အပိုင်း 252
Viewers 24k

Chapter 252
: ပြန်လည်ပေးဆပ်ခြင်း



ချန်ရုံက ဝမ်ဟုန်၏ခေါင်းကိုငုံ့ကြည့်လိုက်သည်။

ချန်ရုံသည် အငိုတိတ်သွားပြီဖြစ်၍ မျက်ရည်များပေနေသောမျက်နှာ၌ အထီးကျန်မှုများက စွဲထင်နေသည်။

ဝမ်ဟုန်သည် ချန်ရုံ၏မျက်နှာပေါ်မှ အထီးကျန်မှုမျိုးကို မြင်ဖူးပြီးဖြစ်သော်လည်း တစ်ခါမှ ယခုကဲ့သို့ မထိတ်လန့်ခဲ့ဖူးပေ။

"အားရုံ..."
ဝမ်ဟုန်သည် ချန်ရုံ၏ခါးကိုဖက်၍ ထုံကျင်စွာပြောလိုက်သည်။

"ကိုယ့်ကိုပိုင်ဆိုင်ထားရတာနဲ့တင်မလုံလောက်သေးဘူးလား...ဘာတွေ ဒီလောက်တောင် စဉ်းစားနေရတာလဲ..."

သူ့ကိုပိုင်ဆိုင်ထားရသည်နှင့်တင် လုံလောက်ပြီတဲ့လား...

ချန်ရုံသည် ဗလာကျင်းနေသော စိတ်ဖြင့်တွေးလိုက်မိသည်။
ဝမ်ဟုန်က ဝမ်အိမ်တော်ရဲ့ မြင့်မြတ်တဲ့ အမွေဆက်ခံသူပဲ...သူက ငါ့ကို လက်ထပ်ချင်တယ်...စွန့်စားပြီးတော့လည်း ငါ့ကိုကယ်ခဲ့တယ်...ပြီးတော့ ငါ့အတွက်လည်း မျက်ရည်ကျခဲ့တယ်...အားရုံ ဒီလောက်နဲ့ နင်မကျေနပ်သင့်ဘူးလား...ဒါပေမယ့် ငါ့ရဲ့ရင်ဘတ်က ဘာဖြစ်လို့ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေရသေးတာလဲ...

ချန်ရုံသည် ဝမ်ဟုန်၏ခေါင်းကိုအချိန်ကြာကြာစိုက်ကြည့်၍ အက်ကွဲစွာပြောလိုက်သည်။
"ချီလန်..."

ဝမ်ဟုန်က တိတ်ဆိတ်နေသောအခါ ချန်ရုံက နူးညံ့စွာ ဆက်ပြောလိုက်သည်။
"ချီလန်...ကျွန်မ အရမ်းစိတ်ညစ်နေတယ်..."

ချန်ရုံသည် ခေါင်းကိုငုံ့၍ ဝမ်ဟုန့်ကို ခဏမျှကြည့်ကာ လက်ကိုဆန့်၍ ဝမ်ဟုန်၏ ချောမောသောမျက်နှာကို ကိုင်၍ ခပ်တိုးတိုးပြောလိုက်သည်။

"ရှင်က ကျွန်မကို ကတိတွေအများကြီးပေးထားပြီးတာတောင်မှ ကျွန်မ ဘာဖြစ်လို့ နာကျင်နေရသေးတာလဲ..."

ချန်ရုံသည် လက်ကိုပြန်ရုတ်၍ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်ကာ ဝမ်ဟုန်၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်၍ အိပ်ယာပေါ်၌ လှဲလိုက်သည်။

သူမသည် ဝမ်ဟုန့်အား ကျောပေး၍ တိုးတိတ်စွာပြောလိုက်သည်။

"ကျွန်မ ဒီကိစ္စတွေကို သေချာစဉ်းစားချင်သေးတယ်...ချီလန် ကျွန်မ ရှင်ရှိနေတဲ့ဒီနေရာကနေ ခဏရှောင်ထွက်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေးစဉ်းစားချင်တယ်..."

