အပိုင်း 266
Viewers 25k

Chapter 266



လှပသောရှုခင်းနှင့် အံ့သြဖွယ်မြင်ကွင်းများကြောင့် လူသိများသည့် နန်ရှန်မြို့တွင် ဖြစ်သည်။
ဤအရပ်၌ ပူပြင်းပြီး နေသာသောနေ့ကိုတွေ့ရခဲလေ၏။ရိုးရာဝတ်စုံများဝတ်ဆင်ထားသော ကလေးအယောက်တစ်ဒါဇင်ခန့်က တေးကဗျာများ သီကြူးနေကြသည်။

ထိုအချိန်တွင် ကျီယွင်နှင့် အစေခံများက လှည်းရထားပေါ်မှ ဆင်းလာကြပြီး ဩဇာအာဏာကြီးမားဟန်ဖြင့် လျှောက်လှမ်းလာကြပေ၏။ယင်းနောက်တွင် အသားဖြူဖြူနှင့် ဆယ်ကျော်သက်အရွယ် ကျီယွင်က ရေရွတ်လေသည်။

" လူတွေကလည်း အဆင်ပြေတယ် ...ရှုခင်းကလည်း လှတယ် ... နေရာကောင်းပဲ ... "

သူက နံဘေးမှ အသက်ငယ်ငယ်တစ်ယောက်အား လှည့်ကြည့်ပြီး ဆက်လက်မေးမြန်းသည်။

" ဆုကျင့် ... မင်းဒီကိုလာဖို့ ဆန္ဒပြင်းပြနေတယ်လို့ကြားတယ် .... ဘာလဲ ... မျက်စိကျတဲ့လူများရှိနေလို့လား ... "

ထိုအခါ ဆုကျင့်က တောအုပ်ဘက်သို့လှမ်းငဲ့ကြည့်ရင်း ခပ်ဖွဖွပြုံးလျက် ပြန်လည်ဖြေကြားလာသည်။
" မျက်စိကျစရာဆိုလို့ ဒါပဲရှိပါတယ် ... "


" သွားကြမယ် "

ယင်းအချိန်တွင် ချောမောသောကောင်ငယ်ကလေးတစ်ဦးက ရုတ်ချည်းပင် ဆော်ဩလာခဲ့သည်။သူသည် ဤလူငယ်အုပ်စု၏ခေါင်းဆောင်ဖြစ်ပုံရပြီး စကားဆုံးသည်နှင့် အားလုံးက ချက်ချင်း ငြိမ်ကျသွားကာ သူ့နောက်မှ လိုက်၍တောင်တက်လမ်းဆီသို့ ဦးတည်သွားကြတော့သည်။
တောင်ပေါ်သို့ တက်နေစဉ်တွင် ဆယ်ကျော်သက် လူငယ်များက ကဗျာများအား ရွတ်ဆိုနေကြသည်မှာကြည့်ပျော်ရှုပျော်ဖြစ်လှသည်။ကဗျာစာသားများအား လေကလေး တချွန်ချွန်ဖြင့် သီကြူးနေခဲ့ကြလေ၏။
ငြိမ့်ညောင်းသောတေးသွားကဗျာက တောင်ပေါ်တွင် လွင့်မြောနေလျက်ရှိသည်။

ထိုအချိန်၌ လူငယ်ကလေးတစ်ဦးက " မျက်ဝန်းအစုံနဲ့ ရေကန်ကလေးဟာ လှပလွန်းပေ ~ " ဟူ၍ အသံကျယ်ကျယ်ဖြင့် ရွတ်ဆိုလေသည်။

ယင်းစာသားအား ဖတ်ရှုပြီးသောအခါ ထိုတစ်ယောက်က အူကြောင်ကြောင်မျက်နှာပေးဖြင့် လှည့်ကြည့်၍ မေးမြန်းလာခဲ့သည်။

