Chapter 256
: အသိသက်သေများရှေ့မှောက်တွင်
ရထားလုံးက မြို့ထဲမှထွက်ပြီးပြီးချင်းမှာပင် အနောက်ဘက်သို့ ဦးတည်သွားသည်။
တစ်နာရီခန့်အကြာတွင် တောင်များကို ကွေ့ဝိုက်ကာစီးဆင်းနေသော မြစ်တစ်ခုကို ချန်ရုံတွေ့လိုက်ရသည်။ ထိုမြစ်ကမ်းဘေး၌ ကျောက်ချထားသော လှေငယ်တစ်စီးရှိ၍ ချောမော၍ငယ်ရွယ်သောအစေခံတစ်ဦးက ထိုအနား၌ ရပ်စောင့်နေသည်။ ရထားလုံးမောင်းလာသည်ကိုမြင်သောအခါ အစေခံသည် အဝေးမှနေ၍ ယဉ်ကျေးသောအမူအယာဖြင့် အရိုအသေပေးလိုက်သည်။
ရထားလုံးက မြစ်ကမ်းနားသို့ရောက်သွားသောအခါ ဝမ်ဟုန်က ခုန်ဆင်း၍ ချန်ရုံ့ကိုလည်း တွဲခေါ်ကာ လှေဆီသို့ သွားလိုက်ကြသည်။
"သွားရအောင်..."
"ဟုတ်ကဲ့..."
လှေသည် မြှားတစ်စင်းကဲ့သို့ အရှိန်နှင့်ထွက်ခွာ၍ လှိုင်းဖြူဖြူများကြားမှ တောင်တန်းများဆီသို့ လှော်ခတ်သွားလေသည်။
တောင်တန်းများကိုကျော်လွန်သောအခါ မြစ်က ရုတ်တရက် ကျယ်ပြန့်သွားသည်။ တောင်များကြားတွင် ကောင်းကင်နှင့်ရေပြင်က တစ်သားတည်းဖြစ်နေကာ အခြားကမ္ဘာလောကတစ်ခုဆီသို့ ရောက်နေသကဲ့သို့ ဖြစ်နေလေသည်။ ချန်ရုံ အနောက်သို့ လှည့်ကြည့်လိုက်သောအခါ သူတို့လာခဲ့သော လမ်းကိုပင်မမြင်ရတော့ချေ။ ဤနေရာ၌ သာမာန်လောက က လုံးဝပျောက်ဆုံးသွားသကဲ့သို့ ဖြစ်နေလေသည်။
ချန်ရုံက ခေါင်းကိုမော့၍ မြင့်မား၍ စိမ်းလန့်နေသော တောင်များကို လှည့်ပတ်ကြည့်လိုက်သည်။
"ကျန့်ခန်းမှာ ဒီလိုနေရာမျိုးရှိနေမယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး..."
ချန်ရုံက အံ့ဩစွာပြောလိုက်သည်။ တကယ်တော့ ကျန့်ခန်းမျာနေနေခဲ့ရသည့် ကာလတစ်လျှောက်လုံးတွင် ချန်ရုံသည် သူမ၏အသက်ဘေးအန္တရာယ်အတွက်သာ စိုးရိမ်နေခဲ့ရသည်ဖြစ်သောကြောင့် လှပသောနေရာများကို ကြည့်ရှုရန် အချိန်မရှိခဲ့ပေ။
ချန်ရုံပြောလိုက်သည်ကို ဝမ်ဟုန့်ထံမှ ဘာမှပြန်ဖြေသံမကြားရသောအခါ ချန်ရုံက လှည့်ကြည့်လိုက်သည်။
ထိုအချိန်၌ ဝမ်ဟုန်သည် အဖြူရောင်ဝတ်ရုံဖြင့် လက်ကိုခေါင်းနောက်သို့ထား၍ မြစ်ကိုဖြတ်တိုက်လာသည့် လေတဖြူးဖြူးကြားတွင် ထိုင်နေရာ မြင့်မြတ်သည့် နတ်ဘုရားတစ်ပါးနှင့်ပင်တူနေတော့သည်။ ချန်ရုံသည် သူမ ချစ်ရသောအမျိုးသားကို လှမ်းကြည့်၍ စိတ်မထိန်းနိုင်ပဲ မူးရီသွားမိသည်။
ထိုအချိန်၌ ဝမ်ဟုန်၏ရယ်မောသံကို ချန်ရုံကြားလိုက်ရသည်။
"မင်းတို့က အသံနည်းနည်းလေးတောင်မထွက်ပါလား...ငါ့ကို ခြောက်လှန့်ဖို့ကြံစည်နေကြတာလား..."
