အပိုင်း 259 [Extra]
Viewers 25k


Chapter 259: [Extra] အိပ်မက်(၁)



ကျန့်ခန်းမြို့ကို လှမ်းမြင်နေရပြီဖြစ်သည်။

ရထားလုံးထဲ၌ ထိုင်နေသော ရန်မင်း၏ မျက်နှာက အေးစက်၍ စိတ်မရှည်ဖြစ်နေသည်။

သူ၏နှုတ်ခမ်းပါးများက တင်းတင်းစေ့ကာ မျက်ခုံးများက တွန့်နေကြသည်။ ရထားလုံးထောင့်မှ ချန်ဝေ့က တုန်လှုပ်ကြောက်လန့်စွာဖြင့် လှမ်းကြည့်လိုက်သည်။

ချန်ဝေ့သည် ရန်မင်းအား လှမ်းကြည့်လိုက်ပြီးမှ အကြည့်ကိုပြန်လွှဲလိုက်သည်။

ရန်မင်းသည် မိုင်ထောင်ပေါင်းများစွာအဝေးမှနေ၍ ချန်ရုံ့ကို လက်ထပ်ရန် ကျန့်ခန်းသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။ သူသည် ချန်ရုံ့အား လက်ထပ်မည်ဟု ကတိပေးထားခဲ့သော်လည်း ချန်ရုံက အဘယ်ကြောင့် သူမ၏ကတိကို လျစ်လျူရှု၍ ဝမ်ချီလန်နောက်သို့ လိုက်သွားရပါသနည်း။

ချန်ရုံ့အား သွေးစွန်းသည့်အဖြူရောင်ဝတ်စုံနှင့်တွေ့လိုက်ရ၍ ချန်ရုံ၏စကားများကို ကြားခဲ့ရစဉ်က ထိုကဲ့သို့သော ရွံရှာဖွယ်မိန်းမသည် သူနှင့် မည်သို့များ ထိုက်တန်ပါမည်နည်းဟု ရန်မင်း စဉ်းစားခဲ့မိသည်။

ထိုကဲ့သို့သာ ဆက်၍တွေးချင်သော်လည်း ဘာကြောင့်မှန်းမသိ အတွေးများက ယိမ်းယိုင်လာမိသည်။ ထို့အပြင် ရန်မင်းသည် ထူးဆန်းသောအိပ်မက်တစ်ခုကိုလည်း မကြာခဏ မက်နေမိသည်။

ထိုအိပ်မက်ထဲ၌ မီးလျှံများထဲမှ ချန်ရုံ့ကို ရန်မင်းတွေ့နေရသည်။ မီးတောက်များက ချန်ရုံ့အား လောင်ကျွမ်းနေကြကာ မီးခိုးများက ကောင်းကင်ဆီသို့ ပျံတက်နေကြသည်။ ထိုမြင်ကွင်းကို အဝေးမှ လှမ်းမြင်ကာ ရန်မင်း ထိတ်လန့်သွားမိသည်။ ဘေးမှ မျက်နှာကိုမမြင်ရသော မိန်းမတစ်ယောက်ကို ဆွဲ၍ ရန်မင်းသည် ချန်ရုံ ရှိရာနေရာသို့ အပြေးသွားလိုက်သည်။

မီးတောက်များနားသို့ရောက်သောအခါ ရန်မင်းက အော်ပြောလိုက်သည်။
"အားရုံ မင်းဘာဖြစ်လို့ ဒီလိုတွေ လုပ်နေတာလဲ..."

