Chapter 267
နွေဦးပန်းများ အလှပဆုံးအချိန်ဖြစ်ပြီး နေရာတိုင်း၌လမ်းသွားလမ်းလာများ ပြည့်နှက်နေသည်။
သင်္ဘောကြီးပေါ်တွင်လည်း လူများစီတန်းစည်ကားနေကာ လူအချို့ထံမှ အမွှေးရနံ့တချို့ရပြီး အသံဗလံများ ဆူညံနေလေသည်။
သင်္ဘောသုံးစင်းရှိရာ အလယ်တွင်နေရာယူထားသည့် သင်္ဘောက အခမ်းနားဆုံးဖြစ်ပြီး ကြယ်တစ်စင်းကဲ့သို့ တောက်ပနေပေ၏။
" အိုး ... "
ကုန်းပတ်နှင့်ဆက်နွှယ်ထားသည့်တံခါးက ပွင့်လာခဲ့ပြီးအထဲမှ မိန်းမပျိုကလေး နှစ်ဦးထွက်လာသည်။သူတို့မှာ ရင်သပ်ရှုမောဖွယ်ရာအလှတရားများရှိသည့် မျက်နှာတို့အား ဇာပါးလွှာများဖြင့် ဖုံးကွယ်ထားကြလေ၏။
အလှတရားအား လုံးစေ့ပတ်စေ့မမမြင်နိုင်သော်ငြားလည်း ဖြောင့်စင်းသွယ်လျဖြူဖွေးသည့် ကျောက်စိမ်းသဖွယ်လည်တိုင်မှာမူ အလင်းတန်းတစ်ခုကဲ့သို့ တောက်ပထင်းထွက်နေသည်။မျက်နှာအားဖုံးကွယ်ထားသော်လည်း မိန်းမလှဖြစ်ကြောင်းအား သိရှိနိုင်လေ၏။
ထို့နောက်တွင် အနောက်မှ လှပတင့်တယ် ပြေပြစ်သောမိန်းမပျိုလေးတစ်ယောက် ဖြည်းညင်းစွာ လှမ်းထွက်လာသည်။သူမ၏ စကတ်ရှည်မှာ လေထဲတွင် တဖျပ်ဖျပ်ခတ်နေ၏။ထိုအခါ အခြွေအရံလေးဦးက အရှေ့သို့ လျင်မြန်စွာ လှမ်းလာကြကာ သူမ၏စကတ်အား လက်ဖြင့် ညင်သာစွာထိန်းကိုင်ဆွဲပေးထားကြလေသည်။
၎င်းအချိန်တွင် ဦးစွာရောက်နှင့်နေသည့်ဝမ်ချွန်းက သူမအားဆီးကြိုပြုံးပြသည်။
" ပင်ပန်းနေပြီလား ... "
ထိုအခါ သူမက ဝမ်ချွန်းအား ခပ်တိုးတိုးမေးမြန်းလိုက်လေ၏။
" ပင်ပန်းနေပြီ ... ဒါပေမဲ့ရောက်တော့မှာပါ ... "
ဝမ်ချွန်းက ခေါင်းတညိတ်ညိတ်ဖြင့် ပြန်ဖြေလိုက်ပြီး မြင်လွှာထဲတွင်ပေါ်ပေါက်လာနေသည့် နန်ရှန်မြို့ဘက်သို့ တစ်ချက်လှည့်ကြည့်သည်။
" ဟုတ်တယ် ... မကြာခင်ရောက်တော့မယ် ...ခုနစ်ယောက်မြောက်ဦးလေး ဒီနေရာမှာနေနေတာ ၁၂နှစ်ရှိပြီ .... ကျန့်ခန်းနဲ့အဝေးကိုရောက်နေတာ ၁၂နှစ်ရှိပြီဆိုတော့ ကျွန်မတို့ကို တွေ့ရင် ပျော်နေမှာပဲ "
