အပိုင်း 248
Viewers 24k

Chapter 248
: နိုးထလာခြင်း


မည်သည့်အမှတ်အသားမှမပါသော သာမာန်ရထားလုံးတစ်စီးက ခြံဝန်းထဲ၌ ရပ်ထားသည်။ ဝမ်ဟုန်က ချန်ရုံ့ကို ဖက်၍ တိုးတိုးလေးပြောလိုက်သည်။

"သွားကြမယ်..."

"ဟုတ်ကဲ့..."

မြင်းဆွဲသော ရထားလုံးက မောင်းထွက်သွားတော့သည်။

ဝမ်ဟုန်၏အိမ်တော်ရှေ့၌ လူများစွာက စုရုံးနေကြသော်လည်း ရထားလုံးက ဘေးဘက်အပေါက်မှထွက်သွားလိုက်သည်။ လူအချို့က လှမ်းကြည့်ကြသော်လည်း သေချာအရမစိုက်ကြပေ။ တော်ဝင်အိမ်တော်ဝန်က ဒဏ်ရာအပြင်းအထန်ရ၍ သေဆုံးခါနီး ဖြစ်နေသည်မဟုတ်လား။ ထို့ကြောင့် အိမ်တော်ဝန်ကို နေရာ‌မပြောင်းရွှေ့ရန်မှာ သာမာန်လူများပင် သိသည့်အချက်ဖြစ်သည်။ ထို့အပြင် ရထားလုံးသည် အလွန်ပင် သာမာန်ဆန်၍ အရှေ့မှာရော အနောက်မှာပါ ကာကွယ်စောင့်ရှောက်မည့် အစောင့်များမပါပေ။ ဝမ်ဟုန်နှင့် ချန်ရုံတို့ ထိုရထားလုံးထဲ၌ ထိုင်နေကြမည်ဆိုသည်ကို မည်သူကမျှ စိတ်ကူးနှင့်တောင် တွေးကြည့်မိမည်မဟုတ်ကြပေ။

သို့သော်လည်း ရထားလုံးသည် လုံးဝတော့ လျစ်လျူရှုခံနေရသည်မဟုတ်ချေ။ တဖြည်းဖြည်းနှင့် လူများက ရထားလုံးနောက်သို့ လိုက်လာကြလေသည်။

ရထားလုံးက လမ်းကြားတစ်ခုထဲသို့ မောင်းနှင်သွားပြီးသောအခါ ဝမ်ဟုန်က ချန်ရုံ့အား ပွေ့ချီ၍ အခြားရထားလုံးတစ်စီးထဲသို့ ပြောင်းရွှေ့လိုက်သည်။ သူတို့သည် လမ်းကြားတစ်ခုထဲသို့ ရောက်သည့်အခါတိုင်း ရထားလုံးများကို ပြောင်းရွှေကလာရာ ငါးစီးမြောက်ရထားလုံးတွင်တော့ မည်သူကမှ အနောက်က လိုက်မလာကြတော့ချေ။

ရထားလုံးက ရှေ့သို့ဆက်၍ မောင်းနှင်သွားသည်။

တောက်ပသော လမင်းက တဖြည်းဖြည်းကောင်းကင်၌ မြင့်တက်လာသည်။ ဤည၌ တိမ်တစ်မျှင်မှပင် မတွေ့ရ၍ ကြည်လင်သောကောင်းကင်၌ ထိန်လင်းသောလသာ ဝင့်ဝင့်ကြွားကြွား သာနေလေသည်။

ရထားလုံးထဲ၌ ဝမ်ဟုန်က ခေါင်းကိုငုံ့၍ သူ၏ရင်ခွင်ထဲမှ အမျိုးသမီးကို တိတ်ဆိတ်စွာ ကြည့်နေလေသည်။

ရထားလုံးက ‌တစ်ချက် ဆောင့်သွားသောအခါ မျက်လုံးများမှိတ်ထားသော ချန်ရုံက နာကျင်သွားသည့်ပုံဖြင့် တစ်ခါ တစ်ခါ မျက်ခုံးများ တွန့်သွားသည်။ ချန်ရုံ၏မျက်ခုံးများကိုကြည့်၍ ဝမ်ဟုန်သည် ခေါင်းကိုငုံ့ကာ မျက်ခုံးများကို ခပ်ဖွဖွကိုက်လိုက်သည်။ ချန်ရုံ၏တွန့်နေသော မျက်ခုံးများပေါ်၌ သွားရာအချို့ ထင်ကျန်ခဲ့သည့်အချိန်မှ ဝမ်ဟုန်က ချန်ရုံ၏နှုတ်ခမ်းများကို ပွတ်ကာ မေးလိုက်သည်။

"အချစ် ကိုယ်ပြန်ရောက်လာပြီလေ...မင်း ဘာဖြစ်လို့ မနိုးသေးတာလဲ..."

