အပိုင်း 262
Viewers 25k


Chapter 262




ချန်ဝေ့က အိမ်တော်ဝင်းထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် ကနဦးက အတွေးများအားလုံးကို ကန့်လန့်ကာချလိုက်ပြီဖြစ်လေ၏။လက်ရှိအချိန်၌ သူမ လုပ်နိုင်သမျှမှာ သူ့အားစိတ်ကျေနပ်အောင် အပြည့်အဝပြုမူလျက် ပျော်ရွှင်စေရန်သာဖြစ်သည်။မဟုတ်လျှင် ပြောင်းလဲနိုင်မည့်အရာ မရှိပေ။

ချန်ဝေ့ လာရောက်ခဲ့ချိန်၌ ရန်မင်းသည်လည်း လက်နက်ကို ချလိုက်ပြီး " ရေနွေးနွေးပြင်ထား ... " ဟု အော်ဟစ်အမိန့်ပေးလာသည်။

" မှန်လှပါ ... "

သို့သော်လည်း ပြန်လည်ဖြေကြားသူက အခြွေအရံမဟုတ်ဘဲ ချန်ဝေ့သာဖြစ်နေသည်။ယင်းလေသံက ချိုသာပြီး ချန်ဝေ့မှာ ရန်မင်းထံမှ စိတ်ကျေနပ်မှုရရှိအောင် ကြိုးစားအားထုတ်နေသော်လည်း တစ်ဖက်လူက လှည့်ပင်မကြည့်ချေ။

ခဏတာအတွင်း၌ပင် ရေပူနွေးက အဆင်သင့်ဖြစ်ခဲ့ပြီး ရန်မင်းက ရေချိုးကန်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်ကာ သုံးလေးလှမ်းခန့်အကွာတွင် ဝတ်ရုံကိုချွတ်လိုက်သည်။

ရန်မင်း၏ခါးသိမ်နှင့် ခြေထောက်များကိုကြည့်ရှုရင်း ငြိမ်သက်နေခဲ့သောချန်ဝေ့၏ရင်ထဲ၌ ဖိုသီဖတ်သီဖြစ်လာသည်။သူမက သူ့ထံသို့ ရှက်ရွံ့စွာဖြင့် လျှောက်လှမ်းသွားခဲ့ပြီး ဝတ်ရုံကို လက်ကမ်းယူပေးလိုက်သည်။သို့သော်လည်း တစ်ချိန်တည်းမှာပင် ရန်မင်းက အေးစက်ခါးသက်စွာပြောကြားလာခဲ့ပေ၏။

" ထွက်သွား ... "

ယင်းလေသံက အလွန်မာကြောခက်ထန်ပြီး အေးစက်သည်။တစ်ဖက်လူ၏သတ်ဖြတ်မတတ်ဖြစ်နေသောလေသံကြောင့် ချန်ဝေ့ခမျာ မျက်လွှာချပြီး ထိုနေရာမှ ထွက်ခွာလာခဲ့တော့သည်။

ညတာမှာ အနည်းငယ်‌အေးမြပြီး ချန်ဝေ့ကတော့ ခြံဝင်းထဲ၌ ကူးလူလှည့်ပတ်နေသည်။ယနေ့မှာ မကောင်းသောနေ့ဖြစ်ပြီး သူမကိုယ်တိုင်လည်း စိတ်ကြည်မနေပေ။အားရုံကိုလည်း တွေ့ခဲ့ရပြီး တာအိုအရှင်မဖြစ်သွားသည်အထိ ထိုတစ်ယောက်က လှပထောင်လွှားနေနိုင်သေးသည်။ထိုဟာမက အထက်စီးဆန်သောအပြုံးဖြင့်
ရန်မင်းက သူ့ကိုသာလက်ထပ်ချင်သည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။သူမကို ရှုံးနိမ့်ပြီဟုလည်း ‌ခနဲ့သရော်ခဲ့သေး၏။
ထိုအကြောင်းကို စဉ်းစားမိသောအခါ ချန်ဝေ့၏မျက်နှာကြွက်သားများ ရှုံ့မဲ့ကုန်ပြီး အံကိုလည်းတင်းတင်းကြိတ်လျက်သား အနေအထားဖြစ်သွားသည်။

