Chapter 249
– ကတိသစ္စာ
အဖိုးယွမ်၏ကျယ်လောင်သောရယ်သံကြားတွင် ချန်ရုံ၏ ရီဝေနေသောမျက်လုံးများထဲ၌ အလင်းရောင်များ ပြန်ရောက်လာသည်။
ချန်ရုံသည် ခေါင်းကိုဖြည်းညှင်းစွာစောင်း၍ အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ မမြင်ဖူးသော အဖိုးယွမ်ကို နားမလည်သကဲ့သို့ကြည့်၍ ချန်ရုံသည် ခြောက်သွေ့နေသော ပါးစပ်ကို ဖွင့်လိုက်သော်လည်း စကားတစ်ခွန်းမှထွက်မလာပေ။
အနား၌ရှိသော အစေခံတစ်ဦးက ရေတစ်ခွက်ကို အမြန်ယူလာ၍ ချန်ရုံသောက်နိုင်ရန် နှုတ်ခမ်းနားသို့ တေ့ပေးလိုက်သည်။
ချန်ရုံက ရေကိုသောက်၍ မြိုချနေသံကို နားထောင်၍ ယွန်ကျန်းရန်က ခေါင်းငြှိမ့်လိုက်သည်။ ထို့နောက် ကုတင်နားသို့လျှောက်သွား၍ ဆေးများကိုညွှန်ပြကာပြောလိုက်သည်။
"ဒီအတိုင်းပဲ ဆက်သုံးရင် တစ်လလောက်ကြာရင် ပုံမှန်အတိုင်း ပြန်ကောင်းသွားလိမ့်မယ်..."
ထို့နောက် အဖိုးယွမ်သည် သူ၏ပစ္စည်းများကို သိမ်းဆည်း၍ ကြမ်းပြင်ပေါ်သို့ငုံ့ကြည့်ကာ မကျေမနပ်နှင့်ပြောလိုက်သည်။
"ဝမ်မျိုးနွယ် သူခိုးလေး...ဒီက အဖိုးအိုကြီး ပြန်ပါတော့မယ်...ဒီတစ်ခေါက်ရော ငါ့ကို မပြန်နိုင်အောင် တားထားဦးမှာလား..."
ဝမ်မျိုးနွယ်သူခိုးလေး?
ချန်ရုံ၏မျက်လုံးများက တောက်ပသွား၍ အသံလာရာဘက်သို့ ခေါင်းကိုလှည့်ရန်ကြိုးစားလိုက်သည်။ သို့သော် ချန်ရုံ လှုပ်လိုက်သည့်အချိန်မှာပင် ဒဏ်ရာကိုမြင်လိုက်ရကာ ငြိမ်လိုက်ရသည်။
ထိုအချိန်မှာပင် အဖြူရောင်ပုံရိပ်က အခန်းထဲသို့ဝင်လာကာ အဖိုးယွမ်အား အရိုအသေပေးလိုက်သည်ကို ချန်ရုံ မြင်လိုက်ရသည်။ ချန်ရုံ ချစ်ရသူအမျိုးသား၏ နူးညံ့သေ ရယ်သံက ချန်ရုံ့နားထဲသို့ တိုးဝင်လာသည်။
"အဖိုးယွမ်ကတော့ နောက်ပြောင်နေပြန်ပါပြီ...အဖိုးအပေါ်မှာ ကျွန်တော် အကြွေးတွေ အများကြီး တင်သွားပါပြီ...နောင်အနာဂတ်မှာ ကျွန်တော်တတ်နိုင်သမျှ အဖိုးကို ကျေးဇူးပြန်ဆပ်မယ်လို့ ကတိပေးပါတယ်..."
"ဒီလိုပဲဖြစ်ရမှာပေါ့..."
ယွမ်ကျန်းရန်က သူ၏ အဖြူရောင်မုတ်ဆိတ်မွှေးပို သပ်ကာပြောလိုက်သည်။
"ကောင်လေး...ဒီနေ့ မင်းပြောခဲ့တဲ့စကားတွေကို ဘယ်တော့မှ မမေ့လိုက်ပါနဲ့..."