ဝမ်ဟုန် စကားပြောပြီးပြီးချင်းမှာပင် ဘယ်ဘက်တောင်ထိပ်နောက်မှ ဗျတ်စောင်းတီးခတ်သံက ယွီကျစ်၏အသံနှင့်အတူ ထွက်ပေါ်လာလေသည်။
"ဪ နေ့ခင်းကြောင်တောင်မှာ သေဆုံးခါနီးဖြစ်နေတဲ့ တာအိုသီလရှင် ဟုန်ယွင်ကျီကို သယ်ဆောင်ပြီး ကျန့်ခန်းမြို့ကနေ ပျောက်ကွယ်သွားခဲ့တဲ့ ဝမ်ချီလန်ဆိုတဲ့ လူအကြောင်းကို ငါစဉ်းစားမိတယ်...သူတို့ကို ဘယ်သူကမှ ရှာမတွေ့ကြတော့ပါလား..."
ထိုအခိုက်၌ နောက်အသံတစ်သံကလည်း ယွီကျစ်၏အသံကိုလွှမ်းမိုးလိုက်သည်။
"ရက်အနည်းငယ်ကြာတဲ့အခါမှာ မင်ဟူမြစ်ထဲကို ရေသွားကူးတဲ့လူတစ်ယောက်က အဲဒီလူနဲ့ သူ့ဇနီးကိုတွေ့ခဲ့ရတယ်...သူတို့တွေဟာ နတ်ဘုရားတွေလား သရဲတွေလား ကျွန်ုပ်တို့ သိချင်မိပါတယ်..."
နှစ်ယောက်သားက သီချင်းကို တကယ်ပင်စိတ်နှစ်၍ တွဲဖက်ဆိုနေကြသောကြောင့် ချန်ရုံသည်ပင် စိတ်မထိန်းနိုင်ပဲ ရယ်လိုက်မိတော့သည်။
ဝမ်ဟုန်ကလည်း အော်ရယ်လိုက်သည်။ ထို့နောက် သူတို့၏လေသံကိုတုကာ ပြန်ပြောလိုက်သည်။
"ဝမ်ချီက ဘယ်သူလဲဟုတ်လား...သူက လူတွေကြားထဲမှာ နတ်သက်ကြွေတဲ့နတ်ဘုရားတစ်ပါးလို့ သတ်မှတ်ခံထားရတဲ့လူပဲ...အခုက ဘယ်အချိန်ပါလိမ့်...နေ့လယ်ပဲ...ဒါ့ကြောင့် ဝမ်ချီလန်က နတ်ဘုရားလိုလူဆိုတာ ယုံမှားသံသယဖြစ်စရာမရှိတော့ဘူး..."