ဝမ်ဟုန်က ပြော၍ ရယ်လိုက်သော်လည်း ဝမ်ဟုန်၏နှုတ်ခမ်းများက ချန်ရုံ့အသားနှင့် ထိကပ်နေသောကြောင့် ရယ်သံက ဗလုံးဗထွေးဖြစ်နေသည်။

"ကိုယ် မင်းကိုကိုက်လိုက်တာတောင်မှ မင်းက ကိုယ့်ကိုစိုက်ကြည့်ဖို့ မျက်လုံးတွေဖွင့်မကြည့်တော့ဘူးလား..."

ဝမ်ဟုန်၏အသံက ည၏လေပြေထဲသို့ ဝင်ရောက်၍ လွင့်စင်ပျောက်ကွယ်သွားသော တစ္ဆေတစ်ကောင်ကဲ့သို့ အလွန်ပင် တိုးတိတ်ပေါ့ပါးနေသည်။

ရထားလုံးက ‌ဖြည်းညှင်းစွာ မောင်းနှင်နေ၍ တစ်ချက်ဆောင့်သွားတိုင်း ရထားလုံးမောင်းသူက အနောက်သို့ ကြောက်ရွံ့စွာ လှမ်းကြည့်နေမိသည်။

ထိုအရှိန်ကိုထိန်း၍ မောင်းနှင်နေရာမှ တစ်နာရီခန့်အကြာတွင် ရထားလုံးမောင်းသမား၏ အသံထွက်ပေါ်လာသည်။
"အရှင်...ရောက်ပါပြီ..."

"အင်း..."
ဝမ်ဟုန်က အသံပြန်ပေးလိုက်သည်။ ထို့နောက် ခါး၌ချိတ်ထားသော ကျောက်စိမ်းလည်ဆွဲကို ယူကာ အပြင်သို့ထုတ်၍ ဝှေ့ယမ်းပြလိုက်သည်။ မကြာခင်တွင် တံခါးကို တွန်းဖွင့်လိုက်သည့်အသံက ထွက်ပေါ်လာလေသည်။

ရထားလုံးက ရှေ့သို့ ဆက်မောင်းသွားသည်။

၁၅မိနစ်ခန့်ကြာသောအခါ ဝမ်ဟုန်က ရထားလုံးပေါ်မှ ခုန်ဆင်းလိုက်သည်။ သူသည် ခေါင်းကိုမော့၍ လရောင်အောက်မှ တိတ်ဆိတ်၍ ရိုးရှင်းသောခြံဝန်း၊ ဦးညွှတ်အရိုအသေပေးနေကြသော အမျိုးသား အမျိုးသမီး ခြောက်တွဲနှင့် အစောင့် အယောက် ၂၀ တို့ကိုကြည့်ကာ မေးလိုက်သည်။
"ယွမ်ကျန်းရန်ကို ဒီကို ပင့်လိုက်ပါ..."

"ဟုတ်ကဲ့..."
အစောင့်တစ်ယောက်က ဖြေလိုက်သည်။ ထိုသို့ဖြေလိုက်ပြီးကာမှ တုံ့ဆိုင်းစွာဖြင့် ထပ်ပြောလိုက်သည်။

"အရှင် ယွမ်ကျန်းရန်က ဒေါသကြီးပါတယ်...ဒီနှစ်နာရီအတွင်းမှာလည်း တစ်ချိန်လုံး ဆဲဆိုနေခဲ့တာ...သူ့ကို တော်ဝင်အိမ်တော်ဝန်နဲ့ပေးတွေ့လိုက်ရင် သူ့ရဲ့ ဒေါသကြောင့် သတင်းတွေ ပျံ့သွားနိုင်မလား..."

အစောင့် ဘာကိုပြောချင်သည်ကို ဝမ်ဟုန်သိလိုက်သည်။ ဝမ်ဟုန်သည် ခေါင်းကိုခါကာ ပြောလိုက်သည်။

"ဒီနေရာက လူအသွားအလာနည်းပါတယ်...သူဆဲဆိုချင်သလောက် ဆဲဆိုပါစေ..."

"ဟုတ်ကဲ့..."

