Chapter 261
ရန်မင်းခမျာ ထိတ်ပြာသွားခဲ့ပြီး သူ၏နှဖူး၌လည်း ချွေးများစို့လာလေသည်။ထိုချွေးစက်များက မျက်လုံးတစ်ဝိုက်အား ဖြတ်ကျော်စီးကျသွား၏။
ချန်ရုံနှင့်တွေ့စဉ်က သူမ ပြသခဲ့သောဒေါသနှင့်မုန်းတီးမှုများအား ရန်မင်း ရုတ်ချည်းပင် သတိရမိသွားသည်။
တစ်ခါက သူသည် သူမနှင့် မြင်းအတူစီးခဲ့ဖူးလေ၏။ထိုအချိန်တွင် သူက ပြုံးရယ်လျက်ချန်ရုံ့အား " ငါတို့တွေ့ဖူးလား .... " ၊ " ငါမင်းကိုတစ်ခုခုလုပ်ထားမိလို့လား " အစရှိသဖြင့် ကြိမ်ဖန်များစွာမေးမြန်းခဲ့သည်။
ယင်းစာကြောင်းနှစ်ကြောင်းက ရန်မင်း၏မှတ်ဉာဏ်ထဲ၌ တစ်နည်းနည်းဖြင့် နစ်မြုပ်လျက်ရှိနေခဲ့ပြီး လက်ရှိအခိုက်အတန့်တွင်မူ နံနက်ခင်းဆော်ဩခေါင်းလောင်းသံသကဲ့သို့ သူ့နှလုံးသားအား ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
ထိုမျှသာမက ယနေ့ တာအိုသာသနာကျောင်းတော်၌ရှိနေခဲ့စဉ်က မျိုးဆက်နှစ်ဆက်ရှိပြီဖြစ်ကြောင်း ကြားသိခဲ့ရလေသည်။စကားလုံးအနည်းအကျဉ်းမျှသာဖြစ်သော်လည်း ရန်မင်းအား လုံးဝဥဿုံမည်းမှောင်သွားစေ၏။
ထိတ်လန့်တုန်လှုပ်ဖွယ်ရာဇာတ်ကြောင်းများအလယ်တွင် ရန်မင်းခမျာ အနောက်သို့ အလိုလိုခြေတစ်လှမ်းဆုတ်မိသွားသည်။
" အတိတ်ဘဝ ၊ ပစ္စုပ္ပန်လောကနဲ့ အနာဂါတ်မျိုးဆက်တွေကို စောင်မပေးတော်မူပါ ... "
ဘုန်းတော်ကြီးဖြစ်သူက ရန်မင်းအား ကရုဏာတရားပြည့်ဝစွာဖြင့် လှမ်းမျှော်ကြည့်ကာ လက်အုပ်ချီလျက် ရေရွတ်နေရင်း အခင်းနေရာမှထွက်ခွာသွားတော့၏။ခပ်လှမ်းလှမ်းရောက်သွားသည်အထိ ထိုရေရွတ်သံများအား အတော်အတန်ကြားနေရဆဲဖြစ်သည်။
ရယ်စရာကောင်းလွန်းပေ၏။အတိတ်နှင့် ပစ္စုပ္ပန်က မည်သည့်အရေးနည်း။သူသည် တပ်မှူးတစ်ဦးဖြစ်ပြီး ဘဝတစ်လျှောက်လုံး၌ သတ်ဖြတ်မှုများစွာကို မရေမတွက်နိုင်အောင် ပြုခဲ့ဖူးသည်။အသတ်ခံရသူများက သူ့ထံ၌အကြွေးတင်ကာ အတိတ်မှနေ၍အနာဂါတ်ဆီသို့ ပို့ဆောင်ခံရခြင်းမျိုးက ဖြစ်နိုင်သည့်အရာလော။
ရန်မင်းက သူ့အတွေးနှင့်သူ ခေါင်းမော့၍ ဟက်ဟက်ပက်ပက် ရယ်မောတော့သည်။
၎င်းရယ်သံက အတွင်းဘက်မှလူများအား စိုးထိတ်သွားစေပြီး ချန်ဝေ့သည်လည်း အမြန်ထွက်လာခဲ့၏။သူမက တံခါးအားတွန်းဖွင့်ကာ ရန်မင်းထံသို့ချဉ်းကပ်လာသည်။လှပသောမျက်နှာထက်ဝယ် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေသည်။