သူ့နှလုံးသားကို လှုပ်ခတ်စေကာ သူအလွန် တန်ဖိုးထားရသော မိန်းကလေးက ဤကဲ့သို့ ခံစားနေရသည့်မြင်ကွင်းကြောင့် ရန်မင်းသည် အလွန်တုန်လှုပ်ကာ အသည်းနှလုံးများ ကြေကွဲနေသင့်သည်။ သို့သော် အိပ်မက်ထဲ၌ ရန်မင်း ထိုစကားကို အော်ပြောလိုက်ချိန်တွင် သနားကြင်နာမှုက နည်း၍ ပျင်းရိငြီးငွေ့မှုကသာလွန်နေသည်ကို ခံစားလိုက်ရသည်။

ရန်မင်းသည် ချန်ရုံ့အား အပြေးအလွှားသွားမကယ်ရုံမက စိတ်ပင်မရှည်ဖြစ်နေခဲ့သေးသည်။ စဉ်းပင်စဉ်းစား၍မရသည့်အရာဖြစ်ပါသည်။

အိပ်မက်ထဲ၌ ရန်မင်း၏မေးခွန်းကိုကြားပြီးသောအခါ ချန်ရုံသည် ခေါင်းကိုမော့၍ ရယ်မောနေခဲ့သည်။ ချန်ရုံ၏ရယ်သံက အက်ကွဲ၍ ရူးသွပ်နေသည့်ပုံပေါ်နေသည်။ ချန်ရုံသည် လက်များကို ဘေးသို့ ဆန့်တန်း၍ ရှိုက်ကြီးတငင် ငိုနေသကဲ့သို့ ရယ်နေလေတော့သည်။

ရန်မင်းကလည်း ချန်ရုံ့ကို ကြည့်နေရင်းဖြင့် စိတ်ပျက်သလို အသံလုပ်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ လက်ကို ဝှေ့ယမ်း၍ အေးစက်စွာပြောလိုက်သည်။

"သူ ဒီလောက်တောင် သေချင်နေမှတော့ လွှတ်ထားလိုက်ကြ..."
ထို့နောက် အင်္ကျီဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ထွက်သွားလိုက်တော့သည်။ ရန်မင်း၏ဘေးမှ မျက်နှာကို မမြင်ရသော်လည်း အသက်ရှူသံကို ရန်မင်းအလွန်ရင်းနှီးနေသည့် အမျိုးသမီးကလည်း ရန်မင်းနောက်သို့လိုက်လာကာ ချန်ရုံ့အား မီးတောက်များကြား၌ ထားခဲ့ကြတော့သည်။

အိပ်မက်ထဲမှ ရန်မင်းက ကျောက်တုံးကဲ့သို့ မာထန်နေသော နှလုံးသားဖြင့် အဝေးသို့ ထွက်သွားတော့သည်။

သို့သော် အိပ်မက်ကို မက်နေသည့် ရန်မင်းကတော့ ထွက်မသွားချင်ပေ။

ရန်မင်းသည် မီးလျှံများကြားထဲမှ ချန်ရုံ့ကိုကြည့်၍ စိတ်ထဲမှ အော်ပြောနေမိသည်။

"ထွက်လေ...အဲဒီကနေ အမြန်ပြေးထွက်လေ...ငါ့ဆီ ပြန်လာခဲ့ပါ..."
သို့သော် ထွက်လာဖို့ အလွန်နောက်ကျနေခဲ့ပြီဖြစ်သည်။ ချန်ရုံသည် လောင်ကျွမ်းစပြုနေပေပြီ။

မီးလျှံထဲမှ အော်သံက တိတ်ဆိတ်သွားသည်။ ရန်မင်းသည်လည်း အော်ဟစ်ရလွန်း၍ မောပန်းနေလေပြီ။ ရန်မင်းသည် သူ၏အားများအကုန်ထုတ်သုံးသော်လည်း မီးတောက်များကြားမှ ချန်ရုံ့ကို မကယ်နိုင်သည့်အပြင် တောင်လောင်နေသော မီးလျှံများကိုလည်း မငြှိမ်းသတ်နိုင်ခဲ့ပေ။