" နောက်တစ်ကြောင်းက ဘာလဲဟင် ... "

တစ်ချိန်တည်း၌ရယ်မောသံပေါင်းများစွာ ထွက်ပေါ်လာ၏။၎င်းရယ်မောသံများကြားသို့ စူးရှပျစ်နှစ်သောကလေးရယ်မောသံတစ်ခုပါ ရောနှောလာခဲ့သည်။

" ဘယ်ကောင် ရယ်နေတာလဲကွ ... "

ကနဦးက တေးကဗျာသီကြူးသူလူငယ်က သက်ပြင်းချလျက် အော်ဟစ်မေးမြန်းလိုက်လေ၏။

ဘယ်ဘက်ခြမ်းတောင်တက်လမ်းရှိ သစ်ရွက်လွှာများကြား၌ စွဲမက်ဖွယ်ကောင်းသောပုံသဏ္ဍာန်တစ်ခုကို မြင်နေရသည်။

" မိုးကောင်းကင်ယံဟာ လူစွမ်းကောင်းမဟုတ်သလို ကိုယ်ကိုယ်တိုင်ကလည်း ပင်စိမ်းပင်လို နူးညံ့အပြစ်ကင်းပါတယ် ... "

ကနဦးတွင် ဆယ်ကျော်သက်လူငယ်များသည် ထိုအသံကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့ကြသော်လည်း ထိုတစ်‌ယောက်က ကလေးအရွယ်ဖြစ်နေသည်ကိုမြင်လိုက်ရသောအခါတွင်မူ မျက်လုံးများ ပြူးကျယ်သွားကြတော့၏။

သူတို့ရှေ့တွင် ပေါ်လာသည်က သုံးလေးနှစ်အရွယ်ကလေးတစ်ယောက်ပင်။

ထိုကလေး၏အသားအရည်မှာ ဖြူဖွေးနူးညံ့ပြီး မျက်လုံးများက ကြည်လင်ကာ အလွန်လှပပေ၏။
အံ့သြစရာအကောင်းဆုံးအရာမှာ သူ့ထံ၌ဖီးနစ်မျက်လုံးတစ်စုံရှိနေခြင်းပင်။

ဤသို့သောကလေးငယ်မှာ မျိုးဆက်တစ်ဆက်စာ အလှတရားများအား ပိုင်ဆိုင်ထားလျက်ရှိသည်။
အလှတရားက အဆုံးစွန်ဖြစ်သော်လည်း ကလေးသည် အလွန်မွန်မြတ်ပြီး တည်ငြိမ်ကြောင်း လူတိုင်းမြင်ကြသည်။

ဤသည်မှာ မိန်းမတစ်ယောက်၏အလှတရားမျိုးမဟုတ်ဘဲ မည်သူကမှလည်း လိင်နှင့်ပတ်သတ်၍ ‌ဇဝေဇဝါဖြစ်ကြမည်မဟုတ်ချေ။အလွန်တရာပင်ချောမောလှပသောကလေးငယ်အား ဤနေရာတွင်တွေ့ခဲ့ရလေသည်။
တောတောင်များက စိမ်းစိုနေခဲ့သော်လည်း ကလေးငယ်ရောက်လာချိန်တွင်မူ ခမ်းနားစွာဖြင့်အရောင်အသွေးပိုမိုစုံလင်သွားသည်ဟု ခံစားရသည်။

လူတိုင်းကြည့်နေကြချိန်တွင် ဖြူလွင်သောမျက်ဝန်းများဖြင့်ကလေးငယ်မှာ စိတ်အခက်မသင့်ဖြစ်သွားပုံရလေသည်။သူက အလွန်ချစ်စရာကောင်းနေသောကြောင့် အခြားသူများက မထိန်းချုပ်နိုင်ဘဲ စတင်ရယ်မောကြတော့သည်။

