Chapter 254
: သူမ လိုချင်သည်ကို ပေးလိုက်ပါ
ချန်ရုံက မူးဝေစွာနားထောင်ရင်းဖြင့် နားထဲမှ အသံများမြည်လာသည်။ ခေါင်းများကလည်း ချာချာလည်ကာ ရင်ဘတ်နေရာမှလည်း တင်းကြပ်လာသည်။
ထို့နောက် နှုတ်ခမ်းများကိုကိုက်၍ တိုးတိုးလေးပြောလိုက်သည်။
"ပြန်ကြရအောင်..."
အစောင့်နှစ်ယောက်က ချန်ရုံ့အား လှမ်းကြည့်၍ ခေါင်းငြှိမ့်ကာ ချန်ရုံ့ကို အခန်းဆီသို့ ပြန်သယ်သွားကြလေတော့သည်။
ချန်ရုံထွက်သွားပြီးသောအခါ အခန်းထဲမှ စကားသံများကလည်း တဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။ ထို့နောက် ဝေ့ကွမ်းပေါဦးဆောင်၍ ပညာရှိများက တစ်ယောက်ချင်း အခန်းထဲမှ ထွက်သွားကြလေတော့သည်။
ထိုလူများထဲ၌ မုတ်ဆိတ်မရှိသောမျက်နှာနှင့် ရှည်သွာသောမျက်လုံးများဖြင့် အသက်ကြီးကြီးလူတစ်ဦးပါနေသည်။ ထိုလူသည် တံခါးဆီသို့လျှောက်သွားရင်းဖြင့် မျက်နှာကျက်အား ခံစားချက်မဲ့စွာမော့ကြည့်နေသော ဝမ်ဟုန့်ကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် ဝမ်ဟုန်၏ချောမောသောမျက်နှာက အထီးကျန်မှုများဖြင့်ပြည့်နေလေသည်။ သူ၏အိမ်က ကြွယ်ဝချမ်းသာမှုများဖြင့်ပြည့်နေ၍ အဖိုးတန်သောအဝတ်အစားများစွာရှိနေသော်လည်း ဝမ်ဟုန်၏ မည်းနက်သောမျက်လုံးများနှင့် ဖြူလျော်နေသော မျက်နှာကို ပေါင်းစပ်လိုက်သောအခါ မြင်ရသည့်မြင်ကွင်းက ကြေကွဲဖွယ်ဖြစ်နေလေသည်။
ထိုလူကြီးသည် ဝမ်ဟုန့်အား ထိုကဲ့သို့ပုံစံဖြင့် ဘယ်တုန်းကမှ မမြင်ဖူးခဲ့ချေ။
ထို့ကြောင့် ထိုလူသည် အနောက်၌ ချန်နေခဲ့၍ ဝမ်ဟုန့်နားသို့ သွားလိုက်သည်။
ဝမ်ဟုန့်နားသို့ရောက်သောအခါ ဝမ်ဟုန့်အားငုံ့ကြည့်၍ သက်ပြင်းချလိုက်သည်။
"အရှင်ဘာဖြစ်လို့ ဒီလိုဖြစ်နေရတာပါလဲ ချီလန်..."
ထိုလူကြီးက ပြုံး၍ ပြောလိုက်သည်။
"အရမ်းကိုနန်းဆန်ပြီး ဒီလောကနဲ့တောင်မထိုက်တန်တဲ့ ချီလန် ဘယ်ရောက်သွားလဲ...ယောင်္ကျားတွေဟာတကယ်ပဲ မိန်းမတွေကြောင့် လမ်းလွဲကို လိုက်ကြတာပေပဲ..."
ဝမ်ဟုန်က ခေါင်းကိုငုံ့လိုက်ကာ နက်မှောင်သောမျက်လုံးများဖြင့် ထိုလူ့ကိုစိုက်ကြည့်နေလေသည်။ ကြည့်နေရင်းဖြင့် နှုတ်ခမ်းများကိုတွန့်ကာပြောလိုက်သည်။
"ငါဘာလုပ်ရမလဲ..."
ဝမ်ဟုန်၏အသံက အလွန်ပင် အက်ကွဲဩရှနေသည်။
"လန်ကျစ် ငါဘာလုပ်ရမလဲ..."
