Chapter 250
: ဝမ်ဟုန်၏ဖြေရှင်းချက်
ဝမ်ဟုန်က ချန်ရုံ၏ဆို့နင့်နေသော ငိုသံများကြားတွင် မျက်လွှာကိုချလိုက်သည်။ ထို့နောက် ချန်ရုံ၏ ရှည်လျားသောဆံပင်ကို သပ်၍ တိတ်ဆိတ်စွာပြောလိုက်သည်။
"မင်း အဆိပ်မခတ်ခံရပါဘူး..."
ဝမ်ဟုန်၏အသံက နူးညံ့၍ ညင်သာနေသည်။
"ဓားမြှောင်ပေါ်မှာ အဆိပ်မရှိဘူး..."
ချန်ရုံ၏ ငိုသံများက ချက်ချင်းရပ်သွားသည်။
ချန်ရုံက ခေါင်းကို အံ့ဩစွာမော့ကြည့်လိုက်သည်။ သူမ၏ မျက်ရည်များပေနေသောမျက်နှာက အလွန်ပျော်ရွှင်သွား၍ သူမ၏နားများကိုပင် မယုံနိုင်ဖြစ်နေသည်။
"ရှင် ဘာပြောလိုက်တာလဲ..."
ဝမ်ဟုန်က ချန်ရုံ၏ မင်ကဲ့သို့ မည်းနက်သော ဆံပင်ကို သပ်၍ နဖူးကိုနမ်းကာ တိုးတိုးလေးပြောလိုက်သည်။
"မင်း အဆိပ်ခတ်မခံရပါဘူး..."
ဤတစ်ကြိမ်တွင်တော့ ချန်ရုံသည် သူ့နားကိုသူ ယုံသွားကာ တိုးတိုးလေးပြောလိုက်သည်။
"ကျွန်မ အဆိပ်ခတ်မခံရဘူးလား..."
ချန်ရုံက ဝမ်ဟုန်၏ရင်ခွင်ထဲ၌ မျက်နှာတိုးဝင်လိုက်သည်။
"ကျွန်မ အဆိပ်ခတ်တာမခံရဘူးဆိုတော့ ကျွန်မ မသေရတော့ဘူးပေါ့နော်..."
ထိုအခိုက်၌ အသက်ရှင်သန်နေနိုင်ခြင်းက ချန်ရုံ့တစ်ကိုယ်လုံးကို လှိုင်းလုံးတစ်ခုကဲ့သို့ တိုက်စားသွားလေသည်။
ချန်ရုံသည် တစ်ခဏမျှ ငိုလိုက် ရယ်လိုက်ဖုစ်နေသည်။ ဝမ်ဟုန်က အတင်းတွန်းလှဲလိုက်မှသာလျှင် ချန်ရုံမျက်လုံးများကို မှိတ်လိုက်တော့သည်။
မျက်လုံးများကို မှိတ်လိုက်ချိန်မှာပင် ချန်ရုံက ပျော်ရွှင်စွာ ပြောနေဆဲဖြစ်လေသည်။
"ငါ နောက်ဆုံးတော့ သေစရာမလိုတော့ဘူးပဲ..."