ဝမ်ဟုန် စကားပြောပြီးပြီးချင်းမှာပင် ရယ်သံများထွက်ပေါ်လာ၍ လှေတစ်ဒါဇင်ခန့်က ချန်ရုံတို့လှေနား ရောက်လာကြသည်။
ထိုလှေများပေါ်၌ ပညာရှိ ဆယ့်လေးဦးပါလာ၍ ထိုလူများအားလုံးမှာ ဝမ်ဟုန်၏ မိတ်ဆွေကောင်းများဖြစ်ကာ တော်တော်များများကိုလည်း ချန်ရုံတွေ့ပြီးသားဖြစ်သည်။
'မိတ်ဆွေကောင်း' ဆိုသည်မှာလည်း လက်လွတ်စပယ်ပြောခြင်းမဟုတ်ပေ။ ပညာရှိများသည် မကောင်းသည့်အရာများကို မုန်းတီးသူများဖြစ်သည်။ ထို့ကြောင့် သူတို့က မိတ်ဆွေဟု သတ်မှတ်ထားသူများသည် ယုံကြည်စိတ်ချရသူများနှင့် လျှို့ဝှက်ချက်ကို စောင့်ထိန်းနိုင်သူများဟု သတ်မှတ်ပြီးသားဖြစ်သည်။
တော်ဝင်စစ်မားမိသားစုကို စော်ကား၍ လူတိုင်း၏အမြင်၌ သေပြီဟု သတ်မှတ်ခံထားရသောအမျိုးသမီးက ရုတ်တရက် ပေါ်ထွက်လာသည့်တိုင်အောင် ထိုလူဆယ့်လေးယောက်က မအံ့ဩသွားကြချေ။
ကျယ်လောင်သောရယ်သံများကြားတွင် လူတိုင်းက ချန်ရုံ့အား လှည့်ကြည့်လိုက်ကြသည်။
ပညာရှိများသည် ချန်ရုံ့အား သေချာစွာကြည့်နေကြပြီးမှ မျက်နှာဖြူဖြူ၊ မုတ်ဆိတိမွှေးရှည်ရှည်နှင့် အသက်ကြီးကြီး ပညာရှိတစ်ယောက်က ရှည်လျားသောသက်ပြင်းကိုချကာ ပြောလိုက်သည်။
"ချီလန်ကတော့ ဒုက္ခတွေကြားထဲက လွတ်မြောက်သွားပြီပဲ...ငါတို့ကတော့ ဒီအညစ်အကြေးတွေထဲမှာ ထပ်ပြီး အချိန်ကြာကြာ နေကြရဦးမယ်..."
ပိန်လှီသော ဟွမ်းကျိုးလန်က လှောင်ရယ်ရယ်၍ ပြောလိုက်သည်။
"ဒုက္ခတွေကြားထဲကလွတ်မြောက်သွားပြီဆိုတာ အရှင် ဘာကိုဆိုလိုတာပါလဲ...ဒီချီလန်က အရမ်းကို တွက်ချက်တတ်တာ...အခုလည်း တစ်ကိုယ်တည်းနေဖို့ ထွက်သွားတယ်ဆိုရင် လူတွေရဲ့စပ်စုတာကို ရှောင်လွှဲနိုင်မယ်...ပြီးတော့ သူ့ကိုလည်း လူတွေက ပိုအထင်ကြီးလာကြမယ်...နောက်ဆုံးအနေနဲ့ ဒီချီလန်က လူကြီးတောင်ဖြစ်သေးတာမဟုတ်ဘူးလေ...သူ့ကိုရာထူးပေးမယ်ဆိုရင်တောင်မှ အဆင့်မြင့်တဲ့ရာထူးကိုရဦးမှာမဟုတ်ဘူး...အဲဒီတော့ သူ့ရဲ့ဇနီးလေးနဲ့ ခဏလောက်သွားပျော်ပါးနေပြီး အချိန်ကျတော့မှ တိုင်းပြည်က သူ့ကို ပြန်လာခိုင်းမယ်လေ...ဒါက အချိန်ကောင်းကို စောင့်ဆိုင်းတာပါပဲ..."