မည်သည့်အချိန်ကတည်းက ချန်ရုံ့အား ရွံရှာမုန်းတီးခဲ့မှန်း သူမ သေချာမသိပေ။ချန်အိမ်တော်သို့ သူမစတင်ရောက်ရှိလာပြီး ညီအစ်မများနှင့် ပထမဆုံးစတင်တွေ့ဆုံသည့် အချိန်ကတည်းက ဖြစ်နိုင်သည်။
မျိုးနွယ်စုက ရန်မင်းထံသို့ သူမအား အပ်နှင်းလိုသော်လည်း ရန်မင်းကတော့ ချန်ရုံ့ကိုသာ တောင်းဆိုခဲ့သည်။

အကြောင်းအရင်းမယ်မယ်ရရမရှိပေ။ချန်ရုံ့အား မုန်းတီးကြောင်းကိုသာသိသည်။
ထိုတစ်ယောက်အား ကြေကွဲဖွယ်အကောင်းဆုံး ၊ အရက်စက်ဆုံးအခြေအနေဖြင့် တမလွန်သို့ အမြန်ကြွစေချင်သည်။

နိမ့်ကျထောင်လွှားသောမိန်းမယုတ်က ရန်မင်းနှင့် ဝမ်ချီလန်တို့နှစ်ဦးစလုံးအား တမ်းတမ်းစွဲဖြစ်သွားအောင် အဘယ်သို့ စွမ်းဆောင်လိုက်‌သနည်း။ထိုသို့သောမိန်းမယုတ်မှာ မည်သည့်အရာကိုမှ မရရှိသင့်ပေ။သို့သော်လည်း ဖြူစင်မှုပျက်ပြားသွားသည့်တိုင် ဂရုမထားသောသူက ရှိနေသေးသည်။
ဝမ်ချီလန်ကလည်း မည်သည့်စိတ်မျိုးဖြင့် ထိုသို့သောမိန်းမအား ထိမ်းမြားလက်ဆက်ပြီး ချီးမြှောက်ချင်နေရသနည်း။

အချိန်မည်မျှကြာသွားသည် မသိလိုက်ပေ။ယင်းနောက်တွင် အစေခံတစ်ဦးက သူမ၏အနားသို့ချဉ်းကပ်ပြီး ခပ်တိုးတိုးပြောလာခဲ့သည်။

" ရေချိုးတာ အရမ်းကြာနေသလိုပဲနော် ... "

ထိုအခါ ချန်ဝေ့က အခန်းဆီသို့ပြန်သွားပြီး သဲနာရီကို တစ်ချက်စစ်ကြည့်လိုက်သည်။အချိန်တစ်နာရီခွဲပင် ရှိနေလေပြီ။
ယင်းနောက်တွင် သူမက ရေချိုးခန်းရှိရာဆီသို့ အမြန်ထွက်ခွာဦးတည်သွားတော့သည်။

" အရှင် ... "

ချန်ဝေ့က ရေချိုးခန်းတံခါးအား ခပ်သာသာခေါက်ရင်း ဂရုတစိုက်လေသံဖြင့် လှမ်းခေါ်သော်လည်း အတွင်းဘက်မှ ဖြေကြားသံထွက်မလာပေ။
အကြိမ်ကြိမ်ခေါ်သော်လည်း မထူးခြားလာသဖြင့် နောက်ဆုံးတွင် သူမက ရေချိုးခန်းတံခါးအား တွန်းဖွင့် ဝင်ရောက်သွားတော့သည်။

" အရှင် ... အအေးမိပါလိမ့်မယ် ... "

ချန်ဝေ့က ခေါင်းကိုခပ်သာသာယမ်းလျက် ပြောပြောဆိုဆို ဝင်ရောက်သွားခဲ့သော်လည်း ရန်မင်းကတော့ ရေချိုးကန်ကိုမှီတွယ်လျက် မျက်လုံးများအား တင်းတင်းကြပ်ကြပ်ပိတ်ထားသည်။

သူ၏မျက်ခုံးစပ်က တွန့်ချိုးနေပြီး ရံဖန်ရံခါ မျက်ခုံးတန်းများက အပေါ်သို့ တုန်ခါထိုးတက်သွားသည်။ရန်မင်း၏မျက်နှာထက်ဝယ် နာကျင်မှု ၊ ဝမ်းနည်းမှု ၊ မတတ်သာမှုများပြည့်နှက်နေပြီး အံကိုလည်း တင်းတင်းကြိတ်ထားပေသည်။

" အရှင် ... အရှင် ... "

ထိုသို့ခေါ်လိုက်စဉ်မှာပင် အိပ်ပျော်နေသောရန်မင်း၏ နှဖူးပေါ်မှ ချွေးစက်များစီးကျလာပြီး "ဟင့်အင်း မလုပ်နဲ့" ဟု ရုတ်တရက် ထအော်တော့သည်။

