အပိုင်း 263
Viewers 25k

Chapter 263



ရန်မင်းက ချန်ဝေ့ကိုလျစ်လျူရှုပြီး ရေချိုးကန်ထဲမှမတ်တပ်ထရပ်လိုက်သည်။သန်မာတောင့်ဖြောင့်သောမိမွေးတိုင်းဖမွေးတိုင်းခန္ဓာကိုယ်ကြောင့် ချန်ဝေ့တစ်ယောက် ရှက်သွေးဖြာသွားခဲ့လေ၏။

စိုစွတ်နေသည့်ရေချိုးခန်းထဲမှထွက်လာပြီးနောက် ပုဝါဖြင့် ခန္ဓာကိုယ်အား သုတ်လိုက်သည်။

" တကယ်မဖြစ်ခဲ့မှန်းသိတယ် ... ဒါပေမဲ့ အရာအားလုံးက ကွက်ကွက်ကွင်းကွင်းပဲ ... ရယ်စရာကောင်းလိုက်တာ ... ငါတကယ်ယုံမိတာပဲ ...."

မှန်ပေသည်။ရန်မင်းထိုအရာကို ယုံကြည်သွားမိသည်။သူပင်မကသေး ၊ ချန်ရုံသည်လည်း ယုံကြည်ပေ၏။

တစ်ခါက အားရုံမှာ သူ့မျက်စိရှေ့၌ပင် မီးလောင်သွားခဲ့ဖူးသည်။သို့သော်လည်း သူကလျစ်လျူရှုပြီး ချန်ဝေ့၏လက်ကိုဆွဲကာ ထိုနေရာမှလှည့်ထွက်လာခဲ့သည်။
မီးထဲတွင် ရူးသွပ်စွာရယ်မောနေသူ၏နှလုံးသားထဲတွင် မည်မျှပင် ခါးသီးနေလိမ့်မည်နည်း။

ဓားသွားတောင်ထက်ဝယ် သူတစ်သက်လုံး လူးလှိမ့်ခဲ့ရပြီး သိမ်မွေ့ညင်သာမှုနှင့် စိတ်အားထက်သန်မှုမှန်သမျှပျောက်ကွယ်ကုန်သည်။ထိုအမျိုးသမီးက သူ့အား တစ်ဖက်သတ်ချစ်မြတ်နိုး၍ သူကြောင့်ပင် ကိုယ့်ကိုယ်ကိုယ်မီးလောင်တိုက်သွင်းပစ်ခဲ့သည်။

လောကီလူသားမှန်သမျှမှာ ပင်လယ်ကမ်းစပ်သို့လှိုင်းတံပိုးရိုက်ခတ်သလိုပင် တွေ့ဆုံကြုံကွဲ ခွဲခွာသေဆုံးရမည်ချည်းပင်။
ချန်ဝေ့ကသာ သူမ၏စိတ်နှင့်ကိုယ်ခန္ဓာကိုယ်နှစ်မြှုပ်၍ ချန်ရုံ့အား အကောက်ကြံရန် မကြိုးစားခဲ့လျှင် သူလည်း ထိုသို့ပြုမိမည်မဟုတ်ချေ။

သို့သော်လည်း ...

သို့သော်လည်း အမှားကျူးလွန်ခဲ့သူမှာ သူသာလျှင်ဖြစ်သည်။ချန်ရုံ့အား ပျက်သုဉ်းစေခဲ့ပြီး ခိုကိုးရာမဲ့ဖြစ်အောင် ပြုလုပ်ခဲ့သည်။
သူ့ကြောင့်ပင် ချန်ရုံက အရက်စက်ဆုံးနည်းလမ်းဖြင့် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ခြင်း ဖြစ်လေ၏။

ငမိုက်သားမိမိမှာ အချိန်လွန်မှ သူမ၏တန်ဖိုးကို နားလည်ခဲ့သည်။

ရန်မင်းမှာ တစ်သက်တာလုံး သူ၏ကြင်ယာတော်ယွီကို ရှာမတွေ့ခဲ့ပေ။အပေါ်ယံပကာသနမက်မောသောမိန်းမများကြားထဲတွင် ကြင်ယာတော်ယွီအစစ်ကတော့ ဆက်လက်မတည်ရှိတော့ဘဲ ဦးစွာကြွေလွင့်ထွက်ခွာသွားခဲ့သည်။

