အပိုင်း 255
Viewers 24k

Chapter 255
: အရာရာအဆင်ပြေသွားပြီ


ဝမ်ဟုန်၏ဒဏ်ရာများက အတွင်းကလီစာများနှင့် အရိုးများကို မထိခိုက်‌သောကြောင့် ဈေးအကြီးဆုံးနှင့် ထိရောက်မှုအရှိဆုံးသောဆေးများကိုသုံး၍ ကုသပြီး ငါးရက်ခန့်အကြာတွင် တော်တော်သက်သာလာပြီဖြစ်သည်။ ဒဏ်ရာများအပေါ်မှ အရေပြားအသစ်ဖြစ်လာခြင်းကြောင့် ယားယံနေ၍ ကုတ်၍မရခြင်းကသာ တော်တော်ခံရခက်သည့် ဝေဒနာတစ်ခုဖြစ်နေသည်။

ဝမ်ဟုန်သည် ညောင်စောင်းပေါ်၌ မျက်ခုံးများကို အနည်းငယ်တွန့်ကာ နှုတ်ခမ်းကိုတင်းတင်း‌စေ့ကာထိုင်နေသည်။ ဝမ်ဟုန် ထိုကဲ့သို့ထိုင်နေသည်မှာ အချိန်အနည်းငယ်ကြာနေပြီဖြစ်သောကြောင့် အစေခံများကလည်း ဝမ်ဟုန်၏ဒေါသကိုမဆွမိစေရန် တိုးတိုးတိတ်တိတ်သာ သွားလာလှုပ်ရှားနေကြသည်။

ခဏအကြာတွင် ဝမ်ဟုန့်အသံထွက်လာသည်။
"ရှို့ကူကို ဒီကိုခေါ်လိုက်..."

"ဟုတ်ကဲ့..."

ခဏအကြာတွင် ချန်ရုံ့ကိုခစားသောအစေခံများထဲမှအသက်အကြီးဆုံးဖြစ်သောအစေခံက အခန်းထဲသို့ဝင်လာသည်။

ဝမ်ဟုန်ကကြည့်၍ မေးလိုက်သည်။
"သူဘာလုပ်နေလဲ..."
ဝမ်ဟုန်၏ပုံက ဂရုမစိုက်သည့်ပုံပေါက်နေသော်လည်း တွန့်ကွေးနေသောမျက်ခုံးများကြောင့် မကျေမနပ်ဖြစ်နေမှန်း သိသာနေသည်။

ရှို့ကူက ခေါင်းငုံ့အရိုအသေပေး၍ ပြန်ဖြေလိုက်သည်။
"သခင်မလေးက ဆေးတွေကိုပုံမှန်သောက်ပါတယ်...တစ်ခါတစ်လေ စာဖတ်ပြီးတော့ ပြတင်းပေါက်က်ု မကြာမကြာ ငေးကြည့်နေတတ်ပါတယ်..."

"သူ့ကို သခင်မလေး လို့ခေါ်မနေပါနဲ့တော့...သူက အသက်ငယ်တော့တာမှမဟုတ်ပဲ..."

ထိုအမိန့်က ယခုမှ ဝမ်ဟုန်ပေးလိုက်ခြင်းဖြစ်သောကြောင့် ရှို့ကူပင် လန့်သွားမိသည်။ ရှို့ကူသည် အလျင်အမြန်ပင် နာခံလိုက်သော်လည်း စိတ်ထဲကတော့ တီးတိုးပြောလိုက်သည်။

"ချန်အိမ်တော်ရဲ့အားရုံကို သခင်မလေး လို့ သခင်ကပဲ ခေါ်ခိုင်းခဲ့တာမဟုတ်ဘူးလား..."

"ပြီးတော့ သူက ငါ့ကို လာတွေ့ချင်တယ်လို့မပြောဘူးလား..."

ဝမ်ဟုန်က ထပ်မေးလိုက်သည်။

ရှို့ကူက ခဏမျှ ကြောင်အသွားပြီးမှ ပြန်ပြောလိုက်သည်။
"ဒီက အစေခံမကြီး မသိကြောင်းပါ..."