ချန်ဝေ့တစ်ယောက် ထိတ်လန့်သွားခဲ့ပြီး အလိုလို ခြေလှမ်းအနည်းငယ်ဆုတ်သွားလေသည်။ဤလူမှာ မည်သည်ကို အိပ်မက်မက်နေခြင်းဖြစ်မည်နည်း။

ချန်ဝေ့တွေးတောနေစဉ်မှာပင် ရန်မင်းက မျက်လုံးပွင့်လာသည်။

ချန်ဝေ့က ရန်မင်းအား မလှုပ်မယှက်ကြည့်နေဆဲဖြစ်သည်။
ထိုအချိန်တွင် ရန်မင်းက လစ်လပ်သောမျက်နှာထားမျိုးဖြင့် တစ်စုံတစ်ရာကို စတင်ရေရွတ်ပြောဆိုတော့သည်။

" အတိတ်ရဲ့အရှေ့မှာ တစ်ခုခုရှိခဲ့တယ် ... အရင်ဘဝများလား ... ဘာလို့ဒီလိုဖြစ်တာပါလိမ့် ... "

ယင်းနောက်တွင် ရန်မင်းက သူ၏မျက်လုံးများအား တင်းကြပ်စွာပြန်လည်မှိတ်ထားတော့၏။

" အရှင် ... "

ချန်ဝေ့က ညှိုးငယ်သောစိတ်နှလုံးဖြင့် သူ့ထံသို့ဦးတည်လာကာ တိုးတိုးလေးခေါ်ဆိုရှာသည်။
ထိုအခါ ရန်မင်းက သူမအား စူးရှစွာမော့ကြည့်လာ၏။

" အားဝေ့ ... မင်းတို့မျိုးနွယ်စုက မင်းကို ငါ့ဆီပေးချင်တယ် ... ဒါပေမဲ့ ငါက အားရုံကိုပဲ သဘောကျတယ် ... မင်းသူ့ကိုမုန်းလား ... "

ထိုအခါ ချန်ဝေ့က နူးညံ့သော အပြုံးဖြင့် သိမ်မွေ့စွာပြန်လည်ဖြေကြားလေသည်။

" သူက ကျွန်မရဲ့ညီမလေးလေ ... ဘယ်မုန်းရက်ပါ့မလဲ ... ခဏခဏစဉ်းစားရင်း နည်းနည်းတော့ နာကျင်ရပေမဲ့ ကျွန်မသူ့ကို တကယ် မမုန်းပါဘူး ... သူက အရမ်းသနားဖို့ကောင်းတာလေ ... ကျွန်မမှာမှ ခမည်းတော်နဲ့ အစ်ကိုတော်ရှိသေးတယ် ... သူ့မှာတော့ မရှိရှာဘူး ... "

ချန်ဝေ့က အလျင်စလိုပြောလာပြီး သူမ၏လေသံမှာလည်းလေးနက်ရိုးသားပေ၏။ထိုမျက်ဝန်းများထဲမှ အားငယ်ဝမ်းနည်းမှုအရိပ်အယောင်များက လူတကာကို သူမအား အကြောင်းအရင်းမဲ့စွာ သနားကရုဏာသက်လာစေသည်။

သူတစ်ပါးအား ဤသို့နှိမ့်ချပြောပြီး မမုန်း‌ကြောင်း ငြင်းဆိုနေသေးသည်။
ရန်မင်းက ချန်ဝေ့အား စူးစိုက်ကြည့်ရင်း ဖြည်းညင်းစွာ ပြုံးလိုက်လေ၏။ယင်းနောက်တွင် သူက မျက်လုံးများကို ပြန်မှိတ်ပြီး " ငါတကယ်ကို တုံးခဲ့တာပဲ ... " ဟု ရေရွတ်လိုက်မိသည်။

တစ်ကိုယ်တည်းစကားပြောနေသောရန်မင်းကြောင့် ချန်ရုံတစ်ယောက် ငြိမ်ကျသွားခဲ့သည်။
ရန်မင်းပြောသောအရာ၏အဓိပ္ပါယ်အား သူမ နားမလည်ပေ။

ထိုအချိန်တွင် ရန်မင်း၏မျက်ဝန်းထောင့်မှ မျက်ရည်စီးကြောင်းတစ်ခု ပြေးဆင်းလာသည်ကို မြင်လိုက်ရသည်။