လန်ကျစ်ဟုခေါ်သော ထိုလူက မျက်လုံးများကိုမှေးစင်း၍ ရယ်မောကာပြောလိုက်သည်။
"အရှင် ဘာလုပ်ရမလဲဟုတ်လား...ခုနကပဲ အရှင် ဆုံးဖြတ်ချက်တွေ ချပြီးသွားပြီမဟုတ်ဘူးလား..."
ဝမ်ဟုန်က လန်ကျစ်၏ဟာသကို ရယ်ရန်လည်း အားမရှိသလို စိတ်ဆိုးရန်လည်း အားမရှိတော့ပေ။ ဝမ်ဟုန်သည် ခေါင်းကိုပြန်မော့၍ မျက်နှာကျက်မှ ထုတ်တန်းများကိုသာ ငေးကြည့်နေလိုက်ပြန်သည်။ ခဏအကြာမှာ ပြောလိုက်သည်။
"ဒါ ငါလုပ်တတ်တဲ့ တစ်ခုတည်းသော ပရိယာယ်ပဲ...ဒါကလွဲလို့ အားရုံကို ငါဘယ်လို ဆက်ပြီး စိတ်ပြောင်းအောင်လုပ်ရမလဲ မသိတော့ဘူး..."
"သူ ငါ့အနားမှာဆက်ရှိနေအောင်လို့ ဘယ်လိုလုပ်ရမလဲဆိုတာကို ငါမသိတော့ဘူး..."
ထို့နောက် ဝမ်ဟုန်က အသံတိုးတိုးဖြင့် ဆက်ပြောလိုက်သည်။
"လန်ကျစ် မင်းမှာက မင်းကိုသဘောကျတဲ့လူတွေ အများကြီးရှိတာပဲ...ငါဘာလုပ်သင့်တယ်လို့မင်းထင်လဲ..."
လန်ကျစ်က ပန်းလျစွာပြုံးလိုက်သည်။
"အရှင့်ရဲ့ အမျိုးသမီးက တခြားလူတွေနဲ့ မတူပါဘူး...ကျွန်တော့်ရဲ့နည်းလမ်းတွေကသာအသုံးဝင်ရင် အရှင့်ရဲ့ မိသားစုနာမည်လည်း ပျက်မှာမဟုတ်ဘူးလေ..."
လန်ကျစ်၏စကားကိုကြားသောအခါ ဝမ်ဟုန်က နွမ်းလျစွာပြုံးလိုက်သည်။
ထို့နောက် မျက်လုံးများကိုမှိတ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"ငါ အားရုံကို လက်မလွှတ်ချင်ဘူး...ငါ လက်လွှတ်မှာမဟုတ်ဘူး..."
ဝမ်ဟုန်၏အသံက ဆုံးဖြတ်ချက်ခိုင်မာနေသည့်ပုံပေါက်နေသည်။
လန်ကျစ်က နဖူးကိုကိုင်၍ အတန်ကြာစဉ်းစားနေပြီးမှ ရုတ်တရက် လက်ခုပ်လက်ဝါးတီးကာ ပြုံးလိုက်သည်။
"အား ကျွန်တော်သိပြီ..."
ဝမ်ဟုန်က မျှော်လင့်တကြီးကြည့်လိုက်သည်။
လန်ကျစ်က ပြုံး၍ပြောလိုက်သည်။
"ဒီလိုလေ...လူတွေရဲ့ စိတ်ခံစားချက်အရဆိုရင် မိန်းကလေးပဲဖြစ်ဖြစ် အစေခံပဲဖြစ်ဖြစ် စစ်သားပဲဖြစ်ဖြစ်...လူတွေကို အောင်နိုင်ဖို့ဆိုရင် သူတို့လိုချင်တာပေးတာထက် ပိုကောင်းတဲ့နည်းလမ်းဆိုတာမရှိနိုင်တော့ဘူး..."
"သူတို့လိုချင်တာပေးရမယ် ဟုတ်လား..."
ဝမ်ဟုန်က ထိုစကားများကို ထပ်၍ ရေရွတ်လိုက်သည်။
"သူတို့လိုချင်တာပေးရမယ်..."
