အပိုင်း 247
Viewers 24k

Chapter 247
: ဝမ်ဟုန်ပြန်ရောက်လာခြင်း



သတင်းက စွင်းယန်ဆီရောက်လာစဉ်တွင် စွင်းယန်က မြို့ပြင်၌ ရောက်နေချိန်ဖြစ်သည်။ စွင်းယန်သည် သတင်းကြားကြားချင်း အိမ်တော်အကြီးအကဲများကိုပင် ဂရုမစိုက်တော့ပဲ မြင်းပေါ်သို့ခုန်တက်ကာ မြို့ဆီသို့ ဒုန်းစိုင်းပြေးတော့သည်။

မြို့တံခါးဆီသို့ စွင်းယန်ရောက်သွားချိန်တွင် နေက အနောက်ဘက်ဆီသို့ ဝင်ကာစပင်ပြုနေပြီဖြစ်သည်။ မြို့တံခါးများပိတ်ခါနီး နောက်ဆုံးအချိန်မှ မြို့ထဲသို့ဝင်လာသောကြောင့် သည်းမခံနိုင်ဖြစ်နေသော စွင်းယန်သည် များပြားလှသော လူအုပ်ကြီးထဲရောပါ၍ မြင်းကိုပင် ထိန်းမရဖြစ်နေလေတော့သည်။

နောက်ဆုံးတွင်တော့ စွင်းယန်သည် မြင်းပေါ်မှဆင်း၍ ဇက်ကြိုးကိုဆွဲကာ ခြေထောက်နှင့်ပင်သွားလိုက်တော့သည်။ လမ်းသွားလမ်းလာများစွာကို ဝင်တိုက်ပြီးချိန်တွင် စွင်းယန်သည် ဝမ်ဟုန်၏ အိမ်ရှေ့သို့ ရောက်သွားတော့သည်။ ထိုအချိန်၌ နေက ဝင်သွားပြီဖြစ်၍ လောကကြီးတစ်ခုလုံးလည်း‌ မှောင်နေပြီဖြစ်သည်။

ဝမ်အိမ်တော်အပြင်ဘက်တွင် လူများစွာ သွားလာလှုပ်ရှားနေကြသော်လည်း ခြံဝန်းတံခါးကတော့ တင်းကျပ်စွာ ပိတ်ထားဆဲရှိသည်။ ခြံထဲမှ လင်းထိန်နေသော မီးရောင်များနှင့် တိတ်ဆိတ်ငြိမ်သက်နေမှုက တုန်လှုပ်ဖွယ်ကောင်းသော သက်ငြိမ်မှုတစ်ခုကို ဖန်တီးနေသည်။

စွင်းယန်သည် မြင်းကိုထားခဲ့၍ ခြံတံတိုင်းကို ခုန်ကျော်လိုက်သည်။

ခြံထဲသို့ စွင်းယန်ရောက်သွားချိန်တွင် ဓားများကိုင်ဆောင်ထားသော အစောင့်တစ်ဒါဇင်ခန့်က နေရာအနှံ့မှအော်ဟစ်၍ ရောက်ရှိလာကြသည်။
"ဘယ်သူလဲ..."

ထိုသို့ အော်ပြီးပြီးချင်းမှာပင် ချွေးများရွှဲနေသော စွင်းယန်၏မျက်နှာကိုမြင်သွားကြသည်။ ထိုအခါမှသာလျှင် အစောင့်များက ပြောလိုက်ကြသည်။
"ဪ စွင်းအိမ်တော်က သခင်လေးပါလား..."
အစောင့်များသည် စွင်းယန် အဘယ်ကြောင့် ရောက်လာသည်ကိုသိ၍ အကြည့်များဖလှယ်ပြီးသောအခါ နောက်သို့ ဆုတ်ပေးလိုက်သည်။

စွင်းယန်သည် ချန်ရုံရှိသော ခြံဝန်းဆီသို့ အမြန်ပြေးသွားလိုက်သည်။ ထို့နောက် အချိန်ဆွဲမနေပဲ အိမ်တော်မုခ်ဦးအောက်သို့ ဝင်လိုက်သည်။

အခြားလူများကလည်း အိမ်တော်ထဲသို့ ဝင်လာကြချိန်တွင် စွင်းယန်က အစေခံတစ်ဦးကို အင်္ကျီလည်ပင်းနေရာမှ ဆွဲကိုင်၍ တုန်လှုပ်စွာမေးလိုက်သည်။
"အားရုံ ဘယ်မှာလဲ..."
စွင်းယန်၏အသံက အတော်ပင် တုန်လှုပ်နေသည်။
"အခြေအနေဘယ်လိုလဲ..."