ထို့နောက် ချန်ရုံ၏လက်များက ချန်ရုံပင်သတိမထားလိုက်မိပဲ ဗိုက်ကို ပွတ်မိလိုက်ကြသည်။ ချန်ရုံသည် ဘယ်တုန်းကမျှ ကိုယ်ဝန်မဆောင်ဖူး၍ သူမ၏ဗိုက်ထဲ၌ ဤလူသားလေးကို သယ်ဆောင်ထားရခြင်းကြောင့် သူမ၏စိတ်နှလုံးက ဤမျှ တည်ငြိမ်လာမည်ဟု မထင်ထားခဲ့ချေ။ ချန်ရုံသည် ဝမ်ဟုန့်ထံမှ ထွက်သွားမည်ဟု ပြောလိုက်သည့်အခိုက်၌ နှလုံးသားထံမှ ဆိုးရွားစွာ နာကျင်သွားရသော်လည်း ထိုဝမ်းဗိုက်နေရာကို ကိုင်လိုက်သည်နှင့် ထိုနာကျင်မှုများက ထူးဆန်းစွာ ပျောက်ကွယ်သွားကြလေသည်။

အခန်းက အေးစက်လာသည်ဟု ခံစားလိုက်ရသည်။

ဝမ်ဟုန်က ခေါင်းကိုငုံ့၍ ချန်ရုံ့အားကြည့်ကာ ခြောက်ကပ်နေသောအသံဖြင့် ပြောလိုက်သည်။
"မင်း ကိုယ့်ကို ထားသွားမလို့လား အားရုံ..."

ချန်ရုံက ခေါင်းကိုခါ၍ တိုးတိတ်စွာပြောလိုက်သည်

"မဟုတ်ပါဘူး...ကျွန်မ ကိစ္စတွေကို ခေါင်းအေးအေးနဲ့ စဉ်းစားချင်ရုံပါ..."

ချန်ရုံက ဝမ်ဟုန့်အား ပြန်လှည့်ကြည့်လိုက်သည်။ သူမ၏မျက်လုံးများက အလင်းရောင်ဖြင့်တောက်ပနေကာ လှပနေဆဲဖြစ်သည်။ ချန်ရုံက မျက်ရည်များကြားမှ ပြုံးကာပြောလိုက်သည်။

"ခုနတုန်းက လောကကြီးက ဘယ်တုန်းကမှ မပြီးပြည့်စုံနိုင်ဘူးလို့ ရှင်ပြောခဲ့တယ်မဟုတ်လား...ဒါပေမယ့် ရှင်ကတော့ မပြီးပြည့်စုံတာတွေကို ဘယ်တုန်းကမှ သည်းခံတတ်ခဲ့တဲ့လူမျိုးမဟုတ်ဘူးလေ...ကျွန်မလည်း ဒီမှာနေနေပြီး စိတ်ထိုင်ညစ်နေမယ်ဆိုရင် ရှင်လည်း ပျော်ရမှာမဟုတ်ဘူးလေ ဟုတ်တယ်မလား...အဲဒါကြောင့် ကျွန်မတို့ ခဏခွဲနေတာ အကောင်းဆုံးဖြစ်လိမ့်မယ်ထင်လို့ပါ..."

ဝမ်ဟုန်က ချန်ရုံ့အား မျက်နှာတည်တည်နှင့် ကြည့်၍ ပြောလိုက်သည်။

"မင်းက ကိုယ်ဝန်ရှိနေတာလေ...ပြီးတော့ တော်ဝင်မိသားစုကလည်း မင်းကို ဖမ်းချင်နေကြတာ...ဒီလိုပုံစံမျိုးနဲ့ ဘယ်ကို သွားဦးမှာလဲ..."

ချန်ရုံက မျက်လွှာချရင်းဖြင့်ပြုံးလိုက်သည်။
"နန်ယန်နဲ့ မောယန်မှာ ကျွန်မပိုင်တဲ့ လယ်ကွင်းတွေရှိတယ်လေ...ကျွန်မ ရုပ်ဖျက်ပြီး အစ်ကိုနဲ့တူတူ နန်ယန်ကိုသွားမှာပေါ့...လယ်သမားအဖြစ်နေရတာလည်း သိပ်မဆိုးလှပါဘူး..."