အားရုံ ဘာကိုလိုချင်ပါသနည်း။
ဝမ်ဟုန်သည် မူးရီစွာ တွေးနေရင်းဖြင့် ချန်ရုံ၏အပြုံးချိုချိုလေးကို မြင်ယောင်လာမိသည်။ ချန်ရုံသည် ဝမ်ဟုန့်အား သူမ၏အနောက်မှ ဓားနှင့်ထိုးခိုင်းခဲ့သည့်နေ့တုန်းက ချန်ရုံပြောခဲ့သည်များကို ဝမ်ဟုန် ပြန်ကြားယောင်လာမိသည်။
[["ကျွန်မကိုယ်ကျွန်မသိပါတယ်...ကျွန်မရဲ့ လောဘက အတောမသတ်နိုင်ပဲ ပိုပိုပြီးသာ လိုချင်လာမှာ...ကျွန်မ ရှင့်ရဲ့ ကိုယ်လုပ်တော်ဖြစ်လာပြီးရင် ရှင့်ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော်ဖြစ်ဖို့ ဘာမဆိုလုပ်ဦးမှာ...ပြီးတော့ ဘယ်သူသိနိုင်မလဲ...ရှင့်ရဲ့ ဇနီးကိုတောင် သတ်ဖို့ ကြံစည်ရင်ကြံစည်နေမိမှာ...သူ့ကို ပထမအကြိမ်မှာ မသတ်နိုင်ရင် ဒုတိယအကြိမ် ထပ်ကြိုးစားမယ်...ဒုတိယအကြိမ်နဲ့မရရင် တတိယအကြိမ်ထပ်ကြိုးစားမယ်...ကျွန်မ မသေမချင်း ရှင့်ရဲ့ ဇနီးတွေ ကိုယ်လုပ်တော်တွေကို ဒုက္ခပေးဖို့ ကျွန်မ ကြိုးစားနေမှာပဲ...ရှင့်ရဲ့အိမ်တော်ထဲကို ခေါ်သွင်းလာတဲ့လူမှန်သမျှကို ဒုက္ခပေးဖို့ ကျွန်မ ကြိုးစားနေမှာပဲ...အိမ်တော်ထဲမှာ
ရှိသမျှ လူအရေအတွက်က သေရတော့မယ့် လူအရေအတွက်ပဲ..."
"အဲဒါကြောင့် ရှင်တစ်ခုခုလုပ်မယ်ဆိုရင် ကျွန်မကိုပဲ လက်ထပ်ပြီး ကျွန်မတစ်ယောက်တည်းကိုပဲ ချစ်သွားဖို့ ရှင်စဉ်းစားပါ...အဲဒီလိုမှမဟုတ်ရင် ရှင့်ရဲ့ဘဝရော ကျွန်မရဲ့ဘဝပါ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းနေရတော့မှာမဟုတ်ဘူး..."
"ကျွန်မ ရှင့်ရဲ့ ကိုယ်လုပ်တော်ဖြစ်သွားပြီးရင် ရှင်နဲ့တူတူ တစ်ကုတင်တည်းအိပ်ရမယ့်လူက ကျွန်မတစ်ယောက်တည်း မဟုတ်တော့ဘူးလေ...ကျွန်မသေရင်လည်း ရှင်နဲ့တူတူမြေမြှပ်ပေးဖို့ကို ရှင့်ရဲ့မိသားစုနဲ့ ဇနီးဆီမှာ ခွင့်တောင်းနေရလိမ့်မယ်...ချီလန် ကျွန်မက ညှိနှိုင်းတတ်တဲ့ လူမျိုးမဟုတ်ဘူးနော်...ကျွန်မရဲ့ဒီဘဝမှာ တခြားဘယ်မိန်းမကိုမှ ဦးမညွှတ်နိုင်တော့ဘူး..."]]
လွန်ခဲ့သည့်နေ့ကလည်း ချန်ရုံ ဘာလိုချင်သနည်းဟု ဝမ်ဟုန်မေးသောအခါ ထိုအကြောင်းကိုသာ ချန်ရုံက ထပ်ပြောခဲ့သည်။
ဝမ်ဟုန့်မျက်နှာမှ အပြုံးကိုမြင်၍ လန်ကျစ်က စပ်စုစွာမေးလိုက်သည်။
"အရှင် စဉ်းစားလို့ရပြီလား...အရှင့်ရဲ့မိန်းကလေး ဘာလိုချင်လဲဆိုတာကို..."