ဤခေတ်အခါ၌ တောတောင်ထဲ၌ တစ်ကိုယ်တည်းနေထိုင်ခြင်းလုပ်ရပ်သည် ကိုယ့်ကိုယ်ကိုယ် ရွှေနှင့်မွမ်းမံသည်နှင့် အလားတူပင်ဖြစ်သည်။ ထိုခေတ်က လူများက တောထဲသို့ပြောင်းရွှေ့နေထိုင်သူများသည် မြင့်မြတ်၍ စိတ်ဓာတ်မှန်ကန်သူများဖြစ်ကာ ထိုသို့ တစ်ခါမျှမနေဖူးသူများကတော့ ရုန့်ရင်းကြမ်းတမ်း၍ ကျော်ကြားမှုနှင့် စည်းစိမ်များနောက်ကိုသာ လိုက်နေကြသူများဟု ထင်ကြသည်။ ထို့အပြင် ဝမ်ဟုန်သည် မူရုံခယ်အား နှစ်ခါပင် အနိုင်ယူထား၍ ထက်မြက်သော ဗျူဟာမှူးအဖြစ် လူများ၏အမြင်၌ နာမည်ရထားပြီးဖြစ်သည်။ ထိုမျှမက ဝမ်ဟုန်သည် ဝမ်အိမ်တော်မှ လေ့ကျင့်ပေးထားသည့် အမွေဆက်ခံသူဖြစ်သည်။ ထိုကဲ့သို့သောလူတစ်ယောက်သည် လောကကိုကယ်တင်ရန် အရာရာပြည့်စုံသူဖြစ်သည်။ ထို့ကြောင့် တစ်နေ့နေ့၍ အနားယူနေရာမှ လူကြားသို့ ပြန်ရောက်လာဖို့ကမ်းလှမ်းလျှင်လည်း ဝမ်ဟုန်သည် လူများကို လွှမ်းမိုးနိုင်၍ လွှတ်တော်အတွင်း၌ ပြောင်းလဲမှုများလုပ်ဆောင်နိုင်မည်မှာလည်း ယုံမှားဖွယ်မရှိချေ။
ဟွမ်းကျိုးလန်၏စကားများက ထိုကိစ္စ၏အရင်းအမြစ်ကိုတဲ့တိုးပြောချလိုက်သောကြောင့် ဝမ်ဟုန်လည်း မတတ်နိုင်ပဲ နွမ်းလျစွာပြုံးလိုက်မိသည်။ ယွီကျစ်က ဘေးမှ လှမ်းပြောလိုက်သည်။
"ကျိုးလန် ကျိုးလန်...မင်း ဘာဖြစ်လို့များ ဒီလို စကားတွေကို ဘွင်းဘွင်းရှင်းရှင်းကြီးပြောလိုက်ရတာလဲ...မင်းက ဒီလိုတွေပြောနေတော့ ဝမ်ချီက သူ့ရဲ့ နတ်သတ်ကြွေတဲ့ နတ်ဘုရားပုံစံကို ဘယ်လိုဆက်ထိန်းထားနိုင်တော့မှာလဲ..."
ယွီကျစ်က ရယ်လိုက်သောအခါ လူတိုင်းကလည်း လိုက်ရယ်၍ ချောမော၍ ဟိတ်ဟန်များသော လန်ကျစ်က ပြောလိုက်သည်။
"နတ်သက်ကြွေတဲ့နတ်ဘုရားရဲ့ပုံစံ ဟုတ်လား...ဝမ်ချီလန်က မိန်းကလေးတိုင်းကြိုက်တဲ့ ရှားပါးတဲ့ အမျိုးသားဆိုတာ လူတိုင်းသိကြတာပဲ...ဘယ်နတ်ဘုရားကများ အချစ်ကို ဒီလောက်ထိရူးသွပ်နေမှာလဲ..."
ရယ်သံများက ပို၍ပင်ကျယ်လောင်လာသည်။
ထိုလူများသည် စစရောက်ချင်းကပင် ဝမ်ဟုန့်အား လှောင်ပြောင်စနောက်နေကြ၍ ဝမ်ဟုန်လည်း ဘာမှမလုပ်နိုင်ပဲ ပြုံးရုံသာပြုံးနေနိုင်တော့သည်။
ရယ်သံများရပ်သွားသောအခါ တာအိုဘာသာရေးဆရာကဲ့သို့ ဝတ်ဆင်ထားသော အသက်ကြီးကြီး လူတစ်ယောက်က ချောင်းဟန့်ကာ ပြောလိုက်သည်။
"အတိတ်နိမိတ်ကောင်းတဲ့အချိန်ကိုရောက်လာပြီ..."