ထိုကြင်ယာတော်ယွီက သူ့အား ပူပြင်းစွာစွဲလမ်းမက်မောသည်မှာ သိသာနေသော်လည်း သူကတော့ အခြားသူ၏မျက်ရည်များကြောင့် အရာရာကို ရှုပ်ထွေးစေခဲ့သည်။

ရန်မင်းက ဝတ်ရုံကိုလွှမ်းလိုက်ပြီး ရေချိုးခန်းထဲမှ ထွက်ခွာလာခဲ့လေ၏။သိပ်မကြာခင်မှာပင် ရန်မင်း၏အမိန့်ပေးသံအား ချန်ဝေ့ကြားလိုက်ရသည်။

" မနက်ဖြန်ထွက်ခွာဖို့ပြင်တော့ .... "

ချန်ဝေ့တစ်ယောက် အံ့အားသင့်သွားတော့လေ၏။ဤကျန့်ခန်းမြို့မှာ အဘယ်လောက် စည်ပင်ကြွဝလိုက်သနည်း။တောကြိုတောင်ကြားအရပ်အား သူမ မပြန်ချင်သေးပေ။

ချန်ဝေ့က ရန်မင်းထံသို့ အပြေးအလွှားချဉ်းကပ်သွားခဲ့သည်။

" အရှင် ... လုပ်ဆောင်စရာတွေအများကြီးရှိသေးတယ်မဟုတ်လား ... "

သူမ၏လေသံက ညင်သာသော်လည်း အနည်းငယ် အားမလိုအားမရဖြစ်နေဟန်ပင်။

ချန်ရုံက သူမတို့အား အမြန်ထွက်ခွာရန်သတိပေးခဲ့သည်ကို ချန်ဝေ့သတိရသွားသည်။သူမတို့၏ဆက်ဆံရေးအပေါ်တစ်စုံတစ်ရာ သက်ရောက်လာစေရန် အန္တရာယ်ရှိနေခြင်းလော။

ရန်မင်းကလည်း သူမအား ခါးသီးစိမ်းသက်စွာ စိုက်ကြည့်နေပြန်၏။သူ၏နှလုံးသားထဲ၌ ဗလာကျင်းနေသည်မှာ ထင်ရှားလွန်းသည်။ချန်ဝေ့တစ်ယောက် ရန်မင်း၏အကြည့်များအား ရင်မဆိုင်နိုင်တော့ဘဲ ခေါင်းငုံ့ထားလိုက်မိသည်။

" မင်းပြန်လိုက်လာစရာမလိုတော့ဘူး .... "

ရန်မင်းက အေးစက်စွာပြောလျက် ၎င်းနေရာမှ ထွက်ခွာသွားတော့၏။
ချန်ဝေ့ခမျာ အနည်းငယ်တုံ့ဆိုင်းနေခဲ့ပြီးမှ ပြန်လည်တုံ့ပြန်နိုင်ရှာသည်။

" အရှင် .... အရှင် .... "

သူမက ခြေလှမ်းအနည်းငယ်လှမ်းပြီး နှစ်ကြိမ်ခန့်လှမ်းခေါ်ခဲ့သော်လည်း ရန်မင်းက လှည့်ကြည့်မလာပေ။ချန်ဝေ့တစ်ယောက် ကတုန်ကယင်ဖြစ်လာသည်။ထိုစကားမှာ မည်သည့်အဓိပွာယ်လော။
ရန်မင်းက သူမအား အမှန်အကန်ပင် မုန်းတီး‌သွားလေပြီ။ခင်ပွန်းသည်ထံမှ ပစ်ခွာခံရသောအရာမှာ လွယ်လင့်တကူပြင်ဆင်၍ရသောအရာလည်းမဟုတ်ပေ။

ဤအချိန်၌ ချန်ဝေ့မှာ ထိတ်လန့်တကြားဖြစ်သွားသင့်သော်လည်း သူမက တွေးထင်ထားသည်ထက်ပို၍ တည်ငြိမ်နေသည်။ထိုမျှသာမက စိတ်သက်သာရာရသွားဟန်ဖြင့်သက်ပြင်းတစ်ချက်ပင်ချလိုက်သေး၏။