"ခင်ဗျားသွားလို့ရပြီ..."
ဝမ်ဟုန်က အင်္ကျီလက်ကိုခါယမ်းကာပြောလိုက်သည်။ အသံကလည်း ပျော့ပျောင်းသွားလေတော့သည်။

သို့သော် ဘာကြောင့်မှန်းမသိ ရှို့ကူကတော့ ဝမ်ဟုန်၏ညှင်းပျောင်းသောအသံကိုကြားသောအခါ ပို၍ပင် ထိတ်လန့်သွားမိသည်။ ထို့ကြောင့် အမြန်ပင် အရိုအသေပေးကာ ပြန်ထွက်လာလိုက်တော့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်နှစ်ရက် ကုန်ဆုံးသွားလေတော့သည်။

ထိုအချိန်၌ ဝမ်ဟုန်၏ဒဏ်ရာများက တော်တော်များများ ကျက်နေကြပြီဖြစ်သည်။ ဒဏ်ရာများဘေး၌ အသားအသစ်များ ပြန်ဖြစ်ပေါ်လာကာ လမ်းပင်ပြန်လျှောက်နိုင်နေပြီဖြစ်သည်။ နောက်တစ်ရက် နှစ်ရက်ခန့်ဆိုလျှင် ဆေးများပင်သောက်စရာလိုတော့မည်မဟုတ်ပေ။

ဝမ်ဟုန်သည် ညောင်စောင်းပေါ်၌ လှဲ၍ လက်တစ်ဖက်ကိုထောက်၍ မေးစေ့ကိုတင်ကာ မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်၍ ရှို့ကူအား ခေါ်လိုက်ပြန်သည်။

မိနစ်အနည်းငယ်အကြာတွင် ရှို့ကူက ဝမ်ဟုန့်ရှေ့၌ ပြန်ပေါ်လာပြန်သည်။

ဝမ်ဟုန်က ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်သောအခါ မင်ကဲ့သို့နက်မှောင်သောဆံပင်များက သူ၏ ချောမောသောမျက်နှာရှေ့၌ လိုက်ကာများကဲ့သို့ကျသွား၍ ကြည်လင်သောမျက်လုံးများကို ကာဆီးလိုက်သည်။

ဝမ်ဟုန်က ဘာမှမပြောသောအခါ ဝပ်တွားခယနေသော ရှို့ကူက ခပ်တိုးတိုးစပြောလိုက်သည်။

"အခုဆိုရင် သခင်မကဘေးလူတွေအကူအညီနဲ့ ခြေလှမ်း တစ်လှမ်း နှစ်လှမ်း စလျှောက်နိုင်နေပြီး ဒဏ်ရာတွေကလည်း သက်သာလာလို့ အနာဖေးတက်ပြီး ယားစပြု‌နေပါပြီ..."
ရှို့ကူက ဝမ်ဟုန့်အား မော့ကြည့်လိုက်၍ ဝမ်ဟုန်က ဘာတုံ့ပြန်မှုမှ မပေးသောအခါ ဆက်ပြောလိုက်သည်။

"ဒီရက်တွေမှာ စောစောနိုးလေ့ရှိပြီး တစ်ခါတစ်လေကျ အန်ပါတယ်...နေ့တိုင်းလည်း ကိုယ်ဝန်ဆောင်တာနဲ့ ကလေးမွေးတာတွေနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ မေးလေ့ရှိပါတယ်...အပြင်လောကမှာ ဖြစ်ပျက်နေတဲ့အပြောင်းအလဲတွေကိုလည်း အမြဲတစေ ပြောပြဖို့ ကျွန်မတို့အားလုံးကို အမိန့်ပေးထားပါတယ်..."

ထို့နောက် ရှို့ကူက စ‌ကားပြောနေသည်ကို ရပ်လိုက်တော့သည်။

ခဏအကြာမှ ဝမ်ဟုန်၏ကြည်လင်၍ ညင်သာသောအသံက ထွက်ပေါ်လာသည်။
"ငါ့အကြောင်းကိုရော ဘာမှမပြောဘူးလား..."

