Chapter 251
: ဝမ်ဟုန်၏နာကျင်မှု
ထိုည၌ ချန်ရုံသည် အခါပေါင်းများစွာ နိုး၍ နှစ်ခါပင် အန်ခဲ့သည်။
ကိုယ်ဝန်စရှိစဉ် အစောပိုင်းလများ၌ မည်သည့်လက္ခဏာမျှ မပြသော်လည်း ယခု ဒဏ်ရာရထားသည့်အချိန်တွင်တော့ ဗိုက်ထဲမှ မသက်မသာဖြစ်မှုများက ဖုံးကွယ်မရတော့ချေ။
အကြိမ်ကြိမ်အခါခါ လူးလှိမ့်နေပြီး၍ နွား၏နာရီ(တစ်နာရီမှသုံးနာရီအတွင်း) မှပင် မူးဝေစွာ အိပ်ပျော်သွားတော့သည်။
သို့သော် အိပ်ပျော်သည်မှာ တစ်နာရီပင်မရှိသေးသည့်အချိန်မှာပင် ချန်ရုံ ပြန်နိုးလာဘေသည်။
နှစ်ခါထပ်အန်ပြီးသောအခါ အခန်းအပြင်မှ တက်ကြွစွာပြောဆိုနေကြသည့်အသံများကို ကြားလိုက်ရသည်။ ထို့နောက် ချန်ရုံသည် ဖျော့တော့သည့် နေထွက်လာမှုကို ကြည့်၍ ပြန်အိပ်မရတော့ချေ။
ချန်ရုံသည် ခေါင်းကိုတစ်ဖက်သို့လှည့်၍ ကောင်းကင်အား မျက်တောင်မခတ်တမ်းကြည့်နေလိုက်သည်။
မနက်ခင်းနေရောင်က ဖျော့တော့နေသည်။ ကောင်းကင်နှင့် မြေကြီးကိုလည်း မြူနှင်းတစ်လွှာက ရစ်ပတ်ထားသည်။ သစ်ပင်များ၏ အရိပ်များက မျက်စိတစ်ဆုံးအထိ ကျယ်ပြန့်နေကြသည်ကို ပြတင်းပေါက်မှတစ်ဆင့် မြင်နေရသည်
ထိုမြင်ကွင်းကို မည်မျှကြာအောင် ချန်ရုံ ငေးကြည့်နေမိမှန်းပင်မသိတော့ချေ။ တိတ်ဆိတ်သောခြေလှမ်းများက ချန်ရုံ့နားရောက်လာမှပင် ချန်ရုံ အသိပြန်ဝင်လာတော့သည်။
ချန်ရုံသည် မျက်တောင်ခတ်လိုက်သော်လည်း အနောက်ကိုတော့ လှည့်မကြည့်လိုက်ပေ။ အပြင်ကိုသာ ဆက်ငေးကြည့်နေ၍ အက်ကွဲသည့်အသံဖြင့်မေးလိုက်သည်။
"ရှင်အစောကြီးနိုးနေတာပဲ..."
ခြေသံများက လိုက်ကာနောက်၌ ရပ်သွား၍ ဝမ်ဟုန်၏ ချန်ရုံ့နည်းတူအက်ကွဲနေသောအသံတိုးတိုးက ပေါ်ထွက်လာသည်။
"ကိုယ်အိပ်မပျော်လို့ပါ..."
ဝမ်ဟုန်၏အသံက ဝေးကွာလှသောကောင်းကင်မှ ရောက်လာသလို ပေါ့ပါး၍ ပါးလျနေသည်။
ချန်ရုံက နောက်သို့မလှည့်ပဲ ခပ်တိုးတိုးသာ ပြန်ပြောလိုက်သည်။ ချန်ရုံ၏ပြန်ဖြေလိုက်သံ အလွန်ပေါ့ပါးကြည်လင်နေကာ သူမ၏နှလုံးသားထဲ၌ တံဆိပ်ခတ်နှိပ်ထားသော ချစ်ခြင်းများက တိတ်တဆိတ်ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေလေသည်။
ဝမ်ဟုန်က မလှုပ်မယှက်နှင့် ချန်ရုံ့ကို ကြည့်နေသည်။ မနက်ခင်းလေပြေထဲ၌ ဝမ်ဟုန်၏အဖြူရောင်ဝတ်ရုံစကသာ တဖျတ်ဖျတ်လွင့်နေလေသည်။
အချိန်ခဏကြာမှ ဝမ်ဟုန်က ချန်ရုံ့နား လျှောက်လာလေသည်။
"အချစ်..."