စွင်းယန်၏ ဆွဲမခြင်းကို ခံထားရသောကြောင့် အစေခံလေး၏လည်ပင်းက အစ်နေ၍ မျက်နှာသည်လည်း နီရဲကာ ထိုအချိန်၌ သူမ သိသည်က သူမ၏ လက်နှင့်ခြေထောက်များသည် လေထဲ၌ ရုန်းကန်နေကြရသည်ကိုသာဖြစ်သည်။ စွင်းယန်၏မေးခွန်းကို သူမ မည်ကဲ့သို့ ဖြေနိုင်ပါမည်နည်း။

ထိုအချိန်၌ အနားသို့ရောက်လာသော အစေခံများနှင့် အစောင့်များက စွင်းယန်၏အနောက်သို့ကြည့်၍ ပြိုင်တူ နှုတ်ဆက်လိုက်ကြသည်။
"သခင်..."

သခင်?
ဝမ်ဟုန်ပြန်ရောက်လာပြီလား?

စွင်းယန်က ချာခနဲ လှည့်လိုက်သည်။

‌စွင်းယန်၏ဘေးမှ လေတစ်ချက် တိုက်ခတ်သွား၍ မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြူရောင်ပုံရိပ်က လှေကားများကိုနင်း၍ အခန်းထဲသို့ ရောက်သွားပြီဖြစ်သည်။

ဝမ်ဟုန်ဝင်သွားသည်ကို မြင်သောအခါ စွင်းယန်လည်း သနားစဖွယ် အစေခံလေးကို အလျင်အမြန်ပစ်ချ၍ ဝမ်ဟုန့်နောက်သို့ ပြေးလိုက်သွားသည်။

ဝမ်ဟုန်နှင့် စွင်းယန်တို့ ဤသို့ အမြန်လှုပ်ရှားနေကြသောကြောင့် သူတို့၏ဝတ်ရုံများလှုပ်ခတ်မှုက အခန်းထဲ၌ လေများတိုက်ခတ်မှုကို ဖြစ်ပေါ်နေစေသည်။ ချက်ချင်းပင်ပုတီးလုံးလိုက်ကာများက တချွင်ချွင်မြည်၍ ကန့်လန့်ကာများက နေရာအနှံ့ လှုပ်ခတ်ကာ အမွှေးနံ့သာမီးတိုင်များမှ မီးတောက်များကလည်း ယိမ်းနွဲ့နေကြတော့သည်။

ခြေလှမ်းအနည်းငယ်မျှနှင့်ပင် စွင်းယန်သည် အိပ်ယာဘေးသို့ ရောက်သွားတော့သည်။ ကုတင်ပေါ်မှ လိုက်ကာကို မရန် လက်လှမ်းလိုက်ချိန်တွင် အနားသို့ရောက်လာသော ဝမ်ဟုန့်ကို မြင်လိုက်၍ စွင်းယန်၏ လှုပ်ရှားမှုများက ရပ်တန့်သွားမိကြသည်။

ဝမ်ဟုန်၏မျက်နှာက အလွန်ပင် ဖြူဖျော့နေသည်။ အလင်းရောင်သိပ်မရှိသောအခန်းထဲ၌ နှင်းကဲ့သို့ ဖြူဖွေးနေသောမျက်နှာနှင့် ညိုမှောင်နေသောမျက်လုံးများပေါင်းစပ်လိုက်သော စွင်းယန်ပင် အနည်းငယ် လန့်သွားမိသည်။

ဝမ်ဟုန်က သူ့အနားသို့ လျှောက်လာသည်ကို စွင်းယန်၏ ပြူးကျယ်သော မျက်လုံးများထဲ၌ တွေ့နေရသည်။ ဝမ်ဟုန်သည် စွင်းယန်ကို တစ်ချက်မျှပင် လှမ်းမကြည့်ပဲ ကုတင်‌ကိုသာ မျက်တောင်မခတ်တမ်း ကြည့်နေ၍ ကုတင်လိုက်ကာဆီသို့ လက်လှမ်းလိုက်သောအခါ လက်များက အလွန်အမင်း တုန်ယင်နေကြသည်။