" ဟေ့ ကလေးပေါက်စ ... ကဗျာစာတွေကို မသိ‌ဘဲနဲ့ ဘာလို့ လူကြီးတွေဆိုနေတာကို ဝင်ပြောတာလဲ ... "

ကနဦးက ကဗျာရွတ်ဆိုခဲ့သောလူငယ်မှ ပြုံးရယ်လျက်မေးမြန်းလိုက်သောအခါ ကလေးငယ်က ပြန်လည်ဖြေဆိုသည်။

" ဘာလို့မသိရမှာလဲ ... စောစောက စာသားနှစ်ကြောင်းက ကျွန်တော်စပ်ထားတာပဲလေ ... "

ယင်းနောက်တွင် ကလေးငယ်က တစ်ကိုယ်တည်း ရေရွတ်သည်။

" ဖေဖေက ပြောထားတယ် ... လူသိရှင်ကြားဖွင့်ထုတ်တာမျိုးက အရမ်းအားမတန်ဘူးတဲ့ ... ဘယ်လိုလုပ်ပြီး တော့ မေ့သွားရတာပါလိမ့် ... "

သူ၏လေသံက ထင်ထားသလောက်တိုးညင်းမနေပေ။ထိုအခါ အားလုံးက မျက်ရည်ကျလုမတတ်ရယ်မောလာကြပြီး ဆုကျင့်သည်လည်း ကလေးငယ်အား ယောင်ဝါးဝါးဖြင့် စူးစိုက်ကြည့်နေမိခဲ့သည်။ဤကလေးငယ်ထံတွင် ရင်းနှီးသောတစ်စုံတစ်ဦး၏အရိပ်အား မြင်တွေ့နေရသလိုပင်။
ယင်းနောက်တွင် ဆုကျင့်က အရှေ့သို့တိုးထွက်သွားက ကလေးငယ်အား ကြည့်လျက် ခပ်တိုးတိုးဆိုလေသည်။

" ဒီလိုတောကြီးမျက်မည်းထဲမှာ ဘယ်လိုတောင် တစ်ယောက်တည်းလျှောက်သွားနေတာလဲ ... ပြီးတော့ ဘယ်လိုပြန်မှာလဲ ... လူကြီးတွေ စိတ်ပူနေရော့မယ် ..."

ခေတ္တရပ်တန့်လိုက်ပြီးနောက် ဆုကျင့်မှာ " မင်းအမေက ဘယ်သူလဲ ... " ဟု မေးမြန်းလိုက်မိပြန်လေသည်။

ကလေးငယ်က သူ့အား ဖီးနစ်ငှက်သဖွယ်မျက်ဝန်းများဖြင့် မော့ကြည့်ပြီး သွားဖြူတန်းများအား ပြသလျက် တစ်ချက်ပြုံးပြသည်။

" ပြန်သွားရတော့မှာပဲ ... ဖေဖေအိမ်ပြန်လာတာကို စောင့်နေပါ့မယ်လို့ ကတိပေးထားတာ ... "

ကလေးငယ်က ဆုကျင့်၏စကားကို ပြန်မဖြေဘဲ ဝေ့လည်ကြောင်ပတ်လုပ်ကာ လာရာလမ်းအတိုင်း ပြန်လည်ထွက်ခွာသွားတော့သည်။ခပ်ဝေးဝေးသို့ ဦးတည်သွားနေသည့် လူကလေး၏ပုံသဏ္ဍာန်ကို ကြည့်ရင်း အားလုံးက ကျယ်လောင်စွာရယ်မောနေကြလေ၏။
" ချစ်စရာလေး ... "

" ဘယ်သူ့ ကလေးလဲမသိဘူး ... "

ဆုကျင့်သည်လည်း ထိုကလေးအား လှမ်းကြည့်ရင်း ပြုံးရယ်လျက် နှစ်ကြိမ်ခန့် ခေါင်းခါနေခဲ့သည်။