ဝမ်ဟုန်က နူးညံ့စွာပြောလိုက်သည်။
"အထဲကိုနည်းနည်းတိုးပေး..."
ချန်ရုံက ခေါင်းကို ဖြည်းဖြည်းချင်းလှည့်ကာ ဝမ်ဟုန့်အား ကြည့်လိုက်သည်။
ဝမ်ဟုန့်ကိုမြင်တိုင်း ပျော်ရွှင်သွားတတ်ကြသော ချန်ရုံ၏ နက်မှောင်သောမျက်လုံးများက ဤအချိန်တွင်တော့ ရှေးဟောင်းရေတွင်းတစ်ခုကဲ့သို့ ငြိမ်သက်တည်ငြိမ်နေလေသည်။
ချန်ရုံသည် ဝမ်ဟုန့်အား သူစိမ်းတစ်ယောက်ကဲ့သို့ ကြည့်နေ၍ အချိန်အတန်ကြာမှ နှုတ်ခမ်းများကို လှုပ်ကာပြောလိုက်သည်။
"ကျွန်မ ဒီကလေးကို လိုချင်တယ်..."
ချန်ရုံသည် မျက်လွှာချ၍ စောင်ကိုမကာ သူမ၏ဝမ်းဗိုက်ကို ကိုင်လိုက်သည်။
"ကျွန်မလိုချင်တယ်..."
ချန်ရုံက သူမ၏ ချပ်ရပ်ဆဲရှိနေသော ဗိုက်ကိုကြည့်ကာပြောလိုက်သည်။
ဝမ်ဟုန်၏အသံက သာမာန်နှင့်မတူပဲ နူးညံ့နေသည်။
"အင်း ကိုယ်တို့ လိုချင်ပါတယ်..."
ချန်ရုံက ခေါင်းကို ဖြည်းဖြည်းခါလိုက်သည်။
ချန်ရုံ ခေါင်းခါနေဆဲမှာပင် အခန်းထဲ၌ အေးစက်နေသည်ကို သတိထားလိုက်မိသည်။
"ကျွန်မဘာသာပဲ ဒီကလေးကိုလိုချင်တာပါ..."
ချန်ရုံက စိတ်ဆုံးဖြတ်ချက်ချပြီးသည့်ပုံနှင့်ပြောလိုက်သည်။ ထိုသို့ပြောပြီးသောအခါ ချန်ရုံသည် ခေါင်းကိုမော့၍ မျက်နှာက အလွန်ဖြူဖျော့နေ၍ မျက်လုံးများက သာမာန်နှင့်မတူပဲ အလွန်နက်မှောင်နေသော ဝမ်ဟုန့်အားကြည့်လိုက်သည်။
"ချီလန်...ကျွန်မတို့..."
ထိုစကားများပြောလိုက်ချိန်တွင် ဝမ်ဟုန်က လက်ကိုခါ၍ ဖြတ်ပြောလိုက်သည်။
ဝမ်ဟုန်သည် ချန်ရုံ၏လက်ကို တင်းကြပ်စွာ ဖမ်းကိုင်လိုက်သောကြောင့် ချန်ရုံပင် လက်နာသွားရသည်။
ဝမ်ဟုန်၏အသံက ကြင်နာယုယနေရုံမကပဲ ပေါ့ပါးကာ နူးလည်းနူးညံ့နေသည်။
"အချစ် အိပ်လိုက်ပါဦး...မင်းလည်း ပင်ပန်းနေရောပေါ့..."
