Chapter 260
ရန်မင်းက ကျောင်းဆောင်ပေါ်မှ ဆင်းသက်လာသည့်ချန်ရုံ၏အနားသို့လျှောက်လှမ်းသွားခဲ့ပြီး အနည်းငယ်မှေးစင်းသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့လေသည်။ထိုအကြည့်များမှာ စူးစမ်းဟန် ဆန်လွန်းပြီး တစ်ဖက်လူအားတွေ့ရှိရာမှ ဖြစ်ပေါ်လာသော ပျော်ရွှင်ကြည်နူးမှုများပျောက်ကွယ်သွားချိန်တွင် ရန်မင်းက အေးစက်စက်လေသံဖြင့် ဆိုခဲ့ပြန်၏။
" ငါ့ကို မကြည့်ရဲဘူးလား ... "
ထိုအခါ သူ၏စိတ်ဝိညာဉ်မဲ့အိပ်မက်အပေါင်းအား ချုပ်ငြိမ်းသွားစေခဲ့သောအနှီအမျိုးသမီးက ရုတ်ချည်းပင် ပြုံးပြကာ " ချန်ဝေ့ရော ... တပ်မှူးရန် ရောက်လာတာပဲ ... ချန်ဝေ့ကိုပါ ဘာလို့အတူတူခေါ်မလာခဲ့တာလဲ ... " ဟု ပြန်လည်တုံ့ပြန်မေးမြန်းလာခဲ့သည်။
ယခုအချိန်၌ ချန်ဝေ့အကြောင်းမေးမြန်းနေနိုင်သလော။ယုတ္တိမတန်လွန်းပေ။
မျက်စိရှေ့၌ရှိနေသော ဤချန်ရုံက ချန်ဝေ့အားအလွန်ဂရုထားနေလွန်းသည်။
ရန်မင်းက သူ၏နားမလည်နိုင်မှုအပေါင်းအား ချုပ်တည်းထားခဲ့ပြီး မရှက်မရွံ့ဖြစ်နေသောချန်ရုံ့အား စူးစိုက်ကြည့်ကာ ထပ်မံမေးမြန်းလိုက်ပြန်လေ၏။
" ဘာလို့ အရှင်မ ဖြစ်လာတာလဲ ... "
ယုတ္တိမတန်သောမေးခွန်းကြောင့် ချန်ရုံက ရုတ်ချည်းပင် အားရပါးရရယ်မောတော့သည်။သူမ၏မျက်ဝန်းများထဲ၌လည်း မျက်ရည်စများဝေ့ဝိုက်လာခဲ့ပြီး ရယ်မောနေဟန်က ရူးနှမ်းပုံဆန်လွန်းလှသည်။
ရယ်မောချင်စိတ်အား မထိန်းချုပ်နိုင်ဟန်ရသောချန်ရုံက သူမ၏ဝတ်ရုံအင်္ကျီလက်များဖြင့် မျက်ဝန်းနှစ်ဖက်အား အသာအယာထိကပ်လေသည်။
" နောက်ဆုံးတော့ နှစ်ယောက်သား စုစည်းသွားပြီပဲ ... တကယ်ကို စိတ်သက်သာရာရသွားပြီ ... "
" ဘာလို့ရယ်နေတာလဲ ... "
ရန်မင်းက ထိုစကားများကို ဂရုမထားဘဲ လိုရင်းကိုသာမေးမြန်းခဲ့၏။လက်ရှိအချိန်တွင် သူ့ရင်ထဲ၌ အပူမီးများတောက်လောင်နေသည်။
" ကျွန်မ ချန်ဝေ့ကို မုန်းတယ် .... "
အောက်ကျို့ခယမှုတစ်ခုအား အမှုထား၍ ရန်မင်းက ချန်ဝေ့အား လက်သင့်ခံထားခဲ့ပေ၏။ထိုသို့ဖြစ်၍ ချန်ရုံ့အတွက် ရန်မင်းနှင့် နောက်တစ်ကြိမ် ပတ်သတ်ဆက်နွှယ်ဇာတ်လမ်းဖွဲ့ရန် လားလားမျှအကြောင်းမရှိတော့ပါချေ။
