အပိုင်း 253
Viewers 24k

Chapter 253
: စွန့်လွှတ်ရတော့မည်လား?



ချန်ရုံသည် သူမခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ပဲ ကုတင်ပေါ်မှ အလူးအလဲ ပြေးဆင်းလိုက်သည်။ ဝမ်ဟုန်၏ရင်ဘတ်မှ ဒဏ်ရာကို လက်လှမ်းလိုက်သော်လည်း စိုက်ဝင်နေသည့်ဓားကိုမြင်သောအခါ လက်ကိုရှေ့သို့ဆက်မဆိုးရဲတော့ချေ။

"တစ်‌ယောက်ယောက်...ဒီကိုအမြန်လာပါ..."

ချန်ရုံက ထိုသို့အော်လိုက်ရုံပင်ရှိသေးသည် ဝမ်ဟုန်က လက်ကိုလှမ်း၍ ချန်ရုံ၏ပါးစပ်ကို အမြန်ပိတ်လိုက်သည်။

"မလှုပ်နဲ့လေ..."

ချန်ရုံက ပါးစပ်ကိုအုပ်ခံထားရသောကြောင့် ဗလုံးဗထွေးနှင့် အလန့်တကြားပြောလိုက်သည်။

ဝမ်ဟုန်က ပြုံးနေဆဲဖြစ်သော်လည်း သူ၏ချောမောသည့်မျက်နှာကတော့ နာကျင်မှုဖြင့် ဖြူဖျော့နေသည်။
"အားရုံ...ဓားနဲ့အထိုးခံရတာ တကယ်နာတာပဲနော်..."

ဝမ်ဟုန်က ရယ်၍ပြောလိုက်သည်။

"သမားတော်ကိုခေါ်...သမားတော်ကို အမြန်ခေါ်ပါ..."

ချန်ရုံက ထပ်ပြောလိုက်သော်လည်း ဝမ်ဟုန်၏လက်က ပါးစပ်ကို တင်းကြပ်စွာအုပ်ထားသောကြောင့် အသံကမထွက်နိုင်ဖြစ်နေသည်။

ဝမ်ဟုန်က သူ့ရင်ဘတ်ထဲ စိုက်ဝင်နေသည့် ဓားကိုငုံ့ကြည့်လိုက်သည်။

"ကိုယ်ငယ်ငယ်လေးတည်းက ကိုယ့်ဆံပင်လေး တစ်မျှင် နှစ်မျှင် ကျွတ်ရင်တောင် လူတွေက သည်းသည်းလှုပ်နေကြတာ...တခြားလူတွေလည်း ဒဏ်ရာရ‌တာကိုယ်မြင်ဖူးပေမယ့် ဓားနဲ့အထိုးခံရတာ ဒီလောက်နာမှန်း ကိုယ်မသိခဲ့ဘူး..."

ဝမ်ဟုန်၏မျက်နှာက ‌ဖြူဖျော့နေသော်လည်း အပြုံးကတော့ လုံးဝအပြစ်ကင်းစင်နေသည်။ ဝမ်ဟုန်သည် ထို့နောက် ခေါင်းကိုစောင်း၍ ရင်ဘတ်မှ ထိုးထွက်နေသော ဓားနှင့် တစက်စက်ကျနေသော သွေးများကို စိုက်ကြည့်လိုက်သည်။

သွေးစီးကြောင်းက ဖြည်းဖြည်းချင်းကျ၍ ခဏအကြာတွင် သူ၏အဖြူရောင်ဝတ်ရုံတစ်ဝက်နီးပါး အနီရောင်သွေးများဖြင့် ရွှဲသွားတော့သည်။

ဝမ်ဟုန်သည် ထိုခံစားချက်ကို အပြည့်အဝခံစားနေသည့်ပုံနှင့် သွေးများကိုအာရုံစူးစိုက်စွာ ကြည့်နေလေသည်။