အတိတ်နိမိတ်ကောင်းတဲ့အချိန်ကို ရောက်လာပြီတဲ့လား။
ထိုစကားကိုကြားသောအခါ ရယ်မောနေကြသော လူအုပ်ကြီးက ချက်ချင်းပင် တိတ်ဆိတ်သွားလေသည်။
ချန်ရုံ၏မျက်လုံးများက ပြူးကျယ်သွားချိန်တွင် ထိုလူများက နောက်သို့ဆုတ်၍ မျက်စိတစ်မှိတ်အတွင်းမှာပင် ဗျတ်စောင်းတီးသူ၊ ပုလွေမှုတ်သူနှင့် ကျူရိုးပုလွေမှုတ်သူတို့ ပေါ်ထွက်လာသည်။
သာယာငြိမ့်ညောင်းသောဂီတက စတင်ထွက်ပေါ်လာလေသည်။
ဝမ်ဟုန်သည်လည်း အနောက်သို့ ဆုတ်လိုက်သည်။
သူသည် ချန်ရုံ့ဘေးသို့သွားကာ ချန်ရုံ၏လက်ကို ဆွဲယူ၍ နေထွက်ရာအရှေ့ဘက်သို့ ဦးတည်ကာ ဒူးထောက်လိုက်သည်။
ချန်ရုံသည်လည်း နားမလည်စွာဖြင့် ဝမ်ဟုန်လုပ်သည့်အတိုင်းသာ လိုက်၍ ဒူးထောက်လိုက်သည်။
ချန်ရုံက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ ဝမ်ဟုန်က အဖြူရောင်ကိုဝတ်ဆင်ထားသည်။ သူတို့နှစ်ယောက် ဒူးထောက်အရိုအသေပေးနေစဉ်တွင် ဝတ်စုံများက လေထဲ၌ တဖျတ်ဖျတ်လွင့်နေကြသည်။
ချန်ရုံက ဝမ်ဟုန့်အား မေးခွန်းများပါသောအကြည့်ဖြင့်ကြည့်လိုက်သည်။
ဝမ်ဟုန်၏မျက်နှာက ပုံမှန်နှင့်မတူပဲ အလွန်တည်ငြိမ်နေသည်။ ဝမ်ဟုန်သည် အရှေ့ဘက်သို့ ကြည့်၍ ကြည်လင်ချောမွေ့သောအသံဖြင့် ပြောလိုက်သည်။
"လန်ယာဝမ်ဟုန်ဆိုတဲ့ ကျွန်ုပ်သည် ကျွန်ုပ်၏ဘေးနား၌ရှိသော ချန်အိမ်တော်ရဲ့အားရုံ ဆိုတဲ့ အမျိုးသမီးကို ထိမ်းမြားလက်ထပ်ယူလိုပါသည်...ကောင်းကင်ဘုံ...ဘိုးဘေးတွေနဲ့ ဂုဏ်သရေရှိဧည့်သည်တော်တွေကြိ ကျွန်ုပ်တို့ရဲ့ မျက်မြင်သက်သေအဖြစ် လုပ်ဆောင်ပေးဖို့ တောင်းဆိုအပ်ပါတယ်..."
ထိုသို့ပြောပြီးသောအခါ ဝမ်ဟုန်သည် ယဉ်ကျေးစွာဖြင့် သုံးခါ အရိုအသေပေးလိုက်သည်။
အံ့ဩဆွံ့အနေသော ချန်ရုံလည်း ဝမ်ဟုန့်အတိုင်း သုံးခါ အရိုအသေပေးလိုက်သည်။
လှပသပ်ရပ်စွာဝတ်စားထားသော လန်ကျစ်က လူအုပ်ကြားထဲမှ ထွက်လာကာ ချန်ရုံတို့နှစ်ယောက်ရှေ့၌ရပ်၍ အစေခံဆီမှာ ဝိုင်အရက်ခွက်ကို လှမ်းယူလိုက်သည်။
ခွက်ထဲမှ အရက်များကို မြစ်ထဲသို့ ဖြည်းညှင်းစွာ သွန်ချရင်းဖြင့် လန်ကျစ်၏ ဆွဲဆောင်မှုရှိသောအသံက ကျယ်လောင်စွာ ပေါ်ထွက်လာသည်။
"ဒီအမျိုးသမီးဟာ လက်ထပ်ထိမ်းမြားမှုနဲ့ မအပ်စပ်ပေမယ့် သူဟာ သခင်ဝမ်ကို သူမအသက်နဲ့ရင်းပြီး တစ်ခါမက ကယ်ခဲ့ဖူးတယ်...ဒီလိုမျိုးလေးစားဖွယ်ကောင်းတဲ့ စိတ်နေစိတ်ထားဟာ ချစ်ခြင်းနဲ့ထိုက်တန်ပါတယ်..."