…
ခဏမျှ စကားများ ဗလုံးဗထွေးပြောပြီးသောအခါ ခံစားချက်များ ပြင်းထန်နေသောချန်ရုံသည် တဖြည်းဖြည်းငြိမ်ကျသွားသည်။ သူမသည် အလွန်ပြင်းထန်သောဒဏ်ရာနှင့် ယခုလေးတင် သေဘေးမှလွတ်မြောက်ခဲ့သည်မဟုတ်လား။ ထိုစိတ်လှုပ်ရှားမှုများက ယခုမှပင် ပြန်ပေါ်လာတော့သည်။ သွားများကို အတင်းစေ့၍ နာကျင်မှုကို ခဏမျှ ကြိတ်ခံပြီးသောအခါ ချန်ရုံသည် ဝမ်ဟုန်၏ ညင်သာသော ထွေးပိုက်မှုအောက်တွင် မျက်လုံးများဖြည်းဖြည်းချင်း ပိတ်သွားတော့သည်။
ချန်ရုံသည် နာရီပေါင်းများစွာ အိပ်မောကျသွားခဲ့သည်။
ချန်ရုံ ပြန်နိုးလာသောအခါ ဝမ်ဟုန်သည် ကုတင်ဘေး၌ မှီ၍ ချန်ရုံ့အား မြတ်နိုးစွာကြည့်နေဆဲဖြစ်သည်။ ချန်ရုံ မျက်လုံးများဖွင့်လိုက်သောအခါ ဝမ်ဟုန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ ထိုအပြုံးက ကျေနပ်မှုများနှင့် စိတ်သက်သာရာရသောအပြုံးဖြစ်သည်။
ဝမ်ဟုန်က ချန်ရုံ၏လက်ကိုလည်း ညင်သာစွာကိုင်ထားသည်။ သူတို့နှစ်ဦး၏လက်ချောင်းများ ရောယှက်နေသည့်အခါ ဝမ်ဟုန်၏လက်ဖဝါးဆီမှ ချွေးစို့နေသည်ကို ချန်ရုံ ခံစားလိုက်ရသည်။
ချန်ရုံသည် ဝမ်ဟုန့်အား ပြန်ပြုံးပြ၍ စပ်စုစွာမေးလိုက်သည်။
"ချီလန် သူ့ရဲ့ဓားမြှောင်မှာ အဆိပ်တွေသုတ်ထားတယ်လို့ မင်းသမီး ၉ က ကျွန်မကို ပြောသွားတယ်...သူက သေချာပြင်ဆင်ပြီးလာတာဆိုတော့ မှားသွားနိုင်စရာအကြောင်းတော့မရှိဘူးမဟုတ်လား...သူ့ရဲ့ စိတ်ဓာတ်နဲ့ လုံးဝကို မမှားနိုင်ပါဘူး..."
ချန်ရုံ၏အသံက လန်းဆန်း၍ အနားရနေသည့်ပုံပေါ်နေကာ လေသံကလည်း မေးခွန်းများဖြင့်ပြည့်နေသည်။
ဝမ်ဟုန်က မျက်လွှာကို ချထားဆဲဖြစ်သည်။
ထိုအခိုက်၌ ဝမ်ဟုန်၏ မည်းနက်သောဆံပင်များက ပခုံးပေါ်၌ ဝဲကျနေကာ မျက်နှာကလည်း အထက်တန်းဆန်သော ဂုဏ်ရှိန်များဖြင့် ဖြာထွက်နေ၍ အဖြူရောင်ဝတ်ရုံကလည်း အညစ်အကြေးဟူ၍ တစ်စက်မျှပင်မရှိအောင် ဖြူစင်နေလေသည်။
ချန်ရုံ၏မေးခွန်းကိုကြားသောအခါ ဝမ်ဟုန်၏မျက်တောင်များက ဖျတ်ခနဲ လှုပ်ရှားသွားသော်လည်း ဘာမှတော့ ပြန်မဖြေလိုက်ပေ။
ချန်ရုံသည် ခဏမျှ စောင့်နေလိုက်သော်လည်း ဝမ်ဟုန့်ထံမှ ပြန်ဖြေသံမကြားသောအခါ ဝမ်ဟုန့်အား ငေးကြည့်၍ ထပ်မေးလိုက်သည်။
"ချီလန် ဘာဖြစ်လို့ ဘာမှမဖြေတာလဲ..."
ဝမ်ဟုန်၏ မျက်ခုံးများက တွန့်သွားကြသည်။
အချိန်အတော်ကြာသည့်အခါမှ ဝမ်ဟုန်က တိုးတိုးလေးပြန်ဖြေလိုက်သည်။
"ကိုယ်လည်းမသိဘူးလေ..."
ဪ ချီလန်မသိသည့်အရာဆိုသည်မှာလည်း ရှိသေးသည်ကိုး။
ချန်ရုံက မျက်တောင်တစ်ချက်ခတ်ကာမေးလိုက်သည်။
"ကျွန်မက ကိုးယောက်မြောက်မင်းသမီးကို သတ်လိုက်တာတောင်မှ စစ်မားအိမ်တော်ကို ကျွန်မကို ဒီတိုင်းလွှတ်ပေးနေတာလား..."