ချန်ရုံကတော့ ဝမ်ဟုန့်အား တည်ငြိမ်စွာသာကြည့်၍ လက်ကို ပြန်ရုတ်လိုက်သည်။
သို့သော် ချန်ရုံ ရုန်းမထွက်နိုင်ခဲ့ပါ။
ချန်ရုံလှုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဟုန်၏လက်က ပို၍ တင်းကြပ်လာသည်။ ဝမ်ဟုန်၏မျက်နှာကလည်း ဖြူဖျော့နေကာ နှုတ်ခမ်းကို တင်းတင်းစေ့၍ နက်မှောင်သောမျက်လုံးများက ချန်ရုံ့ကို စိုက်ကြည့်နေကြလေသည်။ ထို့နောက် ဝမ်ဟုန်သည် ထုံနေသောအမူအယာဖြင့် ပြုံးကာပြောလိုက်သည်။
"အချစ်...ကိုယ်က အိမ်တော်ခေါင်းဆောင်နေရာကို စွန့်လွှတ်ပြီး ကိုယ်တို့နှစ်ယောက်တည်း တူတူသီးသန့်နေဖို့ အစစအရာရာ ပြင်ဆင်ထားတာလေ...ကိုယ်ဒီမှာ ခဏနေပြီး ကိစ္စတိုင်းကို တိတ်တဆိတ်စီစဉ်ပြီးရင် မြို့ကနေ တိတ်တိတ်လေးထွက်သွားလို့ရနေပြီလေ...ကိုယ်တို့ကလေးလေးမွေးလာမယ့်အချိန်ကိုစောင့်ရင်း ကိုယ့်ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ဆီသွားပြီး ရှုခင်းတွေကိုခံစားနေလို့ရတယ်...အဲဒီအချိန်လောက်ကျရင် ဝမ်ဟုန်ဆိုတဲ့ကိုယ်က လူကြားထဲကနေ တကယ် ပျောက်ကွယ်သွားပြီလို့ ကျန့်ခန်းတစ်မြို့လုံး ယုံကြည်သွားကြတော့မှာ...အဲဒီလိုဆိုရင် မင်းသေတာရှင်တာတွေလည်း အရေးမကြီးတော့ဘူးလေ...အဲဒါတွေပြီးရင်တော့ ကိုယ်တို့ လက်ထပ်ကြတာပေါ့..."
ဝမ်ဟုန်၏မျက်လုံးများက နီရဲနေသော်လည်း အပြုံးကတော့ အလွန်နူးညံ့နေသည်။
"ကိုယ်က အစစအရာရာအတွက် အစီအစဉ်ချထားပြီးသား...ဒါပေမယ့် အချစ် မင်းက ကိုယ့်ကို စိတ်ဆိုးနေတုန်းပဲလား..."
ဝမ်ဟုန်သည် ချန်ရုံ၏လက်ကို တင်းကြပ်စွာကိုင်၍ အကြည့်များကလည်း ချန်ရုံ့မျက်နှာမှမခွာပဲ အပြုံးကလည်း အလွန်ပင် သိမ်မွေ့နူးညံ့နေသည်။
ချန်ရုံက ခေါင်းကိုငုံ့လိုက်သည်။
ထို့နောက် သူမ၏ဝမ်းဗိုက်ကိုကြည့်၍ မျက်လုံးများကို ဖြည်းဖြည်းချင်းမှိတ်လိုက်သည်။
နှုတ်ခမ်းများက တရွရွလှုပ်နေသော်လည်း စကားကတော့ တစ်ခွန်းမှထွက်မလာချေ။
ထိုအချိန်၌ ဝမ်ဟုန်၏ နူးညံ့သောအသံက ထပ်ထွက်လာပြန်သည်။
"အချစ် အထဲကို နည်းနည်းတိုး..."