လက်များက တုန်ယင်နေကြသောကြောင့် ဝမ်ဟုန်သည် လိုက်ကာကို အခေါက်ခေါက်အခါခါဆွဲယူနေသော်လည်း ဆွဲတင်မရဖြစ်နေသည်။ ထိုအရာကို တွေ့သောစွင်းယန်က လက်လှမ်းကာ လိုက်ကာကို ဝမ်ဟုန့်ကိုယ်စား ဆွဲတင်ပေးလိုက်သည်။

နှစ်ဦးသားသည် တစ်ချိန်တည်းမှာပင် ခေါင်းများကို ငုံ့၍ ကုတင်ပေါ်သို့ ကြည့်လိုက်ကြသည်။

ပိုးသားစောင်အောက်တွင် ချန်ရုံ၏မျက်နှာသည် စက္ကူတစ်ရွက်ကဲ့သို့ ဖြူလျောနေသည်။ ချန်ရုံသည် မျက်လုံးများကို တင်းကြပ်စွာမှိတ်ကာ နှုတ်ခမ်းများကို စေ့ထား၍ ဖြူဖွေးနူးညံ့သောလက်ဘေးများက စောင်အစကို ဆုပ်ကိုင်ထား၍ အိပ်ပျော်နေသည်။

ချန်ရုံ့မျက်နှာပေါ်သို့ ဖြာကျနေသော မီးအိမ်နှင့် ဖယောင်းတိုင်အလင်းရောင်တို့က နွေးထွေးသည့် အဝါရောင်ဖြစ်နေသော်လည်း ချန်ရုံ့ကိုကြည့်ရသည်မှာ အေးစက်မှုကို ခံစားနေရသည်။

တဖြည်းဖြည်းနှင့် ဝမ်ဟုန်သည် ကုတင်ဘေး၌ ဒူးထောက်ကျသွားလေသည်။

ဝမ်ဟုန်သည် တုန်ယင်စွာဖြင့် လက်ကို ဆန့်တန်းလိုက်ကာ အားများအလွန်သုံး၍ အချိန်အတော်ကြာမှပင် ထိုလက်က ချန်ရုံ့ဆီသို့ ရောက်သွားသည်။ ထို့နောက် ချန်ရုံ၏လက်ကို ကိုင်မည်အလုပ်တွင် လက်က နောက်သို့ ပြန်တွန့်သွား၍ အချိန်အတော်ကြာသည့်အခါမှပင် ချန်ရုံ၏မျက်နှာလေးကို ကိုင်လိုက်သည်။

ဝမ်ဟုန်၏ သွယ်လျ၍ ဖြူဖွေးနေသော လက်များက ချန်ရုံ၏ သွေးဆုတ်နေသောနှုတ်ခမ်းလေးများကို ညင်သာစွာနှင့် သတိရှိစွာ ပွတ်သပ်နေကြသည်။

စွင်းယန်သည်လည်း လက်လှမ်းလိုက်သော်လည်း ဝမ်ဟုန့်ကဲ့သို့ တုံ့ဆိုင်းမနေပဲ ချက်ချင်းပင် ချန်ရုံ၏သွေးခုန်နှုန်းကို စမ်းလိုက်သည်။ ခဏမျှ လက်ကို စမ်းသပ်နေပြီးမှ စွင်းယန်သည် ပြာနှမ်းနေသောမျက်နှာဖြင့် ဝမ်ဟုန့်ဘက်သို့ လှည့်ကာ ကိုယ့်ကိုယ်ကိုယ် မနည်းထိန်း၍ ချုပ်တည်းထားရသောအသံဖြင့် အော်လိုက်သည်။

"ခင်ဗျား အားရုံကို ဘယ်လိုတောင်စောင့်ရှောက်လိုက်တာလဲ...ဝမ်ဟုန် ခင်ဗျားက မိန်းကလေးတစ်ယောက်ကိုတောင် မကာကွယ်နိုင်ဘူးလား...ဟမ်..."