ပထမခွက်ကိုပြန်ချပြီးသောအခါ ဒုတိယတစ်ခွက်ကို မြှောက်၍ အရှေ့ဘက်သို့လှည့်ကာ အရိုအသေပေးလိုက်ပြီးမှ ခွက်ထဲမှ အရက်များကို မိုးပေါ်သို့ မြှောက်တင်ကာသွန်လိုက်သည်။ အရက်များက မိုးရေကဲ့သို့ ပြန်ရွာသွန်းလာသောအခါ လန်ကျစ်၏အသံထွက်ပေါ်လာပြန်သည်။
"ဒီလို ဒုက္ခတွေများပြီး လူဆိုးလူညစ်တွေပေါများလှတဲ့ ကမ္ဘာကြီးမှာ ဒီလို ကောင်းမွန်တဲ့အမျိုးသမီးကိုရှာဖွေတွေ့ရှိခဲ့တဲ့အတွက် သခင်ဝမ်ဟာ အရမ်းကိုပဲ ကံကောင်းလှပါတယ်...အခုအချိန်ကစပြီး သခင်ဝမ်ဟာ သူ့ရဲ့ဇနီးကို အမြဲ ချစ်ခင်မြတ်နိုးပြီး ကာကွယ်ဂရုစိုက်ကာ ဘယ်တော့မှ မပစ်ပယ်..ဘယ်တော့မှ နောင်တမရပဲ ဘယ်တော့မှာ မုန်းတီးခြင်းမပြုပါဘူးလို့ ကောင်းကင်နဲ့မြေကြီး...ဝိဉာဉ်များနဲ့ နတ်ဘုရားများကို ကျွန်ုပ်တိုင်တည်ပါတယ်..."
ထိုစကားများကိုကြားသောအခါ ချန်ရုံ့မျက်နှာပေါ်သို့မျက်ရည်များစီးကျလာသောကြောင့် ချန်ရုံသည် မျက်နှာကို အင်္ကျီဝတ်ရုံလက်ဖြင့် ကာထားလိုက်ရသည်။ လန်ကျစ်က တတိယမြောက်အရက်ခွက်ကိုမ၍ ပညာရှိများဘက်သို့ လှည့်လိုက်သည်။
လန်ကျစ်သည် အရက်ခွက်ကို လက်နှစ်ဖက်လုံးနှင့်မကာ သူတို့၏ကိုယ်ပိုင်ခွက်များကိုလည်း မထားကြသော ပညာရှိများကို မျက်နှာမူ၍ ပြောလိုက်သည်။
"အရမ်းကိုချောမောလှပတဲ့ မိန်းမပျိုလေးတွေနဲ့တွေ့လေလေ သူ့နှလုံးသားက ခံစားချက်မဲ့လာလေလေ...ပိုဝေးဝေးကိုခရီးသွားလေ ပိုပင်ပန်းလာလေ လို့ သခင်ဝမ်က ပြောဖူးပါတယ်..."
လူများအားလုံး၏အကြည့်အောက်တွင် လန်ကျစ်၏အသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"အခုတော့ ဒီအမျိုးသမီးကို ပိုင်ဆိုင်သွားရပြီဖြစ်တဲ့အတွက် သခင်ဝမ်ရဲ့နှလုံးသားဟာလည်း ခံစားချက်တွေပြန်ပြည့်ဖြိုးလာပြီူ အချစ်တွေဟာလည်း အသစ်ပေါ်ထွက်ခဲ့ပါပြီ...ဒီလိုမျိုး ဂုဏ်သရေရှ်ိလှတဲ့အခမ်းအနားနဲ့ ဧည့်သည်တော်တွေရဲ့ရှေ့မှာ သခင်ဝမ်ရဲ့ ကတိစကားကို ကျွန်ုပ် ပြန်ရွတ်ဆိုပြပါရစေ...အဲဒီကတိစကားကတော့ သခင်ဝမ်ဟာ သူအသက်ရှင်နေသရွေ့ ဒုတိယဇနီးကို မယူဘူးဆိုတဲ့ ကတိပဲဖြစ်ပါတယ်..."