ထိုသို့ပြောပြီးသောအခါ ယွမ်ကျန်းရန် ထွက်ခွာသွားတော့သည်။
ချန်ရုံက ယွမ်ကျန်းရန် ထွက်ခွာသွားသည်ကို ကြည့်၍ နားမလည်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ဝမ်ဟုန့်အား ထိုကဲ့သို့ ပြောဆိုဆက်ဆံရဲသူဟူ၍ တစ်ယောက်မှမရှိချေ။
ထိုအခိုက်တွင် ချန်ရုံ့နားသို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်။ သူသည် ခေါင်းကိုငုံ့၍ ချန်ရုံ့နားသို့ တိုးတိတ်စွာ ကပ်လာသည်။
ချန်ရုံက မော့မကြည့်မှာပင် ခပ်ဖွဖွပြုံးလိုက်သည်။ ထို့နောက် သွေးမရှိ၍ ဖြူလျော်နေသောမျက်နှာ၌ အပြုံးလေးဖြငိ့ မော့ကြည့်လိုက်လေသည်။
"ချီလန်..."
ချန်ရုံသည် ခန္ဓာကိုယ်ထဲရှိ ရှိသမျှ အားများကိုသုံး၍ လက်ကိုမြှောက်ကာ ဝမ်ဟုန်၏ လက်ခုံပေါ်သို့ တင်လိုက်၍ အကြည့်များက ဝမ်ဟုန်၏ညစ်ပေနေသော ဝတ်ရုံကိုလှမ်းကြည့်ကာ အားနည်းသောအသံလေးဖြင့် မေးလိုက်သည်။
"ဘာဖြစ်လို့ ရှင့်ရဲ့ အဝတ်အစားတွေက ညစ်ပတ်နေတာလဲ..."
ယခုချန်ရုံ နိုးထလာသောအခါ သူမသည် သူမ၏ဒဏ်ရာ၊ အဆိပ်နှင့် ကလေး အကြောင်းကို ဘာမှမမေးပဲ သူမ ချစ်ရသူ၏အဝတ်အစားများကိုသာ စိုးရိမ်နေလေတော့သည်။
ဝမ်ဟုန်က သူ၏ လက်ငါးချောင်းကို ဖြည်းညှင်းစွာ ဖြန့်ကာ ဖြူဖွေးသော လက်ဖဝါးဖြင့် ချန်ရုံ၏လက်လေးကို ဆုပ်ကိုင်လိုက်သည်။
"အားရုံ..."
ဝမ်ဟုန့်အသံက အက်ကွဲနေသည်။
"နာနေသေးလားဟင်..."
ချန်ရုံက အလျင်အမြန်ပင် ခေါင်းခါလိုက်သော်လည်း နှစ်ခါမျှ ခေါင်းခါပြီးသောအခါ မူးသွားသောကြောင့် အမြန်ပြန်ရပ်လိုက်ရသည်။ ထို့နောက် ဝမ်ဟုန့်ကို ပြုံး၍ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။
"မနာတော့ပါဘူး..."
ဝမ်ဟုန့်ကိုကြည့်ရင်းဖြင့် ချန်ရုံ၏နှုတ်ခမ်းများက တရွရွလှုပ်နေကာ ခဏကြာသည့်အခါမှ နူးညံ့စွာမေးလိုက်သည်။
"ကျွန်မ...ကျွန်မ ဘာဖြစ်လို့ အသက်ရှင်နေသေးတာလဲဟင်...ကျွန်မ ဒီလို အသက်ဆက်ရှင်နေမယ်ဆိုရင် ရှင့်အတွက် ပြဿနာတွေ ဖြစ်မလာနိုင်ဘူးလား...'
ချန်ရုံသည် သူမ၏အခြေအနေနှင့်ပတ်သတ်၍ တစ်ခွန်းမှ မမေးရသေးချေ။ သူမကိုယ်သူမလည်း စိတ်မပူချေ။ သူမ ချစ်ရသူ ဝမ်ဟုန့်အတွက်သာ စိတ်ပူနေလေသည်။
ဝမ်ဟုန်က မျက်လုံးများကို မှိတ်လိုက်သည်။
ဝမ်ဟုန်သည် ချန်ရုံ၏လက်လေးကို တယုတယဆုပ်ကိုင်၍ ခေါင်းကိုငုံ့ကာ လက်ဖမိုးလေးကို နမ်းလိုက်သည်။ ထို့ကြောင့် အက်ကွဲနေသောအသံဖြင့်ပြောလိုက်သည်။
"ကိုယ်က အဆင်ပြေပါတယ်..."