"မပြောပါဘူး အရှင်..."
ရှို့ကူ၏အသံက သနားစဖွယ်ကောင်းစွာပင် တိုးတိတ်နေလေတော့သည်။

ဝမ်ဟုန်က ‌ဖြည်းညှင်းစွာ မတ်တပ်ထရပ်လိုက်သည်။ ကိုယ်ကိုအစွမ်းကုန်ဆန့်၍ ရပ်လိုက်သောအခါ ပိန်သွယ်သောခန္ဓာကိုယ်၏ကပ်နေသော အဖြူရောင်ဝတ်ရုံက လေနှင့် တဖျတ်ဖျတ်လွင့်နေလေသည်။

"သွားကြရအောင်..."
ဝမ်ဟုန်၏အသံက ရယ်သံပါ၍ ပေါ့ပါးသည့်ပုံပေါက်နေသော်လည်း ထိုအသံ၌ အေးစက်မှုနှင့် စိတ်ပျက်မှုများပါ ပါဝင်နေကြောင်းကို ရှို့ကူ သတိထားလိုက်မိသည်။ သို့သော်လည်း ထိုခံစားချက်များက မျက်စိတစ်မှိတ်အတွင်းတွင် ကွယ်ပျောက်သွားကာ နောက်ထပ်ပြောလိုက်သော ဝမ်ဟုန်၏အသံက ပိုနူးညံ့၍ ညင်သာနေသည်။

"ငါတို့ အားရုံကို သွားတွေ့ကြမယ်..."

"ဟုတ်ကဲ့..."

အစေခံများ၏အကူအညီနှင့်အတူ ဝမ်ဟုန်တို့သည် မကြာမီမှာပင် ချန်ရုံ၏ခြံဝန်းထဲ‌သို့ရောက်လာကြသည်။

ဝမ်ဟုန်သည် တိတ်ဆိတ်နေသော အိပ်ခန်းဆောင်ကို ကြည့်၍ ခြေလှမ်းများ ခေတ္တရပ်တန့်သွားသောလည်း မကြာမီမှာပင် ခြေလှမ်းများက ယခင်ကထပ်ပင် ပိုသွက်သွားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ဟုန်သည် တံခါးကိုတွန်းဖွင့်ကာ အခန်းထဲသို့ ဝင်သွားတော့သည်။

ထိုအချိန်၌ ချန်ရုံသည် တံခါးကိုကျောပေး၍ ပြတင်းပေါက်ကိုမှီကာ အပြင်မှရှုခင်းများကိုကြည့်နေသည်။ ချန်ရုံသည် နီရဲတောက်ပသော ဝတ်စုံကိုဝတိထား၍ နံနက်ခင်းနေရောင်ခြည်အောက်တွင် တမူထူးခြားစွာ လှပနေပေသည်။

နက်မှောင်သောဆံပင်များက လေထဲ၌ လွင့်နေကာ အနီရောင်ဝတ်စုံကြောင့် ချန်ရုံ၏ ကျောက်စိမ်းကဲ့သို့ ဖြူစင်သောအသား၌ ပတ္တမြားရောင်ထင်ဟပ်နေသည်။ နှင်းကဲ့သို့ဖြူဖွေးသောမျက်နှာ၊ မင်ကဲ့သို့နက်မှောင်သည့်ဆံပင်နှင့် မီးတောက်ကဲ့သို့နီရဲသောဝတ်စုံတို့ဖြင့် ချန်ရုံသည် ရိုးရှင်စွာပင် လှပလွန်းနေသည်။

ဝမ်ဟုန်သည် စိတ်ညစ်ညူးနေသော်လည်း ချန်ရုံ့အားမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် စိတ်ညစ်နေသည်များက ပျောက်ကွယ်သွားတော့သည်။ နှလုံးသားထဲ၌ မည်သည်နှင့်မှ နှိုင်းယှဉ်၍ မရသော နူးညံ့မှုတစ်ခုသာ ကျန်ခဲ့တော့သည်။

ဝမ်ဟုန်သည် ချန်ရုံ့နားသို့ လျှောက်သွားလိုက်သည်။

ချန်ရုံ့နားသို့ရောက်သောအခါ ချန်ရုံ၏သေးသွယ်သောခါးလေးကို ဖက်၍ ချန်ရုံ၏ လည်ပင်းနေရာသို့မျက်နှာအပ်လိုက်ရာချန်ရုံက ရုတ်တရက် တုန်လှုပ်သွားသည်။

ချန်ရုံတစ်ယောက်တည်းထံမှရသော ‌မွှေးရနံ့လေးကိုရှူရှိုက်၍ ချန်ရုံ၏ဖြစ်တည်မှုကို ခံစားရင်းဖြင့် အချစ်ကျွမ်းနေသော ဝမ်ဟုန်၏ နွမ်းလျသည့်အသံကထွက်ပေါ်လာသည်။
"မင်း ဘာဖြစ်လို့ ကိုယ့်ကိုလာမတွေ့တာလဲ..."