ဝမ်ဟုန်ကပြော၍ ချန်ရုံ့လက်ကိုလွှတ်လိုက်သည်။
ချန်ရုံက ဂရုတစိုက်နှင့် အထဲသို့ တိုးလိုက်သည်။
ဝမ်ဟုန်က စောင်ကိုမကာ ချန်ရုံ့ဘေး၌ လှဲလိုက်သည်။ ထို့နောက် ကုတင်တိုင်ကိုမှီကာ ညာဘက်လက်ကို ဆန့်၍ ချန်ရုံ၏ခါးကိုဖက်ကာ ခေါင်းကိုငုံ့လိုက်သောအခါ မင်ကဲ့သို့ မည်းနက်သော ဆံပင်များက ဝဲကျလာသည်။
"အချစ် ကိုယ်မှားသွားပါတယ် ကိုယ်အရမ်းမှားသွားတယ်...မင်း ဒီကိစ္စတွေအကုန်လုံးကို မေ့ပစ်လိုက်နိုင်မလားဟင်...ဒီကိစ္စတွေ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပေးနိုင်မလား..."
ဝမ်ဟုန်၏အသံက နူးညံ့၍ ကလေးလေးချွဲနေသကဲ့သို့ နှာသံပေါက်နေသည်။
ချန်ရုံက သူမ၏ဝမ်းဗိုက်ကိုငေးကြည့်၍ အချိန်အတော်ကြာသည့်အခါမှ အက်ကွဲဆို့နင့်နေသောအသံဖြင့် စကားပြောလိုက်သည်။
"ချီလန် အဲဒီနေ့တုန်းက မင်းသမီး ၉ က ကျွန်မရဲ့ဒီနေရာကို ဓားနဲ့ထိုးခဲ့တာ..."
ချန်ရုံက ဒဏ်ရာကိုညွှန်ပြရင်း မျက်ရည်များဝဲလာသည်။
"ကျွန်မ အရမ်းနာကျင်ခဲ့ရတယ်...အရမ်းကိုနာတယ်...ဓားက ကျွန်မကိုယ်ထဲစိုက်နေတုန်းမှာကိုပဲ သွေးတွေအများကြီးထွက်နေခဲ့တာ...ကျွန်မဆွဲထုတ်ချင်ပေမယ့် ကြောက်လည်း ကြောက်နေမိခဲ့တယ်...နောက်တော့ သူက ဓားမြှောင်က အဆိပ်သုတ်ထားပြီး ကျွန်မကို အသက်ရှင်ခွင့်မပေးဘူး လို့ပြောတယ်...ကျွန်မ အရမ်းကြောက်နေခဲ့မိတာ ချီလန်...ကျွန်မ မသေချင်ဘူးလေ...ကျွန်မက ရှင့်ကလေးကိုလွယ်ထားရတာ...ကျွန်မရဲ့ချီလန်က အရမ်းကိုပြီးပြည့်စုံနေတော့ သူ့ရဲ့သွေးသားကလည်း ဘယ်လောက်တောင် ချောမောပြီး ဉာဏ်ထက်မြက်လိုက်မလဲ...သူ လူ့လောကကြီးထဲတောင်ရောက်မလာလိုက်ပဲနဲ့ ကျွန်မ သူ့ကို ဘယ်လိုအသေခံနိုင်မှာလဲ..."