မိန်းမပျိုကမူ ပေါ့ပေါ့ပါးပါးပြုံးလျက် နန်ရှန်ဘက်သို့တစ်ချက်ကြည့်ကာ ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။
" ရှဲ့ဝမ် နင်က ငါ့ဦးလေးကို တကယ် မေတ္တာရှိတာလား ဒါမှမဟုတ် နင့်ရဲ့၁၄ယောက်မြောက်အဒေါ်ကို စိတ်အေးသက်သာနဲ့သက်ပြင်းချနိုင်စေချင်လို့ တမင်တကာ သဘောကျကြောင်းပြောနေတာလား "
ဝမ်ချွန်းထံမှ ထိုစကားလုံးများကို ကြားလိုက်ရသည်နှင့် ရှဲ့ဝမ်၏အလှတရားများထဲသို့ ဒေါသအချို့စီးဝင်သွားတော့လေသည်။
" ရယ်စရာကောင်းမနေဘူးနော် ... "
ဤရှဲ့ဝမ်မှာ ရှဲ့အိမ်တော်၏မျိုးနွယ်စုကွဲတစ်ခုမှဆင်းသက်လာသူသာဖြစ်သည်။သူမသည်ဝိသေသလက္ခဏာအရာ၌ ချန်ရှ၏မိန်းကလေးထက်များစွာနိမ့်ကျသည်။
သို့သော်လည်း သူမ၏ကျောက်စိမ်းသဖွယ်လည်တိုင်က မြင့်မားပြီး မျက်ဝန်းများသည်လည်း ကြည့်ပျော်ရှုပျော်ဖြစ်လှသည်။တစ်ကိုယ်လုံးမှာ နတ်သမီးကဲ့သို့ ကြော့မော့ကာ အရှက်ရနိုင်မည့်တစ်စွန်းတစ်စကို အဘယ်မှာ မြင်နိုင်မည်နည်း။
" ဟုတ်ပြီ ဟုတ်ပြီ ... အတည်ပေါက်ကြီးဖြစ်မနေပါနဲ့ ... ဒီတိုင်းပြောလိုက်တာ ... "
ရှဲ့ဝမ်မှာ အပြည့်အဝစိတ်မပြေသေးကြောင်းသိသာနေသည့်အတွက် ဝမ်ချွန်းက ခေါင်းကို အမြန်လှည့်ပြီး နန်ရှန်ဘက်သို့စိုက်ကြည့်ကာ ဆက်လက်ပြောကြားလေသည်။
" နန်ရှန်မှာ ဇာတ်မြှုပ်နေနေတဲ့ ၁၂နှစ်အတောအတွင်း ချန်ရုံ့အကြောင်းကို မကြားခဲ့ရဘူး ... ကံကောင်းထောက်မစွာနဲ့ ခုနစ်ယောက်မြောက်ဦးလေးက သူ့မိန်းမကို စိတ်ကုန်လာနိုင်တာပဲ .... နင်လည်း သူ့ဇနီးဖြစ်ရင်ဖြစ်လာနိုင်ပါသေးတယ် ... "
ရှဲ့ဝမ်က အနည်းငယ်ရှက်သွေးဖြာသွားသော်လည်း အားမလိုအားအရဖြစ်စွာဖြင့် တွေးတောလိုက်လေသည်။သူမသည် ထိုချန်ရုံ့ထက် မျိုးရိုးအရာတွင်ပိုမိုသာလွန်သေးသည်။ဇနီးမယားထပ်မံတော်ကောက်ယူမည့်ကိစ္စရပ်က ကျိုးကြောင်းဆီလျော်ပေ၏။
" သိတယ် .... " ရှဲ့ဝမ်က ခပ်တိုးတိုးဆိုသည်။
ထိုစကားကိုကြားသောအခါ ဧကရီဖြစ်သူဝမ်ချွန်းက ပြုံးရယ်လေသည်။ရှဲ့ဝမ်သည်လည်း အလားတူပင် ပြန်လည်ပြုံးပြလိုက်သည်။