‌အစောင့်က ထွက်ခွာသွားပြီးသောအခါ ဝမ်ဟုန်သည် ချန်ရုံ့ကို ပွေ့ချီ၍ အိပ်ခန်းဆောင်ထဲသို့ လျှောက်သွားလိုက်သည်။

ဤခြံဝန်းထဲရှိ အပြင်မှ အပင်များနှင့် အိမ်များက သာမာန်သာဖြစ်သော်လည်း အိပ်ခန်းကတော့ အဆင့်အတန်းမြင့်၍ သက်တောင့်သက်သာရှိသည်။ အထဲ၌ အမွှေးနံ့သာများဖြင့် မွှေးကြိုင်နေကာ ပန်းရောင်လိုက်ကာများကလည်း တဖျတ်ဖျတ်လွင့်နေကြသည်။ အကာအရံများကာထားသော ပြတင်းပေါက်မှတစ်ဆင့် သစ်ပင်ပန်းမာန်များ၏စိမ်းစိုမှုက လောကတစ်ခုလုံးကို အစိမ်းရောင် ခြယ်ထားပေးလေသည်။

ဝမ်ဟုန်က ချန်ရုံ့ကို ဖက်၍ ကုတင်ပေါ်သို့ ညင်သာယုယစွာ တင်ပေးလိုက်သည်။

ထို့နောက် ကုတင်ပေါ်၌ ဘေးစောင်းထိုင်၍ ချန်ရုံ၏လက်လေးကို ဆုပ်ကိုင်လိုက်သည်။

ချန်ရုံ့ကိုကြည့်ရင်းဖြင့် ဝမ်ဟုန်သည် သက်ပြင်းချကာ တိုးတိုးပြောလိုက်သည်။
"အားရုံ...ကိုယ်မှားသွားတယ်...ကိုယ်အရမ်းမှားခဲ့တယ်..."

ဝမ်ဟုန်၏နှုတ်ခမ်းများက တင်းတင်းစေ့သွားသည်။

ထိုအချိန်၌ ကျယ်လောင်သောဆဲဆိုသံက ဟိန်းထွက်လာသည်။

"ကုဖို့ဆေး ရှိ မရှိဆိုတာ ငါ့အပေါ်မှာပဲမူတည်တယ်ကွ...မင်းတို့ အရှက်မရှိတဲ့ လူယုတ်မာတွေ...သမားတော်တွေကို ဒီလိုဖိအားပေးလို့မရဘူးဆိုတာ မင်းတို့ မသိကြဘူးလား..."

ထို့နောက် ဆက်၍အော်နေပြန်သည်။
"မင်းတို့က ဘယ် စစ်မားမင်းသားရဲ့လက်အောက်ကလဲ...ဒီအဖိုးအိုကြီးက ဒီလို အရှက်ခွဲခံရတာကို ငြိမ်ခံနေမှာမဟုတ်ဘူးကွ..."

ယွမ်ကျန်းရန်သည် ယခင်က ကွန်ဖြူးရှပ်ပညာရှိတစ်ဦးဖြစ်သည်။ သူသည် ရှေးဟောင်းစာပေများကို နှံ့စပ်ကျွမ်းကျင်၍ ရိုးသားဖြောင့်မတ်၍ ဘာသာရေးကိုလည်း ကိုင်းရှိုင်းသူဖြစ်သည်။ သို့သော် အရာရှိအဖြစ် တစ်လခန့် လုပ်ပြီးသောအခါ သူ၏တံဆိပ်ကို ပြန်အပ်၍ ရုံးတော်မှ ထွက်ခွာသွားတော့သည်။ ထိုအချိန်မှစ၍ ဆေးကျမ်းများကို လေ့လာခဲ့၍ အိမ်ထဲမှအိမ်ပြင်သို့ မထွက်ပဲ သုံးနှစ်ခန့် ကြိုးစားပြီးသောအခါ သူ၏ပထမဆုံးကုသမှုအနေဖြင့် အလယ်ပိုင်းလွင်ပြင်ဒေသ၌ မည်သူမျှ မကုသနိုင်ခဲ့သော လျန့်ဘုရင်၏ နာတာရှည်ရောဂါကို ကုသပေးခဲ့သည်။ ယွန်ကျန်းရန်သည် ယခုနှစ်၌ အသက် ၇၀ ကျော်ပြီဖြစ်၍ လွန်ခဲ့သည့် ဆယ်နှစ်ခန့်လောက်မှစ၍ တာအိုဓာတ်ပညာကိုပါ လေ့လာလိုက်စားခဲ့သော ကျွမ်းကျင်သည့်သမားတော်တစ်ဦး ဖြစ်ပေသည်။

ထိုအချက်များ‌ကြောင့် ယွန်ကျန်းရန်သည် ဆဲဆိုတတ်သော်လည်း ယခုထိ ‌လူအများလေးစားခံနေရဆဲဖြစ်သည်။ ယခုလည်း သူ့နောက်မှလိုက်လာသော အစေခံများက ရိုကျိုးနေကြ၍ ဘာမှပြန်ခံမပြောကြချေ။ သူတို့သည် သမားတော်ကြီးအား တံခါးဆီသို့ ဦးဆောင်ခေါ်၍ အရိုအသေပေးကာ ပြောလိုက်သည်။
"ယွမ်ကျန်းရန်...ဒီဘက်ကို လာပါ..."