ယခုအချိန်၌ ချန်ဝေ့မှာ လှလှပပဝတ်စားဆင်ယင်ထားပြီး နူးညံ့သိမ်မွေ့ပြီးအဆုံးမရှိသော ရန်မင်း၏မျက်ဝန်းများထဲသို့ စူးစိုက်ကြည့်လျက်ရှိပေ၏။
" ဘာဖြစ်လို့လဲ ... "
ဟက်ဟက်ပက်ပက်ရယ်မောနေခဲ့သောရန်မင်းမှာ ချန်ဝေ့၏စကားသံကြောင်း ရုတ်ချည်းပင် ငြိမ်ကျသွားသည်။သူက ချန်ဝေ့ဘက်သို့လှည့်ကာ အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့၏။
ရန်မင်းမှာ တင်းမာသောမှုန်ကုပ်ကုပ်မျက်ဝန်းများဖြင့်ချန်ဝေ့အား လေးလေးနက်နက်စူးစိုက်ကြည့်နေသည်။ချန်ဝေ့၏မျက်နှာက ဖြူဖပ်ဖြူလျော်ဖြစ်လာခဲ့ပေ၏။
" အခုငါ့ကို မြင်လား ... "
ရန်မင်းမှာ ချန်ဝေ့အား ပိုးဟပ်ဖြူတစ်ကောင်သဖွယ်သာ သဘောထားသောအကြည့်များဖြင့် ဆက်လက်ကြည့်ရှုနေပြီး ထပ်မံမေးမြန်းပြန်သည်။
" မင်းရဲ့နေရာကို ချန်ရုံနဲ့အတူတူ ဝေမျှနိုင်လား .... "
မည်သို့သောမေးခွန်းမျိုးနည်း။ချန်ဝေ့ခမျာ အံ့ဩသွားပုံရပြီး သူမ၏နှုတ်ခမ်းများက ပွင့်ချည်ပိတ်ချည်ဖြစ်နေသည်။
သို့သော်လည်း ရန်မင်းက အချိန်ကြာကြာ မစောင့်လိုပေ။
" ဖြေလေ .... "
" ဆန္ဒရှိပါတယ် ... ကျွန်မဆန္ဒရှိပါတယ် ... အရှင်က မြင့်မြတ်တဲ့ခင်ပွန်းပါ ... အားရုံကို ထိမ်းမြားမယ်ဆိုရင် အလုပ်အကျွေးပြုမဲ့သူလည်း တိုးလာတာပေါ့ ... "
ချန်ဝေ့က ကမန်းကတမ်းပြုံးလျက် ဖြေကြားလာသော်လည်း ထိုအပြုံးမှာ အနည်းငယ်တောင့်တင်းပြီး သဘာဝမကျပေ။
ရန်မင်းက ခေတ္တပင် အချိန်လစ်လပ်မခံဘဲ ဆက်တိုက်မေးမြန်းသည်။
" မင်းက ငါ့ဇနီးဆိုရင် အားရုံက ဘာလဲ ... "
ချန်ဝေ့၏မျက်လုံးများ ပြူးကျယ်သွားတော့သည်။သူမသည် ယခုအချိန်ထိ ရန်မင်းနှင့်အကြည့်ချင်းဆုံနေနိုင်သေးသည်ကို မယုံကြည်နိုင်ဖြစ်နေလေ၏။ဤသို့တင်းကြပ်သောအခြေအနေမျိုးတွင် အဖြေကိုစဉ်းစားနိုင်ပါမည်လော။လောလောဆယ်အချိန်မှာတော့ မည်သည်ကိုမှ ရေရေရာရာမဖြေလိုပေ။
" ဘယ်လိုပဲဖြစ်ဖြစ် အားဝေ့ ကျေနပ်ပါတယ် ... အားဝေ့ ဝမ်းသာနေမှာပါ ... "
ချန်ဝေ့က မျက်ရည်လေးတဝဲလည်လည်ဖြင့် ပြောကြားလာသည်။သို့သော်လည်း အမြဲလိုလို နွမ်းဖတ်အားလျော့နေခဲ့သော သူမ၏မျက်နှာထားက စကားအဆုံးသတ်နား၌ မဆိုစလောက်ကလေး ရှုံ့မဲ့သွားသေး၏။