ချန်ရုံ၏ သွေးမရှိပဲ ဖျော့တော့နေသောမျက်နှာပေါ်သို့ မျက်ရည်များစီးကျလာ၍ ပိုးသားစောင်ထဲစိမ့်ဝင်သွားသည်။
"ကျွန်မမျက်လုံးတွေဝေဝါးပြီး မတ်မတ်တောင်မရပ်နိုင်တော့ဘူး...အရမ်းလည်း အိပ်ချင်လာပြီး ဒီနှစ်တွေအကြာကြီး ကျွန်မ ပင်ပန်းလာရတာ သေလိုက်ရတာကမှ ပိုကောင်းဦးမယ်လို့ ကျွန်မ တွေးနေမိတယ်...အဲဒီလိုတွေ တွေးနေရတော့ ပိုပြီးတောင် အိပ်ချင်လာတယ်...ဒါပေမယ့် ကျွန်မသေသွားတာကို ကျွန်မရဲ့ ချီလန်သာသိသွားရင် ဘယ်လောက်တောင်ဝမ်းနည်းသွားမလဲဆိုတာ ကျွန်မ သတိရသွားတယ်...ချီလန်က အရမ်းခေါင်းမာပြီး ညှိုနှိုင်းမယ့်လူလည်းမဟုတ်လို့ ကျွန်မကိုသတ်ခဲ့တဲ့အတွက် ကိုးယောက်မြောက်မင်းသမီးကို သူဘယ်လိုများ ခွင့်လွှတ်နိုင်မှာလဲ...အဲဒါကြောင့် မဖြစ်သေးဘူးလို့ ကျွန်မစဉ်းစားလိုက်တယ်...ချီလန်သာ တော်ဝင်မိသားစုကို ထပ်စော်ကားမိရင် လွတ်လမ်းရှိတော့မှာမဟုတ်ဘူး...အဲဒါကြောင့် ကိုးယောက်မြောက်မင်းသမီးနား ကျွန်မ ကပ်သွားတော့ သူမရိပ်မိအောင် ကျွန်မ ပြုံးနေခဲ့တယ်...နောက်ဆုံးတော့ သူ ကျွန်မကို ထိုးခဲ့တဲ့ ဓားနဲ့ ကျွန်မ သူ့ကို ပြန်ထိုးနိုင်တဲ့အထိ သူ့နားကို ကျွန်မ ကပ်နိုင်သွားခဲ့တယ်..."
ချန်ရုံက ကြည်လက်နေသော မျက်လုံးများကိုဖွင့်လိုက်သောအခါ မျက်ရည်များက ပုလဲလုံးများကဲ့သို့ စီးကျလာလေသည်။
ငိုရှိုက်သံများဖြင့် ဆို့နင့်နေသော ချန်ရုံက ခါးသီးစွာနှင့် ချည့်နဲ့စွာ ခပ်တိုးတိုးပြောလိုက်သည်။
"ချီလန် ကျွန်မ နာကျင်ရမယ်ဆိုတာ ရှင်မသိခဲ့ဘူးလားဟင်...ရှင်နဲ့ ကျွန်မတို့ရဲ့ကလေးကို ကျွန်မက ဘယ်လောက်တောင်ချစ်တယ်ဆိုတာ ရှင် မသိခဲ့ဘူးလား..."
ချန်ရုံ၏အသံက ဈာန်ဝင်စားနေသကဲ့သို့ဖြစ်ကာ လေကိုစကားပြောနေသကဲ့သို့ မျက်လုံးများကလည်း ခံစားချက်မဲ့နေသည်။ ဝမ်ဟုန်က ချန်ရုံ့နား၌ရှိနေ၍ သူမကို ပွေ့ဖက်ထားသည်မှန်သော်လည်း ချန်ရုံသည် တစ်ယောက်တည်းသာစကားပြောနေရသကဲ့သို့ အထီးကျန်မှုကို ခံစားနေရလေသည်။
ဝမ်ဟုန်က ချန်ရုံ့ကိုကြည့်၍ နာကျင်နေသည့်နှလုံးသားရှိသည့် ရင်ဘတ်နေရာပေါ်သို့ လက်ကိုတင်လိုက်သည်။ ထို့နောက် ချန်ရုံ့ကို ပို၍ တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။
ဝမ်ဟုန်သည် ချန်ရုံ့ကို သတိထား၍ ဖက်ကာ ခေါင်းကိုငုံ့၍ ချန်ရုံ့မျက်နှာပေါ်မှ မျက်ရည်များကို နှုတ်ခမ်းနှင့် သုတ်ပေးလိုက်သည်။
"အားရုံ ကိုယ်မှားသွားပါတယ်...ကိုယ်အရမ်းမှားသွားခဲ့ပါတယ်..."