နောက်ဆုံးအကြိမ်က ကဲ့သို့ပင် ဤတစ်ကြိမ်တွင်လည်း ရန်မင်းသည် ချန်ရုံ့အား ဒေါသထွက်နေသေးသည်။မည်သို့ရှင်သန်သေဆုံးရမည်ကိုမသိသော ဤမိန်းကလေးအား အချိန်အနည်းငယ်ခန့် အမှန်တကယ်သတ်ပစ်ချင်စိတ်ဝင်သွားခဲ့လေ၏။
နောက်ဆုံးတွင်မူ ရန်မင်းခမျာ ထိုနေရာတွင်သာ ကျန်ရစ်ခဲ့ပြီး ချန်ရုံကတော့ ရယ်ရယ်မောမောဖြင့် ၎င်းနေရာမှ ကျောပေးထွက်ခွာသွားတော့သည်။
ဤမိန်းကလေးကသာ သူ့အား လောယန်မှ ကျန့်ခန်းအထိ အပူတပြင်းခရီးနှင်လာစေခဲ့သည်။
ဤမိန်းကလေးကသာ သူကဲ့သို့သောတပ်မှူးတစ်ဦးအား အကူအညီတောင်းတတ်လာစေခဲ့သည်။
ထိမ်းမြားလက်ဆက်ရန်အထိ ကတိကဝတ်ပြုထားခဲ့သည့်ဤမိန်းကလေးက သူ့အား အကြောင်းပြချက်အမျိုးမျိုးဖြင့် ရှောင်ကြဉ်သွားခဲ့လေပြီ။
သူသည် မည်သည့်အချိန်ကတည်းက ဤမျှလောက်ထိ အပေါစားဆန်သွားခြင်းဖြစ်မည်နည်း။မိန်းကလေးတစ်ဦးအတွက်နှင့် မျက်နှာပျက်ခံပြီး အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသည်။
တာအိုသာသနာကျောင်းတော်သို့ လာရောက်ချိန်တွင် ချန်ဝေ့ကိုပါခေါ်ဆောင်လာခဲ့သော်လည်း ရန်မင်းက တစ်ဦးတည်း ပြန်သွားခဲ့သည်။
တပ်မှူးစွင်း စီစဉ်ပေးထားခဲ့သောအိမ်တော်ဝင်းသို့ပြန်လည်ရောက်ရှိချိန်တွင် ရန်မင်းမှာ ငါးနာရီကျော်ကြာ လေးပစ်ခြင်းအရာကို ဆက်တိုက်လေ့ကျင့်နေခဲ့လေ၏။
သူ၏နှလုံးသားတွင်း၌ အပူမီးများ လောင်မြိုက်နေပြီး တစ်ဖက်၌ ဆို့နင့်နေကာ ကျန်တစ်ဖက်၌ ဒေါသမှန်သမျှကို မီးလောင်တိုက်သွင်းပစ်ချင်သည်။
ရန်မင်းခမျာ အချိန်များတရွေ့ရွေ့ကုန်ဆုံးလာကြောင်း အမှတ်မရနိုင်တော့ဘဲ အခန်းသို့ ပြန်နားရန်ကိုပါ မေ့လျော့သည်အထိဖြစ်လာသည်။
ထိုသို့ဖြင့် ညသန်းခေါင်ယံကို ကျော်လွန်၍ နံနက်အရုဏ်တက်အချိန်သို့ ရောက်ရှိလာတော့ပေ၏။
အချိန်များစွာကြာပြီးနောက်တွင် ရန်မင်းခမျာ ပင်ပန်းလွန်းသဖြင့် တည့်တည့်မတ်မတ်ပင်မထိုင်နိုင်ရှာဘဲ လေးကိုပိုက်လျက် ခဏတာအနားယူခဲ့လေသည်။
ယင်းနောက်တွင် သူက မြေပြင်ပေါ်သို့လှဲချပြီး ခဏတာ
မှေးစက်ခဲ့ရာမှ အိပ်မက်တစ်ခုအတွင်းသို့ ရောက်ရှိသွားပြန်သည်။
ထိုအိပ်မက်အတွင်း၌ သူက တစ်စုံတစ်ယောက်နှင့် လက်ဆက်ထိမ်းမြားနေလေ၏။သတို့သမီးဝတ်စုံဆင်ယင်ထားသောတစ်ဖက်မိန်းကလေးက သူ့အား ချစ်ရည်ရွှန်းလဲ့စွာဖြင့် စူးစိုက်ကြည့်နေသည်။