အချိန်အတော်ကြာ စိုက်ကြည့်ပြီးသောအခါမှ ဝမ်ဟုန်က ခပ်တိုးတိုးပြောလိုက်သည်။

"ကိုယ့်ရဲ့အဖိုးမဆုံးခင်တုန်းက ကိုယ်သာ ခေါင်းအေးအေးထားပြီး မလုပ်ရင် ကောင်းမွန်မြင့်မြတ်တဲ့အရာတွေကို လုပ်နိုင်မှာမဟုတ်ဘူးလို့ပြောဖူးတယ်...လူတွေကိုအုပ်ချုပ်ဖို့ဆိုရင် အားနည်းသူတွေ၊ ဆင်းရဲသူတွေရဲ့နာကျင်မှုနဲ့ ကူကယ်ရာမဲ့သူတွေရဲ့ အကြောက်တရားတွေကိုသိရမယ်...ကိုယ်က အရမ်းကို သံယောဇဉ်တွယ်လွန်းပြီး ဘယ်အချိန်မှာ အလျှော့ပေးရမယ်ဆိုတာကိုလည်းမသိဘူးတဲ့...အဲဒီတုန်းက အဖိုးက ကိုယ့်ကို ဓားမြှောင်တစ်ချောင်းပေးပြီး ဆုံးဖြတ်ချက်ချရတာရဲ့နာကျင်မှုကိုသိအောင် ကိုယ့်အသားကိုယ် လှီးခိုင်းခဲ့တယ်...ဒါပေမယ့် ကိုယ်မလုပ်ခဲ့ဘူး...ဒီနေ့အထိပေါ့လေ..."

ထိုသို့ပြောပြီးသောအခါ ဝမ်ဟုန်သည် ချန်ရုံ့ပါးစပ်ကိုအုပ်ထားသောလက်ကိုလွှတ်ပေး၍ ချန်ရုံ့မျက်လုံးများကိုစိုက်ကြည့်ကာ ညင်သာစွာပြောလိုက်သည်။
"အားရုံ...ကိုယ်မှားတာကိုယ်သိပါတယ်...ဒါပေမယ့် ဖြစ်ပြီးတာတွေက ဖြစ်ပြီးသွားပြီလေ...အဲဒါကိုတောင်မှ ဆက်ပြီး အညှိုးကြီးနေမယ်ဆိုရင်တော့ ကိုယ် မင်းကို ထွက်သွားခွင့်ပြုပါမယ်..."

ဝမ်ဟုန်သည် ချန်ရုံ့အား တကယ်ပင် ထွက်သွားခွင့်ပေးမည်ဟုပြောလိုက်ခြင်းလား။

ချန်ရုံသည် ခေါင်းကို ဝှစ်ခနဲမော့၍ ပြူးကျယ်သောမျက်လုံးများဖြင့် ဝမ်ဟုန့်အားစိုက်ကြည့်ကာ မယုံရဲဖြစ်နေသည်။

ဝမ်ဟုန်ကပြုံးလိုက်သည်။
"အရူးမလေး...အရင်တုန်းကလည်း ကိုယ်မင်းကို အမြဲပဲ အတင်းအကြပ်လုပ်ခိုင်းခဲ့တာလေ...မင်း ကိုယ့်ကို ခွင့်မလွှတ်နိုင်တာ သဘာဝကျပါတယ်..."
ထို့နောက် ဝမ်ဟုန်က ချန်ရုံ့အား တိုးတိတ်စွာကြည့်၍ အကြည့်ကို အောက်ချလိုက်သည်။ ဝမ်ဟုန်သည် ဤအသည်းကွဲရသောခံစားချက်ကို နည်းနည်းမျှ မကြိုက်ပါပေ။ ထိုနာကျင်မှုအပြင် ကြောက်လန့်ရခြင်းနှင့် ကူကယ်ရာမဲ့ခြင်းတို့ကိုလည်း ဝမ်ဟုန်မကြိုက်ပါချေ။ သူတို့နေထိုင်နေသော ကမ္ဘာကြီးသည် လူများကို စွမ်းအားမဲ့အောင်လုပ်တတ်သည်။ ကိုယ့်နှလုံးသား၏ခံစားချက်များကိုမှ မလိုက်လျောနိုင်လျှင် ဘဝကြီးက အလွန်ပင်ဝမ်းနည်းစရာကောင်းသွားမည်မဟုတ်လား။ ဤဓားထိုးချက်က ဝမ်ဟုန့်အား စွန့်လွှတ်တတ်ဖို့ သင်ပေးခဲ့သည်ဆိုလျှင် နာကျင်ရကျိုးနပ်ပါလိမ့်မည်။