အိပ်မက်က အပြင်၌ တကယ်ဖြစ်နေသကဲ့သို့ လက်တွေ့ဆန်လှသည်။ ထိုအိပ်မက်မှလန့်နိုးလာသောအခါ ရန်မင်းသည် တော်တော်နှင့် ပြန်မအိပ်နိုင်တော့ချေ။ စိတ်ကိုအနားပေးရန် ခဏမျှ ဓားရေးလေ့ကျင့်၍ မြင်းလျှောက်စီးနေလိုက်သော်လည်း စိတ်က မငြိမ်သွားပေ။

ထိုကဲ့သို့သော လက်တွေ့ကျလှသည့် အိပ်မက်မျိုး ရှိနိုင်သေးသည်လား။

နောက်ညများတွင်လည်း ရန်မင်းသည် ထိုအိပ်မက်ကို နှစ်ခါ ထပ်မက်ခဲ့သေးသည်။ ထိုအိပ်မက်များထဲ၌လည်း ထိုအဖြစ်အပျက်များကိုသာ ပြန်ပြန်မြင်နေရ၍ ထပ်ခါထပ်ခါ အော်ဟစ်နေရကာ အသည်းနှလုံးမဲ့စွာ ထွက်ခွာသွားသော သူ၏ပုံရိပ်ကိုသာ ကြည့်နေရလေသည်။

ရန်မင်း ကိုယ့်ဘာသာကိုယ်ပင် နားမလည်နိုင်တော့ပါ။ ရန်မင်း၏ဘဝ၌ ရေတွက်၍ပင်မရသော လူသတ်မှုများကိုလုပ်ခဲ့သော်လည်း ယခုမှ ထိုအိပ်မက်တစ်ခုကို ခေါင်းထဲမှ ထုတ်မရဖြစ်နေရပါသနည်း။

ဒီတိုင်း ဆက်ထိုင်မနေနိုင်တော့ပဲ ကျန့်ခန်းသို့ သွားမှဖြစ်တော့မည်ဟု ရန်မင်းတွေးလိုက်သည်။ ကျန့်ခန်းသို့သွား၍ ချန်ရုံ့ကိုရှာကာ သူမ ဘာလိုချင်သည်ကို မေးရမည်။ ထိုအခါမှသာ သူ့နှလုံးသားထဲမှ အဆိပ်ပြင်းသည့်မြွေဆိုးကပျောက်သွား၍ ထို နှလုံးသားကွဲကြေရသည့်အိပ်မက်ဆိုးကိုလည်း ဆက်မမက်တော့မည်ဟု ရန်မင်းထင်မိသည်။

ထူးဆန်းသည်က ထိုဆုံးဖြတ်ချက်ကို ချလိုက်သည်နှင့် ရန်မင်း တစ်ကိုယ်လုံး စိတ်အေးပေါ့ပါးသွားကာ မျက်နှာက ပြုံးပင်ပြုံး‌မိနေတော့သည်။ စိတ်ကလည်း အလျင်လိုနေ၍ ကိစ္စများအားလုံးကို စီစဉ်ပြီးသောအခါ ရန်မင်းသည် အစောင့်များနှင့် ချန်ဝေ့ကို ‌ခေါ်ကာ ကျန့်ခန်းသို့ အမြန်ထွက်ခွာလာတော့သည်။

***

ချန်ဝေ့က ရထားလုံးထောင့်၌ထိုင်ကာ ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် ထပ်ခါထပ်ခါ လျက်နေမိသည်။ တစ်ခါတစ်ရံ၌ ပါးမှကြွက်သားများက ဆတ်ခနဲ ဆတ်ခနဲ လှုပ်သွားကြသည်။ နောက်ဆုံးတွင်တော့ ချန်ဝေ့သည် နှုတ်ခမ်းကိုကိုက်၍ သတိထားကာမေးလိုက်သည်။

"အရှင် ဘာတွေဖြစ်နေတာပါလဲ..."