ယင်းမိန်းကလေးမှာ အိပ်မက်ထဲတွင် ပေါ်လာတတ်သော အခြားသူများကဲ့သို့ပင် ဝိုးတိုးဝါးတားဖြစ်ပြီး မျက်နှာအသွင်အပြင်အား ရှင်းရှင်းလင်းလင်း မမြင်ရပေ။သို့သော်လည်း သူမ၏လှုပ်ရှားမှုတိုင်းအား သိသိသာသာပင် ရင်းနှီးကျွမ်းဝင်နေသည်။
နှစ်ဦးသား ယာမကာသောက်သုံးပြီးချိန်တွင် ၎င်းမိန်းကလေးက သူ၏ရင်ခွင်ထဲသို့ တိုးဝင်မှီခိုလာလေ၏။ထို့နောက်တွင်မူ သူမက သူ၏လည်တိုင်အား မော့ကြည့်လျက် ခပ်တိုးတိုးဆိုလာခဲ့သည်။
" ကျွန်တွေမှာတောင် ' ဒီနေ့ ' ဆိုတာမျိုး ရှိသေးပြီး သေဆုံးခြင်းနဲ့မထိုက်တန်ပါဘူး ... "
ယင်းဇနီးသည်က သူ့အား မျက်ရည်များဝေ့ဝိုက်နေသည့်ကြားထဲမှ စူးစိုက်ကြည့်ရှုနေခဲ့ပြီး ယင်းမျက်ဝန်းများထဲ၌ ကျေနပ်ခြင်းနှင့် ပျော်ရွှင်မှုများ ကိန်းဝပ်နေသည်။
အနှီမိန်းကလေးက နှုတ်ခမ်းအား ခပ်ဖွဖွကိုက်လျက် သူ့အား လေသံတိုးတိုးဖြင့် ဆိုလာခဲ့လေ၏။
" မောင်ကြီး .... အားရုံက အဆိပ်ခပ်ခဲ့တာမှန်ပေမဲ့ အရမ်းသနားစရာကောင်းနေတုန်းပါပဲ ... သူ့အဖေနဲ့ အစ်ကိုကလည်း ဒီမှာမရှိရှာဘူး ... မောင်ကြီးနဲ့တစ်ခြားသူတွေကလည်း သူ့ကို ဖယ်ကြဉ်ထားကြတယ် ... သူ့မှာဘယ်လိုလုပ်ပြီး သွားစရာနေရာရှိပါ့မလဲ ... သူ့ကို နှမတော်ရဲ့ အိမ်တော်မှာထားလိုက်မယ်လေ ... အိမ်တော်က ညီမနှစ်ယောက်ကိုလည်းစောင့်ရှောက်ဖို့လူရတာပေါ့ "
သူမ၏လေသံကနူးညံ့နွေးထွေးပြီး စိတ်သဘောထားကြီးမားသောအငွေ့အသက်ကို ရလေ၏။သူ၏ဇနီးသည်အသစ်မှာ အလွန်ကြင်နာတတ်သူဖြစ်မှန်း ရန်မင်း မှုန်ဝါးဝါးမှတ်မိနေသည်။
ချန်ရုံက သူမအပေါ် သို့ လွန်လွန်ကြူးကြူးပြုမူခဲ့သော်ငြားလည်း ကျိန်ဆဲစကားတစ်ခွန်းမဆို ၊ စိတ်မကွက်ဘဲ ကြီးမားကျယ်ပြန့်သောစိတ်သဘောထားဖြင့် ဖြေရှင်းချက်ပင် စဉ်းစားပေးနေသေးပေ၏။သေသင့်သေထိုက်သူအပေါ်တွင်ပင်လျှင် ကရုဏာတရားထားနေတတ်သေးသည်။
ရန်မင်းက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မရှည်သောလေသံဖြင့် ပြန်လည်ပြောကြားလိုက်သည်။
" ဘာလို့သူ့အကြောင်းပြောနေမှာလဲ .... အိပ်ရာဝင်ကြရအောင် ... "
အိပ်ရာဝင်မည့်အကြောင်း စကားဟလိုက်သည်နှင့် တစ်ဖက်မိန်းကလေး၏မျက်နှာက ရှက်သွေးဖြာသွားပြီး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ပါးပြင်များ နီရဲလျက်ရှိသော ထိုမိန်းကလေးက ရုတ်ချည်းပင်မတ်တပ်ထရပ်ကာ အပေါ်ဝတ်ရုံအားချွတ်လိုက်လေ၏။ယင်းနောက်တွင် သူမ၏လက်အစုံက ရန်မင်း၏ခါးပတ်ထံသို့ ဦးတည်လာသည်။