"အပြင်မှာ တစ်ယောက်ယောက်ရှိလား..."
ဝမ်ဟုန်က အသံကိုမြှင့်၍မေးလိုက်သည်။

ခြံဝန်းဆီမှ ခြေသံများပေါ်လာသည်။ အစေခံများက အခန်းထဲသို့ ခြေချလိုက်သည်နှင့် အော်ဟစ်လိုက်သံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် အစောင့်များက တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ ဘဏ္ဍာစိုးကတော့ အလွန်အမင်းပင် ထိတ်လန့်သွားကာ မျက်ရည်များဖြင့် အော်လိုက်သည်
"မြန်မြန်...သမားတော်ကို အမြန်သွားပင့်ကြစမ်း..."

ထိုလူများသည် ဘယ်တုန်းကမှ ဝမ်ဟုန့်အား ဤကဲ့သို့ မမြင်ဖူးခဲ့ကြချေ။ ထို့‌ကြောင့် ထိတ်လန့်ကုန်ကြ၍ အော်ဟစ်ငိုယိုနေကြသည်။

"အားလုံး တိတ်ကြစမ်း..."
ဝမ်ဟုန်က ပြောလိုက်သည်။

ထိုအခိုက်၌ ဝမ်ဟုန့်ကိုယ်ထဲ၌ စီးဆင်းနေသော စွမ်းအင်များက လျော့နည်းနေသည်မှာတော့ အမှန်ပင်။

ဝမ်ဟုန်၏မျက်နှာ တဖြည်းဖြည်းဖြူဖျော့လာသည်ကိုကြည့်၍ ဘဏ္ဍာစိုးက ‌ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲ ဒူးထောက်ကျကာ တုန်လှုပ်နေသောအသံဖြင့် ပြောလိုက်သည်။
"သခင်...ဘာတွေဖြစ်နေတာပါလဲ...ဒါ ဘယ်..ဘယ်သူလုပ်သွားတာလဲ..."

အခန်းထဲ၌ ဝမ်ဟုန်နှင့် ချန်ရုံသာ ရှိနေကြသည်ဖြစ်၍ ဘဏ္ဍာစိုးက ထိုမေးခွန်းကိုမေးလိုက်သောအခါ လူများစွာက ချန်ရုံ့အား လှမ်းကြည့်လိုက်ကြသည်။

ဝမ်ဟုန်က မျက်လွှာချ၍ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
"မင်း မမြင်ဘူးလား...ငါ့ဘာသာငါ ထိခိုက်မိသွားတာလေ..."
ထို့နောက် ဝမ်ဟုန်က အခန်းထောင့်၌ရပ်နေသော အစောင့်ဆီသို့လှည့်၍ပြောလိုက်သည်။
"ရီကျိ မင်းဒီဒဏ်ရာကို လာလုပ်ပေးချေ..."

အစောင့်က ဝမ်ဟုန့်အားကြည့်၍ ညှိုးငယ်စွာပြောလိုက်သည်။
"ကျွန်တော် မလုပ်ရဲပါဘူး..."

"လာသာလာစမ်းပါ...သမားတော်မလာခင် မင်းရဲ့သခင်ကို သွေးထွက်လွန်ပြီး သေသွားစေချင်လို့လား..."

"ဟုတ်ကဲ့ပါ အရှင်..."
အစောင့်က ပြောကာ ဝမ်ဟုန့်ဆီသို့ လှမ်းလာလိုက်သည်။

အစောင့် ရှေ့သို့ ရောက်လာချိန်တွင် အစေခံတစ်ဦးက ဓားဒဏ်ရာအတွက် အကောင်းဆုံးသောဆေးကို ယူလာလိုက်သည်။ (1)

[(1) - သံနှင့်ပြုလုပ်သောလက်နက်များကြောင့်ဖြစ်သောဒဏ်ရာအတွက်ဆေး။ ထိုဆေးများသည် သွေးထွက်သည်ကိုရပ်စေ၍ နာကျင်မှုကို ပျောက်စေကာ ယောင်ယမ်းမှုကိုလည်း သက်သာစေနိုင်သည်။]