အမှားကိုဝန်ခံသည့်စကားများကို မနေ့တည်းက အခါပေါင်းများစွာ ပြောခဲ့ပြီးဖြစ်သည်။ သို့သော် ဝမ်ဟုန်သည် သူ၏အမှားကို တကယ်ဝန်ခံသည်က ယခုမှသာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု ခံစားလိုက်ရသည်။ အတိတ်တုန်းကတော့ သူ မည်မျှပင်မှားနေခဲ့ပါစေ၊ ဝမ်ဟုန်သည် မည်သောအခါမှ သူ၏အမှားကို ဝန်ခံရန် မစဉ်းစားခဲ့ဖူးချေ။
ဝမ်ဟုန်သည် ချန်ရုံ၏အေးစက်နေသော နှုတ်ခမ်းများကို နမ်းလိုက်သောအခါ လျှာဖျားနှင့် ချန်ရုံ၏နှုတ်ခမ်းများကို ထိုးဟ၍ အထဲသို့ ပို၍ တိုးဝင်လိုက်သည်။ နမ်းနေစဉ်တွင် ဝမ်ဟုန်က သွေးရူးသွေးတမ်းပြောလိုက်သည်။
"အားရုံ မင်း ဒီလို လုပ်လို့မရဘူးနော်...ငါ့အသည်း အစိပ်စိပ်အမြွှာမြွှာကွဲသွားတဲ့ခံစားချက်ကို သိရအောင်လုပ်ပြီးမှ ငါ့ကို ပစ်ထားခဲ့လို့မရဘူးလေ...အားရုံ..."
ဝမ်ဟုန်က အလွန်ကြောက်လန့်နေသောကြောင့် သူသည် ချန်ရုံ၏ဒဏ်ရာကို ထိခိုက်မိသွားသည်ကိုရော၊ သူ၏မျက်ရည်များက ချန်ရုံ၏မျက်ရည်များနှင့် ရောထွေးကုန်သည်ကိုရော မသိတော့ချေ။
ဝမ်ဟုန်၏အနမ်းက ချန်ရုံ၏ပါးစပ်ထဲသို့ ပို၍ တိုးဝင်လာသည်။ ဝမ်ဟုန်၏လှုပ်ရှားမှုများကြောင့် ချန်ရုံ၏အေးစက်နေသော နှုတ်ခမ်းများသည်လည်း ပြန်၍ ပူနွေးလာကာ အတိတ်တုန်းက ဝမ်ဟုန့်ကိုတွေ့သည့်အခါတိုင်း ပြုံးသကဲ့သို့ ပြုံးလိုက်၍ လက်များကိုမြှောက်ကာ ဝမ်ဟုန်၏လည်ပင်းကို သိုင်းဖက်လိုက်သည်။
ဝမ်ဟုန်က ပို၍ပင် လန့်လာမိသည်။ ချန်ရုံသည် ဝမ်ဟုန့်အား နှစ်ခါငြင်းပယ်ခဲ့ဖူးသည်။ ပထမတစ်ခါ၌ ချန်ရုံသည် ဝတ်ရုံဖြူကိုဝတ်၍ စစ်သည်တစ်သောင်းကြားမှနေ၍ စစ်မြေပြင်သို့ ချီတက်ခဲ့သည်။ ဝမ်ဟုန်က သူမကို ရှာတွေ့၍ သူနှင့်အတူလိုက်ခဲ့ရန် တောင်းပန်သောအခါ နေဝင်ချိန်အောက်၌ သွေးစွန်းသောဝတ်ရုံနှင့် ရပ်နေသောချန်ရုံ၏အကြည့်များက အလွန်ပင်စိမ်းကားကာ ခံစားချက်မဲ့နေလေသည်။
ဒုတိယတစ်ခါတွင်တော့ ချန်ရုံသည် ယခုကဲ့သို့ပင်ပြုံး၍ သီလရှင်ဖြစ်ခွင့်ပေးရန် ဧကရာဇ်ထံ၌ တောင်းခံခဲ့သည်။ ချန်ရုံ၏အပြုံးက တောက်ပ၍ လှပနေသော်လည်း မျက်လုံးများကတော့ အေးစက်စိမ်းကားနေလေသည်။
သို့သော် ယခုအကြိမ်ကတော့ ထိုနှစ်ကြိမ်လုံးနှင့် မတူချေ။ လွန်ခဲ့သည့် နှစ်ကြိမ်၌ ဝမ်ဟုန်သည် ထိတ်လန့်အံ့ဩ၍ နာကျင်နေရသော်လည်း၊ အသည်းနှလုံးများ ကြေကွဲနေရသော်လည်း..
