Chapter 264
ချန်ရုံအား ပထမဆုံးတွေ့ရှိခဲ့စဥ်က ဝမ်ဟုန်မှာ ဖျင်မြို့၌ရှိနေခဲ့သည်။အသက်ဆယ့်လေးငါးနှစ်သာရှိသေးသောမိန်းကလေးတစ်ဦးက သူမ၏မိသားစုကို စွန့်ခွာရန် ဆန္ဒရှိနေကြောင်း ကြားသိခဲ့ရ၏။
ဖျင်မြို့မှာ အလွန်ကျဉ်းမြောင်းသဖြင့် ဝမ်ဟုန့်ခမျာ အလွန်ပျင်းရိခဲ့ပြီး မကြာခဏလှည့်လည်သွားလေ့ရှိခဲ့သည်။
ထိုအချိန်တွင် ချန်ရုံ့အား တွေ့ခဲ့၏။
သူမ၏ဗျပ်စောင်းသံများကြားထဲတွင် ဝမ်ဟုန်က အေးဆေးစွာဖြင့် ကူးလူလျှောက်လှမ်းနေခဲ့ပြီး လေတစ်ချက်အဝှေ့ ၊ တောတောင်သစ်ပင်များယိမ်းနွဲ့သွားသည့်အချိန်တိုင်း ယင်းဗျပ်စောင်းတေးသွားသံက ဝန်းကျင်တစ်ခွင် ပိုပိုပျံ့နှံ့လာသည်။
ဤမိန်းကလေးက သူမ၏အရည်အချင်းအား ထုတ်ဖော်ပြသနေလေသည်။
ဝမ်ဟုန့်အတွက်တော့ ထူးထူးဆန်းဆန်းမဟုတ်ချေ။အမှန်တကယ်ထူးဆန်းသည်မှာ အသက် ၁၄-၁၅ နှစ်အရွယ်မိန်းကလေးက အလွန်နုနယ်နေရမည့်အစား ဆွဲဆောင်မှုရှိပြီးရင့်ကျက်သောအလှကို ပိုင်ဆိုင်ထားသည်ပင်။သို့သော်လည်း သူထပ်မံမြင်တွေ့ခဲ့ရသည့်အလှတရားများနှင့်ယှဉ်လျှင် ထိုအလှတရားက ဘာမှမဟုတ်သေးပေ။
သာမန်မဟုတ်သောအဆင့်အတန်းတစ်ခု၌ရှိသည့်ဝမ်ဟုန်က ထိုအလှတရားများအား လောကကြီးတွင်အလှပဆုံးဟု ထင်မြင်နေခဲ့မိသည်။
ယင်းနောက်တွင် ထိုမိန်းကလေးက သူမ၏ထူးကဲသော တွေးခေါ်နိုင်စွမ်း ၊ ကျက်သရေရှိလှသည့်အသွင်အပြင်နှင့် လူတကာထက်သာလွန်သော ဉာဏ်ရည်ဉာဏ်သွေးများအား ထုတ်ဖော်ပြသခဲ့ပြီး ထိုသို့သောအချိန်တိုင်းတွင် လူအုပ်ကြီးကလည်း ခေါင်းညိတ်ထောက်ခံခဲ့ကြသည်ချည်းပင်။
ဝမ်ဟုန့်ရင်ထဲသို့ အမှန်တကယ်ရိုက်ခတ်သွားသည်မှာ ထိုနေ့ညက ' ဖီးနစ်ငှက်တစ်ကောင်ရဲ့ချစ်ခြင်းတေးသွား ' ပင် ဖြစ်လေ၏။
စည်းဝေးပွဲအလယ်တွင် ချန်ရုံ့အား နန်ယန်မင်းသားထံ ပေးအပ်မည့်ချန်ယွမ်၏အကြံအစည်ကို ဝမ်ဟုန်ကြားသိခဲ့ရသည်။ယင်းအချိန်တွင် ခန်းမအပြင်ဘက်မှ ဗျပ်စောင်းသံထွက်လာခဲ့ခြင်းဖြစ်သည်။