ချန်ရုံသည် ဘေး၌ရပ်၍ အစောင့်စစ်သည်က ဝမ်ဟုန့်ရင်ဘတ်မှဓားကို ကျွမ်းကျင်စွာ ဆွဲနှုတ်၍ ဒဏ်ရာပေါ်၌ ဆေးကိုအုံကာ ပတ်တီးစီးပေးနေသည်ကို ကြည့်နေလိုက်သည်။

ပတ်တီးစီးပြီးသောအခါမှ အစောင့်သည် သက်ပြင်းချကာ နဖူးပေါ်မှချွေးကိုသုတ်၍ ပြောလိုက်သည်
"ဒဏ်ရာက အရမ်းမနက်လို့တော်သေးတာပေါ့..."

ထိုအချိန်၌ ဝမ်ဟုန်၏ မျက်နှာနှင့်နှုတ်ခမ်းများပါ နှင်းကဲ့သို့ ဖြူဖျော့နေပြီဖြစ်သည်။ ဝမ်ဟုန်သည် အစေခံတစ်ဦး၏လက်ကိုကိုင်၍ ထကာ ပြုံး၍ပြောလိုက်သည်။

"ငါက ငါ့ရဲ့အသားဆိုတော့ မရည်ရွယ်ပဲ နည်းနည်းအလျှော့ပေးလိုက်မိတယ်ထင်ပါရဲ့..."

အစောင့်က ထောက်ခံသည့်သဘောဖြင့် ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ်...ဒဏ်ရာကိုကြည့်ရ‌သလောက်ဆိုရင် တခြားဘယ်သူကမှ အရှင့်ကို ဒီဒဏ်ရာပေးခဲ့တာ မဖြစ်နိုင်ပါဘူး..."

ထိုအစောင့်၏စကားကြောင့် ဓားကို ဝမ်ဟုန်ကိုယ်တိုင်ထိုးလိုက်သည်ဆိုသည်ကို လူတိုင်း ယုံသွားကြလေသည်။

ဒဏ်ရာကိုပတ်တီးစည်းပြီးသောအခါ အစေခံများက ဝမ်ဟုန့်ကိုမ၍ သူ၏အခန်းဆီသို့ ပြန်လည်ခေါ်ဆောင်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လူများစွာဖြင့် အုန်းအုန်းကြွက်ကြွက်ဖြစ်နေခဲ့သော အခန်းသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ကြမ်းပြင်ပေါ်ရှိ‌ သွေးကွက်မှလွဲ၍ အခြားဘာမှမကျန်ခဲ့တော့ပေ။

လူတိုင်းက ချန်ရုံရှိနေသည်ကို မေ့သွားသကဲ့သို့ပင်။

ချန်ရုံသည် တံခါးနှင့် ထွက်ခွာသွားသောလူအုပ်ကြီးကို အကြည့်ဗလာဖြင့် ငေးကြည့်နေမိသည်။ ချန်ရုံ အရှေ့သို့ခြေတစ်လှမ်းတိုးလိုက်စဉ်တွင် တံခါးဆီမှ အစေခံတစ်ဦး၏အသံကထွက်ပေါ်လာသည်။
"သခင်မလေးက အခုမှ ဒဏ်ရာတွေသက်သာလာတာလို့ အရှင်က ပြောပါတယ်...အဲဒါကြောင့် သိပ်ပြီး လှုပ်လှုပ်ရှားရှား မလုပ်ပါနဲ့...သခင်မလေး အိပ်ယာဆီပြန်သွားပါ..."
မမျှော်လင့်စွာပင် ထိုအစေခံက ချန်ရုံ့အား ခေါ်သည်ကိုပြောင်း၍ သခင်မလေးဟု ခေါ်လိုက်လေသည်။

ထိုအခါမှသာလျှင် ချန်ရုံလည်း ဒဏ်ရာများက နာကျင်နေ၍ ခန္ဓာကိုယ်ကလည်း အင်အားမရှိသည်ကို သတိထားလိုက်မိသည်။ ထို့ကြောင့် ဘေးမှ ပရိဘောဂတစ်ခုကို ကိုင်၍ ကုတင်ဆီသို့ ခပ်ဖြည်းဖြည်းသွားလိုက်သည်။

ချန်ရုံသည် ကုတင်ပေါ်၌ လှဲနေသည့်တစ်ချိန်လုံး မျက်လုံးများကို ပိတ်ထားလိုက်သည်။

အချိန်အတော်ကြာမှ အက်ကွဲသည့်အသံဖြင့် မေးလိုက်သည်။
"သမားတော်ရောက်နေပြီလား..."