ဝမ်ဟုန်က ခါးကို ဖြည်းညှင်းစွာမတ်၍ အနောက်သို့မှီကာ ပြုံးလိုက်သည်။
"အားရုံ ဘာလိုချင်လဲဟုတ်လား...သူလိုချင်တာက ငါ့ဇနီးဖြစ်ဖို့နဲ့ ငါ နောက်ထပ်ကိုယ်လုပ်တော်တွေ မယူတော့ပါဘူးဆိုတဲ့ ကတိလေ..."
လန်ကျစ်က မျက်ခုံးကိုပင့်၍ ရယ်လိုက်သည်။
"သခင်မလေးက တော်တော်လောဘကြီးပုံပဲ..."
ထို့နောက် ဝမ်ဟုန့်အားငေးကြည့်၍ စပ်စုစွာမေးလိုက်သည်။
"အရှင် သဘောတူလိုက်ဖို့တော့ မဆုံးဖြတ်ထားဘူးမလား..."
ဝမ်ဟုန်က ရုတ်တရက် မတ်တပ်ထရပ်လိုက်သောအခါ ဒဏ်ရာကို ထိသွားသဖြင့် ပြန်လှဲလိုက်ရသည်။ ဝမ်ဟုန်က ပြုံး၍ ပြောလိုက်သည်။
"အင်း...ငါ့နှလုံးသားထဲမှာတော့ သဘောတူထားခဲ့တာ ကြာပါပြီ..."
လွန်ခဲ့သည့်ရက်အနည်းငယ်က နန်ယန်၌ ချန်ရုံ၏ဆန္ဒကို မေးခဲ့စဉ်တည်းက ဝမ်ဟုန်က သဘောတူခဲ့ပြီးဖြစ်သည်။
လန်ကျစ်က အံ့ဩစွာ အော်လိုက်သည်။
"ဒါပေမယ့် အရှင်က လန်ယာဝမ်အိမ်တော်ရဲ့ အမွေဆက်ခံသူလေ!..."
"အဲဒီတော့ ဘာဖြစ်လဲ..."
ဝမ်ဟုန်က ဂရုမစိုက်သည့်ပုံဖြင့် ပြုံးကာ ဆက်ပြောလိုက်သည်။
"အရမ်းကို ကြီးကျယ်မြင့်မြတ်နေတဲ့ နောက်ခံအသိုင်းအဝိုင်းဆိုတာလည်း ငါတို့သေသွားတာနဲ့ အရိုးစုတစ်စုထက်ဘာမှမပိုပါဘူး...ဒီလောကကြီးက အရမ်းကို ပျင်းစရာကောင်းပြီး မိန်းမတွေကလည်း တကယ်ကို ငြီးငွေ့ဖို့ကောင်းတယ်...ငါ့အားရုံက လိုချင်တယ်ဆိုရင် ငါပေးရမှာပေါ့..."
ဝမ်ဟုန်က ထိုစကားများကို ပေါ့ပါးစွာပင်ပြော၍ နှုတ်ခမ်းထောင့်စွန့်များက တွန့်သွားကာ ကလေးလေးကဲ့သို့ ခပ်တိုးတိုးပြောလိုက်သည်။
"သူငါ့ကို ဆက်ပြီး စိတ်မဆိုးစေချင်တော့တာကိုပဲ ငါလိုချင်တာပါ..."
လန်ကျစ်က သူ့ပြဿနာကို သူကိုယ်တိုင်ဖြေရှင်းလိုက်သော ဝမ်ဟုန့်အား မယုံနိုင်သကဲ့သို့ကြည့်၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အရှင်က နာမည်ကြီးပညာရှိတစ်ယောက်နော်...ရွှေတုံးပေါင်းတစ်ထောင်နဲ့တောင်မှ အရှင့်ရဲ့ ကတိစကားကို ပြန်ဝယ်လို့မရဘူး...အရှင်က တစ်နေရာရာမှာ တစ်ယောက်တည်းသွားနေပြီး ပြန်လာဖို့အခွင့်ကောင်းကိုစောင့်စားနေတယ်ဆိုရင်တောင်မှ လက်ထပ်ဖို့ကိစ္စက အရှင့်အတွက် အရေးအကြီးဆုံးကိစ္စဖြစ်နေဦးမှာပဲ...အဲဒါကြောင့် ဆုံးဖြတ်ချက်တွေကို လွယ်လွယ်မချသင့်ဘူး...အရှင့်မှာ ကလေးဘယ်နှယောက်ရမယ်...တခြားလူတွေ ဘယ်လိုထင်မြင်ကြမယ်ဆိုတာတွေကို အရေးမစိုက်ရင်တောင်မှ ကိုယ့်အတွက်ကိုယ်တော့ အရေးစိုက်သင့်ပပါတယ်...တစ်နေ့နေ့မှာ အရှင် ဒီဘဝကိုပျင်းပြီး ပင်ပန်းလာပြီး နောင်တရလာမယ်ဆိုရင် ဘယ်လိုလုပ်ပါမလဲ..."
