အပိုင်း 258 (ဇာတ်သိမ်းပိုင်း-2)
Viewers 25k

Chapter 258
ဇာတ်သိမ်းပိုင်း-2


ထွက်ခွာစပြုနေသောလှည်းတန်းကို ငေးကြည့်၍ ချန်ရုံသည် ယခုထိငိုနေဆဲဖြစ်သော ချန်ဝေ့ကို လှည့်ကြည့်လိုက်သည်။
"သူ ဘာဖြစ်လို့များ ဒီလိုတွေဖြစ်သွားရတာလဲ..."

ချန်ရုံသည် ဝမ်ဟုန့်အား လှည့်ကြည့်၍ အနည်းငယ် လမ်းပျောက်သလိုဖြစ်ကာ ဝမ်းနည်းနေမိသည်။
"ချန်ဝေ့ရဲ့အဖေရော အစ်ကိုရောက သက်ရှိထင်ရှားရှိနေသေးကြတာပဲလေ...အိမ်တော်ကလည်း ဒီမှာပဲရှိနေသေးတာကို...ဘာဖြစ်လို့များ ဒီလောက်အထိ ဖြစ်သွားရတာပါလိမ့်..."

ဝမ်ဟုန်က ခံစားချက်မပါသော အသံတည်တည်ဖြင့်ပြောလိုက်သည်။
"သူက မင်းကိုအန္တရာယ်ပြုဖို့ ကိုယ့်နာမည်ကိုသုံးခဲ့တယ်လေ..."

ထိုစကားတစ်ခွန်းနှင့်ပင် ဤကိစ္စက ဝမ်ဟုန်၏လက်ချက်ဖြစ်မှန်း ချန်ရုံ သဘောပေါက်သွားတော့သည်။ ချန်ရုံသည် ဝမ်ဟုန့်အား အံ့ဩစွာ မော့ကြည့်လိုက်သည်။

ချန်ရုံ၏မျက်နှာမှ အံ့ဩမှုနှင့် နားမလည်နိုင်မှုတို့ကို မြင်သောအခါ ဝမ်ဟုန်က ခေါင်းကိုခါ၍ သက်ပြင်းချလိုက်သည်။
"အချစ်ရယ် မင်းက အရမ်းကို စိတ်ထားနူးညံ့လွန်းပါတယ်..."

ထို့နောက် ချန်ဝေ့ကို လှမ်းကြည့်လိုက်သည်။
"အဲဒီမိန်းမက စိတ်ရှည်တယ် ရက်စက်တယ် ဟန်ဆောင်လည်းကောင်းတယ်...သူ့ကိုလျှော့တွက်လို့မရဘူး...မင်း ဒီလိုရက်စက်တာကို မကြည့်ရဲဘူးဆိုရင် သူ့ကို မြန်မြန်သေအောင်လုပ်ပေးလို့ အမိန့်ပေးလိုက်ရုံပဲ..."

ချန်ရုံ ခဏမျှစဉ်းစားပြီးမှ နောက်ဆုံးတွင် ခေါင်းကိုခါလိုက်သည်။

ဝမ်ဟုန်ကတော့ ဘာပဲလုပ်ရလုပ်ရ သိပ်ဂရုမစိုက်သောကြောင့် ပြုံးရုံသာပြုံးလိုက်သည်။ သူသည် ချန်ဝေ့အား မျက်လုံးထောင့်မှ လှမ်းကြည့်၍ ရုတ်တရက်ပြောလိုက်သည်။
"ရန်မင်းက ဒီမိန်းမကို လက်ထပ်လိုက်တုန်းက မင်းက ရန်မင်းကို လက်ထပ်ဖို့ပြင်ဆင်နေတာလို့ ကိုယ်ကြားမိတယ်...သူက ဒီမိန်းမကို ယူလိုက်လို့ လက်ထပ်ဖို့ကိစ္စကို မင်း လက်လျှော့လိုက်တာလား...'