ချန်ဝေ့က မျက်နှာအမူအရာကို လျင်မြန်စွာပြောင်းလဲလိုက်ပြီး ရန်မင်းအား မျက်ရည်များကြားထဲမှ နက်ရှိုင်းစွာ စူးစိုက်ကြည့်နေလေသည်။
သို့သော်လည်း ရန်မင်း၏မျက်နှာထားကြောင့် အနောက်သို့ အလိုလိုခြေတစ်လှမ်းဆုတ်မိသည်အထိ ဖြစ်သွားရသည်။
" အရှင် ... ဘာကိစ္စရှိလို့ပါလဲ ... "
ရန်မင်းက သူမအား တစ်စိုက်မတ်မတ်ကြည့်နေဆဲပင်။သူ၏အကြည့်များက သူစိမ်းဆန်လွန်းပြီး မည်သည့်အချိန်ကမှ သူမအား အသိအမှတ်မပြုခဲ့ဖူးသလိုပင်။
ထိုအကြည့်များက တစ်ဖက်သားတို့၏မျက်ဝန်းအစုံအား ပေါက်ထွက်သွားစေနိုင်လောက်သည်အထိ ဖြစ်ရာ ချန်ဝေ့ထိတ်လန့်သည်မှာလည်း မဆန်းလှပေ။
သို့သော်လည်း ယခုအချိန်တွင် သူမသည် စကားမှားထားခြင်းမျိုးလည်းမရှိပါ။
ထိုသို့ဖြစ်လျက် ရန်မင်းက သူမအား မလှုပ်မယှက်စိုက်ကြည့်နေဆဲသာဖြစ်သည်။
ဤစကားများအား မေးမြန်းချိန်၌ ရန်မင်းမှာ လုံးလုံးလျားလျား အသိစိတ်လွတ်နေခဲ့ပြီး ချန်ဝေ့၏စကားအပေါ်မူတည်၍ အဖြေရှာနိုင်လိမ့်မည်ဟု မသိစိတ်က ခံစားနေမိခဲ့သည်။
" ဘယ်လိုပဲဖြစ်ဖြစ် အားဝေ့ ကျေနပ်ပါတယ် ... အားဝေ့ ဝမ်းသာနေမှာပါ ... " ဟုပြောချိန်၌ သူမ၏အပေါ်ယံဆန်မှုအား ထုတ်ဖော်သိရှိလိုက်ပြီး သူမ၏မျက်ဝန်းများမှာလည်း ဂနာငြိမ်မနေပေ။
ကနဦးအိပ်မက်ထဲမှ လက်ထပ်ခါစအမျိုးသမီး၏ရုပ်သွင်က အားဝေ့၏မျက်နှာဖြင့် ဖြည်းဖြည်းချင်းပေါင်းစပ်သွားသည်။
ယုတ္တိမတန်လွန်းပေ။ဘုန်းတော်ကြီးက အရေးမဟုတ်လှဘဲ သူကိုယ်တိုင်ကိုက ထိုသို့ယုံကြည်မိနေခြင်းဖြစ်လေသည်။ထိုမျှသာမက ချန်ဝေ့ကိုပါ စစ်မေးနေမိလိုက်သေး၏။
ယင်းနောက်တွင် ရန်မင်းက အေးစက်စက်မျက်နှာထားနှင့်တကွ ခေါင်းတယမ်းယမ်းဖြင့် အိမ်တော်တွင်းသို့ ဝင်ရောက်သွားတော့သည်။
ထိုအချိန်၌ ချန်ဝေ့မှာ အိမ်တော်တံခါးကိုမှီလျက် မလှုပ်မယှက်ဖြစ်နေ၏။
အဘယ်ကြောင့်ရယ်မသိ ရန်မင်း၏မျက်ဝန်းများအား လှမ်းမျှော်ကြည့်လိုက်ချိန်တွင် ထူးဆန်းသောစိမ်းသက်မှုကြောင့် သူမ၏ရင်ထဲ၌ ထိတ်ပြာသွားခဲ့သည်။
သူမ ထိမ်းမြားလက်ထပ်လိုသူမှာ လူကောင်းမှန်ပါသလော။သူမသည် ရန်မင်း၏ဇနီးမယားအရာသို့ရောက်နိုင်သော်လည်း အရှက်မဲ့သောမိန်းမတစ်ယောက်က ရန်မင်း ရင်ထဲတွင်ရှိနှင့်နေပြီးဖြစ်လေသည်။
ခမည်းတော်က ရန်မင်းအား မေ့ဖျောက်ပစ်ရန် ပြောခဲ့သည်။သို့သော်လည်း အဘယ်သို့မေ့နိုင်မည်နည်း။