တစ်ချိန်တည်းမှာပင် ပြတင်းတံခါးအပြင်ဘက်၌ အနီရောင်အရိပ်တစ်ချို့ ကြီးစိုးသွားခဲ့ပြီး မရေမတွက်နိုင်သောလူအပေါင်း၏အော်ဟစ်သံများလည်း ထွက်ပေါ်လာတော့ပေ၏။
" တပ်မှူး ... သခင်မလေး ... မဟုတ်ဘူး ဟို ချန်မျိုးရိုးက ကိုယ့်ကိုကိုယ် မီးလောင်တိုက်သွင်းနေပါတယ် ... "
အမှုထမ်းတစ်ဦး၏လျှောက်တင်သံကြောင့် ရန်မင်းခမျာ ထိတ်ပြာသွားပြီး အခင်းနေရာမှ ခပ်သုတ်သုတ်ပင် ထွက်ခွာသွားလေသည်။သူ၏ဇနီးသည်သည်လည်း အလျင်စလိုဖြစ်ဟန်ဖြင့် အနောက်မှလိုက်ပါလာခဲ့ပြီး ရန်မင်း၏လက်အား ဖမ်းဆွဲထားခဲ့သည်။
နှစ်ဦးသား မီးလောင်နေသည့်နေရာဆီသို့ အတူတကွဦးတည်ခဲ့ကြပြီး တောင်လောင်မီးများကြားထဲ၌ ဟက်ဟက်ပက်ပက်ရယ်မောနေသောရူးနှမ်းနှမ်းမိန်းမတစ်ဦးကို မြင်လိုက်ရသည်။
ထိုမိန်းမမှာ ချန်ရုံပင်ဖြစ်လေ၏။
ရန်မင်းခမျာ အိပ်မက်မှ ရုတ်ချည်းပင် လန့်နိုးလာခဲ့၏။
ခေတ္တအကြာတွင် သူက အေးစက်စက်ချွေးသီးချွေးပေါက်များအားအင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
အချိန်မှာ နံနက်စောစောဖြစ်ပြီး အဝေးတစ်နေရာမှ ပဲ့တင်သံအချို့ကိုသာကြားရလေ၏။
ချွေးသုတ်ပြီးနောက်တွင် ရန်မင်းတစ်ယောက် အနည်းငယ်ထုံထိုင်းသွားသည်။
အိပ်မက်မျှသာဖြစ်သော်လည်း ထိုအိပ်မက်ထဲ၌တွေ့ကြုံခဲ့ရသမျှ အရာအားလုံးက ယခုအချိန်အထိ ရှင်းလင်းနေဆဲဖြစ်သည်။
ရန်မင်းက ထထိုင်ခဲ့သော်လည်း တော်တော်တန်တန်မလှုပ်ရှားနိုင်သေးပေ။
အိပ်မက်ထဲမှချန်ရုံ့အား သူကိုယ်တိုင်ထိမ်းမြားလက်ထပ်ပေါင်းသင်းယူခဲ့သော်လည်း အကြင်နာတရားခေါင်းပါးစွာဖြင့်ဆက်ဆံမိခဲ့လေသလော။သူမထံ၌ အားကိုးစရာခမည်းတော် ၊ အစ်ကိုတော်များလည်းမရှိရှာဘဲ သွားစရာနေရာမရှိဖြစ်ခဲ့ရလေသည်။
မီးတောက်များကြားထဲ၌ ရပ်နေသောထိုပုံရိပ်လွှာပိုင်ရှင်၏မျက်ဝန်းများထဲ၌ မျက်ရည်များဝေ့ဝိုက်နေခဲ့ပြီး သူမ၏စိတ်နှလုံးသားတွင်းဝယ် လေးနက်သောချစ်ခြင်းမေတ္တာတရားများ ပြည့်နှက်နေသည်က ထင်ရှားလွန်းသည်။
ထိုမျှသာမက ဇနီးသည်အသစ်၏စကားမှာလည်း အလွန်မလျော်မကန်ရာ ကျပေ၏။ဤလောကကြီး၌ မည်သူက ဦးစွာဇနီးမယားယူထားသူနှင့် ဆက်လက်ပေါင်းသင်းနိုင်မည်လော။