မိန်းကလေးနှစ်ယောက် စကားပြောနေချိန်တွင် သင်္ဘောမှာ မြားတစ်စင်းသဖွယ် ရွက်လွှင့်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ်းစပ်သို့ ဆိုက်ရောက်ခဲ့သည်။
ယင်းနောက်တွင် လှည်းယာဉ်တန်းများအား အသီးသီးကူးလူစီးနင်းခဲ့ကြပြီး များမကြာမီမှာပင် လှည်းယာဉ်တွဲပေါင်း ၂၀ ပါဝင်သော ယာဉ်တန်းကြီးက လမ်းမကြီးအတိုင်း စတင်ထွက်ခွာလာခဲ့လေ၏။
နန်ရှန်သို့ဆိုက်ရောက်ချိန်၌ နေထွက်ချိန်ရောက်နေပြီဖြစ်သည်။
နောက်ဆုံး၌ လူသူအရောက်အပေါက်နည်းသောတောင်ခြေသို့ရောက်ရှိခဲ့ကြပြီး လှည်းယာဉ်များဖြင့် ဆက်လက်မတက်ရောက်နိုင်တော့ပေ။
" နေစရာရှားလို့ ဒီလို တောကြီးတောင်ကြီးထဲမှာမှလာနေတယ် .... "
ရှဲ့ဝမ်က ညဉ်းညူလျက် အခြွေအရံများ၏အကူအညီဖြင့် တောင်ပေါ်သို့ တက်ရောက်သွားတော့လေသည်။လူရာနှင့်ချီပြီး စီတန်းနေသည့်အတွက် တောင်ပေါ်လမ်းမှာ ထူးထူးခြားခြား အသက်ဝင်နေပေ၏။
များမကြာမီမှာပင် ရုတ်တရက် စူးစူးရှရှ အော်ဟစ်သံတစ်သံကို ကြားလိုက်ရသည်။အစောင့်အကြပ်များ မတုံ့ပြန်နိုင်သေးမီမှာပင် မြားတစ်စင်းက အနီးအနားမှ သစ်ပင် ပင်စည်တစ်ခုထဲသို့ ထိုးစိုက်သွားခဲ့သည်။
" ဘယ်သူလဲ ... ထွက်လာခဲ့စမ်း ... "
အစောင့်များ အော်ဟစ်လိုက်သောအချိန်တွင် တစ်စုံတစ်ရာက လေထုထဲသို့ ဖြတ်သန်းသွားသည်။၎င်းမှာ ပန်းပွင့်တစ်ပွင့်ပင် ဖြစ်လေ၏။
အစောင့်တပ်သားများက တစ်ညီတစ်ညွတ်တည်းအော်ဟစ်လိုက်ကြပြီး ဓားများအား အသီးသီးဆွဲထုတ်လိုက်ကြတော့သည်။
များမကြာမီမှာပင် ခပ်လှမ်းလှမ်းရှိ သစ်ပင်တစ်ပင်ပေါ်မှ ရယ်မောသံထွက်ပေါ်လာသည်။ထိုနေရာသို့ကြည့်လိုက်သောအခါ လေးငါးခြောက်နှစ်အရွယ်ကောင်လေးတစ်ဦးအား တွေ့ရ၏။
ထိုကောင်လေးက အနက်ရောင်ကို ဝတ်ဆင်ထားပြီး ညာလက်တွင်မူ ကြိုးနက်တစ်ချောင်းကို ဆုပ်ကိုင်ထားသည်။၎င်းကြိုးအား ခြေလှမ်းတစ်ရာခန့်ကွာဝေးသောသစ်ပင်ထံတွင် တွဲချည်ထားခြင်းဖြစ်လေ၏။
သရဲတစ္ဆေသကဲ့သို့ လျင်မြန်ဖျတ်လတ်နေရသည့်အကြောင်းရင်းမှာ တွဲလောင်းကြိုးအား အသုံးပြုထား၍ပင်ဖြစ်သည်။