"ဟုတ်ကဲ့..."
အစေခံတစ်ဦး၏ဖြေသံထွက်လာသည်။

"ဘာပြောလဲ..."

"သခင်လေးက အတွင်းကလီစာတွေ မထိခိုက်သွားဘူးလို့ သမားတော်ကပြောပါတယ်...မနက်ဖြန်အထိ အဖျားမရှိဘူးဆိုရင် နှစ်ပတ်အတွင်းမှာ ပြန်ကောင်းမယ်လို့ပြောပါတယ်..."

ချန်ရုံက မျက်နှာကြတ်သို့မော့ကြည့်ကာ စကားဆက်‌မပြောကြပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်ရက်ကကုန်ဆုံးသွားသည်။ ချန်ရုံက စိုးရိမ်နေသော်လည်း ဝမ်ဟုန်ကတော့ အဖျားမဝင်ခဲ့ပေ။

ထိုနှစ်ရက်အတွင်းတွင် ချန်ရုံက ဆေးများကို အချိန်မှန်သောက်၍ ခန္ဓာကိုယ်ကို ဂရုစိုက်နေသော‌ကြောင့် ကျန်းမာရေးက သိသိသာသာပင် တိုးတက်လာလေသည်။

ထိုနှစ်ရက်အတွင်းတွင် ချန်ရုံသည် နိုးလာတိုင်း တံခါးကို လှမ်းလှမ်းကြည့်နေမိသည်။ ဝမ်ဟုန်၏ဒဏ်ရာများ၏အခြေအနေကို မေးချင်သော်လည်း မမေးရဲဖြစ်နေသည်။

သုံးရက်မြောက်နေ့တွင် ခဏမျှ စိတ်ပူနေပြီးသောအခါ ချန်ရုံက ခပ်တိုးတိုးမေးလိုက်သည်။
"ဒီမှာ ဝေါယာဉ်ရှိလား..."

"ဟုတ်ကဲ့ ရှိပါတယ် သခင်မလေး..."

"ကျွန်မကို ချီလန့်ဆီခေါ်သွားပေးပါ..."

"ဟုတ်ကဲ့..."

ခဏအကြာတွင် အစေခံမိန်းကလေးလေးယောက် ရောက်လာ၍ ချန်ရုံ့အား ဂရုတစိုက်မကာ ဝေါယာဉ်ပေါ်သို့တင်လိုက်သည်။ ထို့နောက် အစောင့်စစ်သည်နှစ်ဦးရောက်လာကာ ဝမ်ဟုန်၏အဆောင်တော်ဆီသို့ သယ်သွားလေသည်။

ခြံဝန်းအပြင်ဘက်တွင် အစောင့်များနှင့် အစေခံများက ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြသည်။ ချန်ရုံ့အားမြင်သောအခါ သူတို့သည် ခေါင်းများကိုငုံ့၍ နောက်သို့ဆုတ်ကာ ချန်ရုံ့အတွက် လမ်းဖယ်ပေးလိုက်ကြသည်။ သူတို့၏အမူအယာများက ရိုသေသည့်ပုံပေါ်ကြသော်လည်း စိတ်ထဲတွင်တော့ ချန်ရုံ့အား ကျိတ်၍ မုန်းနေကြသည်ဟု ချန်ရုံ ခံစားနေမိသည်။ ဟုတ်လည်းဟုတ်ပါသည်။ မည်သူက အ‌ကြောင်းမရှိပဲ သူ့ကိုယ်သူ ဓားနှင့်ထိုးမည်နည်း။ ဝမ်ဟုန်သူ့ကိုယ်သူ ဓားနှင့်ထိုးရခြင်းက ချန်ရုံ့ကြောင့်ဆိုသည်မှာ