ချန်ရုံက ပြတင်းပေါက်ဘောင်ပေါ်သို့တင်ထားသော လက်ကိုမြှောက်လိုက်ပြီးမှ အားကုန်သွားသည့်ပုံဖြင့် ပြန်ချလိုက်သည်။

မျက်လွှာများကိုချကာ ချန်ရုံက တိတ်ဆိတ်စွာပြောလိုက်သည်။

"အဲဒီနေ့တုန်းက ကျွန်မ တံခါးအပြင်မှာရှိနေပြီး ရှင် အစီအစဉ်တွေလုပ်နေတာကို ကျွန်မကြားခဲ့တယ်...ကျွန်မက အဝေးကိုသွားဖို့လုပ်နေတာလေ ဘာဖြစ်လို့များ ရှင့်ကို လာတွေ့နေဦးမှာလဲ...အဲဒီလိုတွေ့ရင် ရှင့်ကို ကျွန်မ ပိုလွမ်းမိရုံပဲရှိမှာပေါ့..."

ထိုစကားများကိုကြားသောအခါ ဝမ်ဟုန်က ချန်ရုံ့အား ပို၍ တင်းကြပ်စွာဖက်လိုက်သည်။
"ကိုယ့်ကို လွမ်းမယ်ဆိုရင်လည်း မသွားနဲ့တော့လေ..."
ဝမ်ဟုန်က သွားများကိုစေ့၍ ပြောလိုက်သည်။

ဝမ်ဟုန်က စိတ်ဆတ်နေသောကြောင့် ချန်ရုံအံ့ဩသွားမိသည်။ ထို့ကြောင့် အနောက်သို့ ခပ်ဖြည်းဖြည်းလှည့်လိုက်သည်။

ချန်ရုံနှင့် မျက်နှာချင်းဆိုင်လိုက်ရသောအခါ ဝမ်ဟုန်သည် ခဏမျှ မူးမေ့လဲမတတ်ပင်ဖြစ်သွားသည်။ ချန်ရုံ၏မျက်နှာက နှင်းကဲ့သို့ ဖြူဆွတ်နေသော်လည်း မျက်လုံးများက တောက်ပ၍ အရည်ရွှန်းလဲ့နေသည်။ သို့သော် တစ်ချိန်တည်းမှာပင် ချန်ရုံ၏ စူးရှသောမျက်လုံးများထဲ၌ သနားစဖွယ် အားနည်းချက်များလည်း ပေါ်လွင်နေလေသည်။

ချန်ရုံသည် သူမ၏ရှည်လျားသောမျက်တောင်များကို ခတ်၍ ပြတင်းပေါက်ဘောင်ပေါ်သို့တင်ထားသော လက်ကိုမကာ ဝမ်ဟုန်၏မျက်နှာကိုကိုင်လိုက်သည်။
"ချီလန်..."
ချန်ရုံ၏အသံက နူးညံ့၍ ညင်သာနေကာ ဆို့နင့်မှုလည်းပါနေသည်။

ချန်ရုံ၏မျက်လုံးများထဲမှ မျက်ရည်ကိုမြင်သောအခါ ဝမ်ဟုန်၏တွန့်ကွေးနေသော မျက်ခုံးများကပြေလျော့သွားကြသည်။ ထိုအချိန်၌ ချန်ရုံ့အသံထဲမှ ငိုသံကိုကြားသောအခါ ဝမ်ဟုန်သည်ပြုံး၍ပျော်ရွှင်စွာ ဖြေလိုက်သည်။
"အင်း..."

ချန်ရုံက ထုံကျင်နေသောအသံဖြင့်ပြောလိုက်သည်။
"ကျွန်မ..ကျွန်မ ဘာလုပ်ရမလဲမသိတော့ဘူး..."

ချန်ရုံက မျက်ရည်များဝဲနေသော မျက်လုံးများကိုမော့ကာ ကြီးမားလှသော ချစ်ခြင်းများဖြင့် ဝမ်ဟုန့်ကိုကြည့်၍ တိုးတိုးလေးပြောလိုက်သည်။
"ကျွန်မ ရှင့်ကို အချိန်အကြာကြီး ချစ်ခဲ့ပေမယ့် တစ်နေ့မှာတော့ ရှင်နဲ့အတူရှိရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့မိဘူး..."