အားလုံးက ကောင်လေးအား မှုန်ကုပ်ကုပ်ဖြင့် စူးစိုက်ကြည့်နေခဲ့ကြပြီး တစ်ချိန်တည်းမှာပင် မိန်းကလေးငယ်အချို့၏အသံများထွက်ပေါ်လာသည်။
" ချောလိုက်တာ ... "
" ကျောက်စိမ်းတုံးလေးကျနေတာပဲ ... "
ကောင်လေးမှာ အနက်ရောင်ကို ၀တ်ဆင်ထားသော်လည်း ဖြောင့်စင်းထင်ရှားသောမျက်ခုံးတန်းများနှင့်အတူ မျက်ဝန်းများက ကြည်လင်ပြတ်သားနေလေသည်။လူတစ်ကိုယ်လုံးမှာလည်း ကျောက်စိမ်းနှင့် ထွင်းထုထားပြီး ပန်းချီကားထဲမှ ခုန်ထွက်လာသလိုပင်။
သူ့အား ငေးမောကြည့်နေလေလေ ၊ ပို၍စိတ်ချမ်းသာလာလေလေဖြစ်သည်။
အားလုံးက လက်နက်များချကာ လူငယ်ကလေးအား ပြုံးစိစိဖြင့် ကြည့်နေကြတော့သည်။ထိုအချိန်တွင် ခြေလှမ်းတစ်ရာခန့်အကွာရှိသစ်ပင်ပေါ်မှ အခြားလေသံတစ်သံထွက်ပေါ်လာပြန်လေ၏။
" ညီလေး ... ဒီလူတွေက ဘယ်သူတွေလဲ ... "
ယင်းစကားဆုံးပြီး ခေတ္တအကြာတွင် လူအုပ်ကြီးက လှုပ်လှုပ်ရွရွဖြစ်ကာ ဝမ်းသာအားရဖြင့် ချီးမွမ်းထောပနေပြုနေသည့်စကားသံများလည်း ထွက်ပေါ်လာသည်။
" ချောလိုက်ကြတာ ကြည့်ပါဦး ... အမြွှာတွေထင်တယ် ... "
" အမြွှာညီအစ်ကိုပဲဖြစ်ရမယ် ... ရုပ်ချင်းဆင်လိုက်တာတော် ... "
ခြေလှမ်းတစ်ရာအကွာရှိ သစ်ပင်ပေါ်တွင်ရပ်နေသောကောင်လေးမှာလည်း အလားတူပင် အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး ဖြောင့်စင်းသောမျက်ခုံးတန်းများရှိသည်။
" နင်က ဝမ်လင်ဝမ်လား ... ငါက ကျန့်ခန်းကနေလာတဲ့ နင့်ရဲ့၁၉ယောက်မြောက်အစ်မတော်ပဲ ... "
၎င်းစကားကြောင့် ရှဲ့ဝမ်တစ်ယောက် အံ့အားသင့်စွာဖြင့် အလိုလိုပြောထွက်သွားတော့သည်။
" အဲဒါ ချီလန့်ရဲ့ ကလေးလား ... "
ထိုအခါ ဧကရီက ရှဲ့ဝမ်၏နံဘေး၌ဝင်ရပ်ရင်း ခေါင်းညိတ်လေသည်။မယုံကြည်နိုင်ဖြစ်နေရှာသည့်ရှဲ့ဝမ်မှာ ဧကရီအား လှည့်ကြည့်လိုက်တော့၏။
" ဟုတ်တယ် ... သူတို့က ငါ့ဦးလေးခုနစ်ရဲ့ တူတွေပဲ "
ရှဲ့ဝမ်မှာ ဦးရီးတော်ထံမှ မျက်နှာသာပေးခြင်းခံထားရပင်လျှင် ဤကလေးနှစ်ဦး၏အနေအထားမှာတော့ ချိုးဖျက်၍မရနိုင်သောအရာဖြစ်သည်။
