Chapter 265
အချိန်များက ဆက်လက်ရွေ့လျားကုန်ဆုံးနေဆဲပင်။မူရုံခယ်က သူ့အား နန်ယန်တွင် ဆက်လက်ပိတ်ဆို့ထားပြန်သည်။
ဤတစ်ခေါက်သတင်းကြားရသည်မှာ ရုတ်တရက်ဆန်လွန်းပေ၏။ထို့ပြင် ဝမ်ဟုန်ထွက်ခွာရန် ရက်အနည်းငယ်အလိုတွင်ဖြစ်လေသည်။
တစ်စုံတစ်ရာမမှန်ကန်ဟု ခံစားနေရသောဝမ်ဟုန်မှာ ထိုသို့ထွက်မသွားလိုပေ။သို့သော်လည်း ဟူလူမျိုးများအား အနိုင်ယူရန်မှာလည်း မလွယ်ကူချေ။
ယင်းအချိန်၌ သူမ၏အရိပ်အား ဝမ်ဟုန်မြင်ခဲ့ရသည်။
တစ်စုံတစ်ဦး၏နံဘေး၌ လှသွေးကြွယ်လှသည့် ချန်ရုံရှိနေသည်။သူမက ပြုံးပြုံးရွှင်ရွှင်နှင့် ထိုသူ၏နံဘေးမှ လိုက်ပါသွားခဲ့လေ၏။
ဝမ်ဟုန်မှာ တဖြည်းဖြည်းပျောက်ကွယ်သွားသည့် သူမ၏ကျောပြင်အား ငေးမောကြည့်ရှုပြီး မသိမသာပြုံးနေခဲ့သည်။
ညနေစောင်းသောအခါ သူမက နန်ယန်မြို့တွင်း၌ နောက်တစ်ခေါက် ထပ်မံပေါ်လာပြန်ပြီး သူနှင့်စေ့စပ်ညှိနှိုင်းရန်အတွက် အိမ်တော်သို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြန်သည်။
ဤသို့ဖြင့် ရန်မင်းနှင့် ညှိနှိုင်းဖလှယ်မှုများပြီးဆုံးအောင်မြင်သွားသည်။
ထိုညနေတွင် ဟွမ်းကျိုးလန်လည်း ရောက်ရှိလာခဲ့ပြီး အစေခံများက သူတို့အား ' ကျောက်ငါးဖွယ်မှုန့် ' ကို မြည်းစမ်းစေခဲ့သည်။
ယင်းဆေးမှာ လူများ၏လိင်ရမ္မက်စိတ်ကို ထကြွစေလေ၏။မြည်းစမ်းအပြီးတွင် ဝမ်ဟုန့်ခမျာ နေရထိုင်ရခက်သဖြင့် အပြင်သို့ထွက်လာခဲ့ပြီး ထိုမှတစ်ဆင့် အဆောင်အပေါ်ထပ်သို့ ရောက်ရှိလာခဲ့သည်။
ချန်ရုံ၏ ရင်ဖိုစရာ အသွင်အပြင်ကိုမြင်လိုက်ရသောအခါ ဝမ်ဟုန့်စိတ်များဂယောက်ဂယက်ဖြစ်ကုန်သည်။
သူမ၏မျက်နှာက အနည်းငယ်နီမြန်းနေပြီးမျက်ဝန်းများမှာလည်း ကြည်လင်တောက်ပနေပေ၏။ချန်ရုံမှာ အလွန်လှပနေခဲ့သည်။ထိုအချိန်တွင် သူမက ရန်မင်းနှင့် သူမ၏ဖြစ်ကြောင်းကုန်စင်အား ထုတ်ပြောပြခဲ့လေ၏။
ဝမ်ဟုန်တစ်ယောက် ဒေါသထွက်သွားခဲ့သည်။
ယင်းနောက်တွင် ရမ္မက်တရားက ပိုမိုစိုးမိုးလာပြီး သူသည် သူမ၏နှုတ်ခမ်းသားများအား မြည်းစမ်းခဲ့ကာ ထိုမှ တစ်ဆင့်ဖြူစင်မှုအား သိမ်းယူလိုက်တော့လေ၏။
အရာရာအား သူလည်း မထိန်းချုပ်နိုင်တော့ပေ။မောဟိုက်နေသည့်ကြားထဲမှ သူ့အပေါ် ချစ်ခြင်းမေတ္တာရှိမရှိကိုသာ ဆက်တိုက်မေးမြန်းနေမိခဲ့သည်။
အဘယ်ကြောင့် ထိုသို့မေးမြန်းမိမှန်း ဝမ်ဟုန်လည်း သူ့ကိုယ်သူ နားမလည်ပေ။သေချာသည်မှာ သူမ၏ခံစားချက်အား သိလိုစိတ်ပြင်းပြနေခဲ့သည်ဟူသောအချက်ပင်။