ထို့နောက် ခဏရပ်ပြီးမှ ညင်သာစွာခေါ်လိုက်သည်။
"အားရုံ..."
ဝမ်ဟုန်သည် သူ၏ နီရဲနေသော မျက်လုံးများကို ချန်ရုံ့အား သေချာစူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"မင်း ကိုယ့်ကို ဒုက္ခလည်းပေးပြီး အသက်လည်းရှင်နေတာကို ကိုယ် ပိုလိုချင်ပါတယ်..."
ဝမ်ဟုန်သည် တစ်နေ့နေ့၌ ဤကဲ့သို့သော ချစ်စကားများပြောလာလိမ့်မည်ဟု ချန်ရုံ မမျှော်လင့်ထားမိချေ။
ချန်ရုံသည် မျက်တောင်တစ်ချက်ခတ်လိုက်၍ ဖြူဖျော့နေသောနှုတ်ခမ်းများဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။ ဤကဲ့သို့ စက။းလေးအနည်းငယ်ပြောရသည်ကပင် အလွန်ပင်ပန်းသွားသာ်ဖြစ်သောကြောင့် ချန်ရုံသည် ခေါင်းကို ကျောက်စိမ်းခေါင်းအုံးပေါ်သို့ ပြန်ချလိုက်သည်။ ချန်ရုံ၏လက်ချောင်းများကတော့ ဝမ်ဟုန်၏လက်ကို ကိုင်ထားဆဲဖြစ်သည်။ အချိန်အတော်ကြာသည့်အခါမှ ချန်ရုံက ပြန်ပြောလိုက်သည်။
"အင်း..."
ချန်ရုံ တုံ့ပြန်လိုက်သည်က စကားလုံးများမဟုတ်ပဲ ပျော်ရွှင်သည့် အသံတိုးတိုးလေးသာဖြစ်သည်။
ဝမ်ဟုန်က ငုံ့ကြည့်လိုက်သည်။
ဝမ်သုန်သည် ချန်ရုံ၏နူးညံ့သောလက်လေးကိုကိုင်၍ သူ၏နှုတ်ခမ်းနားသို့ဆွဲယူ၍ ထိကပ်ကာ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"အားရုံ...မင်း နောက်တစ်ခါ ဘယ်တော့မှ ဒီလိုထပ်ပြီး မနာကျင်ရတော့ဖို့ ကိုယ်ကတိပေးတယ်..."
ဝမ်ဟုန်၏ သာမာန်နှင့်မတူပဲ နူးညံ့သောစကားများကိုနားထောင်ရ၍ အလန့်တကြားဖြစ်နေသော ချန်ရုံသည် နားမလည်နိုင်စွာဖြင့် မျက်တောင်ကိုခတ်လိုက်သည်။ အချိန်အတော်ကြာသောအခါမှ ချန်ရုံ စဉ်းစားလိုက်မိသည်။
ကမ်းဘေးဆိုက်တဲ့အချိန်မှာ မသေခဲ့ရင် နောက်ပိုင်းမှာ ကောင်းမွန်တဲ့ အရာတွေကို လက်ခံရရှိမယ်ဆိုတဲ့ စကားရှိတယ်မလား...အခုလည်း ကောင်းကင်ဘုံက ငါမသေခဲ့လို့ ကောင်းမွန်တဲ့အရာတွေ ပေးနေပြီထင်ပါရဲ့..
