အပိုင်း 257 (ဇာတ်သိမ်းပိုင်း -1)
Viewers 25k

Chapter 257
ဇာတ်သိမ်းပိုင်း -1


ချန်ရုံက မျက်ရည်များသွင်သွင်စီးကျနေချိန်တွင် ဟွမ်းကျိုးလန်က လန်ကျစ်၏လှေထဲသို့ ခုန်ဝင်လာသည်။ ဟွမ်းကျိုးလန်သည် ဝမ်ဟုန်နှင့် ချန်ရုံတို့ကို နွေးထွေးစွာကြည့်၍ သက်ပြင်းချကာပြောလိုက်သည်။

"ချီလန်က အရမ်းကို စိတ်ဓာတ်ပြင်းတာတော့ ငါသိတယ်...ဒါပေမယ့် သူ့ရဲ့ ကိုယ်တိုင်အိမ်ထောင်ရေးမှာတော့ ဒီလောက် ခိုင်မာပြတ်သားလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး...'ဘယ်တော့မှ မပစ်ပယ်ဘူး...ဘယ်တော့မှ နောင်တမရဘူး...ဘယ်တော့မှ မမုန်းတီးဘူးနဲ့ နောက် ဒုတိယဇနီး လူံဝမယူဘူး..." ဆိုတဲ့ ကတိစကားတွေကိုပြောရဲတာ အရမ်းပဲ သတ္တိရှိလှပါတယ်..."

အခြားလူတစ်ယောက်ကလည်း လန်ကျစ်၏လှမ်းကြည့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်...ဒီလောကမှာ ဝမ်ချီလန် မလုပ်ရဲတာနဲ့ မပြောရဲ‌တာ‌ဆိုတာ တကယ်ကို ဘာမှမရှိဘူးပဲ..."

ဘဝ၌အခက်ခဲဆုံးအရာမှာ မိမိ၏စိတ်နှလုံးသားကို ထိန်းချုပ်နိုင်ရန်ပင်ဖြစ်သည်။ ချစ်ခြင်းမေ‌တ္တာနှင့်သက်ဆိုင်သောအရာများသည် လောက၌ပြောင်းလဲရန်အလွယ်ဆုံးဖြစ်သည်။ သို့သော် ဝမ်ချီလန်ကတော့ ဤကဲ့သို့ ကတိစကားကိုပြောခဲ့သည်။ သူသည် တစ်နေ့၌ ဤကတိစကားများအတွက်နောင်တရလာမည်ကို မကြောက်ပေဘူးလား။ အနာဂတ်တွင် လောက၌ အချောမောဆုံးသောအမျိုးသမီးနှင့်
ဆုံတွေ့ခဲ့ရလျှင်တောင်မှ ထိုအမျိုးသမီးအား အသက်မရှိသည့် အရိုးစုကဲ့သို့ပင် ဆက်ဆံမည်လား။

ကျွတ် မည်မျှပင် ဒေါသထွက်ဖွယ်ကောင်း၍ မယုံကြည်နိုင်ဖွယ်ကောင်းသော ကတိစကားပါလိမ့်။

ယွီကျစ်ကလည်း လှေပေါ်သို့ခုန်တက်၍ ရယ်မောကာပြောလိုက်သည်။
"ဒီဝမ်ချီလန်ဆိုတဲ့လူက ထွက်ပြေးစရာလမ်းကိုတောင် မချန်ထားတော့ပဲကိုး..."
ထို့နောက် ယွီကျစ်က ချန်ရုံ့အား မျက်လုံးထောင့်မှ လှမ်းကြည့်၍ ထပ်ပြောလိုက်သည်။
"ကျွန်ုပ်က ဒီမိန်းကလေးနဲ့တော်တော်ကြာကြာပတ်သတ်ခဲ့ဖူးလို့ သူက တခြားမိန်းကလေးတွေနဲ့ယှဉ်ရင် ပိုပြီးတော့ ထက်မြက်တယ်ဆိုတာကိုတော့သိပါတယ်...ဒါပေမယ့် ဝမ်ချီလန်လိုလူကို အကုန်လုံးစွန့်ပစ်ခဲ့အောင်လို့တော့ ဘယ်လိုများ ဆွဲဆောင်ခဲ့ပါလိမ့်..."