အပြင်ထွက်သွားသောအခါ တောက်ပသောလရောင်အောက်တွင် ဗျပ်စောင်းတီးနေလျက်ရှိသည့် ချန်ရုံကို တွေ့မြင်ခဲ့ရသည်။သူရောက်လာချိန်တွင် သူမကလည်းလှမ်းမျှော်ကြည့်ခဲ့ပေ၏။ထိုအချိန်၌ ချန်ရုံ့မျက်ဝန်းများထဲတွင် ရှက်ရွံ့မှု ၊ ကြောက်ရွံ့သိမ်ငယ်မှုနှင့် ခယတောင်းဆိုမှုအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။
သူမက သူ့အား တစ်ခဏမျှသာကြည့်ပြီး ခေါင်းငုံ့သွားခဲ့လေ၏။
ယင်းအချိန်၌ ဝမ်ဟုန်မှာ သူမက သူ့အား တမင်တကာအသုံးချနေခြင်းသာဖြစ်ကြောင်း ရိပ်စားမိခဲ့သည်။
" ဟိုးအရင်ခေတ်ကတည်းက 'ဖီးနစ်ငှက်တစ်ကောင်ရဲ့ ချစ်ခြင်းတေးသွား' ကို ကိုယ်လုပ်တော်ဖြစ်ချင်ရုံသပ်သပ်နဲ့ ဘယ်သူကမှ မတီးခဲ့ဘူး "
ထိုစကားမှာ သူ၏ဇနီးသည်ဖြစ်ချင်ပါသည်ဟု အဓိပ္ပာယ်သက်ရောက်နေသည်မဟုတ်ပါလော။၎င်းအချိန်၌ ရယ်သံများ ဝက်ဝက်ကွဲအောင်ထွက်ပေါ်လာခဲ့သည်ကို ဝမ်ဟုန် မှတ်မိနေသေးသည်။
လူတကာက လှောင်ပြောင်သရော်နေကြချိန်တွင် ချန်ရုံမှာခေါင်းငုံ့သွားခဲ့သော်လည်း သူမထံမှ မသိမသာအပြုံးအား ဝမ်ဟုန် တွေ့ဖြစ်အောင် တွေ့ရှိခဲ့သည်။
ယင်းနောက်တွင် သူမက သူ့အား ရှက်ရွံ့နေဟန်ဖြင့် မော့ကြည့်ခဲ့လေ၏။
နောက်ဆုံးတွင်မူ ချန်ရုံမှာ လူအုပ်ကြီးအား ကျောပေး၍ အထီးကျန်ဆန်စွာဖြင့် ထွက်ခွာသွားခဲ့သည်။
လမင်းမှာ ရေသဖွယ်ကြည်လင်ပြီး နွေဦးလေညင်းမှာ
ဝါဂွမ်းစိုင်နုနုကလေးများနှင့်ဆင်တူသည်။ဤမိန်းကလေးမှာလည်း ဆွဲဆောင်မှုရှိ ၊ လှပပြီး စိတ်ဓာတ်သန်မာလှသည်။
သူမ၏အမြင်တွင် သူက မည်သို့သောသူမျိုးဖြစ်နေလောက်မည်နည်း။စိတ်သဘောထားကြီးသည့် လူကြီးလူကောင်းလော။သို့မဟုတ် အခွင့်အရေး မယူတတ်သည့်သူလော။
ထိုနေ့ညက ဝမ်ဟုန်မှာ သူမ၏လှပသော အသွင်အပြင်ကို ကြည့်ရှုပြီး မသိမသာတစ်ချက်ပြုံးခဲ့သည်။စိတ်ဝင်စားစရာကောင်းသည်။အလွန်ပင် သိချင်စိတ်ဖြစ်ပေါ်မိသည်။
အရွယ်ရောက်ကြီးပြင်းလာကတည်းက ထိုသို့စိတ်ဝင်စားစရာကောင်းသည့်မိန်းကလေးအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းပင်။