သူမသည် ချန်ရုံ့အား သူမ၏နံဘေးတွင်ထား၍ အရှက်ရစေရန် ကြံဖန်နေခြင်းသာဖြစ်လေသည်။ထိုမျှသိသာနေပါလျက်နှင့် သဘောမပေါက်ခဲ့ဘဲ သူမအား ကြင်နာတတ်သူဟုပင် ထင်မြင်နေခဲ့မိသေးသည်။
ဤလောက် မိုက်မဲတုံးအလွန်းသူ ရှိနိုင်ဦးမည်လော။
မဟုတ်ပေ။ဖြစ်ပျက်သမျှက အိပ်မက်တစ်ခုသာဖြစ်သည်။
ချန်ရုံကဲ့သို့သောမိန်းကလေးမျိုးအား မည်သို့ကျိန်ဆဲနိုင်မည်လော။
မေတ္တာမသက်ဝင်ဘဲ မည်သို့နေနိုင်မည်လော။
တစ်ချိန်ကချစ်ခဲ့ဖူးသူအား မည်ကဲ့သို့ မျက်နှာလွှဲခဲပစ်လုပ်နိုင်ပါမည်လော။
ဤလောကကြီးအတွင်း၌ သူမကဲ့သို့သောမိန်းကလေးမျိုးနှင့် တွေ့ဆုံခဲ့ရလျက်နှင့် အဘယ်ကြောင့် တွယ်တာချစ်ခင်ခြင်းမျိုး မရှိနိုင်ပါမည်လော။
အလွန်ထူးဆန်းသောအိပ်မက်ပင်။
ရန်မင်းခမျာ ခေါင်းငုံ့လျက် ငြိမ်ကုပ်မနေနိုင်တော့ဘဲ ၎င်းနေရာမှ ထထွက်သွားတော့သည်။
အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက်တွင် ကောင်းကင်ယံက တဖြည်းဖြည်း တောက်ပလာ၏။
နံနက်ခင်းမြူခိုးများကြားထဲမှ ကတုံးဆံပင်နှင့် လူတစ်ဦးအား ရန်မင်းတွေ့လိုက်ရသည်။ထိုသူက တစ်စုံတစ်ရာကိုရွတ်ဖတ်နေပုံရလေ၏။ရန်မင်းက မျက်မှောင်ကြုတ်လျက် ထိုတစ်ဦးအား စူးစိုက်ကြည့်နေသည်။
လွန်ခဲ့သောဆယ်နှစ်ခန့်က ကောင်းကင်ဘုံမှဆင်းသက်လာပြီး သက်ဆိုင်ရာဘာသာသာသနာကို အကျိုးပြုနေကြသောလူအချို့ရှိကြောင်း ရန်မင်း ကြားသိခဲ့ဖူးသည်။ထိုသူတို့၏ရိုးစင်းဖြောင့်မတ်မှုကြောင့် အချိန်တိုအတွင်း၌ပင် လူအများထံမှ အာရုံစိုက်မှုကို ရရှိခဲ့သည်ဟုလည်း သိရလေ၏။
ယင်းအချိန်၌ တစ်ဖက်လူကလည်း သူ့အား စူးစိုက်ကြည့်ရှုလာခဲ့သည်။
" ဒကာကြီး ဘာပူပန်စရာရှိလို့ပါလဲ ... "
ထိုအခါ ရန်မင်းက လေးလေးနက်နက်ဖြင့်ဖြည်းညင်းစွာမေးမြန်းတော့သည်။
" လူတစ်ယောက်ကတစ်ခါမှ မတွေ့ကြုံဖူးတာတွေကို အိပ်မက်မက်ပေမဲ့ ခံစားချက်က အရမ်းလက်တွေ့ဆန်နေတယ်ဆိုရင် ဘာဖြစ်မှာပါလဲ ဘုရား ... "
" အို ... ဗုဒ္ဓဘုရားစောင်မတော်မူပါ ... "
ထိုအခါ ဘုန်းတော်ကြီးဖြစ်သူက လက်အုပ်ချီ၍ ဦးစွာရေရွတ်လိုက်ပြီး ဆက်လက်ဖြေကြားလာခဲ့သည်။
" လူဝင်စားခြင်းဆိုတာ တကယ်ရှိတယ် ဒကာကြီးရဲ့ ... လူတွေမှာ အတိတ်ဘဝနဲ့ပစ္စုပ္ပန်ဘဝတွေရှိကြတယ် ... ဒကာကြီးက အတိတ်ဘဝကို အိပ်မက်မက်ခဲ့ပုံပဲ ... "