ဝမ်ဟုန်၏အတွင်းစိတ်ကို နားလည်သည်ဖြစ်စေ မလည်သည်ဖြစ်စေ၊ သူတို့သည် ဝမ်ဟုန်၏မင်္ဂလာပွဲကို တက်ရောက်ရန် ရောက်လာကြပြီဖြစ်သောကြောင့် အကြီးအကျယ်ဆွေးနွေးပွဲပြီးသွားသောအခါ သူတို့၏ကိုယ်ပိုင်အမြင်များကို ခဏဘေးချ၍ ဂီတများကို တီးခတ်လိုက်ကြသည်။

ယခုထိငိုနေဆဲဖြစ်သော ချန်ရုံ့ကိုတော့ ဝမ်ဟုန်က ဖက်ထားလေသည်။

ဝမ်ဟုန်သည် ချန်ရုံ့အား ဖက်ထားရင်းက နူးညံ့စွာမေးလိုက်သည်။
"အားရုံ ကိုယ့်ကို လက်ထပ်ဖို့ကို အိပ်မက်မက်ဖူးလား..."

ချန်ရုံသည် ပထမတော့ခေါင်းကိုခါလိုက်ပြီးမှ ထိုအိပ်မက်ကို ရုတ်တရက်သတိရသွားသည်။ ထိုအိပ်မက်ထဲ၌ ဝမ်ဟုန်သည် ချန်ရုံ့အားလက်ထပ်ရန် လုပ်သင့်လုပ်ထိုက်သည်များအကုန်လုပ်ခဲ့၍ တစ်လောကလုံးကလည်း သူတို့ကို ဝိုင်းချီးမြှောက်ကြကာ ဆွေမျိုးများကလည်း ထိုလက်ထပ်ပွဲကို သဘောတူခဲ့ကြသည်။ ထိုအိပ်မက်ထဲ၌လည်း ချန်ရုံ ငိုနေခဲ့မိသည်။

ထိုအချိန်က ချန်ရုံ ဝမ်းနည်းခဲ့ရခြင်းမှာ အိပ်မက်ထဲ၌တောင်မှ ချန်ရုံသည် ထိုအရာက အိပ်မက်တစ်ခုသာဖြစ်သည်ကို သိနေခဲ့သည်။ ထိုအရာသည် ဘယ်တော့မှ ဖြစ်‌လာမည်မဟုတ်သည့် အိပ်မက်တစ်ခုသာဖြစ်သည်။

သို့သော် ယခုတွင်တော့ ထိုအိပ်မက်သည် အမှန်တရားဖြစ်လာခဲ့ပြီ။ အမှန်တရားထက်ပင် ပို၍ကောင်းနေပါသေးသည်။ ဝမ်ဟုန်သည် ‌နာမည်ကျော်ပညာရှိများရှေ့မှောက်၌ ချန်ရုံ့အား တရားဝင်လက်ထပ်ခဲ့သည်သာမက သူ၏ဘဝတစ်လျှောက်လုံးတွင် ချန်ရုံ့ကိုသာ ချစ်မြတ်နိုးပါမည်ဟု ကောင်းကင်နှင့်မြေကြီးအပါအဝင်ထိုနေရာ၌ ရှိသမျှလူများအားလုံးကိုတိုင်တည်ခဲ့သည်။

ဝမ်ဟုန်လိုချင်သည်မှာ ချန်ရုံတစ်ယောက်တည်းသာဖြစ်ပါသည်။

ချန်ရုံက ဝမ်ဟုန်၏နူးညံ့သောမျက်လုံးများကိုကြည့်၍ ပြန်ပြောလိုက်သည်။
"အင်း ကျွန်မ ဒီအကြောင်းကို အိပ်မက်မက်ဖူးတယ်..."

"မင်းရဲ့အိပ်မက်ထဲမှာရော မင်းပျော်နေခဲ့လား..."

"အင်း...ကျွန်မ ဘယ်လိုများ မပျော်ပဲနေနိုင်မှာလဲ..."