ချန်ရုံ့နှုတ်ခမ်းများက တဆတ်ဆတ်တုန်လာကြကာ မျက်ရည်များကလည်း ပါးပြင်ပေါ်သို့စီးကျလာကြသည်။

"ချီလန်...ရှင့်ကို စွန့်လွှတ်ဖို့ဆိုတာ အရမ်းခက်ခဲပေမယ့် ဒီနေ့အထိတော့ ကျွန်မ လုပ်နိုင်သေးတဲ့ အရာတစ်ခုပါ..."

သို့သော် သူတို့နှစ်‌‌ယောက် သားသမီးများနှင့်အတူ လွတ်လပ်ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ပြီး၍ ထိုဘဝ၌ ချန်ရုံ အသားကျပြီးကာမှ ဝမ်ဟုန်က ချန်ရုံ့အား သူ့ဘဝထဲမှ တွန်းဖယ်လိုက်သည်ဆိုလျှင်တော့ ချန်ရုံ ခံ‌နိုင်တော့မည်မဟုတ်ပါ။

ဤတစ်ခေါက် နန်ယန်၌ ချန်ရုံသည် ဝမ်ဟုန်နှင့် အလွန်ပျော်ရွှင်ခဲ့ရသည်။ ချန်ရုံ့အား မူရုံခယ်ဖမ်းခေါ်သွားခဲ့သည့်အခါတွင်တောင်မှ ဝမ်ဟုန်သည် အရာအားလုံးကိုချန်၍ လာကယ်ခဲ့သည်။ ထို့ကြောင့် ချန်ရုံ့အား မတွေးသင့်သည့် အရာများနှင့် ဆန္ဒများ ‌တွေးလာမိစေသည်။ သို့သော် ထို့နောက်တွင်တော့ ဓားမြှောင်ကိစ္စဖြစ်သွားခဲ့သည်။ ဓားမြှောင်ကြောင့် ချန်ရုံ အလွန်ကြောက်လန့်ခဲ့ရသည်။

သေချာစဉ်းစားကြည့်လျှင် ယခင်ကကဲ့သို့ဆိုလျှင်တော့ ချန်ရုံသည် ဝမ်ဟုန့်ထံမှ ဤသို့ဆက်ဆံခံရခြင်းကို အလွန်ငြင်းဆန်မိမည်မဟုတ်ချေ။

ချန်ရုံ ပြောသည်ကိုကြားသောအခါ ဝမ်ဟုန်၏နှုတ်ခမ်းများက တင်းတင်းစေ့သွားကြသည်။

ထိုအခိုက်၌ ချန်ရုံက ဝမ်ဟုန်၏လည်ပင်းအား သိုင်းဖက်လိုက်သည်။

ချန်ရုံ၏လက်များက ဝမ်ဟုန့်အား ရုတ်ချည်းနှင့် တင်းကြပ်စွာ ဖက်လိုက်သည်။

ချန်ရုံသည် မလှုပ်ပဲ ဝမ်ဟုန့်အား ဖက်သာဖက်ထားခြင်းဖြစ်သည်။

အံ့ဩသွားသော ဝမ်ဟုန်ကလည်း ချန်ရုံ့အား ဖြည်းညှင်းစွာ ပြန်ဖက်လိုက်သည်။

ဝမ်ဟုန်သည် ချန်ရုံ့အား တင်းကြပ်စွာ ဖက်ထားလိုက်သည်။

ချန်ရုံ့အား ရင်ခွင်ထဲ၌ ဖက်ထားရင်းက ဝမ်ဟုန်သည် ခေါင်းကိုငုံ့လိုက်သည်။

နှုတ်ခမ်းများကို တရွရွလှုပ်၍ ဝမ်ဟုန်သည် "မင်း ကိုယ့်ကို မစွန့်လွှတ်နိုင်ရင် မစွန့်လွှတ်ပါနဲ့..." ဟု ပြောချင်နေမိသည်။

"ဘဝဆိုတာ တိုတိုလေးလေ...ဘာဖြစ်လို့များ အရာရာကို ပုံကြီးချဲ့စဉ်းစားနေရတာလဲ..." ဟုလည်း ဝမ်ဟုန် ပြောချင်နေမိသည်။