နှစ်ဦးလုံးက ခေါင်းများငုံ့၍ ကုတင်ပေါ်သို့ကြည့်နေကြဆဲဖြစ်သည်။

စွင်းယန်သည် ဒေါသထွက်လွန်း၍ ဝမ်ဟုန်၏မျက်နှာကို တံတွေးဖြင့်ထွေးလိုက်သော်လည်း ဝမ်ဟုန်ကတော့ ဘာမှမကြားသလိုပင် ချန်ရုံ၏ နှုတ်ခမ်းများနှင့် လှပသော နှာတံလေးကိုသာ ပွတ်သပ်နေသည်။

စွင်းယန်လည်း ‌ဒေါသပိုထွက်လာကာ ဝမ်ဟုန်၏ အင်္ကျီလည်ပင်းကိုဆွဲရန် လက်လှမ်းလိုက်သည်။

သို့သော် ထိုအချိန်မှာပင် ဝမ်ဟုန်သည် ချန်ရုံ့ကို ကိုင်နေရာမှ လက်ကို ပြန်ရုတ်၍ မျက်နှာကို လက်များဖြင့် အုပ်ကာ ခေါင်းကိုငုံ့လိုက်သည်။ မျက်ရည်တစ်စက် နှစ်စက်က လက်ချောင်းများကြားမှ တိတ်ဆိတ်စွာ စီးကျလာ၍ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

စွင်းယန်လည်း ဆွံ့အသွားမိသည်။ ဝမ်ဟုန်၏အဖြူရောင်ဝတ်စုံက ရွှံ့များဖြင့်ပေနေသည်ကိုလည်း အခုမှပင် စွင်းယန်သတိထားမိတော့သည်။ ဝမ်ဟုန်၏လက်ဆစ်များသည်လည်း အညိုအမည်းများစွဲ၍ ယောင်နေကာ သွေးများပေကျံနေသောကြောင့် ထိုဒဏ်ရာများရရန် တစ်စုံတစ်ခုကို ကြာမြင့်စွာ ကိုင်ထားခဲ့ပုံရသည်။

ဝမ်ဟုန်သည် လက်နှစ်ဖက်လုံးဖြင့် မျက်နှာကို အုပ်၍ မျက်ရည်များစီးကျနေသော်လည်း ထိုတစ်ချိန်လုံး၌ အသံတော့ တစ်သံမှမထွက်ချေ။ မျက်ရည်များကသာ စီးကျနေ၍ အသံကတော့ လုံးဝမထွက်သည့်မြင်ကွင်းကိုကြည့်ရသည်မှာ အလွန်ကြေကွဲဖွယ်ကောင်းနေလေသည်။

စွင်းယန်က သူ၏လှမ်းနေသောလက်ကို ပြန်ချကာ နှုတ်ခမ်းများတရွရွလှုပ်နေပြီးမှ နောက်ဆုံးတွင် အော်လိုက်သည်။
"ခင်ဗျားက ဘာဖြစ်လို့ ငိုနေရတာလဲ...အားရုံက မသေသေးဘူးလေ..."

ထို့နောက် စွင်းယန်သည် ခေါင်းကိုလှည့်၍ အပြင်သို့ လှမ်းအော်လိုက်သည်။
"တခြားလူတွေရော ဘယ်သွားသေကုန်ကြပြီလဲ...သမားတော်က ဘာပြောလဲ..."

စွင်းယန်က အော်ပြောလိုက်သော်လည်း ပြန်ဖြေသံတစ်ခွန်းမှ မကြားရပေ။

စွင်းယန် ပို၍ ဒေါသထွက်သွားရပြန်သည်။

ထိုအချိန်မှာပင် ဝမ်ဟုန်၏ ငိုသံကို ထိန်းချုပ်ထားရသည့်အသံက ထွက်ပေါ်လာသည်။
"ထွက်ခဲ့..."

ဝမ်ဟုန် အငိုရပ်သွားသည်ကို တွေ့လိုက်ရသောကြောင့် စွင်းယန်သည် တစ်ဖက်သို့ ပြန်လှည့်လိုက်ရာ အလွန်ပင် အံ့ဩသွားရသည်။ ဝမ်ဟုန်၏ အပြစ်အနာအဆာမရှိသော မျက်နှာသည် ချောမောနေဆဲဖြစ်၍ မျက်လုံးများကလည်း ကြည်လင်တောက်ပကာ ကိုယ်အမူအရာကလည်း အထက်တန်းကျ၍ အိန္ဒြေအပြည့်ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ ရွှံ့များပေနေသည့် အဝတ်အစားကြောင့်သာမဟုတ်လျှင် ခုနကပင်ဆောက်တည်ရာမရ ပြိုလဲကျနေခဲ့သူသည် ဝမ်ဟုန်ပင် ဟုတ်ပါရဲ့လားဟု စွင်းယန် သံသယဝင်နေရတော့မည်ဖြစ်သည်။