ဝမ်ဟုန်သည် အလွန်ပျော်ရွှင်သွားသောကြောင့် အသံထွက်၍ရယ်လိုက်မိသည်။ ထို့နောက် ခေါင်းကိုငုံ့၍ ချန်ရုံ၏နဖူးကို ခပ်ဖွဖွနမ်းလိုက်သည်။ သူ့မျက်နှာပေါ်မှအပြုံးကတော့ ထိန်းသိမ်း၍မရအောင် အထင်းသားပေါ်နေသည်။

ယွီကျစ်က ဝမ်ဟုန်တို့အား ကြည့်ကာ ခပ်ဖွဖွရယ်၍ပြောလိုက်သည်။

"ကြည့်ပါဦး...ဒီမိန်းမတစ်ယောက်စိတ်ချမ်းသာအောင်လုပ်ဖို့နဲ့ သူ့ကိုယ်သူ ဘယ်နေရာရောက်နေမှန်းတောင်မသိတော့ဘူး...ဒီလိုတစ်ခဏပျော်ရွှင်မှုလေးကိုလိုချင်လို့ပဲ အဲဒီ ဝမ်ချီဆိုတဲ့ကောင်လေးက ဒုတိယဇနီးမယူပါဘူးလို့ ကတိပေးလိုက်တာပဲနေမယ်..."

ထို့နောက် ယွီကျစ်က ဝမ်းနည်းသည့်ပုံဖြင့် ခေါင်းကိုခါလိုက်သည်။
"ဟိုးအရင်တုန်းကလည်း ကျိုးတိုင်းပြည်ရဲ့ဘုရင်ယိုက အလှလေးတစ်ဦးရဲ့အပြုံးကိုမြင်ရဖို့သက်သက်နဲ့ သတိပေးတဲ့မီးတိုင်တွေကို မီးထွန်းညှိပြီး သူ့ရဲ့တိုင်းသူပြည်သားတွေကို လှည့်စားခဲ့တယ်...အခုလည်း ဝမ်ချီလန်က မိန်းကလေးတစ်ဦးရဲ့မျက်ရည်ကိုမြင်ရဖို့ ဒုတိယဇနီးထပ်မယူပါဘူး လို့ပြောနေပြန်ပြီ...မင်းတို့နှစ်ယောက်လုံး အရူးတွေပဲ...တကယ်ကို အရူးတွေပဲ..."

ဟွမ်းကျိုးလန်ကလည်း ထောက်ခံ၍ ခေါင်းကို အကြိမ်ကြိမ်ခါယမ်းနေလေသည်။
"လူငယ်တွေဟာ မိန်းမတွေကြောင့်နဲ့ ရူးကြောင်ကြောင်‌အရာတွေလုပ်တတ်ကြတယ်လို့ လူတွေပြောကြတာလည်း မဆန်းတော့ပါဘူး...ဒီနေ့မှလည်း ငါတို့ရဲ့ ဘိုးဘေးတွေက တကယ်ကိုမှန်ကန်တဲ့စကားတွေ ပြောခဲ့ကြတာပဲဆိုတာ ငါသိတော့တယ်..."

ထိုစကားများကိုကြားသောအခါ လန်ကျစ်ကရယ်လိုက်သည်။
"ကျိုးလန် မင်းက ဒီလိုတွေပြောနေတော့ မင်းက‌ လူငယ်မဟုတ်တော့လို့လား...'

ဟွမ်းကျိုးလန်သည်လည်း ခဏမျှစကားရှာမရပဲ ကြောင်အသွားပြီးမှ ‌တဟားဟားအော်ရယ်လိုက်လေသည်။

နေရောင်က ဖျော့တော့လာ၍ ‌ဗျတ်စောင်းသံများလည်း တဖြည်းဖြည်း တိုးတိတ်လာသည်။

လှေပေါ်မှဆင်းပြီးသောအခါ ချန်ရုံနှင့် ဝမ်ဟုန်တို့သည် ရထားလုံးပေါ်သို့တက်ကာ နိဗ္ဗာန်ဘုံမှ ထွက်ခွာလာတော့သည်။

ချန်ရုံသည် ဝမ်ဟုန်၏ရင်ခွင်ကိုမှီ၍ လိုက်လာသည်။ ဘာကြောင့်မှန်းမသိပဲ ချန်ရုံသည် မျက်ရည်များကိုထိန်းမရဖြစ်နေသည်။ ဝမ်ဟုန်သည် ချန်ရုံ စိတ်ပင်မကူးမိသော အံ့အားသင့်မှုကိုပေးခဲ့ခြင်းကြောင့် ချန်ရုံသည် အလွန်အံ့ဩကာ စိတ်ထဲ၌လည်း အလွန်ကြည်နူးနေမိသည်။ ထိုအခိုက်အတန့်၌ ကောင်းကင်ဘုံသည် ချန်ရုံ့အပေါ်အလွန်ပင် ကြင်နာသနားနေသည်ဟုထင်မိသည်။ ချန်ရုံ ယခုနေနေသည့် ဘဝသည် ခိုးယူထားသည့်အသက်တစ်ချောင်းဖြင့် နေနေရသော်လည်း ဤဘဝ၌ သူမ အား ချစ်သည့်လူတစ်ယောက်နှင့် ဆုံတွေ့ခဲ့ရကာ ပို၍ကောင်းမွန်သည်က ထိုလူကလည်း ချန်ရုံချစ်ရသောလူဖြစ်နေသည်။