ထိုသို့ဆိုလျှင် ချန်ရုံသည် သူမ ပြောသကဲ့သို့ ခဏသာသွားမည်မဟုတ်ပဲ နှစ်‌ယောက်ကြား၌ အကွာအဝေးများစွာခြားကာ ဝမ်ဟုန့်အား ထားခဲ့တော့မည်လာ။

ဝမ်ဟုန်က နှုတ်ခမ်းကိုတင်းတင်းစေ့၍ ပျော့ပျောင်းစွာပြောလိုက်သည်။
"နန်ယန်နဲ့မောယန်က ဟူလူမျိုးတွေ တိုက်ခိုက်တာကို ခံနေရတယ်လေ..."

ချန်ရုံက ခေါင်းကိုခါ၍ မွေ့ယာထဲသို့ နစ်ဝင်သွားအောင် ကိုယ်ကိုပျော့ချလိုက်သည်။

"တိုက်ခိုက်မှုတွေရှိနေရင်တောင်မှ တပ်မှူးရန်ရှိနေတာဆိုတော့ အန္တရာယ်မရှိလောက်ပါဘူး..."

ချန်ရုံက သူမသည် အနာဂတ်မှ အကြောင်းအရာအချို့ကို သိ‌ထားကြောင်း ဝမ်ဟုန့်အား သတိပေးသည့်အနေဖြင့် တည်တည်ငြိမ်ငြိမ်နှင့် ခိုင်မာစွာပြောလိုက်သည်။

ဝမ်ဟုန်က ချန်ရုံ့အား စိုက်ကြည့်နေသည်။

ထို့နောက် ဝမ်ဟုန်သည် ချန်ရုံ၏နှုတ်ခမ်းများကိုထိတွေ့၍ လည်ပင်းကိုပွတ်သပ်ကာ နွေဦးလေပြေကဲ့သို့သောအသံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။

"မင်းက ရန်မင်းရဲ့အကာအကွယ်အောက်ကိုသွားချင်တာလား..."
ဝမ်ဟုန်၏အသံက ထူးဆန်းစွာပင် အေးစက်နေသည်။

ချန်ရုံက ခေါင်းခါလိုက်သည်။
"အခု ကျွန်မမှာ ကလေးရှိနေပြီဆိုတော့ သူ ကျွန်မကို စိတ်ဝင်စားတော့မှာမဟုတ်ပါဘူး..."

ရန်မင်း၏စကားများက မည်မျှပင်ချိုသာခဲ့ပါစေ၊ ဤကလေးကိုတော့ သူလက်ခံမည်မဟုတ်ကြောင်း ချန်ရုံသိသည်။ ချန်ရုံက ရန်မင်း၏ ကိုယ်လုပ်တော်အဖြစ်သာနေ၍ သူမ၏ကလေးကလည်း နှိမ်နှိမ်ချချနှင့်နေကာ ရာထူးအမြင့်များကိုမမှန်း၍ ရန်မင်း၏စားကြွင်းစားကျန်လေးမျာကိုသာ ရရန်မျှော်လင့်နေသည့်ဘဝနှင့်သာ နေမည်ဆိုလျှင်တော့ ရန်မင်း လက်ခံကောင်းခံပေလိမ့်မည်။

ချန်ရုံကပြုံးလိုက်သည်။ ထိုအချိန်၌ ချန်ရုံ၏အသံက ကြည်လင်မှုနှင့် နူးညံ့မှုများဖြင့် ပြည့်နေလေသည်။

"ပြီးတော့ ကျွန်မကို ရှင်ပိုင်တယ်လေ...ကျွန်မက ခဏလေးပဲသွားမှာပါ...ဘယ်သူသိနိုင်မလဲ ကျွန်မ သေချာစဉ်းစားပြီးသွားရင် ရှင့်ဆီပြန်လာပြီး ကျွန်မကို ပြန်လက်ခံဖို့ တောင်းပန်ရင်တောင်းပန်နေရမှာပေါ့...ပြီးတော့ ရှင်စိတ်ပြောင်းပြီး ကျွန်မကို လက်မခံချင်တော့ဘူးဆိုရင်တောင်မှ ကျွန်မဘဝမှာ တခြားဘယ်သူနဲ့မှ တူတူမရှိချင်တော့ပါဘူး..."