ဝမ်ဟုန်က ထိုကိစ္စအကြောင်းကို ရုတ်တရက် မေးလာမည်ဟု ချန်ရုံ မမျှော်လင့်ထားမိချေ။ ထို့ကြောင့် ခေါင်းငြှိမ့်ပြလိုက်သည်။
"ဟုတ်တယ်..."

ဝမ်ဟုန်က တစ်ချက် လှောင်ရယ်ရယ်ကာ ဖြည်းဖြည်းချင်းပြောလိုက်သည်။
"ရန်မင်းသာ ဒီမိန်းမရဲ့ စိတ်ရင်းအမှန်ကို သိရင် အရမ်းကို နောင်တရနေတော့မှာပဲ..."

ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။ သူမ၌ မေးချင်သည့်မေးခွန်းများစွာရှိနေသည်။
"ချန်ဝေ့က တပ်မှူးရန်ကို အရင်တည်းက အရမ်းချစ်မြတ်နိုးခဲ့တယ်လို့ ကျွန်မထင်နေတာ...အခုတော့ ကျွန်မ သူ့ကို နားမလည်နိုင်တော့ပါဘူး..."

"ဘာများနားမလည်နိုင်စရာရှိလို့လဲ...မိန်းကလေးတွေက သူရဲကောင်းတွေကို အထင်ကြီးတတ်ကြတာပဲလေ...ငယ်ပြီး ဘာမှမသိသေးတဲ့အရွယ်မှာ သူတို့တွေက သေအတူ ရှင်မကွာ တူတူရှိနိုင်ကြမယ်လို့ ထင်နေကြတာ...ဒါပေမယ့် အဲဒီလို အထင်ကြီးမှုမျိုးက လွယ်လွယ်နဲ့ပဲ ပျောက်ကွယ်သွားနိုင်တယ်..."

ဝမ်ဟုန်က ခဏရပ်ပြီး တစ်ချက်ရယ်လိုက်သည်။
"ပြီးတော့ ကိုယ်တို့ပြောနေတဲ့မိန်းမက အရမ်းကို သည်းခံတတ်ပြီး စိတ်ထားကောင်းတဲ့ မိန်းမမျိုးလည်း မဟုတ်ဘူးလေ...အထင်ကြီးမှုတွေ ကုန်သွားတဲ့အခါ သူ့အတွက် အကျိုးရှိဝာာကိုပဲ သူရွေးချယ်တော့မှာပေါ့...သူ့ရဲ့ ရည်မှန်းချက်ပန်း‌တိုင်တွေ ပြည့်ဖို့အတွက် အတိတ်တုန်းက သူချစ်ခဲ့တဲ့ ယောင်္ကျားကိုတောင် သတ်ပစ်ချင်ရင်သတ်ပစ်ဦးမှာ...အားရုံ ဒီကမ္ဘာပေါ်က မိန်းမတိုင်းက မင်းလို ပေါတောတောလေးလို့ ထင်နေတာလား..."

ချန်ရုံကတော့ ဝမ်ဟုန် စနောက်လိုက်သည်ကိုပင် ဂရုမစိုက်မိပဲ ချန်ဝေ့ကိုသာ ကြောင်ကြည့်၍ တွေးနေမိသည်။
ဒါ တကယ်ပဲ ဝမ်ဟုန်ပြောသလိုဖြစ်နေတာလား...ငါ့ရဲ့ အတိတ်ဘဝတုန်းက အဲဒီလိုစိတ်ဓာတ်မျိုးရှိတဲ့ ချန်ဝေ့ကို ငါရှုံးနိမ့်ခဲ့တာလား...