ဒုတိယဇနီးကို မယူဘူးတဲ့လား။
ဒုတိယဇနီးကိုမယူတော့ပါဟု ဝမ်ဟုန်က တကယ်ပဲ ကတိပေးလိုက်သည်လား။
ထိုအခိုက်၌ ချန်ရုံသာမက ပညာရှိအများစုသည်လည်း မျက်လုံးများပြူးကာ အာမေဋိတ်များ ထွက်သွားမိကြသည်။
တော်တော်များများက အံ့ဩထိတ်လန့်သွားချိန်တွင် လန်ကျစ်က အရက်ခွက်ကိုမြှောက်ကာ ခေါင်းကိုအနောက်သို့မော့၍ အကုန်သောက်ချလိုက်သည်။ ထိုအကြောင်းကိုသိပြီးသားဖြစ်သူများကလည်း လက်ထဲမှ အရက်ခွက်များကို မော့သောက်လိုက်ကြသည်။
ကျန်ရှိနေသည့်ပညာရှိများကတော့ ကြောင်တောင်တောင်ဖြင့် အရက်ခွက်များကို တစ်ယောက်ပြီး တစ်ယောက် သောက်လိုက်ကြသည်။
လန်ကျစ်ကရယ်ကာ လက်ထပ်ခြင်းအခမ်းအနားပြီးဆုံးသွားသည့် အထိမ်းအမှတ်ဖြင့် လက်ထဲမှ အရက်ခွက်ကို မြစ်ထဲသို့ လွှင့်ပစ်လိုက်လေသည်။
ချန်ရုံနှင့် အခြားလူများ အသိစိတ်ပြန်ဝင်လာကြချိန်တွင် လန်ကျစ်၏ရယ်သံက လေထဲ၌ လွင့်ပျံနေဆဲဖြစ်သည်။
ချန်ရုံသည် ပါးစပ်ကို အင်္ကျီလက်ဖြင့်အုပ်၍ မျက်နှာပေါ်၌ မျက်ရည်များစီးကျနေကာ ဝမ်ဟုန့်အား မယုံနိုင်သကဲ့သို့လှမ်းကြည့်လိုက်သည်။
မျက်ရည်များကြားမှ သူမ၏ချစ်ရသူက သူမ အား ပြုံး၍ကြည့်နေသည်ကိုမြင်လိုက်ရသည်။ ဝမ်ဟုန်၏နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေးနေ၍ မျက်လုံးများကလည်း တဖျတ်ဖျတ်လက်ကာ ဝမ်းသာကြည်နူးနေဟန်ရှိသည်။
ချန်ရုံသည် ဝမ်ဟုန့်အား အချိန်အတော်ကြာ စိုက်ကြည့်နေပြီးမှ မေးလိုက်သည်။
"ဒုတိယဇနီး ထပ်မယူဘူး ဟုတ်လား...ရှင် နောက်မိန်းမ ထပ်မယူဘူးလို့ ကျွန်မကို တကယ် ကတိပေးနေတာလား..."
ဝမ်ဟုန်သည် ချန်ရုံ့အား ဇနီးအဖြစ် လက်ထပ်ယူခြင်းကပင် အတော်ခက်ခဲနေပြီဖြစ်သည်။ ထို့အပြင် ယခု၌ နောက်ထပ်ဇနီးမယားများ၊ ကိုယ်လုပ်တော်များ ထပ်မယူပါဟုပင် ကတိပေးနေသည်တဲ့လား။
ဝမ်ဟုန်သည် ချန်ရုံ့အား သူအသက်ရှင်နေသရွေ့ ဘယ်တော့မှ မထားခဲ့ပဲ အနာဂတ်တွင်လည်း ဘယ်တော့မှ နောင်တမရ မညည်းညူပဲ ချန်ရုံမှလွဲ၍ အခြားဘယ်သူ့ကိုမှလည်း မလိုချင်တော့ပါဟု သစ္စာဆိုခဲ့သည်။
ဘယ်လိုများ ဖြစ်နိုင်ပါမည်လဲ။
ဘယ်လိုများ ဖြစ်နိုင်ပါမည်လဲ။