ဝမ်ဟုန်က ခေါင်းကိုခါ၍ ပြောလိုက်သည်။
"မဟုတ်ဘူး...ချန်အိမ်တော်ရဲ့အားရုံက အဆိပ်ခတ်ခံလိုက်ရပြီး သူ ဘယ်နေရာမှာ သေသွားလဲဆိုတာ ဘယ်သူမှ မသိကြဘူး...မင်းက အခု ဝမ်ချီလန်ရဲ့ အချစ်လေးပဲ ဖြစ်နေပြီ..."
ထိုအခိုက်တွင် ချန်ရုံက အလွန်ပင် အံ့ဩမင်သက်သွားလေတော့သည်။
"လောကကြီးတစ်ခုလုံးက ကျွန်မ သေပြီလို့ ထင်နေကြတယ်လို့ ရှင်ပြောလိုက်တာလား..."
ထိုသို့ဆိုလျှင် ချန်ရုံ၏တာအိုကျောင်းတော်၊ ရွာငယ်လေး၊ ဧကရာဇ်ပေးထားသည့် လယ်ကွင်းများ၊ သူမ၏အစ်ကိုနှင့် အထိန်းတော်ဖျင်....ထိုအရာများအားလုံးသည်ရော ပျောက်ကွယ်သွားခဲ့ပြီလား။
ချန်ရုံသည် အခြားလူများရှေ့သို့ မည်သောအခါမှ ထွက်၍မရတော့ပဲ ယခုကဲ့သို့ သိုသိပ်စွာပင် နေနေရတော့မည်လား။
ချန်ရုံစဉ်းစားလေလေ မျက်နှာက ပို၍ ဖြူဖျော့လာလေလေ ဖြစ်နေသည်။ ချန်ရုံသည် ဝမ်ဟုန့်ကို ငေးကြည့်နေရင်းဖြင့် နှုတ်ခမ်းများက တရွရွလှုပ်နေသည်။ ခဏအကြာမှ မျက်လုံးများကို မှိတ်လိုက်တော့သည်။
ချန်ရုံသည် မညံ့ပေ။ သူမ၏ဘဝနှစ်ခုလုံးကို ကြီးမားသည့်မျှော်လင့်ချက်များနှင့်သာ ဖြတ်သန်းခဲ့ရသူဖြစ်သည်။ ထို့ကြောင့် တိုင်းရေးပြည်ရေးနှင့် လူတို့၏စိတ်နေသဘောထားများ၌ ချန်ရုံ အတွေ့အကြုံရှိသည်။ ယခုအချိန်တွင်တော့ ချန်ရုံသည် အရာရာကို သတိရှိခဲ့သော သူမကိုယ်သူမသာ အပြစ်တင်ချင်မိတော့သည်။ ယခုစိတ်ရှင်းရှင်းနှင့် ပြန်စဉ်းစားလိုက်သောအခါ ချန်ရုံ၏အကာအကွယ်များသည် အဖြစ်မရှိခဲ့၍ အဖြေတစ်ခုတည်းကသာ အဓိပ္ပာယ်ရှိလေတော့သည်။
ဝမ်ဟုန်သည် သူ့လက်ထဲမှ လက်လေးက အေးစက်သွားသည်ကို မြင်သောအခါ ချက်ချင်းပင် ဆုပ်ကိုင်လိုက်သည်။
"အားရုံ..."
ဝမ်ဟုန်က မသက်မသာဖြင့် ခေါ်လိုက်သည်။
ချန်ရုံက စောင်အောက်ထဲသို့ လက်လျှို၍ သူမ၏ဝမ်းဗိုက်ကို ပွတ်လိုက်သည်။
အချိန်အတော်ကြာသည့်အခါမှ အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"ချီလန်...ခုနက မုတ်ဆိတ်မွှေးအဖြူနဲ့ ဖိုးဖိုးကြီးက သမားတော်လား..."
"ဟုတ်တယ်..."
ချန်ရုံက ခေါင်းကိုဘေးသို့စောင်း၍ ဝမ်ဟုန့်အား တိတ်ဆိတ်စွာကြည့်ကာ ခပ်တိုးတိုးမေးလိုက်သည်။
"ဒါဆိုရင် ကျွန်မ ကိုယ်ဝန်သုံးလရှိနေပြီဆိုတာကို ရှင်သိပြီးပြီလား..."