နှာမှုတ်၍ ယွမ်ကျန်းရန်က တံခါးကို ဆောင့်ကန်ကာ အော်လိုက်သည်။
"ဘယ်သူခိုးက ဓားပြလို ဟန်ဆောင်နေတာလဲဆိုတာ ငါမြင်ချင်တယ်..."

ထိုသို့အော်ပြီးပြီးချင်းမှာပင် အိပ်ယာဘေး၌ ရပ်နေသော အဖြူရောင်ပုံသဏ္ဍာန်ကို ငေးကြည့်မိသွားသည်။

ဝမ်ဟုန်က ခပ်ဖြည်းဖြည်း လှည့်ကြည့်လိုက်သည်။ သူသည် မျက်လုံးများပြူးကျယ်၍ မယုံနိုင်ဖြစ်နေသော ယွမ်ကျန်းရန်ကို ရိုသေစွာ ဦးညွှတ်ကာ ပြောလိုက်သည်။

"ယွမ်ကျန်းရန်...လန်ယာဝမ်ချီရဲ့ နှုတ်ခွန်းဆက်မှုကို လက်ခံပေးပါ..."

"လန်ယာဝမ်ချီ ဟုတ်လား..."

"ဟုတ်ပါတယ်..."

ယွမ်ကျန်းရန်က ခြေကိုဆောင့်၍ ဝမ်ဟုန့်နားသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့၍ ဝမ်ဟုန့်ကိုကြည့်ကာ အော်လိုက်သည်။

"ဒီအဖိုးကြီးကို ပြန်ပေးဆွဲလာတဲ့လူက မင်းလား ဝမ်ချီ..."

ဝမ်ဟုန်က အရိုအသေပေးကာပြောလိုက်သည်။
"အခြေအနေတွေက အဲဒီလိုမှမလုပ်မရတော့လို့ပါ...ဒီလို စော်ကားမိတဲ့အတွက် ကျွန်တော့်ကိုခွင့်လွှတ်ပါ အဖိုးယွမ်..."

ယွမ်ကျန်းရန်က လှောင်ရယ်ရယ်လိုက်သည်။ သမားတော်ကြီးသည် ဝမ်ဟုန့်အား အကြိမ်ကြိမ်အခါခါ မျက်စောင်းထိုးပြီးမှ ချန်ရုံ့ကို လှမ်းကြည့်လိုက်သည်။

ချန်ရုံ့ကိုမြင်သောအခါ ယွမ်ကျန်းရန်က နှာခေါင်းရှုံ့လိုက်ပြန်သည်။
"ဒါက မင်းကို အရာရာကိုစွန့်လွှတ်စေခဲ့တဲ့ ပွေရှုပ်တဲ့ သီလရှင်လား..."

"ဟုတ်ပါတယ်..."
ဝမ်ဟုန်က ဖြေလိုက်သည်။

ယွမ်ကျန်းရန်က ဝမ်ဟုန့်အား မျက်စောင်းထိုးနေဆဲရှိသည်။

ဝမ်ဟုန်က ယဉ်ကျေးစွာ အရိုအသေပေး၍ ပြုံးကာပြောလိုက်သည်။

"ယွမ်ကျန်းရန်က လူပီသတဲ့လူတစ်ယောက်နဲ့ ကြုံဆုံရရင် အဲဒီလူရဲ့သက်တမ်းကို သုံးနှစ် ပိုရှည်လာအောင် ဘာမဆို လုပ်ပေးတတ်တယ်လို့ ကျွန်တော်ကြားဖူးပါတယ်...ကျွန်တော်က အရမ်းကို ထက်မြက်တဲ့လူတော့ မဟုတ်ပါဘူး...ဒါပေမယ့် အခက်အခဲတွေ မ‌ကောင်းကြံသည်မှုတွေကြားထဲကနေတောင်မှ ဗျူဟာတွေရေးဆွဲပြီး လူရိုင်းတွေကို နှိမ်နင်းပေးခဲ့တဲ့အတွက်ကြောင့် ကျွန်တော်ဟာ လူပီသတဲ့လူတော့ ဖြစ်ခွင့်ရှိမယ်ထင်ပါတယ်...ဒီအကြိမ်မှာတော့ ကျွန်တော့်ရဲ့ ဝေဒနာကို သနားစာနာပေးပြီး ဒီမိန်းကလေးကိုကယ်တင်ပေးပါလို့ အဖိုးယွမ်ကို ကျွန်တော် တောင်းဆိုပါရစေ..."