သူသည် သူမတစ်ဦးတည်းကိုသာချစ်မြတ်နိုးသည်။သူမ၏နှလုံးသားကရော မည်သူ့ထံတွင်ရှိနေပါသနည်း။
ညဉ်းတွားငိုယိုလျက်ရှိသောသူမထံမှ အဖြေအားစောင့်ဆိုင်းရသည်မှာ အလွန်ကြာရှည်လွန်းသည်။သူမ၏နှလုံးသားထဲ၌ သူရှိမနေခဲ့လျှင် မည်မျှရယ်စရာကောင်းလိုက်သောအခြေအနေဖြစ်လိမ့်မည်နည်း။
သူမက သူ့အား ချစ်မေတ္တာရှိပါသည်ဟု ဆိုလာသည်။သို့သော်လည်း သူမသည် ရန်မင်းနှင့်လက်ထပ်ရမည်ဖြစ်သောကြောင့် ဖြူစင်မှုအား ထိန်းသိမ်းရမည် ဟူ၍လည်း ဆိုခဲ့ပေ၏။
ယင်းအချိန်တွင် ဝမ်ဟုန်မှာ အသိစိတ်အနည်းငယ်ဝင်နေပြီဖြစ်သော်လည်း ထိုသို့ဖြစ်လေလေ ဒေါသစိတ်က ပိုကြီးမားလာလေလေဖြစ်သည်။
သူ၏တစ်သက်တာ၌ ဂရုအထားဆုံး မိန်းကလေးက အဘယ်ကြောင့် အခြားယောကျာ်းအနောက်လိုက်ရန် စိတ်အားထက်သန်နေရပါသနည်း။
သူမ၏ဆန္ဒအတိုင်းဖြစ်ခွင့်မပေးနိုင်ပါ။ဤတစ်ကြိမ်၌ သူမအား လက်လွှတ်လိုက်ပါက ထာဝရဝေးကွာရတော့မည်။
ထို့ပြင် လောက၌ မည်သည့်မိန်းကလေးမျိုးက မချစ်မနှစ်သက်သောယောက်ျား၏အနောက်သို့လိုက်ကာ စိတ်ဆင်းရဲခံလိုမည်လော။
သူမသည်လည်း သူ့အား လွန်စွာချစ်မြတ်နိုးနေနှင့်ပြီဖြစ်လေသည်။၎င်းခံစားချက်ကပင် သူမ၏ရှုပ်ထွေးသောအတွေးများနှင့် စည်းဘောင်မဲ့သည့်ဆန္ဒများအားပွင့်အံလာစေမည်ဟု ဝမ်ဟုန်ယုံကြည်သည်။
ထို့ကြောင့်ပင် သူက ရှေ့ဆက်တိုးပြီး အဆုံးအစွန်ထိ ပြုမူခဲ့လေ၏။တစ်သက်တာမေ့နိုင်စရာမရှိသောအခိုက်အတန့်လေးပါပင်။
ယင်းနောက်တွင် ပင်ပန်းနေသောသူမက ဦးစွာအိပ်ပျော်သွားခဲ့သည်။
နိုးထလာသည့်နောက်တစ်နေ့တွင် ချန်ရုံ့မျက်နှာ၌ အပြုံးများရှိမနေပေ။
ထို့အစား တုန်လှုပ်ခြင်း ၊ နာကျင်ခြင်း ၊ ဝမ်းနည်းခြင်း ၊ စိတ်ပျက်အားငယ်ခြင်းများကိုသာ တွေ့ခဲ့ရပြီး ခေတ္တအကြာတွင် ၎င်းခံစားချက်အပေါင်း ပျောက်ကွယ်သွားကာ သူမ၏မျက်နှာထားက ထုံထိုင်းတည်ငြိမ်နေခဲ့သည်။
နှစ်နှစ်တာစောင့်ခဲ့ရသော အခိုက်အတန့်က ဓားချက်နှစ်ချက်ဖြင့်ပင် အဆုံးသတ်သွားသည်။
ယင်းနောက်တွင် ချန်ရုံက ယင်းဓားသွားအား ဆွဲကိုင်ကာအခင်းနေရာမှ ထွက်ခွာသွားခဲ့လေ၏။
ပထမဆုံးအကြိမ်အဖြစ် ထိုမိန်းကလေးအား ကျိန်းသေပေါက်ဆုံးရှုံးတော့မည်ဟုခံစားလိုက်ရသည်။