ချန်ရုံ မျှော်လင့်ထားသည့်အတိုင်းပင် ဝမ်ဟုန်က ခေါင်းငြှိမ့်လိုက်သည်။
တိတ်ဆိတ်နေသော ဝမ်ဟုန့်ကိုကြည့်၍ ချန်ရုံက ရင်ထဲမှ ကျိတ်ရယ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်မသေသွားတယ်လို့သတင်းလွှင့်ဖို့က ရုတ်တရက်ပေါ်လာတဲ့ အကြံလား..."
ချန်ရုံ့အသံက ခါတိုင်းနှင့်မတူပဲ ခြောက်သွေ့နေသည်။
"ဒါမှမဟုတ် အစတည်းက ကြံစည်ထားတဲ့ အကြံလား..."
ခုနကပင် ဝမ်ဟုန်က သူကိုယ်တိုင်ပင် မသိခဲ့ပါဟု ပြောခဲ့ပြီးဖြစ်သည်။ သို့သော် ယခုတောက်ပသောမျက်လုံးများဖြင့် ချန်ရုံက ထိုမေးခွန်းကို တဲ့တိုးမေးလိုက်သောအခါ ဝမ်ဟုန် ရှောင်ထွက်၍မရဖြစ်သွားသည်။
ဝမ်ဟုန်၏လည်ချောင်းက တလှုပ်လှုပ်ဖြစ်လာသည်။ ထို့နောက် ဝမ်ဟုန်သည် ခေါင်းကိုငုံ့လိုက်သောအခါ သူ၏ပိုးသားကဲ့သို့သော ဆံပင်များက ချန်ရုံ၏စောင်ပေါ်သို့ကျသွား၍ ရှည်လျားသောမျက်တောင်များအောက်မှ မျက်လုံးများက တလက်လက်တောက်ပနေသည်။
သို့သော် ဝမ်ဟုန်က အဖြေတော့မပေးချေ။
ချန်ရုံက အသံတိုးတိုးဖြင့် ရယ်လိုက်သည်။
ချန်ရုံက နှစ်ခါမျှရယ်လိုက်ပြီးသောအခါ လည်ချောင်းက ဆို့သွား၍ အသံက ပျောက်ကွယ်သွားသည်။ ချန်ရုံသည် ခြောက်သွေ့နေသောနှုတ်ခမ်းများကို တရွရွလှုပ်နေပြီးကာမှ ခက်ခက်ခဲခဲပြောလိုက်သည်။
"ဓားမြှောင်က အစက အဆိပ်သုတ်ထားတာကို ရှင်လဲလိုက်တာမလား..."
ဝမ်ဟုန်က ခေါင်းကိုဖြည်းညှင်းစွာမော့၍ ချန်ရုံ့အားကြည့်လိုက်သည်။
ချန်ရုံ့ကိုကြည့်လိုက်သည့် ဝမ်ဟုန်၏အကြည့်သည် ကြည်လင်၍ မြင့်မြတ်ကာ နူးညံ့၍ ချစ်ခင်မှုများနှင့်လည်း ပြည့်နေလေသည်။
ဝမ်ဟုန်က ချန်ရုံ၏ လက်လေးများကိုကိုင်၍ ခပ်ဖြည်းဖြည်းပြောလိုက်သည်။
"ကိုယ်တို့ နန်ယန်က ပြန်ရောက်လာတည်းက...မဟုတ်ဘူး ကျန့်ခန်းအပြင်မှာ ကိုယ်တို့ရဲ့ အရိပ်တွေပေါ်လာတည်းက ကိုယ်တို့နှစ်ယောက်ကို လူတိုင်းက စောင့်ကြည့်နေကြတာ...ကိုယ်ကလည်း မူရုံခယ်ကို နှစ်ခါတောင် အနိုင်ယူနိုင်ခဲ့ပြီး တိုင်းပြည်တစ်ခုလုံးမှာကျော်ကြားခဲ့တာလေ...ဝမ်အိမ်တော်ကို အမွေဆက်ခံရဖို့တောင် အကြီးအကဲတွေ...သာမာန်လူတွေ နဲ့ နာမည်ကျော်ပညာရှိတွေဆီကနေ ထောက်ခံမှုတွေအများကြီးရခဲ့တာ...