အတိတ်သည် ယခုတွင်တော့ အိပ်မက်သဖွယ်သာရှိတော့သော်လည်း ထိုအကြောင်းကို စဉ်းစားမိတိုင်း သူမ ရှုံးနိမ့်ခဲ့ရသည်က ပြန်ပြန်ပေါ်လာသည်။

အတိတ်ဘဝ၌ သူမ သေပြီး တစ်နှစ်အကြာတွင် စစ်တပ်ကိစ္စတစ်ခုနှင့် ခရီးသွားခဲ့သော ရန်မင်းသည် အဖမ်းဆီးခံလိုက်ရပြီး ငါးလခန့်ပျောက်သွားသည်ကို ချန်ရုံ မသိခဲ့ချေ။

လူတိုင်းက ရန်မင်းသည် စစ်ပွဲအတွင်း၌ ကျဆုံးသွားသည်ဟုသာ ထင်ခဲ့ကြသည်။ ထိုအချိန်၌ ရန်မင်း၏တရားဝင်ဇနီးဖြစ်နေပြီဖြစ်သော ချန်ဝေ့က ရန်မင်း၏ကိုယ်လုပ်တော်များအားလုံးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။ လုမျိုးနွယ်နာမည်နှင့် ကိုယ်လုပ်တော်ကိုဆိုလျှင် ၇ရက်မျှ ဆိုးဆိုးဝါးဝါးနှိပ်စက်ပြီးမှ ခွေးစာကျွေးခဲ့သည်။

တတိယမြောက်လတွင် ချန်ဝေ့သည် အတွင်းဆောင်များအားလုံးကို သူမ သိမ်းပိုက်နိုင်ပြီဟု အထင်ရောက်၍ အစောင့်စစ်သည်တစ်ဦးနှင့် ဖောက်ပြန်‌လေတော့သည်။

ကျားကုတ်ကျားခဲ တိုက်ခိုက်ပြီးတော့မှ အနိုင်ရလာခဲ့သော ခြေကုန်လက်ပန်းကျနေသည့် ရန်မင်းသည် အိမ်သို့ပြန်ရောက်သောအခါ အဖြစ်အပျက်အလုံးစုံကို သိသွား၍ သူ၏ဓားနှင့် ချန်ဝေ့အား အဆုံးစီရင်လိုက်တော့သည်။ များမကြာမီတွင် နောက်ဇနီးတစ်ဦး ထပ်ယူခဲ့သည်။

ဝမ်ဟုန်သိထားသကဲ့သို့ပင် ဤလောက၌ ချန်ရုံကဲ့သို့ အရူးအမူးချစ်တတ်သော မိန်းကလေးဆိုသည်မှာ အလွန်ရှားပါးလေသည်။ ရန်မင်း၏ဘဝတွင် ချန်ရုံတစ်ဦးတည်းကသာ သူ့ကို အချစ်စစ် အချစ်မှန်နှင့် ချစ်ခဲ့ခြင်းဖြစ်သည်။ ကျန်သည့်မိန်းကလေးများက ရန်မင်းအား သူတို့၏ အကျိုးစီးပွားများအတွက်သာ ချဉ်းကပ်ခဲ့ခြင်းဖြစ်လေသည်။

ဤ ဟန်ဆောင်မှုများသော လောက၌ နှလုံးသားတစ်ခုလုံးကိုပေးဆပ်၍ မယိမ်းယိုင်သောအချစ်နှင့် ချစ်တတ်သူဆိုသည်မှာ အလွန်ပင် ရှားပါးလွန်းလှပါသည်။

တစ်လခန့် ရှည်လျားလွန်းသောခရီးကို သွားပြီးသောအခါ ချန်ရုံနှင့် ဝမ်ဟုန်တို့သည် သူတို့၏ သီးသန့်နေရာလေးဖြစ်သော နန်ယန့်သို့ရောက်သွားလေသည်။ သူတို့ ဆိုက်ရောက်လာသည့်အခါ ဝမ်ဟုန်၏မိတ်ဆွေများက ဧည့်ခံပွဲတစ်ခုကျင်းပ၍ ပျော်ရွှင်စွာ ကြိုဆိုကြလေသည်။

အိမ်တော်ထဲသို့ ဝင်လိုက်ချင်းမှာပဲ ခြံဝန်းထဲ၌ ရပ်ကာ ကြိုဆိုနေကြသည့်လူများကိုတွေ့သောအခါ ချန်ရုံ တုန်လှုပ်သွားမိသည်။