မြစ်ကမ်းဘေး၌ စတင်တွေ့ရှိစဉ်ကတည်းက အကြည့်တစ်ချက်ဖြင့်ပင် မေတ္တာသက်ဝင်ခဲ့ရသူဖြစ်သည်။
သူမ၏တစ်သက်တာလုံး၌ တွေ့ဖူးခဲ့သမျှယောကျာ်းသားများထဲတွင် သူသည်သာလျှင် အချောမောဆုံး ၊ယောက်ျားအပီသဆုံးဖြစ်သည်။လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့်ပင် မရေမတွက်နိုင်သောစစ်သည်များ အနိစ္စရောက်နိုင်ကုန်ပေ၏။
စစ်သည်များစွာမှာလည်း သူ၏ကာကွယ်မှုအား မှီခိုနေကြရသည်ဖြစ်လေသည်။
ကာလအတန်ကြာ ချစ်မြတ်နိုးခဲ့ရသဖြင့် လက်မလျှော့နိုင်ပါချေ။
ရန်မင်းက သူမအား ဇနီးသည်အဖြစ် ထိမ်းမြားမည်မဟုတ် ဟု ချန်ချီ ပြောခဲ့ဖူးသည်။အသေအချာဆွေးနွေးလိုက ဆွေးနွေးသင့်ပြီး တိကျသောအာမခံချက်မရှိသော်ငြားလည်း မိခင်အရာက သူမ၏ဘဝအားကယ်တင်ပေးမည်ဖြစ်ကြောင်း ချန်ချီက အကြံပေးခဲ့လေ၏။
၎င်းစကားအား ကြားချိန်တွင် ချန်ဝေ့မှာ အမူအရာမပျက် နေမြဲအတိုင်းရှိနေခဲ့သော်လည်း အတွင်းစိတ်ကတော့ မနှစ်မြို့သလို ဖြစ်နေခဲ့သည်။
မိခင်အရာက ကယ်တင်ပေးနိုင်မည်ဆိုလျှင် ထိုမိခင်က မည်သူဖြစ်လာမည်နည်း။ချန်ရုံဖြစ်သလော။
ထိုဟာမက စကားကို တည့်တိုးပြောတတ်လွန်းပြီး စိတ်အခြေအနေက မျက်နှာထား၌ တစ်ပါတည်းကပ်တွယ်နေလေ့ရှိသည်။
ရံဖန်ရံခါ စကားချိုသာသော်ငြားလည်း သူမ မတတ်နိုင်သောဇွဲနပဲစိုက်ထုတ်ရသည့်အလုပ်များအား အခါအားလျော်စွာ ထလုပ်တတ်ပေ၏။
ဉာဏ်ပြေးသောချန်ရုံနှင့်ထိပ်တိုက်ရင်ဆိုင်ရန် အဘယ်သို့ဆုံးဖြတ်လိုက်မိမှန်း သူမကိုယ်တိုင်လည်း နားမလည်နိုင်တော့ချေ။အရေးကြီးဆုံးတစ်ချက်မှာ တပ်မှူးရန်က ချန်ရုံ့အား မုန်းတီးသွားစေရန် မကြာခဏ သဲဖြူနှင့်ပက်သလို ကုန်းချောပေးရန်ပင်။ထိုသို့ပြုရင်းကြိမ်ဖန်များလာသည်နှင့်အမျှ ချန်ရုံမှာ မြွေပွေးတစ်ကောင်သကဲ့သို့ ခေါင်းမထောင်နိုင်ဖြစ်လာလိမ့်မည်။
အချိန်အတော်ကြာအောင် အသေအချာစဉ်းစားပြီး နောက်တွင် ချန်ဝေ့မှာ သူမ စီစဉ်ထားသည့်အတိုင်း လုပ်ဆောင်ရန်အတွေးပေါက်ခဲ့လေ၏။
အရာအားလုံးက သူမ၏ဆန္ဒအတိုင်းဖြစ်လာပြီး ရန်မင်းကလည်း သူမကိုလက်ခံခဲ့သည်။
သူမ၏မိသားစုဝင် ချန်ရုံမှာလည်း ဝမ်ဟုန်နှင့် ငြိစွန်းသွားခဲ့ပြီး ဤသည်က ကောင်းမွန်သောအဆုံးသတ်ဟု ဆိုနိုင်သည်။
သို့သော်လည်း ....