ဒါပေမယ့် အားရုံ...အဲဒီအချိန်မှာ ကိုယ်က ခေါင်းဆောင်မဖြစ်ရအောင်လို့ ဝမ်အိမ်တော်ရဲ့ခေါင်းဆောင်နေရာက အသားပုတ်နဲ့တူပါတယ်လို့ ပြောခဲ့တာလေ...အဲဒီလိုပြောလိုက်တာကြောင့် တချို့လူတွေက ရုတ်ရုတ်သဲသဲဖြစ်သွားကြတယ်...ပြီးတော့ ကျင်းနိုင်ငံတော်မှာလည်း ပြတ်လပ်နေတာတွေက ဘာမှမရှိဘူးလေ...နိုင်ငံတော်က လိုအပ်နေတာက တပ်မှူးခေါင်းဆောင်တွေနဲ့ ဗျူဟာမှူးတွေပဲ...ဒါပေမယ့် ကိုယ်က တပ်မှူးကောင်းတစ်ယောက်ဖြစ်နိုင်တဲ့အပြင် ဗျူဟာတွေလည်း ရေးဆွဲနိုင်နေတော့ နာမည်ကြီးအိမ်တော်တွေ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ မျှခြေတွေ ပျက်စီးသွားရတာပေါ့...ပြီးတော့ ကိုယ်က တခြားလူတွေကိုလည်း ကိုယ့်ရဲ့ ပြောင်းလဲလွယ်တဲ့စိတ်နဲ့ အချိန်အကြာကြီး ဒုက္ခတွေပေးခဲ့မိတယ်မဟုတ်လား..."
ဝမ်ဟုန်က စကားပြောသည်ကိုရပ်၍ ချန်ရုံ့အား ကြည့်ကာ ချန်ရုံ၏လက်ကို သူ၏နှုတ်ခမ်းနားသို့ယူ၍ နမ်းလိုက်သည်။ ဝမ်ဟုန်၏အကြည့်များက စိတ်အားထက်သန်ကာ အသံက ဩရှနေသည်။
"ဝမ်အိမ်တော်ရဲ့ တရားဝင်သားဆိုတဲ့ ဂုဏ်သတင်းက ကိုယ့်ကို လူမုန်းများစေပေမယ့် အကာအကွယ်လည်းရစေတယ်...ဘယ်သူကမှ ကိုယ့်ကိုစပြီး မတိုက်ခိုက်ရဲဘူးလေ..."
"အဲဒီတော့ သူတို့တိုက်ခိုက်လို့ရတာက မင်းပဲရှိတော့တယ်...မင်းသာ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်ကိုချောင်ပိတ်ဖမ်းနိုင်ပြီလေ...ဒေါသနဲ့ ကိုယ် ရူးပဲသွားမလား...ဒါမှမဟုတ် ကိုယ့်ရဲ့ဂုဏ်သတင်းကို အပျက်ကြီးပျက်သွားစေမယ့် ပြောင်းလဲမရတဲ့ ကိစ္စတစ်ခုခုကိုပဲ လုပ်မိသွားမလားပေါ့..."
ထိုသို့ပြောပြီးသောအခါ ဝမ်ဟုန်သည် မျက်လွှာချ၍ ကိုယ်ကိုကိုင်းကာ ချန်ရုံ၏နဖူးကို နမ်းလိုက်သည်။ ဝမ်ဟုန်၏ ညင်သာသောအသံက နွေဦးလေပြေကဲ့သို့ ဖြည်းညှင်းစွာ တိုက်ခတ်သွားသည်။
"အခု ကိုယ့်ကိုချစ်တဲ့လူတွေရော မုန်းတဲ့လူတွေရောက အားရုံကို သေစေချင်နေကြတာ...အဲဒါကြောင့် ကိုယ်လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက ဒီကိစ္စကို အခွင့်အရေးယူပြီး မင်းကို သေခိုင်းလိုက်ဖို့ပဲလေ..."