"အစ်ကိုနဲ့ အိမ်က လူတွေ အကုန်လုံးပါလား!..."
ချန်ရုံ အော်လိုက်မိသည်။ ထိုလူအုပ်ထဲမှ ချန်ရုံ့ကဲ့သို့ မျက်ရည်များကျ၍ ငိုနေကြသူများမှာ ချန်ရုံ၏ မိသားစုများ မဟုတ်ပါလား။

ချန်ရုံသည် ခေါင်းကိုလှည့်၍ ဝမ်ဟုန့်အားကြည့်လိုက်သည်။ ထို့နောက် နှုတ်ခန်းထောင့်စွန်းများကိုတွန့်ကွေး၍ ပြုံးကာပြောလိုက်သည်။
"ချီလန် ကျေးဇူးတင်ပါတယ်..."

ဝမ်ဟုန်က နူးညံ့စွာ ပြန်ပြုံးပြလိုက်သည်။
"အချစ်ရယ် ကျေးဇူးတင်စကားတွေ ပြောဖို့မလိုပါဘူး...အခု ကိုယ်တို့က လူတွေနဲ့ဝေးရာမှာ သီးသန့်နေတော့မယ်ဆိုတော့ အပြင်က ကိစ္စတွေအားလုံးကို ရှင်းဖို့လိုတယ်မဟုတ်လား...သူတို့နဲ့ သွားစကားပြောလိုက်ဦး..."

"ဟုတ်ကဲ့..."

ချန်ရုံ ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။

သခင်ချန်နှင့် အခြားလူများအားလုံးကလည်း ချန်ရုံ့ဆီသို့ အပြေးအလွှားပြေးလာကြသည်။ ချန်ရုံ့ကိုမြင်ပြီးသောအခါ သခင်ချန်သည် တစ်ဖက်သို့လှည့်၍ ဝမ်ဟုန်ရှိရာနေရာသို့ ရိုသေစွာ ဦးညွှတ်လိုက်သည်။ ထို့နောက် ချန်ရုံ့ဘက်သို့ပြန်လှည့်၍ မျက်ရည်များကိုသုတ်ကာ ပြောလိုက်သည်။

"အားရုံ ဟိုမြွေဆိုးမကို လွန်ခဲ့တဲ့ရက်ကပဲ အစ်ကို့လက်တွေနဲ့ ကိုယ်တိုင်သတ်ခဲ့ပြီ..."

အထိန်းတော်ဖျင်က ဝင်ပြောလိုက်သည်။
"ချီလန်ရှိနေလို့ တော်သေးတာပေါ့...အဲဒီမိန်းမကို ချီလန်ပဲ ဖမ်းပေးခဲ့တာလေ...အဲဒီမိန်းမ ဘာတွေပြောသွားလဲဆိုတာ မမလေး သိလား...သခင်ချန်ကို ဆဲဆိုပြီး သခင်ချန်ရောက်မလာခင်တည်းက သူက သူ့ရဲ့ အစ်ကိုဝမ်းကွဲနဲ့ ချစ်ကြိုက်နေကြတာတဲ့...သူ့ရဲ့ အစ်ကိုဝမ်းကွဲသာ ရုတ်တရက် မပျောက်သွားခဲ့လို့ရှိရင် သခင်ချန်ကို လက်တောင်ထပ်မှာ မဟုတ်ဘူးတဲ့လေ...ပြီးတော့ ဒီလိုတွေဖြစ်မယ်ဆိုတာသာသိခဲ့ရင် သူ့အစ်ကိုစကားကို နားထောင်ပြီး သခင်ချန်ကို အဆိပ်ခပ်သတ်ခဲ့တယ်တဲ့...ဪ ဒါနဲ့ ကျွန်မတို့ ကျန့်ခန်းမှာတုန်းက ချီလန်က သမားတော်ယွမ်ကို အကူအညီတောင်းပြီး သခင်ချန်ရဲ့ ရောဂါကို ကုပေးခဲ့တယ်...သခင်ချန်က ဘာရောဂါမှ သေချာမရှိတာမို့လို့ သေချာကောင်းကောင်းမွန်မွန် အနားယူလိုက်ရင် နောက် နှစ်တွေအကြာကြီး ‌ကျန်းကျန်းမာမာနေနိုင်မှာလို့ သမားတော်ကပြောတယ်...ပြီးတော့...