လန်ကျစ်ပြောသည်က သဘာဝကျပါသည်။ ဝမ်ဟုန်က ခေါင်းကိုစောင်း၍မျက်လုံးများမှေးစင်းကာ လက်ကို တတောက်တောက်ခေါက်လိုက်သည်။
"ပျင်းမယ် ပင်ပန်းမယ် နောင်တရမယ် ဟုတ်လား...ငါတို့နေနေတဲ့လောကကြီးက ဘာအာမခံချက်မှ ရှိတာမှမဟုတ်တာ...ငါတို့ရဲ့အသက်တွေရော စည်းစိမ်တွေရော ဘာကမှ မတည်မြဲဘူး...အဲဒီတော့ ငါ့ရဲ့ နှလုံးသားကိုလည်း တည်မြဲဖို့ မမျှော်လင့်ပါနဲ့..."
ဝမ်ဟုန်က တစ်ချက်ရယ်၍ ပြောလိုက်ပြန်သည်။
"ငါ အားရုံကို ငြီးငွေ့ပြီး နောင်တရလာရင်တောင်မှ ငါ့အတွက် ဒီကမ္ဘာပေါ်မှာ တခြားလူ ဘယ်သူမှမရှိဘူး...လန်ကျစ် မင်းနဲ့ငါက အချစ်ကိစ္စတွေနဲ့ မရင်းနှီးတဲ့လူတွေမဟုတ်ပါဘူး...ငါ့ကိုပြောစမ်းပါ...မင်းက ညတိုင်း မိန်းကလေးတစ်ယောက်စီနဲ့ အိပ်နေတာပဲ...သူတို့တွေနဲ့အိပ်ပြီးနိုးလာရင် မင်းစိတ်ထဲမှာ ဟာလာဟင်းလင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးနေတဲ့ခံစားချက်မျိုးမခံစားရဘူးလား...မိန်းမဘယ်နှယောက်ကများ မင်းကို နာကျင်မှုတွေ၊ သနားမှုတွေနဲ့ ကြောက်လန့်မှုတွေ ခံစားရအောင် လုပ်ဖူးလို့လဲ...မိန်းကလေးတစ်ယောက်ကို ဆုံးရှုံးရမယ်ဆိုတဲ့အတွေးနဲ့တင် ကြောက်လန့်သွားရတာမျိုးရော မင်းခံစားရဖူးလား..."
လန်ကျစ်က အံ့အားသင့်သွားသည်။ ခဏမျှစဉ်းစားပြီးမှ ခေါင်းကိုခါကာ ပြန်ဖြေလိုက်သည်။
"မခံစားရဖူးပါဘူး..."
"ဒါပဲလေ...ကမ္ဘာပေါ်မှာ လူတွေသန်းပေါင်းများစွာရှိနေပေမယ့် ဘယ်နှယောက်ကများ ဒီလိုခံစားချက်မျိုးကို ခံစားဖူးမှာလဲ...ငါကရော ဒီလိုမိန်းမမျိုးကို ထပ်တွေ့ပြီး ဒီလိုမျိုး ထပ်ချစ်သွားနိုင်မယ်လို့ မင်းပြောနိုင်လို့လား..."
လန်ကျစ်က ရယ်ကာ ခေါင်းကိုခါ၍ပြောလိုက်သည်။
"နှလုံးသားကင်းမဲ့တဲ့အရှင်ရယ်...အရှင့်ရဲ့ခံစားချက်တွေအားလုံးကို ဒီမိန်းမတစ်ယောက်တည်းနဲ့အတွက်ပဲ ပုံအောလိုက်ပြီထင်ပါတယ်...အရှင် နောက်ထပ်မိန်းမတစ်ယောက်နဲ့လည်း ထပ်တွေ့နိုင်တော့မယ်မထင်တော့ပါဘူး..."