တွေးကြည့်စရာပင်မလိုပါချေ။

မကြာခင်မှာပင် ချန်ရုံသည် ဝမ်ဟုန်၏ အိပ်ခန်းအပြင်ဘက်သို့ ရောက်လာလေသည်။

အထဲမှ အသံများအရ ဝမ်ဟုန်သည် အစည်းအဝေးငယ်လေးကျင်းပနေသည်ကို သိလိုက်ရသည်။ အစောင့်နှစ်ဦးက ရပ်၍ ချန်ရုံ့အား ညင်သာစွာချကာ တစ်ဖက်ဆီသို့ လျှောက်သွား၍ ရပ်လိုက်ကြသည်။

"ဧကရီဘုရင်မကြီးကရော ဘယ်လိုလဲ..."
ဝမ်ဟုန့်အသံကိုကြားသောအခါ ချန်ရုံသည် မနေနိုင်ပဲ နားစွင့်ထောင်လိုက်မိသည်။

"ဘုရင်မကြီးက ဒီကိစ္စကို လွှတ်ပေးလိုက်ဖို့ သဘောမတူဘူးဖြစ်နေတယ်..."

နောက်လူတစ်ယောက်ကပြောလိုက်သံကို ချန်ရုံကြားလိုက်ရသည်။

"တော်ဝင်မိသားစုရဲ့အာဏာနဲ့ဆိုရင် ဘာဖြစ်လို့များ ပညာရှိတစ်ယောက်နဲ့ အစေခံလေးနည်းနည်းကို ဘာလို့ လိုက်မရှာနိုင်ရမှာလဲ လို့ ဘုရင်မကြီးက ပြောပါတယ်...သူတို့မရှာနိုင်တာက အရှင့်ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့်လို့ ထင်နေပါတယ်..."



ခဏမျှတိတ်ဆိတ်နေပြီးမှ ဝမ်ဟုန်၏ အားနည်းသော အသံတိုးတိုးကထွက်လာသည်။

"ဒီလူတွေက ကာကွယ်ပေးရမယ့်လူတွေ...သူတို့တွေထဲက တစ်ယောက်ယောက်ထိခိုက်မယ်ဆိုရင် မင်းပဲဖြေရှင်းရလိမ့်မယ်..."

"ဟုတ်ကဲ့..."

"အရှင်..."
နောက်အသံတစ်သံက ထွက်ပေါ်လာပြန်သည်။
"တော်ဝင်အိမ်တော်ဝန်က လူအများရှေ့မှာ ဝတ်စုံနီ ဝတ်ပြီးတည်းက ကျန့်ခန်းအနုပညာရှင်တွေကြားမှာ ဝတ်စုံနီတွေ ခေတ်စားလာခဲ့ပါတယ်...မြေအောက်အဖွဲ့‌တွေက တော်ဝင်အိမ်တော်ဝန်ကို အရှင်ရရင်ပြီးရော ကျန်တာဘာပဲဖြစ်ဖြစ်ဆိုပြီး ရွှေပြားပေါင်း တစ်သောင်းပေးဝယ်ဖို့လုပ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်..."

ခဏရပ်လိုက်ပြီးမှ ထိုလူက ဆက်ပြောလိုက်သည်။

"အဲဒီကြေငြာချက်က လွန်ခဲ့တဲ့ နှစ်လလောက်က ထွက်လာခဲ့တာပါ..."

လွန်ခဲ့တဲ့နှစ်လ?
ထိုအချိန်တုန်းက ချန်ရုံနှင့် ဝမ်ဟုန်တို့ပင် ကျန့်ခန်းသို့ ပြန်မရောက်ကြသေးချေ။ ချန်ရုံ့နောက်အားလိုက်နေသည့် မြေအောက်အဖွဲ့အစည်းက တကယ်ပင်ရှိနေခဲ့သည်လား။