အထိန်းတော်ဖျင်က တရစပ်ပြောနေချိန်တွင် ချန်ရုံ၏မျက်နှာက ဒေါသဖြင့် တဖြည်းဖြည်းနီရဲလာသည်။ ချန်ရုံသည် အံကိုကြိတ်၍ အထိန်းတော်ဖျင်ပြောနေသည်ကို ဖြတ်ပြောလိုက်သည်။
"အဲဒီမိန်းမရဲ့ အစ်ကိုဝမ်းကွဲနာမည်က ဘယ်သူလဲ..."

အတိတ်ဘဝတွင် ချန်ရုံ၏အစ်ကို သခင်ချန် သေဆုံးသည့်သတင်းက ရက်အနည်းငယ်ကြာမှ ချန်ရုံ့ဆီသို့ ရောက်လာခြင်းဖြစ်သည်။ တကယ်တော့ အစ်ကိုသည် နာမကျန်းဖြစ်၍ သေရခြင်းမဟုတ်ပဲ အဆိပ်ခတ်ခံ၍ သေခဲ့ရခြင်းဖြစ်ကြောင်း သိခဲ့ရပြီ။ မည်သို့ပင်ဖြစ်စေ ထိုလူများကို လက်စားပြန်ချေရမှ ချန်ရုံ ကျေနပ်နိုင်မည်။

ချန်ရုံ အလွန်ဒေါသထွပ်နေသည်ကို မြင်သောအခါ အထိန်းတော်ဖျင်နှင့် အခြားအစေခံများက ခဏမျှကြောင်အသွားပြီးမှ ရယ်မောလိုက်ကြသည်။

"မမလေး ဘာမှ စိတ်မကောင်းမဖြစ်ပါနဲ့...ချီလန်က ဒီအကြောင်းတွေကို အစောကြီးထဲက သိထားတာ...အဲဒီဖောက်ပြန်တဲ့လူနဲ့ ဟိုမိန်းမရဲ့ မောင်တွေကို ချီလန် ကိစ္စရှင်းပြီးသွားပြီ...အဲဒီလူတွေရဲ့ခေါင်းတွေမြင်တဲ့အခါ အဲဒီမိန်းမ ဘယ်လောက်တောင် စိတ်လွတ်သွားတယ်ဆိုတာ ပြောရင်တောင် ယုံနိုင်မှာမဟုတ်ဘူး..."

မျက်နှာက ပြုံးနေသော်လည်း အထိန်းတော်ဖျင်သည် ခေါင်းပြတ်များအ‌ကြောင်းပြောသည့်အခါတွင်တော့ ရက်စက်ကြမ်းကြုတ်မှုအတွက် အနည်းငယ် ရှိုးတိုးရှန့်တန့်ဖြစ်သွားငည်။

ချန်ရုံကတော့ အံ့ဩပျော်ရွှင်စွာဖြင့် ပညာရှိတစ်ဦးနှင့် စကားပြောနေသော ချီလန့်အားလှည့်ကြည့်လိုက်သည်။
"သူက အမြဲပဲ အကွက်စေ့အောင် စီစဉ်တတ်ပါတယ်..."
ချန်ရုံက တိုးတိတ်စွာ ပြောလိုက်သည်။ သူမ၏အသံ၌ ဂုဏ်ယူမှုနှင့် ချစ်ခင်မှုများ ပါ‌ဝင်နေလေသည်။

ထိုအချိန်၌ စကားပြောနေသော ဝမ်ဟုန်ကလည်း ချန်ရုံ့ကို လှည့်ကြည့်လိုက်သည်။ နှစ်ယောက်သားသည် ပြိုင်တူပြုံးလိုက်မိကြသည်။ သူတို့၏ အပြုံးမျက်နှာများက နွေဦးပန်းခြံထဲမှ ပန်းပွင့်များကဲ့သို့ လှပနေလေတော့သည်။

..........