အားလုံးက ရယ်ရယ်ပြုံးပြုံးနှင့် ချဉ်းကပ်လာကြချိန်တွင် အနီးရှိသစ်ပင်ပေါ်မှကောင်လေးက " ရပ်လိုက်ကြ ... " ဟု ထအော်လေ၏။လူတိုင်းက သူ၏သရုပ်မှန်အား သိရှိသွားကြလေပြီ။
လူတိုင်းက သူ့ထံသို့ ဆက်လက်ဦးတည်လာနေဆဲဖြစ်သည့်အတွက် ကောင်လေးက စိတ်အနှောက်အယှက်ဖြစ်နေသောလေသံဖြင့် ခြိမ်းခြောက်လာခဲ့လေသည်။
" ဘာလဲ ... အစ်ကိုကြီးကို လှမ်းခေါ်လိုက်မှာနော် ... "
တစ်ချိန်တည်းမှာပင် ခြေလှမ်းတစ်ရာအကွာ၌ရှိနေသည့် ကျန်တစ်ဦးက " မင်းအစ်ကိုကြီးက လစ်တော့မှာ ... " ဟု ပက်ခနဲပြန်လည်ဖြေကြားလိုက်လေ၏။
" ကျွန်တော်ကျတော့ ဘယ်လိုလုပ်ရမှာလဲ ... "
" ကြည့်ကြပ်လုပ်လေ... "
ထိုအခါ ကောင်လေးက လူအုပ်ကြီးအား တစ်ချက်ငုံ့ကြည့်ပြီး ပြန်ဖြေသည်။
" ရမယ်မထင်ဘူး ... "
ဤတစ်ကြိမ်၌ အဝေးမှတစ်ယောက်က မည်သည်ကိုပြန်ပြောရမှန်းမသိဖြစ်နေတော့သည်။
သစ်ပင်အသီးသီးပေါ်၌ ရပ်နေကြသောဤကလေးများမှာ ကျောက်စိမ်းတုံးလေးများသဖွယ်ပင်။
အလေးအနက်တွေးတောနေကြသည့်ပုံစံကလည်း ရယ်စရာကောင်းလှသည်။
မိန်းကလေးများအားလုံးမှာ ထပ်မံမချုပ်တည်းနိုင်တော့ဘဲ ဟက်ဟက်ပက်ပက်ရယ်မောကြတော့လေ၏။
ဧကရီသည်လည်း ခေါင်ယမ်းလျက် ရယ်မောရင်းနှင့်ပင် " ငါက နင်တို့ရဲ့ ၁၉ယောက်မြောက်အစ်မတော်ပါလို့ ပြောခဲ့သားပဲ ... " ဟု ဆိုလိုက်သည်။
ယင်းနောက်တွင် ဧကရီမှာ ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်းသွားကာ ကလေးနှစ်ယောက်အား လေးနက်သောအမူအရာဖြင့် မော့ကြည့်လိုက်သည်။
ဤတစ်ကြိမ်၌ ထိုနှစ်ယောက်က သူမအား တစ်ပြိုင်နက်တည်း ငုံ့ကြည့်လာကြတော့၏။
ထိုမှတစ်ဆင့် သူတို့က အချင်းချင်းအကြည့်ချင်းဆုံလိုက်ကြပြီး လူအုပ်ကြီးထံသို့ တစ်ဖန်ပြန်ငုံ့ကြည့်သည်။
ကောင်လေးနှစ်ဦးမှာ လက်ရှိအချိန်၌ အလွန်အလေးအနက်ဖြစ်နေပုံရ၏။အနည်းငယ်မျက်မှောင်ကြုတ်ကာ တွေးတောကြည့်နေကြပုံမှာ အလွန်ချစ်စရာကောင်းလှသည်။
ထို့ကြောင့်ပင် လူအုပ်ထဲမှ သဘောတကျရယ်မောသံများ ထွက်ပေါ်လာပြန်သည်။
ခေတ္တအကြာတွင် ညီငယ်ဖြစ်သူက အောက်မှ ဧကရီ့အား လှမ်းမေးသည်။