ဝမ်ဟုန်၏အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အမည်းရောင်ဝတ်စုံနှင့် လူတစ်ယောက်က အခန်းထောင့်၌ ပေါ်လာသည်။

ဝမ်ဟုန်က ခေါင်းကိုငုံ့၍ ချန်ရုံ့ကို မျက်တောင်မခတ်တမ်းကြည့်ကာ တိုးတိတ်သောအသံဖြင့် မေးလိုက်သည်။
"သူ ဘာပြောသွားလဲ..."

အမည်းရောင်ဝတ်စုံနှင့် လူက ပြန်ဖြေလိုက်သည်။
"ဘာမှသိပ်မပြောပါဘူး အရှင်...ဒါပေမယ့် မြေပေါ်ကို လဲကျမသွားခင်မှာ 'ချီလန် မင်းသမီးကို ကျွန်မသတ်လိုက်တာ...ရှင်နဲ့ ဘာမှမသက်ဆိုင်ဘူးနော်...ကျွန်မအတွက် လက်စားချေနေစရာလည်းမလိုဘူး...ရှင့်ကိုယ်ရှင် ဒုက္ခမပေးပါနဲ့...' လို့ရှဲ့ဟယ်ထင်းကိုပြောသွားပါတယ်..."

အမည်းရောင်ဝတ်စုံနှင့်လူ၏အသံက အလွန်ပင် မာထန်၍ အသံအနိမ့်အမြင့် အတက်အကျမရှိပဲ စကားကိုပြောသွားလေသည်။ ချန်ရုံ၏စကားများကို ပြန်ပြောနေချိန်၌လည်း မျက်နှာ၌ ခံစားမှုဟူ၍ မရှိပေ။

သို့သော် ထိုလူ၏စကားဆုံးဆုံးချင်းမှာပင် ဝမ်ဟုန်က ပိုးချည်စောင်ကို ဆုပ်ကိုင်လိုက်သည်။ စောင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသောကြောင့် ဝမ်ဟုန်၏တစ်ကိုယ်လုံးပင် ထိန်းမရအောင် တဆတ်ဆတ်တုန်နေတော့သည်။

သို့သော် ထိုကဲ့သို့သောအချိန်မှာပင် ဝမ်ဟုန်၏မျက်နှာက တည်ငြိမ်နေ၍ မျက်လုံးများကကြည်‌လင်နေကာ ကိုယ်အမူအရာက တင့်တယ်နေဆဲဖြစ်သည်။

စွင်းယန်သည် ဝမ်ဟုန့်အားကြည့်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် လက်သီးကိုဆုပ်၍ ဝမ်ဟုန်၏မျက်နှာကို ထိုးမည်အလုပ်မှာပင် စွင်းယန်၏လက်က လေထဲ၌ရပ်သွားရသည်။ ဝမ်သုန်၏နှုတ်ခမ်းထောင့်မှ သွေးများက စီးကျနေ၍ ကြမ်းပြင်ပေါ်သို့ တစ်စက်စက် ကျနေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

အပြစ်ဟူ၍ အနည်းငယ်မျှပင်မရှိအောင်ညချောမောသောမျက်နှာ၊ နက်မှောင်သောဆံပင်၊ အထက်တန်းကျသည့် ကိုယ်ဟန်အနေအထားနှင့် တစ်စက်စက်ကျနေသည့်သွေးများက တိတ်ဆိတ်သောအခန်းထဲ၌ ထူးဆန်းသည့် အခြေအနေကို ဖန်တီးနေလေသည်။

စွင်းယန်သည် ဝမ်ဟုန့်အား ငေးကြည့်နေ၍ ဝမ်ဟုန်က သူ၏ရင်ဘတ်ကို ကိုင်နေသည်ကို မြင်သောအခါမှပင် အသိစိတ်ပြန်ဝင်လာသည်။ စွင်းယန်သည် နှာခေါင်းထဲမှ လေကို မှုတ်ထုတ်၍ ခပ်ဆတ်ဆတ်ပြောလိုက်သည်။