ဤတစ်ခေါက်တွင်တော့ လန်ကျစ် သေချာနားလည်သွားလေတော့သည်။ လန်ကျစ်သည် တောက်ပစွာပြုံး၍ လက်ကိုဆန့်ကာ ဝမ်ဟုန်၏ ပခုံးကိုပုတ်၍ပြောလိုက်သည်။
"ဟုတ်ပါတယ်လေ...ဒီလို လှပတဲ့မိန်းမမျိုးကို အရှင် ဘယ်မှာ ရှာတွေ့နိုင်တော့မှာလဲ...အခုရှာတွေ့ထားပြီဆိုတော့ လက်မလွှတ်တော့ပဲ ဖက်တွယ်ထားတာပဲကောင်းပါတယ်...ဟားဟား...အရင်တုန်းက အရှင့်ကို ကျွန်တော် အကြိမ်ပေါင်းများစွာ ရယ်ခဲ့ဖူးပေမယ့် နောင်အနာဂတ်မှာတော့ ကျွန်တော် မရယ်တော့ပါဘူး..."
"အရှင်က ကျွန်တော်တို့တွေအားလုံးထက် ကံကောင်းပါတယ်..."
လန်ကျစ်က သက်ပြင်းချလိုက်သည်။ သူတို့အားလုံးသည် ဤရူးသွပ်နေသောလောက၌ လျှောက်လှမ်းနေကြသော စိတ်အလိုလိုက်သည့်လူများသာမဟုတ်လား။ သူတို့အားလုံး၏နှလုံးသားများက မျှော်လင့်ချက်များကင်းမဲ့နေကြ၍ ဝိုင်အရက်နှင့်မိန်းမများကသာ သူတို့၏စိတ်များကို ခဏတာ ငြိမ်းချမ်းမှုရစေသည်။
ထိုကဲ့သို့သောသွေးရူးသွေးတန်းစိတ်မျိုကြောင့်သာ သူတို့သည် အရာအားလုံးကို လျစ်လျူရှုထားကြခြင်းဖြစ်သည်။
သူတို့သည် စိတ်အလိုလိုက်ကြသူများဖြစ်စေ၊ ရူးသွပ်နေကြသူများဖြစ်စေ၊ အကုန်လုံးက အထီးကျန်နေကြ၍ သူတို့ကိုယ်တိုင်မှလွဲ၍ အခြားရင်ဖွင့်စရာလူဟူ၍ မရှိကြချေ။ အပေါင်းအဖော်မရှိ၊ မနက်ဖြန်မရှိ၊ အနာဂတ်၌ မျှော်လင့်စောင့်စားစရာဟူ၍ ဘာမှမရှိချေ
ယခုတွင်တော့ ဝမ်ဟုန်သည် သူချစ်ရသည့်အမျိုးသမီးလည်းရှိ၍ သူ၏စိတ်ဝိဉာဉ်သည်လည်း နားခိုရာ ရခဲ့ပေပြီ။ ထို့ကြောင့် ဝမ်ဟုန်သည် ချန်ရုံ့အား အလွန်အမင်းစိတ်ချမ်းသာစေချင်၍ ချန်ရုံနှင့် ပတ်သက်သမျှ အရာအားလုံးကို သတိရချင်နေသည်။ ချန်ရုံကလည်း ဝမ်ဟုန်နှင့် ပတ်သတ်သမျှ အရာအားလုံးကို မှတ်မိချင်လေသည်။
မိမိကချစ်ရ၍ ကိုယ့်ကိုလည်း ပြန်ချစ်သော တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရခြင်းဟူသော ပျော်ရွှင်မှုမျိုးကို လူပေါင်းမည်မျှက ခံစားနိုင်ပါမည်နည်း။
လောကကြီး၌ မည်မျှပင် သာယာမှုများဖြင့် ပြည့်နှက်နေပါစေ၊ သေခြင်းနှင့် ရှင်ခြင်းက စည်းတစ်ချက်ပင်ခြားလေသည်။ ထို့ကြောင့် ရှင်ခြင်းနှင့် သေခြင်းကြား မိမိ၏ ပျော်ရွှင်မှုများနှင့် ဝမ်းနည်းမှုများကို ဝေမျှပေးနိုင်သောလူ တစ်ယောက်သာရှိနေပါစေ လုံလောက်ပြီဖြစ်လေသည်။ လုံလောက်သည်ထက်ပင်ပိုပါသည်။
လန်ကျစ်က တစ်ဖက်သို့လှည့်၍ ထွက်သွားလေတော့သည်။ သူ၏ဝတ်ရုံက လေထဲ၌ တဖျတ်ဖျတ်လွင့်နေ၍ သီချင်းအော်ဆိုနေသည့်အသံစူးစူးက အဝေးမှပျံ့လွင့်လာလေငည်။
"လူသားတွေဟာ ရံဖန်ရံခါမှသာ အသက်ကြီးလာကြတာပါ...ဝမ်းနည်းစရာဘဝဆိုတာ ဘာများထူးဆန်းလို့လဲ...လှပတဲ့အမျိုးသမီးတစ်ယောက်ကို ချစ်မိပြီဆိုရင် နှလုံးသားတွေ ကွဲကြေရတာဟာလည်း ရှောင်လွှဲလို့မရတဲ့ကိစ္စတစ်ခုပါပဲ..."