ချန်ရုံက စကားမပြောနိုင်သေးသောကြောင့် "အင်း..." ဟူ၍သာ ခပ်တိုးတိုးပြောလိုက်သည်။
ဝမ်ဟုန်သည် ချန်ရုံ၏လက်ချောင်းများကို တစ်ချောင်းချင်းဖြန့်၍ ဖြူဖွေး၍ နူးညံ့သောလက်ချောင်းများကို သူ၏နှုတ်ခမ်းပေါ်သို့ တင်လိုက်သည်။ ထို့နောက် နီရဲနေသော ချန်ရုံ၏မျက်လုံးများကို ကြည့်လိုက်သောအခါ ချန်ရုံသည်လည်း မထင်မှတ်ပဲ ဝမ်ဟုန်၏အကြည့်၌ ယစ်မူးသွားမိသည်။
ဤအမျိုးသားသည် ချန်ရုံ၏ချစ်ရသူဖြစ်သည်။ မည်သူနှင့်မှ မယှဉ်နိုင်အောင် အလွန်ပင် ကောင်းမွန်ထက်မြက်သည့် ချန်ရုံချစ်ရသူဖြစ်လေသည်။
ချန်ရုံ၏လက်ချောင်းများကို သူ၏ခြောက်သွေ့နေသည့် နှုတ်ခမ်းပေါ်၌ တေ့ထား၍ ဝမ်ဟုန်က နူးညံ့စွာပြောလိုက်သည်။
"အားရုံ...မင်း ကိုယ့်ကို အမြဲတမ်း ဒီလိုပဲ ချစ်သွားရမယ်နော်...ဘာတွေပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်ရောက် ကိုယ့်ကို အမြဲချစ်သွားရမယ်..."
ဝမ်ဟုန်၏အသံက ငိုသံအနည်းငယ်ပါနေသေးသည်။ ကြည်လင်သောမျက်လုံးများဖြင့် ထိုအမျိုးသားသည် ချန်ရုံ့အား ရေကဲ့သို့ ညင်သာသည့်အကြည့်များဖြင့်ကြည့်နေရင်းက ထိုကဲ့သို့ ကလေးဆန်သောစကားများကို ပြောလိုက်ခြင်းဖြစ်သည်။
ချန်ရုံက မျက်လုံးများကို မှေးစင်းလိုက်သည်။ ချန်ရုံသည် ခုနက စကားများစွာပြောထားရ၍ ခေါင်းမူးနေသော်လည်း ထိုစကားကိုကြားရသောကြောင့် ပျော်ရွှင်သွားကာ မနေနိုင်ပဲ ပြန်ပြောလိုက်မိသည်။
"အင်း..."
"ကိုယ့်ကိုကတိပေးပါ..."
ဝမ်ဟုန်ကတော့ ခါတိုင်းနှင့်မတူပဲ အလွန်ပင် ဇွဲကောင်းနေလေသည်။ သူသည် ခေါင်းမာစွာဖြင့် ချန်ရုံ၏မျက်လုံးများကို စိုက်ကြည့်ကာ ချန်ရုံ စကားပြန်ပြောမည်ကို အသက်မရှူပဲစောင့်နေလေသည်။
ချန်ရုံက ရယ်ချင်စိတ်ကို ထိန်း၍ တုန်ရီနေသောအသံလေးဖြင့် နူးညံ့စွာပြောလိုက်သည်။
"ကျွန်မ ချန်အိမ်တော်က အားရုံ က ကျွန်မရဲ့ ချီလန်ကို ဘာတွေပဲဖြစ်ဖြစ် ဘယ်အချိန်မှာပဲဖြစ်ဖြစ် အမြဲချစ်သွားဖို့ ကတိသစ္စာပြုပါတယ်ရှင်..."
ချန်ရုံ့ထံမှ ထိုကတိစကားကိုရသောအခါမှ ဝမ်ဟုန်က ကလေးတစ်ယောက်ကဲ့သို့ ပြုံးရယ်လိုက်သည်။ ဝမ်ဟုန်သည် ပြုံးနေရင်းက ခေါင်းကိုငုံ့ကာ သူ၏မျက်နှာကို ချန်ရုံ၏လက်ထဲသို့ တိုးဝင်လိုက်သည်။ ချန်ရုံသည် သူမ၏လက်ထဲ၌ အေးစက်မှုကို ခံစားလိုက်ရသောအခါ နားမလည်နိုင်ဖြစ်သွား၍ မကြာခင်မှာပင် သူမ၏လက်ချောင်းများပေါ်သို့ မျက်ရည်စက်များ စီးကျလာတော့သည်။
လန့်သွားသော ချန်ရုံက ဝမ်ဟုန်၏မျက်နှာကို အခြားလက်တစ်ဖက်နှင့် ပွတ်သပ်ပေး၍ နူးညံ့စွာပြောလိုက်သည်။
"ချီလန်...ဝမ်းနည်းမနေပါနဲ့...အခု ကျွန်မ နေကောင်းနေပြီလေ..."