နာရီဝက်အကြာတွင်ဖြစ်သည်။
လှည်းယာဥ်တစ်စင်းက ရပ်တန့်သွားခဲ့ပြီး အထဲမှ ဝမ်ဟုန်ထွက်လာပေ၏။အခြွေအရံ အမှုထမ်းများမှာမူ ဝမ်ဟုန်၏အနောက်မှ ခစားလိုက်ပါလာကြသည်။
တစ်နေရာအရောက်တွင် ‌အရှေ့မှဝမ်ဟုန်က ရုတ်တရက်ရပ်တန့်သွားလေ၏။

" အရှင် .... "

အစောင့်တပ်သားတစ်ဦးက အနည်းငယ်အံ့ဩသွားဟန်ဖြင့် သတိပေးသလို လှမ်းခေါ်လိုက်သည်။ဝမ်ဟုန်ကြည့်နေသောနေရာသို့ လှမ်းကြည့်လိုက်သောအခါ အဖြေကို သိရှိလာရ၏။

ဤတစ်ခေါက်၌ အမှုထမ်းဖြစ်သူက ပြုံးရယ်လျက် " အရှင့်ရဲ့ကိုယ်ပွားလေးပဲ ... " ဟု ဝမ်းသာအားရပြောဆိုရေရွတ်လိုက်သည်။ယင်းနောက်တွင်သူက အရှေ့မှ ကလေးသေးသေးလေးထံသို့ ဦးတည်သွားတော့လေ၏။

ကလေးငယ်က သစ်ပင်အောက်တွင်ထိုင်လျက် သစ်ကိုင်းခြောက်တစ်ချောင်းဖြင့် ဟိုခြစ်ဒီခြစ်လုပ်နေသည်။

အမှုထမ်းဖြစ်သူမှာ ကလေးငယ်ရှေ့၌ ဒူးထောက်လိုက်ပြီး " သခင်လေး ... ဘာလုပ်နေတာလဲဗျ ... " ဟု ခပ်တိုးတိုးလေး မေးသည်။
ကလေးငယ်၏တောက်ပသောမျက်ဝန်းများနှင့် ချစ်စဖွယ်ကောင်းသည့်အသွင်အပြင်ကြောင့် အမှုထမ်းဖြစ်သူမှာ မပြုံးဘဲမနေနိုင်ချေ။

ထိုအခါ ကလေးငယ်က အမှုထမ်း၏အနောက်၌ ရပ်လျက်သားရှိနေသောဝမ်ဟုန့်အား လှည့်ကြည့်သည်။ဝမ်ဟုန်သည်လည်း အနီးသို့ တိုးကပ်သွားခဲ့ပြီး ခပ်တိုးတိုးလေး မေးမြန်းလိုက်လေ၏။

" မေးနေတာကို ဘာလို့ပြန်မဖြေတာလဲ ... "

" ဘာဖြစ်လို့လဲ‌ ဖေဖေကလည်း... "

ကလေးငယ်က ဝမ်ဟုန့်အား ပြန်ဖြေလိုက်ပြီးနောက် အမှုထမ်းကိုတစ်ချက်ကြည့်ကာ " ကျွန်တော် တွေးစရာရှိတာတွေ တွေးနေတာပါ ... " ဟု ဆိုသည်။
ထိုစကားကြောင့် အမှုထမ်းဖြစ်သူမှာ ပြုံးရယ်ခြင်းအား မရပ်တန့်နိုင်တော့ရှာပေ။

" ဘာဖြစ်လို့လဲ ... "

" မပြောချင်ပါဘူး .... "