ချန်ရုံတုန်လှုပ်သွားမိသည်။ ထိုမြေအောက်အဖွဲ့အစည်းအကြောင်းကိုချန်ရုံသိသည်။ ထိုအဖွဲ့အစည်းတည်ရှိခဲ့သည်မှာ နှစ်ပေါင်းကြာမြင့်ပြီဖြစ်၍ အထက်တန်းလွှာများစွာနှင့် စစ်မားအိမ်တော်နှင့်လည်း အဆက်အစပ်ရှိကြလေသည်။ ထိုအဖွဲ့အစည်း၌ လိုချင်သမျှသောအရာအားလုံးကိုဝယ်ယူ၍ရလေသည်။တောင်ပိုင်းသို့ခရီးသွားရင်းဖြင့် ပျောက်ဆုံးသွားခဲ့သော သေဆုံးသူဧကရာဇ်၏မိဖုရား ဘုရင်မကြီးလီအား ထိုမြေအောက်အဖွဲ့အစည်းနှင့်အတူ တွေ့ခဲ့ရသည်ဟူသော ကောလဟလများပင် ကြားခဲ့ရဖူးသည်။ ထိုအချိန်၌ ဘုရင်မကြီးသည် ထိုအဖွဲ့သားများ၏လိင်ကျွန်တစ်ယောက်ဖြစ်နေရသည်ဟုဆိုကြသည်။ ဘုရင်မကြီး၏သားတော်မင်းသားကလည်း နာမကျန်းမှုဖြင့်သေဆုံးသွားခဲ့သောကြောင့် ဘုရင်မကြီးကို ပြန်တောင်းရန်သွားကြသောလူများကလည်း သေချာမပြောဆိုခဲ့ကြပေ။

"မြေအောက်အဖွဲ့အစည်း ဟုတ်လား..."
ဝမ်ဟုန်က အေးစက်စွာမေးလိုက်သည်။
"ငါက သူတို့တွေကို မတိုက်ခိုက်ရဲဘူးလို့ သူတို့က ထင်နေကြတာလား..."

"အရှင်..."

ထိုလူက အလျင်အမြန်ပြောလိုက်သည်။
"အရှင်က အခု တော်တော်ကိုပြင်းထန်တဲ့မုန်တိုင်းထဲကိုရောက်နေတာပါ...သည်းခံစောင့်ဆိုင်းမှုတော့ နည်းနည်းလိုပါလိမ့်မယ်..."

ဝမ်ဟုန်ကခေါင်းခါလိုက်သည်။
"ငါ အားရုံကို ထွက်သွားလို့ရတယ်လို့ ကတိပေးပြီးပြီ...အဲဒီအဖွဲ့အစည်းကို ချေမှုန်းပစ်မှပဲရတော့မယ်..."

ခဏရပ်ပြီးသောအခါ ဝမ်ဟုန်က တစ်စုံတစ်ခုကိုထုတ်ယူ၍ အောက်သို့ ပစ်ချလိုက်ပုံရသည်။
"ဒါကိုယူသွား...ဒါက အမွေဆက်ခံမယ့်လူရဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ အမိန့်ပဲ...ဒီအမိန့်ကိုသာ ချမှတ်လိုက်ရင် ဝမ်အိမ်တော်ရဲ့ တပ်တွေအားလုံးကို ထိန်းချုပ်နိုင်မယ်...မြန်မြန်သွားတော့...ငါ ဒီအဖွဲ့အစည်းရဲ့နာမည်ကို ကျန့်ခန်းမှာ လုံးဝမရှိတော့အောင် ပျောက်ကွယ်သွားစေချင်တယ်..."

နားထောင်နေသည့်လူက အလွန်အံ့ဩသွားသောကြောင့် အော်ဟစ်ပြောလိုက်သည်။
"အရှင်...ဒီအမိန့်က တစ်ခါပဲ အသုံးပြုလို့ရမှာလေ...အဲဒါကို မိန်းမတစ်ယောက်အတွက်နဲ့ သုံးလိုက်မလို့လား..."

"ဒါ ငါသူ့အပေါ် တင်နေတဲ့အ‌ကြွေးပဲလေ..."