ကိုယ်ချစ်ရသူက ကိုယ့်ကိုချစ်သောခံစားချက်မျိုးထက်ပို၍ ပျော်ရွှင်နိုင်သော အပျော် ကမ္ဘာပေါ်၌ ရှိနိုင်ပါဦးမည်လား။

ဝမ်ဟုန်က ချန်ရုံ့ကိုဖက်၍ ဝမ်းသာအားရဖြစ်၍ ပျော်ရွှင်စွာ ပြုံးလိုက်သည်။

ရထားလုံးက အဓိကလမ်းမကြီးပေါ်သို့ရောက်လာသောအခါ သူတို့၏နားထဲသို့ ဆူညံသံများ ဝင်ရောက်လာတော့သည်။ အစကတော့ ချန်ရုံ ဂရုမစိုက်သော်လည်း အပြင်သို့ မသိမသာလှမ်းကြည့်ပြီးသောအခါ အံ့ဩစွာမေးလိုက်သည်။
"ကျွန်မတို့ ဘယ်သွားနေတာလဲ..."
ဤလမ်းသည် ကျန့်ခန်းသို့သွားသည့်လမ်းမဟုတ်ပေ။

ဝမ်ဟုန်ကပြုံး၍ ပြန်ဖြေလိုက်သည်။
"ကိုယ်တို့ရဲ့အစောင့်အရှောက်တွေက အရှေ့မှာစောင့်နေကြတယ်လေ...ကိုယ်က လူ့အဖွဲ့အစည်းထဲကနေ ထွက်ခွာလာပြီးပြီပဲ..."

ထိုအကြောင်းကို ချန်ရုံသိပါသည်။ ချန်ရုံမသိသည်က သူတို့အဘယ်ကြောင့် ကျန့်ခန်းမှထွက်ခွာလာသည်ကိုသာဖြစ်သည်။

ချန်ရုံသည် ကျန့်ခန်းရှိရာ အနောက်ဘက်သို့လှည့်ကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။
"တော်ဝင်မိသားစုကရော..."

ဝမ်ဟုန်က မျက်လွှာကိုချ၍ ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
"ဧကရာဇ်ရဲ့အ‌မေ ဘုရင်မကြီးရဲ့ မျိုးနွယ်မှာ ဖုံးအုပ်ထားရတဲ့ကိစ္စတွေအများကြီးရှိတယ်...ဘုရင်မကြီးကိုယ်တိုင်တောင်မှ အပြစ်မလွတ်တာတွေရှိတယ်...ကိုယ်က အဲဒီအချက်အလက်တွေသုံးပြီး ကိုယ်တို့ကို ဆက်ပြီး မနှောင့်ယှက်တော့ဖို့ ပြောလိုက်တယ်လေ..."

ဝမ်ဟုန်က ချန်ရုံ့အား ပြုံး၍ကြည့်လိုက်သည်။
"အားရုံကို အခု နန်းတော်ကိုခေါ်သွားရင်တောင်မှ တစ်ယောက်ယောက်က တိတ်တိတ်လေး မင်းကို ကိုယ့်ဆီပြန်လာပို့မှာပဲ..."

ထိုသို့ဆိုလျှင် မြို့တံခါးမှ အစောင့်စစ်သည်များက တမင်သက်သက်သာ နေရာချထားသည်လား။ ဟုတ်ပေသည်။ ထိုအပေးအယူကိစ္စကို လျှို့ဝှက်စွာလုပ်မှပင်ရလိမ့်မည်။ မဟုတ်လျှင် အထက်တန်းလွှာများက သဘောတူကြမည်မဟုတ်ပေ။ ထို့ကြောင့် ဟန်ပြများကိုတော့ ပြထားပေရဦးမည်။

"အဲဒီလိုလုပ်တော့ တော်ဝင်မိသားစုကို စော်ကားရာမရောက်သွားဘူးလား..."
ချန်ရုံက ကြောက်လန့်စွာမေးလိုက်သည်။

"စော်ကားပြီးနေပြီပဲ..."