"ခင်ဗျားရဲ့ နှလုံးသားက နာရင်နာတယ်ပေါ့...အရမ်းသန်မာချင်ယောင်ဆောင်မနေပါနဲ့..."
ထိုစကားများကိုပြောပြီးသည်နှင့်တစ်ပြိုင်နက် စွင်းယန်သည် တစ်ဖက်သို့လှည့်၍ စီးကျလာသောမျက်ရည်များကို သုတ်ရန် မျက်နှာကို အင်္ကျီလက်ဖြင့် ကာလိုက်လေသည်။

ဝမ်ဟုန်က ဘာမှပြန်မဖြေသလို ဂရုလည်းမစိုက်ပေ။ သူသည် ချန်ရုံ၏ ငြိမ်းချမ်းနေသောမျက်နှာလေးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်၍ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

ထိုအချိန်၌ စွင်းယန်က သတိရသွား၍ မေးလိုက်သည်။

"သမားတော်က ဘာပြောလဲ..."
စွင်းယန်သည် ချန်ရုံ၏သွေးခုန်နှုန်းကို စမ်းသပ်ခဲ့သော်လည်း ထိုသွေးခုန်မှုကို နားမလည်သောကြောင့် သမားတော်ကို မေးနေရဆဲဖြစ်သည်။

စွင်းယန်၏မေးခွန်းကို မည်သူကမှ မဖြေကြချေ။

မတ်တပ်ထရပ်လိုက်သော ဝမ်ဟုန်က ရှေ့သို့ကိုင်း၍ စောင်က အသာမလိုက်၍ ပတ်တီးများဖြင့် တင်းကြပ်စွာ စည်းနှောင်ထားသော ဒဏ်ရာကိုကြည့်လိုက်သည်။

ဒဏ်ရာကိုကြည့်၍ စောင်ကို အတင်းဆုပ်ကိုင်ထားသည့် ချန်ရုံ၏လက်ချောင်းများကို ဖြည်လိုက်သည်။

ချန်ရုံသည် စောင်ကို တင်းကျပ်စွာ ကိုင်ထားသောကြောင့် လက်ကို ဖြည်မရဖြစ်နေသည်။ ဝမ်ဟုန်သည် ခေါင်းကိုငုံ့၍ ချန်ရုံ၏နှုတ်ခမ်းများကို ညင်သာစွာ နမ်းလိုက်သည်။ ချန်ရုံ၏ ဖြူဖျော့နေသောနှုတ်ခမ်းများက သွေးများပေသွားသောအခါ ဝမ်ဟုန်သည် ညင်သာတိုးတိတ်၍ အချစ်များဖြင့် ပြည့်နေသောအသံဖြင့် ပြောလိုက်သည်။

"အချစ် လက်ကိုလွှတ်လိုက်လေ...မင်းရဲ့ ချစ်ယောင်္ကျားက မင်းကို ဖက်ချင်လို့ပါ..."

ဝမ်ဟုန်၏အသံက နွေဦးရာသီ၏လေပြေကဲ့သို့ နူးညံ့၍ ညင်သာနေသည်။

ထင်ထားသည့်အတိုင်းပင် ချန်ရုံ၏လက်က ပြေလျော့သွား၍ စောင်ကိုလွှတ်လိုက်တော့သည်။

ဝမ်ဟုန်သည် ချန်ရုံ၏လက်လေးကို သူ့လက်ထဲ၌ ဆုပ်ကိုင်ကာ ချန်ရုံ့ကို ပွေ့ချီလိုက်သည်။

စွင်းယန်က ဝမ်ဟုန်၏လက်မောင်းကိုဆွဲကာ အော်ပြောလိုက်သည်။

"ဝမ်ချီ ခင်ဗျားရူးနေပြီလား...အားရုံက ဒီ‌လောက်တောင် ဒဏ်ရာတွေပြင်းနေတာ ဘာဖြစ်လို့များ နေရာရွှေ့ဖို့ ကြိုးစားနေရတာလဲ..."