သူမျှော်လင့်ထားသည့်အတိုင်းပင် ထိုမိန်းကလေးက သူ့ထံသို့ လာရောက်ခဲ့ပြီး သဘောကျနှစ်ခြိုက်ကြောင်းဖွင့်ဟခဲ့သည်။တစ်ချိန်တည်းမှာပင် သူမက သူနှင့်မထိုက်တန်ကြောင်းဆိုခဲ့ပြီး ကူညီပေးပါရန်အရိပ်အမြွက်ပြခဲ့လေ၏။
ဤသို့ဖြင့် မျိုးနွယ်စု၏အတင်းအကြပ်စီစဉ်မှုမှ ကင်းလွတ်စေရန် ချန်ရုံက သူ့အား အသုံးချခဲ့သည်။
လရောင်အောက်မှ ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းသောသူမ၏ပုံရိပ်က နှလုံးသားကိုမြန်ဆန်လာစေ၏။ထို့ကြောင့်ပင် အရှေ့သို့ခြေတစ်လှမ်းတိုး၍ အနမ်းချွေလိုက်မိသည်။၎င်းအနမ်းက အလွန်ချိုမြိန်ပြီး အနည်းငယ်ရှက်သွေးဖြာစေသည်။
ထိုနေ့ညက ထွက်လာခဲ့စဉ်တွင် ဝမ်ဟုန့်ထံ၌ အတွေးတစ်ခုရှိခဲ့သည်။၄င်းမှာ သူ၏အခန်းကပ်လျက်၌ နောက်ထပ်အခန်းတစ်ခန်းထပ်ဖွဲ့ရတော့မည် ဟူ၍ပင်။
ယင်းနောက်တွင် သူသည် ရုပ်ရည်ချောမောသူအချို့ကိုအသုံးချ၍ ချန်ရုံ့အား နန်ယန်မင်းသားလက်တွင်းမှ ကယ်ထုတ်ပေးခဲ့သည်။
ဝမ်ဟုန်မှာ ချန်ရုံ့အား နှလုံးသားထဲသို့ အပြည့်အ၀ထည့်သွင်းထားခဲ့ပြီး နောက်တစ်ကြိမ်လက်လွှတ်ခံတော့မည်မဟုတ်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။
ဤသို့ဖြင့် မောယန်သို့ရောက်ရှိနေခိုက်တွင် သူမက သူ့အား ကယ်တင်ရန်လာရောက်ခဲ့တော့၏။
ဝမ်ဟုန်မှာ လူ့သဘောသဘာဝကို ကောင်းစွာသိပြီး လောကီသားများ သွေးအေးကြကြောင်းကောင်းစွာနားလည်သည်။အသက်ကို ပေးဆပ်ရန်နေနေသာသာ ဤလောကကြီး၌ မည်သူကမှ တစ်ပါးသူအား စိတ်နှလုံးထဲသို့ အမှန်တကယ်ထည့်ထားနိုင်မည်မဟုတ်ချေ။
သို့သော်လည်း ဤမိန်းကလေးကတော့ သူ့အတွက်နှင့် အသက်ဝိဉာဉ်ကို လောင်းကြေးထပ်ခဲ့သည်။
မယုံကြည်နိုင်စရာကောင်းသော်လည်း သူမက အမှန်တကယ်လုပ်ဆောင်ခဲ့သည်။
ဟူလူမျိုးများက ဂျင်လူမျိုးများအား မြို့ကိုဝန်းရံလျက် ချောင်ပိတ်ထားကြမှန်း လူတိုင်းသိသည်။သေဘေးနှင့်ကြုံလာရနိုင်သည်ကို သိလျက်သားနှင့်ပင် ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ တိုးဝင်လာခဲ့ပေ၏။