ထိုနာကျင်မှုများကို အပြုံးတစ်ခုနှင့် ဖုံးဖိထားနိုင်ခဲ့သည်။
ယခုအကြိမ်တွင်တော့ ပထမဆုံးအကြိမ်အဖြစ် ဝမ်ဟုန် အလွန်ထိတ်လန့်ကြောက်ရွံ့နေမိသည်။ ယခုည၌ ဝမ်ဟုန်သည် ကိစ္စများအားလုံးကို ပြီးစီးအောင်လုပ်၍ ပုံမှန်အတိုင်း အိပ်ယာသို့ ငြိမ်းချမ်းစွာ ဝင်ခဲ့ရမည်ဖြစ်သည်။ သို့သော် ဝမ်ဟုန် အိပ်၍မပျော်ခဲ့ပါ။ ဖယောင်းတိုင်အောက်၌ သီချင်းများစာအုပ်ကို အချိန်အတော်ကြာ လှန်လှောပြီးသောအခါ စိတ်များက ပို၍ လေးလံလာသောကြောင့် လရောင်အောက်သို့ ထွက်လာခဲ့သည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ်ပင် သတိမထားမိချိန်မှာပင် ဝမ်ဟုန်သည် ချန်ရုံ၏အခန်းရှေ့သို့ ရပ်မိလျက်သားဖြစ်သွားလေသည်။
ဤည၌ ချန်ရုံသည် အိမ်ယာမှ နာကျင်မှုများဖြင့် လေးကြိမ်နိုးလာကာ နှစ်ခါမျှ အန်ခဲ့ကြောင်းကို ဝမ်ဟုန်သိသည်။ ချန်ရုံသည် အစေခံများကို ဆေးဖျော်ခိုင်း၍ သူမကို တိုက်ခိုင်းသည်ကိုလည်း သူ သိသည်။
ချန်ရုံ အိပ်ယာထဲ၌ လူးလှိမ့်နေသည့်အခါတိုင်း၊ နာကျင်မှုဖြင့် ညည်းညူသည့်အကြိမ်တိုင်း သူ သိနေခဲ့သည်။
လန်ယာဝမ်ချီက မိန်းမတစ်ယောက်၏အခန်းရှေ့၌ ဤကဲ့သို့ရပ်နေသည်ကို လူများမြင်လျှင် မည်ကဲ့သို့ထင်ကြမည်နည်း ဟု ဝမ်ဟုန်တွေးလိုက်သည်။ ထို့ကြောင့် ပြန်ရန် လှည့်လိုက်သည်။
သို့သော် ခြေတစ်လှမ်းသာလှမ်း၍ ဝမ်ဟုန်ရပ်လိုက်သည်။ ယခုကဲ့သို့ ချန်ရုံ၏အခန်းရှေ့၌ ရပ်နေခြင်းကသာလျှင် သူ၏စိတ်နှလုံးက အနည်းငယ်အေးချမ်းနေသည်ကို သတိထားလိုက်မိသည်။ ဝမ်ဟုန်သည် အခန်းရှေ့၌ အခေါက်ပေါင်းများစွာလျှောက်၍ တံခါးကိုတွန်းဖွင့်ရန် အခါခါ ကြိုးစားခဲ့သည်။ သို့သော်လည်း ကြားရသည်က မည်မျှပင် ထူးဆန်းနေစေကာမူ၊ ဝမ်ဟုန်သည် အလွန်ကြောက်နေမိ၍ ချန်ရုံ့အခန်းထဲသို့ မဝင်ရဲဖြစ်နေခဲ့လေသည်။
ဝမ်ဟုန်က အတွေးထဲ၌ နစ်မြောနေချိန်တွင် ချန်ရုံက လူးလွန့်၍ ညည်းညူလိုက်သည်။
"နာတယ်..."