ဝမ်ဟုန်က လန်ကျစ်၏သီချင်းကိုနားထောင်ရင်းပြုံးကာ ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်သည်။
"တစ်ယောက်ယောက်ရှိလား..."
ဝမ်ဟုန်က ခပ်တိုးတိုးခေါ်လိုက်သည်။
အခန်းထောင့်မှ ပုံရိပ်တစ်ခုထွက်ပေါ်လာသည်။
"အားရုံ ဘယ်တော့လောက် ဒဏ်ရာတွေသက်သာမလဲ...လမ်းလျှောက်ပြီး ခရီးရောသွားနိုင်လား..."
"လဝက်လောက်ဆို သက်သာပါပြီ အရှင်..."
ထိုလူက ပြန်ပြောလိုက်သည်။ အစေခံက ချန်ရုံ့အား ရက်နှစ်ဆယ်ဟုပြောခဲ့သော်လည်း ဤလူကတော့ လဝက်ဟုပြောနေလေသည်။
ဝမ်ဟုန်က ခေါင်းငြှိမ့်လိုက်သည်။
"လဝက်လား...ကောင်းတယ်...ငါ့ရဲ့ နာမည်ပြားကိုယူသွားလိုက်...ဟုတ်တယ်...ငါ့ရဲ့မိတ်ဆွေအားလုံးကိုလည်း ဖိတ်ခေါ်လိုက်..."
"ဟုတ်ကဲ့..."
ထိုလူက ပြန်ဖြေ၍ တိတ်ဆိတ်စွာရင် ပြန်ပျောက်ကွယ်သွားတော့သည်။
ထိုလူထွက်သွားသွားချင်းမှာပင် ဝမ်ဟုန်က အပြင်မှ တိုးတိတ်သော ခြေသံတစ်ခုကိုကြားလိုက်ရသည်။
မကြာခင်မှာပင် ချန်ရုံ့ကို ခစားသောအစေခံက တံခါးဝ၌ပေါ်လာလေသည်။ အစေခံက အထဲသို့ ဝင်လာ၍ ဝမ်ဟုန့်အား အရိုအသေပေးကာပြောလိုက်သည်။
"အရှင် အရှင့်ရဲ့စကားတွေကို တံခါးအပြင်ကနေကြားပြီးတော့ သခင်မလေးက တော်တော်လေး စိတ်ဓာတ်ကျသွားပါတယ်...ဒီနေ့ ထမင်းကျွေးတော့လည်း နှစ်ဇွန်းလောက်ပဲစားပါတယ်...ကျွန်မတို့ကို စကားပြောရင်လည်း စကားတွေမှားကုန်ပါတယ်...အခန်းထဲကိုပြန်လာတည်းက မူးဝေနေတဲ့ပုံနဲ့ မလှုပ်မယှက်ပဲ ကုတင်ပေါ်မှာပဲနေနေပါတယ်..."