ချန်ဝေ့က တံခါးဘေး၌ရပ်နေရင်းဖြင့် အိမ်တော်ဝင်းထဲမှ ဓားသိုင်းသံကို နားစွင့်နေခဲ့သည်။တစ်ဖက်လူအား ငေးကြည့်နေသော်လည်း သူမ၏မျက်ဝန်းများက တစ်စုံတစ်ရာ ထူးခြားမနေပေ။
မည်သည့်အချိန်ကတည်းက စတင်ခဲ့မှန်း မသိ။ကျန့်ခန်းသို့ရောက်လာကတည်းက သူမ စိတ်ပြောင်းသွားခြင်းဖြစ်လိမ့်မည်။
ကျန့်ခန်းရှိ အထက်တန်းလွှာများမှာ အမွှေးကြိုင်ဆုံး မွှေးရနံ့များရှိပြီး တန်ဖိုးကြီးဝတ်ရုံများကို ဝတ်ဆင်ကြကာ အဆင့်အတန်းမြင့်သောနေထိုင်မှုပုံစံရှိသည်။
ထိုသူများနှင့်ယှဉ်လျှင် ဤလူမှာ သူမနှင့် တစ်ပြည်တည်းသားချင်း ကြမ်းကြမ်းတမ်းတမ်း အညတရလူသာဖြစ်လေ၏။
၎င်းပြင် သူမသည် ချန်အိမ်တော်မှ သမီးပျိုတစ်ဦးဖြစ်ပြီး စစ်မားဧကရာဇ်နှင့်ပင် လက်ဆက်နိုင်သော အဆင့်အတန်း၌ ရှိသည်။ စကားအပြောအဆိုလေးနက်ပြီး အဆင့်အတန်းမြင့်မားသောဆွေကြီးမျိုးကြီးများထံသို့ သူမ သွားချင်မိသည်။ထိုသူများက ဤလူကဲ့သို့ နားလည်ရခက်ပြီး ရိုင်းပျမည်မဟုတ်ပေ။
ကျန့်ခန်းမြို့သို့ ရောက်လာသည့် ပထမဆုံးနေ့ကတည်းက ချန်ဝေ့နောင်တရခဲ့သည်။သို့သော်လည်း သူမကိုယ်သူမ သိပ်သတိမထားမိဘဲ တဇွတ်ထိုးတစောက်ကန်းဤယောက်ျားသားကိုသာ အကောင်းဆုံးဟု ထင်မှတ်မိခဲ့သည်။အမှန်တကယ်တွင် ကျန့်ခန်းရှိအထက်တန်းလွှာများက ဤလူထက် ပိုမိုသာလွန်သည်။
ချန်ဝေ့က သူမ၏နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း ဝမ်ချီလန့်အကြောင်းကို စတင်တွေးတောတော့သည်။အားရုံသည်ပင်လျှင် ထိုအခြေအနေသို့ရောက်ရှိသွားသေးသည်။သူမသာဆိုလျှင် ဝမ်ရှဲ့၏ညီအစ်ကိုများထဲမှ ဝမ်ချီလန်ထက် သာလွန်သောသူကို အပိုင်ဖမ်းနိုင်လောက်မည်။သူမသည် ယောက်ျားများအား နားလည်နိုင်စွမ်းရှိပြီး အခွင့်အရေးရှိသရွေ့
လက်လွှတ်ခံမည်မဟုတ်ချေ။