ဝမ်ဟုန်က မေးမြန်းလိုက်သောအခါ ကလေးငယ်က ဘောက်ဆက်ဆက်ပြန်ဖြေလေ၏။သူ၏မျက်ဝန်းများက နီရဲနေပြီး ပါးပြင်မှာလည်း ပန်းနုရောင်သန်းနေပြီဖြစ်သည်။ဤကလေးမှာ သူ့အား မခေါ်ဆောင်သွားသည့်အတွက် စိတ်ကောက်နေကြောင်း ဝမ်ဟုန် သိသည်။စကားပြန်ပြောနေသေးသော်လည်း တိုတိုတုတ်တုတ်သာဖြစ်လေ၏။

ဝမ်ဟုန်က အောက်သို့ထိုင်ချလိုက်ပြီး သားဖြစ်သူအား သူ၏လက်မောင်းများထဲသို့ ပွေ့ဖက်လိုက်သည်။

" ယောက်ျားလေးဖြစ်ပြီးတော့ ဒီလောက်လေးနဲ့ ဘာလို့ နီရဲနေတာလဲကွာ ... "

ဝမ်ဟုန်မှာ ဆက်လက်သည်းညဉ်းမခံနိုင်တော့ဘဲ ကလေးငယ်၏ဖြူလွင်လွင်မျက်နှာလေးအား နမ်းရှုံ့လိုက်တော့လေ၏။

" ဖေဖေထွက်သွားတာ တစ်လခွဲလောက်ရှိပြီ ... မေမေနဲ့ကစားရတာ သားမ‌ပျော်ဘူး ... သားကို ဘာလို့ခေါ်မသွားတာလဲလို့ မေမေ့ကိုမေးတော့ သားက ဆိုးလို့တဲ့ ...ဖေဖေက သားကို ဆိုးလို့ခေါ်မသွားတာတဲ့ ... တကယ်ပဲ အဲလိုလား "

ဝမ်ဟုန့်ခမျာ ရုတ်တရက်ကြီး ဆွံ့အသွားခဲ့သည်။အနောက်မှ အမှုထမ်းများကတော့ စတင်ရယ်‌မောနေကြပြီဖြစ်သည်။ယင်းနောက်တွင် ကလေးငယ်က သူ့အားကြည့်ရင်း ခေါင်းတညိတ်ညိတ်ဖြင့် လေးနက်စွာပြောကြားလေ၏။

" မေမေ့ကို အဲလိုဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ပြန်ပြောခဲ့တယ် ... သားက ဖေဖေ့ထက် ပိုပြီးတော့သာနေလို့ မနာလိုလို့ ခေါ်မသွားတာဘဲ ဖြစ်နိုင်မယ် ... "

ဝမ်ဟုန်က မည်သည်ကိုမှ ချက်ချင်းပြန်‌မပြောခဲ့သော်လည်း အနောက်မှ အမှုထမ်းများကတော့ အဆက်မပြတ်‌ရယ်မောနေကြပြီဖြစ်သည်။

" သားက ကလေးပဲရှိသေးတာလေ ... "

ဝမ်ဟုန်က ပြောပြောဆိုဆိုဖြင့် သားဖြစ်သူ လူလည်ကလေး၏မျက်နှာနုနုလေးအား ထပ်မံနမ်းရှုံ့ပြန်လေ၏။

" အဲလိုမဟုတ်ပါဘူး ... လူအများကြီးနဲ့သွားရင် တခြားသူတွေ အာရုံစိုက်မှာစိုးလို့ပါ ဖေဖေက ... "

ထိုအခါ ကလေးလေးက ခေါင်းငုံ့လျက် တစ်ချက်စဉ်းစားသည်။

" ဟုတ်သားပဲ ... မေမေက အရမ်းကို တုံးတာပဲ ...လှတိုင်းလည်း အကုန်စဉ်းစားနိုင်တာမဟုတ်ဘူးနော် ... သားကတောင် ပိုတော်သေးတယ် ... "

" ဟုတ်တယ် ... သူက အရမ်းတုံးတယ် "

ဝမ်ဟုန်က ဟက်ဟက်ပက်ပက်ရယ်မောလျက် ပြောဆိုလိုက်သည်။