သို့သော်လည်း သူမက စွင်းယန်အား စိတ်ဝင်စားနေသည့်အတွက် သူ့အပိုင်အပြည့်အဝမဖြစ်လာနိုင်သေးပေ။
မည်သို့ပင်ဆိုပါစေ ဤမိန်းကလေးက သူ့အသက်အန္တရာယ်အား စိုးရိမ်ပေးရုံဖြင့်ပင်လုံလောက်ချေပြီ။
ဝမ်ဟုန်သည် ချန်ရုံအား သေဆုံးချိန်အထိ လက်လွှတ်မည်မဟုတ်ပေ။သူမကို သူ့အနားတွင်ခေါ်ကာ လောကကြီးထဲမှ မြင့်မြတ်မှုစည်းစိမ်အား ခံစားစေချင်သေးသည်။သူမ၏ နိမ့်ကျသောမျိုးရိုးဂုဏ်ကြောင့် တရားဝင်ဇနီးသည်ဖြစ်မလာနိုင်သော်လည်း သူ၏အကာအကွယ်အောက်တွင် ယခင်နှင့်လုံးဝကွဲပြားခြားနားပြီး ချမ်းသာကြွယ်ဝသည့်ဘဝဖြင့် စံစားနေထိုင်ရမည်မှာ မလွဲမသွေပင်ဖြစ်သည်။
သူ ဇီဝိန်မချုပ်မီအချိန်အထိ သူမကို သက်တောင့်သက်သာဖြင့် မြင့်မားစွာနေရစေမည်။
ဝမ်မျိုးနွယ်စု အကြီးအကဲပိုင်းများက ချန်ရုံ့အား ဆွေမျိုးစပ်ရန်ရွှေလမ်းငွေလမ်းဖောက်ကမ်းလှမ်းခဲ့သည်။သို့သော်လည်း ချန်ရုံကတော့ ငြင်းဆိုခဲ့လေ၏။
တစ်ဖက်မိန်းကလေးထံမှ မဆိုင်းမတွငြင်းပယ်သံကိုကြားလိုက်ချိန်တွင် ဝမ်ဟုန့်ခမျာ နှုတ်ဆိတ်လျက် ချက်ချင်းမော့ကြည့်မိသည်။ယင်းနောက်တွင် သူက တုံ့ပြန်ပြောဆိုတော့မည့်ဦးရီးတော်အား လက်မြှောက်၍ တားမြစ်ခဲ့လေ၏။
ဤမိန်းကလေးက သူ့အား မေတ္တာသက်ဝင်မလာသေးပေ။သို့သော်လည်း သူမအား လက်လွှတ်ပေးရန် အဆင်သင့်မဖြစ်နိုင်ပါ။သူမက သူ့အား ပြန်ချစ်မလာသေးမီအချိန်အထိ အဆုံးသတ်သို့မရောက်သေးဟုသာ ခံယူထားသည်။
များမကြာမီမှာပင် အခွင့်အရေးက ဝမ်ဟုန့်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့ပေ၏။တစ်နေ့တွင် ချန်ရုံက မြို့ပြင်သို့တစ်ကိုယ်တည်းထွက်သွားပြီး ညဥ့်နက်သည်အထိပြန်မလာခဲ့ပေ။
ထို့ကြောင့်ပင် ဝမ်ဟုန်က အစောင့်တပ်သားများအားခေါ်ဆောင်ကာ ညဉ့်နက်သန်းခေါင်ကြီး မြို့ပြင်သို့လိုက်သွားတော့သည်။
ဒုတိယမြောက်အခွင့်အရေးအား ကောင်းကောင်းအသုံးချကာ ထိုမိန်းကလေး၏နှလုံးသားအား အရယူမည်။