ပြောနေရင်းဖြင့် ဝမ်ဟုန်က ချန်ရုံ့အား ချက်ချင်းမကြည့်ပဲ လည်ပင်းမှစလုတ်က နိမ့်ချေမြင့်ချေ ဖြစ်နေပြီးကာမှ ဖြည်းညှင်းစွာပြောလိုက်သည်။
"ဟုတ်တယ် ကိုးယောက်မြောက်မင်းသမီးက မင်းကို သတ်ချင်နေတယ်လို့ ကိုယ့်လူတွေက သတင်းပေးခဲ့တယ်...အဲဒါကြောင့် သူ မင်းကို သတ်ဖို့ကြိုးစားနေတဲ့အချိန်မှာ အရေးကြီးတဲ့နေရာတွေမထိရအောင်လို့ လူတစ်ယောက်ကိုလွှတ်ပြီး ကျောက်တုံးနဲ့ ဓားကို နေရာလွဲအောင်လုပ်ခိုင်းခဲ့တာ...ရှဲ့ဟယ်ထင်းက သမားတော်ခေါ်ခိုင်းလိုက်တော့လည်း သမားတော်ဝူနဲ့တွေ့အောင် ကိုယ်ပဲ စီစဉ်ထားခဲ့တာ...အဲ့ဒါမှ နန်းတော်ဆီကို သတင်းအမှားရောက်သွားမှာလေ...အဲဒီအချိန်မှာပဲ ယွမ်ကျန်းရန်ကို ကိုယ်က ခေါ်ထားပြီးသား...ဒါပေမယ့် ကိုယ်မသိ..."
ဝမ်ဟုန်၏အသံက ခြောက်ကပ်၍ ဆို့နင့်သွားသည်။
"ကိုယ်မသိခဲ့တာက မင်း ဒဏ်ရာတွေ ဆိုးဆိုးဝါးဝါးရပြီး တစ်နေ့လုံး သတိမေ့နေမယ်ဆိုတာကိုပဲ..."
ကိုယ့်ကို ကာကွယ်ဖို့အတွက် ကိုးယောက်မြောက်မင်းသမီးကို မင်းကိုယ်တိုင်သတ်ခဲ့မယ်ဆိုတာကိုလည်း ကိုယ်မသိခဲ့ပါဘူး အားရုံရယ်...
ချန်ရုံက ဝမ်ဟုန့်အားကြည့်လိုက်ကာ ကြည့်နေရင်းဖြင့် တိုးတိတ်စွာမေးလိုက်သည်။
"ကလေးရော...ကျွန်မမှာ ကိုယ်ဝန်ရှိနေတာရော ရှင်ဘယ်တုန်းက သိသွားတာလဲ..."
ဝမ်ဟုန်က မျက်လွှာကို ပြန်ချလိုက်ပြန်သည်။ ခေါင်းကိုငုံ့ထားချိန်တွင် ဆံနွယ်တစ်မျှင်က နဖူးဘေး၌ကျ၍ ဖြည်းညှင်းစွာ လွှဲရမ်းနေလေသည်။
ခဏအကြာမှ ဝမ်ဟုန်က နူးညံ့စွာပြောလိုက်သည်။
"မင်း ရာသီမလာတာကို ကိုယ်သိတယ်..."
ချန်ရုံ၏မျက်နှာက ဖြူဖျော့သွား၍ ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်မ ကိုယ်ဝန်ရှိနေတယ်ဆိုတာက ရှင် အစတည်းက သိနေခဲ့တာပေါ့..."
"ဟုတ်တယ်..."
ချန်ရုံက ကြောင်တောင်တောင်လေးပြုံးလိုက်၍ သူမ၏ပုံက အင်အားမဲ့ကာ ဝမ်းနည်းနေပုံပေါ်နေလေသည်။
"ချီလန်...အဲဒီဓားကြောင့် ကျွန်မတို့ရဲ့ကလေးလေး ပျက်စီးသွားမှာ ရှင်မကြောက်ဖူးလားဟင်..."
ဝမ်ဟုန်က ပြုံး၍ နူးညံ့စွာ ပြောလိုက်သည်။
"ပျက်စီးတော့လည်း ပျက်စီးပါစေပေါ့...ကိုယ်က အားရုံကိုပဲလိုချင်တာလေ..."
ဝမ်ဟုန်၏စကားကိုကြားလိုက်သောအခါ ချန်ရုံ အံ့အားသင့်သွားရသည်။
ချန်ရုံသည် ဝမ်ဟုန့်အားငေးကြည့်၍ မျက်ရည်စီးကြောင်းနှစ်ခုက စီးကျလာကာ အက်ကွဲစွာပြောလိုက်သည်။
"ချီလန် အဲဒီကလေးက ရှင့်ရဲ့ သွေးသားလေ...ရှင်မလိုချင်ဘူးလား..."