ဝမ်ဟုန်သည် ချန်ရုံ့မျက်နှာပေါ်မှ ကြည်လင်သောမျက်လုံးများနှင့် ငြိမ်းချမ်းသောအပြုံးကို ငေးကြည့်နေမိသည်။ ထိုသို့ကြည့်နေရင်းဖြင့် ဝမ်ဟုန်၏နှလုံးသားသည် မဖော်ပြနိုင်သည့်အင်အားတစ်မျိုးဖြင့် အတိုက်ခိုက်ခံလိုက်ရသကဲ့သို့ဖြစ်သွားသည်။

ဝမ်ဟုန်သည် ကုတင်တိုင်ကိုမှီနေရင်းဖြင့် ထိန်းမရအောင် တဆတ်ဆတ်တုန်လာသည်။ ကုတင်တိုင်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရ၍ လက်ချောင်းများသည်ပင် အညိုအမည်းများ စွဲထင်လာတော့သည်။

ဝမ်ဟုန်သည် သွားများကိုတင်းတင်းစေ့၍ ခဏမျှ စိတ်တည်ငြိမ်အောင်လုပ်ပြီးမှ သက်ပြင်းချကာ သူ၏ထုံးစံအတိုင်း ခံစားချက်မပါသောအသံဖြင့် ပြောလိုက်သည်။

"ကိုယ်က မင်းကို လက်ထပ်ချင်ပါတယ်ဆိုတာတောင်မှ မင်းကထွက်သွားချင်သေးတာလား...မင်းကိုယ်ဝန်ရှိနေတာတောင်မှ အဝေးကို သွားချင်နေတာလား..."

ဝမ်ဟုန့်စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ချန်ရုံက ဝမ်ဟုန့်ကိုမော့ကြည့်၍ ခပ်တိုးတိုးရယ်လိုက်သည်။

သူမ၏လှပသောမျက်လုံးများထဲ၌ ပြုံးရိပ်ယောင်များဖြင့် ချန်ရုံသည် ဝမ်ဟုန်၏ ဖြောင့်စင်းသောနှာတံနှင့် ပြီးပြည်စုံအောင်လှပသော နှုတ်ခမ်းများကို ထိကိုင်လိုက်သည်။

"ဟုတ်တယ် ရှင်က ကျွန်မကို လက်ထပ်ချင်တာ...ကျွန်မရဲ့ ခန္ဓာကိုယ်ထဲက ဆွဲထုတ်လိုက်တဲ့ဓားမြှောင်နဲ့ ရှင့်ရဲ့ နှလုံးသားကို လှုပ်ခါလိုက်ပြီး ကျွန်မကို လက်ထပ်ချင်လာအောင် လုပ်လိုက်ပြီလေ..."

သို့သော်လည်း ချန်ရုံ ထို့ထက်ပိုလိုချင်နေသည်။ ယခုထက် အဆပေါင်းများစွာ ပိုလိုချင်မိသည်။ ချန်ရုံလိုချင်သည်က ခဏတာသနားကြင်နာမှုအတွက် ပေးလိုက်သော အလှူဒါနမဟုတ်ပါ။

ထို့အပြင် ချန်ရုံသည် ဝမ်ဟုန့်အား ဝမ်အိမ်တော်၏အမွေဆက်ခံသူနေရာကိုဆုံးရှုံးရစေရန် လုပ်ပြီးပြီမဟုတ်လား။ ချန်ရုံသာမရှိခဲ့လျှင် ဝမ်ဟုန်သည် ထိုရာထူး၏အခွင့်ကောင်းကိုယူ၍ နန်းတော်၌ ရာထူးကြီးသောအမတ်တစ်ဦးဖြစ်လာနိုင်သည်။ ချန်အိမ်တော်၏အားရုံ ဆိုသောသူမ က သူမ၏ပျက်စီးနေသောဘဝအတွက် ဝမ်ဟုန်၏သနားကြင်နာမှုကိုအခွင့်ကောင်းယူကာ ဝမ်ဟုန်၏ဘဝကို မည်ကဲ့သို့များ ဖျက်ဆီးနိုင်ပါမည်နည်း။ ချန်အိမ်တော်၏အားရုံဆိုသောသူမသည် အဘယ်သို့များ ထိုသနားကြင်နာမှုကိုချနင်း၍ ဘာမှမဖြစ်သကဲ့သို့ ဝမ်ဟုန်နှင့်အတူ ကမ္ဘာပတ်နေနိုင်ပါမည်နည်း။

ချန်ရုံ၏စကားများထဲမှ လှောင်ပြောင်မှုကိုကြားသောအခါ ဝမ်ဟုန်က နှုတ်ခမ်းများကိုတင်းတင်းစေ့၍ ပြောလိုက်သည်။
"ကိုယ်ပြောချင်တာ အဲဒီအဓိပ္ပာယ်မဟုတ်ဘူးလေ..."