ညလည်ခေါင်အချိန်တွင် လာရောက်ကယ်တင်ပေးသောသူရဲကောင်းသဖွယ်လူကို ကမ္ဘာပေါ်ရှိမည်သည့်မိန်းမမျိုးက မကြွေဆင်းဘဲ နေနိုင်မည်နည်း။ချန်ရုံသည်လည်း ခြွင်းချက်ဖြစ်မည်မဟုတ်ချေ။
အကြောတင်းပြီး မိမိကိုယ်ကို ကောင်းကောင်းကာကွယ်တတ်သည့် ၎င်းမာထန်ထန်မိန်းကလေးအတွက် အခက်ခဲဆုံးအရာမှာ အခြားသူထံမှချစ်ခြင်းမေတ္တာအား ငြင်းပယ်ခြင်းဖြစ်နေသည်။
သူမသည်လည်း သူ့အပေါ် မေတ္တာသက်ဝင်လာခဲ့သည်။
ဒီရေလှိုင်းသဖွယ်အထီးကျန်ဆန်သောဤမိန်းမငယ်မှာ ယခုတွင်မူ ချစ်ခြင်းမေတ္တာများအား မရပ်တန်နိုင်တော့ကြောင်း မျက်ရည်စများဝေ့ဝိုက်နေသည့်မျက်ဝန်းအစုံမှတစ်ဆင့် ထိုးထွင်းမြင်နေရလေ၏။သူမအား ပိုင်ဆိုင်နိုင်ခဲ့ပြီထင်သည်။
ဤလိုခေါင်းမာသောမိန်းကလေးတစ်ယောက် ချစ်မိသွားသောအချိန်မျိုး၌ မေ့ဖျောက်မရတော့မည်မှာသေချာသည်။ယခုအချိန်မှစ၍ သူမ၏ဘဝကိုပုံအော၍ သူ့အားချစ်မြတ်နိုးပေးတော့မည်မဟုတ်ပါတကား။
ထိုအတွေးအားတွေးလိုက်မိစဉ်တွင် ဝမ်ဟုန်မှာ သူမကို တိတ်တိတ်ကလေးကြည့်နေမိခဲ့သည်။သူမ ပြုံးရယ်လိုက်သောအခါ ဘဝတွင်ပထမဆုံးအကြိမ်အဖြစ် ဝမ်ဟုန်၏နှလုံးသားတွင်းမှ မိမိကိုယ်ကို ယုံကြည်ချက်မဲ့ခြင်းများ ပျောက်ဆုံးသွားခဲ့သည်။
ချစ်ခြင်းမေတ္တာမှာ ချစ်ခြင်းမေတ္တာသပ်သပ်ပင်ဖြစ်သည်။ချစ်ခြင်းတွင် နစ်မြောခြင်းအား အဘယ်ကြောင့် တကူးတကမေးခွန်းထုတ်၍ အဖြေရှာနေရမည်နည်း။ဤမိန်းကလေးက ပြသပေးလိမ့်မည်။
လှပဖြူစင်လွန်းသောသူမက အဘယ်ကြောင့် မျက်ရည်များဝေ့ဝိုက်နေရပါသနည်း။ပြီးပြည့်စုံသောထိုအခိုက်အတန့်၌ သူ့အား ကာကွယ်ပေးချင်သည်ဟုလည်း ပြောခဲ့သေးသည်။သူမသည် လက်ရှိအချိန်၌သာ ပြီးပြည့်စုံနေခြင်းဖြစ်ပြီး အရာအာလုံးက အတိတ်ဆီသို့ ပြန်ရောက်သွားနိုင်ချေရှိသည်ဟူ၍လည်း ဆိုခဲ့ပေ၏။
ဤသို့နွေးထွေးချိုမြိန်သောအခိုက်အတန့်မျိုးတွင် သူမက အဘယ်ကြောင့် အထီးကျန်အေးစက်နေရပါသနည်း။သူမအား အနည်းငယ်နားမလည်နိုင်ဖြစ်လာပြီထင်သည်။
ဝမ်ဟုန့်စိတ်များရှုပ်ထွေးနေခဲ့လေ၏။