ချန်ရုံ၏စိတ်ပူနေသောမျက်နှာကိုမြင်သောအခါ ဝမ်ဟုန်က ရယ်လိုက်သည်။ ပြီးမှ ချန်ရုံ၏နှဖူးလေးကိုပွတ်ကာပြောလိုက်သည်။
"အရူးမလေး...သူတို့ကို ကိုယ်စော်ကားမိတော့လည်းဘာဖြစ်လဲ...စစ်မားမိသားစုဘက်ကကြည့်ရင် ကိုယ်က ဘုရင်မကြီးရဲ့အိမ်တော်နဲ့ ပဋိပက္ခဖြစ်တာကို ဝမ်းတောင်သာနေကြဦးမယ်..."

ဝမ်ဟုန်သည် ယခုအချိန်၌ ချန်ရုံ စိတ်ပူနေသည်ကို မမြင်ချင်သောကြောင့် ရှင်းပြလိုက်သည်။
"စိတ်မပူပါနဲ့ အားရုံ အဓိပ္ပာယ်မရှိတာတွေ ကိုယ်မလုပ်ပါဘူး...တပ်တွေကိုအမိန့်ပေးခွင့်ကတ်ပြားကို သုံးပြီး မြေအောက်အဖွဲ့အစည်းကို နှိမ်နင်းမယ်ဆိုရင်တောင်မှ ကိုယ့်ဘာသာကိုယ် ကာကွယ်ဖို့အတွက်ပဲလုပ်မှာပါ...ကိုယ်က ကိုယ့်မိသားစုရဲ့ စစ်တပ်နဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေကို နှစ်ပေါင်းအကြာကြီး ခေါင်းဆောင်ခဲ့ရတာဆိုတော့ တခြားလူတွေက ကိုယ့်ကို ဘေးရန်တစ်ခုလို့ မြင်နေကြတာ...အခု ကိုယ်က ဒီကတ်ပြားကိုသုံးလိုက်ပြီဆိုတော့ ကိုယ်က တကယ်ပဲ ဒီလောကကိုစိတ်ကုန်ပြီး တစ်ကိုယ်တည်း နေချင်နေတယ်ဆိုတာ လူတွေယုံကြတော့မယ်..."
ကျန့်ခန်းမင်းသား၏အချိန်မတိုင်မီသေဆုံးခဲ့ရမှုသည်လည်း ဝမ်ဟုန့်ကြောင့်သာဖြစ်သည်။ ယခု ဤနေရာမှ ထွက်ခွာတော့မည်ဆိုတော့ ဝမ်ဟုန်သည် သူ၏ဇနီးကို အရှက်ရအောင်လုပ်ခဲ့သူအား အဘယ်သို့များ ဤလောက၌ လွတ်လပ်စွာနေရန် ထားနိုင်ပါမည်နည်း။

ရယ်စရာကောင်းသည်က ဤကိစ္စကို အကြောင်းပြု၍ ဝမ်ဟုန့်အား အပြစ်တင်ရှုံ့ချကြသော်လည်း များစွာသောလူများကတော့ ဝမ်ဟုန်တကယ်လုပ်သည်ဆိုသည်ကို မယုံကြချေ။

တကယ်တော့လည်း ကျန့်ခန်းမင်းသားသည် သူနေထိုင်ခဲ့သည့်ဘဝတစ်လျှောက် ရန်သူများစွာ ပြုလုပ်ခဲ့သည်မဟုတ်လား။

ဝမ်ဟုန်သည် ချန်ရုံ၏မျက်နှာကို အုပ်ကိုင်၍ နဖူးကို ခပ်ဖွဖွနမ်းကာ နူးညံ့စွာပြောလိုက်သည်။
"ဟွမ်းကျိုးလန်ပြောတာကိုလည်း ခေါင်းထဲထည့်မနေပါနဲ့...ကိုယ့်မှာ ဆန္ဒကြီးကြီးမားမားတွေမရှိပါဘူး...ကိုယ့်နှလုံးသားကပြောတဲ့အတိုင်းပဲ ကိုယ်လုပ်တာပါ...ကိုယ်တာဝန်ထမ်းဆောင်ဖို့အချိန်ကျလာရင် ထမ်းဆောင်ဖို့ကို ကိုယ်ဘာမှမဖြစ်ပါဘူး...ဒါပေမယ့် ကိုယ့်ဘဝတစ်လျှောက်လုံး ဒီလို ပုန်းအောင်းပြီး လူတွေနဲ့ဝေးရာမှာနေသွားရမယ်ဆိုရင်လည်း ကိုယ်ပျော်ပါတယ်..."