ရန်မင်းက သူမအား လျစ်လျူရှု၍ ဤအရပ်၌ပင် ထားရစ် စွန့်ပစ်လိုနေသည်။သို့သော်လည်း သူမသည် ယခင်က ကျန့်ခန်း၌ နေခဲ့ဖူးပြီး ဤမြို့၌အစ်ကိုတော်နှင့် ခမည်းတော်တို့လည်းရှိသည်။

နောက်တစ်နေ့၌ ရန်မင်းက ကျန့်ခန်းမှထွက်ခွာသွားခဲ့၏။

ချန်ဝေ့ကတော့ ကျန့်ခန်းတွင်သာ နေရစ်ခဲ့သည်။
သူမ၏ခမည်းတော်နှင့်အစ်ကိုတော်တို့ မျိုးနွယ်စုထံမှ နှင်ထုတ်ခံလိုက်ရသည်ကိုသိသောအခါ ချန်ဝေ့တစ်ယောက် မိသားစုထံသို့ အမြန်ပြန်သွားခဲ့သည်။မည်သို့ပင်ဆိုပါစေ သူမသည် ချန်မျိုးနွယ်စုသခင်မလေးဖြစ်နေသေး၏။ရန်မင်းက သူမအား ပစ်ခွာသွားကြောင်းမသိကြသောမိသားစုဝင်များကလည်း ချန်ဝေ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးကြသည်။

တစ်ရက်ပြီးတစ်ရက် အချိန်များကုန်လွန်လာသည်။

နောက်ပိုင်းတွင် ဝမ်ဟုန်က ချန်ရုံ့အား နန်ယန်သို့ခေါ်ဆောင်သွားခဲ့ရာမှ ချန်ရုံတစ်ယောက် ဟူတပ်များ၏လက်တွင်းသို့ ကျရောက်သွားလေသည်။
‌သို့သော်လည်း ရန်မင်းနှင့် ဝမ်ဟုန်တို့ပူးပေါင်း၍ ချန်ရုံ့အား ကယ်တင်ခဲ့ကြသည်။

ချန်ဝေ့ထံ၌ အခဲမကြေမှုများပြည့်နှက်လာ၏။သူမ မုန်းတီးလေလေ ထိုမိန်းမက အကြောတင်းလာလေလေဖြစ်ပြီး တစ်နေ့တခြားပိုပို၍ပင် လှသွေးကြွယ်လာသေးသည်။သို့သော်လည်း သူမကတော့ ဖြည်းဖြည်းချင်း တန်ဖိုးမဲ့လာရသည်။

နောက်ပိုင်း၌ ဖြစ်ကြောင်းကုန်စင်ကို မိသားစုဘက်မှ သိရှိသွားပြီး သူမအား နှင်ထုတ်ကြတော့သည်။
ချန်ဝေ့တစ်ယောက် သူမ၏ခမည်းတော်နှင့် အစ်ကိုတော်တို့ထံသို့ပြန်သွားခဲ့သော်လည်း ထိုအချိန်တွင် သူတို့မှာ အဘက်ဘက်မှကြပ်တည်းနေခဲ့လေပြီ။

ရှိသမျှ စည်းစိမ်ဥစ္စာများလည်း ကုန်စင်သွားခဲ့ပြီဖြစ်လေရာ နောက်ဆုံးကျန်ရစ်သောသူမကို အသက်ငါးဆယ်ကျော်သူဌေးကြီးတစ်ဦးထံ၌ ရောင်းချရန် စိတ်အားထက်သန်လာကြတော့သည်။

ဝမ်ဟုန်မှာ ဆက်ခံသူနေရာအား ဆုံးရှုံးသွားပြီဖြစ်ကြောင်းချန်ဝေ့ ကြားသိရလေ၏။သူမ အလွန်ပင် ဝမ်းသာသွားသည်။

ဝမ်ဟုန်နှင့် ရင်းနှီးရန်အခွင့်ကောင်းပင်။သူမသည်လည်း အားရုံကဲ့သို့အခွင့်အရေးရပြီး ဂရုစိုက်အလေးပေးခံလာရနိုင်သည်။