"မင်းထွက်သွားလို့မရပါဘူး...ကိုယ်မင်းကို မလွှတ်ပေးနိုင်ဘူး..." ဟုလည်း ပြောချင်နေသည်။

ဝမ်ဟုန်သည် ပြောစရာစကားများစွာကို စဉ်းစားမိသော်လည်း လျှာဖျားသို့ရောက်လာတိုင်း စကားတိုင်းကို ပြန်မြိုချနေမိသည်။

အချိန်အတန်ကြာသည့်အခါမှ ဝမ်ဟုန်က နူးညံ့စွာပြောလိုက်သည်။
"ကိုယ်..."
ခဏရပ်ပြီးမှ တီးတိုးပြောလိုက်သည်။
"အားရုံ မင်းကိုယ့်ကို ဘာလုပ်စေချင်တာလဲ...မင်းဖြစ်စေချင်တာကိုသာပြောပါ...ကိုယ်လုပ်ပါ့မယ်..."

ထို့နောက် မထင်မှတ်ထားသည့် တောင်းဆိုမှုကို ဝမ်ဟုန်ပြောလိုက်သည်။
"မသွားပါနဲ့...မင်း ကိုယ့်နားက မထွက်သွားသရွေ့..."

ဝမ်ဟုန်၏နှုတ်ဖျားမှ ထိုစကားမျာထွက်လာသည်ကို ချန်ရုံ မယုံနိုင်ဖြစ်သွားသည်။

ချန်ရုံသည် ထိုလေသံကို ရင်းနှီးပြီးဖြစ်သည်။ ချန်ရုံသည်လည်း ဝမ်ဟုန့်အား ထိုကဲ့သို့ မိမိကိုယ်တိုင်ပင် သတိမပြုမိသော သိမ်ငယ်သည့်တောင်းဆိုမှုများဖြင့် တောင်းပန်ခဲ့သည်သာဖြစ်သည်။

ချန်ရုံသည် ခေါင်းကို ဝှစ်ခနဲမော့၍ ဝမ်ဟုန့်အား ပြူးကျယ်၍ မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်မိသည်။

ဝမ်ဟုန်က ခေါင်းကိုစောင်း၍ ချန်ရုံ၏အကြည့်ကို မျက်နှာလွှဲလိုက်သည်။

ချန်ရုံသည် မျက်တောင်များကိုတဖျတ်ဖျတ်ခတ်လိုပ်ငည်။

ခဏအကြာတွင်မှ ညင်သာစွာ သဘောတူလိုက်လေသည်။
"ဟုတ်ပါပြီ..."

ထို့နောက်ပြုံး၍ ပေါ့ပါးစွာပင်ပြောလိုက်သည်။
"ဟုတ်ပါပြီ...ကျွန်မ မသွားတော့ပါဘူး..."

ထိုစကားများက ချန်ရုံ့ပါးစပ်မှထွက်လာသည်နှင့် ဝမ်ဟုန့်မျက်နှာ၌ အပြုံးတစ်ခုပေါ်လာသည်။ ထိုအပြုံးသည် ဟန်ဆောင်မှုကင်း၍ ပွင့်လင်းလှသောကြောင့် ချန်ရုံသည်လည်း အလွန်ပျော်သွားမိသည်။

ချန်ရုံသည် ခြေဖျားထောက်၍ ဝမ်ဟုန်၏လည်ပင်းကို သိုင်းဖက်ကာ ဝမ်ဟုန်၏နှုတ်ခမ်းများကို နမ်းလိုက်၍ နူးညံ့စွာပြုံးလိုက်သည်။

"ထန်လန်...ထန်လန်..."

ထန်လန်ဆိုသည်မှာ မိန်းကလေးများက သူတို့ချစ်သူများကို ခေါ်သည့်အသုံးအနှုန်းဖြစ်သည်။ ချန်ရုံက ဝမ်ဟုန့်အား ထန်လန်ဟု နှစ်ခါခေါ်၍ သူမခံစားနေရသည့် ခံစားချက်များကို သေချာမဖော်ပြနိုင်သောအခါ ပြုံးရယ်၍ ပြောလိုက်သည်။

"ချီလန် ဒီအခိုက်အတန့်မှာ ရှင့်ရဲ့ ကတိစကားတွေကိုကြားလိုက်ရတာကလေ တစ်နေ့မှာ ရှင် ကျွန်မကို စွန့်ပစ်သွားရင်တောင်မှ...ကျွန်မကိုယ်ကျွန်မ မီးရှို့သတ်သေရရင်တောင်မှ ကျွန်မ လုံးဝနောင်တရမှာမဟုတ်ပါဘူး...လုံးဝမရဘူး..."