လန့်သွားသောဝမ်ဟုန်က ချန်ရုံ့ကို ဖက်ထားသည်ကို ဖြေလျှော့ပေးလိုက်သည်။
ထို့နောက် အောက်သို့ငုံ့၍ လက်ကိုင်ပုဝါကိုဆွဲထုတ်လိုက်သည်။ ချန်ရုံ့မျက်နှာမှ ချွေးများနှင့် မျက်ရည်များကို သုတ်ပေးနေရင်းဖြင့် ဝမ်ဟုန်က နူးညံ့စွာပြောလိုက်သည်။
"အားရုံ ဒါလောကရဲ့သဘာဝပဲလေ...ကိုယ်တို့လိုချင်တဲ့အတိုင်း ဖြစ်ချင်တဲ့အတိုင်း ဖြစ်လာဖို့ဆိုတာ အရမ်းရှားတယ်...ဒီတစ်ခေါက်တော့ ကိုယ့်လုပ်ရပ်ကမှားသွားတာကို ကိုယ်ဝန်ခံပါတယ်...ကိုယ်နောင်တလည်း အရမ်းရနေပါပြီ...ဒါပေမယ့် ကိုယ်ဒီလိုလုပ်မှလည်း မင်းနဲ့ကိုယ်တို့ ပျော်ရွှင်မှုကို ရနိုင်မှာလေ..."
မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ဟုန်၏အသံက သာမာန်ကဲ့သို့ တည်ငြိမ်အေးချမ်းသည့်အသံဖြစ်သွားလေသည်။
ချန်ရုံက လူးလွန့်၍ အက်ကွဲစွာပြောလိုက်သည်။
"ဒီအကြောင်းတွေကိုမေ့ပြီး ရှေ့ဆက်သွားကြမလား..."
"အင်း..."
ဝမ်ဟုန်က ချန်ရုံ၏နှုတ်ခမ်းများကိုနမ်း၍ ဆုံးဖြတ်ချက်ခိုင်မာစွာပြောလိုက်သည်။
"မေ့လိုက်တော့...ကိုယ့်ရဲ့အမှားတွေကိုလည်း ကိုယ်သိပြီး နောက်ထပ်မလုပ်တော့ပါဘူး...လမင်းကြီးကိုကြည့်လေ...အခုက အရမ်းကို လှလှပပနဲ့ ပြည့်ဝန်းနေပေမယ့် နောက်ရက်တွေကျရင် ပြန်ဆုတ်သွားရမှာပဲ...အခု ပန်းတွေက အစွမ်းကုန်ပွင့်နေကြပေမယ့် တစ်ချိန်ကြရင် ညှိုးခြောက်သွားရမှာပဲ...မိုးကလည်း အခုကောင်းနေပေမယ့် တစ်နှစ်လုံးရွာနေမှာမဟုတ်ဘူးလေ...လေတိုက်တာလည်း ဒီလိုပဲ...အားရုံ...ကမ္ဘာပေါ်ကအရာတွေအားလုံးက အကုန်ဒီလိုတွေပါပဲ...ဆုံးရှုံးမှုတွေ၊
စိတ်ပျက်ရမှုတွေနဲ့ အမှားတွေကတော့ ရှိတတ်တာပဲလေ...ကောင်းကင်ဘုံက ပြီးပြည့်စုံတဲ့ပျော်ရွှင်မှုကို ဘယ်တော့မှ ပေးမှာမဟုတ်ဘူး...အဲဒီတော့ ဒီလို စိတ်ပျက်စရာကိစ္စတွေကိုပဲ စိတ်ရောက်နေရင် ကိုယ်တို့နှစ်ယောက်လုံးအတွက် မကောင်းဘူးမဟုတ်လား..."