ချန်ရုံစကားပြောလိုက်သောအခါ သူမ၏အသံ၌ ချိုမြမှု၊ လှပမှုနှင့် ပျော်ရွှင်မှုတို့ ရောထွေးနေလေသည်။
နောက်ဆုံးတွင်တော့ ချန်ရုံ၏ အဖိုးတန်ရတနာကဲ့သို့ တန်ဖိုးထားရသောအမျိုးသား၏မျက်လုံးထဲတွင် ချန်ရုံသည်လည်း သူ့အတွက် အဖိုးတန်ရတနာလေးဖြစ်ခဲ့ရပြီမဟုတ်ပါလား။
ချန်ရုံ၏ နူးညံ့သော နှစ်သိမ့်စကားများကိုနားထောင်၍ ဝမ်ဟုန်သည် ငြိမ်သက်သွားသည်။
ခဏအကြာမှ ခေါင်းကိုပြန်မော့၍ နောက်သို့ဆုတ်ကာ အနားမှ အစေခံဆီမှ ရေနွေးစိမ်ထားသော တဘက်ကိုလှမ်းယူ၍ မျက်နှာမှ ဖုန်မှုန့်နှင့် အညစ်အကြေးများကို သုတ်လိုက်သည်။
ထို့ကြောင့် မတ်တပ်ထ၍ လက်ကို ဆန့်တန်းလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အားနည်းပျော့ညံ့၍ သနားစရာ နူးညြံနေသည့်ဝမ်ဟုန်က ပျောက်ကွယ်သွားသည်။ လက်များကို ဤသို့ ဆန့်တန်းထားသောအခါ ဝမ်ဟုန်သည် ဘုရင်တစ်ပါးကဲ့သို့ တင့်တကယ်၍ အထက်တန်းဆန်ကာ လက်လှမ်းမမှီနိုင်သူကဲ့သို့ ဖြစ်နေလေသည်။
ဝမ်ဟုန် မတ်တပ်ရပ်လိုက်လိုက်ချင်းမှာပင် အစေခံများစွာက ရှေ့သို့တိုးလာ၍ ညစ်ပေနေသော အပြင်ဝတ်ရုံကို ချွတ်ပေးလိုက်၍ အဖြူရောင်ဝတ်ရံကအသစ်ကိုဝတ်ဆင်ပေးလိုက်ကာ ရှုပ်ပွနေသော ဆံပင်ကိုလည်း ပြန်လည်ဖြီးသင်ပေးလိုက်ကြသည်။
အစေခံများက နောက်သို့ ပြန်ဆုတ်သွားသောအခါ ချန်ရုံ့ရှေ့မှ ဝမ်ဟုန်သည် သူ၏ အခြားလူများ မယှဉ်နိုင်သော တင့်တယ်မှုနှင့် ကမ္ဘာမြေပေါ်မှ မသေမျိုးနွယ်တစ်ယောက်ကဲ့သို့ ပုံစံကို ပြန်လည်ရရှိသွားတော့သည်။
ဝမ်ဟုန်သည် ခေါင်းကိုငုံ့၍ ချန်ရုံ့ကို ချစ်မြတ်နိုးစွာကြည့်လိုက်သည်။
ချန်ရုံကလည်း ပြန်မော့ကြည့်လိုက်ရာ ဝမ်ဟုန်၏ ကြည်လင်၍ တည်ငြိမ်သောမျက်လုံးများနှင့် အကြည့်ချင်းဆုံမိသွားကြသည်။ ချန်ရုံက အားပျော့စွာ ပြုံးလိုက်၍ တိုးတိတ်စွာ ခေါ်လိုက်သည်။
"ချီလန်..."
"အင်း..."
"ရှင်ရော အဆင်ပြေရဲ့လားဟင်..."
ချန်ရုံ၏မျက်လုံးများက အနည်းငယ် ကြောက်လန့်နေကြပုံပေါ်နေသည်။
"မဟုတ်တာတွေတော့ မလုပ်ခဲ့ဘူးမလား..."