ဝမ်ဟုန်သည် သူမက သူ၏ကလေးကိုလွယ်ရန်မထိုက်တန်ဟု ထင်နေသည်လား။ သူမ ယခုကဲ့သို့ ဒဏ်ရာများရသွားခဲ့ပါက နောက်ထပ် ကိုယ်ဝန်မလွယ်နိုင်တော့မည်ကို ဝမ်ဟုန် မစိုးရိမ်ပေဘူးလား။
"မင်းထင်နေသလိုမဟုတ်ပါဘူး..."
ဝမ်ဟုန်က ခေါင်းကိုခါ၍ ချန်ရုံ့ကို တိတ်ဆိတ်စွာကြည့်ကာ ပြောလိုက်သည်။
"အခုခေတ်ကြီးမှာ အသက်ရှင်နေတဲ့လူတွေကလည်း ဒုက္ခခံနေရတာပဲ...အလုပ်ကြိုးစားလုပ်နေကြတဲ့လူတွေလည်း ဒုက္ခခံနေရတာပဲ...သာမာန်လိုနေရင်လည်း လူတွေရဲ့ အထင်အမြင်သေးတာကို ခံရဦးမယ်...လူတွေကို အင်အားမဲ့စေတဲ့ လောကကြီးမှာ ကိုယ့်ရဲ့ကလေးတွေကို မရှင်သန်စေချင်ဘူး..."
ထို့နောက် ဝမ်ဟုန်က ချန်ရုံ၏ နှုတ်ခမ်းများကို ပွတ်သပ်၍ ခပ်ဖွဖွပြုံးလိုက်သည်။ သူ၏ မင်ကဲ့သို့ မည်းနက်သော မျက်လုံးများက ဆွဲဆောင်မှုနှင့် ညှို့အားများဖြင့် ပြည့်နေလေသည်။
"ပြီးတော့ ကလေးရှိလာပြီဆိုရင် မင်း ကိုယ့်ကို အရင်လောက်ချစ်တော့မှာမဟုတ်ဘူးလေ...အဲဒါကို ကိုယ်မကြိုက်ဘူး...'
ချန်ရုံက ပါးစပ်ကိုဖွင့်၍ ဝမ်ဟုန့်အား မယုံသင်္ကာသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။ ငေးကြည့်နေရင်းနှင့်မှ ချန်ရုံသည် ခါးသီးစွာရယ်လိုက်သည်။
"ကလေးသာမရှ်ိရင် ကျွန်မက ရှင့်ရဲ့ ကိုယ်လုပ်တော်တောင် ဖြစ်ခွင့်ရှိမှာမဟုတ်ပါဘူး..."
ချန်ရုံ၏စကားဆုံးအောင်မစောင့်တော့ပဲ ဝမ်ဟုန်က ရယ်၍ ဖြတ်ပြောလိုက်သည်။
"အဲဒါက ဒီပျက်စီးနေတဲ့ လောကကြီးရဲ့ အမြင်ပါ...ကိုယ့်အမြင်မဟုတ်ဘူးလေ..."
ဝမ်ဟုန်သည် ချန်ရုံ့အားကြည့်၍ မျက်ခုံးများကို အနည်းငယ် တွန့်ကွေးကာ စကားများကို တစ်လုံးချင်းပြောလိုက်သည်။
"ကိုယ့်ရဲ့ ကတိစကားဆိုတာ ရွှေနဲ့တောင်ဝယ်လို့မရဘူး အားရုံ...ကိုယ်မင်းကို ကတိပေးထားပြီ မဟုတ်လား...အခု ကိုယ်က ကတိစကားထားထားပြီမို့လို့ ဒီဘဝမှာ မင်းကို ဘယ်တော့မှ အဆုံးရှုံးခံတော့မှာမဟုတ်ဘူး...အနာဂတ်မှာလည်း မင်း လုံးဝမပြောရတော့မယ့် စကားတွေရှိတယ်..."
