါ့သမီးလေးက အလုပ်ကိုကောင်းကောင်းလုပ်ခဲ့တာပဲ..."
ထို့နောက် ဘုရင်မကြီးသည် အံကိုကြိတ်၍ အော်ပြောလိုက်သည်။
"အဲဒီမိန်းမက တစ်လလောက် ခံစားနေရမှာတဲ့လား...ဘယ်လောက်တောင်ကောင်းလိုက်တဲ့ အဆိပ်လဲ...ဒါပေမယ့် သူသေသွားရင်တောင် သူ့ရဲ့မိသားစုကို လွှတ်ထားလို့မဖြစ်ဘူး...အစောင့်တွေ...သူ့ရဲ့ဆွေမျိုးတွေအားလုံးကိုလိုက်ရှာပြီး သတ်ပစ်လိုက်ကြစမ်း..."
မျက်မှောင်ကြုတ်၍ သေချာစဉ်းစားနေသော ဧကရာဇ်က အချိန်မှီပင် အသိပြန်ဝင်လာသည်။ ဧကရာဇ်သည် သူ၏အမေနောက်၌ ရပ်၍ ပြောလိုက်သည်။
"မယ်မယ်...အဲဒီလိုလုပ်တာက မသင့်လျော်ပါဘူး..."
"ဘာဖြစ်လို့များလဲ..."
ဘုရင်မကြီးက နောက်ဆုံးတွင်တော့ ဧကရာဇ်ကို လှည့်ကြည့်လိုက်လေတော့သည်။ သူမသည် ဧကရာဇ်အား တင်းမာစွာစိုက်ကြည့်၍ မေးလိုက်သည်။
"မင်းက အဲဒီ ဖာသယ်မကို ရာထူးတွေပေးပြီး တူတူအိပ်ထားလို့ မသတ်ရက်ဖြစ်နေတာလား..."
ဘုရင်မကြီး၏စကားများက ယဉ်ကျေးမှုမရှိသည့်အပြင် အလွန်ပင် ရိုင်းစိုင်းနေလေသည်။
ဧကရာဇ်က မျက်ခုံးများကို ပင့်၍ သူ၏မိခင်အား သေချာကြည့်ကာ ရှင်းပြလိုက်သည်။
"တော်ဝင်အိမ်တော်ဝန်က ဝမ်ချီလန်ရဲ့ ချစ်သူပါ..."
ဘုရင်မကြီးက သူမ၏ထုံးစံအတိုင်း အပြစ်တင်တော့မည့်ပုံနှင့် ပါးစပ်ဟသည်ကိုမြင်သောအခါ ဧကရာဇ်က ဆက်ပြောလိုက်သည်။
"ရှဲ့အိမ်တော်က ရှဲ့ဟယ်ထင်းကတောင်မှ အိမ်တော်ဝန်ကို ကာကွယ်ပေးခဲ့တယ်မဟုတ်လား...မယ်မယ် ညီမတော် ၉ ကသာ သူ့ကို သတ်ဖို့ ကြိုးစားခဲ့တဲ့လူပါ...အိမ်တော်ဝန်က ဒဏ်ရာအကြီးအကျယ်ရနေလျက်နဲ့ သူ့ကိုယ်သူ ကာကွယ်ခဲ့ရုံပဲရှိတာပါ...ဒါက မျိုးနွယ်တစ်ခုလုံးကို ရှုပ်ထွေးသွားစေမယ့် အရေးကြီးလှတဲ့ ကိစ္စတစ်ခုပဲ မဟုတ်ပါဘူး..."
ထိုသို့ပြောပြီးသောအခါ ဧကရာဇ်သည် သူစမိခင် ပြောလာမည့်စကားများကိုစောင့်မနေတော့ပဲ တစ်ဖက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။
"တော်လောက်ပါပြီ...ကိုယ်တော့်ရဲ့ နှမတော်ကို နေပူထဲမှာ အကြာကြီး ဒုက္ခခံမနေပါစေနဲ့တော့...သူ့ကို အခမ်းအနားစင်ပေါ်ကို ခေါ်သွားပြီး ဘုန်းကြီးတွေကို နှမတော်ရဲ့ ဝိဉာဉ်ငြိမ်းချမ်းမှုရအောင် ဆုတောင်းပေးခိုင်းလိုက်ပါ..."
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး..."
အစေခံများက ဧကရာဇ်၏အမိန့်တော်ကို ပြိုင်တူ နာခံလိုက်ကြလေသည်။