ချန်ဝေ့၏အသံက နူးညံ့၍ ချိုသာကာ စိတ်ပူပန်မှုများစွာ ပါနေသည်။

ရန်မင်းက ချန်ဝေ့အား လှမ်းကြည့်လိုက်သည်။ ထိုသို့လှမ်းကြည့်လိုက်သော မျက်လုံးများက နက်မှောင်နေ၍ အရိပ်တစ်စုံတစ်ရာဖြတ်ပြေးသွားလေသည်။ သို့သော် ထိုအရိပ်က ခဏသာပေါ်လာ၍ ပြန်ပျောက်သွားသည်။

ချန်ဝေ့က ရန်မင်း သူမ အား စိုက်ကြည့်နေသည်ကိုမြင်သောအခါ ရှက်ရွံ့သောအမူအယာဖြင့် ခေါင်းကိုငုံ့၍ ညင်သာစွာပြောလိုက်သည်။

"အရှင် ဘာဖြစ်လို့ ကျွန်မကို ဒီလိုကြည့်နေရတာပါလဲ..."

ရန်မင်းက အကြည့်ကိုပြန်လွှဲလိုက်သည်။ ရန်မင်းသည် ကိစ္စများကို နက်နက်နဲနဲမစဉ်းစားချင်သူဖြစ်၍ ထိုအိပ်မက်အကြောင်းကိုလည်း မေ့ထားလိုက်တော့သည်။

ရန်မင်းတို့အဖွဲ့က ကျန့်ခန်းမြို့ထဲသို့ ဆိုက်ရောက်လာလေသည်။

ရန်မင်းသည် မျိုးရိုးနာမည်က ရှီဖြစ်နေသောကြောင့် ကျန့်ခန်းမြို့ထဲသို့ ဝင်ရန်အဆင်မပြေဖြစ်နေသည်။

ထို့ကြောင့် မြို့ထဲသို့ ဝင်ဝင်ချင်းမှာပင် ရန်မင်းသည် အစောင့်များနှင့် ချန်ဝေ့ကို ခေါ်၍ စွင်းယန်စီစဉ်ပေးထားသော အိမ်တော်သို့ တန်းဝင်သွားလိုက်သည်။

ဤတစ်ခေါက် ရန်မင်း ကျန့်ခန်းသို့လာရခြင်း၌ ရည်ရွယ်ချက်များစွာရှိသည်။ သို့သော် အရေးအကြီးဆုံးရည်ရွယ်ချက်ကတော့ ချန်ရုံ့ကိုရှာ၍ ရန်မင်း၏အိပ်မက်ထဲကကဲ့သို့ အဘယ်ကြောင့် လုပ်ရသည်ကိုညမေးရန်ဖြစ်သည်။

ထို့ကြောင့် ရန်မင်းသည် စွင်းယန်အား ချန်ရုံ မည်သည့်နေရာ၌ရှိသည်ကိုမေးလိုက်သည်။

ထိုသို့မေးလိုက်သောအခါမှသာ ချန်ရုံသည် သီလရှင်တစ်ပါးအဖြစ်ကူးပြောင်းသွားသည်ကို သိလိုက်ရသည်။

တာအိုသီလရှင်ဆရာလေး ဖြစ်သွားသည်တဲ့လား။

ဘာကြောင့်များ တာအို‌ဆရာလေး ဖြစ်သွားရပါသနည်း။

ရုတ်တရက်ဆိုသလို ထိုနေ့က အဖြူရောင်ဝတ်စုံနှင့် ချန်ရုံ့ကို ရန်မင်း မြင်ယောင်လာမိသည်။ ထိုနေ့က ချန်ရုံသည် အလှပဆုံးပြုံးနေခဲ့သည်။ သို့သော် သူမ၏ဆွဲဆောင်မှုရှိသော မျက်လုံးများ၌ ဤမျှကြီးမားကျယ်ပြန့်သောကမ္ဘာကြီး၌ ချန်ရုံ့အတွက် နေစရာမရှိသကဲ့သို့ နာကျင်မှုများလည်း ပါဝင်နေသည်။

ရန်မင်းသည် မျက်မှောင်ကြုတ်လိုက်ကာ စွင်းယန်ကိုစိုက်ကြည့်၍ အသံမာမာဖြင့်မေးလိုက်သည်။
"ဝမ်ချီလန်ကရော...အားရုံရဲ့ အပျိုစင်ဘဝကို သူ သိမ်းပိုက်သွားခဲ့တာမဟုတ်ဘူးလား...သူကရော ဘာလုပ်နေလဲ..."