ဝမ်ဟုန်က ချန်ရုံ့ကိုငေးကြည့်၍ ထပ်ပြောလိုက်သည်။
"ကိုယ်ပြောချင်တာ အဲဒီအဓိပ္ပာယ်မဟုတ်ဘူး..."
ဘဝ၏ပထမဆုံးအကြိမ်အဖြစ် ဝမ်ဟုန်သည် ပြောစရာစကားရှာမတွေ့ဖြစ်သွားရလေသည်။

ချန်ရုံက မျက်လွှာချကာ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဟုတ်ပါတယ်...ချီလန်ပြောချင်တာ အဲဒီအဓိပ္ပာယ်မဟုတ်ပါဘူး..."

ထို့နောက် ချန်ရုံက ခေါင်းကိုလှည့်၍ ပြတင်းပေါက်ဆီသို့ကြည့်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"အရုဏ်တောင်တက်နေပြီ...ရှင်လည်း အခုထိ ကောင်းကောင်းမအိပ်ရသေးဘူး...အခန်းကိုပြန်ပြီး အနားယူလိုက်ဦးလေ..."

ချန်ရုံက ဝမ်ဟုန့်အား အခန်းထဲမှထွက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

ဝမ်ဟုန်က ချန်ရုံ့မျက်နှာပေါ်မှ အပြုံးဖျော့ဖျော့ကိုကြည့်၍ ပထမဆုံးအကြိမ်အဖြစ် နှလုံးသားမှ စူးခနဲ နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ ဝမ်ဟုန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့ကာပြောလိုက်သည်။

"အားရုံ မင်း ကိုယ့်ကို ကတိပေးထားတယ်မဟုတ်ဘူးလား...ဘယ်အချိန်ပဲဖြစ်ဖြစ်...ဘယ်နေရာမှာပဲဖြစ်ဖြစ် ကိုယ့်ကို အမြဲချစ်နေမယ်ဆိုပြီးလေ...မင်း သစ္စာဆိုခဲ့တယ်မဟုတ်ဘူးလား..."

ဝမ်ဟုန်၏အသံက အလွန်နူးညံ့၍ ညင်သာနေကာ ကလေးကဲ့သို့ ချွဲနွဲ့နေပြန်လေသည်။

ချန်ရုံက ခေါင်းကိုတစ်ဖက်သို့ပြန်လှည့်၍ တောက်ပသောမျက်လုံးများဖြင့် ရွှင်ပျစွာပြုံးကာ ပြောလိုက်သည်။
"ဟုတ်တယ်လေ ကျွန်မက အမြဲ ရှင်တစ်ယောက်တည်းကိုပဲ မြတ်နိုးပြီး ချစ်သွားမှာပါ..."

ချန်ရုံက ပြောရင်းဖြင့် ပြုံးကာ သူမ၏ဝမ်းဗိုက်ကို ပွတ်လိုက်သည်။

"ကျွန်မ အိုမင်းသွားပြီး သွားတွေလည်းမရှိတော့ပဲ လမ်းတောင်မလျှောက်‌နိုင်တော့တဲ့အချိန်အထိ ချီလန့်ကိုပဲ ကျွန်မ ချစ်သွားမှာပါ..."

ဒါပေမယ့် အဲဒီအချိန်ကျရင် ချီလန့်မှာ သားသမီးတွေ အများကြီးရှိနေလောက်ပြီမဟုတ်လား...
လောက၌ သနားစရာအကောင်းဆုံးလူများမှာ ချန်ရုံ့ကဲ့သို့ မိုက်မဲသောလူများပင်ဖြစ်ပေလိမ့်မည်။ ချီလန်သည် အလွန်ထက်မြက်၍ ဉာဏ်ကောင်းကာ ဆုံးဖြတ်ချက်လည်း ခိုင်မာသူဖြစ်သောကြောင့် နောက်တစ်နှစ်ကြာလျှင် သူမကိုပင် ချီလန် မှတ်မိပါဦးမည်လား ဟု ချန်ရုံ တွေးနေမိသည်။

ချန်ရုံက ဝမ်ဟုန့်ကို ထပ်၍ တွန်းကာ ပြောလိုက်သည်။

"သွား သွား သွား...သွားအိပ်တော့..."