ဤလူမှာ လူများစွာကို မရေမတွက်နိုင်အောင်သတ်ဖြတ်ခဲ့ဖူးပြီး ရဲရင့်သည့်တုနှိုင်းမရသူဖြစ်ပေ၏။ဤသို့သောသူက မျက်ရည်ကျတတ်မည်ဟု မည်သူက ထင်မည်နည်း။ချန်ဝေ့တစ်ယောက် မလှုပ်မယှက် အနေအထားဖြင့် ရန်မင်းအား အံ့အားသင့်စွာကြည့်ရှုနေခဲ့လေသည်။အမှန်တကယ်ငိုကြွေးနေကြောင်းသေချာစေရန် မျက်လုံးကိုပင် အဖွင့်အပိတ်လုပ်နေမိခဲ့သေးသည်။

" ချန်မျိုးနွယ်စုက မင်းကိုငါ့ဆီ အပ်နှင်းဖို့အတွက် အဆင်သင့်ဖြစ်နေပြီ ... ဒါပေမဲ့ ထိမ်းမြားခြင်းအရာကို မဆုံးဖြတ်ရသေးဘူး ...ငါပြန်လာတော့ မင်းက ငါ့မြင်းရှေ့ကိုဖြတ်တားပြီး တောင်းဆိုတယ် ... လွန်ခဲ့တဲ့နှစ်လလုံးလုံး မင်းက အရမ်းစိတ်ပျော်ပြီး သိမ်မွေ့နေခဲ့ပေမဲ့ မင်းပြောသမျှက အားရုံနဲ့ပက်သတ်တာတွေချည်းပဲ ... သူက နေရာတိုင်းမှာကျင့်ဝတ်မရှိတဲ့လူလိုဖြစ်နေတယ် ... ငါ ချန်ရုံ့ကို နန်းတော်ဂိတ်တံခါးရှေ့မှာတွေ့ခဲ့တယ် ... ပြီးတော့ မိန်းမတွေအကုန်လုံးနီးပါးက အားရုံအကြောင်းကိုပဲပြောနေကြတယ် ... ငါက သူ့အကြောင်း အကောင်းပြောလေလေ မင်းက သူ့ကိုမုန်းလေလေပဲ ...သူကလည်း ချန်အိမ်တော်က သမီးမိန်းကလေးတစ်ယောက်ပါ ... မင်းက အိမ်စေပဲဖြစ်ဖြစ်အစောင့်ပဲဖြစ်ဖြစ် ဂရုတစိုက်ပြုမူပေးတတ်ပေမဲ့ သူကတော့ ကြမ်းတမ်းတယ် ... မင်းက လူကောင်းပါ ... ဒါပေမဲ့ မိန်းမတစ်ယောက်အနေနဲ့ကြည့်လိုက်တဲ့အခါကျတော့ မင်းက သူ့ကို တစ်ခုခုဖြစ်အောင် အကောက်ကြံဖို့ကြိုးစားခဲ့ဖူးတာကို သွားတွေးမိတယ် ..."

ချန်ဝေ့က တစ်စုံတစ်ရာအသံမပြုဘဲ ရန်မင်းထံမှ အိပ်မက်ဆိုးသဖွယ်လေသံအား နားစွင့်နေခဲ့သည်။
၄င်းအချိန်အတွင်း၌ သူမသည် နေရထိုင်ရခက်နေခဲ့လေ၏။

ခေတ္တငြိမ်သက်တိတ်ဆိတ်သွားပြီးနောက် ရန်မင်းက မျက်လုံးများအား ပြန်ဖွင့်လာသည်။သူက ချန်ဝေ့အား တိတ်တဆိတ် စူးစိုက်ကြည့်နေပြန်လေ၏။

" သူကပဲ ငါ့ကိုတကယ်ချစ်တဲ့သူဆိုတာကို ဘာလို့မသိခဲ့ရတာလဲ ...

သူကလွဲပြီး တခြားမိန်းမတွေက အတွက်အချက်ဆန်ပြီး ငါ့ဆီက အမြတ်ထုတ်ချင်ကြတဲ့သူတွေချည်းပဲ ... "

နားမလည်နိုင်စရာကောင်းသောယင်းစွပ်စွဲချက်အား ကြားသိလိုက်ရသောအခါ ချန်ဝေ့ခမျာ မခံမရပ်နိုင်အောင် ဖြစ်သွားခဲ့သည်။

" အရှင် .... "

သူမ၏လေသံ၌ ဝမ်းနည်းကြေကွဲမှုများ ရောထွေးနေသည်။