ဝမ်ဟုန်က ဂရုမစိုက်သည့်ပုံဖြင့် စွင်းယန်၏လက်ထဲမှ သူ့လက်ကို ပြန်ဆွဲယူကာ ချန်ရုံ့ကို ပြန်ပွေ့ချီလိုက်သည်။

ဝမ်ဟုန်က ချန်ရုံ့ကိုချီ၍ အခန်းထဲမှထွက်မည်လုပ်နေသည်ကိုမြင်သောအခါ ဘာတွေဖြစ်နေမှန်းမသိသော စွင်းယန်က ဒေါသထွက်လာမိသည်။
"တစ်ယောက်လောက်ထွက်လာပြီး အားရုံ ဘာဖြစ်နေတယ်ဆိုတာကို ငါ့ကို မပြောပြနိုင်ကြဘူးလား..."

စွင်းယန် ဒေါသထွက်နေချိန်တွင် ဝမ်ဟုန်၏ နူးညံ့သောအသံက ထွက်လာပြန်သည်။
"အခြေအနေက ဘယ်လိုလဲ..."

အမည်းရောင်ဝတ်စုံနှင့်လူက ရှေ့သို့တိုးလာကာ ပြောလိုက်သည်။
"ကိုးယောက်မြောက်မင်းသမီးက သေဆုံးသွားပြီး ဧကရီဘုရင်မကြီးက အရမ်းကို ဒေါသထွက်နေပြီး တော်ဝင်အိမ်တော်ဝန်ကိုသတ်ပြီး သူ့ရဲ့ဆွေမျိုးတွေအားလုံးကို ကွပ်မျက်ခိုင်းဖို့ပြောနေပါတယ်...ဒါပေမယ့် အိမ်တော်ဝန် အဆိပ်ခတ်ခံရတယ်ဆိုတာ သိသွားပြီးတဲ့နောက်မှာတော့ ဧကရာဇ်က အဲဒီလောက်အထိလုပ်ဖို့မလိုတဲ့အကြောင်း ပြောနိုင်သွားပါတယ်..."

ဝမ်ဟုန်က ခေါင်းကိုငုံ့လိုက်သောကြောင့် သူ၏ ပိုးသားကဲ့သို့သော ဆံပင်များက ချန်ရုံ၏မျက်နှာကို နူးညံ့စွာ ပွတ်တိုက်မိသွားကြသည်။ ချန်ရုံ့ကိုကြည့်ရင်းဖြင့် ဝမ်ဟုန်သည် အချစ်နှင့် သနားခြင်းများ ပြည့်လျှမ်းလာ၍ ချန်ရုံ၏နှာခေါင်းထိပ်ကို ခပ်ဖွဖွလေးနမ်းလိုက်သည်။
"ဘာဖြစ်လို့ ရှဲ့ဟယ်ထင်းက အဲဒီနေရာကိုရောက်နေတာလဲ..."
ဝမ်ဟုန်က ဆက်မေးလိုက်သည်။

"ရှဲ့ဟယ်ထင်းက လာကြည့်ကြတဲ့ လူအုပ်နဲ့အတူ ပါလာတာပါ..."
အမည်းရောင်ဝတ်စုံနှင့်လူက ဖြေလိုက်သည်။
"တော်ဝင်အိမ်တော်ဝန်ကို သတ်ဖို့ ဧကရာဇ်က လွှတ်လိုက်တဲ့ စစ်သည်တွေကိုလည်း ရှဲ့ဟယ်ထင်းကပဲ မလုပ်ဖို့ ပြောဆိုဆွဲဆောင်နိုင်ခဲ့ပါတယ်..."

သူတို့၏စကားများကို နားထောင်ရင်းဖြင့် စွင်းယန်က ဒေါသထွက်လာပြန်ကာ ဝမ်ဟုန့်ကို အော်ပြောလိုက်သည်။
"အချိန်က ဘယ်နှနာရီရှိနေပြီလဲ...ဘာဖြစ်လို့ ခင်ဗျားတို့က ဒီအရေးမပါတဲ့အကြောင်းတွေ ပြောနေရတာလဲ...ဝမ်ချီလန် ငါ့ကိုပြောပြပါ...ငါ့ရဲ့ အားရုံ အခြေအနေက ဘယ်လိုလဲ.."