လူသားများသည် ကြေးကြီးသည့် အရဲစွန့်ခြင်းများကို လုပ်ရတတ်သည်မဟုတ်လား။ ယခုလည်း ချန်ရုံနှင့်ဝမ်ဟုန်တို့၏နှလုံးသားက ထပ်တူကျနေသည်ဖြစ်ရာ ချန်ရုံ အဘယ်ကြောင့်များ လက်လျှော့ရပါဦးတော့မည်နည်း။

မျက်ရည်များကြားမှပြုံးနေသောချန်ရုံ့ကိုမြင်သောအခါ ဝမ်ဟုန်က အံ့ဩဆွံ့အသွားမိသည်။ ဝမ်ဟုန်သည် အရာများစွာကိုလုပ်ခဲ့၍ နည်းလမ်းများစွာကိုစဉ်းစားကာ အခန်ူထဲ၌လည်း ခေါက်တုံ့ခေါက်ပြန်အကြိမ်ရေများစွာ လျှောက်ခဲ့ပြီးဖြစ်သည်။ ထိုကြိုးစားအားထုတ်မှုများက ဤစာကြောင်းတစ်ကြောင်းတည်းနှင့် အလဟဿဖြစ်သွားလိမ့်မည်ဟုတော့ ဝမ်ဟုန် မမျှော်လင့်ထားခဲ့ချေ။

ဝမ်ဟုန်သည် ခေါင်းကိုတစ်ဖက်သို့လှည့်၍ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
"အားရုံ...မင်းဘာဖြစ်လို့ ဒီလောက်တောင်ပျော်နေတာလဲ..."

ဝမ်ဟုန်က တကယ်ပင်နားမလည်ဖြစ်သွားသောကြောင့် တကယ်ပင် အတည်အတန့်မေးလိုက်သည်။

ချန်ရုံက ပြုံး၍ ဝမ်ဟုန်၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။

ယခုအကြိမ်သည် ဝမ်ဟုန်က သူမ အား ချစ်သည်ကိုသည်ကို ပထမဆုံးအကြိမ်အဖြစ် ယုံမှားသံသယမရှိပဲ ခံစားမိလိုက်ရခြင်းကို ချန်ရုံထုတ်မပြောလိုက်ပေ။ ချန်ရုံ ချစ်ရ‌သလောက် ဝမ်ဟုန်သည်လည်း ချန်ရုံ့အပေါ်ချစ်သည်ဟု ခံစားလိုက်ရခြင်းကိုလည်း ထုတ်မပြောလိုက်ပေ။

ချန်ရုံ၏စွန့်စားခန်းထွက်နေခဲ့ရသော နှလုံးသားသည် ပထမဆုံးအကြိမ်အဖြစ် ခိုနားရာရှာတွေ့ခဲ့ပြီဖြစ်သည်။ ဝမ်ဟုန်သည် သူမ အား နာကျင်အောင်မလုပ်တော့ပါ ဟု ချန်ရုံ ပထမဆုံးအကြိမ်အဖြစ် သူမဘာသာပြောလိုက်သည်။ တစ်နေ့နေ့၌ ချန်ရုံ အသက်အရွယ်အိုမင်းလာ၍ ဝမ်ဟုန်က ငယ်ရွယ်ချောမောသည့်မိန်းမပျိုလေးတစ်ယောက်ကို ထပ်ရှာတွေ့လျှင်တောင်မှ ဝမ်ဟုန်သည် ကိစ္စများကိုကောင်းမွန်စွာကိုင်တွယ်၍ ချန်ရုံ့အား ဂုဏ်ရှိစွာ ထွက်သွားခွင့်ပေးမည်ဟု ချန်ရုံ ယုံကြည်လိုက်မိသည်။