ယွမ်ကျန်းရန်က ဦးညွှတ်နေဆဲရှိသော ဝမ်ဟုန့်ကို ကြည့်၍ ခဏမျှ မျက်မှောင်ကြုတ်နေပြီးမှ ပြောလိုက်သည်။

"ဝမ်ဟုန်က ဘယ်တုန်းကမှ အကူအညီတောင်းရတာ မကြိုက်ဘူးလို့ လူတွေပြောကြတယ်မဟုတ်ဘူးလား...ဘာဖြစ်လို့ဒီနေ့မှ မင်းရဲ့မာနတွေချပြီး အရှက်မရှိ တောင်းဆိုနေရတာလဲ..."

ဝမ်ဟုန်က‌ ခေါင်းကိုငုံ့ကာပြောလိုက်သည်။
"ဒဏ်ရာရနေတဲ့လူက ကျွန်တော်ဆိုရင်တော့ အရေးမကြီးပါဘူး...ဒါပေမယ့် အခု ဒဏ်ရာရနေတဲ့လူက ဒီမိန်းကလေးဖြစ်နေတယ်...သူက ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့လူ မို့လို့ သူ့ကို ဒီတိုင်း ပစ်မထားနိုင်ပါဘူး..."

"မင်းက ရည်မှန်းချက်မကြီးတဲ့ သူခိုးလေးပဲ..."
ယွမ်ကျန်းရန်က ပြောလိုက်သည်။

သို့သော် ယွမ်ကျန်းရန်က အော်ဟစ်နေသော်လည်း ကုတင်ပေါ်သို့ ဝင်ထိုင်လိုက်၍ ထိုင်နေလျက်နှင့်ပင် စိတ်တိုတိုနှင့် ဆက်၍ ပြောဆိုနေသည်။
"လူပီသတဲ့လူ ဟုတ်လား...သွားစမ်းပါကွာ...ဒီလောက်တောင် အချစ်မှိုင်းမိနေတဲ့ လူပီသတဲ့လူဆိုတာ ကမ္ဘာမှာ ရှိနိုင်ဦးမှာလား..."

ဝမ်ဟုန်က နွမ်းလျစွာပြုံးလိုက်သည်။

ဝမ်ဟုန်က ဘာမှပြန်မပြောသောအခါ ယွမ်ကျန်းရန်က ထပ်၍ မျက်စောင်းထိုးလိုက်၍ ချန်ရုံ၏သွေးခုန်နှုန်းကို စမ်းလိုက်သည်။

သမားတော်ကြီး၏လက်က ချန်ရုံ၏လက်နှင့် ထိသွားသည်နှင့် တစ်ပြိုင်နက် ဝမ်ဟုန်တစ်ကိုယ်လုံး ငြိမ်သက်သွားသည်။ သူသည် အခြားဘယ်ကိုမှ မကြည့်ပဲ ယွမ်ကျန်းရန်ကိုသာ စူးစိုက်ကြည့်နေလေသည်။

ထိုအချိန်၌ ယွမ်ကျန်းရန် ချန်ရုံ၏နောက်လက်တစ်ဖက်ပေါ်သို့ သူ့လက်ကိုတင်ကာ စမ်းသပ်လိုက်ပြန်သည်။

လက်နှစ်ဖက်လုံးမှ သွေးခုန်နှုန်းကို စမ်းသပ်ပြီးသောအခါ ယွမ်ကျန်းရန်က မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ချန်ရုံ့၏ ခြေထောက်များကို အုပ်ထားသော စောင်ကို ဆွဲဖယ်၍ ခြေထောက်မှ သွေးခုန်နှုန်းကို စမ်းသပ်လိုက်ပြန်သည်။

ထိုသို့ စမ်းသပ်သည်က သိပ်မကြာပေ။ အစမှအဆုံး ၁၅မိနစ်ခန့်သာကြာလိုက်သည်။ သို့သော် ပုံမှန်အတိုင်း တင့်တယ်၍ အိန္ဒြေရှိသည့်ပုံဖြင့် ပြုံးနေသော ဝမ်ဟုန်ကတော့ အတွင်းအင်္ကျီများ၌ ချွေးများပင်စိုနေပြီဖြစ်လေသည်။

ခဏအကြာတွင် ယွမ်ကျန်းရန်က စောင်ကို ချန်ရုံ့ပေါ်သို့ ပြန်အုပ်ပေးလိုက်သည်။

ထို့နောက် ဝမ်ဟုန့်ဘက်သို့ လှည့်ကြည့်ကာ ပြုံးလိုက်သည်။

"ကိုးယောက်မြောက်မင်းသမီးက ဝမ်ယိုအဆိပ်ကို အိမ်တော်ဝန်ကိုသုံးလိုက်တယ်လို့ ပြောနေကြတယ်မဟုတ်ဘူးလား...ဘာဖြစ်လို့ ငါ အဲဒီအဆိပ်ကို စမ်းမရတာလဲ..."