ဝမ်ဟုန်သည် ချန်ရုံ့အားကြည့်၍ ရင်ထဲမှ လှိုက်လှဲစွာပြောလိုက်သည်။

"ကိုယ့်အသက်က ၁၉ နှစ်ပဲရှိသေးပေမယ့် ကိုယ့်ဘဝမှာ မုန်တိုင်းတွေအများကြီးကိုဖြတ်သန်းခဲ့ရပြီး ကိုယ့်နှလုံးသာကလည်း ပင်ပန်းနေပါပြီ...ဒီလိုမင်းနဲ့တူတူ ခရီးသွားနိုင်ဖို့ဆိုတာ ကိုယ့်အတွက်တော့ ကမ္ဘာမှာ ပျော်စရာအကောင်းဆုံးအဖြစ်အပျက်ပါပဲ..."(မပြောပဲ မနေနိုင်တော့လို့ ၁၉နှစ်တဲ့ 😑ဘဝကြီးကပင်ပန်းခက်ခဲလိုက်တာ )

ချန်ရုံကတော့ ဝမ်ဟုန်က သူမကို သေချာရှငိးပြနေသည့်အတွက် အတိုင်းထက်အလွန် ကျေနပ်သွားမိသည်။ ချန်ရုံသည် ဝမ်ဟုန့်အား မြတ်နိုးခြင်းများဖြင့်ပျော်ရွှင်စွာကြည့်လိုက်သည်။ မျက်လုံးများထဲ၌ မျက်ရည်များပင် ဝဲနေလေတော့သည်။

ဝမ်ဟုန်ကလည်း ပျော်သွား၍ တစ်ခုခုပြောမည်အလုပ်တွင် အပြင်မှာ သူတို့နှင့်ရင်းနှီးသောအသံတစ်သံက ငိုယို၍ အော်ပြောနေသည်ကို ကြားလိုက်ကြရသည်။

"ကျွန်မကို ခွင့်လွှတ်ပါ...ဒါပေမယ့် လူကြီးမင်းတို့က နန်ယန်ကိုသွားကြမယ်လို့ ကျွန်မ သတင်းကြားလို့ပါရှင်...အဲဒါ ကျွန်မ လူကြီးမင်းတို့နဲ့ တူတူလိုက်ပြီး ကျွန်မရဲ့ခင်ပွန်း ရှီမင်းကို ရှာချင်လို့ပါ...ကျွန်မတောင်းပန်ပါတယ်...ကျွန်မကို ကူညီတာလည်း ကုသိုလ်ရပါတယ်ရှင်..."
အမျိုးသမီး၏အသံကအလွန်ပင် စိတ်ညစ်ဝမ်းနည်းနေပုံရသည်။

ချန်ရုံက ခေါင်းကိုဆတ်ခနဲလှည့်၍ အပြင်သို့ကြည့်လိုက်သည်။

အိမ်ထောင်ရှိသူကဲ့သို့ ဝတ်ဆင်ထားသောအမျိုးသမီးတစ်ယောက်သည် အထဲမှ လူများက အတင်းတွန်းဖယ်နေသည်ကို တင်းခံ၍ ရထားလုံးကို အတင်းတွယ်ကပ်နေသည်ကို ချန်ရုံ မြင်လိုက်ရသည်။ အမျိုးသမီး၏မျက်နှာက အညစ်အကြေးကင်း၍ ငိုယိုနေသံကလည်း နူးညံ့သော်လည်း အဝတ်အစားများကတော့ ပေကျံစွန်းထင်း၍ စုတ်ပြတ်နေကာ အတော်ပင် အခြေအနေမကောင်းသည့်ပုံပေါ်နေသည်။

ထိုအမျိုးသမီးသည် ချန်ဝေ့ ဖြစ်နေလေသည်။

ရထားလုံးထဲ၌ထိုင်နေသည်က အသက်ကြီးကြီး ခပ်ဝဝ ကုန်သည်တစ်ဦး၊ သူ့ဇနီးနှင့် ကလေးနှစ်ယောက်တို့ဖြစ်သည်။