ဝမ်ဟုန်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။
ဝမ်ဟုန်သည် လက်ကိုဆန့်၍ ချန်ရုံ၏ရှည်လျားသောဆံပင်များကို ဖြီးသင်ပေးလိုက်သည်။ ဆံပင်ကိုဖြီးပေးနေရင်းက ခပ်တိုးတိုးပြောလိုက်သည်။
"ဆံပင်တွေက နည်းနည်းငြိနေတယ်...အင်း မင်းကိုယ်ပေါ်မှာလည်း ဒဏ်ရာတွေနဲ့ဆိုတော့ ပြီးရင် ကိုယ် မင်းကို ရေချိုးပေးမယ်..."
ထိုစကားကိုကြားသောအခါ ချန်ရုံက ခေါင်းကိုခါလိုက်သည်။ သို့သော်လည်း ခေါင်းမူးသွားသောကြောင့် တစ်ခါပဲခါကာ ရပ်လိုက်ရသည်။
"ဟင့်အင်း..."
"ဘာဖြစ်လို့လဲ..."
ဘာဖြစ်လို့လဲ?
အဘယ်ကြောင့်ဆိုသော် ချန်ရုံရှက်နေသောကြောင့်ဖြစ်သည်။ ချန်ရုံသည် နှုတ်ခမ်းများကိုကိုက်၍ ဝမ်ဟုန့်အား ရှက်သွေးဖြန်းစွာ လှမ်းကြည့်ကာ ပြောလိုက်သည်။
"အစေခံကိုပဲခေါ်လိုက်ပါ..."
ချန်ရုံရှက်နေသည်ကို ဝမ်ဟုန်က မြင်သွားသည်။
ဝမ်ဟုန်သည် ရှေ့သို့တိုးကာ ချန်ရုံ့ကို မတ်မတ်ထိုင်နိုင်ရန် ညင်သာစွာ မပေးလိုက်ပြီးနောက် ချန်ရုံ့နောက်သို့ ဝင်ထိုင်ကာ ချန်ရုံ့ကို သူ့ရင်ခွင်ထဲသို့ မှီထားစေလိုက်သည်။
"ကျွန်မကိုယ်က သွေးနံ့တွေ နံနေမှာ..."
ချန်ရုံက ခပ်တိုးတိုးပြောလိုက်သည်။
"ရှင့်ကိုယ်ကို အနံ့တွေစွဲကုန်လိမ့်မယ်..."
ဝမ်ဟုန်က နားမထောင်ပဲ ချန်ရုံ၏ လည်တိုင်ကိုမျက်နှာကပ်၍ မှီထားကာ ထိုအတိုင်း အချိန်အတော်ကြာ ငြိမ်သက်နေလေသည်။
ချန်ရုံက မနေနိုင်တော့၍ အနောက်သို့ လှည့်မည်အလုပ်တွင်မှ ဝမ်ဟုန်က ဝမ်းနည်းသောအသံဖြင့် ပြောလိုက်သည်။
"အချစ်...ကိုယ့်ရဲ့ ဘဝတစ်လျှောက်လုံး မင်းကို ဘယ်တော့မှ မစွန့်လွှတ်တော့ဘူး..."
ချန်ရုံက အလွန်ပင် အံ့ဩကာ ဆွံ့အသွားလေသည်။
သူမ၏မျက်လုံးများက ပြူးကျယ်၍ နားများကို မယုံနိုင်ဖြစ်နေသည်။
အချိန်အတော်ကြာသည့်အခါမှ ချန်ရုံသည် ဆို့နင့်တုန်ယင်နေသည့်အသံဖြင့် မေးလိုက်သည်။
"ရှင် ဘာပြောလိုက်တာလဲဟင်..."
ချန်ရုံသည် ခေါင်းမူးနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ပဲ ဝမ်ဟုန့်ကိုမော့ကြည့်ကာ မျက်ရည်များဖြင့် ပြောလိုက်သည်။
"ချီလန် ရှင် ခုနက ဘာပြောလိုက်တာလဲဟင်...ကျွန်မကို ပြန်ပြောပေးပါလား..."