တွန်းနေရင်းဖြင့် ချန်ရုံသည် ဝမ်ဟုန်၏မျက်နှာကို လက်ဖြင့်ကိုင်ကာ နှုတ်ခမ်းကိုနမ်း၍ တိုးတိုးလေးပြောလိုက်သည်။

"ကျွန်မကိုခွင့်လွှတ်ပါ...ကျွန်မသာ ရှင့်ကို မချစ်ခဲ့ဘူးဆိုရင် ဘယ်‌လောက်တောင်ကောင်းလိုက်မလဲနော်..."

ထိုသို့သာဆိုလျှင်တော့ ချန်ရုံသည် ဝမ်ဟုန်၏ဇနီးဖြစ်ရမည့်အရေးကို အလွန်ပျော်ရွှင်နေမိမည်ဖြစ်သည်။

ထိုအခိုက်၌ ချန်ရုံ၏လက်ကောက်ဝတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ခြင်းခံလိုက်ရပြန်သည်။

ချန်ရုံ့ကိုစိုက်ကြည့်၍ ဝမ်ဟုန်က ထုံကျင်စွာပြောလိုက်သည်။

"ကိုယ်မှားတယ်ဆိုတာ ကိုယ်ဝန်ခံပါတယ်...အားရုံ မင်း သတိလစ်နေတဲ့အချိန်မှာ ကိုယ်အရမ်းမှားသွားခဲ့တယ်ဆိုတာကို ကိုယ်သိလိုက်တယ်..."

"ကိုယ်တို့ရဲ့ပြဿနာတွေကို ဖြေရှင်းဖို့အကောင်းဆုံးနည်းလမ်းက သူတို့တွေရဲ့ကစားပွဲမှာ ဝင်ကစားလိုက်ဖို့ပဲလို့ ကိုယ်ထင်ခဲ့တာ...အားရုံ ဧကရာဇ်က မင်းရဲ့ကိစ္စတွေမှာ ဝင်ပါနေပြီး မင်းလက်ထပ်ဖို့တောင် အမိန့်ပေးနေတာကို ကိုယ်သဘောမကျဘူး...ရှည်လျားတဲ့ညက အိပ်မက်တွေနဲ့ ကစဉ့်ကလျားဖြစ်နေတတ်ပါတယ်...အချိန်ခဏလေး သတိမထားလိုက်တာနဲ့ မမျှော်လင့်ထားတဲ့ ပြဿနာတွေဖြစ်လာနိုင်တယ်...စစ်ပွဲ၏အနုပညာစာအုပ်မှာလည်း ပိုကောင်းတဲ့ရလဒ်တွေရဖို့ စတေးမှုတွေရှိရမှာပဲလို့ ပြောထားတယ်...အဲဒါကို ကိုယ်လည်းထောက်ခံတယ်...ကိုယ့်ရဲ့အားရုံကို အသက်ဘေးရန်ကနေ ကိုယ်ကာကွယ်ပေးရမယ်...ဒီကိစ္စတွေအကုန်လုံးကို ကိုယ်ပဲကိုင်တွယ်ဖြေရှင်းရတော့မယ်...ဒါပေမယ့် စက္ကူလို ဖြူဖျော့နေတဲ့မျက်နှာနဲ့ သတိမေ့မြောနေပြီး လှုပ်လည်းမလှုပ်နိုင် အသက်ရှူနေရဲ့လားတောင်မသိနိုင်တဲ့အခြေအနေဖြစ်နေတဲ့မင်းကိုမြင်လိုက်တော့ ကြောက်လန့်မှုတစ်ခုတည်းကိုပဲ ကိုယ်ခံစားမိတော့တယ်..."

ဝမ်ဟုန်သည် ချန်ရုံ၏လက်ကိုဆွဲယူ၍ သူ၏မျက်လုံးများပေါ်သို့အုပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။

"ကိုယ် ဒီလောက်တောင် အပတ်တကုတ်ကြိုးပမ်းထားရတာတောင်မှ အခုတော့ အားရုံက ကိုယ့်ကို စွန့်ပစ်သွားတော့မယ်ပေါ့...ဒါ မတရားတာပဲ..."