ဝမ်ဟုန်က ရိုသေစွာ ပြန်ဖြေလိုက်သည်။
"ဓားကဘယ်တုန်းကမှ အဆိပ်နဲ့ မသုတ်ထားခဲ့ပါဘူး...ကိုးယောက်မြောက်မင်းသမီးသုံးမယ့်ဓားကို လမ်းတစ်ဝက်မှာတည်းက ကျွန်တော် လူလွှတ်ပြီး လဲခိုင်းထားခဲ့တာပါ..."

ဝမ်ဟုန်က ထိုသို့ပြောလိုက်သည်နှင့် ယွမ်ကျန်းရန်၏မျက်လုံးများက ပြူးကျယ်သွားကာ သူ၏ရှည်လျားသော မျက်လုံးများကလည်း တွန့်ကွေးသွားကြသည်။

"ကိုးယောက်မြောက်မင်းသမီးက မင်းရဲ့ အမျိုးသမီးကို လုပ်ကြံမယ်ဆိုတာ မင်းသိတယ်ဆိုရင် ဘာဖြစ်လို့ မင်း မတားခဲ့တာလဲ..."

ဝမ်ဟုန်က ဘာမှမပြောပဲ ပြုံးရုံသာ ပြုံးလိုက်သည်။

ယွမ်ကျန်းရန်က မ‌ကျေနပ်သည့်အသံလုပ်ကာ ရွံရှာစွာဖြင့် အော်လိုက်သည်။

"မင်းက အခုလည်း စိတ်ကိုလှည့်စားတဲ့ အကွက်တွေ ကစားနေပြန်ပြီမဟုတ်လား...မင်းကိုယ်တိုင်ကလည်း အကြံအစည်တွေ မကောင်းကြံမှုတွေနဲ့ အန္တရယ်ရှိနေတယ်လို့ပြောတာ မဆန်းပါဘူး...သူခိုးလေး မင်းကလည်း လူကောင်းမှ မဟုတ်ပဲ..."

ဝမ်ဟုန်က မော့ကြည့်၍ ပြုံးကာ ညင်သာစွာပြောလိုက်သည်။

"အဖိုးမှားနေပြီ ကျန်းရန်...ဝမ်အိမ်တော်မှာ လူကောင်းတွေက ဘယ်တော့မှ အကြီးအကဲရာထူးဆက်ခံမယ့်လူတွေ မဖြစ်ကြဘူးလေ..."

ထိုအခါ ယွမ်ကျန်းရန်က ခဏမျှ မျက်မှောင်ကြုတ်လိုက်ပြီးမှ ခေါင်းကိုခါကာ သက်ပြင်းချလိုက်သည်။
"မင်းက တကယ်ကို ရက်စက်တာပဲ...မင်းရဲ့သွေးသားကို ကိုယ်ဝန်လွယ်ထားရတဲ့ မိန်းကလေးတစ်ယောက်ကိုတောင် အန္တရာယ်တောထဲမှာ ပစ်ထားဖို့ ကြံစည်နေတယ်ဆိုတော့..."

ယွမ်ကျန်းရန် ထိုသို့ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဝမ်ဟုန်၏ မတ်နေသော ခန္ဓာကိုယ်က တုန်လှုပ်သွားတော့သည်။ သူသည် ခေါင်းကိုဖြည်းညှင်းစွာငုံ့၍ ချန်ရုံ့အား စိုက်ကြည့်နေလိုက်သည်။ ထို့နောက် စကားပြောလိုက်သောအခါ ဝမ်ဟုန်၏အသံက အလွန်ပင် လေးနက်၍ နက်ရှိုင်းနေ‌သည်။

"ကျွန်တော့်တွက်ချက်မှုတွေ မှားကုန်ပြီပဲ...အခုအချိန်မတိုင်ခင်အထိ ကျွန်တော့်ရဲ့ နှလုံးသားကလည်း နာကျင်တတ်တယ်ဆိုတာ ကျွန်တော်မသိခဲ့ဘူး..."