ဝမ်ဟုန်၏ပုံစံက သာမာန်နှင့်မတူပဲ အေးစက်ကာ ပြတ်သားနေသည်။ ချန်ရုံ၏နှုတ်ခမ်းများက လှုပ်သွားကြသော်လည်း နောက်ဆုံးတွင်တော့ မေးနေသည်ကို ရပ်လိုက်တော့သည်။
ချန်ရုံသည် ခေါင်းကိုမော့၍ မျက်နှာကျက်မှ ထုတ်တန်းကို မူးဝေစွာကြည့်လိုက်သည်။ ကိုးယောက်မြောက်မင်းသမီးက ချန်ရုံ၏ ရင်ဘတ်ကို ဓားဖြင့်ထိုးလိုက်စဉ်က ခံစားခဲ့ရသည့် စူးရှသည့်နာကျင်မှု၊ ဓားသွားကို အဆိပ်သုတ်ထားသည်ဟု ကြားခဲ့ရစဉ်က ခံစားခဲ့ရသည့် ဆောက်တည်ရာမဲ့မှုနှင့်ကြောက်လန့်မှု၊ ဓားမြှောင်ကို သူမ၏ရင်ဘတ်ဆီမှ ဆွဲထုတ်၍ ကိုးယောက်မြောက်မင်းသမီးအား ပြန်ထိုးလိုက်သည့်အခါ ခံစားခဲ့ရသည့် အောင်မြင်မှု။ ထိုခံစားချက်များအားလုံးက ချန်ရုံ၏စိတ်ထဲ၌ စွဲထင်နေကြသည်။ သို့သော် ထိုအကြောင်းများကို ဝမ်ဟုန်က သိပြီးသားတဲ့လား။ ထို့အပြင် ဝမ်ဟုန်လုပ်ခဲ့သည့်အရာများသည် ချန်ရုံ့အား လွတ်မြောက်စေမည်၊ ချန်ရုံ့အသက်ကို ကယ်တင်ပေးနိုင်မည်ဖြစ်သော်လည်း ချန်ရုံ သေချာစဉ်းစားကြည့်လိုက်သောအခါ...
ဝမ်ဟုန်၏လုပ်ရပ်များက အဘယ်ကြောင့် အလွန်ရက်စက်နေသည်သု ထင်နေရပါသနည်း။
ချန်ရုံသည် အလွန်စိတ်ပင်ပန်းသွားသောကြောင့် မျက်လုံးများကို မှိတ်လိုက်သည်။ ချန်ရုံ့တစ်ကိုယ်လုံးလေးလံနေကာ လက်ချောင်းလေးတစ်ချောင်းသယ်ဖို့ပင် အားမရှိတော့ချေ။
အချိန်အတော်ကြာမြင့်သွားသည့်အချိန်မ ချန်ရုံက မျက်လုံးများကိုပြန်ဖွင့်လိုက်သည်။ မျက်လုံးများကို ဖွင့်လိုက်သည့်အချိန်မှာပင် သူမ အား ကြောက်စိတ်များပြည့်နေသည့်မျက်လုံးများဖြင့်ကြည့်နေသော ဝမ်ဟုန့်ကိုတွေ့လိုက်ရလေသည်။ သို့သော် ထိုကြောက်စိတ်များက တဖြည်းဖြည်း လွင့်ပျံသွား၍ ချန်ရုံ ပြန်၍ သတိထားကြည့်လိုက်သောအခါ ဝမ်ဟုန်၏မျက်လုံးများသည် သာမာန်ကဲ့သို့ပင် မြူတစ်မှုန်မျှမကပ်သကဲ့သို့ ကြည်လင်နေတော့သည်။
ချန်ရုံသည် ဤအကြောင်းကို ယခုလောလောဆယ် စဉ်းစားနိုင်ရန် အားမရှိသေးချေ။ ထို့ကြောင့် ဝမ်ဟုန့်လက်ထဲမှ သူမ၏လက်ကို ပြန်ယူကာ ခေါင်းကိုဘေးသို့စောင်း၍ ဝမ်ဟုန့်အား ထပ်မကြည့်တော့ချေ။
ကုတင်ဘေး၌ထိုင်နေသော ဝမ်ဟုန်သည်လည်း မလှုပ်မယှက်ပင်ထိုင်နေလေသည်။
အချိန်အတော်ကြာမှ ချန်ရုံ အိပ်ပျော်ခါနီးအချိန်တွင် သက်ပြင်းချသံခပ်ပျော့ပျော့ကို ကြားလိုက်ရသည်။ ထို့နောက်တွင်တော့ အဝေးသို့လျှောက်သွားသော ခြေသံများနှင့် အခန်းတံခါးခပ်ဖွဖွပိတ်သံကို ကြားလိုက်ရလေသည်။