" ဘာလို့ ဒီရောက်လာတာလဲ ... "
" ငါက မင်းရဲ့အစ်မတော်နော် ... စကားပြောတဲ့အခါ လေးစားသမှုရှိသင့်တယ် "
" ဘာလို့ ရောက်လာတာလဲ ... "
အစ်ကိုဖြစ်သူမှာမူ အခြေအနေအား အားရကျေနပ်နေပုံမပေါ်ဘဲ ဧကရီ၏စကားကိုလျစ်လျူကာ ညီငယ်မေးခဲ့သောမေးခွန်းကိုသာ ထပ်မံမေးမြန်းလေသည်။
တစ်ချိန်တည်းမှာပင် သူက လေးကိုဆွဲကိုင်ကာ မြားတံဖြင့် အသင့်ပစ်ရန် အနေအထားဖြစ်နေသည်။
" မင်းက ဝမ်ဝမ်လား ... "
ဧကရီမှာ အနည်းငယ်ဒေါကန်သွားခဲ့ပြီး လေသံမာမာဖြင့် မေးမြန်းလိုက်တော့လေ၏။
ညီအစ်ကိုနှစ်ယောက် မည်သည်ကိုမှ ပြန်မဖြေရသေးမီမှာပင် တောင်စောင်းတစ်ဖက်မှ လူငယ်တစ်ဦး၏အသံ ထွက်ပေါ်လာသည်။
"သူတို့က ဝမ်လင်ဝမ်ပဲ "
ယင်းစကားအဆုံးမှာပင် ညီအစ်ကိုနှစ်ဦးက တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြတော့လေ၏။
"အစ်ကိုကြီးလာနေပြီ ... "
ထို့နောက်တွင် လေထုထဲမှ ကြိုးမြည်သံနှစ်ချက်ကိုကြားလိုက်ရပြီး ညီအစ်ကိုနှစ်ဦးက ကြိုးများပေါ်သို့ တွဲလျားခိုလျက်အနေအထားဖြစ်သွားကြသည်။
တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်သေးသေးလေးနှစ်ခုက မြားတစ်စင်းသဖွယ် နီးကပ်သွားကြပြီး တိုက်မိတော့မတတ်ဖြစ်သွားချိန်တွင် ညီအစ်ကိုနှစ်ယောက်က ခုန်ချလိုက်ကြသည်။
သူတို့နှစ်ဦးမှာ ကနဦးကလူငယ်ရှိရာ တောင်စောင်းပေါ်သို့ရောက်ရှိသွားကြပြီး ထိုတစ်ယောက်၏ ပေါင်နှစ်ဖက်အား အသီးသီးဖက်တွယ်ထားကြတော့လေ၏။
ထိုအချိန်တွင် အသံများအားလုံး ပျောက်ကွယ်သွားကြပြီး အံ့အားသင့်နေသူတိုင်းမှာ ညီအစ်ကိုတို့၏ လှုပ်ရှားမှုများ မည်မျှ သွက်လက်လှပနေခဲ့သည်ကိုသတိမထားမိလိုက်ကြပေ။
တောင်စောင်းပေါ်တွင်ရပ်နေသည့် ဆယ်ကျော်သက်လူငယ်မှာ အသက် ၁၄-၁၅နှစ်အရွယ်ဖြစ်ပုံရသည်။
သူသည် ခန္ဓာကိုယ်အချိုးအစားပြေပြစ်ပြီး ဖီးနစ်ငှက်မျက်ဝန်းတစ်စုံဖြင့် လွန်စွာချောမောပေသည်။
၎င်းမျက်ဝန်းများမှာ ညှို့ဓာတ်ပြင်းပြီး လွန်စွာအမြော်အမြင်ကြီးပုံပေါ်သည်။သူ၏ကိုယ်ရောင်ကိုယ်ဝါမှာလည်း အထက်တန်းလွှာဆန်ပေ၏။