ချန်ဝေ့၏မျက်ရည်များက ကုန်သည်၏စိတ်ကို မပျော့ပျောင်းလာစေပေ။
"မင်းရှာနေတာ ဘယ်သူမှန်း ငါစိတ်မဝင်စားဘူး...သွားစမ်းပါ ငါတို့ကို ကျိန်စာလာတိုက်နေသလိုပဲ..."
ကုန်သည်က မျက်မှောင်ကြုတ်၍ မာထန်စွာအော်လိုက်သည်။

ကုန်သည်သည် ရထားလုံးကို ဆုပ်ကိုင်ထားသော ချန်ဝေ့၏လက်ကို ဆွဲဖယ်၍ ရထားလုံးပေါ်မှ ဆင်းစေရန် အကြိမ်ကြိမ်လုပ်နေသော်လည်း မအောင်မြင်ပေ။ ထို့နောက် ကုန်သည်သည် ခြေထောက်ကိုမြှောက်၍ ချန်ဝေ့အား ကန်ချလိုက်တော့သည်။ ချန်ဝေ့က နှစ်ပိတ်မျှလိမ့်သွားပြီးမှ လမ်းဘေးရှိမြက်များပေါ်သို့ ရောက်သွားလေသည်။

ချန်ဝေ့က ငိုရှိုက်ရင်းဖြင့် အတင်းကုန်းရုန်းထလိုက်သည်။ မျက်ရည်များသွင်သွင်စီးကျနေရင်းက မျက်နှာ၌ပေသွားသောရွှံ့များကို သေချာပြောင်စင်အောင် သုတ်လိုက်သည်။

ထိုကဲ့သို့သောအချိန်၌တောင်ပင် ချန်ဝေ့က သူမ၏ ပုံပန်းသဏ္ဍာန်ကို ဂရုစိုက်နေသည်ကို မြင်သောအခါ ရထားလုံးထဲမှ ကုန်သည်၏မိန်းမက စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။
"အဲဒီမိန်းကလေးက မျိုးကောင်းရိုးကောင်းက ဆင်းသက်လာတာ ဖြစ်နိုင်ပါတယ် အရှင်...ကျွန်မတို့..."

အမျိုးသမီး၏စကားမဆုံးခင်မှာပင် ကုန်သည်က ရယ်လိုက်သည်။

"မျိုးကောင်းရိုးကောင်း ဟုတ်လား...အဲဒီမိန်းမက လွန်ခဲ့တဲ့ ဆယ်ရက်လောက်တည်းက ဒီမှာရှိနေပြီး မြောက်ဘက်ကိုသွားမယ့် လှည်းတစ်စီးစီးရောက်လာတိုင်း လာနေကျ...တစ်ခါတစ်လေကျ မောယန်ကိုသွားမယ်ပြောတယ်...တစ်ခါတစ်လေကျ နန်ယန်ကိုသွားမယ်ပြောတယ်...အခု ရှီမင်းက သူ့ယောင်္ကျားလို့ပြောနေပြန်ပြီ...ဖွီ...ဒီလိုနေရာမျိုးမှာနေတဲ့မိန်းမက အပျက်မပဲနေမှာ...ရှီမင်းက ဟူလူမျိုးတွေအတွက်အလုပ်လုပ်နေပေမယ့် ဂုဏ်သိက္ခာတော့ရှိသေးတဲ့လူတစ်ယောက်ပဲလေ...ဒီလို အပျက်မကို ဘာဖြစ်လို့များ ယူထားပါလိမ့်...ရှီမင်းရဲ့ နောက်ခံအသိုင်းအဝိုင်းက ဘယ်လောက်ပဲ နိမ့်ကျနေပါစေ သူ့ရဲ့ လုပ်ရပ်တွေက တကယ်ကို လေးစားဖို့ကောင်းတာ...ဒီလိုအပျက်မတစ်ယောက်အတွက်နဲ့သူ့ရဲ့ ဂုဏ်သိက္ခာကို အညှိုးနွမ်းမခံသင့်ဘူး..."

အမျိုးသမီးက ခေါင်းငြှိမ့်ကာ သူမ၏ သနားနေသောအကြည့်များကို ပြန်ရုတ်သိမ်းလိုက်သည်။