ချန်ရုံ့အပေါ်တင်နေသည့်အကြွေးတဲ့လား။

ဝမ်သုန်၏အသံက အဘယ်ကြောင့်များ ဤမျှ အေးစက်နေရပါလိမ့်။

ဝမ်ဟုန်သည် ချန်ရုံ့အကြောင်းကို ဤမျှစိမ်းကားစွာပြောဖူးသည်ကို ယခုမှပင် ပထမဆုံး ချန်ရုံကြားဖူးသောကြောင့် ဖြစ်ပေလိမ့်မည်။ ဝမ်ဟုန်သည် ချန်ရုံ၏အချစ်များကို ပြန်လည်တုံ့ပြန်ချင်သည်လား၊ သူတို့နှစ်ယောက်ကြားရှိ ကျေးဇူးတရားများကို သင်ပုန်းချေ၍ စွန့်ခွာသွားချင်၍လားဆိုသည်မှာ မသိနိုင်တော့ပါချေ။

ချန်ရုံသည် ထိုအမျိုးသားအား စွန့်ခွာရန် အကြိမ်ကြိမ်အခါခါတွေးဖူးသော်လည်း ဝမ်ဟုန်၏အသံကိုကြားလိုက်ရသည့် ထိုအခိုက်အတန့်၌ ချန်ရုံ၏နှလုံးသားက အစိပ်စိပ်အမြွှာမြွှာကွဲကြေသွားသည်ဟု ခံစားလိုက်ရသည်။

"သူ့ဒဏ်ရာတွေရောဘယ်လိုလဲ..."
ဤတစ်ခေါက်တွင်တော့ ဝမ်ဟုန်၏အသံက နူးညံ့သွားသည်။

"သက်သာနေပါပြီ..."
အစေခံတစ်ဦးက ပြန်ဖြေလိုက်သည်။
"ဒီလိုပဲဆက်သွားရင် တစ်လလောက်ဆို ကောင်းသွားမှာပါ..."

"ဟုတ်လား..."
ဝမ်ဟုန်ကပြုံးလိုက်သည်။

"အားရုံက နန်ယန်ကိုပြန်ချင်နေတာ...အဲဒီကိုသွားပြီး နန်ယန်မင်းသားနဲ့ အထက်တန်းလွှာကလူတွေကိုသတိပေးထားလိုက်...ပြီးတော့ အားရုံအတွက် မြေဩဇာကောင်းတဲ့ လယ်ကွက်တစ်ထောင်နဲ့ ရွာငယ်နှစ်ခုပါဝယ်ပေးလိုက်...အစောင့်အယောက်သုံးဆယ်နဲ့ အစေခံဆယ်ယောက်ပါထည့်ပေးလိုက်...မင်းတို့အကုန်လုံး ဘဝတစ်လျှောက်လုံး အားရုံအပေါ်သစ္စာစောင့်သိကြရမယ်...မင်းကိုယ်တိုင်လည်း အားရုံရဲ့ ဘဏ္ဍာစိုးလုပ်လိုက်...သူမေးလာရင်လည်း သူချစ်တဲ့ဘယ်သူကိုမဆို လက်ထပ်လို့ရတယ်လို့ပြောပါ...သူ့အကြောင်းတွေကို ငါစုံစမ်းနေတာ သူမကြိုက်ဘူးဆိုရင်လည်း သူ့အတွက်စိတ်ချရတဲ့လူတစ်ယောက်ရှာပေးပြီးရင် မင်းပြန်လာလို့ရတယ်..."

ထိုသို့ပြောပြီးသွားသောအခါ ဝမ်ဟုန်သည် အလွန်ပင် ပင်ပန်းသွားပုံပေါ်သည်။ ချန်ရုံက မျက်လုံးများကိုမှိတ်၍ နားကိုအစွမ်းကုန်စွင့်ကာ ဝမ်ဟုန်၏အသံတိုးတိုးကိုဆက်နားထောင်လိုက်သည်။

"ငါချစ်တဲ့အမျိုးသမီးက ငါ့ကိုစိတ်ပျက်ပြီး မုန်းတီးနေမယ်ဆိုရင် ငါလုပ်ခဲ့သမျှအရာတွေအားလုံးက ဘာများအကျိုးရှိဦးတော့မှာလဲ...ငါ့အတွက်နဲ့ သူဆုံးရှုံးခဲ့ရသမျှအရာတွေကို ပြန်ပေးလိုက်ရအောင်ပါ..."