ဝမ်ဟုန်က ခေါင်းကိုစောင်း၍ အစေခံ၏စကားကို စိတ်ဝင်စားစွာ နားထောင်နေလိုက်သည်။
အစေခံက ထိုသို့ပြောပြီးသောအခါ ရပ်လိုက်သည်။ ထို့နောက် ခေါင်းကိုမော့ကာ ဝမ်ဟုန့်အားကြည့်လိုက်သည်။ ထိုအချိန်၌ ဝမ်ဟုန်ကပြောလိုက်သည်။
"ဆက်ပြောလေ..."
အစေခံက မျက်နှာပျက်သွား၍ ဗလုံးဗထွေးပြောလိုက်သည်။
"ဒါ..ဒါပါပဲ အရှင်..."
"သူ ငိုသေးလား..."
"မငိုပါဘူး အရှင်..."
မငိုဘူးတဲ့လား။ ဝမ်ဟုန်က အနည်းငယ် စိတ်ပျက်သွားမိကာ မျက်မှောင်ကြုတ်၍ညနှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"သူ့မျက်လုံးတွေရော နီနေလား..."
"မနီပါဘူး အရှင်..."
မျက်လုံးများပင်မနီဘူးတဲ့လား။ ဝမ်ဟုန်က စိတ်ပျက်သွားမိသည်။ ထို့ကြောင့် မျက်မှောင်ကြုတ်၍ အင်္ကျီဝတ်ရုံလက်ကို ယမ်းကာ အမိန့်ပေးလိုက်သည်။
"သူ့ကို စောင့်ကြည့်နေ...တစ်ခုခုထူးခြားတာနဲ့ ငါ့ကို အတတ်နိုင်ဆုံး မြန်မြန်သတင်းပို့..."
ခဏစဉ်းစားပြီးသောအခါ ထပ်၍ အမိန့်ပေးလိုက်ပြန်သည်။
"ငါ့အကြောင်းကိုတော့ သူ့ကို ဘာမှမပြောနဲ့နော်...ငါမင်းကိုပြောထားတဲ့ စကားတွေတစ်ခွန်းမှ သူပြန်မသိစေနဲ့..."
အစေခံက လန့်သွားပြီးမှ သူ့ကိုယ်သူပြန်ထိန်းကာပြောလိုက်သည်။
"သခင်မလေးက တော်တော်စိတ်မကောင်းဖြစ်နေတဲ့ပုံပေါ်ပါတယ်..."
ဝမ်ဟုန်က မျက်မှောင်ကြုတ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"စိတ်မကောင်းဖြစ်နေတယ်လား...အရမ်းကောင်းတယ်..."
အစေခံက ခဏမျှ ဘာမှမပြောနိုင်ဖြစ်သွားသည်။ ဝမ်ဟုန် ဘာမှဆက်မပြောတော့သည်ကို မြင်သောအခါမှ အရိုအသေပေးကာ အခန်းထဲမှ ပြန်ထွက်သွားလေတော့သည်။
အစေခံထွက်သွားသည်ကိုကြည့်၍ ဝမ်ဟုန်သည် နှုတ်ခမ်းကိုတင်းတင်းစေ့၍ ကလေးတစ်ယောက်ကဲ့သို့ ခပ်တိုးတိုးပြောလိုက်သည်။
"ငါ့ကို နှုတ်ဆက်စကားတွေပြောပြီး တိတ်တိတ်လေးထွက်သွားတော့မယ့် ပုံစံနဲ့ ကြည့်သွားပြီးတော့ သူက မျက်လုံးတွေမနီပဲ ငိုတောင်မငိုဘူးပေါ့...ဒါဆို ငါလည်း ဘာမှမပြောတော့ပဲ သူ့အတွက် ပိုခက်ခဲသွားအောင် လုပ်လိုက်မယ်..."
"တစ်ယောက်ယောက်ရှိလား..."
"ရှိပါတယ် အရှင်..."
"ချန်အိမ်တော်ရဲ့အားရုံ ငါ့ကိုလာတွေ့ရင် အတွေ့မခံနဲ့..."
ချန်ရုံက ဝမ်ဟုန့်ကို ချန်ကာထွက်သွားဖို့စီစဉ်နေသည်မဟုတ်လား။
ဟွန့် ဒါဆိုလည်း ငါ့ကိုတွေ့တောင်မတွေ့ရတော့ပဲ အားရုံကို အချစ်ကျွမ်းခြင်းရဲ့ ခါးသီးမှုအရသာတွေ သိအောင် လုပ်ရတော့မှာပဲ...