ထို့နောက် ချန်ရုံ၏လက်ကို ဖြည်းညှင်းစွာလွှတ်ကာ မတ်တပ်ထရပ်လိုက်သည်။

ချန်ရုံသည် ကန်နေပြင်ကဲ့သို့ တည်ငြိမ်နေသောမျက်နှာဖြင့် ကုတင်ခေါင်းရင်း၌ တိတ်ဆိတ်စွာရပ်လိုက်သော ဝမ်ဟုန့်ကို ငေးကြည့်လိုက်မိသည်။

"ကိုယ် ဘယ်တုန်းကမှ ဝမ်အိမ်တော်ရဲ့ ခေါင်းဆောင်ဖြစ်ချင်ခဲ့တာမဟုတ်ဘူး..."

ချန်ရုံ၏မျက်လုံးများထဲမှ အံ့ဩသွားသည့်ပုံကိုကြည့်၍ ဝမ်ဟုန်က တိုးတိတ်သောအသံဖြင့် ဆက်ပြောလိုက်သည်။

"အခုအခြေအနေမှာ တိုင်းပြည်ထဲက နာမည်ကြီး အိမ်တော်တွေနဲ့ တော်ဝင်မိသားစုက သူတို့လိုချင်တာတွေ အကုန်ရနေပြီး ဘယ်သူကမှ ဒီအခြေအနေကို ပျက်စီးချင်ကြတာမဟုတ်ဘူး...အဲဒါကြောင့် မျိုးနွယ်ခေါင်းဆောင်ဖြစ်တာထက် တောပုန်း‌ရသေ့ဖြစ်လိုက်ရတာကမှ ပိုကောင်းသေးတယ်...မင်းနဲ့မတွေ့ခင်တည်းက ကိုယ်က ဒီမျိုးနွယ်ကနေ ဖယ်ထွက်ဖို့အချိန်ကောင်းကိုရှာနေခဲ့တာ..."

ဝမ်ဟုန်သည် ချန်ရုံ့အား ငေးကြည့်၍ အသံကိုနှိမ့်ကာ ညင်သာသောအသံဖြင့်ဆက်ပြောလိုက်သည်။
"ကိုယ်ပြောချင်တာကို မင်းဘယ်တုန်းကမှ သေချာနားမလည်ခဲ့ပါဘူး...ကိုယ်မင်းကို လက်ထပ်ချင်တာ မင်းကိုသနားလို့မဟုတ်ဘူး အားရုံ..."

ဝမ်ဟုန်က တစ်ချက်ရယ်၍ မေးစေ့ကို မာန်အပြည့်နှင့်မော့လိုက်သည်။
"ကိုယ့်လိုယောင်္ကျားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို သနားတယ်ဆိုရုံနဲ့ ဘယ်လိုများ ကယ်တင်ပြီး လက်ထပ်နိုင်မှာလဲ..."

ထို့နောက် ဝမ်ဟုန်သည် ကိုယ်ကို အရှေ့သို့ကိုင်း၍ ချန်ရုံ၏နှုတ်ခမ်းများကိုသပ်ကာ ဆက်ပြောလိုပ်သည်။

"မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ဘယ်လိုအမည်တပ်ရမလဲဆိုတာ ကိုယ်လဲ မသိတော့ဘူး...ဒါပေမယ့် ကိုယ်သိတာက မင်းကို မူရုံခယ်ဖမ်းသွားတယ်ဆိုတဲ့အချိန်၊ မင်းဒီမှာ သတိမေ့မြောနေတာကို မြင်လိုက်ရတဲ့အချိန်တွေမှာ ကိုယ် စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင်ကို ကြောက်လန့်သွားရတယ်ဆိုတာပဲ...အဲဒီအချိန်မှာပဲကိုယ်တွေးလိုက်မိတယ်...ကိုယ့်ရဲ့အားရုံသာ သေသွားမယ်ဆိုရင် အခု ကိုယ်လုပ်နေတာတွေကရော အဓိပ္ပာယ်ရှိပါဦးမလားဆိုပြီး..."