ချန်ရုံသည် မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်၍ သူမ၏တောက်ပသောမျက်လုံးများဆီမှ မျက်ရည်များက ပါးပေါ်သို့ စီးကျလာကြသည်။
"ချီလန် ကျေးဇူးပြုပြီးတော့ ပြန်ပြောပေးပါလား...ကျွန်မကို ခန့်မှန်းနေရအောင် မလုပ်ပါနဲ့...ကျွန်မ လုပ်နိုင်မှာမဟုတ်ဘူး..."
ဝမ်ဟုန်က ရှေ့သို့ ကိုင်း၍ နှုတ်ခမ်းများကို ချန်ရုံ၏နှဖူးပေါ်သို့ ဖိကပ်လိုက်သည်။
အချိန်အတော်ကြာသည့်အခါမှ ဝမ်ဟုန်က နူးညံ့စွာပြောလိုက်သည်။
"အချစ် ကိုယ်က အရင်က ကိုယ်မဟုတ်တော့ဘူး...ဒီနေ့မှ လောကကြီးရဲ့ စမ်းသပ်တာကို ကိုယ်ခံလိုက်ရပြီ..."
ထို့နောက် ဝမ်ဟုန်သည် ချန်ရုံ၏မျက်နှာနားမှ ခွာလိုက်၍ ချန်ရုံ့ကို နူးညံ့စွာကြည့်ကာ မျက်လုံးများကိုမှိတ်၍ ချန်ရုံ၏နှုတ်ခမ်းများကို နမ်းလိုက်သည်။
သူတို့နှစ်ဦး၏ လျှာများက ရောယှက်လိမ်ထွေးနေကြချိန်တွင် ဝမ်ဟုန်က အလျင်အမြန်ပင် ပြန်ခွာလိုက်သည်။ ထို့နောက် ချန်ရုံ့ကို ထပ်ကြည့်၍ ပြောလိုက်ပြန်သည်။
"ကိုယ် မင်းကို ကိုယ့်ဘဝတစ်လျှောက်လုံး ဘယ်တော့မှ အဆုံးရှုံးမခံတော့ဘူး လို့ ကိုယ်ပြောလိုက်တာပါ..."
ချန်ရုံက ငိုချင်စိတ်ဖြင့် ဆို့နင့်သွားသည်။
ချန်ရုံသည် သူမ၏မျက်နှာကို ဝမ်ဟုန်၏ ရင်ခွင်၌အပ်၍ အချိန်အတော်ကြာသည်အထိ မလှုပ်ရှားပဲ ငိုရှိုက်နေရာ ဝမ်ဟုန်၏ဝတ်ရုံအသစ်ပင် လျင်မြန်စွာ စိုရွှဲသွားလေသည်။
မျက်ရည်များစိုရွှဲစွာ ငိုနေချိန်တွင် ချန်ရုံသည် သူမ၏နာကျင်မှုများကိုပင် မေ့သွားမိကာ ဝမ်ဟုန့်ကို တင်းကြပ်စွာဖက်၍သာ ငိုရှိုက်နေလေသည်။
ဝမ်ဟုန်ကလည်း ချန်ရုံ၏ရှည်လျားသော ဆံပင်များကို ခပ်ဖွဖွသပ်၍ နူးညံ့စွာပြောလိုက်သည်။
"ကိုယ် ဘယ်သူ့ကိုမှ လက်စားမချေခဲ့ပါဘူး..."
ထိုစကားကိုကြားသောအခါ ချန်ရုံက ငိုရှိုက်နေသည်ကိုရပ်၍ ဝမ်ဟုန်ပြောသည်ကို နားထောင်လိုက်သည်။
ဝမ်ဟုန်၏အသံက လေညှင်းကဲ့သို့ နူးညံ့ညင်သာနေသည်။
"ကိုးယောက်မြောက်မင်းသမီးကလည်း သေသွားပြီ...တော်ဝင်မိသားစုကလည်း မင်းကို အသက်မရှင်နိုင်တော့ဘူးလို့ထင်နေကြတာ..."