ကျောက်တုံးကိုသာ ပိုအားထည့်၍ ပစ်ခဲ့လိုက်လျှင်...မဟုတ်ဘူး...အရာရာမှားခဲ့ပေပြီ။ ဝမ်ဟုန်သည် အခြားအကြံဉာဏ်တစ်ခုကို စဉ်းစားခဲ့မိသင့်သည်။ ယခုတော့ အရာရာ မှားယွင်းခဲ့ပေပြီ။

ဝမ်ဟုန်၏ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်က မြင့်တက်သွား၍ ပြုံးကာ ခပ်တိုးတိုးပြောလိုက်သည်။

"ကျွန်တော်က ရက်စက်တတ်ပြီး နှလုံးသားမရှိတဲ့လူလို့ကျွန်တော့်အဖိုးက ပြောဖူးတယ်...သူမှားတယ်...အခု ကျွန်တော့်နှလုံးသားတစ်ခုလုံး အစိပ်စိပ်အမြွှာမြွှာ ကြေမွသွားသလိုပဲ..."

သူ၏နှလုံးသားက အစိပ်စိပ်အမြွှာမြွှာကြေကွဲသွားရသည်ဟု ပြောနေသော်လည်း ဝမ်ဟုန်၏ အသံက တည်ငြိမ်နေကာ ချောမောသောမျက်နှာကလည်း ပြုံး၍ တင့်တယ်နေဆဲဖြစ်၍ မျက်လုံးများကလည်း ကြည်လင်၍ ဉာဏ်ပညာရှိသည့်ပုံပေါက်နေဆဲဖြစ်သည်။ ဝမ်ဟုန့်ကိုကြည့်ရသည်မှာ အသည်းကွဲနေသည့်လူနှင့် လုံးဝကိုမတူပေ။ သို့သော်လည်း ဘာကြောင့်မှန်းမသိ အဖိုးယွမ်သည် ဝမ်ဟုန်၏ အဖြူရောင်ဝတ်ရုံက ညဉ့်လေပြေထဲ၌ ဝဲလွင့်နေသည်ကိုကြည့်၍ သူ့စကားများကို ယုံကြည်သွားမိသည်။

ဝမ်ဟုန်၏စကားကိုယုံသော်လည်း အဖိုးယွမ်သည် အိပ်ယာဆီသို့သွား၍ ဆေးများကိုဆက်ပေးရန် လုပ်လိုက်သည်။ အဖိုးယွမ်သည် ချန်ရုံ့ကိုကုသရန် ရွှေရောင်အပ်ကိုဆွဲထုတ်နေရင်းက ‌စိတ်တိုတိုနှင့် ပြောလိုက်သည်။

"နောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်လုပ်ရင်တော့ ဘယ်လောက်ပဲ နောင်တရနေပါစေ မင်းကို ကယ်နိုင်တော့မှာမဟုတ်ဘူး..."

ထိုစကားများကိုကြားသောအခါ ဝမ်ဟုန့်မျက်လုံးများက တောက်ပသွားကြသည်။ သူသည် နောက်သို့ဆုတ်၍ အဖိုးယွမ်အား အရိုအသေပေးကာ တုန်ယင်နေသောအသံဖြင့် ပြောလိုက်သည်။
"ဒီလို ကုသပေးတဲ့အတွက် အဖိုးကို ကျွန်တော် အရမ်းပဲကျေးဇူးတင်ပါတယ်..."

အဖိုးယွမ်က ရွှေရောင်အပ်ကို ဖယောင်းတိုင်မီး၌ အပူပေး၍ ချန်ရုံ၏ လက်ကောက်ဝတ်အတွင်းဘက်ဆီသို့ ထိုးစိုက်လိုက်သည်။ ထို့နောက် အပ်ကိုလှည့်ရင်းဖြင့်ပြောလိုက်သည်။

"မင်းရဲ့ မိန်းကလေးကို မင်းကျေးဇူးတင်သင့်တယ်...အခုလောလောဆယ်မှာ သူ့ရဲ့ အသက်ဓာတ်တွေက ဗိုက်ထဲမှာစုဝေးနေကြတာ...သူက သူ့ဗိုက်ထဲက‌ ကလေး အသက်ရှင်ဖို့ ကြိုးစားနေတာပဲ..."