ဧကရီမှာ ငယ်ရွယ်သေးသည့် လှတပတမိန်းကလေးတစ်ဦးသာဖြစ်သည်။ယင်းလူငယ်ထံသို့ အကြည့်ရောက်သွားချိန်တွင် သူမ၏မျက်နှာများက နီရဲလာပြီး နှလုံးခုန်သံမှာလည်း မူမမှန်ချင်တော့ပေ။
ချောမောသောညီအစ်ကိုသုံးယောက်က အတူတကွရပ်လျက်သားရှိနေကြပြီး သူတို့၏မျက်ဝန်းများမှ တောက်ပမှုတို့အား လူတိုင်းခံစားမိနေကြသည်။
ရှဲ့ဝမ်သည်လည်း အလွန်ချောမောကြောင်းကိုသာ တွေးတောနေနိုင်ခဲ့ပြီး ဤအခိုက်အတန့်က အလွန်စိတ်ကူးယဉ်ဆန်လွန်းပေ၏။
" အစ်ကိုကြီး ... ဘယ်လိုလုပ်ပြီးပြန်လာတာလဲ ... ကျွန်တော်တို့ သူတို့ကို တားလို့မရဘူး ... ရန်သူက အရမ်းများနေတယ် ... ဘယ်လိုလုပ်ရမလဲ "
ထိုအခါ ဆယ်ကျော်သက်လူငယ်က သူ၏ညီငယ်နှစ်ဦးအား တစ်ချက်ငုံ့ကြည့်သည်။ယင်းနောက်တွင် သူက ဧကရီ့အား ဖီးနစ်ငှက်မျက်ဝန်းများဖြင့် စူးစူးစိုက်စိုက် လှမ်းကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးပြကာ ထိုမှတစ်ဆင့် ရှဲ့ဝမ်ထံသို့ အကြည့်လွှဲလိုက်လေသည်။
လူအုပ်ကြီးအား စူးစမ်းလိုက်ပြီးနောက်တွင်မူ လူငယ်က ပြုံးလျက် ခပ်တိုးတိုးဆိုလာသည်။
" ကံဆိုးတာပဲ ... ကျုပ်တို့မိဘတွေ လာနေပြီ ... "
ထိုစကားအားကြားလိုက်ရချိန်တွင် ဧကရီမှာဒေါသစိတ်ဖြင့် ပြန်လည်ခုခံပြောဆိုမိတော့မတတ်ဖြစ်သွားသော်လည်း ယင်းလူငယ်၏အကြည့်များက သူမ၏နံဘေးမှရှဲ့ဝမ်ထံသို့ ရောက်ရှိသွားသည်။
" ဒီတစ်ယောက်က ကျုပ်ညီကို အရမ်းကို စူးစိုက်ပြီးကြည့်နေတာပဲ ... မေးပါရစေဦး ... "
ထိုလူငယ်က ခေတ္တစကားပုလ္လင်ခံပြီးနောက် မျက်မှောင်ကြုတ်လိုက်ပြီး ဆက်လက်မေးမြန်းပြန်လေ၏။
" မင်းက ငါ့အဖေကို ဖြားယောင်းပြီး နေရာတစ်ခုလိုချင်နေတာလား ... "
ထိုစကားအဆုံးတွင် လူတိုင်းက အံ့အားသင့်သွားကြပြီး ရှဲ့ဝမ်၏မျက်နှာသည်လည်း နှင်းသားသဖွယ် ဖြူဖတ်ဖြူလျော်အသွင်ပြောင်းသွားသည်။သူမ၏နှုတ်ခမ်းများသည်လည်း တုန်ယင်နေခဲ့ပြီး ရှဲ့ဝမ်မှာ စကားပင်ပြန်မပြောနိုင်ရှာပေ။