ဝမ်ဟုန်ကရယ်၍ ကိုယ့်ဘာသာကိုယ်လှောင်ပြောင်သည့်အသံဖြင့်ပြောဘိုက်သည်။
"ကိုယ်လုပ်သမျှ အရာအားလုံးကို ဘယ်တုန်းကမှ ရှင်းပြစရာမလိုခဲ့ဘူ...ဒါပေမယ့် အခု ဒီနှစ်ရက်အတွင်းမှာ ကိုယ်ပြောခဲ့ရတဲ့စကားတွေက လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ ကိုယ်ပြောခဲ့တဲ့စကားတွေထက်တောင် ကျော်လွန်သွားသလိုပဲ..."

ဝမ်ဟုန်သည် ကိုယ်ကိုပြန်မတ်၍ သူစ၍ ချစ်မိသွားသည့်အချိန်မှစ၍ သူအတတ်နိုင်ဆုံး လက်မလွှတ်ရအောင် ဖက်တွယ်ထားခဲ့ရသော အမျိုးသမီးဖြစ်သူ ချန်ရုံ့ကိုကြည့်လိုက်သည်။

အတိတ်တုန်းကတော့ ဝမ်ဟုန်သည် ဤကဲ့သို့အလုပ်မျိုးလုပ်ရန် နှစ်ခါပြန်မစဉ်းစားခဲ့ဖူးချေ။ သို့သော် ဤတစ်ကြိမ်တွင်တော့ ဘာကြောင့်မှန်းမသိ အနည်းငယ်ပင်ပန်းနေမိကာ ချန်ရုံ၏မျက်လုံးများထဲမှ စိတ်ဆုံးဖြတ်ထားသည့်အကြည့်များကိုလည်း မမြင်ချင်ဖြစ်နေသည်။

ဝမ်ဟုန်သည် သက်ပြင်းချကာ အကြည့်များကို အောက်ချလိုက်သည်။ ထို့နောက် တစ်ဖက်သို့လှည့်၍ ညာဘက်ရှိနံရံဆီသို့လျှောက်သွားရင်းဖြင့်ပြောလိုက်ူည်။

"လူကြီးလူကောင်းတစ်ယောက်ရဲ့ကတိစကားတိုတာ ရွှေပြားတစ်သောင်းနဲ့တောင် ဝယ်လို့မရဘူး...ကိုယ်ပြောတဲ့စကားတွေအကုန်လုံးက ကိုယ့်ရဲ့နှလုံးသားထဲကလာတဲ့စကားတွေပါ...အားရုံ ကိုယ့်ကိုမယုံရင်လည်း ကိုယ်ဘာမှမလုပ်နိုင်တော့ဘူး..."

ဝမ်ဟုန်သည် နံရံပေါ်၌ချိတ်ထားသောဓားကိုလှမ်းယူကာ ဝှစ်ခနဲ ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။

ထို့နောက် ဓားရှည်ကိုကိုင်ကာ ချန်ရုံ့ဘက်သို့ပြန်လှည့်လိုက်သည်။ ဝမ်ဟုန်သည် တဖျတ်ဖျတ်တောက်ပနေသောမျက်လုံးများဖြင့် နူးညံ့စွာပြောလိုက်သည်။

"ကိုးယောက်မြောက်မင်းသမီးရဲ့ ဓားထိုးတာခံလိုက်ရတာကြောင့် မင်းစိတ်မကောင်းဖြစ်နေရတာ ကိုယ့်ရဲ့ပေါ့ဆမှုဆိုတာ ကိုယ်ဝန်ခံတယ်...အဲဒါကြောင့် ကိုယ် ဓားတစ်ချက် အစားပြန်ပေးမယ်...ကိုယ်မသေခဲ့ဘူးဆိုရင် ဒီနာကျင်မှုတွေကို အချင်းချင်းချေလိုက်ကြတာပေါ့..."

ထိုသို့ပြောပြီးသောအခါ ဝမ်ဟုန်သည် ဓားရိုးကိုကိုင်၍ ချန်ရုံ၏ ထိတ်လန့်တုန်လှုပ်သောအော်သံကြားတွင် ရင်ဘတ်ဆီသို့ အရှိန်ဖြင့် ထိုးစိုက်လိုက်တော့သည်။