ချန်ဝေ့မှာ ထိုအတွေးဖြင့် ချန်ရုံနှင့်ဝမ်ဟုန်တို့အား လူကိုယ်တိုင်သွားရှာခဲ့သည်။သို့သော်လည်း အားရုံက ထိုမျှလောက်အထိ ရိုင်းစိုင်းလာမည်ဟု သူမ မထင်ထားပေ။ချန်ရုံမှာ ဝမ်ဟုန့်အရှေ့တွင်ပင်လျှင် ဟန်ဆောင်ပန်ဆောင်လုပ်မနေဘဲ သူမအား ကန်ကျောက်၍ အိမ်ပြင်ဆွဲထုတ်ခဲ့သည်။

နောက်ထပ်အဖြစ်အပျက်ကတော့ အိပ်မက်ဆိုးသဖွယ်ပင်။

သူမသည် ခမည်းတော်နှင့် အစ်ကိုတော်တို့ထံသို့ ပြန်သွားခဲ့ပြီး အသက်ငါးဆယ်ကျော်အဘိုးကြီးနှင့် လက်ထပ်ရန်ဆန္ဒရှိနေသည့်ကြားထဲမှ ထပ်မံ၍ အိမ်ပေါ်မှနှင်ချခံရပြန်သည်။

အစ်ကိုဖြစ်သူနှင့် ဖအေတို့က သူမအား ထွေထွေထူးထူးပြောမနေဘဲ အိမ်ပြင်ဆွဲထုတ်ကြသည်။မိုးရွာကြီးထဲ၌ မလှုပ်မယက် ထိုအတိုင်းရပ်နေခဲ့သော်လည်း နှစ်ဦးသားက သူမကို ရက်ပေါင်းများစွာကြာအောင်အပြီးတိုင်လျစ်လျူထားကြသည်။

သူတို့က သူမနှင့်ခပ်လှမ်းလှမ်းမှ ဖြတ်သန်းကူးလူသွားတတ်ကြပြီး ချန်ဝေ့က အနားကပ်ရန် ကြိုးစားချိန်တွင် ထိုးနှက်ကန်ကျောက်ခြင်းများကို ပြုလုပ်ကြ၏။ထိုမျှသာမက အိမ်နီးနားချင်းများကိုလည်း နိမ့်ပါးညစ်ပတ်သောချွေးမဖြစ်ကြောင်း ဖောက်သည်ချထားကြသေးသည်။

ရပ်ရွာထဲမှလူများကလည်း သူမအား လမ်းဘေးကြွက်စုတ်တစ်ကောင်လိုသာ သဘောထားကြပြီး မိုးရွာပင်လျှင် ခိုနားစရာနေရာမရှိပေ။

စိတ်ဝိဉာဉ်အသက်မဲ့နေပြီဖြစ်သောချန်ဝေ့မှာ နောက်ဆုံး၌ အဖေ ၊ အစ်ကိုတို့ဖြင့် ပြေပြေလည်လည်ညှိနှိုင်းကာ ငွေဒင်္ဂါးအချို့နှင့် အဝတ်အစားများကိုယူလျက် မြို့ပြင်သို့ထွက်ခဲ့သည်။

တစ်စုံတစ်ယောက်က သူမအား စာနာသနားလာမည်မှာသေချာသည်။မျက်ရည်လေးတစမ်းစမ်းဖြင့် အနည်းငယ်အသနားခံလိုက်ပါက ယခင်ကကဲ့သို့ ပြန်လည်တန်ဖိုးထားခံလာရလိမ့်မည်။ယခုတွင်ပင်လျှင် သနားစရာကောင်းသောသူမအား တစ်စုံတစ်ယောက်က လာရောက် ခေါ်ဆောင်သွားနိုင်သည်။

သို့သော်လည်း မည်သူတစ်ဦးတစ်ယောက်မှ ရောက်မလာခဲ့ပေ။ရပ်ထဲရွာထဲတွင် ပျံ့နှံ့နေသောအတင်းအဖျင်းများကြောင့် အားလုံးက သူမကို မုန်းတီးရွံရှာကြသည်။

၄၅ရက်တာ သောင်တင်နေခဲ့ပြီးချိန်တွင် ချန်ဝေ့မှာ အိမ်ခြေရာမဲ့တစ်ဦးထံမှ ငွေဒင်္ဂါးများ လုယက်ခံရပြီး ဆောင်ကြာမြိုင်၌ ရောင်းစားခံလိုက်ရသည်။ဤသို့ဖြင့် သူမသည် အပျော်ဂေဟာမှ ယုတ်ညံ့သောသူတစ်ဦးဖြစ်လာခဲ့လေ၏။