ထိုစကားများကိုကြားသောအခါ ချန်ရုံသည် ဝမ်ဟုန်၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ သူမ၏ မျက်ရည်များစိုနေသော မျက်နှာကို မော့လိုက်သောအခါ ပျော်ရွှင်မှုများဖြင့်ပြည့်နေရာမှ တဖြည်းဖြည်း နာကျင်ခံစားနေရသည့်ပုံသို့ပြောင်းသွားသည်။
ဝမ်ဟုန်၏နားမလည်နိုင်ဖြစ်သွားသော မျက်နှာကို ကြည့်၍ ချန်ရုံက တိုးတိုးလေးပြောလိုက်သည်။
"ကျွန်မ အဆိပ်ခတ်ခံထားရတာ ရှင်သိလား...ဓားမြှောင်မှာ ဖြေဆေးမရှိတဲ့ အဆိပ်ကို သုတ်ထားတယ်လို့ မင်းသမီး ၉ က ပြောသွားတယ်..."
ထိုအချိန်မှာပင် ယနေ့ ဝမ်ဟုန် ဘာကြောင့် အလွန်ထူးဆန်းစွာ ပြုမူနေရသည်ကို ချန်ရုံ နားလည်သွားတော့သည်။ ဝမ်ဟုန်သည် ချန်ရုံ့ရှေ့၌ မျက်ရည်ကျခဲ့သည်၊ ချန်ရုံ့ကိုလည်း ကတိများပေးကာ လှပသော မျှော်လင့်ချက်များစွာပေးခဲ့သည်။ ဝမ်ဟုန်သည်လည်း ချန်ရုံသေရတော့မည်ကို သိနေလောက်ပြီဖြစ်ပေသည်။
ချန်ရုံက ထိုစကားများကိုပြောလိုက်သောအခါ ဝမ်ဟုန်က ဘာမှမပြောပဲ မျက်လွှာချလိုက်သည်ကို ချန်ရုံတွေ့လိုက်ရသည်။ ချန်ရုံသည် မနေနိုင်ပဲ အလွန်တောက်ပရွှင်ပျသည့်အပြုံးကို ပြုံးလိုက်မိသည်။ ထို့နောက် ဝမ်ဟုန့်ဘက်သို့လှည့်ကာ ရွှင်ပျစွာပြောလိုက်သည်။
"ချီလန် ဘာမှစိတ်မပူပါနဲ့...ကျွန်မရဲ့ အသက်က တကယ်တော့လည်း အစတည်းက ငှားထားရတဲ့ အသက်ပဲလေ...နတ်ဘုရားတွေက ပြန်ယူမှာကို ခွင့်ပြုရမှာပါပဲ..."
ထို့နောက် ခဏရပ်လိုက်ပြီးသောအခါ ချန်ရုံ၏အသံက တိုးတိတ်၍ အားပျော့သွားသည်။
"ကျွန်မကို သနားနေရုံနဲ့ ဒီလို ကတိတွေပေးစရာမလိုပါဘူး..."
ချန်ရုံက တစ်ချက်ရယ်ကာ ဆက်ပြောလိုက်သည်။
"တစ်လဆိုတာ ရက်သုံးဆယ်ပဲလေ...တစ်ဘဝလုံး နာကျင်ခံစားလာရပြီးမှတော့ ရက်သုံးဆယ်ဆိုတာ ဘယ်လောက်မှမရှိပါဘူး...ပြီးတော့ ရှင့်ဘဝတစ်လျှောက်လုံး ကျွန်မကို ဘယ်တော့မှ မစွန့်လွှတ်တော့ဘူး လို့ ပြောတာကို ကြားရရုံနဲ့တင် ကျွန်မ ပျော်ပါတယ်..."
ချန်ရုံသည် စိတ်လှုပ်ရှားနေသောကြောင့် စကားများစွာ ပြောလိုက်မိသည်။ ထို့ကြောင့် ရုတ်တရက် ခေါင်းမူးလာသောကြောင့် ခပ်ဖြည်းဖြည်း ပြန်မှီကာ မျက်လုံးများကိုမှိတ်ထားလိုက်သည်။ သို့သော် ချန်ရုံ၏မျက်လုံးထောင့်စွန်းများမှ ပုလဲလုံးကဲ့သို့သော မျက်ရည်များက ဖြည်းညှင်းစွာ စီးကျလာကာ ဝမ်ဟုန်၏ဝတ်ရုံထဲသို့ စိမ့်ဝင်သွားကြလေသည်။