စွင်းယန်က ပြုံး၍ ခေါင်းခါကာပြောလိုက်သည်။
"ဝမ်ဟုန်က အားရုံအတွက် မြင့်မြတ်တဲ့နေရာတစ်နေရာ လုပ်‌ပေးခဲ့ပေမယ့် အားရုံက ငြင်းလိုက်တယ်..."
စွင်းယန်သည် ယခင်တည်းက ချန်ရုံ၏စိတ်ကို အသိဆုံးလူတစ်ယောက်ဖြစ်သည်။ စွင်းယန်က သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။

"ကျွန်တော် ဝမ်ချီလန်ကို သတိပေးပါတယ်...အားရုံကို မထိန်းနိုင်ဘူးဆိုရင် သွားပြီး မဆွပါနဲ့လို့...အားရုံရဲ့စိတ်ကို ကျွန်တော်သိတာပေါ့...သူက ကျွန်တော့်လိုပဲ...တစ်ခုခုကို စိတ်ရှိပြီဆိုရင် မရမချင်းကိုလုပ်တော့တာ...သူချစ်တဲ့ ယောင်္ကျားတစ်ယောက်က သူ့ကို ပစ်ပယ်သွားပြီဆိုရင်လည်း အရာရာကိုစွန့်လွှတ်ပြီး သူ့ကိုယ်သူတောင် သတ်သေသွားဦးမှာ..."

သူမ ချစ်သည့်အမျိုးသားက စွန့်လွှတ်သွားလျှင် သူမကိုယ်သူမ သတ်သေမည်တဲ့လား။

ထိုစကားကိုကြားလိုက်သည်နှင့် ရန်မင်းသည် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

စွင်းယန်က ရန်မင်းအား မရဲတရဲလှမ်းကြည့်၍ ပြောလိုက်သည်။

"အားရုံက အခု ရှီရှန်ကျောင်းတော်မှာ..."

ထို့နောက် စွင်းယန်က ရုတ်တရက် ပြောလိုက်သည်။

"တပ်မှူး အားရုံကို နာကျင်အောင်မလုပ်ပါနဲ့နော်..."
ချန်ရုံက ရန်မင်းနှင့် လက်ထပ်ဖို့ကတိပေးထားသည်ကို နောင်တရ၍ သီလရှင်လုပ်သွားသောကြောင့် ရန်မင်းက ချန်ရုံ့အပေါ်ဒေါသထွက်နေလိမ့်မည်ဟု စွင်းယန်က ထင်၍ ပြောလိုက်ခြင်းဖြစ်သည်။

ထိုသို့ပြောလိုက်သော်လည်း ရန်မင်းက ဘာမှပြန်မပြောသည်ကို စွင်းယန် သတိထားလိုက်မိသည်။ ရန်မင်းအား စိုက်ကြည့်လိုက်သောအခါ ရန်မင်း၏မျက်နှာထားက တစ်မျိူးဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် မျက်ခုံးများကိုပင့်ကာ မေးလိုက်သည်။

"တပ်မှူး ဘာဖြစ်နေတာလဲ..."

ရန်မင်းက ခေါင်းကိုခါ၍ အခန်းဘေးသို့သွားကာ အပေါ်ဝတ်ရုံကို ဝတ်လိုက်သည်။ ထို့နောက် "သွားကြမယ်..." ဟုပြောကာ အခန်းထဲမှ ထွက်သွားလေတော့သည်။