ထိုအချိန်၌ ဝေးလံလှသော လောယန်၌ ရှိနေသော ရန်မင်းသည် သေခါနီးဝေဒနာခံစားနေရသော ရှီဟူ၏အိပ်ယာဘေးမှ ထွက်ခွာလာသည်။ အခန်းအပြင်သို့ ထွက်လာလာချင်းမှာပင် ရှီဟူ၏သားများနှင့်မြေးများက ရန်မင်းအား ဝိုင်းရံကာ သူတို့ထက်အဆင့်နိမ့်ကျသော်လည်း စွမ်းအား၊ အာဏာရှိ၍ သူတို့၏ စစ်သည်များအပေါ်သစ္စာရှိသော ရန်မင်းအား အရိုအသေပေးလိုက်ကြသည်။

ထို့နောက် စကားအနည်းငယ်ပြောပြီးသောအခါ ရန်မင်းသည် သူ၏စီးတော်မြင်းကြီးဆီသို့ အမြန်လျှောက်လာလိုက်သည်။ မြင်းပေါ်သို့ တက်မည်အလုပ်မှာပဲ ခေါင်းထဲသို့ တစ်စုံတစ်ရာရောက်လာ၍ မနေနိုင်ပဲ တောင်ဘက်ဆီသို့ ငေးကြည့်လိုက်မိသည်။

ထိုတောင်ဘက်ပိုင်း၌ တစ်ချက်ကြည့်ရုံနှင့်ပင် ရန်မင်းအား အသက်ရှူမှားစေနိုင်သောမျက်နှာပိုင်ရှင် အမျိုးသမီးရှိနေလေသည်။ ရန်မင်းသည် အံကိုကြိတ်၍ မြင်းပေါ်သို့ခုန်တက်ကာ မြင်းခွာသံများကြားတွင် စိတ်တိုတိုနှင့် တွေးနေမိသည်။
ဟူလူမျိုးတွေကို အခုထိ အပြတ်မရှင်းနိုင်သေးဘူး...ငါ့ရဲ့ စစ်ပွဲကလည်း မအောင်နိုင်သေးဘူး...ယောင်္ကျားတစ်ယောက်အနေနဲ့ ငါ့စိတ်က ဘာဖြစ်လို့ ဒီလောက်တောင်ပျော့ညံ့နေရတာလဲ...ရန်မင်း ယောင်္ကျားဆိုတာ စိတ်ဓာတ်ခိုင်မာပြတ်သားရမယ်လေ...အဲဒီအသည်းနှလုံးမရှိတဲ့ မိန်းမကို မင်းမသတ်နိုင်ရင်လည်း အခုကစပြီး သူ့ကို မေ့ပစ်လိုက်တော့...သူ့အကြောင်းကို မင်း ထပ်ပြီး မစဉ်းစားရတော့ဘူး...

ထိုအတွေးနှင့်အတူ ရန်မင်းသည် မြင်းကို ခွစီးထားသောခြေထောက်များကို ညှပ်လိုက်ကာ "ယား..." ဟု အော်လိုက်သည်။ မြင်းခွာများက ပို၍မြန်ဆန်လာကာ နေကိုအမှီလိုက်ရန် ရန်မင်းအား သယ်ဆောင်သွားတော့သည်။ အချိန်က နေဝင်ချိန်ဖြစ်သည်။ နီရဲနေသောကောင်းကင်မှ အလင်းရောင်များက ရန်မင်းနှင့် မြင်းကြီးပေါ်သို့ ဖြာကျနေရာ ခေါင်းပေါ်၌ အလင်းတန်းသရဖူဆောင်းထားသကဲ့သို့ မြင်းပေါ်မှ ရန်မင်းသည် ဘုရင်တစ်ပါးကဲ့သို့ ခမ်းနားထည်ဝါနေလေတော့သည်။



-ပြီးပါပြီ-