ထိုအခိုက်တွင်တော့ ဝမ်ဟုန်သည် စွင်းယန်အား သတိထားမိသွားလေတော့သည်။ သူသည် ခေါင်းကိုလှည့်၍ စွင်းယန်ကို စိုက်ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"မင်းရဲ့ အားရုံ ဟုတ်လား..."
ထိုအသုံးအနှုန်းလေးကို အာရုံစိုက်နေသောဝမ်ဟုန့်ကိုကြည့်၍ စွင်းယန်၏မျက်လုံးများကလည်း ဒေါသဖြင့် ပြည့်လာသည်။

သို့သော် ဝမ်ဟုန်သည် စွင်းယန်အား ခဏသာကြည့်၍ ချန်ရုံ့ကို ပြန်ငုံ့ကြည့်လိုက်ကာ ခပ်ဖွဖွပြုံး၍ ပြောလိုက်သည်။
"ဒီကမ္ဘာမှာတော့ သူက ငါ့ရဲ့အားရုံပဲ ဖြစ်ခွင့်ရှိတယ်..."

စွင်းယန်က အံကိုကြိတ်၍ ဒေါသတကြီးအော်လိုက်သည်။
"ဒါဆိုလည်း ခင်ဗျားရဲ့အားရုံက ဘာဖြစ်နေတာလဲ..."

ဝမ်ဟုန်က မော့မကြည့်ပဲ ချန်ရုံ၏နှုတ်ခမ်းများကို နမ်းကာ ညင်သာစွာပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး...အားရုံက..သေနေတာပဲရှိတာပါ..."

"ဘာ!?..."
စွင်းယန်သည် ဒေါသထွက်သည်ထက်ပိုသွား၍ ဝမ်ဟုန်၏ အင်္ကျီလည်ပင်းကိုပင် မကိုင်နိုင်တော့ပဲ အံကိုကြိတ်ကာ အော်လိုက်သည်။
"ခင်ဗျား ဘာစောက်စကားတွေပြောနေတာလဲ..."

ဝမ်ဟုန်က စွင်းယန်ကို လှမ်းကြည့်၍ သူ၏ အင်္ကျီစကိုကိုင်ထားသော စွင်းယန်၏လက်ကို အရေးမပါသလို ဖယ်ချလိုက်သည်။

သို့သော် စွင်းယန်က မလွှတ်ပေးပဲ ဆက်ကိုင်ထားလိုက်သည်။ ထို့ကြောင့် ဝမ်ဟုန်သည် မျက်မှောင်ကြုတ်၍ နောက်ဆုံးတွင်တော့ ခေါင်းကိုမော့ကာ စွင်းယန်အား သေချာကြည့်လိုက်သည်။ ထို့နောက် အေးအေးဆေးဆေးပြောလိုက်သည်။
"သူ့ကို သတိမေ့သွားအောင် လုပ်လိုက်ကြ..."

ထိုစကားများပြောလိုက်ပြီးပြီးချင်းမှာပင် လေတစ်ချက်တိုက်ခတ်သွားသည်။ လန့်သွားသော စွင်းယန်က ညာဘက်လက်ကိုမြှောက်၍ ထိုလေကိုကာလိုက်သည်။ ထိုအချိန်မှာပင် အခြားတစ်ဖက်မှ လှုပ်ရှားမှုတစ်ခု ရောက်လာပြန်သည်။ စွင်းယန်သည် ဒုတ် ဟူသောအသံကိုသာကြားလိုက်ရ၍ လည်ပင်းနေရာက အလွန်နာကျင်သွားကာ ကြမ်းပြင်ပေါ်သို့ နောက်ပြန်လဲကျသွားတော့သည်။

ဝမ်ဟုန်က မေ့လဲကျနေသော စွင်းယန်ကို ကြည့်၍ တိုးတိတ်စွာပြောလိုက်သည်။
"သူ့ကို ပြန်ပို့လိုက်ကြ...ကောင်းကောင်းမွန်မွန်လည်း ပြုစုပေးလိုက်ကြပါ...သူသာ ဒဏ်ရာတွေကျန်နေရင် အားရုံနိုးလာရင် ငါ့ကို စိတ်ဆိုးလိမ့်မယ်..."

အမည်းရောင်ဝတ်စုံနှင့် လူနှစ်ယောက်က အမိန့်နာခံ၍ စွင်းယန်ကို မကာ ခုန်ကျံကျော်လွှား၍ စက္ကန့်ပိုင်းအတွင်းမှာပင် ခြံဝန်းထဲမှ ပျောက်ကွယ်သွားကြတော့သည်။