ထိုစကားကိုကြားသောအခါ ဝမ်ဟုန်၏နှုတ်ခမ်းများက ပြုံးသွားကြ၍ မျက်လုံး၌လည်း အလင်းရောင်များ တောက်ပသွားကြသည်။ သူသည် ချန်ရုံ့အား တိတ်ဆိတ်စွာ ငေးကြည့်၍ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"သူက အရင်တည်းက အဲဒီလိုပါပဲ..."
ထိုအသံ၌ ဂုဏ်ယူမှု၊ ကျေနပ်မှုနှင့်မ မဖော်ပြနိုင်လောက်အောင် ကြီးမားသော ချစ်ခြင်းနှင့် ပျော်ရွှင်မှုများ ပါဝင်နေလေသည်။

အဖိုးယွမ်က နောက်ထပ်အပ်တစ်ချောင်းကို ချန်ရုံ၏ဝမ်းဗိုက်ဘေးသို့ စိုက်လိုက်၍ အပ်ကို လှည့်နေချိန်တွင် ဝမ်ဟုန့်ကိုလှမ်းကြည့်ကာပြောလိုက်သည်။

"မင်းက ဒီမိန်းကလေးကို အရမ်းဂရုတစိုက်ရှိနေတာတောင်မှ သူ့အပေါ် ရက်စက်နိုင်သေးတယ်နော်...ဒါကလည်း မင်းရဲ့ မြင့်မားလှတဲ့ ရာထူးကြောင့်ပဲနေမှာပါ...အဲဒီလို ရာထူးဂုဏ်ရှိန်တွေက ကောင်းချီးပေးမှုလား ကျိန်စာလားတောင် ငါမပြောတတ်တော့ပါဘူး..."

ဝမ်ဟုန်က ဘာမှပြန်မပြောချေ။

အချိန်ကြာသွားသည်နှင့်အမျှ အဖိုးယွမ်၏လှုပ်ရှားမှုများကလည်း တဖြည်းဖြည်း မြန်လာကာ ချန်ရုံ၏ခန္ဓာကိုယ်ထဲသို့ စိုက်ထားသော ရွှေအပ်များသည်လည်း တဖြည်းဖြည်း များပြားလာသည်။ ရွှေရောင်အပ်ကိုးချောင်းက ‌ဖယောင်းတိုင်မီးရောင်အောက်၌ တလက်လက်ဖြစ်နေချိန်တွင် အဖိုးယွမ်၏နဖူး၌လည်း ချွေးများသီးနေကာ ပါးစပ်ကိုလည်း တင်းကြပ်စွာ စေ့ပိတ်ထား၍ ဝမ်ဟုန့်ကိုပင် စကားလှမ်းမပြောနိုင်တော့ချေ။

"ဟုတ်ပြီ..."
နောက်ဆုံးတွင်တော့ အဖိုးယွမ်သည် အပ်များကိုဆွဲထုတ်ရင်းက ပြောလိုက်တော့သည်။

ငါးချောင်းမြောက်အပ်ကို ဆွဲထုတ်နေချိန်တွင် ညည်းညူသံတိုးတိုးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဖြည်းညှင်းစွာဖြင့် ချန်ရုံ၏ မျက်ခွံများက ပွင့်လာကာ တဖြည်းဖြည်းနှင့် ရီဝေနေသော မျက်လုံးအစုံကို ဖွင့်လိုက်လေတော့သည်။

ချန်ရုံ၏မျက်လုံးများပွင့်လာချိန်တွင် ကြမ်းပြင်ပေါ်သို့ တစ်စုံတစ်ခုပြုတ်ကျသွားသံကို ကျယ်လောင်စွာကြားလိုက်ရသည်။ အဖိုးယွမ်က လန့်သွား၍ ထခုန်လိုက်မိကာ အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင်မှ ဝမ်ဟုန်သည် ကြမ်း‌ပြင်ပေါ်သို့ ဒူးထောက်ကျနေသည်ကို မြင်လိုက်ရလေသည်။ ဝမ်ဟုန်သည် ပြန်ထရန်ကြိုးစားနေပုံရသည်။ ကြမ်းပြင်ပေါ်၌ ထောက်ထားသောလက်များက အင်အားများစွာသုံးထားသောကြောင့် အကြောများပင် ပေါ်လွင်နေလေသည်။ သို့သော်လည်း ဝမ်ဟုန်၏မျက်နှာကတော့ ပြုံးနေဆဲရှိကာ ဒူးထောက်ကျနေသော်လည်း ခါးကတော့ မတ်နေဆဲဖြစ်ဏ အမူအယာများကလည်း တင့်တယ်ဆဲဖြစ်သည်။ ထူးဆန်းသည်က ဝမ်ဟုန်သည် ပြန်ထရန် လေးငါးခါမျှ ကြိုးစားနေသော်လည်း ထ၍မရဖြစ်နေခြင်းပင်ဖြစ်သည်။

ပထမတော့ အဖိုးယွမ်၏မျက်လုံးများက ပြူးကျယ်သွားကြသော်လည်း ခဏအကြာတွင် သမားတော်ကြီးသည် ကျယ်လောင်စွာ အော်ရယ်လိုက်တော့သည်။