ဝမ်ဟုန့်ရင်ထဲ၌ ပြည့်ကြပ်နေခဲ့ပြီး နှလုံးသားတစ်ခုလုံး အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။သူသည် သူမ၏ကြည်နူးဖွယ်အပြုံးအား ငေးကြည့်နေခဲ့ပြီး အဝေးသို့တရွေ့ရွေ့ထွက်ခွာသွားသည့် ဝတ်ရုံဖြူအရိပ်အား အကြည့်မလွှဲဘဲရှိနေခဲ့လေ၏။
ပြောမပြနိုင်လောက်သည့် နာကျင်မှုများက သူ့နှလုံးသားအား ခြောက်လှန့်နေကြသည်။
သူက ချန်ရုံ့အား ထိန်းမနိုင်သိမ်းမရဖြစ်နေသည့်စိုးရွံ့စိတ်ဖြင့် မေးခွန်းတစ်ခု လှမ်းမေးခဲ့လေ၏။
မည်သည်ကိုမေးခဲ့မိမှန်းတော့ သတိမရတော့ချေ။ထိုအခိုက်အတန့်၌ သူမအားပြင်းထန်စွာမမေးခွန်းမထုတ် ၊ မျှော်လင့်ချက်မဲ့ပြိုလဲမသွားဘဲ မတ်မတ်ရပ်နိုင်အောင် မနည်းရုန်းကန်နေခဲ့ရသည်ကိုသာ အမှတ်ရသည်။
နှစ်ရှည်လများ ဆည်းပူးလေ့လာခဲ့သည့် ဉာဏ်ပညာဗဟုသုတများမှ ရရှိလာသည့် ဆင်ခြင်နိုင်စွမ်းပင်။
သို့သော်လည်း နောက်ထပ်တစ်ကြိမ်၌ အမှန်တကယ်ပင် ရူးသွပ်သွားတော့သည်။
ထိုမိန်းကလေးက စစ်တပ်နှစ်ခု ထိပ်တိုက်တွေ့ဆုံရာနေရာသို့ တစ်ဟုန်ထိုးဦးတည်နေလေ၏။ဟူတပ်ဘက်သို့ ပြေးသွားသည့် ဖြူလွင်လွင်ပုံရိပ်အား ကွက်ကွက်ကွင်းကွင်းမြင်နေရသည်။
သူမက သေခြင်းတရားကို ရှာဖွေနေလေပြီ။
အရာရာမှာ သူ၏အပြစ်များပင်ဖြစ်သည်။
သူမ၏ဖြူစင်မှုအား သိမ်းယူခဲ့မိသောကြောင့်သာ ဤလိုအရာများ ဖြစ်လာရသည်။
သူ့အပေါ်ထိုသို့ပြု၍မဖြစ်ပေ။
သူမလည်း သူ့အား ချစ်နေသည်မဟုတ်ပါလော။ဤလိုအဆုံးသတ်၍ လုံးဝမဖြစ်ပေ။သူမ သေဆုံးသွားပါက အဘယ်သို့သောစိတ်ဖြင့် ရှင်သန်နေထိုင်ရတော့မည်နည်း။
စစ်မြေပြင်သို့ ပြေးဝင်သွားသော အဖြူရောင်အရိပ်အား လှမ်းကြည့်နေရင်း ဝမ်ဟုန့်ခမျာ မြေပြင်ပေါ်သို့ အရုပ်ကြိုးပြတ်လဲကျသွားပြီး အချိန်အတော်ကြာ ငိုကြွေးနေမိခဲ့သည်။
ယင်းအချိန်၌ သူ့ဘဝတွင် သူမ မရှိ၍မဖြစ်နိုင်ကြောင်း ပိုမိုသိရှိလာရ၏။ အချစ်ဟုတ်မဟုတ်မဆန်းစစ်နိုင်ပေ။သူမတစ်ခုခုဖြစ်သွားလျှင် သူ့ဘဝကြီးတစ်စစီပြိုကွဲသွားမည်မှာတော့ သေချာသည်။
မည်မျှပင် ဂုဏ်သတင်းကြီးမားပါစေ အရာအားလုံး အဓိပ္ပါယ်မရှိနိုင်တော့ပေ။
ထိုအချိန်တွင် သူသည် အံကိုတင်းတင်းကြိတ်ကာ စိတ်ပိုင်းဖြတ်ခဲ့သည်။
သူ မသေသေးသရွေ့ သူမနှင့်အတူရှိနေရမည်။သူမအား ဘယ်ကိုမှ ထွက်သွားခွင့်မပေးတော့ပေ။ငရဲသို့ဆင်းရလင့်ကစား သူမ၏လက်ကိုသာ မြဲမြဲဆုပ်ကိုင်ထားတော့မည်။
ထွက်ခွာခြင်းနှင့် ပတ်သတ်စပ်လျဉ်းသည့် စကားများအား မည်သည့်အခါမှ ထပ်မံခွင့်ပြုပေးမည်မဟုတ်တော့ပါ။