သူမ၏ချစ်ရသူသည် အလွန်ဂုဏ်သရေရှိ၍ အဆင့်အတန်းမြင့်သူဖြစ်သောကြောင့် သူ၏အချစ်များက ချန်ရုံ့ကိုသနားစိတ်မှအရင်းခံသည်ဟု ထင်ခဲ့ရသည်။ ချန်ရုံ့အား ဟူလူမျိုးများဆီမှ ကယ်တင်ခဲ့ပြီးသည့်အခါတောင်မှ သူ၏ အကြံအစည်များဖြင့် ချန်ရုံ့အား အန္တရာယ်တွင်းထဲသို့ တစ်ခါထပ်၍ ကျဆင်းစေခဲ့သည်။ ဝမ်ဟုန်သည် ချန်ရုံ့အား မည်တုန်းကမှ စိတ်အနားမရစေခဲ့ပါ။ ယခုအချိန်မှလွဲ၍ဖြစ်သည်။

ချန်ရုံ၏ပျော်ရွှင်မှုများသည် လှိုင်းလုံးများကဲ့သို့ အလုံးအရင်းထွက်လာကာ အလွန်ပျော်ရွှင်နေမိသောကြောင့် ရယ်ချင်စိတ်ကိုပင် မထိန်းချုပ်နိုင်ဖြစ်သွားသည်။

ဝမ်ဟုန်သည် ချန်ရုံ့အား နှစ်ခါမျှ ထပ်မေးနေသော်လည်း ချန်ရုံ့ထံမှ အဖြေရမည့်ပုံမပေါ်သောအခါ ရပ်လိုက်ရသည်။ တဖြည်းဖြည်းနှင့် ဝမ်ဟုန်သည်လည်း ချန်ရုံ့ထံမှ အပျော်ကူးစက်ကာ ပြုံးလိုက်မိတော့သည်။

သူတို့နှစ်ဦးသားသည်း မကုန်ဆုံးနိုင်သည့် အပျော်များဖြင့် တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်လိုက်ကြသည်။

ဆယ်ရက်က လျင်မြန်စွာကုန်ဆုံးသွား၍ ချန်ရုံ၏ဒဏ်ရာများလည်း အလွန်သက်သာလာတော့သည်။

ထိုနေ့၌ မနက်စောစောပင်ရှိသေးသော်လည်း အရှေ့ဘက်မှ ထွက်ပေါ်လာသည့် နေမင်းက စူးရှစွာ တောက်ပနေပြီဖြစ်သည်။

ရထားလုံးထဲ၌ထိုင်၍ ချန်ရုံသည် တဖြည်းဖြည်းနီးကပ်လာသော မြို့တံခါးကိုကြည့်၍ တိုးတိတ်စွာမေးလိုက်သည်။
"ချီလန်...ဘယ်သူကမှ ကျွန်မကို သတိမထားမိလောက်ပါဘူးနော်..."

ဝမ်ဟုန် ဘာမှမပြောရသေးခင် ချန်ရုံက ထပ်မေးလိုက်သည်။
"ချီလန်...ကျွန်မတို့ မြို့ကနေ ထွက်သွားကြမှာလား..."

ဝမ်ဟုန်က ခုံကိုမှီ၍ ပြုံးကာပြောလိုက်သည်။
"စိတ်မပူပါနဲ့...ဘယ်သူကမှ မင်းကို သတိထားမိကြမှာမဟုတ်ပါဘူး..."

ဝမ်ဟုန်၏ရထားလုံးက အခြားရထားလုံးများနောက်ကိုလိုက်၍ မြို့တံခါးကို ခပ်ဖြည်းဖြည်း ကျော်ဖြတ်သွားလေသည်။

ဝမ်ဟုန်က နှစ်သိမ့်ထားသော်လည်း ချန်ရုံကတော့ စိတ်ပူနေမိသည်။ ရထားလုံးက မြို့တံခါးကိုကျော်ဖြတ်ပြီးသွားသောအခါမှ ချန်ရုံက အံ့ဩစွာမေးလိုက်သည်။
"ဘာဖြစ်လို့ ကျွန်မတို့ကို မစစ်တာလဲ..."

မြို့တံခါး၏တစ်ဖက်တစ်ချက်၌ တော်ဝင်စစ်သည်များစွာ ရပ်နေကြသည်။ ထိုစစ်သည်များသည် အဘယ်ကြောင့်များ ချန်ရုံတို့ကို မစစ်ဆေးရပါသနည်း။

ဝမ်ဟုန်က ပြန်မဖြေပဲ တောက်ပသောမျက်လုံးများဖြင့်သာ ချန်ရုံ့အား ကြည့်လိုက်လေသည်။